3.47K subscribers
5.58K photos
393 videos
2.9K links
Breaking Brainwashed Media
Download Telegram
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရတဲ့သူတွေ ဆေးကုသမှုခံယူဖို့ အကူအညီလိုအပ်နေ

BBM - ဖေဖော်ဝါရီ ၂၇
သတင်း - နိုင်နိုင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာရှိ စျေးတည်ရှိတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၈ ဦးအထိ သေဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ် ၁၃ လုံး ပျက်စီးသွားတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် ၂ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသွားကြတဲ့သူတွေမှာ ဆေးကုသမှုခံယူဖို့အတွက် ငွေကြေးအခက်အခဲတွေ ရှိနေကြတယ်လို့ လူမှုကူညီရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

"ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအတွက် ဆေးဝါးကုသမှုအပိုင်းတွေ လိုအပ်ချက်အများကြီးရှိပါတယ်၊ ကျနော်တို့စစ်ဖြစ်နေတဲ့ဒေသမှာ ဆေးဝါးမလုံလောက်မှုတွေ နောက်ပြီး စစ်ကောင်စီတပ်က လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ပင်ထားတဲ့အတွက် အဲဒီအထဲက ဆေးတစ်လုံးရဖို့အတွက် အရမ်းကိုခက်ခဲပါတယ်၊ အဲဒီကြားထဲမှာ ထိခိုက်ဒဏ်ရာရရှိသွားတဲ့လူနာတွေအတွက် ဆေးဝါးပြည့်စုံဖို့က မလွယ်ကူပါ" လို့ လူမှုကူညီရေးဆောင်ရွက်နေသူ ကိုဝေဟင်အောင်က BBM ကို ပြောပါတယ်။

လက်ရှိအရေးပေါ် ဆေးဝါးကုသနေကြတဲ့ လူနာ ၁၅ ဦးထဲမှာလည်း စိုးရိမ်ရတဲ့လူနာတွေ ရှိနေသေးပြီး ဆေးဝါးကုသဖို့အတွက် ငွေကြေးနဲ့ ဆေးဝါးပစ္စည်းတွေများစွာ လိုအပ်လျက်ရှိနေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့လူနာတွေမှာ အသက် ၆ နှစ်ကနေ ၇၀ နှစ် ဝန်းကျင်အရွယ်တွေဖြစ်ကြပြီး စစ်ရေးနဲ့မသက်ဆိုင်ဘဲ အရပ်သားပြည်သူတွေကို ဦးတည်ကာ လေကြောင်းမှဗုံးကြဲသတ်ဖြတ်နေတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက BBM ကို ပြောပါတယ်။

"အခုလုပ်ရပ်ဟာ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်၊ အဲဒီရွာဟာဆိုရင် စစ်ဖြစ်နေတဲ့နေရာလည်း မဟုတ်ဘူး၊ စစ်ရေးနဲ့လည်း ဘာမှမသက်ဆိုင်ဘူး၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေပဲနေကြတာပါ၊ နောက်ပြီး စျေးရောင်း၊ စျေးဝယ်ပြုလုပ်နေတဲ့ နေရာကိုပဲ အဓိကတိုက်ခိုက်တာဖြစ်တော့ ဒါဟာ စစ်ကောင်စီတပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်တာဖြစ်ပါတယ်၊ ဒီကိစ္စကိုတော့ နိုင်ငံတကာက ကြီးလေးတဲ့ပြစ်မှုတွေနဲ့ အရေးယူပေးစေချင်ပါတယ်"လို့ သူကဆက်ပြောပါတယ်။

သေဆုံးသွားသူ ၁၈ ဦးမှာ ဒေါ်မသိန်းခင် ၅၆ နှစ်၊ ဒေါ်ဆန်းဆန်းဝင်း ၃၉ နှစ်၊ ဦးမြတင် ၅၃ နှစ်၊ ဒေါ်လှသာနု ၅၆ နှစ်၊ မောင်ပြည်ငြိမ်းစိုး ၁၃ နှစ်၊ ဦးမောင်ဝင်းကျိုင် ၅၃ နှစ်၊ ဒေါ်အေးစံလှ ၅၁ နှစ်၊ ဒေါ်ယဥ်ယဥ်မူ ၄၀ နှစ်၊ ဒေါ်ဇင်မာအေး ၃၆ နှစ်၊ ဦးစောတင်လှ ၄၀ နှစ်၊ မစောသဇင်မျိုး ၁၄ နှစ်၊ မမျိုးသက်နွယ် ၆ နှစ်၊ ဒေါ်မပုစိန် ၇၀ နှစ်၊ ဒေါ်မချေ ၃၀ နှစ်၊ ဒေါ်စောမြယဥ် ၅၃ နှစ်၊ မအိမြတ်ဝေ ၁၅ နှစ်နဲ့ နောက်ထပ်သက်ကြီးပိုင်း တစ်ဦးတို့ ဖြစ်ကြပါတယ်။

Photo - Ponnagyun Youths Association - PYA
https://www.facebook.com/share/p/1C7FBWBFQi/
💯2
စပိန်ဒုတိယတန်းကလပ်ရဲ့ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရော်နယ်လ်ဒို ဝယ်ယူ

BBM - ဖေဖော်ဝါရီ၂၇
သတင်း - David

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ စပိန်ဒုတိယတန်း(Segunda)ကလပ် အယ်မယ်ရီယာအသင်းရဲ့ ရှယ်ယာ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပါတယ်။

အယ်မယ်ရီယာအသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံသူ အယ်လ်ခါရယ်ဂျီက ၂၀၂၅ ခုနှစ် မေလကတည်းက ပိုင်ဆိုင်ခဲ့တာပါ။

ရော်နယ်လ်ဒို(၄၁ နှစ်)ဟာ လက်ရှိတည်ထောင်ထားတဲ့ CR7 Sports Investments ကနေတစ်ဆင့် ဝယ်ယူခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းအတွက် ကုန်ကျစရိတ်ကို သတင်းမထုတ်ပြန်ခဲ့ပါဘူး။

ရော်နယ်လ်ဒိုကလည်း အယ်မယ်ရီယာအသင်းရှယ်ယာ ဝယ်ယူမှုကို အတည်ပြုခဲ့ပါတယ်။

၎င်းဟာ စပိန်လာလီဂါမှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ကိုးနှစ်ကြာ ကစားခဲ့ပြီး ကစားသမားဘ၀ အမြင့်ဆုံးအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

အယ်မယ်ရီယာအသင်းဟာ ၁၉၈၉ ခုနှစ်က တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး Segunda အမှတ်ပေးဇယားမှာ တတိယနေရာ ရပ်တည်နေကာ လာလီဂါကိုတန်းတက်ဖို့ အခြေအနေကောင်းနေပါတယ်။

လက်ကျန် ၁၅ ပွဲကစားဖို့ရှိနေချိန်မှာ ထိပ်ဆုံးက ရေးဆင်းအသင်းနဲ့ နှစ်မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။

Photo - Ronaldo facebook

#bbmnews #BBMTV #bbm #SportsNews #ronaldo
https://www.facebook.com/share/p/1ZxufwpRQG/
8👍4
ထိုင်းလေတပ်ဦးစီးချုပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံ

🟥ဒေသတွင်း တည်ငြိမ်ရေး၊ ၂ နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေးနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးတို့ ဆွေးနွေး

BBM - ဖေဖော်ဝါရီ ၂၇
သတင်း - Richard

ထိုင်းတော်ဝင်လေတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် မာရှယ် ဆက်ဆန်ကန်တာက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောကြားခဲ့ပါတယ်။

ထိုင်းတော်ဝင်လေတပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်က AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဈေးတစ်ခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် အရပ်သား ၁၈ ဦး သေဆုံးစေခဲ့တဲ့ဖြစ်စဉ်အပြီး တစ်ရက်အကြာမှာ အခုလို လာရောက်တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်ကလည်း စစ်ကိုင်းတိုင်း မြင်းမူးမြို့နယ်မှာ စစ်‌ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၅ နှစ်အောက် ကလေး ၁ ဦးအပါအဝင် လူ ၉ ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မတွေ့ဆုံခင် တစ်ရက်အလိုမှာ နေပြည်တော်ရှိ စစ်ကောင်စီလေတပ် အကြီးတန်း အရာရှိတွေနဲ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေဖို့၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့အတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းတော်ဝင်လေတပ်က ပြောကြားထားပါတယ်။

“နှစ်နိုင်ငံနှင့် တပ်မ‌တော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက် တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြောင်း” စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာမှာလည်း ဖော်ပြထားပါတယ်။

အဆိုပါ ဆွေးနွေးပွဲအတွင် လေတပ်အဆင့် ယုံကြည်မှုတည်ဆောက်ရေး၊ လေ့ကျင့်ရေး တိုးမြှင့်ရေးနဲ့ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး မြှင့်တင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းမှု တိုးမြှင့်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

တော်ဝင်ထိုင်းလေတပ်ကလည်း အမျိုးသားအကျိုးစီးပွားရေး၊ ဒေသတွင်းတည်ငြိမ်ရေး၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကတိပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

Reference - စစ်ကောင်စီဝါဒဖြန့် မီဒီယာ/ Khaosod English
https://www.facebook.com/share/p/1CKhgxikz9/
👎3
ကျောက်ဖြူမှာ AA ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်အထိနာနေ

BBM - ဖေဖော်ဝါရီ ၂၇
သတင်း - နိုင်နိုင်

တရုတ်စီမံကိန်းတွေ များစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကို အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က အထိနာနေတယ်လို့ ကျောက်ဖြူဒေသခံစစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်းမှာ သူတို့အခြေစိုက်တဲ့ ဓညဝတီရေတပ်ဌာနချုပ်နဲ့ မြို့ပေါ်ရှိတပ်ရင်းတွေကနေ AA က တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ဇိုင်ချောင်းကျေးရွာအနီးက စစ်တောလမ်းဆုံကို စစ်ကြောင်းထိုးမှုတွေရှိလာနေတာကြောင့် အာရက္ခတပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဂဏန်းကျော် သေဆုံးမှုရှိခဲ့တယ်လို့ ကျောက်ဖြူစစ်ရေးသတင်းရင်းမြစ်တစ်ဦးက BBM ကို ပြောပါတယ်။

"ဒီလ ၂၀ ကျော်မှာ စကစက စစ်ကြောင်းထိုးတာတွေ ပိုလုပ်လာလို့ကြားရတယ်။ အဓိကတော့ ပြည်သူ့စစ်တွေနဲ့ ထိုးတာပေါ့။ AA ရောက်ရှိနေတဲ့နေရာတွေကို စစ်ကြောင်းထိုးနေတာပေါ့။ အဲတာမှာ AA ကလည်း နေရာအတည်အကျမဟုတ်ပဲ စစ်တောလမ်းဆုံအရောက်မှာ ကြားဖြတ်တိုက်ခိုက်တော့ ၁၀ ကျော်လောက် သေဆုံးသွားတယ်လို့ ကြားပါတယ်။ အခုကတော့ လက်နက်ကြီးသံတွေကို နေ့တိုင်းကြားရပါတယ်။ နေဗီးတွေကပစ်လိုက်၊ တပ်ရင်းဌာနတွေက ပစ်လိုက်ပေါ့ " လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

AA ရဲ့ တိုက်ခိုက်မှုကြောင့် လက်ရှိ စစ်ကောင်စီ စစ်ကြောင်းဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကပ်သပြေကျေးရွာကို ပြန်လည်ဆုတ်ခွာသွားပြီး စစ်ရေးပြင်ဆင်ပြုမှုတွေ ပြုလုပ်ကာ ထပ်မံစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ကျော်နဲ့အတူ အမှတ် ၃၂ ရဲတပ်ရင်းကနေ သိုင်းချောင်း၊ မင်းပြင်ကျေးရွာဖက်တွေကို စစ်ကြောင်းထိုးလာတာကြောင့် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခန့်မှန်း စစ်ကောင်စီတပ်သား၂၀ ကျော်သေဆုံးမှု ရှိခဲ့တယ်လို့လည်း ကျောက်ဖြူဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြှင့်တင်ကာ စစ်ကြောင်းထိုးနေတာဖြစ်ပြီး နေဗီ၊ ဒရုန်းနဲ့ လေကြောင်းတွေကလည်း အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို ဗုံးကြဲချတိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

" နေဗီက လက်နက်ကြီးတွေ နေ့တိုင်းပစ်ခတ်တာရှိပါတယ်။ လက်နက်ကြီး ပစ်ခတ်ရင်တော့ ဗုံးခိုကျင်းကို တန်းပြီး ပြေးရပါတယ်။ သူတို့က တစ်လုံး၊ နှစ်လုံးပစ်ခတ်တာမဟုတ်ဘူး ဆက်တိုက်ပစ်ခတ်နေတာပါ။ တိုက်ပွဲတွေမှာ အထိနာရင်တော့ လေကြောင်းတွေကိုပါ အသုံးပြုပြီး အရပ်သားတွေနေတဲ့ နေရာတွေကို ဗုံးကြဲချမှုတွေ လုပ်နေပါတယ် " လို့ ကျောက်ဖြူဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်ခန့်က ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာနားရှိ စစ်ဘေးရှောင်စခန်းကို အသေခံဒရုန်း ၂ စီးနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဓညဝတီရေတပ်ဌာနချုပ် အနီးက ကပ်သပြေကျေးရွာနဲ့ ၊ ကုလာဘာ၊ ပျားတဲ၊ မင်းတက်တောင်စတဲ့ ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1AxYoBii6z/
👍7
စစ်ကောင်စီက မတူပီမြို့ရှိ ၎င်းတို့ တပ်စခန်းဟောင်းတွေကို လေကြောင်းမှတိုက်ခိုက်

BBM-ဖေဖော်ဝါရီ ၂၇
သတင်း-ကိုအိုက်

ချင်းပြည်နယ်၊ မတူမြို့ရှိ စစ်ကောင်စီက ၎င်းတို့ တပ်စခန်းဟောင်းတွေဖြစ်တဲ့ ခရလ ၁၄၀ တပ်ကုန်း နဲ့ ခလရ ၃၀၄ တပ်ကုန်းတို့ အပါအဝင် မြို့အနီးနား ဝန်းကျင်တွေကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှစ၍ တံတားဦး လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ မတူပီမြို့ရှိ ခလရ ၁၄၀ တပ်ကုန်း (ဟောင်း) ကို လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်မှာလည်း စစ်ကောင်စီက မတူပီမြို့ရှိ ခလရ ၃၀၄ တပ်ကုန်း (ဟောင်း) ကို ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်မိနစ်ခြား လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။

"စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ သူတို့ တပ်စခန်းတွေကို ဗုံးကြဲသွားတာပါ။ အဲစခန်းဘက်မှာတော့ ဗုံးခဏခဏ ကြဲတာကြောင့် အရပ်သားတွေ နေထိုင်တာတွေ မရှိဘူး။ ဒီမနက် ဗုံးကြဲတာ သူတို့တပ်စခန်းအပြင် အနီးနားမှာလည်း ကျပေါက်ကွဲတယ်။"လို့ မတူပီမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်တဲ့ ၎င်းတို့တပ်စခန်း(ဟောင်း) အနီးအနားမှာ အရပ်သားတွေ နေထိုင်ခြင်း မရှိတာကြောင့် ဒီနေ့မနက် ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားတွေ ထိခိုက်မှုမရှိပေမဲ့ အဆောက်အဦးတွေ ပျက်စီးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

"စခန်းကုန်းဘက် ခဏခဏ ဗုံးကြဲခံရတော့ အရပ်သားတွေက နေထိုင်တာ၊ သွားလာတာတွေ မလုပ်ကြဘူး။ ဒီနေ့မနက် ဗုံးကြဲမှုမှာလည်း အရပ်သားတွေ ထိခိုက်မှုမရှိလောက်ဘူး။ ဒါပေမဲ့ ဗုံးသီး အလုံးရေ များတဲ့အတွက် အဆောက်အဦးတွေက ပျက်စီးရှိလောက်တယ်။ ဗုံးထပ်ကြဲခံရမှာ စိုးလို့သွားမကြည့်ရသေးတော့ အသေးအစိတ် မသိရသေးပါဘူး။"လို့ မတူပီမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်က မတူပီမြို့ကို လက်လွတ်လိုက်ရပေမဲ့ ၎င်းတို့တပ်စခန်း (ဟောင်း)တွေနဲ့ အရပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေကို လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုတွေ မကြာခဏ ဆက်လက် လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကလည်း မတူပီမြို့နယ်ရှိ ချန်းပြန်း (က) ရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားတစ်ဦး သေဆုံးပြီး ကလေးတွေအပါအဝင် အရပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်
https://www.facebook.com/share/p/1E14B56C5M/
👍2👎1🤬1
MNDAA နဲ့ဖြစ်နေတဲ့ ပြဿနာနဲ့ပတ်သတ်ပြီး ကြားဝင်ဖြေရှင်းပေးရန် ယူနန်အစိုးရကို TNLAမှတောင်းဆို

BBM-ဖေဖော်ဝါရီ၂၈
သတင်း-မင်းသော်

မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့ထဲက MNDAA တပ်ဖွဲ့နဲ့ လက်တလောဖြစ်ပွါးနေတဲ့ ပြဿနာတွေနဲ့ပတ်သတ်ပြီး ကြားဝင်ဖြေရှင်းပေးရန် TNLA တပ်ဖွဲ့က ယူနန်အစိုးရထံ ဖေဖော်ဝါရီလ၂၅ ရက် နေ့ ရက်စွဲဖြင့် စာထုတ်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၃ ရက်အထိ TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ လားရှိုးမြို့မိုင်းယော်ဒေသက နမ့်ခိုင်ရွာ၊ ပန်နွဲ့ရွာနဲ့ မန်ကန်ရွာတို့ရှိ TNLA အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်တွေကို MNDAA ဘက်က အတင်းအဓမ္မနှင်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းသလို လက်နက်တွေကိုလည်းသိမ်းဆည်းထားတယ်လို့ TNLAက ဆိုပါတယ်။

အဆိုပါဖမ်းဆီးမှုတွေကြောင့် အုပ်ချုပ်ရေးဝန်ထမ်း ဒုတိယဗိုလ်၊ ဒုတိယတပ်ကြပ်၊ တပ်သားအပါအဝင် ဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရသလို လက်နက် ၁၅ လက်၊ ကျည်ဆံ ၄၀၀ ကျော်နဲ့ စကားပြောစက်၊ ဆိုင်ကယ်၊ လက်ထိပ်တွေကိုလည်း MNDAA ဘက်က သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ ဖမ်းဆီးခံထားရတဲ့သူတချို့ပြန်လည်လွတ်လာပေမဲ့ အရာရှိတစ်ဦးနဲ့ လက်နက်ခဲယမ်းတွေကိုတော့ MNDAAဘက်ကဆက်လက်ထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့်မြေပြင်အခြေအနေအကျဥ်းချုပ်နဲ့ပတ်သတ်ပြီး ယူနန်ပြည်နယ်အစိုးရမှသိရှိစေရန်နဲ့ ကြားဝင်ဖြေရှင်းပေးရန်အတွက်လည်း TNLAမှ တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။

Photo-ပုံဟောင်း
https://www.facebook.com/share/p/1AiN9Ccit2/
😁6👍2
မန္တလေးနန်းတွင်းမြောက်လက်ရှိ ရှေးဟောင်းအမွေသုဓမ္မာဇရပ်တန်းကို စစ်ကောင်စီက သံထည်များနဲ့ ဖြစ်သလိုပြန်လည်ပြုပြင်နေ

🟥စကစရဲ့ အဆိုပါလုပ်ရပ်ကြောင့် မန္တလေးဒေသခံတွေက နှမြောတသဖြစ်ကြောင်း ပြောဆိုမှုတွေရှိ

BBM-ဖေဖော်ဝါရီ၂၇
သတင်း-မင်းသော်

မန္တလေးနန်းတွင်းအနီးမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်တဲ့ သုဓမ္မာဇရပ်
တန်းကို စစ်ကောင်စီက သံထည်များနဲ့ ပြုပြင်မှုတွေ ပြုလုပ်နေတာကြောင့် မန္တလေးဒေသခံတွေအနေနဲ့ အဆိုပါအမွေအနှစ်တွေကို နှမြောတသဖြစ်မိကြောင်း ထုတ်ဖော်ပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီအနေနဲ့ မန္တလေးနန်းမြို့ရိုးရဲ့ မြောက်ဘက်ရှိ သုဓမ္မာဇရပ်များကိုသာမက ကျုံးမြို့ရိုးနေရာအချို့မှာလည်း အကြီးစားပြင်ဆင်မှုတွေပြုလုပ်နေတာကို တွေ့ရကြောင်းနဲ့ ထိုသို့ပြင်ဆင်ရာမှာလည်း အဆိုပါနေရာတွေအားလုံးကို ပိတ်စအပြာတွေဖြင့်ကာကာ ပြင်ဆင်နေတာတွေ့ရကြောင်း မြို့ခံပြည်သူအချို့မှပြောပါတယ်။

စစ်ကောင်စီရဲ့ ဒီလိုပြင်ဆင်မှုတွေနဲ့ပတ်သတ်ပြီး ပြည်သူတွေအနေနဲ့ ရှေ့ဟောင်းအမွေကို ရှေ့ဟောင်းနဲ့သင့်တော်တဲ့ ပြင်ဆင်ထိန်းသိမ်းမှုမျိုး ပြုလုပ်စေချင်တယ်လို့လည်း မန္တလေး ဒေသခံပြည်သူတစ်ဦးမှ BBM ကိုပြောပါတယ်။

"တကယ်တော့ ရှေးဟောင်းကို ရှေ့ဟောင်းနဲ့ သင့်တော်တဲ့ ပြင်ဆင်မှုမျိုးလုပ်စေချင်တာလေ၊ အခုက သူတို့အတွက် ဘတ်ဂျက်ထွက်ဖို့ လုပ်ပြနေသလိုမျိုးကြီးဖြစ်နေတာ၊ ဘယ်သူမှလည်း ထောက်မပြရဲကြဘူး"

ဒါ့အပြင် အဆိုပါပြုပြင်မှုတွေနဲ့ ပတ်သတ်ပြီး ဒါဟာ စစ်ခေါင်းဆောင်တွေရဲ့ ဝသီအတိုင်း ဗေဒင်ယတြာကို အဓိကထားပြီး ပြုပြင်တာမျိုးဖြစ်နိုင်သလို မျိုးရိုးစဥ်ဆက်အတိုင်း ရှိခဲ့တဲ့ သုဓမ္မာဇရပ်တန်းကို ခုလို ပြီးစလွယ်ပြင်နေတာမျိုးမြင်ရတာကိုလည်း ဝမ်းနည်းမိတယ်လို့ နောက်ထပ် အသက်(၅၀)ကျော် မန္တလေးဒေသခံပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

"သုဓမ္မာဇရပ်တန်းတွေပြင်တာက ခါတိုင်းလို ယတြာကိုအဓိကထားပြီး ပြင်တာနေမှာပေါ့၊အဲ့တာတွေက အရင်ကတည်းကသူတို့ဝင်ဆိုဝင် မဝင်နဲ့ဆိုမဝင်ရဘူးလေ၊ မြို့ခံတွေချက်မြုပ်တွေလာမပြောနဲ့မရဘူး၊ခုလို သုဓမ္မာဇရပ်တွေပြင်တာကတော့အတိုင်းမရှိဝမ်းနည်းစရာပေါ့၊ရှေးအမွေပျက်တာလေ"

စစ်ကောင်စီဘက်က သံထည်များနဲ့ ဖြစ်သလိုပြန်လည်ပြုပြင်နေတဲ့ အဆိုပါ သုဓမ္မာဇရပ်တန်းတွေကို မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၆ ခုနှစ်လောက်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပြီး ရတနာပုံခေတ်လက်ရာ သစ်သားအဆောက်အအုံများလည်းဖြစ်ပါတယ်။

Video-ဒေသခံပေးပို့
https://www.facebook.com/share/v/1FskVsdAP5/
👍4😱1
ကဘူးလ်မြို့ကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်-အာဖဂန်နစ္စတန် စစ်ပွဲ ပိုမိုပြင်းထန်လာနေ

BBM - ဖေဖော်ဝါရီ ၂၈
သတင်း - Richard

ပါကစ္စတန်က အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်အပြင် ကန်ဒါဟာနဲ့ ပက်တီးယားတို့ကို လည်း ဖေဖော်၀ါရီ ၂၉ရက်‌နေ့က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ Al Jazeeraမှာ ဖော်ပြထားပါတယ်။

ပါကစ္စတန်က အာဖဂန်နစ္စတန်ကို “Open War”စတင်ပြီလို့ ကြေငြာလိုက်ပြီးနောက် တာလီဘန်စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာအတွင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား အပြင်းထန်ဆုံး စစ်ရေးထိပ်တိုက်တွေ့မှုပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂8ရက် ကြာသပတေးနေ့နှောင်းပိုင်းမှာ အာဖဂန်တပ်ဖွဲ့တွေက နယ်စပ်ပြည်နယ် ၆ ခုရှိ ပါကစ္စတန်စစ်စခန်းတွေကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် နာရီပိုင်းအကြာမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အာဖဂန်နစ္စတန်က ပါကစ္စတန်စစ်သား ၅၅ ဦး သေဆုံးပြီး ကင်းစခန်း ၁၉ ခုကို သိမ်းပိုက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်ဘက်က စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ အာဖဂန်နစ္စတန်ဘက်က အခြားပြောဆိုချက်တွေကို ဝါဒဖြန့်ချိရေးစကားတွေအဖြစ် ပယ်ချခဲ့ပါတယ်။

ပါကစ္စတန်ဘက်က လက်စားချေတဲ့ အနေနဲ့ အာဖဂန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၁၃၃ ဦးကို သုတ်သင်ရှင်းလင်းခဲ့ပြီး အာဖဂန်စခန်း အနည်းဆုံး ၂၇ ခုကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခေါ်ဝါဂျာ အက်ဆစစ်ဖ်(Khawaja Asif) က ပါကစ္စတန်ဘက်က စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ စိတ်ရှည်သည်းခံမှုဟာ ကုန်ဆုံးသွားပါပြီ။ အခုလက်ရှိကတော့ ကျွန်တော်တို့နဲ့ ခင်ဗျားတို့အကြား ပွင့်လင်းတဲ့ စစ်ပွဲတစ်ခု ဖြစ်သွားပြီ” လို့ သူက လူမှုမီဒီယာမှာ ရေးသားခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် ရှက်ဘက်ဇ် ရှယ်ရစ်ဖ်(Shehbaz Sharif)က ပါကစ္စတန်ကို ကာကွယ်ရာမှာ လုံး၀ သက်ညှာမှု ရှိမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

အာဖဂန်နစ္စတန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်( Zabihullah Mujahid)က ကဘူးလ်၊ ကန်ဒါဟာနဲ့ ပက်တီးယားတို့ တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကန်ဒါဟာနဲ့ ဟယ်လ်မန်းတို့မှ လက်စားချေစစ်ဆင်ရေးတွေ စတင်နေပြီလို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နှစ်ဖက်စလုံးမှ လူ ၇၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ပွဲခဲ့တာကြောင့် တူရကီနဲ့ ကာတာတို့ ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ ပျက်ပြားသွားခဲ့ပြီ ပဲဖြစ်ပါတယ်။

Reference - Al Jazeera
Photo-Al Jazeera/ Reuters
https://www.facebook.com/share/p/17xKts6gaL/
👍10
ချန်ပီယံလိဂ်မှာ ရေစက်ဆုံလွန်းနေတဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်

BBM - ဖေဖော်ဝါရီ ၂၈
သတင်း - David

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေက ရေစက်ဆုံလွန်းတဲ့အသင်းတွေ ဖြစ်နေပါတယ်။

အခုရာသီမှာလည်း ၁၆ သင်းအဆင့်မှာ ဒီနှစ်သင်း ထိပ်တိုက်ရင်ဆိုင်ကစားရဦးမယ်။

နောက်ဆုံးငါးရာသီဆက်တိုက် ရှုံးထွက်အဆင့်တွေမှာ တွေ့ဆုံခဲ့ပြီး ယခင်တွေ့ဆုံမှု လေးကြိမ်မှာ ရီးရဲလ်က သုံးကြိမ် ကျော်ဖြတ်ထားနိုင်ခဲ့တယ်။

အခုရာသီ League Phase အဆင့်မှာလည်း ဒီနှစ်သင်းတွေ့ဆုံခဲ့ပြီး မန်စီးတီးက ရီးရဲလ်ကွင်းမှာ အနိုင်ယူထားခဲ့တယ်။

နောက်ဆုံးငါးနှစ်မတိုင်ခင် ဒီနှစ်သင်းက ချန်ပီယံလိဂ်မှာ ခြောက်ပွဲ၊ သုံးရာသီလောက် တွေ့ဆုံခဲ့ဖူးပါတယ်။

အခြားပွဲတွေမှာတော့ PSG-ချယ်လ်ဆီး၊ ဂါလာတာစာရေး-လီဗာပူးလ်၊ အတ္တလန်တာ-ဘိုင်ယန်မြူးနစ်၊ နယူးကာဆယ်-ဘာစီလိုနာ၊ အက်သလက်တီကို-စပါး၊ ဘိုဒါဂလင့်-စပို့တင်းလစ္စဘွန်း၊ လေဗာကူဆင်-အာဆင်နယ်တို့ ရင်ဆိုင်ကစားရပါလိမ့်မယ်။

၁၆ သင်းအဆင့်ပွဲတွေကို မတ်လ ၁၀ ရက်နဲ့ ၁၁ရက်မှာ ပထမအကျော့၊ မတ်လ ၁၇ ရက်နဲ့ ၁၈ ရက်မှာ ဒုတိယအကျော့ ကစားရမှာ
ဖြစ်ပါတယ်။

#bbmnews #bbm #bbmtv #SportsNews #champion
https://www.facebook.com/share/p/1JEp8KZPxv/
👍2
ကဒူးကြီးဒေသရှိ PNLA ဌာနချုပ်ဟောင်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

BBM-ဖေဖော်ဝါရီ ၂၈
သတင်း-ခွန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသ ဗန်းမက်ရွာအနီးမှာရှိတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ဌာနချုပ်ဟောင်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။

ခွန်ရိန်းယံရဲ့ ပြောကြားချက်အရ ဗန်းမက်ဒေသဟာ လက်ရှိ PNLA ဌာနချုပ်တည်ရှိနေတဲ့ နေရာ မဟုတ်တော့ဘဲ စစ်ရေးအခြေအနေကို တွက်ဆပြီး ပြီးခဲ့တဲ့ တစ်နှစ်နီးပါးလောက်ကတည်းက ဌာနချုပ်ကို ပြောင်းရွှေ့ပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

ဗန်းမက်ရွာအနီးနားမှာ ရှိနေတာတွေကတော့ ယခင်က အသုံးပြုခဲ့တဲ့ ဌာနချုပ်ဟောင်းနေရာတွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီ ဌာနချုပ်ဟောင်းနေရာတွေကို သိမ်းပိုက်ဖို့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတဲ့အချိန်မှာ PNLA ဘက်က အတတ်နိုင်ဆုံး တားဆီးခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ခွန်ရိန်းယံက ဆိုပါတယ်။

အဲ့ဒီကာလအတွင်း PNO ဘက်က တပ်သား ၂၀၀ ကျော်ခန့် ကျဆုံးခဲ့ပြီးနောက် ကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေကို မီးရှို့ဖျက်ဆီးလာခဲ့တယ်လို့လည်း ပြောပါတယ်။

“ဗန်းမက်ဒေသက ကျွန်တော်တို့ နောက်ဆုတ်သွားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဌာနချုပ်ဟောင်းနေရာ တချို့ကိုသာ သူတို့က ဝင်ရောက်မီးရှို့ခဲ့တာပါ” လို့ ခွန်ရိန်းယံက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်တွေကြောင့် ဒေသခံပြည်သူ ထောင်ဂဏန်းလောက် စစ်ဘေးရှောင်နေရပြီး တချို့က နေရပ်ပြန်နိုင်ပေမယ့် လုံခြုံရေးအခြေအနေကြောင့် အမျိုးသားအများစုကတော့ မပြန်ရဲသေးဘူးလို့ သိရပါတယ်။

PNO အဖွဲ့တွေ ဝင်ရောက်လာပြီးနောက် ဗန်းမက်ရွာသစ်ကို ရွာလုံးကျွတ် မီးရှို့ခဲ့သလို ဗန်းမက်ရွာ၊ မုဲင်းဟုဲင်းရွာ၊ ဟံဗွာရွာတွေမှာလည်း နေအိမ် အဆောက်အအုံ ၃၀ ကျော် မီးရှို့ဖျတ်ဆီးခဲ့တယ်လို့ PNLA ဘက်က ပြောပါတယ်။

“သူတို့ မီးရှို့လိုက်တဲ့ အဆောက်အအုံတွေထဲမှာ ကျွန်တော်တို့ရဲ့ ဌာနချုပ်ဟောင်းအဆောက်အအုံတွေ ပါတယ်။ ဒေသခံပြည်သူတွေအတွက် ဆောက်လုပ်လှူဒါန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဒေသခံအုပ်ချုပ်ရေးရုံးတွေလည်း ပါပါတယ်” လို့ ခွန်ရိန်းယံက ထပ်မံပြောကြားခဲ့ပါတယ်။

PNO ဘက်က ဗန်းမက်ဒေသကို ထိုးစစ်စတင်လာတာက ပြီးခဲ့တဲ့ တစ်ပတ်ခန့်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ၁၇ ရက်ဝန်းကျင်က ဖြစ်ပြီး လက်ရှိအချိန်အထိ ကဒူးကြီးဒေသမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာလည်း PNO ပြည်သူ့စစ်က မောက်မယ်မြို့နယ်အတွင်း စစ်ရှောင်တွေ နေထိုင်နေတဲ့ နားဟီးကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုံ-PNOပြည်သူ့စစ်မီဒီယာ
https://www.facebook.com/share/p/1GnQ3LfKZ9/
👍4🤬1
စစ်ကိုင်း ကံတလူတိုးဂိတ်မှာ စစ်အုပ်စုလုံခြုံရေးယူပြီး ငွေကောက်ခံနေစဉ် ၄၀ မမ၊ ဒရုန်းများနဲ့တိုက်ခိုက်

BBM - ဖေဖော်ဝါရီ ၂၈
သတင်း - ခက်ဆစ်

စစ်ကိုင်းမြို့မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူပြီး ငွေကြေးကောက်ခံနေတဲ့ ကံတလူတိုးဂိတ်ကို ၄၀ မမ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်၊ ညနေ ၄ နာရီ ၁၈ မိနစ်မှာ ကံတလူးတိုးဂိတ်ကို စစ်ကောင်စီ အင်အား ၅၀ ခန့်နဲ့ လုံခြုံ‌ရေးယူပြီး ငွေကြေးကောက်ခံနေစဉ် လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တွေက ၄၀ မမ ဗုံးသီးတွေ၊ ဒရုန်းနဲ့ ဗုံးသီးတွေ ချပြီး ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခဲ့တဲ့ ၄၀ မမ ဗုံးသီးတွေဟာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူပေးနေတဲ့ ဘန်ကာအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး Drone နဲ့ ချတဲ့ ဗုံးသီးတွေဟာ စစ်ကောင်စီ လက်အောက်ခံ ရွှေတောင်ရုံးဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး ပြည်သူလူထုအပေါ် အနိုင်ကျင့်နေတဲ့ အဖွဲ့အစည်းတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

ကံတလူတိုးဂိတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက် ဖျက်ဆီးခဲ့တာကြောင့် အချိန်အတော်ကြာတဲ့အထိ ပြည်သူထံမှ ငွေကြေးမကောက်ခံနိုင်ဘဲ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဂိတ်မှ တာဝန်ရှိသူတွေဟာ မကြာသေးမီအချိန်က စစ်အုပ်စုနဲ့ ညှိနှိုင်းပြီးနောက် စစ်ကောင်စီတပ်သားတွေက လုံခြုံရေးယူပေးပြီး ပူးပေါင်းကာ ပြည်သူထံမှ ငွေကြေးကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။

Photo - ကံတလူတိုးဂိတ်ကို ဇန်နဝါရီလ ၁၅ ရက်မှာ တိုက်ခိုက်ခဲ့စဉ်။
https://www.facebook.com/share/p/1BaG28WokL/
👍8
တော်လှန်ရေးအင်အားစုတွေ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြဖို့ NUG နဲ့ SRA တို့ တွေ့ဆုံဆွေးနွေး

BBM - ဖေဖော်ဝါရီ ၂၈
သတင်း - နိုင်နိုင်

တော်လှန်ရေး အင်အားစုတွေ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ မနေ့က ဖေဖော်ဝါရီ ၂၇ ရက်၊ နေ့လည် ၂ နာရီကျော်အချိန်မှာ Zoom Platform က တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ NUG နဲ့ SRA နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ထားပါတယ်။

အခုလို တွေ့ဆုံမှု အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ SRA ဦးဆောင်ကော်မတီဝင် ဆလိုင်းဝီလျံချင်းတို့က အဖွင့် နှုတ်ခွန်းဆက်စကားတွေပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေဆိုင်ရာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြသလို စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ အစည်းအဝေးကို ညနေ ၄ နာရီ ၄၅ မိနစ်မှာ အောင်မြင်စွာရုတ်သိမ်းခဲ့ကြတယ်လို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က "အဓိကအားဖြင့်တော့ တော်လှန်ရေးအင်အားစုတွေအချင်းချင်း ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားကြမလဲ ကိစ္စရယ် ဆွေးနွေးခဲ့တာရှိတယ်၊ ပြီးတော့ ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဌာနကနေ ထားရှိတဲ့မူဝါဒ ရှိတယ်ပေါ့နော်၊ ဒီမူဝါဒတွေနဲ့ ပတ်သက်ပြီးတော့လည်း ရှင်းလင်းဆွေးနွေးခဲ့တာရှိပါတယ်၊ ပြီးတော့ တော်လှန်ရေးအချင်းချင်းတွေကြား တစ်စုံတစ်ရာ အကြောင်းကိစ္စတွေရှိလာခဲ့ရင်လည်း မိတ်ဖက်ပဋိပက္ခတွေအနေနဲ့ ကျနော်တို့တွေ အေးအေးချမ်းချမ်း ဖြေရှင်းကြဖို့ဆိုတာမျိုးတွေလည်း ဆွေးနွေးသဘောတူညီခဲ့ကြတာတွေ ရှိပါတယ်ဗျ၊ ကျနော်တို့အနေနဲ့ကတော့ တော်လှန်ရေးအင်အားစုတွေအားလုံး စုစည်းညီညွတ်စွာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ကြမယ်ဆိုရင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို မနိုင်စရာအကြောင်းမရှိဘူး ဒီလိုပဲယုံကြည်ပါတယ်၊ ဒီအတွက်ကြောင့်မလိုပဲ ညီညွှတ်ရေးကိုတည်ဆောက်နိုင်ဖို့ အချိန်ပြည့်ကြိုးစားဆောင်ရွက်နေပါတယ်၊ အဲဒီတော့ စစ်ရေးအရ ညီညွှတ်မှု နောက်ပြီးတော့ နိုင်ငံရေးအရ ညီညွှတ်မှု ဒီဟာတွေကို ဖော်ဆောင်နိုင်ဖို့လည်း ဒီနှစ်ထဲမှာ ကြိုးစားဆောင်ရွက်နေတာတွေ ရှိပါတယ်" လို့ BBM ကို ပြောပါတယ်။

အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ SRA အဖွဲ့ဝင် ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ ခေါင်းဆောင် မောင်ဆောင်းခ က " SRA ကိစ္စတွေအပြင် SRA ထဲ မပါဝင်ကြသေးတဲ့တပ်ဖွဲ့တွေရဲ့ အရေးကိစ္စတွေကိုပါ သေချာဆွေးနွေးဖြစ်ခဲ့ပါတယ်၊ အထူးသဖြင့် NUG လက်အောက်ခံမဟုတ်တဲ့တပ်တွေအပေါ် NUG ရဲ့သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့ပါတယ်၊ NUG နဲ့ SRA အကြား အပြန်အလှန်အသိအမှတ်ပြုနိုင်ကြဖို့၊ ကျေလည်သော ညီညွတ်ရေးကို အတူတကွတည်ဆောက်နိုင်ကြဖို့နဲ့ မိတ်ဖက်ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းနိုင်ကြဖို့ကို သဘောတူညီခဲ့ကြပါတယ်" လို့ သူရဲ့လူမှုကွန်ယက်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) က ခေါင်းဆောင်တွေ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု - SRA မှာ တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့နဲ့ ဖွဲ့စည်းတည်ထောင်ထားတာဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ ဦးတည်ချက်၊ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဥ်တွေကို စုစည်းညီညွတ်မှုအားနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေကြတာလည်း ဖြစ်ပါတယ်။
https://www.facebook.com/share/p/1BMUvsi1pZ/
👍72
မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့်အဖွဲ့အစည်းနှစ်ခုကို အပြီးတိုင်တိုက်ဖျက်နိုင်ခဲ့ဟု တရုတ်တရားရုံးချုပ် ပြော

BBM - ဖေဖော်ဝါရီ ၂၈
သတင်း - Richard

မြန်မာနိုင်ငံအခြေစိုက် ကျားဖြန့် ရာဇဝတ်ဂိုဏ်းနှစ်ခုကို လုံးဝတိုက်ဖျက်နိုင်ခဲ့ပြီး လူ ၁၆ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးက ဖေဖော်ဝါရီလ ၂၆ ရက်၊ ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်ဂိုဏ်း ၂ ခုဖြစ်တဲ့ မင်နဲ့ ဘိုင် မိသားစုတို့ကို ရုံးတင်စစ်ဆေးမှုတွေ ပြီးဆုံးသွားပြီလို့ တရုတ်ပြည်သူ့တရားရုံးချုပ် (SPC)က ပြောကြားခဲ့ပါတယ်။

စုစုပေါင်း လူ ၃၉ ဦးဟာ ထောင်ဒဏ်တစ်သက် ဒါမှမဟုတ် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး ၎င်းတို့အနက် ၁၆ ဦးမှာ သေဒဏ်ချမှတ်ခံခဲ့ရကြောင်း SPC ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“ဒီနယ်စပ်ဖြတ်ကျော် လက်နက်ကိုင် ရာဇဝတ်ဂိုဏ်းနှစ်ခုကို လုံး၀ တိုက်ဖျက်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ ရာဇဝတ်ကောင်တွေရဲ့ မာနထောင်လွှားမှုကို ပြင်းထန်စွာ ထိုးနှက်ခဲ့တယ်” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေက မင်နဲ့ ဘိုင် ရာဇဝတ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်ပိုင်းတွေကိုပါ ကွပ်မျက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့တရားရုံးချုပ် (SPC)က ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံတစ်ဝှမ်းရှိ တရားရုံးတွေက မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကျားဖြန့်နဲ့ပတ်သက်တဲ့ အမှုပေါင်း ၂၇၀၀၀ ကျော်ကို အပြီးသတ်ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ဆိုထားပါတယ်။

အဆိုပါ အမှုတွေထဲမှာ ပါဝင်ပတ်သက်တဲ့ ရာဇဝတ်သား ၄၁၀၀၀ ကျော်ကိုလည်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွထဲမှာ မိမိဆန္ဒအလျောက်လုပ်ကိုင်ကြသူတွေရှိသလို အချို့မှာ လူကုန်ကူးခံရပြီး အတင်းအကျပ်ခိုင်းစေခံရတဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။

တရုတ်နိုင်ငံက ကျားဖြန့်စင်တာတွေကို ဖြိုခွင်းဖို့ ဦးဆောင်ခဲ့ပြီး တရုတ်အာဏာပိုင်တွေက အခုလိုဖြိုခွင်းရာမှာ နိုင်ငံတကာဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေဖို့ နိုင်ငံများစွာနဲ့အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့ပါတယ်။

နှိမ်နင်းမှုတွေရှိနေပေမဲ့ တယ်လီကွန်းနဲ့ အွန်လိုင်းလိမ်လည် ရာဇဝတ်မှုတွေဟာ အဆက်မပြတ် မြင့်မားလာနေဆဲဖြစ်ပြီး ပိုမိုစနစ်တကျနဲ့ နယ်စပ်ဖြတ်ကျော်လာကြောင်း တရုတ်ပြည်သူ့တရားရုံးချုပ်(SPC) က ဖေဖော်ဝါရီလ ၂၆ ရက် ကြာသပတေးနေ့မှာ သတိပေးခဲ့ပါတယ်။

Reference - CNA World
Photos - CNA World
https://www.facebook.com/share/p/1ANU6cHeXF/
🤣5👍3
မြစ်ကြီးနားတွင် KIA/PDF ဆန့်ကျင်ရေး ဆန္ဒပြရန်စီစဉ်မှု သတင်းပေါက်ကြား၍ အကျဉ်းချုံးလိုက်ရ

BBM-ဖေဖော်ဝါရီ ၂၈
သတင်း - ကိုအိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှု အသုံးချပြီး KIA /PDF အလိုမရှိကြောင်း စစ်ကောင်စီက လူအင်အားသုံး ဆန္ဒပြပွဲဖန်တီးဖို့ စီစဉ်ခဲ့ပေမဲ့ သတင်းကြိုတင်ပေါက်ကြားသွားခဲ့သဖြင့် လူအင်အား (၅၀) ခန့်ဖြင့်သာ ခိုးကြောင်ခိုးဝှက် အကျဉ်းချုံးကျင်းပခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မူလက မနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီခန့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားမှုနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ပြည်သူ့စစ်တွေနဲ့ ဘာသာရေးခေါင်းဆောင်အချို့ကို အသုံးပြုဖို့ လူအင်အား (၁,၀၀၀) ခန့်ဖြင့် မြို့တွင်းရပ်ကွက်တွေကို လှည့်လည်ဆန္ဒပြရန် စနစ်တကျ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအစီအစဉ်ဟာ ကြိုတင်သတင်းပေါက်ကြားသွားခဲ့သဖြင့် လူထုရဲ့ ကန့်ကွက်ဝေဖန်မှုဒဏ်ကို စိုးရိမ်ကာ မူလအစီအစဉ်အတိုင်း မကျင်းပရဲတော့ဘဲ ဖျက်သိမ်းလိုက်ရပါတယ်။

"မြစ်ကြီးနားမှာ ပြည်သူ့စစ်မိသားစုတွေ၊ ကြံခိုင်ရေးပါတီဝင်အသိုင်းဝိုင်းတွေ၊ စစ်ကောင်စီအသိုင်းအဝိုင်းတွေ များတယ်၊ ပြီးတော့ Non CDM တွေများတယ်လေ၊ အစတော့ သူတို့ပေါင်းပြီး လူအင်အား ၁,၀၀၀ နဲ့ ဆန္ဒပြဖို့ စီစဥ်ကြတာ၊ သတင်းပေါက်ကြားသွားတော့ Non CDM တွေနဲ့ တချို့လူတွေက မလိုက်ရဲဘဲ ဖြစ်နေကြတယ်"လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

အစီအစဉ်ကြီး ပျက်သွားပြီးနောက် မနေ့က ဖေဖော်ဝါရီလ ၂၇ ရက်၊ မနက်ပိုင်းမှာ ကြံ့ခိုင်ရေးပါတီ (USDP) က ဦးဆောင်ကာ လူအင်အား (၅၀) ခန့်ကို ကား (၃) စီးနဲ့ မြစ်ကြီးနား လေယာဉ်ကွင်းရှေ့သို့ အရေးပေါ် ပို့ဆောင်ခဲ့ပါတယ်။

ပြင်ဆင်ထားတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ကာ မိနစ်ပိုင်းအတွင်း ဓာတ်ပုံရိုက်၊ ကြွေးကြော်သံအနည်းငယ်အော်ပြီး အလျင်အမြန် လူစုခွဲကြသလို ဆန္ဒပြပွဲမှာ အသုံးပြုတဲ့ ဗီနိုင်းတွေပေါ်ရှိ "KIA/PDF" ဆိုတဲ့ စာလုံးတွေကို ဆေးအနီရောင်ဖြင့် ပြန်ဖျက်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အခုလို ဆန္ဒပြလုပ်ရပ်အပေါ် မြစ်ကြီးနားမြို့ခံတွေက စစ်ကောင်စီ အသိုင်းအဝိုင်းက သူတို့ဘာသာ လုပ်သွားတဲ့ပွဲ" အဖြစ်သာ ရှုမြင်ကြပါတယ်။

"KIA/PDF အလိုမရှိ ဆိုကတည်းက ဒါဟာ စစ်ကောင်စီအသိုင်းအဝိုင်းက လုပ်တဲ့ ဆန္ဒပြပွဲဆိုတာ လူတိုင်း သိကြမှာပါ၊ ဒါက စစ်တပ်ကနေ တောက်လျှောက်လုပ်တာတဲ့ ဝါဒဖြန့်ပွဲပါ၊ ပြည်သူတွေ ဆန္ဒပြရင် စစ်တပ်ကိုပဲ ဆန္ဒပြကြမှာ၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က အရပ်သားတွေနေတဲ့ နေရာကို တောက်လျှောက် ဗုံးကြဲတိုက်ခိုက်နေတာလေ"လို့ မြစ်ကြီးနားမြို့ခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ စစ်ရေးရှုံးနှိမ့်မှုတွေ ဖုံးကွယ်ဖို့နဲ့ KIA/PDF အပေါ် လူထုအထင်အမြင်လွဲမှားဖို့ ဝါဒဖြန့်ဆန္ဒပြပွဲတွေ ဆက်တိုက်ဖန်တီးနေပေမဲ့ အခုလို သတင်းပေါက်ကြားမှုကြောင့် အစီအစဉ်ပျက်ပြားသွားတာဟာ အရှက်ရဖွယ် ဖြစ်ခဲ့ရပါတယ်။

ဓာတ်ပုံ-လူမှုကွန်ရက်
https://www.facebook.com/share/p/1Ebf8v8wMA/
👍6🤣4
နဂါးအခြေချခဲ့တဲ့ ချင်ပြစ်ကျေးရွာမှထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

BBM - ဖေဖော်ဝါရီ ၂၈
သတင်း - နိုင်နိုင်

ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ဖွဲ့ အခြေချလှုပ်ရှားခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းကျေးရွာက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ပုလဲဒေသခံတွေဆီက သိရပါတယ်။

မနေ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ နေလည်ပိုင်းမှာ ချင်ပြစ်ကျင်းကျေးရွာကို ရောက်ရှိနေတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဆက်လက်ပြီး စစ်ကြောင်းထိုးဖို့အတွက်ကျေးရွာကနေ ထွက်စဥ် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပုလဲဒေသခံတစ်ဦးက ပြောပါတယ်။

"နဂါးအခြေချခဲ့တဲ့ရွာကို စကစ စစ်ကြောင်းက ရောက်နေတာ ၂ ရက်လောက်ရှိပါပြီ၊ အဲဒီစစ်ကြောင်းမှာ အင်အား ၂၀၀ ကျော်ပါတယ်၊ အဲဒီ ချင်ပြစ်ရွာကနေ တခြားရွာတွေကို စစ်ကြောင်းထိုးဖို့ထွက်လာတဲ့အခါ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်လို့ ရွာထဲကိုပဲ ပြန်ဝင်သွားတာရှိပါတယ်" လို့ စစ်ရေးအခြေအနေကို သိရှိတဲ့ ပုလဲဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ထိခိုက်ဒဏ်ရာရရှိမှုနဲ့ သေဆုံးမှုအတိအကျကို သိရှိနိုင်ဖို့ BBM အနေနဲ့ ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် ပုလဲမြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ နေ့က ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပုလဲမြို့နယ်အတွင်းကို အင်အား ၂ ရာခန့်ပါ စစ်ကြောင်း ၂ ကြောင်းနဲ့အတူ စစ်ကြောင်းထိုးမှုတွေရှိနေပြီးတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၁၀ နာရီကျော်အချိန်မှာ လက်ရှိမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ချင်ပြစ်ကျင်းကျေးရွာနဲ့ နွယ်အင်းကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ ပုလဲမြို့နယ်၊ သေတ္တရာကျေးရွာကနေ အနောက်ဖက် ဆင်ရှင်၊ ငှက်ပျောတော၊ ဇီးဖြူကုန်း၊ နှောရိုး၊ ချင်ပြစ်ကျင်း၊ နွယ်အင်းနဲ့ သပြေလှကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီ စစ်ကြောင်းတွေကြောင့်ပဲ ပုလဲမြို့နယ်က ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ သောင်းနဲ့ချီမှာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

Photo - ပုံဟောင်း
https://www.facebook.com/share/p/188tArAwCf/
👍91
အစ္စရေးက အီရန်ကို တိုက်ခိုက်၊ အမေရိကန်ပါ တက်ကြွစွာ ပါဝင်

BBM - ဖေဖော်ဝါရီ ၂၈
သတင်း - Richard

အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်လိုက်ပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် အမေရိကန်ဟာလည်း အဆိုပါ စစ်ဆင်ရေးမှာ တက်ကြွစွာပါဝင်နေကြောင်း အမေရိကန်အရာရှိတွေက အတည်ပြုခဲ့ကြပါတယ်။

အမေရိကန်စစ်သင်္ဘော ဂျရယ်လ်ဖို့ဒ်ဟာ အစ္စရေးနိုင်ငံအနီးမှာ ဆိုက်ကပ်ပြီး တစ်ရက်အကြာမှာ အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှု‌ကြောင့် အီရန်နိုင်ငံ တီဟီရန်မြို့တော်တစ်ဝှမ်းမှာ ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ကြောင်း သတင်း‌တွေ ထွက်ပေါ်ခဲ့ပြီး Kermanshah၊ Lorestan၊ Tabriz၊ Isfahan နှင့် Karaj အပါအဝင် အခြားမြို့များစွာမှာလည်း ပေါက်ကွဲမှုတွေ ကြားခဲ့ရကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင် အယာတိုလီ ဆေရက် အလီ ခါမီနီ(Ayatollah Sayyed Ali Khamenei) နေထိုင်ရာ တီဟီရန်မြို့ရှိ ခရိုင်တစ်ခုမှ မီးခိုးထူထပ်စွာ ထွက်ပေါ်လာတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ဒေသမှာ သမ္မတနန်းတော်နဲ့ အမျိုးသားလုံခြုံရေးကောင်စီလည်း ရှိပါတယ်။

အီရန်သတင်းစာ Sharq က တိုက်ခိုက်ခဲ့တဲ့ နေရာအနီးအနားမှာ မီးခိုးတွေ မြင်တွေ့နေရကြောင်း ဖော်ပြခဲ့ပါတယ်။

တီဟီရန်ရှိ မျက်မြင်သက်သေတွေက ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ရကြောင်း ဖော်ပြခဲ့ကြပါတယ်။

နောက်ပိုင်းမှာ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ပေါက်ကွဲမှုတွေကို ဝန်ခံခဲ့ပေမဲ့ အကြောင်းရင်းနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။

တရားဝင် ထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်ကိုလည်း မထုတ်ပြန်သေးပါဘူး။

အမေရိကန်ပြည်ထောင်စုကလည်း အစ္စရေးဘက်က‌နေ တက်ကြွစွာ ပါ၀င် တိုက်ခိုက်လျက်ရှိတယ်လို့
အမေရိကန်အရာရှိတစ်ဦးနဲ့ စစ်ဆင်ရေးနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

အမည်မဖော်လိုသူတစ်ဦးရဲ့ အဆိုအရ
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အဆိုပါစစ်ဆင်ရေးကို “ခြိမ်းခြောက်မှုတွေကို ဖယ်ရှားတဲ့ စစ်ဆင်ရေးတစ်ခု”အဖြစ် ဖော်ပြခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မဖြေကြားခဲ့ပါဘူး။

အမေရိကန်အရာရှိတစ်ဦးက အယ်လ်ဂျာဇီးရားသို့ ပြောကြားရာမှာ ပူးတွဲလေကြောင်းစစ်ဆင်ရေးက အီရန်ရဲ့ လုံခြုံရေးယန္တရားကို ဖျက်သိမ်းဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် အစ္စရေးစစ်တပ်က အီရန်ဘက်က အစ္စရေးနယ်မြေအတွင်းကို ဒုံးကျည်ပစ်လွှတ်နိုင်ခြေရှိကြောင်း အချက်ပေး ဥသြသံတွေနဲ့အတူ “ကြိုတင်သတိပေးချက်” ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးစစ်တပ်က နိုင်ငံကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ဗုံးခိုကျင်းတွေနဲ့ နီးကပ်စွာနေထိုင်ဖို့ နိုင်ငံသားတွေကို တိုက်တွန်းခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘက်င လေပိုင်နက်ကို ပိတ်လိုက်ပါတယ်။

အီရန်အရပ်ဘက်လေကြောင်းအဖွဲ့အစည်းရြဲ ပြောရေးဆိုခွင့်ရှိသူ မာဂျစ် အက်ခါဗန်(Majid Akhavan) က လေကြောင်းမစ်ရှင်တွေအတွက် အသိပေးချက် (NOTAM) ထုတ်ပြန်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Majid Akhavan က အီရန်လေပိုင်နက်ကို အနည်းဆုံး ခြောက်နာရီကြာ ပိတ်ထားမှာဖြစ်ပြီး နောက်ထပ်တရားဝင်ကြေငြာချက်တွေ မထွက်မချင်း လေဆိပ်တွေအနီးမှာ မနေကြဖို့ ပြည်သူလူထုကို အကြံပြုထားပါတယ်။

အခုလို တိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အီရန်တို့ရဲ့ ထိလွယ်ရှလွယ်တဲ့ သံတမန်ရေးဆွေးနွေးပွဲတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။

အာရပ်သုတေသနနဲ့ မူဝါဒလေ့လာရေးဌာနမှ အီရန်လေ့လာရေးဌာနရဲ့ ဒါရိုက်တာနဲ့ ကာတာနိုင်ငံရှိ ဂျော့ဂျ်တောင်းတက္ကသိုလ်မှ ပါမောက္ခ မီရန် ကမ်ရာဗာက အစ္စရေးဟာ အဆိုပါ ဆွေးနွေးပွဲတွေကို ပျက်ပြားစေဖို့ ကြိုးပမ်းနေဖွယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက အီရန်ကို တိုက်ရိုက်တိုက်ခိုက်မယ်လို့ မမျှော်လင့်ထားပေမဲ့ အစ္စရေးက “အမေရိကန်-အီရန် ဆွေးနွေးပွဲတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိ ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တယ်”လို့ ကမ်ရာဗာက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အသေးစိတ်အချက်အလက်တွေဟာ အကန့်အသတ်ရှိနေဆဲဖြစ်ပြီး အီရန်အာဏာပိုင်တွေဘက်ကတော့ တုံ့ပြန်မှုမရှိသေးပါဘူး။
https://www.facebook.com/share/r/1CM8VdPGYr/
👍8
သရက်ချောင်းမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က စစ်ဘေးရှောင် ၇ ဦးကို ပစ်သတ်ထား

BBM-ဖေဖော်ဝါရီ၂၈
သတင်း - ကိုဟန်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် စုံစင်ဖျားကျေးရွာအနီးမှာ အသတ်ခံထားရတဲ့ စစ်ဘေးရှောင် ရုပ်အလောင်း ၇ လောင်းကို တွေ့ရှိခဲ့တယ်လို့ KNU နဲ့ စစ်ရေးသတင်းအရင်းအမြစ်အချို့ထံမှ သိရပါတယ်။

မနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ စုံစင်ဖျားကျေးရွာမီးသတ်ရုံးအနီးက ရော်ဘာခြံတခုအတွင်းမှာ ဦးခေါင်းသေနတ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

“အလောင်းက သေနတ်နဲ့ ပစ်သတ်ခံထားရတဲ့ပုံစံပါ၊ ခေါင်းကို တည့်ပစ်ခံထားရတာပါ။ ခြံထဲမှာပဲ အဲဒီအနားမှာ စစ်ရှောင်နေတဲ့ သာမန်အရပ်သားတွေပါ” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ စစ်ရေးသတင်းအရင်း အမြစ်တဦးက BBM ကို ပြောပါတယ်။

သေဆုံးသူတွေဟာ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစုဖြစ်ကြပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၅ ဦးပါဝင် တယ်လို့ KNU က ထုတ်
ပြန်ထားပြီး ၎င်းတို့ရဲ့ နေရပ်လိပ်စာအတိအကျကို စုံစမ်းနေဆဲပဲလို့သိရပါတယ်။

အခုအသတ်ခံရတဲ့ နေရာတဝိုက်ဖြစ်တဲ့ မြိတ်-ထားဝယ်အမှတ်(၈)ပြည်ထောင်စုလမ်းပိုင်းရှိ ဝင်းဝစခန်းဘက် ကို စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကြောင်းထိုးလာချိန်မှာ ပစ်သတ်ခံထားရတာလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကလည်း အဲဒီကျေးရွာတဝိုက်ကို လေကြောင်းပစ်ခတ်မှုတွေ နေ့စဉ် လုပ်ဆောင်နေသလို တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေ သိရှိသူအချို့က ပြောပါတယ်။

“အခုချိန်မှာ တိုက်ပွဲပြင်းထန်နေတော့ ဘေးလွတ်ရာကို ရောက်ရင် စုစုစည်းစည်းနေဖို့ လိုတယ်၊ သတင်းနာထောင်ပါ။ ဒီကောင်တွေက စစ်ကြောင်းထိုးနေတာဆိုတော့ တွေ့ရာလူကို ဖမ်းဆီးသတ်ဖြတ်နေတာ” လို့ စစ်ရေးအခြေအနေ သိရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစောပိုင်းကတည်းက သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့တာပါ။

ဒါ့အပြင် စစ်တပ်ကလည်း နေ့စဉ်ဆိုသလို လေကြောင်းပစ်ခတ်မှုတွေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံတသောင်းခန့်က ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်အဆောက်အဦများစွာ ပျက်စီးခဲ့တယ်လို့ စစ်ရှောင်ကူညီသူအချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပိုင်း ပိန်းတောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ကြက်စာတင်လာတဲ့ ကားကို ပစ်ခတ်ခဲ့လို့ တဦးသေဆုံးကာ နှစ်ဦးပြင်းထန်
ဒဏ်ရာရရှိခဲ့ပါတယ်။

ဓါတ်ပုံ - KNU
ပုံစာ - သေနတ်ပစ်သတ်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူများ
https://www.facebook.com/share/p/1DfuU5yH26/
🤬7👍2