စာဖတ်မယ်
1.9K subscribers
355 photos
6 videos
3 files
18 links
စာဖတ်ကြမယ်
Download Telegram
ဟုလား ဟ😁
4
ကြံရည် ရပြီ
19👍2
ငှက်ပျောသီး တိပ်ကပ်ထားတဲ့ လက်ရာနဲ့ အရူးပန်းချီကားဟာ အတူတူပါပဲလို့ပြောရင် တော်တော်များများကတော့ မျက်စိလည်သွားနိုင်ပါတယ်။

ကြားခံ ပစ္စည်း (Medium) ၊ ဖန်တီးပုံ (Technique ) ၊ ချည်းကပ်ပုံ ( Approach ) လုံးဝ မတူတဲ့အနုပညာလက်ရာ နှစ်ခုဖြစ်ပေမယ့် အဓိက အတွေးအခေါ် (Concept ) ကတော့ အတူတူပါပဲ။

အဲ့ဒါကို သိနိုင်ဖို့အတွက် အဆိုပါ အနုပညာလက်ရာ နှစ်ခုရဲ့ နောက်ကြောင်းတွေကို သိဖို့ လိုအပ်ပါတယ်။

အရူးပုံကို ရေးဆွဲသူက (ဆရာ) ဇော်ဇော်အောင် ပါ။ ရေးဆွဲတဲ့ကာလက ၁၉၉၃ ။ ဇော်ဇော်အောင်ရဲ့ ပန်းချီကျောင်းဆင်းပြီးကာစ ကာလ။ အရူးပုံဟာ သူ့သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ကို ဆွဲထားတာ။ တကယ့်အရူးမဟူတ်ပါဘူး။ သူ့ကိုယ်သူလည်း သူတောင်းစားပုံရေးခဲ့ပါသေးတယ်။

ဘာလို့အဲ့ဒီလို ရေးသလဲဆိုရင် အဲ့ဒီခေတ်ကာလမှာ ပန်းချီကျောင်းဆင်းရင် လုပ်စရာ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးတယ်။ ပန်းချီဆရာဆိုရင် ပတ်ဝန်းကျင်က အရူးလို ဆက်ဆံခံရတယ်။ ပန်းချီလမ်းကြောင်းကို ရွေးချယ်ခြင်းဟာ ရူးရင်ရူး မရူးရင် သူတောင်းစား ဖြစ်မှာပဲဆိုတာကို သရုပ်ဖော်လိုတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါကာလမှာ ပန်းချီကားရောင်းရဖို့ဆိုရင် စျေးကွက်ဝင် ကြည့်ပျော်ရှုပျော်ရှိတဲ့ကျောင်းကန်ရှုခင်းတွေ ၊ မင်းသမီးမင်းသားပုံတွေရေးကြရပါတယ်။ ဒီလို အရူးပုံတွေ သူတောင်းစားပုံတွေကို အမြတ်တနိုးဝယ်ယူစုဆောင်းကြတာ မရှိပါဘူး။ ဒီပန်းချီကားရဲ့ အဓိက အနှစ်သာရ (Concept )ဟာ ဇော်ဇော်အောင်ရဲ့ သရော်မှု ဖြစ်ပါတယ်။ သူဖြတ်သန်းရတဲ့ ခေတ်ကို သရော်ထားတာပါ။ (အနုစိတ်လက်ရာမြောက်နေတာကတော့ သူ့ကျွမ်းကျင်မှုတစ်ခုပါပဲ။ )

ငှက်ပျော်သီးကို တိပ်ကပ်ထားတဲ့ အနုပညာလက်ရာ အမည်က Comedian ဖြစ်ပြီး ဖန်တီးသူက အီတလီခေတ်ပြိုင်အနုပညာရှင် Maurizio Carttelan။ Comedian အကြောင်း ဆွေးနွေးကြတဲ့အခါမှာ လေလံအောင်စျေး ဒေါ်လာ ၆ သန်းဆိုတာကို ထည့်ပြောကြလေ့ရှိတယ်။ ငှက်ပျောသီးတစ်လုံးကို ဒေါ်လာ ၆ သန်းတောင်ပေးသတဲ့ဟေ့ဆိုပြီး နိုင်ငံတကာမှာ ဟိုးလေတကျော်ဖြစ်သွားခဲ့တာကိုး။ ကျွန်တော့်အနေနဲ့တော့ အနုပညာတစ်ခုကို လေလံအောင်စျေးနဲ့ ချည်းကပ်တာ အလွန်မလျော်ညီတဲ့ ကိစ္စရပ်ဖြစ်ပြီး အနုပညာဆိုလိုရင်းကိုပါ တိမ်ကောသွားစေပါတယ်။ ဒါကြောင့် အဆိုပါ ဒေါ်လာ ၆ သန်းကိစ္စကို မေ့ထားကြရအောင်။

Comedian လို့ ခေါ်တဲ့ ငှက်ပျောသီး တိပ်ကပ်လက်ရာကို ပေါ်လွင်ဖ်ို့ဆိုရင် အနုပညာပွဲတော်တွေအကြောင်း တီးမိခေါက်မိရှိဖို့လိုပါတယ်။ ကမ္ဘာမြို့ကြီး အသီးသီးမှာမတူညီတဲ့ Art Fairs တွေကျင်းပကြပါတယ်။ စီးပွါးရေးကိုရှေးရှုပြီး ကျင်းပကြတာ ဖြစ်ပြီး ပွဲစီစဉ်သူဟာ နိုင်ငံတကာက ပြခန်းတွေကို ဖိတ်ပါတယ်။
ဥပမာကမ္ဘာပေါ်မှာအစဉ်အလာအကြီးဆုံး Art Fair တစ်ခုဖြစ်တဲ့ Art Basel ဆိုပါစို့။ နှစ်စဉ် ဆွစ်ဇာလန်မှာတစ်ကြိမ် ပြင်သစ်မှာ တစ်ကြိမ် ဟောင်ကောင်မှာ တစ်ကြိမ် ယူအက်စ်မှာ တစ်ကြိမ်
လေးကြိမ် ကျင်းပပါတယ်။Art Basel ပွဲမှာခန်းမတစ်ခုရဖ်ို့ဆိုရင် ခန်းမကြေးဟာ စျေးအလွန်ကြီးသလို
ပိုက်ဆံရှိတိုင်းလည်း ခန်းမ တစ်ခု မရနိုင်ပါဘူး။ ပြခန်းရဲ့ ဂုဏ်သတင်းခိုင်မာမှု၊ အနုပညာရှင်တွေ၊ ဖောက်သည်တွေကြားမှာ ခိုင်မာတဲ့ ဆက်ဆံရေးတည်ရှိမှုတွေ အပေါ်မှာ မူတည်ပြီးမှ ခန်းမ ရမှာပါ။ ဒါပေမယ့်လည်း ဧရိယာအကျယ်အဝန်းဟာ
ကန့်သတ်ချက်ရှိတာကြောင့် တော်ရုံတန်ရုံ
ပြခန်းတွေဟာ ဝင်တိုးဖို့ မလွယ်ပါဘူး။
ဒါကတော့ ပြခန်းတွေ အပိုင်းပါ။
ပွဲတော်နေ့ကို ရောက်ပြီဆိုရင် ကမ္ဘာအနှံက အနုပညာစုဆောင်းသူတွေ၊ Art Delar တွေ Gallerists တွေ
လာကြပါတယ်။ ပွဲတော်ကာလအတွင်းမှာ
တွေ့ကြ ဆုံကြ အချက်အလက်တွေ
ဖလှယ်ကြတာပေါ့။ ပွဲတော်အတွင်းမှာ
ပြခန်းတွေဟာ အလွန်များတဲ့အတွက်ဘယ်သူကမှ အနုပညာကို အချိန်ပေးပြီး မကြည့်နိုင်ကြပါဘူး။ အနုပညာလက်ရာတွေကို လုံလုံလောက်လောက် Appreciate မလုပ်နိုင်ကြပါဘူး။ အများစုကတော့ အနုပညာထက် ငွေကြေးကိစ္စတွေ၊ ရင်းနှီးမြုပ်နှံမှုကိစ္စတွေကို ပိုပြီး ပြောဆို ဆွေးနွေးကြတဲ့ နေရာပါပဲ။ နံရံပေါ်မှာ ချိတ်ထားတဲ့ အနုပညာလက်ရာထက် ငွေကြေးကိစ္စက ပိုမို လွှမ်းမိုးသွားတဲ့ ရပ်ဝန်းပါပဲ။အဲ့ဒါကို အီတလီအနုပညာရှင်က စိတ်အချဉ်ပေါက်ပြီးပွဲတော်မှာ ပန်းချီကားတွေချိတ်ရောင်းမယ့်အစားငှက်ပျောသီးပဲ ချိတ်ရောင်းတော့မယ်ဆိုပြီး ခနဲ့ သရော်ကာ အခုလက်ရာကို ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဇော်ဇော်အောင်ရဲ့ အရူးနဲ့ Maurizio Carttelan ရဲ့ Comedian တို့ကြားက ဘုံတူညီချက်ဖြစ်တဲ့ သရော်ခြင်းဆိုတဲ့ အတွေးအခေါ်ကို တွေ့ရှိမယ် ထင်ပါရဲ့။

မြေမှုန်လွင်
6👍4


''ငိုခန်းတွေ အလွမ်းခန်းတွေ ပြည့်နေတဲ့
တိုင်းပြည်တခုမှာ ရယ်သံတွေမပါနိုင်ခဲ့ဘူး။
ဘာဆက် ဖြစ်မယ်ဆိုတာကိုလည်း
ငါတို့မှာ ရွေးချယ်ခွင့် အကြွင်းမရှိ။
ဒီတခေါက် အိမ်ပြန်ချိန်ခရီးဟာ
အတော် ကြာဦးမယ် ထင်တယ်။
သံသရာ တလျှောက်
ပြန်တွေ့ကြတာပေါ့။ ။''


မောင်ဒေါင်း
5
#ဝိုးတဝါးဘာသာဗေဒ

(+၁) သူတော်ကောင်းထံမှ စာအုပ်ရခြင်း
သူတော်ကောင်းတယောက်နဲ့တွေ့ပါတယ်။ “ရော့ .. အင့်.. မင်း ဖတ်ဖို့” ။ သူက ကျနော့်ကို စာအုပ်တအုပ်ပေးပတယ်။ အိမ်ရောက်တော့ ကျနော် ဖတ်ကြည့်ပါတယ်။ စာအုပ်ထဲမှာ ဘာမှရေးမထားပါဘူး။ မြတ်နိုးလွန်းတဲ့ အတွက်ကြောင့် ခေါင်းအုံးအောက်မှာထားပြီး ကျနော် အိပ်ပါတယ်။ သူ့ကိုလည်း ကျနော် အရမ်းကြည်ညိုသွားပါတယ်။ သူ့လို လူမျိုးမို့လည်း ဒီလိုကျမ်းမျိုးကို ပြုစုနိုင်တာလို့ ကျနော်ယူဆပါတယ်။

(-၁) လူရိုင်းက ခေါ်ဆောင်ခြင်း
“လာ လိုက်ခဲ့”
လူရိုင်းတယောက်က ကျနော့်ကို ခေါ်သွားပါတယ်။ ဘယ်ဆီခေါ်မှန်းမသိပဲ ကျနော်က လိုက်သွားရတာပါ။ နောက်ဆုံးမှာ သူတို့ရဲ့ နတ်ဆရာဆီရောက်သွားပါတယ်။
“ခင်ဗျားက နတ်ဆရာလား”
“ဟုတ်တယ်”
“နတ်က ခင်ဗျားရဲ့တပည့်လား”
သူ ဘာမှ ပြန်ဖြေပါဘူး။
“ကောင်းပြီ... ခင်ဗျားအတွက် ကျနော် ကြိမ်လုံးလိုက်ငှားပေးမယ်“ ဆိုပြီး လှည့်ထွက်ခဲ့ပါတယ်။

(+၂) လူသေများနှင့် စကားပြောခြင်း
လူသေတွေနဲ့တွေ့တော့ သူတို့က ကျနော့်ကို စကားပြောဖို့ အလုအယက်ကြိုးစားကြပါတယ်။ သူတို့ အင်မတန် နားထောင်စေချင်တဲ့ စကားမှန်းသိလို့ ကျနော်ကလည်း ကြိုးစားပြီး နားထောင်ပါတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။
“က+ဃ+ဝ+လ“
“ပ+အ+စျ+ဌ+ဃ”
လူသေတွေက ပြောတာမို့လို့ စကားလုံးအသေတွေဖြစ်နေပါတယ်။ ကျနော် နားမလည်ပါဘူး။ နားလည်ချင်စိတ်လည်း အရမ်းရှိပါတယ်။ အဲဒီစကားလုံးအသေတွေကို အသက်သွင်းပေးနို်ငတဲ့သူရှိရင်း အရမ်းကောင်းမယ်လို့လည်း တွေးမိပါတယ်။

(-၂) မြင်းဝါ တကောင်ကိုရခြင်း
မြင်းဝါ တကောင်နဲ့ ကျနော် ဆုံပါတယ်။
“ခင်ဗျားက အဝါရောင်ကြီးပါလား “
“အဲဒါ ဘာဖြစ်လဲ”
“ဘာမှ မဖြစ်ပါဘူး။ ခင်ဗျားကို ကျနော် စီးလို့ရမလား“
အဲဒီစကားကြောင့် သူက ကျနော့်ကို စေ့စေ့ကြည့်ပါတယ်။
“မင်းက လူဖြူလား လူမည်းလား“
“လူဖြူ လူမည်းကို ခင်ဗျား ဘာနဲ့ခွဲလဲ”
“နှလုံးသားဖြူတဲ့သူက လူဖြူ ၊ နှလုံးသားမည်းတဲ့သူက လူမည်း”
ပြောပြီး သူက ရယ်ပါတယ်။ ကျနော်လည်း လိုက်ရယ်ပါတယ်။

(+၃) ကြယ်များ၏စက်ဝိုင်းများကို မြင်ခြင်း
ညကောင်းကင်ရဲ့ ကြယ်တွေကို ကျနော် ငေးကြည့်နေမိတယ်။ စက်ဝိုင်းတခုရဲ့ အနားလို ဝန်းပတ်နေတဲ့ ကြယ်တွေကို စတင်သတိထားလိုက်မိတယ်။ နောက်မှ ကြယ်စက်ဝိုင်းကြီး တခုလုံးကို မြင်လိုက်ရတော့တယ်။ ပြိုးပြိုး လက်လက် တောက်ပရင်း အဲဒီကြယ် စက်ဝိုင်းကြီးက လှလိုက်တာ။ မနက်ကျမှတွေးမိတယ်။ သုည ဘုရားက ကောင်းကင်ပေါ်ကနေ ကျနော့်ကို ကိုယ်ထင်ပြတာများလား။

(-၃) ရုပ်ဖျက်ထားသူနှင့်တွေ့ခြင်း
ရွှံ့ထဲမှာ ထိုင်နေသူတယောက်ကို ကျနော်တွေ့ပါတယ်။ သူ့မျက်နှာကို ရုပ်ဖျက်ထားတယ်။
“ခင်ဗျား မျက်နှာကို ဘာဖြစ်လို့ ရုပ်ဖျက်ထားရတာလဲ”
သူ သက်ပြင်းချပြီး ဖြေတယ်။
“မျက်နှာ ပျက်စရာတွေရှိနေလို့ပါ”
ခေါင်းငုံ့သွားရပြန်တယ်။
“ခေါင်းလည်း မဖော်ချင်တော့ပါဘူးဗျာ” လို့ ထပ်ပြောတယ်။
“ဝင်ထိုင်ပါဦးလား” လို့ မဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ရပါတယ်။

(+၄) မြို့တမြို့သို့ဝင်ခြင်း
မြို့တမြို့ထဲကို ကျနော်ရောက်သွားပါတယ်။ ဘာမြို့မှန်း ကျနော် မသိပါဘူး။ သတိရလို့ မျက်နှာချင်းဆိုင်က လမ်းလျှောက်လာသူတယောက်ကို မေးလိုက်ပါတယ်။
“ဒီဲမြို့က ဘာမြို့လဲဗျ”
သူ ဇဝေဇဝါ ဖြစ်သွားပါတယ်။
“ဘူတာရုံမှာတော့ ရေးထားတာပဲ။ ကျနော်လည်း မမှတ်မိတော့ဘူး“
ပွဲတော်ဆီသွားမယ်လို့ ယူဆရတဲ့ လူတအုပ်ကို တွေ့လိုက်ရပါတယ်။ ကျနော်လည်း ပျော်ချင်လို့ သူတို့နောက်က လိုက်သွားလိုက်တယ်။ ဒါပေမယ့် သူတို့က ပွဲတော်ဆီသွားတဲ့ လူအုပ်မဟုတ်ပဲ ပွဲတော်က ပြန်လာတဲ့ လူအုပ်ဖြစ်နေတယ်။

(-၄) နေထဲမှ လိမ့်ကျခြင်း
နေထဲကနေ ကျနော် လိမ့်ကျလာပါတယ်။
ကမ္ဘာဆီရောက်အောင် အကြာကြီး ကျခဲ့ရတာပါ။ လူသူစည်ကားတဲ့ မြက်ခင်းတခုပေါ် ကျတယ်။ အပန်းဖြေနေတဲ့လူတွေက ကျနော့်ကြောင့် ထိတ်လန့်တကြား ဖြစ်သွားကြတယ်။
“ဘာလဲ .. ဘာလဲ”
“ဘာမှ မဟုတ်ပါဘူး။ ကျနော် နေဆီက ဆင်းလာတာပါ”
သူတို့ မျက်လုံး မျက်ဆန်ပြူးလို့ …
“ ဘာလုပ်မလို့လဲ”
“ခင်ဗျားတို့ကို အလင်းပေးမလို့ပါ“
လူအုပ် ရှဲခနဲ နောက်ကို ထပ်ဆုတ်သွားကြပါတယ်။
“သွား သွား မလိုချင်ဘူး။ မင်းဟာ အပူသည်ပဲ“
ကျနော့်ကို သူတို့ မောင်းထုတ်လိုက်ကြပါတယ်။

(+၅) မီးတောက်တခုကို ခူးခြင်း
မီးတောက်တခုကို ကျနော်တွေ့လိုက်ပါတယ်။ လှပ ကျော့ရှင်းပြီး အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတဲ့ မီးတောက်တခုပါ။
“အေး. .. မင်းကို ငါစောင့်နေတာ ကြာပြီ“
ပန်းရုံ ညှပ်တဲ့ ကတ်ကြေးကို သွားယူပြီး အဲ့ဒီမီးတောက်ကို အပိုင်းပိုင်းပြတ်သွားအောင် ကျနော် ညှပ်ပါတယ်။ ဒါပေမယ့် မရဘူး။ သူကလည်း ဟူးဟူး ဟဲဟဲ လောင်ကျွမ်းပြီး ဒေါသတွေ ထွက်နေတယ်။ ကျနော့်ရဲ့ ကတ်ကြေးသံကလည်း တချွမ်းချွမ်းညံလို့။ နောက်ဆုံးတော့ သူ လောင်စာကုန်သွားပါတယ်။ အဲဒီတော့မှ အမြစ်က ကျွတ်ပြီး သူ ငြိမ်းသွားပါတယ်။

(-၅) နတ်ဆိုးနှင့် ကစားခြင်း
နတ်ဆိုးက ကျနော့်ကို စိမ်ခေါ်နေပါတယ်။
“ သတ္တိရှိရင် မင်း ငါနဲ့ စကားရဲသလား”
ကျနော်ကလည်း မကြောက်တတ်ဘူးလေ။
“ရပါတယ် ဘာတမ်းကစားကြမလဲ”
ကျနော်က တချက်စဉ်းစားလိုက်တယ်။ ပြီး လက်ညှိုးထောင်ပြီး ပြောလိုက်တယ်။
“ကောင်းပြီ ငါတို့ နတ်ကောင်းလုပ်တမ်းကစားကြမယ်”
သူ မျက်နှာ ပျက်သွားပါတယ်။ ကျနော့်ကို အရှုံးပေးလိုက်ပါတယ်။ ပြန်ခါနီးမှာ တခွန်းလှည့်ပြောသွာပါတယ်။
“မင်း .. လူကောင်းမဟုတ်ဘူး”
1
(၀) သုံးသပ်ချက်
အထက်မှာ တင်ပြခဲ့တာတွေဟာ ကျနော် မက်ခဲ့တဲ့ အိပ်မက်တွေပါ။ အပေါင်း အိပ်မက်တွေဟာ ကောင်းသော အိပ်မက်တွေဖြစ်ပြီး အနှုတ် အိပ်မက်တွေဟာ ဆိုးသော အိပ်မက်တွေဖြစ်ပါတယ်။ အိပ်မက် တိတ္တုံကျမ်းက အဲဒီလို ဆိုထားပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုတာပဲဖြစ်ဖြစ် ကျနော် ခံယူချင်ပါတယ်။ သချာင်္ပညာရဲ့ ဆန့်ကျင်ဘက်တို့ ပေါင်းစည်းမှု သဘော သဘာဝအရ အပေါင်းအိပ်မက်နဲ့ အနှုတ် အိပ်မက်တို့ သူ့ဘာသာ ကြေပျက်သွားကြမှာကို ကျနော် မလိုလားပါဘူး။ အဲဒီလိုသာဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီအိပ်မက်တွေကို ကြိုးစားပမ်းစား ကျနော် မက်ခဲ့ရတာ အလကားဖြစ်သွားမှပဲလေ။
#တာရာမင်းဝေ #taraminwai #taraminwaiwriting #တာရာမင်းဝေဝတ္ထုတိုများ
မြနန္ဒာကို ရှာဖွေခြင်း
ကြည်အေးဝတ္ထုမှ စိတ်ကူးယဉ်မှုနှင့် ဆုံးရှုံးမှုများကို စူးစမ်းခြင်း

မြနန္ဒာဟာ စိတ်ကူးနဲ့ပုံဖော်ကြည့်လို့မရအောင် လှတယ်။ ခမ်းနားတယ်။ ဆရာဝန်ကတော် အထက်တန်းလွှာ မြနန္ဒာဟာ စန္ဒယားနဲ့၊ ညကပွဲနဲ့ မီးဆိုင်းဝါဝါနဲ့၊ " လူတွေနည်းနည်း ၊ ပန်းတွေများများ " ဆိုတဲ့ အတွေးတစနဲ့ လှတယ်။ လန်ဒန်နဲ့ ပဲရစ်မှာ လှတယ်။ ဒါပေမယ့် မြနန္ဒာဟာ ပျောက်ဆုံးသွားတဲ့ အပြစ်ကင်းစင်မှု နဲ့ မရရှိနိုင်တဲ့ ဆန္ဒတွေရဲ့ သင်္ကေတတစ်ခုလည်းဖြစ်လာပါတယ်။ ဆရာမကြီး ကြည်အေးဟာ ဇာတ်လမ်းတလျှောက်မှာ ဇာတ်ကောင်တွေရဲ့ လူမှုဘဝ လိုအင်ဆန္ဒ တွေကြားက မရိုးရှင်းတဲ့ အပြန်အလှန်ဆက်စပ်မှုတွေကို ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ပြသွားခဲ့တယ်။

မြနန္ဒာဟာ ပုံမှန်ဇာတ်ကောင်တစ်ခုရဲ့ နယ်နမိတ်ကိုဖြတ်သွားတယ်။ ကြည်အေးဟာ မြနန္ဒာကို တေးဂီတ၊ အလင်းရောင် ၊ ပန်းတွေရဲ့ မွှေးရနံ့နဲ့ အရောင်တင်ခဲ့တယ်။ အဲ့ဒီ အလှကိုပဲ ကျနော်တို့ခေတ်ကနေ စောင်းငဲ့ကြည့်လိုက်ရင် လွန်လေပြီးသော ခေတ်ဟောင်းရဲ့ အလှနဲ့ လွှမ်းခြုံတယ်။ ဒီပုံစံနဲ့ပဲ ဒီစိတ်ကူးယဉ်မှုတွေကပဲ မြနန္ဒာကို နေ့စဉ်ဘဝရဲ့ အဖြစ်မှန်တွေနဲ့ ကင်းကွာစေပြီး မှန်းဆလို့မရတဲ့ ပုံသဏ္ဍာန်တစ်ခုဖြစ်လာပါတယ်။

မြနန္ဒာအတွက်တော့ သူ့ရဲ့ရှာဖွေမှုဟာ သူ့ဆီမှာ ပျောက်ဆုံးနေတဲ့ ချစ်ခြင်း၊ သံယောဇဉ်ကို ရှာဖွေတာတစ်ခုထဲ မဟုတ်ဘူး။ အချိန်နဲ့အမျှ ပျောက်ကွယ်သွားတဲ့ သူ့ရဲ့အတ္တကို ရှာဖွေဖို့၊ သူ့ကမ္ဘာမှာ ပျောက်ကွယ်သွားပြီလို့ သူထင်မြင်တဲ့ တည်ငြိမ်မှုနှင့် အလှတရားကို တောင့်တမှုလည်းပါတယ်။ လင်းထင်နဲ့ တွေ့တဲ့အချိန်က မြနန္ဒာမှာ ပေါ့ပါးမှုတစ်ခုတော့ ရှိသေးတယ်။ အင်းလျားကန်စပ်မှာ ကျောင်းလစ်ပြီး သွားသွားထိုင်တတ်တဲ့၊ တယောက်စိတ်ထဲက စကားကို တယောက်က ကြားတဲ့၊ စိုးလွင်လွင်စာသားယူသုံးရရင် ရွှေအိမ်စံ ငွေမင်းသမီးနဲ့ နှစ်ယောက်တစ်လက် ထီးအတူဆောင်းခဲ့တယ်လို့ ဆိုရမယ့် လင်းထင်နဲ့ မြနန္ဒာတို့ရဲ့ ဇာတ်လမ်းမှာ မြနန္ဒာဟာ ပေါ့ပါးလန်းဆန်းတဲ့ ဇာတ်ကောင်တစ်ခုဖြစ်နေပါသေးတယ်။ ဒါပေမယ့် ပြီးပြည့်စုံတယ်ဆိုတဲ့ မြနန္ဒာအတွက် မြို့တမြို့စာ ကျယ်တဲ့ နံရံအပိတ်တစ်ခုထဲ နေနေတာနဲ့ မခြားပါဘူး။ လင်းထင်ကို ရင်ခုန်ခဲ့လား သူ့ကိုယ်သူမသိဘူး။ ပိုဆိုးတာက သူ့အတွက် ကိုယ်ပိုင် ရင်ခုန်ခွင့်ရှိသလား၊ လူတယောက်အပေါ် ချစ်ခွင့် စိတ်လှုပ်ရှားခွင့်ရော သူ့မှာရှိသလား၊ သူ့အဖေနဲ့ အမေဆီမှာ သူနဲ့လက်ထပ်ရမယ့် သာဦးဂျော် ဆီမှာ ရှိသလားဆိုတာကိုတောင် မြနန္ဒာကိုယ်တိုင် အဲ့ဒီအချိန်က မသေချာခဲ့ခြင်းပါ။

အချိန်တစ်ခုအပြီးမှာတော့ လူဆိုတာ အတ္တနဲ့မို့၊ ကိုယ်ပိုင်ပြီးသားအရာကို ဖက်တွယ်ချင်ကြတာမို့ ဝတ္ထုထဲမှာ မြနန္ဒာနဲ့ လင်းထင် တို့ရဲ့ အတွေးနှစ်ခုဟာ ပုံစံတူလာတာ တွေ့ရပါတယ်။

"ပြီးတော့ ကိုကိုနှင့် နန္ဒာတို့က ဖြစ်တဲ့ကလေးတို့သာ အရေးကြီးလာသည်။ ကျန်သမျှအားလုံးတို့သည် ချောက်ချားသော အိပ်မက်မျှသာဖြစ်သည်။ မြနန္ဒာ အရူးထခဲ့တာပေါ့။ မငယ်လှသော်လည်း မသိနားမလည်တာ များခဲ့တာပေါ့။ ယခုတော့ ယခုမှ မြနန္ဒာ၏ဘဝ တကယ်စတင်သည်။ အသစ် မွေးဖွားသည်။
စိတ်ဆိုးချင်သည်ကို တရားဖြင့် ဖြေရသည်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မယုံနိုင်။ သို့ပေသည့် အဖိုအမ အတူတွဲနေထိုင်ခြင်းဆိုတာ အံ့ဖွယ်ကောင်းအောင် လူ့ဘဝကို ပြောင်းလဲစေလိုက်သည် ထင်သည်။ဒါမှမဟုတ် မြနန္ဒာက မိန်းမဖြစ်လို့လား မသိ။ ပြီးတော့ အတွေ့အကြုံ အင်မတန်နည်းလှတဲ့ မိန်းကလေး။ မမြင်ဘူးလို့လား မူးမြစ် ထင်တယ်ဆိုဆို အချစ်ဆိုတာ လင်နဲ့မယားမှာသာ ရှိနိုင်တာပါဟု တွေးတောစ ပြုလာသည်။ "-မြနန္ဒာ

"တစ်ခါတစ်ခါတော့လည်း အချစ်ဆိုတာ လင်မယားမှာသာ ရှိတာပါဟု ရီ ပြောသလိုပင် တွေးမိသည်။ မြနန္ဒာက အိပ်မက်မျှသာတည်း။ မြနန္ဒာရဲ့ လက်ဖျားလေးကိုမှ သူ မဆုပ်ကိုင်စဖူး။ ရီနှင့်တော့ အံ့ဩစရာ အရင်းနှီးဘဝကို ရောက်ခဲ့သည်။ " -လင်းထင်

ဒါပေမယ့် မြနန္ဒာအတွက် အရာအားလုံးက တံလျှပ်ပါ။ သူတွေးသလိုပဲ ချောက်ချားသော အိပ်မက်မျှ ပါပဲ။ သူ့အတွက် ပျောက်ကွယ်သွားတဲ့ အရာတွေနောက် ပြေးလိုက်ကြည့်ရင်း၊ ပိုပြီးဝေးသွားရင်းနဲ့ မမောပန်းဘဲ နွမ်းနယ်နေတဲ့ အမျိုးသမီးတယောက်ကို မြင်ရပါတယ်။ ဒါကို သူသိလာတာကိုပဲ လေးနက်တဲ့ လွမ်းဆွေးစရာ့အတွေးတွေနဲ့ ပုံဖော်ထားတယ်။ မြနန္ဒာရဲ့ ဇာတ်ကောင် ကို လွမ်းဆွတ်မှုနဲ့ ပုံဖော်ထားပြီး အဲ့ဒီ လွမ်းဆွတ်မှုကပဲ သူ့အတွက် ခွန်အားရော အားနည်းချက်ရော ဖြစ်နေပါတယ်။

ဝတ္ထုထဲမှာ လူကောင်း လူဆိုး ဆိုပြီး ကာရိုက်တာ ခွဲခြားထားမှုမရှိပါ။ မိန်းမလိုက်စားတဲ့ ကိုလှဦး၊ မိန်းမကြောက်ရတဲ့ ကိုသန်းတင့် ၊ မြနန္ဒာကို ပန်းချီကားတစ်ချပ်လိုသာ မြင်တဲ့ ကိုတင်မောင်၊ ဒေါက်တာ သာဦးဂျော် ၊ မြနန္ဒာ အားလုံးရဲ့ အတွေးနဲ့ ဇာတ်ကောင်ဆင့်ကဲပြောင်းလဲမှုကိုပဲ ဖော်ပြထားခဲ့တယ်။

မြနန္ဒာရော လင်းထင်ရောဟာ တယောက်ကိုတယောက် လွမ်းနေကြဦးမယ်မထင်ပါ။ ဝတ္ထုထဲက ဇာတ်ကောင်တိုင်းဟာ သူတို့မမြင်ရ မရနိုင်တဲ့ အရာတွေကိုပဲ လွမ်းဆွတ်နေကြတယ်။ တဖက်မှာလည်း ကိုယ်ရထားသမျှနဲ့ပဲ မာန်တင်းပြီး ဆက်လက် အသက်ရှင်ကြတယ်။ ဒေါက်တာခင်အေးရီဟာ မြနန္ဒာရဲ့အလှကို သူ့ရဲ့ ပညာမက်မောရရှိမှုနဲ့ ချိန်ထိုးတယ်။ ယုယုခင်ကလည်း သူဟာ မြနန္ဒာထက် မြန်မာဆန်ဆန် အိန္ဒြေရှိတယ်လို့ မာန်တင်းတယ်။
ပန်းချီဆရာ ကိုတင်မောင်ကတော့ မြနန္ဒာကို ပန်းချီရေးဖြစ်ရင် " ဘဝကို ခင်သူ " လို့ နာမည်ပေးမယ် စိတ်ကူးခဲ့တယ်။ အားလုံးကိုရခဲ့ပြီး ဘာကိုမှ မရခဲ့တဲ့ မြနန္ဒာလိုချင်တာကတော့ လူတွေများများ ပန်းတွေနည်းနည်းနဲ့ ကမ္ဘာတစ်ခုသာ ဖြစ်ပါတယ်။

-Blue Scope Article-
-ဆပ်ရိပ်
၂၄၊၂၊၂၅
1
ထင်ရှားတဲ့ မြန်မာကဗျာဆရာ၊စာ​ရေးဆရာ ​မောင်​ဒေါင်းဟာ ​ ဧရာဝတီတိုင်း ၊ ​မြောင်းမြမြို့နယ် ပြင်ရွာရှိ ​နေအိမ်မှာ ​ဖေ​ဖော်ဝါရီလ ၂၆ ရက်​နေ့ မနက် ၅ နာရီမှာ ကွယ်လွန်သွားခဲ့ပါပြီ။ စျာပနအခမ်းအနားကို ဒီ​နေ့မွန်းတည့် ၁၂ နာရီ အချိန်မှာ ပြင်ရွာသုသန်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကဗျာဆရာ၊စာ​ရေးဆရာ ​မောင်​ဒေါင်း ကွယ်လွန်ခြင်းဟာ မြစ်ဝကျွန်း​ပေါ်​ဒေသ အတွက် ၊ မြန်မာနိုင်ငံအတွက် ကြီးစွာ​သော ဆုံးရှုံးမှုတရပ်အဖြစ် DNA မှ ဝမ်းနည်းစွာမှတ်တမ်းတင် အပ်ပါတယ်။
- ------------------------------------------
အမိုးပေါက်က ကျလာတဲ့ လရောင်ကိုလွမ်းသူ

၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း မတိုက်ခတ်မီ ဆောင်းညချမ်းတစ်ရက်မှာ မြောင်းမြမြို့နယ်ပြင်ရွာမှာ နေထိုင်ပြီး ရန်ကုန်ကိုရံဖန်ရံခါ တက်လာတတ်တဲ့ ကဗျာဆရာ၊စာရေးဆရာတစ်ယောက်ကို ကဗျာဆရာလူငယ်တစ်ယောက်က ခေါ်ချလာပါတယ်။

အသားညိုညို၊ ဆံပင်နက်နက် ပါဝါမျက်မှန်တပ်ထားပြီး မျက်မှန်အောက်က စူးရှတဲ့မျက်လုံးတွေက သူ့ရဲ့စကားပြေစကားလုံးတွေလို တောက်ပနေပါတယ်။ သူ့စာတွေကို တလေးတစားဖတ်ဖူးပေမဲ့ သူနဲ့အခုမှ တွေ့ဆုံခွင့်ရတဲ့အတွက် သူ့ကိုစိတ်ဝင်တစားဖြစ်နေမိပါတယ်။

သူတို့နှစ်ယောက်နဲ့ကျောက်ကြမ်းလမ်းနံဘေးက စားသောက်ဆိုင်လေးတစ်ဆိုင်မှာ ထိုင်ရင်း ကဗျာအကြောင်းစာအကြောင်း တွေပြောကြပါတယ်။ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကာလအကြောင်း၊ လူတွေအကြောင်းပြောကြရင်း အလွမ်းဆိုတဲ့ ခေါင်းစဉ်ရောက်သွားပါတယ်။

ပြင်ရွာသားကဗျာဆရာဟာ မျက်မှန်ထဲကနေကောင်းကင်ကိုမော့ကြည့်ရင်း ထိန်ထိန်သာနေတဲ့ လမင်းကိုသွားတွေ့ပါတယ်။ မျက်ဝန်းထဲ မျက်ရည်ကြည်လေးတွေဝေ့ရင်း လကိုမမြင်ခဲ့ရတဲ့ဘဝမှာ သွပ်ပြားအမိုးပေါက်ကကျလာတဲ့လရောင်ကို လက်နဲ့ခံပြီး လမင်းကိုလွမ်းခဲ့ဘူးကြောင်းဆွေးဆွေးမြေ့မြေ့ပြောပြပါတယ်။

ထိုပုဂ္ဂိုလ်ကတော့ "ကျွန်တော်ကတော့မောင်ဒေါင်းဟာ မောင်ဒေါင်းပဲဆက်ဖြစ်ချင်တယ်"
ဆိုပြီး ပုသိမ်ထောင်ထဲမှာပြောဆိုခဲ့တဲ့ကဗျာဆရာ၊ စာရေးဆရာမောင်ဒေါင်းပဲ ဖြစ်ပါတယ်။

၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးမှာ မောင်ဒေါင်းနဲ့ ယုံကြည်ရာတူမိတ်ဆွေတစ်စုဟာပုဒ်မ၅(ည)နဲ့ပုသိမ်ထောင်ထဲ ရောက်ခဲ့ရပါတယ်။

မောင်ဒေါင်းရဲ့မိတ်ဆွေ ဆရာစိုးအိမ်ကတော့ ပုသိမ်ထောင်ကို ဝိတိုရိယခေတ်လက်ကျန် မြင်းဇောင်းအိုကြီးလို့ မှည့်ခေါ်ပါတယ်။ ပုဒ်မ၅ ညနဲ့ ညပေါင်းများစွာအမှောင်ထဲ ကျင်လည်နေရတဲ့ မောင်ဒေါင်းဟာ သွပ်ပြားအမိုးပေါက်သေးသေးလေးက ကျလာတဲ့လရောင်ကို လက်ဖဝါးနဲ့ခံပြီး လွမ်းခဲ့ရပါသတဲ့။

မောင်ဒေါင်းကို၁၉၅၀ခုနှစ် နိုဝင်ဘာ၂၁ရက်နေ့မှာ မြောင်းမြမြို့နယ်၊ ပြင်ရွာမှာမွေးဖွားခဲ့ပါတယ်။ ၁၉၇၄ခုနှစ်မှာ ရှုမဝမဂ္ဂဇင်းမှာကဗျာစတင်ဖော်ပြခြင်းခံရပါတယ်။ ၁၉၈၂ခုနှစ်ရှုမဝဂ္ဂဇင်းမှာ ပထမဆုံးဝတ္ထုဖြစ်တဲ့ နှင်းငွေ့ဝေမှုန်ရင်ခုန်ခဲ့ရ ငါ့ဘဝ၌ညပေါင်းများစွာ ကိုဖော်ပြခြင်းခံရပါတယ်။ ၁၉၉၅ခုနှစ် ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ ပထမဆုံးမဂ္ဂဇင်း ဝတ္ထုရှည်ဖြစ်တဲ့ အလွမ်းရနံ့ နေရီရီမှာမွှေး ကိုဖော်ပြခြင်းခံရပါတယ်။

မောင်ဒေါင်းဝတ္ထုများကိုဖတ်ရှုခံစားသူဆရာစိုးအိမ်က မောင်ဒေါင်းဇာတ်ကောင်များသည် ဘဝသရုပ်ဖော်စာပေကိုလည်းမသိ၊ ဆိုရှယ်လစ် သရုပ်မှန်ဝါဒကိုလည်း မကြားဖူး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည်ကိုလည်း ကြားဖူးဟန်မတူ။ လက်လှုပ်မှပါးစပ်လှုပ်ရသည့် ဆင်းရဲအောက်တန်းလွှာများသာ ဖြစ်သည်ဟုဆိုပါတယ်။

မောင်ဒေါင်းနဲ့ဆယ်စုနှစ်လေးစုနီးပါးရင်းနှီး ကျွမ်းဝင်သူ ဆရာသစ်စိုးကတော့ မောင်ဒေါင်း
ရဲ့ မြရာကန္တာရ ဝတ္တုကိုရှည်ကိုညွှန်းပါတယ်။

ဒီဝတ္တုဟာ ပုံနှိပ်မူမဟုတ်ဘဲ ဗလာစာအုပ်သုံးအုပ်စာ မောင်ဒေါင်းရဲ့လက်ရေးမူဖြစ်ပြီး ဘယ်သူ့လက်ထဲပျောက်ဆုံးသွားမှန်းမသိတဲ့ဝတ္ထုလို့ ဆိုပါတယ်။

မောင်ဒေါင်းဝတ္ထုများဟာ ကျေးလက်ရနံ့သင်းနေတတ်ပါတယ်။ မြေယာမဲ့၊ အရင်းမဲ့ဆင်းရဲသားတို့ရဲ့ တစ်ဝမ်းတစ်ခါးပြဿနာများ၊ လူမှုဒုက္ခအထွေထွေများ၊ ရွံ့စော်နံ ငံပြည်ရည့်နံ့ဟောင် ချက်အရက်စော်ဟောင်နေသော ဇာတ်ကောင်များ၊ ခရစ်ယာန်ဓမ္မတေးသံများဟာ မောင်ဒေါင်းရဲ့ဝတ္ထုများထဲက ထင်ရှားသော အမှတ်အသားများဖြစ်ပါတယ်။

၁၉၉၅ ခုနှစ်မှာမောင်ဒေါင်းရဲ့ တစ်တောလုံးကြွေ ဆိုတဲ့ဝတ္ထုထွက်ခဲ့ပါတယ်။ တစ်တောလုံးကြွေဆိုတဲ့ စကားလုံးဟာ ၁၉၉၀ခုဝန်းကျင်က ပုသိမ် ဝိတိုရိယခေတ်ကျန် မြင်းဇောင်းထဲကနိုင်ငံရေးသမားတွေရဲ့ အမှတ်ရစရာဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်၂၀ကျော်လောက်က မောင်ဒေါင်းဟာ မန္တလေးက ဆရာမကြီးလူထုဒေါ်အမာကိုကန်တော့ဖို့သွားခဲ့ပါတယ်။ ဒေါ်အမာမွေးနေ့ဖြစ်လို့ ကဗျာဆရာ၊ စာရေးဆရာတွေလည်းစုံလင်ပါတယ်။ မန္တလေး တစ်ညမှာမောင်ဒေါင်းဟာ ဦးပိန်တံတားပေါ်ရောက်ရှိခဲ့ပါတယ်။ သူချစ်တဲ့လရောင်အောက်မှာပေါ့။

နံနက်ပိုင်းက တောင်လေးလုံးကျောင်းကထွက်လာတုန်းက ပန်တျာဌေးဌေးမြင့်ရဲ့ သေနိုင်ပါရိုးလား လေဘာတီရယ် ပေတရာဆီလျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည် ဆိုသော သီချင်းသံကလည်းသူ့ရင်ထဲ သဲ့သဲ့ပျပျပါလာပါတယ်။ တံတားပေါ်အရင်ရောက်နေတဲ့ ကိုငြိမ်း(မန္တလေး)က မောင်ဒေါင်း ကိုသူ့ရင်ခွင်ထဲဆွဲ သွင်းလိုက်ပြီး ကိုဒေါင်းရေ....နှစ်တောလုံးကြွေတာ နှစ်တောလုံးကြွေတာဗျ ဟုဆိုလိုက်ပါတယ်။

မောင်ဒေါင်းကတော့ အို ဆိုတဲ့ အာမေဋိတ်သံ တစ်လုံးသာထွက်ခဲ့ပါတယ်။
ဆရာဒေါင်းရေ.....ဆရာငြိမ်းပြောသလို နှစ်တောလုံးကြွေနေတာလားဗျာ။

မှတ်ချက် - ၂၀၂၃ခုနှစ်၊ ဧပြီလမှာ DNA မှာဖော်ပြခဲ့တဲ့ ဧရာဝတီအယ်လ်ဘမ်မှ "အမိုးပေါက်ကကျလာတဲ့လရောင်ကိုလွမ်းသူ" ကိုပြန်လည်ဖော်ပြပါသည်။

#DeltaNewsAgency #DNA #ဧရ ာဝတီအယ်လ်ဘမ် #မောင်ဒေါင်း
Delta News Agency Telegram - https://shorturl.at/lxKMR
Delta News Agency YouTube - https://shorturl.at/ahBL2
Delta News Agency Website - https://shorturl.at/ozAIM
Delta News Agency Podcast - https://shorturl.at/epwzH
တက္ကသိုလ် ဘုန်းနိုင်
4
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင် ရေးတဲ့ ဝတ္ထုအများစုဟာ ဘာဖြစ်လို့ အလွမ်းဝတ္ထုတွေ ဖြစ်နေတာလဲ ဆရာ?

(ဆရာကြီး) တက္ကသိုလ်ဘုန်းနိုင် ဖြေကြားမှု
ပေဖူးလွှာမဂ္ဂဇင်း
အမှတ် ၄၉ ၊ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။

အလွမ်းဝတ္ထု ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဘဝနဲ့ပတ်သက်နေပါတယ်။ ကျွန်တော့်ဘဝက ရုန်းကုန်ခဲ့ရတာတွေ များတယ်။ နာကြည်းစရာတွေ အများကြီး တွေ့ခဲ့ရတယ်။ နာမည်ကျော် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်၊ ကောလိပ်ကျောင်းအုပ်ကြီး ဘာညာ ဒါတွေ တွေ့တော့ ကျွန်တော့်ဘဝဟာ ရွှေဇွန်းကိုက်ပြီး ရာဇပလ္လင်ပေါ် ဖွားခဲ့သလား ထင်ကြလိမ့်မယ်။

ကျွန်တော့်ဘဝမှာ ရုန်းကန်ခဲ့ရတာတွေ အများကြီးပဲ။ ကျွန်တော့်ဖခင် တစ်နေရာရောက်နေတဲ့အချိန်၊အမေက အိပ်ယာပေါ်မှာ လိမ့်နေတာပဲ။ လက်ထဲမှာ ငွေလေး ၅ ကျပ်ပဲ ရှိတယ်။ သားသမီးငါးယောက် စားဖို့သောက်ဖို့ လက်ထဲမှာ ငွေငါးကျပ် ပဲ ရှိတယ်။ ဆွေလည်းမရှိဘူး၊ မျိုးလည်းမရှိဘူး။ အမေ့ရင်ထဲ ဘယ်လောက်မီးလောင်နေမလဲ။

မနက်ကျတော့ ကြံရာမရဖြစ်ပြီး အဲဒီငွေလေးငါးကျပ်ကို ရင်းပြီး ထမင်းသုပ်ရောင်းတယ်။ ကျွန်တော့်အစ်မကလည်း အပျိုပေါက်အရွယ်ဆိုတော့ ခိုင်းလို့မဖြစ်ဘူး။ ကျွန်တော်နဲ့အမေနဲ့ပဲ ထမင်းသုပ်ရောင်းခဲ့ရတယ်။ မုန့်ဟင်းခါးရောင်းခဲ့ရတယ်။ နေ့မှာတင်မဟုတ်ဘူး။ တစ်ကျပ် တစ်ပြားလေး မြတ်ဖို့အတွက် တောရွာ ရုပ်သေးတွေ ဘာတွေ ကတဲ့နေရာထိလိုက်ပြီး ညမှောင်မှောင်မှာ သားအမိနှစ်ယောက် စျေးရောင်းခဲ့ရတယ်။ ဒါမျိုးတွေ ကျွန်တော့်ဘဝမှာ ကြုံခဲ့ရတယ်။

ပြီးတော့ ကျွန်တော့်ဘဝက အကြောင်းကြောင်းကြောင့် မိဝေးဖဝေး ခဏခဏ နေခဲ့ရတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သွားနေခဲ့ရတယ်။ ကျွန်တော့်ဘဝက မချောမွေ့ခဲ့ပါဘူး။ တော်တော်လေး ကြီးလာလို့ တက္ကသိုလ်တက်ရတော့လည်း ချို့ချို့ငဲ့ငဲ့ တက်ရတယ်။ မြင်းပွဲအလုပ်လုပ်ရတယ်။ ကျားကျောင်းမှာ ကျောင်းဆရာလုပ်ရတယ်။ တစ်ခါတလေ အလုပ်မရှိလို့ ကျောင်းငွေမသွင်းနိုင်ဘူး။ မိဘကလည်း အဲဒီအချိန်မှာ တော်တော်ယိုင်နေပြီ။ အမေက ချဉ်ပေါင်ရွက်စားပြီး ငါ့သား ကျောင်းထားပေးမယ်လို့ ပြောပါတယ်။ အမေ့ကျေးဇူးအလွန်ကြီးပါတယ်။ ကျွန်တော် မပြောရက်တော့ဘူး။ လိမ်ရတယ်။ အမေ ကျွန်တော် အလုပ်ရနေပြီ။ ပိုက်ဆံရှိပါတယ်။ မပို့ပါနဲ့တော့လို့ ပြောပြီး ဒီမှာ ကျွန်တော် ငတ်နေတယ်။ ၁၉၅၁ ခုနှစ်ကိုတော့ ကျွန်တော်မမေ့နိုင်ဘူး။ အဲဒီနှစ် ဇွန်၊ ဇူလိုင် နှစ်လ ရက်ခြောက်ဆယ်မှာ သူများတွေက တစ်နေ့ ထမင်း နှစ်နပ်စားရင် အနပ်ပေါင်း ၁၂၀ စားရမယ်။ ကျွန်တော် ၁၀ နပ်ပဲ စားခဲ့ရတယ်။ တစ်ဖက်က စာမေးပွဲဖြေနေတယ်။

ပေးပါကမ်းပါဆိုလည်း ပေးမယ့်သူမရှိဘူး။ ကူညီမယ့်သူမရှိဘူး။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတာ။ ဇွဲတော့ ကျွန်တော် မလျှော့ခဲ့ဘူး။ နောက်ပြီးတော့ ကျွန်တော် လူမှန်းသိတတ်စ လေးနှစ်သားလောက်ကစပြီး အဖေက ရာထူးတွေဘာတွေကျပြီး အလွန်ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။ ပြီးတော့ အငြင်းပယ်ခံခဲ့ရတယ်။ ကလေးဘဝမှာက ကလေးချင်းတောင် မတူခဲ့ရဘူး။ တန်းတူမရခဲ့ဘူး။ အဲဒီတော့ ဘဝကို ပြန်ကြည့်လိုက်ရင် စိတ်ဆင်းရဲစရာတွေရှိတယ်။ ကိုယ်ကိုယ်တိုင်က စိတ်ဆင်းရဲစရာတွေ တွေ့ခဲ့ဖူးတော့ အခု ကျွန်တော် အုပ်ချုပ်ရေးကိုင်ရတဲ့ လူကြီးတစ်ယောက်ဖြစ်လာတဲ့အချိန်မှာ အဲဒါဟာ ကျွန်တော့်ရဲ့ အားနည်းချက်ဖြစ်လာတယ်။ ဒါကြောင့် တစ်ခါတလေ ကျွန်တော်စာရေးဆရာပဲလုပ်ချင်တယ်။ အုပ်ချုပ်ရေးမကိုင်ချင်ဘူး။ ရာထူးမကြီးချင်ဘူး။ ဖြစ်လာရင် သနားတာကအရင်၊ အရေးယူဖို့က နောက်ကျကျနေတယ်။ ကျောင်းသားအပေါ်မှာလည်း ဒီလိုပဲ။ အုပ်ချုပ်ရေးသမားတစ်ယောက်အနေနဲ့ကြည့်ရင် ဒါ အလွန်အားနည်းတဲ့အချက် ဖြစ်နေတယ်။ လူတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။

ခင်ဗျားတို့က ကျွန်တော့်ကို အလွမ်းသန်တယ်လို့ပြောတယ်။ ကျွန်တော်ကတော့ လောကကို ကရုဏာပါပါနဲ့ ကြည့်တာပဲ။ အထူးသဖြင့် ကရုဏာသက်ဖွယ်ရှိတဲ့လူတွေအကြောင်းသာ ရေးလေ့ရှိတယ်။ ရေးမိတော့အလွမ်းတွေဖြစ်ကုန်တာပေါ့။ ဒါပေမယ့် ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ မှတ်ချက်တစ်ခု ကျွန်တော်သတိထားမိတာရှိတယ်။ ကိုခင်မောင်တင့်က ကရုဏာတော့သန်ပါတယ်။ မုဒိတာလေးလည်း ပါတတ်တယ်တဲ့။ ကိုခင်မောင်တင့်ရဲ့ဝတ္ထုတွေ ဖတ်လိုက်ရင် မုဒိတာကို မြင်ရတယ်တဲ့။ ဒေါ်ခင်မျိုးချစ်က အဲဒီလိုပြောဖူးတယ်။ ဘာဖြစ်လို့ အဲဒီလို ပြောတာလဲဆိုတော့ ကျွန်တော့်ဝတ္ထုထဲမှာ ဘယ်လောက် ဒုက္ခရောက်ရောက်၊ ဘယ်လောက်ထိဆင်းရဲဆင်းရဲ၊ ကြိုးစားလို့အောင်မြင်သွားတာတွေ၊ မြင့်မြတ်လို့အောင်မြင်သွားတာတွေ၊ အဲဒါတွေကို ကျွန်တော် မြတ်မြတ်နိုးနိုး ထည့်ရေးတတ်တယ်။ ဆရာမကြီးက ဒါ့ကြောင့် ပြောတာပါ။

ပေဖူးလွှာမဂ္ဂဇင်း
အမှတ် ၄၉ ၊ဇွန်လ-ဇူလိုင်လ၊ ၁၉၈၅ ခုနှစ်။
Crd ...
👍6
❝ လောကကြီးမှာ
ကျွန်တော် ဘာကိုမှ မလိုချင်ပါဘူး။
ကျွန်တော့် ဒုက္ခ မှန်သမျှကို
လိုက်ကြည့်ပေးပြီး
ဖြစ်မှ ဖြစ်ရလေကွာ လို့ ပြောပေးမယ့်
လူတစ်ယောက်ပဲ လိုချင် တာပါ။
အဲဒီလူ ရှိ/မရှိလည်း
ကျွန်တော် မသိပါဘူး။
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
လောကကြီးမှာ ရှိနေစေချင်တာ
လူတိုင်းရဲ့ အမြင့်မားဆုံးသော ဆန္ဒလို့
ကျွန်တော် ထင်တယ် ❞

ကိုယ်က လူများကို
သိပေးလိုက်ရလေလေ၊
ကိုယ့်ကိုသိတဲ့ လူတစ်ယောက်
ရှိချင်လေလေပါပဲ ။

▫️နီကိုရဲ - ကျွန်ုပ်နှင့်မနက်ဖြန် / မှ
1
မောင်ဒေါင်းနဲ့ စကားပြောခြင်း
မောင်ဒေါင်း နဲ့ စကားစမြည်ပြောခြင်း

ကျနော် : : ဆရာနဲ့ခေတ်ပြိုင်တွေထဲမှာ ဘယ်သူကိုကြိုက်လဲ

မောင်ဒေါင်း : : တမျိုးစီပဲဗျ။ ကျနော် အကုန်လုံးကိုကြိုက်တယ်။ ‌ကိုနေဝါ(သဲအိမ်မောင်နေဝါကိုဆိုလိုခြင်း) ကိုပိုင်စိုးဝေ၊ ကျော်စွာထက်၊ နေမျိုး၊ ကိုငြိမ်း(မန္ထလေး) စသည်ဖြင့် တယောက်တမျိုးစီကို အရသာရှိတယ်ဗျ။

ကျနော် : ဆရာ့ အရှေ့မျိုးဆက်စာရေးဆရာတွေထဲမှာရော ဘယ်စာရေးဆရာကိုကြိုက်နှစ်သက်သဘောကျလဲ ?

မောင်ဒေါင်း : : ဘယ်လိုမျိုးကိုပြောတာလဲ ကို Koi

ကျနော် : : ကျနော်ဆိုလိုတာ ဒီလိုလေဆရာ၊ ဆရာ့တို့အရှေ့မျိုးဆက်ဖြစ်တဲ့ နိုင်ဝင်းဆွေ၊ ဗန်းမော်တင်အောင်၊ ကြည်အေး၊ မြသန်းတင့်၊ မမလေး၊
ခင်နှင်းယု၊ ခင်ဆွေဦး စသဖြင့် စာရေးဆရာတွေထဲက ကြိုက်နှစ်သက်ရ
တဲ့သူကိုပြောတာလေ ဆရာ

မောင်ဒေါင်း : : ဪ ... ကျနော်အကုန်ကြိုက်တယ်ဗျ။ ခုနပြောသလိုပဲ
တမျိုးစီပေါ့ဗျာ။ ဒေါ်ခင်နှင်းယုဆိုလည်း မွှေး၊ ဂျာနယ်ကျော်မမလေးဆိုလည်း သူလိုလူ၊ ရင်နင့်အောင်မွှေး၊ ဒေါ်ကြည်အေးဆိုလည်း မီ၊ မောင်ကိုကို နဲ့မြနန္ဒာ စသဖြင့်ပေါ့။ နိုင်ငံရေးအရ ဩဇာအလွမ်းဆုံးကတော့ ဆရာ ဗန်းမော်တင်အောင်ပေါ့။ ကိုနိုင်ဝင်း (နိုင်ဝင်းဆွေ) ရေးတာတွေလည်း ကျနော် ကြိုက်တယ်။

ကျနော် : : ကျနော် တခုပြောမယ်ဆရာ၊ စိတ်တော့မဆိုးပါနဲ့၊ ဆရာ့ စာဖ
တ်ပရိတ်သတ်အနေနဲ့ ပရိတ်သတ်အမြင်ကနေ ဒီစကားကို ကျနော်ပြောတာပါ။ ဆရာ့ စကားပြေက ဒဂုန်တာရာ့ စကားပြေဩဇာအတော်များများပါနေတာကို ကျနော်သတိထားမိတယ်။ ဆောင်းဦးပေါက်မှာ ရိတ်
သိမ်းခါနီး စပါးပင်တွေ လေအဝှေ့ခံရသလို ယိမ်းပြီးနွဲ့နေတဲ့ စကားပြေမျိုးလို့ ကျနော်ခံစားရတယ် ဆရာ။

ကိုဒေါင်း : : (ခဏမျှစဉ်းစားနေသည်) ပြီးမှ ဒီလိုဗျ ကို Koi ရ ၊ ဒါက ခဗျား အမြင်ပေါ့နော် ။ ကျနော်ကျတော့ ဆရာ တာရာ့ စကားပြေဩဇာ
လွှမ်းမိုးတာ မှန်ပေမယ့် ကျနော့်ဟန်နဲ့ကျနော် ကျနော်မူနဲ့ကျနော်လို့ပဲ
ယုံကြည်တယ်ဗျ ။

ကျနော် : : ဒါကတော့ ဟုတ်တယ် ဆရာ ။ ကိုယ်ဟန်ကိုယ်မူပါလို့ ကျနော်တို့တွေသဘောကျရတဲ့ မောင်ဒေါင်းဆိုပြီး ဆရာဖြစ်လာတာပေါ့။ စိတ်မဆိုးပါနဲ့ဆရာ။ ကျနော်လည်း စကားပြောရင် ဒဲ့ဒိုးပြောတတ်လို့ပါ။

မောင်ဒေါင်း : : မဟုတ်တာဗျာ စိတ်မဆိုးပါဘူး။

ကျနော် : : ဆရာ အရေးများခဲ့တဲ့ မဂ္ဂဇင်းကရော ?

မောင်ဒေါင်း : : ကျနော်ရှူမဝမှာ အရေးများခဲ့တယ်

ကျနော် : : မိုးဝေမှာရော ဆရာ

မောင်ဒေါင်း : : ဒီလိုဗျ။ ၁၉၈၂ မှာ ကျနော်ရယ်၊ ထူးအိမ်သင်ရယ်၊ ကိုအောင်ဝေးရယ် သုံးယောက်လုံးရဲ့ စာမူက ရှုမဝမှာ တလထဲ တပြိုင်ထဲစပါတယ်။ ရှုမဝက ဩဇာကြီးသလို ရှုမဝမူကလည်း နာမည်ကြီးတယ်ဗျ။
သူက အနုပညာ စံမှုနဲ့ သွားတာကိုး။ ဟိုလို နိုင်ငံရေး ဘာညာမူနဲ့သွားတာ
မဟုတ်ဘူး။ နည်းနည်း မာမာလေးရေးချင်ရင် မိုးဝေ ပို့၊ နည်းနည်းပျော့ချင်ရင် ရှုမဝ ပို့၊ မိုးဝေကျတော့ နိူင်ငံရေးထူထူထည့်ရေးလို့ရတယ်။ ရှု
မဝကျတော့ နိုင်ငံရေးကို မသိမသာ ခပ်ပါးပါးလေးပဲ ထည့်ရေးလို့ရတ
ယ်။

ကျနော် : : ဆရာ သဲအိမ်မောင်နေဝါနဲ့ အတော်ရင်းနှီးခဲ့လား

မောင်ဒေါင်း : : ရင်းနှီးခဲ့ပါတယ်။ ကျနော် ထောင် ခုနှစ်နှစ်ကျတုန်းက ထောင်ထဲက စာတွေရေးပြီး ကိုနေဝါဆီ ပို့ပေးဖူးတယ်။

ကျနော် : : ဆရာ သူ့အရေးအသားကို ဘယ်လိုမြင်လဲ ?

မောင်ဒေါင်း : : ကျနော် သူ့ဝတ္တုတွေကို ကြိုက်တယ်။ သူ့စကားပြေက
တော့ နည်းနည်း လေးပြီး နှေးဖင့် သလိုခံစားရတယ်။ ဒါက ကိုနေဝါကို
ကျနော် ဝေဖန်တာမဟုတ်ဘူး။ ကျနော့် သူ့စာဖတ်ပရိတ်သတ်အမြင်ကနေ ပြောတာပါ။

ကျနော် : : ဟုတ်တယ်ဆရာ။ ‌သဲအိမ်မောင်နေဝါရဲ့ စကားပြေက ဝေ့ကာဝဲကာ သွယ်ကာဝှိုက်ကာလိုတော့ လိုရင်းမရောက်ပဲနေတာ မဟုတ်ပဲ အစီးဆင်းနှေးတဲ့ ရေတံခွန်တခုလိုပဲ။ စီးတော့စီးတယ် ဒါပေမယ့် စီးဆင်းတာက အနည်းငယ် မဆိုသလောက်လေး လေးနေတာမျိုးပေါ့။ ဒါပေမယ့် စီး
ဆင်းလာတဲ့ ရေက ကြည်လင်သန့်ရှင်းနေတာကိုတော့ ကျနော်တို့တွေငြ
င်းမရဘူး။

မောင်ဒေါင်း : : အေးဗျာ။ ကိုနေဝါလည်း နောက်ပိုင်း စိတ်နာပြီး စာကိုမရေးတော့ဘူး။

ကျနော် : : ဟုတ်တယ်ဆရာ ၊ ကျနော် မမီလိုက်ပေမယ့် အဲ့ဒီပြဿနာကို
ကြားသိဖူးလိုက်တယ်။ သူ့ရဲ့နာမည်ကြီးဝတ္တုတပုဒ်က နိုင်ငံခြားဝတ္တုကို မှီးတယ် ဆိုပြီး အာမနာပ မဂ္ဂဇင်းစာမျက်နှာတွေထက်မှာ ဝိုင်းပြောကြလို့ စာပေလောကကို အတော်စိတ်နာသွားပုံရတယ်။ ကျနော် သူနဲ့ မရင်းနှီး၊ မဆုံဖူးလိုက်ရပေမယ့် သူ့ရဲ့စာတွေကိုဖတ်ကြည့်ရသလောက်သူကအတော်
လေး အီမိုရှင်နယ် ဖြစ်ပုံရတယ်။ အမြဲဆွေးမြေ့အထီးတည်းဖြစ်နေတာကို သူ့ ရေးတဲ့ ဝါကျတွေက ငြင်းမရတဲ့သက်သတေခုပဲ။

မောင်ဒေါင်း : : ကိုနေဝါက ကျနော့်ထက်ပိုပြီး ခံစားတတ်သူဗျ။ ကျနော်ကကျတော့ လွမ်းမောတတ်သူ။ မရှိတော့တဲ့သူတွေ၊ ရှိနေပြီး မတွေ့ရတော့တဲ့ သူတွေကို ကျနော်အမြဲ လွမ်းမောနေမိတယ်။

ကျနော် : : ဆရာ့ရဲ့ ဝတ္တုတွေထဲမှာ ငါးညမြောက်ခေါ်သံလား၊ ခရစ်ယာန်နာရေးမှာ ခေါင်းတလားကြီးကိုထမ်းတာလေ။ အဲ့ဝ‌တ္တုကို ကျနော် အ
တော်သဘောကျတယ်။

မောင်ဒေါင်း : : အဲ့ဒါ ကျနော့်ကိုယ်တွှေ့ဗျ။ အဲ့ဒါတင်မဟုတ်ပါဘူး။ ကျနော်ရေးခဲ့သမျှ အကုန်လုံးလိုလိုက ကျနော့် အတွေ့အကြုံတွေပါပဲ။
ကျနော် : : အဲ့ဒါကို ကျနော် သဘောကျတာ။ ဆရာတို့၊ ကိုဆွေတို့က ကိုယ့်အတွေ့အကြုံ၊ ကိုယ်ခံစားမှုကိုပဲအရိုးသားဆုံးပြန်လည်တင်ပြတယ်။ အဲ့ဒီမှာ တင်ပြတဲ့အခါ ဆရာတို့ ရဲ့ အရေးအသားဝါကျတွေမှာ ရိုးသားမှုကို
စာဖတ်သူ ကျနော်တို့က ခံစားရတယ်။ ဒါမျိုးက ရှားတယ်။ ဒါကြောင့် ဆရာတို့ ခေတ်ပြိုင် လူနည်းစု တအုပ်စုလုံးနီးပါးကို ကျနော် နှစ်သက်ရတာပဲ။

ကျနော် : : :: ကိုဆွေ နဲ့ ဆရာရင်းနှီးခဲ့ဖူးလား

မောင်ဒေါင်း : : :: ကိုဆွေက တကယ့်လူအေး လူရိုးဗျ။ အရက်ဆိုင်ထို
င်ရင်လည်း ငေးမောနေတဲ့သူဗျ။ စကားလုံးကို ပန်းပုထုသလိုကို အချိန်
ယူပြီး ထုတဲ့သူဗျ။ သူလိုချင်တဲ့ စကားလုံးမရမချင်း ဝါကျအဖြစ်မပြော
င်းလဲဘူး။ဝါကျအဖြစ်မပြောင်းလဲတော့သူခမျာ စာထွက်တာနည်းတယ်။ စာထွက်တာ နည်းပေမယ့် သူ့စာတွေက ထွက်လာရင် တကူးတက စောင့်ကိုဖတ်ယူရတယ်။ ကိုဆွေက သူ့စာတွေလိုပဲ။ သူက ခံစားမှုကိုအရင်းအ
တိုင်းချပြတတ်သူ။ ဟန်မဆောင်တတ်ဘူးဗျ။ ဒီလူရဲ့ရိုးဂုဏ်ကိုတော့ တ
ကယ်လက်ဖျားခါတယ်။

ကျနော် :: :: အရက်ဆိုင်ထိုင်ရင်ဆိုတော့ ဆရာ အရင်ကသောက်တယ်ပေါ့။ အခုရော သောက်သေးလား။

မောင်ဒေါင်း :: :: မသောက်တာကြာပြီ။ လေးငါးနှစ်ရှိပြီ။

ကျနော် :: :: ဆရာနဲ့ ခေတ်ပြိုင် မန်းလေး အုပ်စုမှာရော ဘယ်သူတွေနဲ့ရင်းနှီးခဲ့သေးတုန်း ?

မောင်ဒေါင်း :: :: ကိုပိုင်စိုးဝေနဲ့ ကိုငြိမ်း(မန္ထလေး) နဲ့ ကျနော် အတော်ရင်းနှီးခဲ့တယ်ဗျ။ ကိုပိုင်စိုးဝေဆိုရင် သူနေတဲ့ ပန်တျာကျောင်းထဲကအိမ်လေးထိ ကျနော်ရောက်ခဲ့ဖူးတယ်။ ခဗျား အခု ကျနော့်ကို လက်တွဲပြီးပန်း
ဆိုးတန်းလမ်းမကြီးမှာ လမ်းအတူလျှောက်‌ နေတော့ ဒီလူ‌ တွေကိုသတိရမိတယ်ဗျာ။ တညသားပေါ့ဗျာ။ လကြီးကလည်း ထိန်ထိန်သာလို့ပေါ့။တောင်သမန်က ဦး ပိန်တံတားပေါ်မှာ ကျနော်ရယ် ကိုငြိမ်းရယ် ကိုပိုင်စိုးဝေရယ် လမ်းအတူလျှောက်ရင်း ဟေ့လူရေ တတောလုံးကြွေမဟုတ်ဘူး။ နှစ်တောလုံးကြွေဗျ ဆိုပြီး ကိုငြိမ်းက ကျနော့်ဝတ္တုနာမည်တွေကို တခုချင်းစီရွတ်ပြတယ်ဗျာ။ ကိုပိုင်စိုးဝေ ကလည်း ကိုဒေါင်းရေ ကျနော်တို့တော့ရှည်လျားတဲ့ ရာဇဝင်ကို ဖြတ်သန်းနေရပြီဗျ ဖြတ်သန်းနေရပြီဆိုပြီး မျက်ရည်တွေကျ ‌နာနာကျည်းကျည်း ပြောရင်း ကျနော်ကို သူတို့နှစ်ယောက် ပွေ့ဖက်ကြတယ်ဗျာ။ ဒီလူတွေကို သတိရတာဗျာ။

ကျနော် : : :: လွမ်းစရာပဲ ဆရာရယ်။ ဒါနဲ့ ဆရာ အခုနောက်ပိုင်း စာပေ
လောက နဲ့ မျက်‌ ခြေမပြတ်အောင် ထွက်တဲ့ စာအုပ် အသစ်တွေရောဖတ်ဖြစ်လား။

မောင်ဒေါင်း :: :: ဖတ်ဖြစ်ပါတယ်။ ကျနော့်ဆီပို့ပေးတာမှန်သမျှ ကျနော်အကုန်ဖတ်တယ်။ မဖတ်လို့မရဘူးဗျ။ မဖတ်ရင် အသစ်တွေနဲ့အဆ
က်ပြတ်ပြီး အဟောင်းထဲမှာတင် ကျနော်တို့က ကျန်ခဲ့ရမှာ။ အဟောင်းထဲမှာ ကျန်ခဲ့ရင် အသစ်ဖန်တီးလို့မရတော့ဘူး။ အဲ့‌ဒီတော့အသစ် ဖန်တီးဖို့အတွက် လက်ရှိ အသစ် တွေကိုလ ည်း မျက်ခြေမပြတ်အောင် ဖတ်ရတယ် ကိုယ့်လူရ ။ ခဗျားရော ဒီဘက် အသစ်တွေထဲမှာ ဘယ်သူ့ကြိုက်တုန်းဗျ

ကျနော် :: :: ကျနော် ဒီဘက်မှာ ထွက်လာသမျှ ဂရုတစိုက်မျက်ခြေမပြတ်ဖတ်ဖြစ်တာကတော့ ကိုအေးမင်းစော နဲ့ လွင်မောင်မောင်ပဲဆရာ။

မောင်ဒေါင်း :: :: ကျနော်ကတော့ ကိုမိုးဝေးပို့ပေးတာမှန်သမျှ အကုန်နီးပါးဖတ်ဖြစ်တယ်။ နယ်ဆိုတော့ ခဗျားသိတဲ့အတိုင်းပဲဗျာ။ စာဖတ်စာ
ရေးပေါ့။ မြို့လိုတော့ အာရုံထွေပြားမှုသိပ်မရှိဘူး ။

ကျနော် :: :: ဟုတ်တယ်ဆရာ။ မြို့ကတော့ အာရုံစုစည်းရတာ တခုခုကို
ဖန်တီးဖို့ ဈာန်ဝင်အောင် လုပ်ရတာ မလွယ်ပါဘူး ဆရာရယ် ။ ဆရာအခု
လ ဥဒါန်းသစ်မှာပါတဲ့ ကြည်ဇော်အေးတို့ကို လွမ်းထားတဲ့ အလွမ်းစာလေးလည်း သိပ်ကောင်းတယ်။ အခုလ ဥဒါန်းသစ်ကတော့ ဆရာ့စာရယ် ကိုနေမျိုးရယ်၊ မြင့်သန်းဆောင်းပါးရယ် သုံးပုဒ်နဲ့အတော်အရသာတွေ့တယ် ဆရာ ။

မောင်ဒေါင်း : : အေးဗျာ။ ကျနော်လည်း ရှင်ကျန်ပြီးမတွေ့ရတဲ့သူတွေ၊ နောက်နောင် တွေ့ခွင့်မရတော့တဲ့ တမလွန်ခရီးရှည်ကိုထွက်ခွာသွားသူတွေကို လွမ်းပြီးရင်း လွမ်းရတယ်ဗျာ ။

ကျနော် :: :: ဒီလိုပါပဲဆရာရယ်။ သမိုင်းလှည်းဘီးက တပတ်ပြီးတပတ်ပြန်လည်လာတော့ အခုကျနော်တို့ခေတ်မှာ ဆရာတို့ မဆလ ခေတ်မှာတု
န်းကလို ပါပဲ။

ကျနော် :: :: ဆရာ ကျန်းမာရေး ဂရုစိုက်ပါ။ စာတွေလည်း ဆက် ရေးပါအုံး။ ဖြစ်နိုင်ရင် လုံးချင်းဝတ္တုရှည်တပုဒ်‌ လောက် ရေးပါအုံးဆရာ။ကျနော် ဆရာ့စာဖတ်ပရိတ်သတ်ပါ။ ဗမာစာပေကိုစနစ်တကျ Study လုပ်ရင် ဆရာတို့ အုပ်စု အကုန်လုံးက တခုတ်တရ လေ့လာရမယ့်သူတွေပါပဲ။ဆရာ၊ ပိုင်စိုးဝေ၊ ကိုငြိမ်း ၊ ဝင်းဖေ၊ မြတ်သစ်၊ နေမျိုး၊ ကြူးနစ်၊ ကိုဆွေ၊
ကျော်စွာထက်၊ သဲအိမ်မောင်နေဝါ စသဖြင့် မရှေးမနှောင်း အင်တိုက်
အားတိုက် ပေါ်ထွက်လာတဲ့ ဆရာတို့ ခေတ်ပြိုင် တအုပ်စုလုံးက ဗမာစာ
ပေကို အရွေ့တခုအဖြစ် ဖြစ်ပေါ်လာစေခဲ့တယ်။ ပြီးတော့လည်း ကျနော်က အမြဲလွမ်းမောနေတဲ့ သိမ်မွေ့နူးညံ့တဲ့ ဆရာ့ အလွမ်းတွေကို မျှဝေခံ
စားရတဲ့ သူပါ ။ ဆရာနယ်ကနေ တခုခုလိုတာရှိရင်လည်း အချိန်မရွေးဖုန်းဆက်လိုက်ပါ။ ကျနော် ရန်ကုန်ကနေ ဘာဖြစ်ဖြစ် ရှာပြီးပို့ပေးပါ့မယ်။

မောင်ဒေါင်း : : :: ကျေးဇူးတင်တယ်ဗျာ။ လက် ဆောင်ပေးတဲ့ ခဗျားစာအုပ်ကိုလည်း သေချာဖတ်ပါ့မယ်။ ဖုန်းလည်း ကိစ္စရှိရှိမရှိရှိ သာကြော
င်းမာကြောင်းသိရအောင် ကျနော် နှစ်ရက်တခါလောက်ဖုန်းဆက်ပါ့မယ်။
👍41