The Voice Of Spring | နွေဦးအသံ |
29.5K subscribers
33.4K photos
1.46K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ပြည်သူများ ရေဘေးဒုက္ခကြုံနေချိန် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၉၀ နီးပါးသေဆုံး

၂၆ ဩဂုတ် ||| နွေဦးအသံ |||

နိုင်ငံတဝှမ်းမှာ ပြည်သူတွေ ရေဘေးအန္တရာယ်ကြုံတွေ့နေရချိန် အကြမ်းဖက်စစ်တပ်က ၂ ပတ်ကျော်အတွင်း အကြိမ် ၂၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၉၀ နီးပါး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသ ၁၁ ခုမှာ စစ်တပ်က ဩဂုတ် ၈ ရက်မှ ၂၃ ရက်ထိ လေကြောင်းတိုက်ခိုက်မှု ၂၃၉ ကြိမ် ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၈၈ ဦးသေဆုံးခဲ့တဲ့အပြင် ၁၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်မှ ကောက်ယူရရှိတဲ့ မှတ်တမ်းတွေအရ NUG အစိုးရက ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဘာသာရေးအဆောက်အအုံ ၁၀ ခု၊ စာသင်ကျောင်း ၃ ‌ကျောင်း အပါအဝင် အဆောက်အအုံ စုစုပေါင်း ၁၅ ခု ပျက်စီး ဆုံးရှုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါကာလအတွင်း မြေပြင်မှတ်တမ်းတွေအရ သေဆုံးထိခိုက်မှုအများဆုံးဒေသဖြစ်တဲ့ စစ်ကိုင်းဒေသ၊ မြို့နယ် ၁၄ ခုမှာ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ် ၆၀ အထိရှိခဲ့ပြီး အရပ်သား သေဆုံးသူ ၃၇ ဦးနဲ့ ဒဏ်ရာရသူ ၅၉ ဦး ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

ဝက်လက်၊ ခင်ဦးနဲ့ ကန့်ဘလူ စတဲ့မြို့နယ်တွေမှ ရေဘေးဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ တပြိုင်နက်တည်း တွေ့ကြုံခံစားနေရကြောင်း NUG အစိုးရက မှတ်တမ်းတွေနဲ့တကွ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬37😢72
◼️တနင်္သာရီမှာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာ‌နေသဖြင့် ကျေးရွာနေပြည်သူများ တိမ်းရှောင်ကြဖို့ PDF သတိပေး

၂၆ ဩဂုတ် ||| နွေဦးအသံ |||

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာ‌နေသလို အကြမ်းဖက်စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ယူနေတာကြောင့် ကျေးရွာတွေမှ ဒေသခံပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ PDF မြိတ်ခရိုင် တပ်ရင်း ၃ က သတိပေးလိုက်ပါတယ်။

ဗောဓိကမ်း၊ ဘန်လင်၊ ဘန်လော၊ ငါးမိုင်၊ ခြောက်မိုင်၊ ကျွဲထိန်းကုန်း၊ ဆင်ခေါင်း၊ သကျက်နဲ့ တောင်ဘီး စတဲ့ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာပါက ဘေးလွတ်ရာနေရာတွေသို့ ရှောင်တိမ်းနေထိုင်ကြဖို့ မြိတ်ခရိုင် တပ်ရင်း ၃ က ဩဂုတ် ၂၅ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ရာ လမ်းကြောင်းတလျှောက်ရှိ ကျေးရွာနေပြည်သူတွေကို ခေါ်ယူပြီး လူသားဒိုင်းအဖြစ် ထားရှိနေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပါက ပြည်သူတွေထိခိုက်မှုမရှိစေရေး ရှောင်ရှားနေထိုင်ကြဖို့ အထူးသတိပေးထားပါတယ်။

အဲဒီလို လူသားဒိုင်းအဖြစ် ခေါ်ယူအသုံးပြုနေတဲ့အထဲမှာ သာမန်ပြည်သူအနည်းငယ်သာပါရှိပြီး စစ်တပ်လက်ပါးစေ သတင်းပေးတွေ ပိုမိုပါဝင်နေကြောင်းကိုလည်း အသိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့ တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုတွေ ဖြစ်ပေါ်လာပါက သတိပေးချက်တွေကို မလိုက်နာသူတွေနဲ့သာ သက်ဆိုင်မှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း ၃ က ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | မြိတ်ခရိုင် တပ်ရင်း ၃ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33🥰43