People's Spring
62.9K subscribers
66.3K photos
1.17K videos
7 files
2.88K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရန်ကုန်၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး (၂၂၂၂၂) လူထုသပိတ် လှုပ်ရှားမှုတွေ ပြုလုပ်

သုည/People's Spring

ရန်ကုန်၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး (၂၂၂၂၂) လူထုသပိတ်လှုပ်ရှားမှုတွေ ဒီနေ့ (ဖေဖော်ဝါရီ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ တစ်နေရာမှာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)က ဦးဆောင်ပြီး (၂၂၂၂၂) လူထုလှုပ်ရှားမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "နိုင်ငံတော်တွင် သွေးစွန်းနေသည်" စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ (၂)ငါးလုံး လူထုသပိတ်လှုပ်ရှားမှု (၃)နှစ်ပြည့်အဖြစ် "လူထုအာဏာအသက်သွင်းကြ" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ကြပါတယ်။

ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာလည်း သပိတ်ဦးဆောင်သူတို့က တော်လှန်ရုပ်ရှင်ပြသပွဲ ပြုလုပ်ခဲ့ပြီး မြို့နယ် ပ.က.ဖ နဲ့ ရပ်ကျေး ပ.က.ဖတို့မှ ပြည်သူလူထုအား တော်လှန်ရေးသပိတ်တရားတွေ ဟောပြောခဲ့ကြပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

ဧရာဝတီိတိုင်း ကြံခင်းမြို့နယ်မှာလည်း စကြဝတေးမင်းကြီး သပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် "စစ်ကျွန်ပြုမဲ့ စစ်မှုထမ်းဥပဒေကို တာဝန်အရငြင်းပယ်ကြ"စာတန်း (ဗီနိုင်း)အား ကိုင်ဆောင် ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စကြဝတြေးမင်းကြီးသပိတ်၊ ဗကသများအဖွဲ့ချုပ်
👍3412🥰2🔥1
41👍11🥰3🔥2
︎​ဆောင်းပါး

ရှမ်း​မြောက်အပစ်ရပ်ချိန် အညာကိုဖိ​နေတဲ့စစ်​ကောင်စီ

-​အောင်​ဇေယျ/People's Spring

ဆိုင်ကယ်နှင့် ထော်လာဂျီများပေါ်တွင် အထုပ်အပိုးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်များတင်ဆောင်ပြီး အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေကြသည်။ တချို့ဆိုင်ကယ်ပေါ်တွင် အဘွားအိုများပါရှိပြီး အဆိုပါအဘွားအိုက အသာအယာထိုင်၍ လိုက်ပါခြင်းမဟုတ်။ အထုပ်ကြီးတစ်ထုပ် ကိုင်ဆောင်ထားရသည်။

ထော်လာဂျီများပေါ်တွင်လည်း ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊အရေးကြီး အထုပ်အပိုးများဖြင့် ပြည့်နှက်စွာတင်ဆောင်ပြီး မောင်းနှင်နေကြပါသည်။

၎င်းတို့မောင်းနှင်နေသည်မှာ နေအိမ်အမြန်ရောက်ရန် အရှိန်ဖြင့်မောင်းနှင်နေခြင်းမဟုတ်။ အညာဒေသတွင် လူသတ်၊မီးရှို့ ၊အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဘေးလွတ်ရာထွက်​ပြေးနေကြရခြင်း ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက်က စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး သဲကုန်းကြီးကျေးရွာအား မီးရှို့ဖျက်ဆီး​သော​ကြောင့်အနီးအနားရှိ ကျေးရွာ ၁၇ရွာကျော်မှ ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြသည့် မြင်ကွင်းဖြစ်ပါသည်။

ရှမ်းပြည်နယ် ​မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တိုက်ပွဲများ
တွင် အရှုံးကြီး ရှုံးနိမ့်နေသည့် အာဏာသိမ်းစစ်တပ်က မြေပြန့်အညာဒေသ၌ ဒေသကာကွယ်ရေးတပ်များကိုသာမက ပြည်သူများကိုပါ အကြမ်းဖက်သတ်ဖြတ်မှုများ ပိုမို ပြုလုပ်လာနေခြင်းဖြစ်သည်။

အထူးသဖြင့် ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံ၏ ကြားဝင်မှုနှင့်အတူ ဟိုက်ဂင်သ​ဘောတူညီချက်ဖြင့် ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့် စစ်​ကောင်စီတပ်တို့ အပစ်အခတ်ရပ်စဲခဲ့သည့် ဇန်နဝါရီ ၁၁ ရက် နောက်ပိုင်းတို့တွင် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ ဒေသအချို့ကို စစ်​ကောင်တပ်က စစ်ကြောင်းထိုးကာ အကြမ်းဖက်မှုများပိုမိုပြုလုပ်လာသည်။ People's Spring စု​ဆောင်ထား​သော အချက်အလက်များအရ စစ်​ကောင်စီတပ်က စစ်ကိုင်း၊မန္တ​လေး၊မ​ကွေးတိုင်းတို့မှ ပြည်သူ ၁၀၀ ​ကျော်ကို သတ်ဖြတ်ခဲ့ပါသည်။

စစ်​ကောင်စီတပ်က ​နေရာစုံတွင် ရှုံးပွဲဆက်ကာ စိတ်ဓါတ်ကျဆင်း​နေ​သောစစ်တပ်နှင့်စစ်တပ်​ထောက်ခံသူများ၏ စိတ်ဓါတ်ကို ပြန်မြှင့်နိုင်ရန် ၊NUG ၏ PDF များသိမ်းပိုက်ထား​သောမြို့များကို ပြန်သိမ်းပြီး​တော်လှန်​ရေးအင်အားစုများ၏ စိတ်ဓါတ်ကို ဖြိုခွင်းရန် စစ်​ကောင်စီက ကြံစည်ခြင်းဖြစ်​ကြောင်း ​စစ်​ရေး​လေ့လာသူများကသုံးသပ်သည်။

︎မန္တ​လေးတိုင်း

ယခုလပိုင်းအတွင်း စစ်​ကောင်စီတပ်အကြမ်းဖက်သတ်ဖြတ်မှု အများဆုံးခံရ​​သော​ဒေသမှာ မန္တ​လေးတိုင်း မတ္တရာမြို့နယ် ဖြစ်သည်။ဇန်နဝါရီ ၉ ရက်မှ ၂၈ ရက်အတွင်း စစ်ကြောင်းထိုးရင်း အလည်ကျေးရွာ၊ မှော်နီကုန်းကျေးရွာနှင့် ဆင်ကုန်းကျေးရွာတို့ရှိ ဒေသခံပြည်သူ သုံးဦးကိုလည်း သတ်ဖြတ်သွားသည်။ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အဘွားအိုတစ်ဦးလည်း လက်နက်ကြီးဆန်ထိမှန်ကာ သေဆုံးခဲ့သည်။ထို့အပြင် ကျေးရွာ၅ ရွာထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

စစ်​ကောင်စီကို ခုခံ​တော်လှန်မှုအား​ကောင်း​သော
မတ္တရာမြို့နယ်မှာ ၂၀၂၃ နိုဝင်ဘာလမှ ၂၀၂၄ ဇန်နဝါရီလကုန်ပိုင်းအထိ့ ပြည်သူ ၄၀ ​​ကျော်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

"စကစကလည်း အင်အားအလုံးအရင်းနဲ့ကို နယ်မြေရှင်းလင်းရေးပုံစံမျိုး လုပ်နေတာမျိုးရှိတယ်။ ခုနောက်ပိုင်း တော်လှန်ရေးအရှိန်အားကောင်းလာတာနဲ့အမျှ ကျွန်တော်တို့ဘက်ကလည်း စစ်ရေးဖော်ဆောင်လာနိုင်တာတွေရှိတယ်။" မတ္တရာ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ စစ်ကောင်စီအား တော်လှန်မှုအားကောင်းသော မြင်းခြံမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်က ဇန်နဝါရီလကုန်ပိုင်း၌ ၂ ရက်အတွင်း ဒေသခံပြည်သူ ၉ ဦးအား သတ်ဖြတ်ခဲ့သည်။ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ မကျီးသမျှားရွာသွားသည့်လမ်းတွင် စစ်ကောင်စီတပ်က အသက်(၂၀)မှ (၂၅)နှစ်အတွင်း
လူငယ်အမျိုးသား ၅ဦးအား သတ်ဖြတ်ကာ ရုပ်အလောင်းများအား စွန့်ပစ်ခဲ့သေးသည်။ တောင်သာမြို့နယ်မှ လေးဦးနှင့် မြင်းခြံမြို့ပေါ်မှ တစ်ဦးပါဝင်သည်။

"ကလေးတွေက မိန်းမသွားခိုးတယ်လည်းပြောတယ်။ KTVကပြန်လာတာလို့လည်းကြားတယ်။ အတိအကျတော့မသိရဘူး။"ဟု ဒေသခံတစ်ဦးက ဆိုသည်။

နောက်တနေ့ ဇန်နဝါရီ ၂၈ ရက် ည ၁၀ နာရီကျော်ခန့်က မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာနေ အသက်၆၀နှစ်အရွယ် ဒေါ်ညွှန့်မေ၊ ၄၃ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်း၊ အသက် ၂၈ နှစ်အရွယ် မဇင်မာတင့်၊ အသက်၂၅ နှစ်အရွယ် မအိမေဂျာတို့အား စစ်ကောင်စီတပ်နှင့်ပျူများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သည်။ နောက်တနေ့ နံနက်တွင်မူ ထိုအမျိုးသမီး ၄ ဦး၏ ရုပ်အလောင်းများအား မြင်းခြံ-မန္တလေးလမ်းမပေါ် ဓူဝံကျေးရွာအဝင်လမ်းတွင် စွန့်ပစ်ထားခဲ့သည်။

"၄ ယောက်လုံး ထပ်ရပ်ကလေးတွေ သေဆုံးနေတာကို တွေ့ခဲ့ရတယ်။ အဓိကကတော့ ပျူတွေပေါ့ဗျာ။ ရွာခံပါတယ်။ သူတို့နဲ့သွားခေါ်တယ်။ ခေါ်တဲ့အချိန်မှာ ဒီတိုင်းပဲခေါ်သွားတယ်ထင်တာ။ စစ်လားမေးလားလို့ ထင်ကြတာ။ ဒါပေမယ့် သိပ်မကြာဘူး သေနတ်သံကြားလိုက်ရတယ်ပြောတယ်။ နောက်ရက်မနက်မှာ လမ်းဘေးမှာ အလောင်းလေးလောင်းတွေ့တယ်။"ဟု မြင်းခြံ(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။
👍24🤬13👎1😢1
ဖေဖော်ဝါရီလ ၅ရက်နေ့ နံနက်ပိုင်းကလည်း မြင်းခြံမြို့ပေါ်မှ စစ်ကောင်စီတပ်နှင့် အမှတ်(၂) ရဲစခန်းမှရဲများ၊ ပျူစောထီးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကန်စွယ်ရွာကို စီးနင်းပြီး ၎င်းတို့အား ကြောက်လန့်ထွက်ပြေးခဲ့သည့် အ
သက် ၂၁ နှစ်အရွယ်မခင်စိုးဝေအားပစ်သတ်ကာအလောင်း
အား၎င်းတို့ကိုယ်တိုင်​မြေမြှုပ်ဖျောက်ဖျက်သွားခဲ့သည်။

ထိုစစ်ကြောင်းကြောင့် မြင်းခြံနှင့် နွားထိုးကြီးနယ်ရှိ ရွာ၈ ရွာမှ ဒေသခံငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မိုးကုတ်မြို့နယ်တွင်လည်း ဇန်နဝါရီ ၁၉ ရက်က ပိန်းပြစ်ရွာ လက်နက်ကြီးထုခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူနှစ်ဦး သေဆုံးခဲ့သည်။

"EROဘက်တွေက ငြိမ်လို့ရှိရင် အညာဘက်တွေမှာ အထိကအဖိခံရတာသဘာဝပါပဲ။ ၁၀၂၇ စစ်ဆင်ရေးလုပ်နေတဲ့ အချိန်တုန်းကဆိုရင် အညာဒေသမှာ စစ်ကြောင်းထိုးတာ
မရှိသလောက်ရှားတယ်။ ကိုယ့်ဘက်ကတိုက်စစ်ဖွင့်တဲ့အနေအထားပေါ့။ အခုသူတို့ဘက်ကစစ်ကြောင်းတွေ ပြန်ထိုးလာတဲ့ အနေအထားပေါ့။"ဟု Myingyan Black Tiger အဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

︎စစ်ကိုင်းတိုင်း

မန္တလေးတိုင်းတွင်သာမက အာဏာသိမ်းစစ်တပ်၏ အငြှိုးအထားဆုံးတိုင်းတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းတွင်လည်း အကြမ်းဖက်သတ်ဖြတ်မှုများ ဒေသအနှံ့ ပြုလုပ်ခဲ့သည်။

ယခင်ကတည်းက အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မီးရှို့သတ်ဖြတ်မှုများ လူးလိမ့်အောင်ခံခဲ့ရသည် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တွင် ဇန်နဝါရီအတွင်း ဒေသခံပြည်သူ ၇ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ထိုသတ်ဖြတ်ခံရသူများထဲတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

"ကိုယ်ဝန်ဆောင်က စစ်ကြောင်းနဲ့ရွာထဲမှာ တည့်တည့်တိုးပြီး အသတ်ခံခဲ့ရတာပါ။"ဟု ခင်ဦးဒေသခံတစ်ဦးက ပြောသည်။

ခင်ဦးနှင့်နယ်စပ် ဒီပဲယင်းမြို့နယ်တွင်လည်း ဇန်နဝါရီ ၁၈ရက်တွင် အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးပြီး မဲအိုးကျေးရွာမှ ပြည်သူများကိုဖမ်းဆီးကာ မြို့နယ်တရားရေးတာဝန်ခံ အသက် ၃၇ နှစ်အရွယ် မခင်နှင်းဌေး၊ အသက် ၅၃ နှစ်အရွယ် ကိုဇော်ဝင်း၊ အသက် ၅၁ နှစ်အရွယ် ကိုထွန်း၊ အသက် ၄၃ နှစ်အရွယ် ကိုအောင်မြင့်ကျော်(ခ)ကိုကုလားနှင့် အသက် ၃၂ နှစ်အရွယ် ကိုဇင်မင်းတို့ကို သတ်ဖြတ်သွားခဲ့သည်။

အဆိုပါ စစ်ကြောင်းက ဖမ်းဆီးသွားသည့် မဲအိုးကျေးရွာသား ၄ဦးကိုလည်း ယနေ့အထိဆက်သွယ်၍ မရသေးကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ ဒီပဲယင်းနယ် ကျေးရွာ ၂ ရွာက နေအိမ်ပေါင်း၁၄၈လုံးနှင့် စပါးကျီများရှိ စပါးတင်းရေ သောင်းချီ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုမြို့နယ်တွင်မူ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပင်မထိုးတော့ဘဲ ဖေဖော်ဝါရီ ၃ ရက်က လေ့ကျင့်ရေး(၈)တပ်မှ လက်နက်ကြီးဖြင့် လူနေကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွှေဘိုနယ်အနောက်ခြမ်းရှိ ကျားကျေးရွာပေါ်သို့ ကျရောက်ခဲ့သည်။

အသက် ၁၈ နှစ်အရွယ် ကျောင်းသူတစ်ဦးနှင့် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ အမျိုးသမီး နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

"အဲဘက်(ရှမ်းမြောက်ဘက်)ယာယီရပ်ထားလို့ ဒီဘက်ကို ဖိဖို့ အင်အားတွေရှိလာတာပါ။"ဟု ရွှေဘိုခရိုင်အခြေစိုက် ပကဖရဲဘော်တစ်ဦးက ပြောသည်။

မုံရွာနှင့် စစ်ကိုင်းမြို့နယ်တို့တွင်မူ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလဆန်းအတွင်း နဂါးတွင်းနှင့် ပေါက္ကားရွာရှိ နေအိမ် ၁၇၀ကျော် မီးရှို့ဖျက်ဆီးခံရပြီး အဘွားအိုနှစ်ဦးပါ မီးလောင်သေဆုံးခဲ့သည်။

ဆားလင်းကြီးနှင့် ပုလဲမြို့နယ်၌လည်း ဇန်နဝါရီလ ၂၀ရက်နှင့် ၃၁ရက်များက လေကြောင်းနှင့် လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရ၍ မြကုန်းရွာက အမျိုးသမီး၂ဦး၊ကျွဲခိုတောရွာက ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့သည်။

ကန့်ဘလူမြို့နယ်တွင်လည်း ဇန်နဝါရီအတွင်း ရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ဖေဖော်ဝါရီ ၁ ရက်က ပြည်သူတစ်ဦးသတ်ဖြတ်ခံရသည်။ကန့်ဘလူ၊ ကောလင်းအစပ်ကို လေယာဥ်ဖြင့်ဗုံးကြဲခံရပြီး သံဃာတစ်ပါးအပါအဝင် ပြည်သူ ၈ ဦးသေဆုံးခဲ့သည်။

ထို့အပြင်စစ်ကိုင်းတိုင်းမှ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနယ်များ၌ တစ်လကျော်ကြာ လှည့်လည်စစ်ကြောင်းထိုးနေသော ခလရ၇၁နှင့် ခမရ၇၀၈အခြေစိုက် စစ်ကောင်စီတပ်သားများပါဝင်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ရေဦးမြို့နယ်၊ ကုက္ကိုစုရွာကို အင်အား၈၀ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့သည်။

ထို့နောက် ကျေးရွာအတွင်းရှိ အရပ်သားလူငယ်၂ဦးဖြစ်သော အသက်(၂၈)နှစ်အရွယ် ကိုဇော်သိန်းထိုက်နှင့် အသက်(၃၁) နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်သွားကြောင်း ရေဦးနယ်အခြေစိုက် People Defense Force Comrade အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က ပြောသည်။

ထိုစစ်ကြောင်းကြောင့် ရေဦးအနောက်ခြမ်းရှိ ကျေးရွာ၁၅ ရွာမှ ပြည်သူတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရသည်။

"အညာကတော်တော်ကိုဖိအားပေးခံရတဲ့ထဲပါတယ်။ တက်နိုင်သမျှတော့ ပြန်ပြီး ခုခံနေကြတာပေါ့။"ဟု ကန့်ဘလူဒေသခံတစ်ဦးက ပြောသည်။
👍24🤬10😁1😡1
ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးလကြာသိမ်းပိုက်ခဲ့သော ကောလင်းမြို့ကို အာဏာသိမ်း စစ်တပ်က ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်ကာ စစ်ကြောင်း ၅ ခု အင်အား ၈၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့သည်။ ​လေ​ကြောင်းနှင့် လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင် တိုက်ခိုက်၍ ​ဖေ​ဖော်ဝါရီ ၁၀ ရက်တွင် စစ်​ကောင်စီတပ်နှင့် ပျူ​စောထီးများ မှာ မြို့အတွင်းစတင်ဝင်​ရောက်နိုင်ခဲ့သည်။ ​ဖေ​ဖော်ဝါရီ ၁၃ ရက်တွင် မြို့၏ အချက်အချာကြ​သော​​နေရာအားလုံးကို စစ်​ကောင်စီတပ်က တပ်စွဲ၍ မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်။

​ကောလင်းကို စစ်​တပ်ကထိုးစစ်ဆင်​နေချိန်တွင် မြို့အတွင်းအ​ခြေအ​နေပြန်ကြည့်​သောပြည်သူအချို့ အပါအဝင်စစ်တပ်နှင့်​တွေ့​သောပြည်သူအချို့ အသတ်ခံခဲ့ရ​သေးသည်။စစ်တပ်စစ်​ကြောင်းတွင် ​ထောင်မှ ​ခေါ်ထုတ်၍စစ်တိုက်ခိုင်းသော ရာဇဝတ်မှုကျူးလွန်ထား​သော စစ်သား​ဟောင်းများလည်းပါ​ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

စစ်​ကောင်စီတပ်က ​ကောလင်းမတိုင်ခင် ​ရွှေပြည်​အေးမြို့ကို ပြန်သိမ်းရန် စစ်​ကြောင်းထိုး​သော်လည်း အထိနာ၍ ပြန်ဆုတ်​ပြေးခဲ့ကြရသည်။ ခရိုင်မြို့ ​ကောလင်းကို ပြန်သိမ်းနိုင်ရန် ဇန်နဝါရီ လကတည်းက ပြင်ဆင်၍ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်ပြီး ပြန်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။သို့​​သော် ​တော်လှန်​ရေးအဖွဲ့များက ​ကောလင်းမြို့​ပေါ်မှ ခွာစစ်ဆင်ခဲ့ခြင်းဖြစ်​ကြောင်း​ပြောပြီး မြို့တွင်း​ရောက်​နေ​သော စစ်​ကောင်စီတပ်ကို အပြင်မှ ဝိုင်းဝန်းပိတ်ဆို့ ၍ ပြန်လည်တိုက်ခိုက်​နေ​ကြောင်းသိရသည်။

စစ်​ကောင်စီတပ်က ​ကောလင်းမြို့ကို ထိန်းချုပ်နိုင်ပြီး​နောက်
​တော်လှန်​ရေးအဖွဲ့များ သိမ်းပိုက်ထား​သော ​​မော်လူးမြို့ နှင့်
​ရွှေပြည်​အေးမြို့တို့ကိုပြန်ရရန် ထိုးစစ်ဆင်တိုက်ခိုက်​လာသည်။ ​ဒေသခံ​တော်လှန်​ရေးအဖွဲ့များက ခုခံ၍ တိုက်ပွဲများ အပြင်းအထန်ဖ့စ်ပွား​နေသည်။

︎မ​ကွေးတိုင်း

မကွေးတိုင်းတွင်လည်းစစ်တပ်က အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်က ရေစကြိုမြို့နယ်၊ ဆင်မရဲကျေးရွာပျူစခန်းတိုက်ခိုက်ခံရပြီးနောက် အနီးရှိ အိမ်ခြေသုံးရာခန့်ရှိသော ကြူရွာကို စစ်တပ်နှင့်ပျူများက ညနေပိုင်းတွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ ကြူရွာ တစ်ရွာလုံးပြာကျပြီး သက်ကြီးရွယ်အို ၂ ဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အတွင်း ကျစ်ပြင်ရွာ၊ သပြေရွာနှင့်ကျွန်းတောရွာတို့မှ အသက် ၂၀ ကျော်မှ ၅၀ အတွင်း အမျိုးသား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၂၂ ရက်မှ ၂၉ ရက်အတွင်း ဆိပ်ဖြူမြို့နယ်ရှိ ကျေးရွာ၃ရွာက နေအိမ် ၂၆ လုံးတို့အား မီးရှို့ဖျက်ဆီးသွားကြောင်း We Love Seik Phyu အဖွဲ့က ပြောသည်။

︎ လိုအပ်ချက်

ပြည်သူများအား စစ်ကြောင်းထိုးသတ်ဖြတ်နေသောစစ်ကောင်စီတပ်အား တိုက်ခိုက်ရန်မှာ လက်နက်ခဲယမ်းလိုအပ်ချက်ကအဓိကဖြစ်ကြောင်း ဒေသကာကွယ်ရေးက တူညီစွာပြောကြားသည်။

"အညာဒေသကိုလက်နက်ခဲယမ်းတွေ ချပေးနိုင်မယ်ဆိုရင်တော့ အညာကမကြာခင်မှာပြီးဆုံးသွားမယ့်အနေအထားပါ။"ဟု မန္တလေးတိုင်းနှင့်မကွေးတိုင်း၌ အခြေစိုက်ထားသည့် Myingyan Black Tiger အဖွဲ့မှ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

"ကျွန်တော်တို့အနေနဲ့ ပြန်တိုက်ချင်တယ်။ လက်နက်ခဲယမ်းက လုံလုံလောက်လောက်မရှိဘူး။ ထောက်ပံ့မှုအားကလည်းနည်းတယ်။ ခွေးတစ်ကောင်မှာ ကျည်ငါးရာပါတယ်ဆိုရင် ကျွန်တော်တို့မှာ ကျည်ငါးဆယ်ဝယ်ဖို့ရာကို အခက်အခဲဖြစ်နေတာ။"ဟု ဒီပဲယင်းပကအဖွဲ့မှ ကိုငှက်ဆိုးကြီးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းအား ပြန်လည်တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများများ ရချင်နေကြောင်း ရွှေဘိုခရိုင်အခြေစိုက် ဗိုလ်ကျားရိုင်း LPDFအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံရဲဘော်ကပြောသည်။

"ပြန်တိုက်ခိုက်နိုင်တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် တိုက်ခိုက်ပြီးရင် ခဲယမ်းချက်ချင်းပြန်ဖြည့်တင်းနိုင်ဖို့ ဒီဘက်မှာက အခက်အခဲတွေရှိတယ်။ ကျနော်တို့ဘက်မှာလည်း လက်နက်ရော ခဲယမ်းရောသာ ပေါရင် ပြည်နယ်တွေဘက်မှာလို ရှယ်တီး ရှယ်ပြန်ဆော်နိုင်တာပေါ့။"ဟု ၎င်းကဖွင့်ဟသည်။

သို့​သော် အညာဒေသရှိ ပြည်သူများအား ဖိနှိပ်မခံရစေရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်အား အနားမပေးဘဲ အဆက်မပြတ် တိုက်ပွဲများဖော်ဆောင်နေရန် လိုအပ်ကြောင်း ဗိုလ်မိုက်ခဲက ပြောသည်။ ထို့အပြင် အညာဒေသရှိ တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း စစ်ကောင်စီတပ်အား ရှိသည့်အင်အား၊ လက်နက်ဖြင့် တိုက်ခိုက်နေမည်သာဖြစ်​ကြောင်း၎င်းက ဆိုသည်။

"ဒါပေမယ့် တော်လှန်ရေးကဘယ်လိုပဲဖြစ်နေနေ အညာဒေသက ဘယ်တော့မှငြိမ်နေမှာမဟုတ် ဘူး"ဟု ဗိုလ်မိုက်ခဲက ပြောသည်။

︎စစ်တပ်အထိနာ​နေဆဲ ​ဒေသ​တွေ

သို့​သော် စစ်​ကောင်စီတပ်က ရှမ်း​မြောက်တွင်အပစ်ရပ်ထားချိန်တွင် အညာ​ဒေသကိုသာဖိနိုင်ခဲ့​သော်လည်း ရခိုင်ပြည်နယ် ၊ ကရင်နီပြည် ၊ရှမ်း​တောင်ပိုင်း ၊တနသာ်ရီတိုင်း၊ပဲခူးတိုင်း တို့တွင်မူ စစ်​ကောင်စီတပ်အကြီးအကျယ် အထိနာခဲ့သည်။
👍33🤬7👏1
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်​တော်က ရခိုင်ပြည်နယ် မှ မြို့ ၆ မြို့နှင့် ပလက်ဝ ​ဒေသမှ မြို့ ၂ မြို့ ကိုသိမ်းပိုက်ခဲ့ပြီး  ကျန်မြို့များကိုပါ
သိမ်းပိုက်နိုင်​ရေး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။ ကရင်နီပြည်တွင်လည်း ကရင်နီပူး​ပေါင်းတပ်များက ရှား​တော ၊​မှော်ချီ၊ရွာသစ် မြို့တို့ကိုပါသိမ်းပိုက်ထိန်းချုပ်ပြီးကျန် မြို့အားလုံးကိုသိမ်းပိုက်ထိန်းချုပ်ရန် ကြိုးစား​နေသည်။

ရှမ်းပြည်နယ်​တွင်လည်း ၁၀၂၇ အပစ်ရပ်ထားချိန်တွင် KIA နှင့်​တော်လှန်​ရေးတပ်ဖွဲ့များက စစ်​ကောင်စီတပ်စခန်းများကိုတစ်ခုပြီးတစ်ခုသိမ်းကာ မဘိမ်းမြို့ကိုသိမ်းပိုက်ခဲ့သလို နမ့်ဖက်ကာဗျူဟာကုန်း ကိုလည်းသိမ်းပိုက်နိုင်ခဲ့သည်။ ထိုအပြင် KIA သည် ကချင်ပြည်နယ်တွင် ဇန်နဝါရီနှင့် ​ဖေ​ဖော်ဝါရီလတွင် စစ်တပ်စခန်း​ပေါင်းများစွာကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ရှမ်းပြည်နယ်​တောင်ပိုင်းတွင်လည်း NCA လက်မှတ်​ရေးထိုးထား​သော PNLO/PNLA က ​တော်လှန်​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ စစ်တပ်ကို စတင်ခုခံတိုက်ခိုက်ပြီး ဆီဆိုင်မြို့ ကိုပါသိမ်းပိုက်ထိန်းချုပ်ထားသည်။

ပဲခူးတိုင်းနှင့် တနသာ်ရီတိုင်းတွင်လည်း ​တော်လှန်​ရေးအဖွဲ့များက စစ်​ကောင်စီတပ်အ​ပေါ် ထိုးစစ်ဆင်တိုက်လိုက်မှုများပို၍ပြုလုပ်လာနိုင်သည်ကို​တွေ့ရသည်။

စစ်ကိုင်းတိုင်းမှာပင် ​ဒေသအချို့အဖိခံ​နေရချိန်တွင် တမူးမြို့နယ်ရှိ ​အောင်​ဇေယျ စခန်း ၊ တန့်ဆည် ၊က​လေး မြို့တို့ရှိ စစ်​တပ်စခန်းများ ၊ပျူစခန်းများကို ​တော်လှန်​ရေးအဖွဲ့များကထိုးစစ်ဆင်၍ တန်ပြန် စခန်းသိမ်းတိုက်ပွဲများဆင်​နွှဲ​နေကြသည်။ ​ကောလင်းအပါအဝင် ​​​မော်လူး ၊ ​ရွှေပြည်​အေး စ​သော​ဒေသများတွင်လည်းတိုက်ပွဲများပြင်းထန်​နေသည်။

ခရိုင်ပကဖတာဝန်ခံ ရဲဘော် ဇော်အောင်က The call-​ခေါ်သံအွန်လိုင်း မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ​ကောလင်းမြို့​ တိုက်ပွဲနှင့်ပတ်သပ်၍ ​
"ကောလင်းမြို့ထဲ ရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို အခု ပိတ်ဆို့ဖြတ်တောက်ထားတယ်၊ ကောလင်းဂွင်ဟာ သတ်ကွင်း ဖြစ်လာလိမ့်မယ်။ ကောလင်းမြို့ကို ကျွန်တော်တို့ ရအောင် ပြန်ယူမှာပါ။ လက်ရှိမှာ စစ်ဗျူဟာအရ အဆုတ်အတက် ကစားရတာတော့ ရှိလိမ့်မယ်။ ကောလင်းသာမကဘူး စစ်ကိုင်းတိုင်းတတိုင်းလုံး ကျွန်တော်တို့ ရအောင် ဆက်လုပ်မယ်"ဟုဆို​လေသည်။ ။
👍41🤬5
ဖေဖော်ဝါရီလတွင် ရေဦးမြိုနယ်သို့ စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ပြည်သူများ။ဓါတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး၊ Peoople Defence Comrade
😢31😭8👍2🤬2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဖေဖော်ဝါရီ ၂၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️နိုင်ငံရေး၊ စစ်ရေးအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ဖို့ NUGနဲ့ NMSP သဘောတူ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) မဟာမိတ်ဆက်ဆံရေးကော်မတီအဖွဲ့တာဝန်ခံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မွန်ပြည်သစ်ပါတီ(NMSP)-စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်များတွေ့ဆုံပြီး စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်များအပြီးတိုင် တိုက်ဖျက်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ခိုင်မာသော မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ပါတယ််။ မဟာမိတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအားလုံးအတွက် စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်သွားကြဖို့လည်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

◾️စစ်အာဏာရှင်ဖိနှိပ်မှု တော်လှန်လိုသူများကို အမြဲကြိုဆိုနေမည်ဟု SSPP ဖိတ်ခေါ်

စစ်အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုကို တော်လှန်လိုတဲ့ လူမျိုးဘာသာမရွေးကို အမြဲကြိုဆိုနေမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ဒီနေ့ ပန်ကြားချက် ထုတ်ပြန်ပါတယ်။ လက်ရှိအခြေအနေမှာ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများက စစ်အာဏာရှင်တို့ရဲ့ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဖိနှိပ်လာခြင်းကို ခံနေရတဲ့သတင်းများ နေ့စဉ်နားမဆံ့အောင်ပင် ကြားသိနေရတယ်လို့ ဖော်ပြပါတယ်။ တော်လှန်သော လမ်းစကို ရှာကြံနေကြတဲ့ ဘ၀တူ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများအတွက် SSPP/SSAရဲ့ ဦးတည်ချက် မူဝါဒနဲ့ စည်းမျဉ်းစမ်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုပါက လူမျိုးဘာသာမရွေး အမြဲပင် လက်ခံကြိုဆိုနေမယ်လို့ ဆိုထားပါတယ်။

◾️၂၀၂၅မှာ လူထုဆန္ဒ အခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာဖို့ PSLF/TNLA ကြိုးပမ်းမယ်

၂၀၂၅ နှစ်သစ်မှာ လူထုဆန္ဒ အခြေခံတဲ့ လူထုအုပ်ချုပ်မှု အစိုးရ ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်မယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ မှ ၂၁ရက်အထိ ကျင်းပခဲ့ရာ အစည်းအဝေးအပြီး ကြေညာချက်မှာ ဖော််ပြထားပါတယ်။ PSLFဟာ ၁၀၂၇ စစ်ဆင်ရေးမှာ ထိန်းသိမ်းရရှိခဲ့တဲ့ မြို့ ၇မြို့ အပါအဝင် TNLAအခြေစိုက်ထားတဲ့ နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှု ဘ၀ ဖွံ့ဖြိုးရေးကိစ္စရပ်များကို ပိုမို တိုးတက်ကောင်းမွန်လာစေဖို့ ဦးဆောင်စီမံ အုပ်ချုပ်သွားမယ်လို့လည်း ကြေညာပါတယ်။

◾️မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီရဲ့ အသဲနှလုံး နေပြည်တော်ထိုးဖောက်နိုင်ရေး လုပ်သွားမယ်လို့ KNU ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီရဲ့ အရှိုက်ဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။ ပဒိုစောတောနီးဟာ မြေပြင်အခြေအနေများ သိရှိနိုင်ဖို့ မြ၀တီမြို့အနီး လက်ခတ်တောင် နေရာအပါအဝင် တပ်မဟာ(၆)ဒေသ၊ နေပြည်တော်နှင့်နီးတဲ့ တပ်မဟာ(၃)နဲ့ တပ်မဟာ(၁)နယ်မြေများသို့ သွားရောက်ခဲ့ရာ တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ခွာစစ်၊ ခံစစ် အနေအထားသာရှိတော့တယ်လို့ ရှင်းပြပါတယ်။ လက်ရှိမှာ စစ်ကောင်စီအနေဖြင့် ခွာစစ်၊ ခံစစ်ကို ပြင်ဆင်နေပြီး နောက်ဆုံးမှာ နေပြည်တော်ကို ခံကတုတ်အဖြစ် ပြင်ဆင်နေတာကို မြင်ရတယ်လို့ ပြောပါတယ်။

◾️လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီ မီးလောင်ဗုံးကြဲ

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရပ်ကွက်များအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများကြဲချ တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က အသိပေးထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီက ဒရုန်းဖြင့် မီးလောင်ဗုံးကြဲချခြင်း၊ အဝေးပစ်မီးလောင်ဗုံးများပစ်ခတ်ခဲ့တာကြောင့် လူထုနေအိမ်များ မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဖော်ပြပါတယ်။ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးလောင်ဗုံးများ တစ်ဖက်သတ် ပစ်ခတ်ခဲ့သောကြောင့် ရွှေတောင်၊ မင်္ဂလာ၊ ပိုးဇာခြံစတဲ့ ရပ်ကွက်များအတွင်း နေရာငါးခု တိုက်ခိုက်ခဲ့လို့ လူနေအိမ်များ မီးလောင်ခဲ့ကြောင်း အသိပေးပါတယ်။ စစ်ကောင်စီမှ နေ့စဥ် လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်း၊ လေကြောင်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဥ်ပြုလုပ်နေခြင်းကြောင့် မြို့တွင်းမှာ ပြည်သူများနေထိုင်သွားလာဖို့ မသင့်ဘူးလို့ သတိပေးထားပါတယ်။

◾️စစ်ကျွန်ပြုဥပ​ဒေကို ဆန့်ကျင်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
👍342🤮2
စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ စစ်ကျွန်ပြုဥပ​ဒေကို ငြင်းပယ်ကြဖို့၊ အဲဒီဥပဒေကြောင့် အကျပ်အတည်း ကြုံလာပါက လွတ်​မြောက်နယ်​မြေ တစ်ခုခုကို ထွက်ခဲ့ဖို့နဲ့ ဖြစ်နိုင်သမျှ ​တော်လှန်​ရေးအတွက် အလုပ်အ​ကျွေးပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကျွန်ပြုဥပ​ဒေလို့ သုံးနှုန်းကာ ပြည်သူလူထုကို NUG ကာကွယ်ရေးဝန််ကြီးက တိုက်တွန်းလိုက်တာပါ။ နိုင်ငံ့တာဝန်ထမ်းဖို့ ၊ တော်လှန်​ရေးအကျိုးပြုဖို့ ကျွမ်းကျင်ရာ လိမ္မာကြမယ့်သူ​တွေ အ​မြောက်အမြား လိုပါတယ်လို့ ကာကွယ်ရေးဝန်ကြီိးက ဆိုပါတယ်။ လက်ရှိအချိန် လူထုတော်လှန်​ရေးရဲ့ အားသာချက်မှာ နိုင်ငံတနံတလျား လွတ်​မြောက်နယ်​မြေ အ​မြောက်အမြား ​ပေါ်​ပေါက်​နေတာဖြစ်တယ်လို့လည်း ဝန်ကြီးက ဆက်ပြောပါတယ်။

◾️လူငယ်များ စစ်နွံထဲ ဆွဲထည့်လာတဲ့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ အစီအစဉ်မှ ရုန်းထွက်ဆန့်ကျင်ဖို့ KNU အတွင်းရေးမှူး (၂)တိုက်တွန်း

တရားမဝင်တဲ့ ဥပဒေများ အတင်းအဓမ္မ ထုတ်ပြန်ပြီး ပြည်သူများဒုက္ခရောက်အောင်၊ လူငယ်များကို စစ်ကျွန်၊ စစ်နွံထဲ ဆွဲသွင်းလာတဲ့ အစီအစဉ်မှ ရုန်းထကြရမှာဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီကို ဆန့်ကျင် တွန်းလှန်တိုက်ပွဲဝင်ကြဖို့လည်း ပြောပါတယ်။ ဆိုးသွမ်း၊ ညစ်ပတ်စုပ်ပဲ့ပြီး အရိုင်းအစိုင်းဖြစ်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းတစ်ယောက် သွားလုပ်မည်ဆိုပါက စစ်ကောင်စီ၊ စစ်အာဏာရှင်ရဲ့ သက်ဆိုးရှည်မှုကို ပံ့ပိုးကူညီရာ ရောက်စေမယ်လို့ KNU တာဝန်ရှိသူက ပြောပါတယ်။

◾️ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီတပ်ထောက်ပို့ယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ၂၀ ဦးခန့် သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းမျာ စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို ​တော်လှန်​ရေးတပ်ဖွဲ့ များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောပါတယ်။ စစ်ကောင်စီ ယာဥ်တန်းမှာ ကား ၁၇ စီး၊ အင်အား ၃၀၀ခန့်ပါဝင်ပြီး ထားဝယ်-ထီးခီးလမ်းပိုင်းမှ ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာကြားမှာ ​မနေ့က တနေကုန် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ကား ၆ စီး ပျက်စီးကာ သေဆုံးသူ ၂၀ဦးထက်မနည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

◾️မင်းပြားမြို့နယ်တိုက်ပွဲ ငါးရက်အတွင်း စစ်ကောင်စီတပ်စွဲရာ စခန်းနေရာ ၄ခုကို AA သိမ်းပိုက်

ရက္ခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီရွာအနီးရှိ စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီ ကာကင်းစခန်း ၃ခုနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၁ ခုတို့ကို သိမ်းယူနိုင်ပြီးဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ပါတယ်။ အဲဒီ တိုင်းဗဟို(၉) နေရာကို AAက ဖေဖော်ဝါရီ ၁၇ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့ရာတိုက်ပွဲ ၅ရက်မြောက်နေ့ ၂၁ရက်အထိ စစ်ရေးရလဒ်ကို အသိပေးထုတ်ပြန်လာတာပါ။ ဒါ့အပြင် ရက္ခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များရှိ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီရဲ့ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကိုလည်း AA က ဗျူဟာမြောက်တိုက်ပွဲများကို ဆက်လက်ဆင်နွှဲနေတယ်လို့ အသိပေးပါတယ်။

◾️မုန်းနဲ့ ရွှေကျင်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထပ်မံသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်)အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်က်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူများထပ်မံ သေဆုံးထိခိုက်မှု ထပ်မံ ဖြစ်ခဲ့ရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ ၁၇ရက်မှ ၂၁ရက်အထိ KNU ညောင်လေးပင်ခရိုင် ဆောထိ(ရွှေကျင်)နဲ့ မူး(မုန်း)မြို့နယ်များအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု၊ အိုးအိမ် ပျက်စီးမှု အခြေအနေကို အသိပေးလာတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်များက ပြည်သူလူထုကို ပစ်မှတ်ထားပြီး ကျူးလွန်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုများနဲ့ လက်နက်ကြီး ပစ်ခတ်ခိုက်တိုက်ခိုက်မှုများကြောင့် ပြည်သူ တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

◾️အရာတော်မြို့နယ်တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုရှိ
👍31🤮2😁1
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ အမှတ်(၃၆၉)အမြောက်တပ်ရင်းမှ လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဘက်ထိခိုက်မှုရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက အမတ(၃၆၉)တပ်မှ အရာတော်မြို့နယ်သို့သွားတဲ့ အင်အား(၅၀)ခန့်ပါ ခြေလျင်စစ်ကြောင်းကို တူးကန်ဘုရားကျောင်းအနီး ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ မိနစ် ၃၀ ကြာတိုက်ပွဲမှာ ရဲတပ်ကြပ် စောမင်းဦးဆိုသူ သေဆုံးပြီး အရာရှိ နှစ်ဦး၊ တပ်သား နှစ်ဦးတို့လည်းး အရာတော်​​​ဆေးရုံ​မှာ ထပ်မံ သေဆုံးခဲ့တယ်လို့ Danger Force LPDFအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဒေသကာကွယ်ရေးအဖွဲ့များဘက်ကလည်း ရဲဘော်နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်မြို့ တစ်နေရာမှာ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်)က ဦးဆောင်ပြီး (၂၂၂၂၂) လူထုလှုပ်ရှားမှု (၃)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ "နိုင်ငံတော်တွင် သွေးစွန်းနေသည်" စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ဆင်နွှဲခဲ့ပါတယ်။
ကလေးမြို့နယ်မှာ သပိတ်အင်အားစုတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းကာ (၂)ငါးလုံး လူထုသပိတ်လှုပ်ရှားမှု (၃)နှစ်ပြည့်အဖြစ် "လူထုအာဏာအသက်သွင်းကြ" စာသားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆန္ဒပြခဲ့ကြပါတယ်။
ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှာ သပိတ်ဦးဆောင်သူတို့က တော်လှန်ရုပ်ရှင်ပြသပွဲ ပြုလုပ်ခဲ့ပြီး မြို့နယ် ပ.က.ဖ နဲ့ ရပ်ကျေး ပ.က.ဖတို့မှ ပြည်သူလူထုအား တော်လှန်ရေးသပိတ်တရားတွေ ဟောပြောခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းကာ "အဆုံးသတ်အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ" စာသားကိုင်စွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာ စကြဝတေးမင်းကြီး သပိတ်အဖွဲ့ဝင်တွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် "စစ်ကျွန်ပြုမဲ့ စစ်မှုထမ်းဥပဒေကို တာဝန်အရငြင်းပယ်ကြ"စာတန်း(ဗီနိုင်း) ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
👍281🤮1