People's Spring
61.6K subscribers
68.4K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဖမ်းဆီးရရှိ​သော ပျူစစ်သုံ့ပန်းများ နှင့် လက်နက်
ခဲယမ်းများ/ဖမ်းဆီးရမိခဲ့သောပျူများအားတွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊
ဓါတ်ပုံ-​ရွှေဘိုခရိုင်PDF တပ်ရင်း-၁၈
👍9312🔥3
■Short Story

‘အမေ့ရဲ့ မိလေး’

◼️မအိ (ရေကြည်)

မိ‌လေး။ နာမည်ရှေ့မှာ မိတပ်ထားတော့ မွန်လူမျိုးဟု ထင်ကြမည်ထင်သည်။ သို့‌သော် မဟုတ်ပါ။ အဖေ ဗမာ အမေ ဗမာမှ မွေးထားသော ဗမာစစ်စစ်တယောက်ဖြစ်သည်။ မိ‌လေးဟူသော အမည်မှာ ကျမအမေ ကျမကိုခေါ်သော နာမည်ဖြစ်သည်။ အလုပ်လုပ်ရာတွင် ဖြည်းဖြည်း လေး‌လေး နှေးနှေးကွေးကွေး လုပ်တတ်သောကြောင့် မိလေးဟု ခေါ်ခြင်းဖြစ်သည်ဟု အမေကပြောသည်။

အမေ အလုပ်တခုခုခိုင်းလျှင် တော်တော်နဲ့ မပြီးသောကြောင့် ကျမကို အမေစိတ်မရှည်ပါ။ ကျမကို စိတ်မရှည်တိုင်း မိ‌လှေး (မိလေး) ဟု အသံကျယ်နှင့် အမေခေါ်တတ်သည်။ အမေ အဲ့သလိုခေါ်လျှင် အလုပ်ပိုကြာတတ်သည်ဟု ကျမထင်သည်။ အမေ့ကိုကြောက်၍ ပိုကြာသည်မဟုတ်။ ကျမဝသီအတိုင်း အလုပ်တခုလုပ်လျှင် သပ်သပ်ရပ်ရပ်နှင့် စနစ်တကျ တအေးတဆေးလုပ်တတ်သောကြောင့် ကြာရခြင်းဖြစ်သည်။

ကျမအမေအကြောင်း ပြောပြရဦးမည်။ အမေသည် ငယ်စဉ် ကလေးဘဝကတည်းက မိဘများဆုံးပါးခဲ့ရာ အရီးဖြစ်သူထံတွင် နေခဲ့ရသည်။ အရီးဖြစ်သူက ကိုင်းလုပ်သည်။ ရာသီကုန် စိုက်ပျိုးရောင်းချသည်။

အရီးဖြစ်သူထံ ရောက်လာသော အသက် ၈ နှစ်ကျော်အရွယ် ကလေးမလေး (အမေ) သည် အသက်အရွယ်နှင့်မမျှအောင် အလုပ်လုပ်ရသည်။ မနက် ၃ နာရီ‌ကျော်တွင် အိပ်ယာထကာ အိမ်သားများအတွက်၊ ကိုင်းထဲရှိ လုပ်သားများအတွက် ထမင်း ဟင်း ချက်ရသည်။ မနက် ၄ နာရီကျော်သည်နှင့် ရာသီကုန် ဟင်းသီးဟင်းရွက်များကို ခံတောင်း အကြီး အငယ်ထဲ ရေစိုအဝတ်ပတ် ထည့်ရွက်ကာ အိမ်နီးချင်း ရာသီကုန်ရောင်းသူများနှင့် တမိုင်ကျော်ဝေးသောဈေးတွင် လမ်းလျှောက်၍ သွားရောက် ရောင်းချရသည်။ ဈေးတွင် မနက်စာစားရသည်။

နေမြင့်ချိန် ၈ နာရီခန့်တွင် ဈေးရောင်း၍ကုန်သည်နှင့် တမိုင်ကျော်ဝေးသော နေအိမ်သို့ ခံတောင်းခွံကိုရွက်ကာ ခြေလျင်ပင် လျှောက်ပြန်ရသည်။ တခါတရံ ဈေးဝယ်က ဆန်နှင့်လဲလျှင် အပြန်တွင် ဆန်ရွက်ပြန်ရသည်လည်းရှိသည်။ မနက် ၉ နာရီခန့်တွင် အိမ်ပြန်ရောက်သည်။ ရေမိုးချိုးပြီးသည်နှင့် နေ့လယ် စာစားကာ နောက်တနေ့ရောင်းရမည့် ရာသီကုန်ခူးရန် ကိုင်းထဲလိုက်ရသည်။

ကိုင်းထဲတွင် ရာသီကုန်ဖြစ်သည့် မြေပုံသီး၊ နံနံ၊ ခရမ်းသီး၊ ငရုပ်၊ ပဲသီး အစရှိသည်တို့ကို ခူးဆွတ်ကာ ညနေ ၄ နာရီခန့်တွင် အိမ်ပြန်ကာ ညစာအတွက် ချက်ပြုတ်ရသည်။ ညရောက်ပြန်လျှင် ထမင်းစားပြီးသည်နှင့် နေ့လယ်က ခူးဆွတ်လာသော ရာသီကုန်များကို ကြိုးစည်ခြင်း၊ ချိန်တွယ်ခြင်း ပြုလုပ်ရသည်။ ည ၈ နာရီခန့်တွင် အိပ်ယာဝင်ရသည်။ နိစ္စဓူဝ ဤအတိုင်းပင် အမေ့ငယ်ဘဝကို ဖြတ်သန်းခဲ့ရသည်။

အလုပ်ကို ဇယ်ဆက်သလို လုပ်ကိုင်ခဲ့ရသော အမေ ကျမကို စိတ်မရှည်သည်မှာ အံ့ဩစရာတော့ မဟုတ်။ ကျမတို့ မောင်နှမတတွေကို မွေးပြီးချိန်တွင်လည်း အမေသည် သားသမီးငါးယောက်ကို တဦးတည်း ပြုစုရသည်။ အိမ်အလုပ် လုပ်ရသည်။ လယ်ထဲအလုပ်လည်း ဝင်ပါရသည်။ ကျမတို့အဖေက လမ်းများသည်။ အပေါင်းအသင်းများသည်။ လယ်ချိန် ကိုင်းချိန် မဟုတ်လျှင် အိမ်သိပ်မကပ်တတ်။

အမေနှင့်နေရချိန်များသော ကျမတို့က အမေကို မကြောက်။ အမေဆူလျှင်လည်း မမှု။ တခါတရံ အရိုက်အငေါက်ခံရသော်လည်း အမေကိုချစ်သည်။

တခါက ကျမ၏ လေးလံနှေးကွေးမှုကြောင့် အမေနှင့်အဖေ ပြဿနာဖြစ်ခဲ့ရသည်။ စကားများကြသည်။ ကျမကြောင့်ဟု ဆိုသော်လည်း ကျမကြောင့်သက်သက်တော့မဟုတ်။ အစရှိပြီးသား ပြဿနာ‌ကြောင့်ဖြစ်သည်။

အဲဒိတုန်းက ကျမအသက် ၈ နှစ်အရွယ်။ ကျမတို့ လက်ရှိနေသည့်အိမ် ဆောက်နေဆဲကာလ။ တညနေတွင်ဖြစ်သည်။ အမေက ကျမအဖေ ဖောက်ပြန်နေသည်ဟုထင်ကာ ကျမကိုခေါ်ကာ ဘေးရွာသို့ သွားစုံစမ်းရန် ထွက်လာသည်။ တာလမ်းမပေါ်ရောက်သည်တွင် ကျမ မုန့်ယူရန် မေ့ခဲ့သည်ကို သတိရကာ အမေ့လက်လွှတ်ပြီး အိမ်ပြန်သည်။ အမေက ကြာမှာစိုး၍ မပြန်ရန်ပြောသည်။ ကျမက မရ။ အမိုး မိုးထားသော်လည်း အကာအရံ မလုပ်ရသေးသော တဝက်တပျက်အိမ်တွင် ကျမကြိုက်တတ်သော ငါးမုန့်ကို ထားထားသည်။ ကျမအပြင်သွားလျှင် ယူရန် စီစဉ်ထားသော်လည်း အပြင်သွားသည့်အခါ မေ့ခဲ့ခြင်းဖြစ်သည်။ တားမရသည့်အဆုံး အမေက အမြန်ပြန်လာရန်မှာသည်။ မုန့်ယူပြီးသည်နှင့် ပြန်လာသော်လည်း ကျမကြာနေ၍ အမေက လမ်းလျှောက်ရင်း သွားသည်။ အမေ့ကိုမတွေ့၍ ကျမငိုသည်မှစကာ ကျမအဖေသိသွားပြီး ပြဿနာဖြစ်တော့သည်။ အမေလည်း မသွားဖြစ်လိုက်ပါ။ အဲဒီပြဿနာလည်း စကားများရုံနှင့်သာ ပြီးသွားခဲ့သည်။ ကျမအဖေလည်း အဲဒိကစ အနည်းငယ် အိမ်ပြန်ကပ်လာသည်။

ကျမကို အမေကပြောသည်။ ညည်းက နှေးတာမဟုတ်ဘူး လေးတာ။ လေးကွေးတာဟု မကြာခဏပြောသည်။ ကျမကတော့ ကျမနှေးခြင်းသည် မြန်ဖို့မလိုအပ်သည့်နေရာတွင် နှေးခြင်းဖြစ်သည်ဟု ခံယူသည်။

၂၀၂၁ခု နှစ် အာဏာသိမ်းစ ကာလကဖြစ်သည်။ ကျမတို့ ဆူးလေဘုရားအနီးက ဂုံးတံတားပေါ်မှာ ဆန္ဒပြနေစဉ်အတွင်း ဂုံးတံတားအောက်တွင် စစ်ကောင်စီလက်အောက်ခံတွေက ဆန္ဒပြသူတွေကို ရုတ်တရက် ပစ်ခတ်ဖမ်းဆီးကြသည်။ တံတားပေါ်မှ ဝရုန်းသုန်းကား ပြေးဆင်းကာ လွတ်မြောက်ခဲ့ကြသည်။ လေး၍ နှေး၍ မဖြစ်သောအချိန်တွင် ကျမမြန်ပါသည်။

လက်ရှိတိုင်းတပါးတွင်လည်း လိုအပ်သည့်အခါ ကျမ မြန်ရသည်။ ကျမတို့ငှားရမ်းနေထိုင်ရာ ခြံဝန်းအတွင်း၌ လေးထပ်တိုက်တလုံးနှင့် အခန်းများရှိသော တထပ်တိုက်တန်းလျားတခု ရှိသည်။ ကျမတို့က လေးထပ်တိုက်၏ နှစ်ထပ်မြောက်က အခန်းတခုတွင် နေသည်။
👍297🔥1
တညတွင်ဖြစ်သည်။ ကျမ ညနေစာ စောစောစားပြီး၍ ကျမတို့တိုက်က အသိနှင့် ကြက်တောင်ရိုက်နေစဉ် ကျမတို့နေထိုင်ရာတိုက်သို့ ကားတစီးနှင့် မျက်နှာစိမ်းများ ရောက်လာသည်။ ကျမတို့‌ နေသည့်တိုက်သည် မိုတယ်လိုနေရာမျိုးဖြစ်တာကြောင့် အခန်းလာငှားသူများဟုသာထင်ကာ ဆက်က‌စားနေသည်။ ထို့နောက် ကျမမျက်လုံးထဲ ပိုးကောင်ဝင်သွား၍ အခန်းတွင်ကျန်ခဲ့သော အမျိုးသားကို ဖုန်းဆက်ခေါ်ရသည်။ သူရောက်လာပြီး ခနအကြာတွင် စောစောက လူစိမ်းတအုပ်အကြောင်း အသိထံက သိလိုက်ရသည်။

ကျမတို့တိုက်က အခန်းတခုတွင်နေသည့် အမျိုးသားတယောက် လမ်းမှာ မူးယစ်ဆေးသုံးစွဲနေတုန်း ရဲနဲ့မိတာကြောင့် အခန်းအထိ လာရှာကြခြင်းဖြစ်သည်။ ထိုသူနေသည့်အခန်းကို ရှာကြသည်။ မူးယစ်ဆေးတွေ့သဖြင့် ထိုသူ၏ အမျိုးသမီးကိုပါ ဖမ်းသွားကြသည်။

အသိထံမှ ထိုအကြောင်းကြားကြားချင်း ကျမတို့လင်မယား အမြန်ပင် တခြားနေရာထွက်ကြရသည်။ အမြန်မထွက်၍ မဖြစ်။ ကျမတို့တွင် ဗီဇာသက်တမ်းကုန်နေပြီ။ မတော်၍ ကျမတို့အခန်းတွေကိုပါ စစ်ဆေးလျှင် မူးယစ်ဆေးမရှိသော်ငြား ဗီဇာကုန်နေသောကြောင့် အန္တရာယ်ဖြစ်နိုင်သည်။ အခြေအနေနဲ့ အချိန်အခါအရ ကျမတို့ မနှေးသောကြောင့် လွတ်မြောက်ခဲ့ကြရသည်။

ဒီတခါ အိမ်ပြန်ရောက်ရင်တော့ ကျမ မိလေးမဟုတ်ကြောင်း အမေ့ကို ‌ပြောပြရဦးမည်။ ။

(The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မအိ (ရေကြည်)' ရေးဖွဲ့တဲ့ "အမေ့ရဲ့ မိလေး"
ဝတ္ထုတိုကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
27👍10🔥21
44👍17🤮1
ပုလဲမြို့နယ်၊မင်းတိုင်ပင်ရွာကို စစ်တပ်ဗုံးကြဲ

ဇွန်၁၄၊၂၀၂၅။ ရှိန်း/People Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊မင်းတိုင်ပင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ နေအိမ်၈ အိမ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြော ပါတယ်။

ဇွန်လ၁၄ ရက်နေ့ မနက်၁၁နာရီလောက်က မင်းတိုင်ပင်ရွာကို စစ်တပ်က လေကြောင်းက နေဗုံး ကြဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်နေအိမ်၈လုံးခန့်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ဘယ် PDFမှ မရှိဘူး။စစ်တပ်ကပြည်သူတွေရဲ့နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေတာပါ"လို့ဒေသခံတဦးကပြောပါတယ်။

မင်းတိုင်ပင်ရွာကို ဇွန်လ၅ရက်နေ့ နဲ့ ၆ရက် နေ့တွေမှာလည်း လေကြောင်းတိုက်ခိုက်ခဲ့တာမို့ စာသင် ကျောင်းဆောင် ပျက်စီးကာ အမျိုးသားတဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ပုလဲ မြို့နယ်ကကန့်ဒေါင့်ရွာရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မ တော် (PLA)က ဦးဆောင်တိုက်ခိုက်နေပြီးဒီနေ့ အထိတိုက်ပွဲတွေ ဖြစ်နေဆဲလို့သိရပါတယ်။

မင်းတိုင်ပင်ရွာဟာ ဒီတိုက်ပွဲတွေ နဲ့ဝေး ပေမယ့် စစ်ကောင်စီတပ်က တိုက်ပွဲအတွက် တော်လှန်ရေး တပ် တွေက မင်းတိုင်ပင်ရွာကနေ ဦးစီးနေတယ်ထင်ပြီး အခုလို လေကြောင်းကတိုက်ခိုက်တာနေတာလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦး က သုံးသပ် ပြောပါတယ်။
🤬636😡3👍2👎2😢2
စစ်တပ်ကဗုံးကြဲပြီး​နောက် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ
🤬67👍9😡32😢2👎1
■ကဗျာ

"အားလုံးလွယ်လွယ်လေးပဲ"

◼️ခွန်းနီ

စီးကရက်တစ်ဗူးဘယ်လောက်လဲ
အရက်တစ်ပုလင်းဘယ်လောက်လဲ
ဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲ
အာသာဖြေဖို့တစ်ညဘယ်လောက်လဲ
အားလုံးပေါပေါလောလောရတယ်။
အသက်တစ်ချောင်းဘယ်လောက်လဲ
ဘဝတစ်ခုဘယ်လောက်လဲ
အရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲ
အားလုံးလွယ်လွယ်လေးလား
အေးဟုတ်တယ်
ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။
ကြက်ကလေးလို
ငှက်ကလေးလို
သေဖို့လွယ်လွယ်လေး
ကြက်ကလေးလို
ငှက်ကလေးလို
လွတ်လပ်မှုတောင်မရှိတဲ့အခါ
မွေးမြူရေးငါးကန်ထဲကငါးတွေလို
အစွမ်းကုန်ကြီးထွားပြကြရပေါ့။
အလောင်းချင်းထပ်နေတယ်
သွေးစသွေးနတွေပွက်နေတယ်
ကယ်ပါ ယူပါ
တဆာဆာပေါ့
ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။
သေဖို့အရေးလား
နေဖို့အရေးလား
အားလုံးဟာလွယ်လွယ်လေး
သေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲ
ဒုနဲ့ဒေးပါပဲ။
သေသူတွေရဲ့တန်ဖိုးကို
ဘယ်အရာတွေနဲ့ချိန်ထိုးမလဲ
စဥ်းစားလေလေ
ပေါက်ကွဲခံပြင်းဒေါသဖြစ်လေလေပဲ။
မခံနိူင်တော့ရင်လက်ညိုးလေးကွေးလိုက်ကြ
ပြေးထွက်စရာမှမရှိတော့တာ
သူသေကိုယ်သေပဲလေ
အားလုံးဟာလွယ်လွယ်လေး။

(The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​ခွန်းနီ' ရေးဖွဲ့တဲ့ "အားလုံးလွယ်လွယ်လေးပဲ" ကဗျာ ကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍533🤮3😭1
32👍4🤮1
ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းက သုံးရက်အတွင်း အရပ်သား ၁၀ဦးကို သတ်ဖြတ်ကာ အလောင်းတွေ စွန့်ပစ်သွား

ဇွန်-၁၄၊ ၂၀၂၅။ အိမ်သွင်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်သည့်အနေအထားဖြင့် သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေပြီး သေနတ်ဖြင့်ပစ်သတ်ကာ ရေတွင်းထဲသို့ ပစ်ချထားသည့် ရုပ်အလောင်း ၄ခုကို ထပ်မံရှာတွေ့ထားကြောင်း ဒေသခံများက ပြောသည်။

ယ‌မန်နေ့(ဇွန်လ ၁၃ရက်)နံနက်ပိုင်း၌မှော်စီစာကျေးရွာ တောင်ယာကုန်းသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းက လမ်းသွားလမ်းလာအရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ကြောင်းထွက်ခွာသွားပြီးနောက် သေဆုံးနေသည့် အရပ်သားများအား ထပ်မံတွေ့ရှိခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

"မနေ့က လမ်းဘေးမှာ ပစ်သွားတဲ့ ၃လောင်းတွေ့တယ်။ ဒီနေ့ ၄လောင်းထပ်တွေ့တယ်။ ဒီ‌နေ့တွေ့တာတွေကလည်း မနေ့ကတည်းက ပစ်သတ်သွားတာ။ ခေါင်းတွေကို ပစ်သတ်ထားတာ။ ရေတွင်းထဲပစ်ချသွားပြီး ပုပ်ဆော်နံလို့ ရှာတွေ့တာ"ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

ယမန်‌နေ့က အသတ်ခံရသူ အမျိုးသား ၃ဦးအနက် ၁ဦးကို ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြတ်တောက်ပြီး ဆာလာအိတ်အတွင်းထည့်ကာ ၁ဦးကို မျက်လုံးဖောက်ထုတ်ထားကာ ကျန် ၁ဦးကို မျက်နှာတခုလုံးကြေမွအောင် ထုရိုက်ထားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

"လူမဆန်တဲ့ သတ်ဖြတ်တဲ့ပုံစံတွေနဲ့ သတ်နေတာ။ ဒေသခံတွေကို အကြောက်တရားဝင်အောင် ရည်ရွယ်ချက်ရှိရှိလုပ်နေပုံရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

သတ်ဖြတ်ခံရသူများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးဘဲ မိသားစုဝင်များထံ ဆက်သွယ်နိုင်ရေး လူမှုကူညီရေးအဖွဲ့များက ကြိုးစားနေသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၁ရက် ညကလည်း သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ဦးကို ပစ်သတ်ပြီး မှော်စီစာလမ်းဆုံတွင် ထားသွားခဲ့သည်။

ထို့ကြောင့် စစ်ကောင်စီစစ်ကြောင်းသည် သုံးရက်အတွင်း အရပ်သား ၁၀ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဖားကန့်သို့ စစ်ကောင်စီစစ်ကြောင်း ဝင်လာသည့် မေလ ၂၇ရက်မှ ယနေ့ ဇွန်လ ၁၄ရက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်ခြင်းတို့ကြောင့် ကလေးငယ်အချို့အပါအဝင် အရပ်သား ၁၆ဦးထက်မနည်း သေဆုံးခဲ့သည်။ စစ်ကြောင်းထိုးရင်း သတ်ဖြတ်သွားသူ ၁၀ဦးနှင့်ဆိုလျှင် စုစုပေါင်း ၂၆ဦး ရှိပြီဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းတွင် ရှမ်းနီတပ်(SNA)၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါဝင်ပြီး မူးယစ်ဆေးသုံးစွဲကာ စစ်ကြောင်းထိုးနေခြင်းဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ ဇွန်လ ၉ရက်နှင့် ဇွန်လ ၁၀ရက်တို့တွင် တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၀ရက်မှစ၍ ယနေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။

ဇွန်လ ၁၀ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ဦးထက်မနည်း သေဆုံးခဲ့ပြီး ဇွန်လ ၁၂ရက်က တိုက်ပွဲတွင် ၂၀ကျော်သေဆုံးခဲ့သည်ဟု KPDF နှင့်နီးစပ်သူက ပြောသည်။

ယနေ့လည်း စစ်ကောင်စီ စစ်ကြောင်းသည် မှော်စီစာပတ်ဝန်းကျင်မှ မှော်မောင်းကုန်းဘက်သို့ ဦးတည်နေသည်ဟု ဆိုသည်။ ကန့်သတ်ထားသည့်နေရာများအား ကျော်လာပါက KIA၊ KPDFပူးပေါင်းတပ်က တိုက်ခိုက်မည်ဟု သတိပေးထားပြီး တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ကြောင်း ဒေသခံများကပြောသည်။

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရ လတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံများအား သတိပေးထားသည်။

ထို့အပြင် လက်ရှိ ဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကို သတိပြုကြရန်လည်း သတိပေးထားသည်။
🤬5813👍7😢3👎1😡1
🖕3416👍5👎1🔥1🤬1
ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်​ကောင်စီခြိမ်း​​ခြောက်

ဇွန်-၁၄၊၂၀၂၅။ရဲခေါင်/People's Spring

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

ယခုရက်သတ္တပါတ်တွင် ဇွန်၉ ရက် (တနလာ်​နေ့) ကမ္ဘာ့ရွှေအဖွင့်စျေးသည့် တစ်အောင်စ ၃,၃၁၁​ဒေါ် လာ ဖြစ်ပြီး သောကြာနေ့ (ဇွန် ၁၃)ညပိုင်းစျေးပိတ်ချိန်တွင် ၃,၄၃၃ ဒေါ်လာ ရှိသည်။ထို့ကြောင့် ကမ္ဘာ့ရွှေစျေးသည်တစ်ပါတ်အတွင် တစ်အောင်စ ဒေါ်လာ ၁၀၀ ကျော်တက်ခဲ့သည်။

ထိုနည်းတူ ပြည်တွင်းရွှေပေါက်စျေးသည် ဇွန်လ ၇ ရက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ၇၇ သိန်းဝန်း
ကျင်နှင့်၁၅ ပဲရည်တစ်ကျပ်သား ၇၂ သိန်းခန့်ရှိရာမှ ဇွန် ၁၄ ရက်နံနက်ပိုင်း ပြင်ပစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ၈၂ သိန်းဝန်းကျင်ရှိနေသည်ဟုသိရသည်။

"နောက်တစ်ပါတ် တနလာ်နေ့ ကမ္ဘာရွှေအဖွင့်စျေး ကို ပြန်စောင့်ကြည့်ရမယ်။သောကြာနေ့အပိတ်စျေးအတိုင်း စဖွင့်မယ်ဆိုရင် ဆက်တက်မယ့်သဘောမျိုးမြင်ရတယ်။မနေ့ကဆိုရင် အိမ်နီးချင်းထိုင်းမှာတောင် တစ်ရက်တည်းနဲ့ ရွှေစျေးက တစ်ကျပ်သားဘတ်တစ်ထောင်လောက်တက်တယ်။ဒီမှာသာ ဝရုန်းသုန်းကား ဖြစ်နေတာ"ဟု ရွှေစျေးကွက်စောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရွှေစျေးတည်ငြိမ်ကျဆင်းရေးအတွက်ရွှေဆိုင်များဆက်လက်ဖွင့်လှစ်ထားနိုင်သော်လည်း အခေါက်
ရွှေများရောင်းဝယ်ခြင်းမလုပ်ရန်နှင့် ရွှေလှော်ဖို
(ရွှေသန့်စင်ဖို)လုပ်ငန်းများခေတ္တရပ်ရန် ရွှေလုပ်
ငန်းရှင်များအသင်းကို စစ်ကောင်စီကခြိမ်း​ခြောက်ထားသည်။

"စစစ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က စစ်မယ်။မိရင် ကိုယ်ဖြစ်ကိုယ်ခံပေါ့။အခုက ရွှေစျေးတက်တာနဲ့ ရွှေဆိုင်သူဌေးတွေ မျက်ခုံလှုပ်နေရပြီ။စီးပွား ရေးအကြောင်း မသိတဲ့ ကောင်တွေအုပ်စိုးနေသမျှတော့ ဘာစီးပွားရေးမှကောင်းကောင်းမွန်မွန်လုပ်စား မရဘူး"ဟုရွှေသန့်စင်လုပ်ငန်းလုပ်ကိုင်
သူတစ်ဦးက ပြောသည်။

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိနေသည့် ရွှေလုပ်
ငန်း ရှင်အသင်းက ဇွန် ၁၄ ရက်တွင်၁၆ ပဲရည်တစ်ကျပ်သား ၅၉ သိန်း ကျပ်ဖြင့် စျေးဖွင့်ထား
သည်။ထိုစျေးဖြင့် မည်သည့် ရွှေဆိုင်မှ အရောင်း၊အဝယ်မပြုလုပ်ပေ။

စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ် နှင့် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တွင် နှစ်စဥ်လိုငွေပြမှုအပါ
အဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျား
ကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း စီးပွား ရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။

ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေ အနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်လည်းယခင်အပါတ်က တစ်ဒေါ်လာ ၄,၄၀၀ ကျပ်မှ ဇွန် ၁၄ ရက်တွင် ၄,၅၄၀ ကျပ်ဝန်းကျင် ရှိနေ
သည်။

စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာစျေးကစား
သူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ နှင့် လဲလှယ်သူများကို အရေး
ယူမည်ဟု ဇွန်လ ၁၂ ရက်က စာထုတ်ပြန်၍ ခြိမ်း
ခြောက်ထား သည်။
🤬4114👍4😁3🤮2
ရွှေ​ဈေးတက်တိုင်း လုပ်ငန်းရှင်များကိုဖမ်းဆီး​ခြင်း၊ ခြိမ်း​ခြောက်ငွေညှစ်​လေ့ရှိ​သောစစ်​ကောင်စီ​ကြောင့် အကယ်ဒမိ​ရွှေသန့်လုပ်ငန်းက ဇွန် ၁၃ ရက်မှစ၍ လုပ်ငန်းယာယီရပ်နားထား​ကြောင်း
​ကြေညာစဥ်။ဓါတ်ပုံ-CJ
😢36👍155😁3👏1
စစ်တပ်ရဟတ်ယာဉ် ၂စီးပစ်ချသည့်ရဲဘော်များအား "ငှက်သားကြိုက်သူလေးများအဖွဲ့"က ကျပ်သိန်း ၁၀၀ ဂုဏ်ပြု

ဇွန်-၁၄၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရ
ဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထို
သို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြု​အလှူ​ငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထား
သည်။

KIAစစ်ရေးဗိုလ်မှူးချုပ် တဦးလက်မှတ်ထိုးထားသည့်အဆိုပါစာကိုကချင်သတင်းဌာနအချို့ကစတင် ဖော်ပြလာရာ စာမှာ အမှန်ဖြစ်​ကြောင်းကချင်သတင်းရင်းမြစ်တဦးကအတည်ပြုသည်။

“အလှူရှင်တွေရဲ့လျှို့ဝှက်အမည်” ဟုအဆိုပါ သ
တင်းရင်းမြစ်က ကျေးဇူးတင်လွှာ၌ ပါရှိသည့် "ငှက်သားကြိုက်သူလေးများအဖွဲ့" ၏ အမည်ကို ရည်ညွှန်းပြောပြသည်။

KIA စစ်ရေးဌာန၏ မေလ ၂၉ရက် နေ့စွဲပါ စာတွင် ငှက်သား ကြိုက်သူလေးများအဖွဲ့မှ ဗန်းမော် စစ်
မျက်နှာတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်အား ပစ်ချခဲ့သည့် စစ်သည်များအတွက်ပေးပို့ကူညီသော အလှူငွေ ကျပ် သိန်း ၁၀၀အား မေလ ၂၈
ရက်တွင် KIA စစ်ရုံးချုပ်တွင် လက်ခံရရှိသည်ဟု ရေးသားထားသည်။

တော်လှန်ရေးတွင်ပါဝင်ကူညီမှုအပေးများစွာ ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်သည်ဟုလည်း ရေးသားထားသည်။

အဆိုပါစာနှင့်ပတ်သက်ပြီးKIAသတင်းပြန်ကြား
ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ သဘော
ထား မှတ်ချက်မေးမြန်းထားပြီး အဆက်အသွယ်မရသေးပေ။

KIA နှင့်မဟာမိတ်ပူးပေါင်းတပ်သည်မေလ ၂၀
ရက်က ဗန်းမော်စစ်မြေပြင်သို့စစ်အင်အားဖြည့်
တင်းရန်လာသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၃စီးအနက် ၂စီးကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ရာ တစီးသည် ယင်းနေ့၌ပင် ရွှေကူနှင့် ၁၅မိုင်ခန့်အကွာ တောတွင်းတနေရာ၌ ပျက်ကျခဲ့သည်။ရဟတ်
ယာဥ်​ပေါ်ပါသည့် စစ်တပ်အရာရှိအားလုံး​သေဆုံးခဲ့သည်။

ကျန်တစီးသည်ရွှေကူရှိစစ်ကောင်စီတပ်သို့အရေးပေါ် ဆင်းသက်ခဲ့ရသည်။အဆိုပါအရေးပေါ် ဆင်း
သက်ခဲ့သည့် ရဟတ်ယာဉ်ကိုလည်း KIA ပူးပေါင်းတပ်က မေလ ၂၁ရက်တွင် ဒရုန်းဖြင့် ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ် ပျက်စီးခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း​တော်လှန်​ရေးအဖွဲ့များက စစ်တပ်တိုက်​လေယာဥ် ၊ရဟတ်ယာဥ်များကို အနည်းဆုံး ၁၂ စီးပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။ ထိုထဲတွင် KIA ဦး​ဆောင်​သော မဟာမိတ်တပ်များက တိုက်​လေယာဥ် နှင့် ရဟတ်ယာဥ် ၅ စီးပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
92👍25🤣3🥰1
ဗန်း​မော်စကခ ၂၁သို့ ရိက္ခာလာပို့​သောMi-17
ရဟတ်ယာဥ်ကို တိုက်ခိုက်ရာ ​ရွှေကူမြို့အနီး​တောထဲ၌ ပျက်ကျ​သောရဟတ်ယာဥ်/ ​ရွှေကူ၌ ရပ်ထား​သောရဟတ်ယာဥ်ကိုတိုက်ခိုက်​နေမှု နှင့် ရဟတ်ယာဥ်ပစ်သူများကို ဂုဏ်ပြုသူအဖွဲ့အတွက်​ရေးထား​သောစာ ။ဓါတ်ပုံ-CJ
90👏31🤣3🥰2