People's Spring
61.6K subscribers
68.3K photos
1.19K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■ကဗျာ

"ချစ်ခြင်းအားဖြင့် လွတ်မြောက်ပါစေ"

တခါက ...
စာကြည့်တိုက် ပြတင်းပေါက်ကိုငေး
ပြည်သူတွေအကြောင်းတွေးနေခဲ့ဖူးတဲ့ ... သူမ
တခါက ...
ခြံစည်းရိုး အပြင်ဘက်ကိုလက်ကမ်း
ပြည်သူတွေနဲ့ မမောမပမ်း စကားတွေပြောခဲ့ဖူးတဲ့ ... သူမ
ပြည်သူတွေအတွက် အမြဲလိုအပ်နေပေမယ့် ...
သူမကိုမလိုတော့ဘဲ
ပြည်သူတွေဆက်သွားနေတာကို မြင်ချင်ခဲ့တဲ့ ... သူမ
အခု ... ဘယ်နေရာမှာရှိနေလဲ
အခု ... ဘယ်မြင်ကွင်းကိုငေးနေမလဲ
အခု ... ဘာအကြောင်းတွေတွေးနေလဲ
အခု ... ဘယ်သူနဲ့ စကားပြောနေမလဲ
အခု ... ဘာတွေများလိုအပ်နေမလဲ
အခု ... နေရောကောင်းရဲ့လား
အဖြေမရှိသော မေးခွန်းများနဲ့
အလွမ်းသက်သက် တောင်းဆုများ ...
အဲဒီ့ ချစ်ခြင်းမေတ္တာတရားတွေ
လွတ်မြောက်ခြင်းကို ယူဆောင်လာနိုင်စေ။ ။

နေဘုန်းလတ်

၁၃ ၊ဇွန် ၊၂၀၂၅
73🙏4🥰3👍1🤮1🕊1
78🥰4🙏3😘2😁1🤮1
အမကို နိုင်ငံခြားမှာ မေးခွန်းတွေ မေးကြတော့ “ရှင် အောင်မြင်တယ်လို့ ဘယ်လိုပြောနိုင်မလဲ။ ဘယ်တော့ ပြောနိုင်မလဲ”လို့ သဘောရတဲ့ မေးခွန်းတစ်ခု ရှိခဲ့တယ်။

အမက “ကျမ မလိုတော့ဘဲကျမရဲ့လူထုက ဆက်ရွေ့သွားပြီဆိုရင် ကျမ အောင်မြင်တာပဲပေါ့”လို့ သဘောရတဲ့ အဖြေမျိုးကို ဖြေခဲ့ဖူးတယ်။ အမ မပါဘဲ အရွေ့တွေကို ချဉ်းကပ်နေကြတဲ့ အရွယ်စုံလူတွေကိုယ်တိုင်ဟာအမရဲ့”အောင်မြင်မှုပြဒါးတိုင်”တွေ ဖြစ်နေပြန်ပါလား။


https://www.ludunwayoo.com/opinion-mm/2025/06/14/123992/
🥰6233👍8😁1🤮1
ထောက်ကြန့်မြို့နယ်ရှိ စစ်ကောင်စီဘန်ကာကို အဝေးထိန်းမိုင်းဖြင့် ပြောက်ကျားအဖွဲ့တိုက်ခိုက်

ဇွန်-၁၄၊ ၂၀၂၅။ သတိုး/People's Spring

ရန်ကုန်မြို့ ထောက်ကြန့်မြို့နယ် အမှတ် ၃ လမ်းနှင့် အမှတ် ၇ လမ်းထောင့်ရှိ စစ်ကောင်စီ ဘန်ကာကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame(OF)အဖွဲ့တာဝန်ရှိသူက ပြောသည်။

"အဝေးထိန်း နှစ်လုံးသုံးခဲ့ပါတယ်။ တစ်လုံးပဲ ကောင်းကောင်းအောင်မြင်ခဲ့ပါတယ်။ တစ်လုံးက ပေါက်ကွဲအားနည်းသွားခဲ့ပါတယ်။ စစ်ခွေးအစောင့် သုံးကောင်အပြင်ထွက်ချိန် ဆွဲလိုက်တာ တစ်ကောင်ပဲ ထိပြီးလဲကျသွားပါတယ်" ဟု ၎င်းကပြောသည်။

ယင်းစစ်ဆင်ရေးကို ဇွန် ၁၃ ရက် ည ၈နာရီ ၂၀ မိနစ်တွင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များအားလုံးဘေးကင်းကြောင်း ၎င်းကဆိုသည်။

Operation Flame အနေဖြင့် ရန်ကုန်တော်လှန်ရေး မဟာမိတ်များဖြင့် ပူးပေါင်း၍ စစ်ကောင်စီကို အရှိန်မြှင့် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

OF အဖွဲ့သည် မေလအတွင်းက သန်လျင်တံတားအဆင်း၌ ပြည်သူများကို ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့သည်။
54👍33👏3😁2🤣2🫡2🥰1
👍395🔥3
မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ညီ​နောင်သုံးဖွဲ့နှင့်တရုတ်တို့ စစ်ကောင်စီကိုနောက်ကောက်ချပြီလား

ဇွန်-၁၃၊၂၀၂၅။အိမ်သွင်/People's Spring

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာ
မိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

MNDAA၊ AAနှင့်TNLAက ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တိုက်ခိုက်ပြီး ၁၀၅ မိုင်နယ်စပ်ကုန်သွယ်​ရေးဇုန် နှင့် ကျင်စန်း​ကျော့ဂိတ်တို့ကို ထိန်းချုပ်ထားပြီးကျင်စန်းကျော့ဂိတ်တွင်ဇူလိုင် ၁ ရက်နေ့မှစ၍
တရားဝင် အခွန်ကောက်မည်ဟု ကြေညာထား
သည်။

ထိုသတင်းထွက်လာသည့် ဇွန်လ ၁‌၁ရက်က နှမ်း၊ ပဲတီစိမ်း၊ မြေပဲများတင်ဆောင်လာသည့် ကား
၂၂စီးကို လားရှိူးမှ သိန္နီဘက်အထွက် ရေပူစမ်းစုပေါင်းဂိတ်အနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ကုန်သည်တစ်ဦးကပြောသည်။

"တရုတ်ကို ပို့မယ့်ကုန်တွေကဖမ်းတယ်။အဓိကက မဟာမိတ်‌တွေဘက်က မသွားဘဲ ရှမ်းတောင်ဘက်ကနေ သွားဖို့ စကစက ပုံစံသွင်းနေတယ်။ အထူး
သဖြင့် မဟာမိတ်တွေဘက်ကို ဖြတ်ထားတာ" ဟု ကုန်သည်တစ်ဦးကသုံးသပ်ပြောသည်။

တရုတ်နိုင်ငံနှင့်ကုန်သွယ်ရာတွင်ရှမ်းပြည်နယ်အ
ရှေ့ပိုင်းရှိ မိုင်းလားနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် အများဆုံးကုန်သွယ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု ကုန်သည်အချို့ပြောသည်။
မိုင်းလားနယ်စပ်ကိုမိုင်းလားလက်နက်ကိုင်အဖွဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)
က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ စီးပွားကူး
သန်းဝန်ကြီးဌာနက ကျိုင်းတုံမြို့တွင်အခြေချ၍ အခွန်ကောက်နေသည်။

ရှမ်းပြည်နယ် ​​မြောက်ပိုင်းမူလားရှိုးမြို့ ပေါ်ကွက်ကွက်လေးကိုသာ တရုတ်ကြားဝင်စွက်ဖက်မှု​ကြောင့် စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှမ်းမြောက်တခွင်လုံးသည် တော်လှန်ရေးအင်
အားစုများလက်ထဲတွင်ရှိနေသည်။ လားရှိုးမြို့မှ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်သို့ သွားသည့် ပြည်ထောင်စုလမ်းအတိုင်းဆိုပါက လားရှိူး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မူဆယ် မြို့တို့ကိုဖြတ်သွားသည်။

လားရှိုးမြို့ပေါ်ကို စစ်ကောင်စီကထိန်းထားပြီး လားရှိုး-သိန္နီကြားနှင့် သိန္နီမြို့ပေါ်ကို MNDAAက ထိန်းချုပ်ထားသည်။ ကွတ်ခိုင် -နမ့်ဖက်ကာမြို့တို့ကို KIA နှင့် TNLAက ထိန်းချုပ်ထားပြီး မူဆယ်မြို့ပေါ်ကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ထိန်း
ချုပ်ထားသည်။ မူဆယ်မြို့နယ်အတွင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် တုံခမ်ရွာလမ်းမှတဆင့် သွားရသည့် ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်းမဟာ
မိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည်။

ကျင်စန်းကျော့ဂိတ်မှ အခွန်ကောက်ခံမည့်ကိစ္စနှင့်ပတ်သက်၍ မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ရာ၌ တရုတ်-မြန်မာနယ်နယ်စပ်ဂိတ်များ ပိုမိုဖွင့်လှစ်၍ ကုန်ကားများအဝင်အထွက်များလာခြင်းကြောင့် ဇူလိုင် ၁ ရက်နေ့မှစတင်၍ ကုန်သွယ်မှုအသွင်းအထုတ် ဂျူတီဆောင်ခနှုန်းထားများကို စီမံခန့်ခွဲမည်ဖြစ်ပြီး အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်စနစ်နှင့်ယာဉ်မှတ်ပုံတင်ခြင်းစနစ်များကို အဆင့်မြှင့်တင်မည်ဟု အသိပေးထားသည်။

နယ်စပ်ကုန်သည်များ၊ ဂျူတီဆောင်ကုမ္ပဏီများ၊ ကုန်ကားဂိတ်များအနေဖြင့် ဇူလိုင်လ ၁ ရက်နေ့မတိုင်မီညီနောင်သုံးဖွဲ့၏ အကောက်ခွန်ဌာန လက်
အောက်ခံ ကျင်းတာ ကုန်စည်ပို့ဆောင်ရေးဌာနတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် ယာဉ်မှတ်ပုံတင်ခြင်းများကို ပြီးစီးအောင် လုပ်ဆောင်ရန် အသိပေးထားသည်။ ကိုယ်တိုင်ကြိုတင်အခွန်အကောင့်ဖွင့်ခြင်း၊ ယာဉ်အဝင်အထွက်ကြိုတင် မှတ်ပုံတင်ခြင်းနှင့် ကတ်ပြားများ ထုတ်ပေးခြင်းများကို မဟာ
မိတ်ညီနောင် သုံး ဖွဲ့၏ အကောက်ခွန်ဌာနက ဆောင်ရွက်မည်ဟုအသိ​ပေးထားသည်။

ဇူလိုင်လ ၁ ရက်နေ့ နယ်စပ်ကုန်သွယ်ရေး မစတင်မီ မှတ်ပုံတင်ရမည်ဖြစ်ပြီး လုပ်ငန်းနှောင့်နှေးကြန့်
ကြာမှုမဖြစ်စေရန် စာရွက်စာတမ်း အထောက်
အထားများကို အမြန်ဆုံး ပြင်ဆင်ထားရန် ကျင်စန်းကျော့ဂိတ်တွင် တရားဝင် ကြေညာထားသည်ဟု ကုန်သည်အချို့ကပြောသည်။

"ကျင်စန်းကျော့ဂိတ်ကိစ္စမှာတရုတ်ကမဟာမိတ်တွေကိုနည်းပညာပါအကူအညီပေးနေတာ။မူဆယ်
မှာဆို ကျန်တဲ့ဂိတ်တွေကို မသုံးသေးဘူး။ မဟာ
မိတ်သုံးဖွဲ့ကို အခွင့်အရေးပေးလိုက်တဲ့ သဘောပဲ။ စစ်ကောင်စီကတော့ အစာကျေမှာမဟုတ်ဘူး"ဟု မူဆယ်မြို့ခံ ကုန်သည်တစ်ဦးကပြောသည်။

စစ်ကောင်စီသည် တရုတ်အစိုးရ၏ အကူအညီယူပြ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် ဆွေးနွေးမှုများရှိနေသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားဆဲဖြစ်သည်။ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်သူများကို အရေးယူမည်ဟုလည်းကြေညာထားသည်။ ထို့ကြောင့်မြောက်ပိုင်းသုံးဖွဲ့ထိန်းချုပ်ထားသည့်နေရာများကို အသုံးပြုနေသည့်ကုန်
သည်များ၊ ယာဉ်မောင်းများက စိုးရိမ်မှုများရှိနေ
သည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီက တရုတ်နိုင်ငံသို့ကုန်သွယ်ရေးအတွက် ရှမ်းပြည်
🤣4020👍10🔥1
နယ်တောင်ပိုင်းလမ်းကို ပိုမိုအသုံးပြုရန် ကြိုးပမ်းနေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှတဆင့် တ
ရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် လားရှိုး-သိန္နီ- ချင်းရွှေဟော်- လောက်ကိုင်လမ်းလည်း ရှ်ိသည်။ လားရှိုးမြို့‌ ပေါ်ကို စစ်ကောင်စီထံ MNDAA က ဧပြီလကပြန်ပေးပြီးနောက်ပိုင်း ချင်းရွှေဟော်နှင့် လောက်ကိုင်နယ်စပ်ဂိတ်များပြန်ဖွင့်ထားသော်
လည်း ကုန်စည်စီးဆင်းမှုနည်းပါးနေဆဲဟု သတင်း
ရရှိသည်။

မြန်မာသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုကျော်ရှိပြီး အများအပြားကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။ ထိုအခြေအနေတွင် စစ်ကောင်စီက ကုန်သွယ်ရေးကဏ္ဍမှတစ်ဆင့် တော်
လှန်ရေးအင်အားစုများထံ ငွေကြေးများစီးဆင်းနေသည်ဟု ခေါင်းစဉ်တပ်ကာတရားမဝင် ကုန်
သွယ်မှုများကို ပြင်းပြင်းထန်ထန် နှိမ့်နင်းမည်ဟု ခြိမ်း​ခြောက်ထားသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက
ဥက္ကဋ္ဌနေရာယူထားသည်။နေပြည်တော်တွင်မေ ၂၆ရက်က ပြုလုပ်ခဲ့သည့်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအစည်းအဝေးတွင်လည်း တရားမဝင်ကုန်သွယ်မူများကို တိုက်ဖျက်ရန် ထပ်မံသတိ
ပေးသွားသည်။ထို့အပြင် ကုန်စည်သယ်ဆောင်မှုများနှင့်ပတ်သက်၍လည်း သတင်းပေးများကိုစစ်ကောင်စီကမွေးထားသည်။ အဆိုပါသတင်းပေးများကို ဖမ်းမိထားသည့်ကုန်စည်တန်ဖိုးအလိုက် စစ်ကောင်စီက ငွေကြေးမက်လုံးပေးထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှကုန်သည်တစ်ဦးကမူကုန်သွယ်ရေးနှင့်ပတ်သက်၍ စစ်ကောင်စီသည် တည်ငြိမ်သည့်မူဝါဒမရှိဘဲ ဖမ်းချင်သလိုဖမ်းနေကြောင်း၊ နိုင်ငံရေးအရအစာမကျေမှုများကို အညှိုးထားကာ တော်လှန်ရေးအင်အားစုများဘက်မှထွက်လာသည့်ကုန်စည်များ(သို့မဟုတ်)တော်လှန်
ရေးအင်အားစုများဘက်သို့ ဦးတည်သည့်ကုန်စည်များကို အကြောင်းပြချက်မျိုးစုံဖြင့်ဖမ်းဆီးနေ
သည်ဟု ပြောသည်။လက်ရှိကုန်သွယ်ရေးအခြေ
အနေများသည် ကြိုးတန်းပေါ်လျှောက်နေရသည့်အနေအထားဟု သုံးသပ်သည်။

"လားရှိုးကိုစစ်တပ်လက်ထဲပြန်မပေးခင်တုန်းက
တော့ ရှမ်းမြောက်ကို တရုတ်က ရိက္ခာဖြတ်တယ်။ အခုကျတော့ စစ်တပ်ကို လားရှိုးကနေ စောင့်ပြီး စားဂွင်ပေးထားတယ်။ ရှမ်းမြောက်ကုန်သွယ်ရေးကို မဟာမိတ်တွေကို ပေးလိုက်ပြီ။ ဒါပေမယ့် ဒါကတည်ငြိမ်တဲ့ အဆုံးသတ်အဖြေမဟုတ်သေးဘူး" ဟုအထက်ပါကုန်သည်ကဆိုသည်။
👍648🤬6👏2🤮2
ညီ​နောင် မဟာမိတ် ၃ ဖွဲ့  နှင့် နယ်စပ်ကုန်သွယ်​ရေးဇုန်ကိုသိမ်းပိုက်ခဲ့စဥ်/ ယခင်ကကျင်စန်း​ကျော့ဂိတ် / ညီ​​နောင်သုံးဖွဲ့​ကြေညာချက်။ဓါတ်ပုံ-AA၊3BA 1027 ၊ CJ
👍8111🥰3🔥2
ရွှေဘိုနယ်၊ဆယ်ပင်ကျွန်းပျူစခန်းကိုPDFနှင့်ပကဖ တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၁၈ဦးဖမ်းမိပြီးလက်နက် ၁၀ လက်ရ

■၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်
PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်

ဇွန်-၁၄၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆယ်ပင်ကျွန်းပျူစောထီးကျေးရွာအား တိုက်ခိုက်သိမ်းပိုက်မှုအ
တွင်းစစ်ကောင်စီ လက်​အောက်ခံပျူစောထီး၁၈ဦး
အရှင်ဖမ်းမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ
တော်(PDF)ရွှေဘိုခရိုင် အမှတ်(၁၈) တပ်ရင်းက သတင်းထုတ်ပြန်သည်။

PDF၊ ပကဖ ပူးပေါင်းတပ်များသည် ဇွန်လ ၉ရက်မနက် ၅ နာရီခွဲတွင် ဆယ်ပင်းကျွန်းရွာရှိ စစ်ကောင်စီတပ်လက်အောက်ခံပျူစောထီးအထိုင်စန်းများကိုစတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲချိန် ၄၅ မိနစ်တွင်စခန်းကိုသိမ်းနိုင်ခဲ့​ကြောင်းဖော်ပြသည်။

တိုက်ပွဲတွင်ပျူစောထီး ၁ ဦး သေဆုံးခဲ့ပြီး၊ပျူစော
ထီးအရှင်၁၈ဦးကိုလက်ရဖမ်းဆီးရမိခဲ့ကာ၊ပျူများထံမှG3 ၂ လက်၊ကာဘိုင်၆လက်၊၁၂ဗို့ ၂လက် နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းဇွန်၁၄ ရက်တွင်ထုတ်ပြန်သည်။

တိုက်ပွဲအခြေအနေနှင့် လက်ရှိ စစ်ရေး အခြေ
အနေများနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် တပ်ရင်း
(၁၈)အား ဆက်သွယ်မေးမြန်းရာ သတင်းထုတ်ပြန်ထားသလောက်သာ ဖြေကြား၍ ရသည်ဟု တပ်ရင်း(၁၈) ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက ပြောသည်။

စစ်ကောင်စီဘက်ကY12လေယာဉ်ဖြင့်ဗုံးသီး ၁၉
လုံး ကြဲချ ပစ်ကူပေးသကဲ့သို့ အခြား ပျူစောထီးရွာများကလည်းလက်နက်ကြီးများပစ်ခတ်တိုက်
ခိုက်ခဲ့ကြောင်း၊စစ်ဆင်ရေးအတွင်းညီနောင် မဟာ
မိတ်တပ်ရင်းများ ဘက်ကအထိအခိုက်မရှိ ပြန်
လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း
(၁၈)က အသိ​ပေးသည်။

"အဲဒီပျူတွေက နိုင်ရာနိုင်ရာ ဘေးပတ်ပတ်လည်ရွာတွေက ပြည်သူတွေကိုလည်း အနိုင်ကျင့်တယ်။ သူတို့လိုချင်တာအကုန်ယူတယ်။ အမျိုးသမီးတွေဆိုရင် မုဒိန်းကျင့်တယ်။.... သူတို့လက်ထဲသေနတ်
ရှိတယ်ဆိုပြီး တစ်ရွာလုံးက သူတို့ကိုမထောက်ခံတဲ့သူတွေအကုန်လုံးကိုကျွန်သဘောမျိုလုပ်
ဆောင်တာတွေလည်း အများကြီးရှိတယ်။"​ဟုရွှေ
ဘိုခရိုင် အမှတ် ၁၅ တပ်ရင်း​၏တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောသည်။

ယခုတိုက်ခိုက်ခဲ့သည့်ပျူစောထီးများသည်တရွာထဲနေ အမျိုးသမီးငယ်များကို အလိုမတူပဲမဒိန်းကျင့်ခြင်း ၊ လူသတ်ခြင်း နှင့် အခြားရွာမှ ပြည်သူ
များကိုလည်း ပစ်ခက်သတ်ဖြတ်ခြင်းများ ကျူလွန်ကြသည်ဟု သိရကြောင်းရွှေဘိုခရိုင်တပ်ရင်း
(၁၈)က ထုတ်ပြန်သည်။

စစ်တပ်လက်အောက်ခံ ပျူရွာများ အနေဖြင့် အမြန်ဆုံးအလင်းဝင်ရန်လိုအပ်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၁၈) ပြောရေးဆိုခွင့်ရှိသူ ကိုနေမျိုးက ပြောသည်။

“ပျူရွာတွေ အနေနဲ့စကစ နဲ့ဆက်လက်ပူးပေါင်း နေရင်ပြင်းထန်တဲ့အရေးယူတိုက်ခိုက်မှုကိုမကြာမီ ခံရဖို့ ရှိပြီးအချိန်မီ အလင်းဝင်ကြဖို့တိုက်တွန်း လို ပါတယ်” ဟု ကိုနေမျိုးက ပြောသည်။

အမှတ်၉၀၇၆တပ်ရင်းမှူး ကိုလက်ျာကလည်း
"အဲဒီရွာကအရင်ကတော့ပျူစောထီးတွေရော၊စကစရော လာထိုင်တယ်။အခုကရေတိုးလို့မထိုင်တော့
တာလို့ သိရတယ်။ယူနီဖောင်း တွေဆိုပြည်သူ့စစ်ယူနီ ဖောင်း တွေပေးထားတာရှိတယ်"ဟုပြောသည်။

ယခုတိုက်ပွဲသည် ဝက်လက်မြို့နယ်အတွင်းက ရွှေဘိုင်ခရိုင်တပ်ရင်း ၆ရင်း၏ ပထမဆုံးပူး ပေါင်းတိုက်ပွဲ၏ အောင်မြင်မှုဖြစ်ပြီး နောက်ထပ်လည်း
ပိုကြီး​သောအောင်ပွဲများကို ရယူ​ပေးသွားမည်ဟု ကိုလက်ျာက ပြောသည်။

တိုက်ပွဲတွင် ပါဝင်ခဲ့​သောတပ်ရင်းများသည် ၁၀၂၇ စစ်ဆင်ရေး နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင်ရှမ်းပြည်
နယ်မြောက်ပိုင်းတိုက်ပွဲများနှင့်မန္တလေးတိုင်းအ
တွင်းမြို့သိမ်းတိုက်ပွဲများတွင် ပါဝင်ခဲ့​သော အညာတပ်ရင်းများဖြစ်သည်။
70👏23👍12🔥1😁1
ဖမ်းဆီးရရှိ​သော ပျူစစ်သုံ့ပန်းများ နှင့် လက်နက်
ခဲယမ်းများ။ဓါတ်ပုံ-​ရွှေဘိုခရိုင်PDF တပ်ရင်း-၁၈
👍8710💩7🔥1
ဖမ်းဆီးရရှိ​သော ပျူစစ်သုံ့ပန်းများ နှင့် လက်နက်
ခဲယမ်းများ/ဖမ်းဆီးရမိခဲ့သောပျူများအားတွေ့ရစဥ်။ ဓာတ်ပုံ-ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း၊
ဓါတ်ပုံ-​ရွှေဘိုခရိုင်PDF တပ်ရင်း-၁၈
👍9312🔥3
■Short Story

‘အမေ့ရဲ့ မိလေး’

◼️မအိ (ရေကြည်)

မိ‌လေး။ နာမည်ရှေ့မှာ မိတပ်ထားတော့ မွန်လူမျိုးဟု ထင်ကြမည်ထင်သည်။ သို့‌သော် မဟုတ်ပါ။ အဖေ ဗမာ အမေ ဗမာမှ မွေးထားသော ဗမာစစ်စစ်တယောက်ဖြစ်သည်။ မိ‌လေးဟူသော အမည်မှာ ကျမအမေ ကျမကိုခေါ်သော နာမည်ဖြစ်သည်။ အလုပ်လုပ်ရာတွင် ဖြည်းဖြည်း လေး‌လေး နှေးနှေးကွေးကွေး လုပ်တတ်သောကြောင့် မိလေးဟု ခေါ်ခြင်းဖြစ်သည်ဟု အမေကပြောသည်။

အမေ အလုပ်တခုခုခိုင်းလျှင် တော်တော်နဲ့ မပြီးသောကြောင့် ကျမကို အမေစိတ်မရှည်ပါ။ ကျမကို စိတ်မရှည်တိုင်း မိ‌လှေး (မိလေး) ဟု အသံကျယ်နှင့် အမေခေါ်တတ်သည်။ အမေ အဲ့သလိုခေါ်လျှင် အလုပ်ပိုကြာတတ်သည်ဟု ကျမထင်သည်။ အမေ့ကိုကြောက်၍ ပိုကြာသည်မဟုတ်။ ကျမဝသီအတိုင်း အလုပ်တခုလုပ်လျှင် သပ်သပ်ရပ်ရပ်နှင့် စနစ်တကျ တအေးတဆေးလုပ်တတ်သောကြောင့် ကြာရခြင်းဖြစ်သည်။

ကျမအမေအကြောင်း ပြောပြရဦးမည်။ အမေသည် ငယ်စဉ် ကလေးဘဝကတည်းက မိဘများဆုံးပါးခဲ့ရာ အရီးဖြစ်သူထံတွင် နေခဲ့ရသည်။ အရီးဖြစ်သူက ကိုင်းလုပ်သည်။ ရာသီကုန် စိုက်ပျိုးရောင်းချသည်။

အရီးဖြစ်သူထံ ရောက်လာသော အသက် ၈ နှစ်ကျော်အရွယ် ကလေးမလေး (အမေ) သည် အသက်အရွယ်နှင့်မမျှအောင် အလုပ်လုပ်ရသည်။ မနက် ၃ နာရီ‌ကျော်တွင် အိပ်ယာထကာ အိမ်သားများအတွက်၊ ကိုင်းထဲရှိ လုပ်သားများအတွက် ထမင်း ဟင်း ချက်ရသည်။ မနက် ၄ နာရီကျော်သည်နှင့် ရာသီကုန် ဟင်းသီးဟင်းရွက်များကို ခံတောင်း အကြီး အငယ်ထဲ ရေစိုအဝတ်ပတ် ထည့်ရွက်ကာ အိမ်နီးချင်း ရာသီကုန်ရောင်းသူများနှင့် တမိုင်ကျော်ဝေးသောဈေးတွင် လမ်းလျှောက်၍ သွားရောက် ရောင်းချရသည်။ ဈေးတွင် မနက်စာစားရသည်။

နေမြင့်ချိန် ၈ နာရီခန့်တွင် ဈေးရောင်း၍ကုန်သည်နှင့် တမိုင်ကျော်ဝေးသော နေအိမ်သို့ ခံတောင်းခွံကိုရွက်ကာ ခြေလျင်ပင် လျှောက်ပြန်ရသည်။ တခါတရံ ဈေးဝယ်က ဆန်နှင့်လဲလျှင် အပြန်တွင် ဆန်ရွက်ပြန်ရသည်လည်းရှိသည်။ မနက် ၉ နာရီခန့်တွင် အိမ်ပြန်ရောက်သည်။ ရေမိုးချိုးပြီးသည်နှင့် နေ့လယ် စာစားကာ နောက်တနေ့ရောင်းရမည့် ရာသီကုန်ခူးရန် ကိုင်းထဲလိုက်ရသည်။

ကိုင်းထဲတွင် ရာသီကုန်ဖြစ်သည့် မြေပုံသီး၊ နံနံ၊ ခရမ်းသီး၊ ငရုပ်၊ ပဲသီး အစရှိသည်တို့ကို ခူးဆွတ်ကာ ညနေ ၄ နာရီခန့်တွင် အိမ်ပြန်ကာ ညစာအတွက် ချက်ပြုတ်ရသည်။ ညရောက်ပြန်လျှင် ထမင်းစားပြီးသည်နှင့် နေ့လယ်က ခူးဆွတ်လာသော ရာသီကုန်များကို ကြိုးစည်ခြင်း၊ ချိန်တွယ်ခြင်း ပြုလုပ်ရသည်။ ည ၈ နာရီခန့်တွင် အိပ်ယာဝင်ရသည်။ နိစ္စဓူဝ ဤအတိုင်းပင် အမေ့ငယ်ဘဝကို ဖြတ်သန်းခဲ့ရသည်။

အလုပ်ကို ဇယ်ဆက်သလို လုပ်ကိုင်ခဲ့ရသော အမေ ကျမကို စိတ်မရှည်သည်မှာ အံ့ဩစရာတော့ မဟုတ်။ ကျမတို့ မောင်နှမတတွေကို မွေးပြီးချိန်တွင်လည်း အမေသည် သားသမီးငါးယောက်ကို တဦးတည်း ပြုစုရသည်။ အိမ်အလုပ် လုပ်ရသည်။ လယ်ထဲအလုပ်လည်း ဝင်ပါရသည်။ ကျမတို့အဖေက လမ်းများသည်။ အပေါင်းအသင်းများသည်။ လယ်ချိန် ကိုင်းချိန် မဟုတ်လျှင် အိမ်သိပ်မကပ်တတ်။

အမေနှင့်နေရချိန်များသော ကျမတို့က အမေကို မကြောက်။ အမေဆူလျှင်လည်း မမှု။ တခါတရံ အရိုက်အငေါက်ခံရသော်လည်း အမေကိုချစ်သည်။

တခါက ကျမ၏ လေးလံနှေးကွေးမှုကြောင့် အမေနှင့်အဖေ ပြဿနာဖြစ်ခဲ့ရသည်။ စကားများကြသည်။ ကျမကြောင့်ဟု ဆိုသော်လည်း ကျမကြောင့်သက်သက်တော့မဟုတ်။ အစရှိပြီးသား ပြဿနာ‌ကြောင့်ဖြစ်သည်။

အဲဒိတုန်းက ကျမအသက် ၈ နှစ်အရွယ်။ ကျမတို့ လက်ရှိနေသည့်အိမ် ဆောက်နေဆဲကာလ။ တညနေတွင်ဖြစ်သည်။ အမေက ကျမအဖေ ဖောက်ပြန်နေသည်ဟုထင်ကာ ကျမကိုခေါ်ကာ ဘေးရွာသို့ သွားစုံစမ်းရန် ထွက်လာသည်။ တာလမ်းမပေါ်ရောက်သည်တွင် ကျမ မုန့်ယူရန် မေ့ခဲ့သည်ကို သတိရကာ အမေ့လက်လွှတ်ပြီး အိမ်ပြန်သည်။ အမေက ကြာမှာစိုး၍ မပြန်ရန်ပြောသည်။ ကျမက မရ။ အမိုး မိုးထားသော်လည်း အကာအရံ မလုပ်ရသေးသော တဝက်တပျက်အိမ်တွင် ကျမကြိုက်တတ်သော ငါးမုန့်ကို ထားထားသည်။ ကျမအပြင်သွားလျှင် ယူရန် စီစဉ်ထားသော်လည်း အပြင်သွားသည့်အခါ မေ့ခဲ့ခြင်းဖြစ်သည်။ တားမရသည့်အဆုံး အမေက အမြန်ပြန်လာရန်မှာသည်။ မုန့်ယူပြီးသည်နှင့် ပြန်လာသော်လည်း ကျမကြာနေ၍ အမေက လမ်းလျှောက်ရင်း သွားသည်။ အမေ့ကိုမတွေ့၍ ကျမငိုသည်မှစကာ ကျမအဖေသိသွားပြီး ပြဿနာဖြစ်တော့သည်။ အမေလည်း မသွားဖြစ်လိုက်ပါ။ အဲဒီပြဿနာလည်း စကားများရုံနှင့်သာ ပြီးသွားခဲ့သည်။ ကျမအဖေလည်း အဲဒိကစ အနည်းငယ် အိမ်ပြန်ကပ်လာသည်။

ကျမကို အမေကပြောသည်။ ညည်းက နှေးတာမဟုတ်ဘူး လေးတာ။ လေးကွေးတာဟု မကြာခဏပြောသည်။ ကျမကတော့ ကျမနှေးခြင်းသည် မြန်ဖို့မလိုအပ်သည့်နေရာတွင် နှေးခြင်းဖြစ်သည်ဟု ခံယူသည်။

၂၀၂၁ခု နှစ် အာဏာသိမ်းစ ကာလကဖြစ်သည်။ ကျမတို့ ဆူးလေဘုရားအနီးက ဂုံးတံတားပေါ်မှာ ဆန္ဒပြနေစဉ်အတွင်း ဂုံးတံတားအောက်တွင် စစ်ကောင်စီလက်အောက်ခံတွေက ဆန္ဒပြသူတွေကို ရုတ်တရက် ပစ်ခတ်ဖမ်းဆီးကြသည်။ တံတားပေါ်မှ ဝရုန်းသုန်းကား ပြေးဆင်းကာ လွတ်မြောက်ခဲ့ကြသည်။ လေး၍ နှေး၍ မဖြစ်သောအချိန်တွင် ကျမမြန်ပါသည်။

လက်ရှိတိုင်းတပါးတွင်လည်း လိုအပ်သည့်အခါ ကျမ မြန်ရသည်။ ကျမတို့ငှားရမ်းနေထိုင်ရာ ခြံဝန်းအတွင်း၌ လေးထပ်တိုက်တလုံးနှင့် အခန်းများရှိသော တထပ်တိုက်တန်းလျားတခု ရှိသည်။ ကျမတို့က လေးထပ်တိုက်၏ နှစ်ထပ်မြောက်က အခန်းတခုတွင် နေသည်။
👍297🔥1
တညတွင်ဖြစ်သည်။ ကျမ ညနေစာ စောစောစားပြီး၍ ကျမတို့တိုက်က အသိနှင့် ကြက်တောင်ရိုက်နေစဉ် ကျမတို့နေထိုင်ရာတိုက်သို့ ကားတစီးနှင့် မျက်နှာစိမ်းများ ရောက်လာသည်။ ကျမတို့‌ နေသည့်တိုက်သည် မိုတယ်လိုနေရာမျိုးဖြစ်တာကြောင့် အခန်းလာငှားသူများဟုသာထင်ကာ ဆက်က‌စားနေသည်။ ထို့နောက် ကျမမျက်လုံးထဲ ပိုးကောင်ဝင်သွား၍ အခန်းတွင်ကျန်ခဲ့သော အမျိုးသားကို ဖုန်းဆက်ခေါ်ရသည်။ သူရောက်လာပြီး ခနအကြာတွင် စောစောက လူစိမ်းတအုပ်အကြောင်း အသိထံက သိလိုက်ရသည်။

ကျမတို့တိုက်က အခန်းတခုတွင်နေသည့် အမျိုးသားတယောက် လမ်းမှာ မူးယစ်ဆေးသုံးစွဲနေတုန်း ရဲနဲ့မိတာကြောင့် အခန်းအထိ လာရှာကြခြင်းဖြစ်သည်။ ထိုသူနေသည့်အခန်းကို ရှာကြသည်။ မူးယစ်ဆေးတွေ့သဖြင့် ထိုသူ၏ အမျိုးသမီးကိုပါ ဖမ်းသွားကြသည်။

အသိထံမှ ထိုအကြောင်းကြားကြားချင်း ကျမတို့လင်မယား အမြန်ပင် တခြားနေရာထွက်ကြရသည်။ အမြန်မထွက်၍ မဖြစ်။ ကျမတို့တွင် ဗီဇာသက်တမ်းကုန်နေပြီ။ မတော်၍ ကျမတို့အခန်းတွေကိုပါ စစ်ဆေးလျှင် မူးယစ်ဆေးမရှိသော်ငြား ဗီဇာကုန်နေသောကြောင့် အန္တရာယ်ဖြစ်နိုင်သည်။ အခြေအနေနဲ့ အချိန်အခါအရ ကျမတို့ မနှေးသောကြောင့် လွတ်မြောက်ခဲ့ကြရသည်။

ဒီတခါ အိမ်ပြန်ရောက်ရင်တော့ ကျမ မိလေးမဟုတ်ကြောင်း အမေ့ကို ‌ပြောပြရဦးမည်။ ။

(The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'မအိ (ရေကြည်)' ရေးဖွဲ့တဲ့ "အမေ့ရဲ့ မိလေး"
ဝတ္ထုတိုကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
27👍10🔥21
44👍17🤮1