People's Spring
61.7K subscribers
68.2K photos
1.18K videos
7 files
2.96K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ကော့ကရိတ်မြို့နယ်ကို စစ်တပ်ကစစ်ကူအများအပြားပို့​နေပြီး တိုက်​ပွဲ​တွေပြင်းထန်​နေ

ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People's Spring

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသ
မှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ကော့ကရိတ်မြို့အဝင်က စစ်ကောင်စီရဲ့ အမှတ်
(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)နဲ့ မြို့ထဲက အမှတ်(၉၇)ခြေလျင်တပ်ရင်းကို စစ်ကူအများအပြားပို့နေတယ်လို့ ဆိုပါတယ်။ကစခ−၁၂
က အင်အားကို ကော့ကရိတ်ကနေ ကျုံဒိုးမြို့သွားတဲ့ လမ်းပိုင်းကို စစ်ကြောင်းထိုး စစ်ကူပို့တာဖြစ်ပြီး ခလရ(၉၇)တပ်ရင်းက အင်အားကိုတော့ အာရှလမ်းပိုင်းမှာ တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းဆီ စစ်ကူပို့နေတာလို့ ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ဇွန်လ ၇ရက်မှာ ကော့ကရိတ်မြို့အထွက်အာရှလမ်းမကြီးပေါ်က ကော့နွှဲ့၊တတန်ကူးကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်ကအလောင်းနှစ်လောင်း ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

"အောင်ဇေယျကို အင်အား ၂၀၀ လောက်ထပ်ပို့လာတယ်။အဲတော့တောင်ပေါ်မှာရောပေါင်းရင် စုစုပေါင်း ၄၀၀လောက်တော့ ရှိလာမယ်"လို့ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၈ရက်မနက်မှာလည်း ကော့ကရိတ်နဲ့ မြဝတီမြို့နယ်အစပ်က ကွင်းကလေးကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ကစခ−၁၂ကနေထွက်သွားတဲ့စစ်
ကြောင်း နဲ့ တော်လှန်ရေးတပ်တွေ ကိုးတိုင် နဲ့ ခုနှစ်တိုင် ရွာလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ကောင်စီတပ်က ကျုံဒိုးမြို့လက်မလွှတ်ရဖို့ စစ်ကူတွေထပ်တိုးပြီးခံစစ်ပြင်​နေတာဖြစ်ပါတယ်။ KNLA၊PDFပူးပေါင်းတပ်တွေ​တွေရဲ့ထိုးစစ်ကို စစ်တပ်က လေကြာင်းကနေ အကြိမ်​ရေများစွာဗုံးကြဲသလို ၊အဆင်မြင့်ဒရုန်းတွေ သုံးခုခံနေတယ်လို့ မြေပြင်ကရဲဘော်အချို့က ပြောပါတယ်။

"အဲဒီဘက်မှာလည်း ကြမ်းနေတာပဲ"လို့ ကော့ကရိတ်ဒေသက အခြားတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း−မြန်မာနယ်စပ်တ​လျှောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကိုဆက်တိုက် သိမ်းပိုက်နေသလို ကုန်သွယ်​ရေးအတွက် အရေးပါလှတဲ့ အာရှလမ်းပေါ် ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့တပ်မဟာ
(၆) နယ်မြေက ကော့ကရိတ်မြို့ဝန်းကျင်နဲ့ ကော့ကရိတ်မြို့ကနေ ဒေါနတောင်ပေါ် တောနောရေတံ
ခွန်အထိ နေရာယူထားတဲ့ အောင်ဇေယျစစ်
ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊၊PDFပူးပေါင်းတပ်တွေက အပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ပြီး​တော့ထိုးစစ်အရှိန်မြှင့်ပြီးတိုက်ခိုက်တာမို့ ပြီးခဲ့တဲ့လပိုင်းကတည်းက အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကော့ကရိတ်မြို့တောင်ပိုင်း နဲ့ မြောက်ပိုင်း နေရာတွေရယ် ၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့လမ်းပိုင်း တလျှောက်မှာပါ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင်တော်လှန်ရေးပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီလို့ အဲဒီဒေသက PDF တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

အခုဆိုရင် အောင်ဇေယျစစ်ကြောင်းဟာ တောင်ပေါ်မှာအင်အား နှစ်ရာလောက်ပဲကျန်​တော့တယ်လို့သိရပါတယ်။အဲဒီ အဖွဲ့ကိုလည်း ​တော်လှန်​ရေးအဖွဲ့​တွေက ဖြတ်​တောက်ပိတ်ဆို့ထားတာပါ။ ဒါ့အပြင် ​တော်​နော် ရေတံခွန်ဘက်ခြမ်းမှာရှိတဲ့ စစ်
သား​တွေလည်း ဖြတ်​တောက်ပိတ်ဆို့ခံထားရပြီဖြစ်ပါတယ်။ ဒါ​ကြောင့် ဒီရက်တည်းမှာ စစ်တပ်က​အောင်​ဇေယျ စစ်​ကြောင်းဆီကို စစ်ကူ ၂၀၀ ​ကျော်ထပ်ပို့တာဖြစ်ပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းကိုလည်း တော်လှန်ရေးတပ်တွေက အခုရက်ပိုင်းအတွင်းမှာ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ မေလ ၃၁ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေက ခလရ(၂၇၅)
တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နောက်ပြီး ဇွန်လ ၄ ရက်မှာလည်း ဒရုန်းနှစ်စင်းနဲ့ ခလရ၂၇၅တပ်ရင်းထဲကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ခလရ ၂၇၅ထဲမှာ မြန်မာ - ထိုင်းနယ်စပ်က တပ်စခန်းသိမ်းပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတဲ့စစ်သားတွေပြန်လည်ဝင်ရောက်ရှိနေကြပါတယ်။စစ်ကောင်စီတပ်သားတွေ စခန်းသိမ်းတိုက်
ပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးပြီး ပြန်ပို့ရင်ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)
စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန်ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။

"သေဘောဘိုးကဟာရောပေါင်းရင် ၂၇၅ထဲမှာ ၅၀၀ကျော်နေပြီ"လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ​ကြောင့် ခလရ (၂၇၅)တပ်ရင်းထဲမှာ စုမိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးဖို့ ဟန်ပြင်နေတယ်လို့ ကော့ကရိတ်ဒေသက PDFတပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။
47👍27🔥3🥰2
"သူတို့က သင်္ဃန်းညီနောင်ကို အဲဘက်က ထိုးမယ်ပေါ့။ ဒီဘက်က အောင်ဇေယျကလည်း လက်ကျန်နဲ့ တက်မယ်ပေါ့။ သူတို့က အဲလိုပုံစံ စဉ်နေတာ"လို့ ၎င်းက ပြောပါတယ်။
👏383🔥3
(အာရှလမ်း​​ပေါ်တွင် ​အောင်​ဇေယျစစ်​ကြောင်းမှ သံချပ်ကာယာဥ်ကို ၂၀၂၄ ခုနှစ်မှာ​တော်လှန်​​ရေးတပ်ဖွဲ့​တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-​ကော်ဘရာ​ကော်လံ
53👍25😁2
ဟင်းအိုးတူးနံ့ကိုအလုံပိတ်ခန်းတွင်ကြာရှည်ရှုမိရာ အမျိုးသမီး နှစ်ဦးအသက်ရှူကြပ်သေဆုံး

■အမျိုးသားတစ်ဦးကို​လည်းဆေးရုံတင်ထားရ

ဇွန်-၈၊၂၀၂၅။ရောင်နီ/People's Spring

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းတွင် တိုက်ခန်းတစ်ခန်း၌ ဟင်းအိုးတည်ကာ အဲကွန်းဖွင့်အိပ်ရာမှ အသက်ရှုကြပ်၍ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"သူတို့က ဟင်းအိုးတည်ထားတာကိုမေ့ပြီး တူးသွားတာ။ အဲကွန်းခန်းထဲမှာဆိုတော့ အဲဒီ့အနံ့ကိုရှုမိပြီး အ‌ဆိပ်သင့်သွားတာပါ" ဟု ယင်းနေရာသို့ သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။

ဇွန် ၈ ရက် နံနက် ၁၀ နာရီခန့်တွင် သတင်းရခဲ့ခြင်းဖြစ်ပြီး ယင်းအိမ်ရှိ အမျိုးသမီး နှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးကို ဂျပန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟုဆိုသည်။

"အမျိုးသားကတော့ ICU ထဲမှာပဲရှိပါသေးတယ်" ဟုအထက်ပါပရဟိတအဖွဲ့ဝင်ကပြောသည်။

အဆိုပါဖြစ်စဉ်သို့ဘိုကလေးဈေးပရဟိတအသင်း ၊အဖြူရောင်ကမ်းလက် ၊လင်းလက်၊ ရှင်သန်ရေး ၊ ပီတိ‌မေတ္တာ လူမှူကူညီရေး အသင်းတို့ သွားရောက်ကူညီခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ရန်ကုန်မြို့ရှိ မြို့နယ် နှစ်ခုတွင် မီးပျက်နေ၍ မီးစက်မောင်းကာ အဲကွန်းဖွင့် အိပ်ရာမှ ကာဘွန်မို​နောက်ဆိုက် အဆိပ်သင့်ပြီးလူ​သေဆုံးခဲ့သည်။
😢429🔥6👍2👎1
သေဆုံးသွားသူများကို ကား​ပေါ်သို့တင်​နေစဥ်။ဓါတ်ပုံ- အဖြူရောင်ကမ်းလက်လူမှုကူညီ​ရေးအသင်း
😢454🔥2👍1👎1
PDFတွေဖမ်းထားတဲ့ဗိုလ်ကြီးနှစ်ဦးဟာ ငွေးကြေးအရှုပ်အရှင်းနဲ့ လူမှုရေးပြဿနာကြောင့် ခွင့်မဲ့ပျက်
ကွက်နေသူတွေလို့ စစ်ကောင်စီဝါဒဖြန့်

■ "ဖမ်းမိတဲ့အတွက် ခွင့်မဲ့လို့ထွက်သွားတာပါ။ခွင့်မဲ့ဆိုပြီးတော့ပြေးတယ်ဆိုကျနော်တို့ကထိန်းသိမ်း
ထားပါ့မလား။ ကျနော်တို့ဖမ်းမိတာကြာပြီလေသူတို့ကခွင့်မဲ့ပျက်ကွက်တာလို့ထင်နေတာ။"
-ပုဂံဗိုလ်ချို PDF မှတာဝန်ရှိသူ

ဇွန်-၈၊၂၀၂၅။ကိုဘီဂျီ၊​ဇေ​အောင်/People's Spring

မန္တလေးတိုင်း၊ ပုဂံ၊ညောင်ဦးမြို့နယ်မှာ PDFတွေရဲ့ဖမ်းဆီးမှုခံလိုက်ရတဲ့ ဗိုလ်ကြီးနှစ်ဦးဟာ ငွေးကြေးအရှုပ်အရှင်းနဲ့ လူမှုရေးပြဿနာတွေကြောင့် ခွင့်မဲ့ပျက်ကွက်နေသူတွေလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးအဖွဲ့တွေက ဒီကနေ့(ဇွန်လ ၈ရက်)မှာ ဖော်ပြလာပါတယ်။

ကျန်းမာရေး နဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ဟာ မေလ ၁၇ရက်ကတည်းက တပ်ကနေ ခွင့်မဲ့ပျက်ကွက်နေသူတွေလို့ စစ်ကောင်စီအဖွဲ့က ဆိုပါတယ်။

မေလ ၂၀ရက်မှာ အဖမ်းခံလိုက်ရတယ်ဆိုပြီး PDFတွေက ဇွန်လ ၇ရက်မှာ ထုတ်ပြန်လာတာဟာ ရိုးသားမှုမရှိဘူးလို့လည်း စစ်ကောင်စီအဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် အဖမ်းခံရတဲ့ ဗိုလ်ကြီးနှစ်ဦးဟာ ချောက်မြို့ဘက်ကို ထွက်ပြေးပြီး PDFတွေနဲ့ သွားရောက်ပူးပေါင်းတာလို့လည်း စွပ်စွဲဖော်ပြထားပါတယ်။

စစ်သားနှစ်ဦးကိုဖမ်းဆီးထားတဲ့ ပုဂံ ဗိုလ်ချို (Bangan Bocho )PDFအဖွဲ့တာဝန်ရှိသူက​ "မဟုတ်ပါဘူး။ ဖမ်းမိတဲ့အတွက် ခွင့်မဲ့လို့ထွက်သွားတာပါ။ ခွင့်မဲ့ဆိုပြီးတော့ပြေးတယ်ဆိုကျနော်တို့ကထိန်းသိမ်းထားပါ့မလား။ ကျနော်တို့ဖမ်းမိတာကြာပြီလေသူတို့ကခွင့်မဲ့ပျက်ကွက်တာလို့ထင်နေတာ။"ဟုတုံ့ပြန်ပြောကြားပါတယ် ။

ပြီးခဲ့တဲ့မေလ၂၀ရက်​ မနက်က ပုဂံ၊ညောင်ဦးမြို့
နယ်၊ ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေက အရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်မြို့ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်ဆေးခဲ့ကြပါတယ်။

အဲဒီကားပေါ်မှာ နေပြည်တော်ကလာတဲ့ ကျန်း
မာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်
ကြောင်း Bagan Bo Cho PDFအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဲဒီ ဗိုလ်ကြီးနှစ်ဦးဟာ အရပ်ဝတ်နဲ့ PDFရဲဘော်တွေကို စစ်သားတွေထင်မှတ်ပြီး ဝန်ထမ်းကတ်ထုတ်ပြရာကနေ အဖမ်းခံလိုက်ရတာလို့ Bagan Bo Cho PDFအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းမိတဲ့ဗိုလ်ကြီးနှစ်ဦးကို စစ်သုံ့ပန်းဥပ‌ဒေအရ သက်ဆိုင်ရာ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံထံဆီ လွှဲအပ်ထားတယ်လို့ သိရပါတယ်။
52😁35🤣6👍2👏2
ဖမ်းဆီးရမိသော စစ်ကောင်စီဗိုလ်ကြီး နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-Bagan Bocho
👏60👍21😁74💩2👎1
■News Story

မဟာမုနိဘုရားဒါယိကာ မျက်နှာဖုံးတပ်​ရှေ့ထွက်လာသူ လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်

ယောနသံ/People's Spring

စစ်‌ကောင်စီ၏အဓိကလက်နက်ပွဲစားတဦးဖြစ်​သော ဒေါက်တာနိုင်ထွဋ်အောင်က စစ်ကိုင်းငလျင်ကြောင့်ပျက်စီးသွားသည့် မန္တလေးမဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်ဟုဆိုကာ ရွှေ
သား ၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ကို လှူဒါန်းလိုက်သည်။

ဒေါက်တာနိုင်ထွဋ်အောင်နှင့် ဒေါက်တာဝေဝေရင် "ကွန်းခိုရာ"မိသားစုက မန္တလေးမြို့ မဟာမုနိဘုရားကြီး စိန်ဖူးတော်အသစ်ပြုလုပ်ရန်အတွက်ရွှေ
သား(၃)ပိဿာ ၊ အရှေ့စောင်းတန်းခါးပြတ်ပြာ
သာဒ်နှင့် ကျောင်းတော်ကြီးတိုင်(၆)တိုင်တည်ဆောက်ပြုပြင်ရန်အတွက် ကျပ်သိန်း၂၆,၀၀၀ကိုက ဇွန်လ၇ရက်နေ့တွင် ရေစက်ချလှူဒါန်းသည်ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့က သတင်းထုတ်
ပြန်သည်။

ဒေါက်တာ နိုင်ထွဋ်အောင်သည် စစ်ကောင်စီထံသို့ လက်နက်များတင်ပို့ရောင်းချနေသည့် International Gateways Group(IGG) ကုမ္ပဏီ အုပ်စု၏ပိုင်ရှင်ဖြစ်ပြီး စင်္ကာပူနိုင်ငံတွင်အနေများကာ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် အလွန်ရင်းနီးသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

IGG ကုမ္ပဏီအုပ်စုတွင် Myanmar New Era Trading ကုမ္ပဏီအပါအဝင် ပြည်တွင်း နှင့် စင်ကာပူ ၊​ဟောင်​ကောင် ၊ထိုင်း အပါအဝင် နိုင်ငံ
တကာ၌ ကုမ္ပဏီ​ပေါင်း ၄၀ ခန့်တည်​ထောင်လုပ်ကိုင်​နေ​သော လုပ်ငန်းစုဖြစ်သည်။ထို​ကြောင့် ဒေါက်တာ နိုင်ထွဋ်အောင်သည် လူမြင်ကွင်း​ရှေ့သို့အထွက်နည်း​သော်လည်း စစ်တပ်အတွက်လက်
နက်ပွဲစားလုပ်ရာမှ လွန်စွာ အကျိုးအမြတ်ရပြီး ချမ်းသာ​နေ​သော ခရိုနီတဦးဖြစ်သည်။

"စစ်ကောင်စီက လက်နက်တွေ ထပ်ဝယ်ဖို့ ရှိနေတယ်။ ဒေါက်တာနိုင်ထွဋ်အောင်က အချိန်ကိုက် လှုပ်ရှားတဲ့သဘောပါ။သူလုပ်ကွက်‌တွေထပ်ရသွားမှာပါ" ဟု အထက်ပါလုပ်ငန်းရှင်က​ပြော
သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံက ကြားခံ၍ ပါကစ္စတန်နိုင်ငံမှတစ်ဆင့် စစ်လက်
နက်ပစ္စည်းများဝယ်ယူရာတွင် ဒေါက်တာနိုင်ထွဋ်အောင်ကအဓိကချိတ်ဆက်ပေးခဲ့ကြောင်း၊ တရုတ်အစိုးရသည်ပါကစ္စတန်နိုင်ငံမှတစ်ဆင့်စစ်ကောင်
စီထံ လက်နက်ပစ္စည်းများ လျှို့ဝှက်ထောက်ပံ့ပေးနေကြောင်းအိန္ဒိယနိုင်ငံအခြေစိုက် ANI သတင်းဌာနက ၂၀၂၂ မတ်လ ၁၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ဒေါက်တာနိုင်ထွဋ်အောင်သည်မြန်မာ့စစ်လက်နက်ကုန်သွယ်ရေး၌ အဓိကပုဂ္ဂိုလ်ဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းပေးသွင်းသူ
များနှင့် စစ်ကောင်စီကို အဓိကဆက်သွယ်ပေးနေသူဖြစ်ကြောင်း Justice for Myanmar(JFM) ကလည်း​ဖော်ထုတ်ထားသည်။ JFM သည် စစ်ကောင်စီ၏ လူအခွင့်အရေးချိုးဖောက်မှုများ၊ တ
ရားမဝင်အကျိုးစီးပွားများ၊ လက်နက်အရောင်း
အဝယ်ကိစ္စများကိုဖော်ထုတ်ပေးနေသည်။

ဒေါက်တာနိုင်ထွဋ်အောင်သည်အာဏာလုစစ်အုပ်
စုအတွက် ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိ
သော စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဥ်အစိတ်အပိုင်းများနှင့်နည်းပညာများ အဆင့်မြှင့်တင်ဝယ်ယူပေးခြင်းဖြင့် ချမ်းသာကြွယ်ဝလာခဲ့သူဖြစ်ပြီး " လူ့ကျင့်ဝတ်တွေကို ဖောက်ဖျက်ပြီး ချမ်း
သာ ကြွယ်ဝမှုနဲ့ ဇိမ်ခံဘဝမျိုးကို ရရှိထားတာ ဖြစ်ပါတယ်" ဟု Justice For Myanmarက ၂၀၂၃ စက်တင်ဘာလ ၉ရက်နေ့ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

ဒေါက်တာနိုင်ထူးအောင် ပိုင်ဆိုင်သောIGG ကုမ္ပ
ဏီကွန်ရက်ထဲက ကုမ္ပဏီ(၅) ခုသည် စင်ကာပူနိုင်ငံ၌ မှတ်ပုံတင်ထားဆဲဖြစ်ပြီး " စင်ကာပူအစိုးရအနေနဲ့ သူတို့ပိုင်နက်အထဲကနေ နိုင်ထွဋ်အောင်က တရားမဝင်မြန်မာစစ်အုပ်စုအပေါ်ပံ့ပိုးကူညီနေတာကို ဘယ်အချိန် အထိ ခွင့်ပြုပေးနေမှာလဲ"ဟုJFMက မေးခွန်းထုတ်ခဲ့သည်။

၎င်းသည် ယခင်က စင်ကာပူတွင်​နေထိုင်​သော်
လည်း​နောက်ပိုင်းတွင် ယူ​အေအီးနိုင်ငံ ဒူဘိုင်းတွင်လည်း​နေထိုင်သည်ဟုသိရသည်။ ထိုအပြင် ၎င်းသည် ကာရစ်ဘီယံကျွန်း Grenada မှ နိုင်ငံကူးလက်မှတ်ကိုပါ ကိုင်​ဆောင်ထား​ကြောင်းသိရသည်။

ဒေါက်တာနိုင်ထွဋ်အောင်နှင့် ၎င်း၏ ကုမ္ပဏီ
International Gateways Groupတို့ကို အမေ
ရိကန်၊ က​နေဒါ ၊ ဗြိတိန် အစိုးရနှင့် ဥ​ရောပ သမဂ္ဂတို့က က၂၀၂၂ ခုနှစ်မှစ၍ ဒဏ်ခတ်အရေးယူပိတ်ဆို့ခဲ့သည်။သို့သော် ၎င်းသည် တရုတ်အစိုးရနှင့်ချိတ်ဆက်ပီး စစ်ကောင်စီအတွက် အဓိကလက်နက်ပွဲစားဖြစ်နေဆဲဟုစီးပွားရေးလုပ်ငန်းရှင်သတင်းရင်းမြစ်ကဆိုသည်။

မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးမြို့ကို ဗဟိုပြု လှုပ်ခဲ့သည့် ရစ်ခ်တာစကေး ၇ဒဿမ၇ အဆင့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့မှ မဟာမုနိဘုရားကြီးနှင့် ကျောင်းအဆောင်အဦ ၇၀ ရာ
ခိုင်နှုန်းပျက်စီးသွားကြောင်းဂေါပကအဖွဲ့က ထုတ်ပြောပြီး အလှူခံခဲ့သည်။

ဧရာဝတီဘဏ်ပိုင်ရှင်ဦးဇော်ဇော်ကလည်းကျောင်း
တော်ကြီးပျက်စီးမှုကုန်ကျစရိတ်အားလုံး လှူဒါန်းမည်ဟုမဟာမုနိဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသန်းဦး က သတင်းမီဒီယာအချို့အား အသိပေးထားသည်။

ဒေါက်တာနိုင်ထွဋ်အောင် ယခုလှူသည့် ရွှေသား ၃ပိဿာနှင့်ကျပ်သိန်းပေါင်း ၂၆၀၀၀ ကိုစစ်ကောင်စီ၏ မန္တလေးတိုင်းဝန်ကြီးချုပ်မှဦးဆောင်
၍ လက်ခံရယူသွားခဲ့သည်။

အဆိုပါအလှူနဲ့ပတ်သက်ပြီးပြည်သူတဦးက​တော့
"မဟာမုဏိဘုရားကတော့ နိုင်ထွဋ်အောင်ရဲ့ အကုသိုလ်အားကယ်တင်နှိုင်လိမ့်မယ်မထင်ပါဘူး"ဟု မှတ်ချက်ပြုပါသည်။
🖕3415👍6🙏4👎1🤔1🤮1😡1
ငလျင်လှုပ်ခဲ့သည့်မတ် ၂၈ ရက်နေ့နောက်ပိုင်းစစ်ကောင်စီသည် ရန်ကုန်နှင့် နေပြည်တော်မှလွဲ၍ ကျန်ပြည်နယ်နှင့်တိုင်းများတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ကျော်ပြုလုပ်ခဲ့သည်။ ကလေးငယ်များအပါအဝင် အရပ်သား ပြည်သူ ၅၀၀ နီးပါးသေဆုံးပြီး ၈၀၀ ကျော်ဒဏ်ရာရခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေ
လ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း၂,၈၄၁ခုရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

"အပြစ်မဲ့လူတွေရဲ့ အသက်တွေသတ်ထားတဲ့အကုသိုလ်ကို ကုသိုလ်နဲ့ ဗေဒင်လိုလို ယတြာလိုလိုလုပ်ပြီး ကာဗာလုပ်လို့မရဘူး။အခု သူတို့နေလို့ရနေတာ အကုသိုလ်ကံတွေ အကျိုးပေးချိန်မကျသေးလို့။ သူတို့သတ်ဖြတ်မှုတွေက အချိန်ကျလာမှာပါလေ" ဟု​ထေကြီးဝါကြီး ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါတိုက်ခိုက်မှုများ၊ အရပ်သားပြည်သူသေဆုံးမှုများတွင် ဒေါက်တာနိုင်ထွဋ်အောင်နှင့် မိသား
စုသည်စစ်ကောင်စီအတူ အဓိကတရားခံတစ်ဦးဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

"မတရားတဲ့ဘက်မှာရပ်ပြီး လူတွေအများကြီးကိုသတ်ပြီးမှ ဘာပဲလှူလှူ၊ ဘယ်ကိုလှူလှူ၊ ဘာကြောင့်လှူလှူ ဝဋ်က မကျေပါဘူး "ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် သံဃာတော်တစ်ပါးကမိန့်ကြားသည်။ ။
🤬476👍4👎2😡2🙏1
လက်နက်ပွဲစား ခရိုနီ ​ဒေါက်တာ နိုင်ထွဋ်​အောင်က မဟာမုနိဘုရားစိန်ဖူးတော်အသစ်ပြုလုပ်ရန်နှင့် ငလျင်​ကြောင့်ပျက်စီးခဲ့​သည့်တို့အတွက် ရွှေ
၃ ပိဿာ နှင့်ကျပ်သိန်းပေါင်း ၂၆,၀၀၀ ​လှူဒါန်း
စဥ်/ နယ်စပ်ခြံစည်းရိုးကာရံဆိုကာ ၂၀၁၇ ခုနှစ်တွင် မင်း​အောင်လှိုင်ထံ ​ငွေ​ပေးအပ်စဥ်။
ဓါတ်ပုံ-မဟာမုနိဘုရားကြီးဂေါပကအဖွဲ့ ၊ တပ်ချုပ်မင်း​အောင်းလှိုင်း​ဖေစ်ဘွခ်
🖕489🤮6🤬2💩2🙏2👎1
နမ့်စန်လေတပ်သို့ ပို့မည့်လေယာဉ်ဆီတင်ကားကို မြန်လမ်းပေါ်တွင်PDF ဖမ်းဆီး

■စစ်​ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကိုလည်းဖမ်းဆီး

ဇွန်-၈၊၂၀၂၅။ရဲ​ခေါင်၊ကဖေး၊/People's Spring

နမ့်စန်လေတပ်သို့ ပို့မည့် လေယာဉ်ဆီတင်ဘောက်ဆာကားကို နတ်မောက်မြို့အခြေစိုက် Aung San's Land Natmauk ပြည်သူ့ကာကွယ်ရေးအဖွဲ့က နေပြည်တော် - မန္တလေးအမြန်လမ်းပေါ်တွင် ဖမ်းဆီးလိုက်သည်။

ဇွန်လ ၈ ရက်နံနက်ပိုင်းတွင် ရန်ကုန် -မန္တ လေး
အမြန်လမ်းမပေါ် မိုင်တိုင် ၂၆၂ အနီးတွင် ဂါလံ ၃,၀၀၀ ပါ လေယာဉ်ဆီဘောက်ဆာ ကား (ယာဉ်အမှတ် 2B-8525)ကို ဖမ်းမိနိုင်ခဲ့ခြင်းဖြစ်သည် ဟု
Aung San's Land Natmauk ပြည်သူ့ကာ
ကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြော
သည်။

"ကျနော်တို့က နယ်မြေလုံခြုံရေးဆောင်ရွက်နေချိန်ဖရဲသီးသတင်ပေးမှုကြောင့် ဖမ်းဆီးစစ်ဆေး
ခဲ့ ခြင်းဖြစ်ပါတယ်"ဟု အထက်ပါတာဝန်ရှိသူက လေယာဥ်ဆီသယ်ယာဥ်ကို ဖမ်းဆီးနိုင်ခြင်းကို ရှင်းပြသည်။

သို့သော် သတင်းပေးလုံခြုံရေးအတွက် အသေး
စိတ်အချက်အလက်ကိုမူ ​ပြောကြားခြင်းမရှိပေ။လေယာဥ်ဆီဘောက်ဆာကားနှင့်အတူ ယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း ဖမ်းမိထားကြောင်း အသိပေးသည်။

"လုံခြုံတဲ့နေရာအကုန်ရောက်ပြီ"ဟု Aung San's Land Natmauk ၏ တာဝန်ရှိသူက ပြောသည်။

မော်တော်ယာဉ်အမှတ် (2B- 8525 )သည် နမ့်စန်လေတပ်စခန်းဌာနချုပ် အုပ်/တပ်များရှိလေ
ယာဉ်/ရဟတ်ယာဉ်များ စစ်ဆင်ရေးနှင့် လေ့ကျင့်ပျံသန်းရေး၊ အုပ်ချုပ်မှုသုံးမော်တော်ယာဉ် များနှင့် ရေစက်/မီးစက်များ အသုံးပြုရန်အတွက် လေ
ယာဉ်ဆီ(JET-A1)၊ Octane နှင့် High Speed Diesel ဆီများအား သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုသည့် ဆီသယ်ယာဉ်ဖြစ်ကြောင်း နှင့် လို
အပ်သလိုကူညီဆောင်ရွက်ပေးနိုင်ပါရန်အ
ကြောင်းကြားအပ်ပါသည်ဟု နမ့်စန်လေတပ်ဌာ
နချုပ်သို့လိပ်မူထားသည့်စာတွင်ရေးသားထား
သည်။ အဆိုပါကားနှင့်အတူ အရာခံဗိုလ်မင်းထွဋ်ဆိုသူကိုပါ စေလွှတ်လိုက်ကြောင်းစာ၌ဖော်ပြထား
သည်။

နမ့်စန်လေတပ်သည်နေ့စဉ် တိုက်လေယာဥ်အ
တက်အဆင်းပြုလုပ်၍ အရပ်သားပြည်သူများအား လေကြောင်းမှတိုက်ခိုက်နေကြောင်း တော်
လှန်ရေးအင်အားစုများကပြောသည်။

ထိုအပြင်နမ့်စန်လေတပ်စခန်းဌာနချုပ်သည် စစ်ကောင်စီ၏ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်ရှိကာ ထိုစစ်ဌာနချုပ်ကို ဗိုလ်ချုပ်မျိုးမင်းထွေးက တာဝန်ယူထားသည်။

ရှမ်းပြည်တောင်ပိုင်းတိုက်ပွဲများနှင့်ညီနောင်မဟာ
မိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးများတွင် နမ့်စန်လေတပ်စခန်းကို စစ်ကောင်စီအသုံးပြုခဲ့ကြောင်း စစ်ဘက်သတင်းအချို့က ဖော်ပြသည်။

စစ်ကောင်စီကအရပ်သားများအပေါ် မဆင်မခြင်တိုက်ခိုက်နေ၍ဟန့်တားရန်နှင့် လေယာဉ်လောင်
စာဆီထောက်ပံ့နေမှုများ ရပ်ဆိုင်းရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ပိတ်ဆို့အရေးယူရန် အမျိုးသားညီညွတ်‌ ရေးအစိုးရနှင့်လူ့အခွင့်အရေးလှုပ်ရှားသည့်အဖွဲ့များက တောင်းဆိုထားသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ မေလ ၃၁ရက်အထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း၂,၈၄၁ခုရှိပြီး သေဆုံးသူ စုစုပေါင်း ၃,၁၅၂ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဇွန်လ၄ရက်၌ ထုတ်ပြန်ထားသည်။
57👏28👍6🔥2🥰1🤣1
လေယာဥ်ဆီတင်ကားနှင့် လုံခြုံ​ရေးလိုက်လာ​သောစစ်သားကိုဖမ်းဆီးပြီး​နောက်​တွေ့ရစဥ်။
ဓါတ်ပုံ-Aung San's Land Natmauk
👏7111👍4💩2🤣2