People's Spring
64.7K subscribers
64K photos
1.12K videos
3 files
2.8K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
နေပြည်​​တော်တွင် အာဏာသိမ်း​ခေါင်း​ဆောင် တည်ထားခဲ့တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကို ၂၀၂၃ ဇူလိုင်လ ၂၁ရက်မှာ ဖွင့်ပွဲအတွက်အလုပ်သမား​တွေကသန့်ရှင်း​ရေးပြုလုပ်ခဲ့စဥ်။
ဓါတ်ပုံ-AFP
👎32👍194🤔2🤬2🖕2
ဖလမ်းမြို့သိမ်းတိုက်ပွဲ လေကြောင်းအပြင်းအထန်ခုခံနေသော်လည်း အောင်ပွဲများရထားဟု CNO/CNDF ပြော

▪️ချင်းမြောက်ပိုင်းရှိ စစ်ကောင်စီတပ်ရင်းhttps://www.ludunwayoo.com/opinion-mm/2025/03/16/114912/စခန်းကို မကြာမီ ပထမဆုံးသိမ်းယူနိုင်မည်ဟု မျှော်လင့်ကြောင်း အသိပေး

မတ်-၂၂၊၂၀၁၅။ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်များက ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်နေသလို ချင်းညီနောင် မဟာမိတ် များဘက်ကလည်း အောင်မြင်မှုများရှေ့တိုးရရှိထားဟု ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

ယနေ့(မတ်လ ၂၂ရက်)ကျင်းပသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ချင်းညီနောင်၏ ရန်ပုံငွေ ရှာဖွေရေးအစီအစဉ်တွင် ဖလမ်းတိုက်ပွဲ အခြေအနေကို အသိပေးပြောကြားလာခြင်းဖြစ်သည်။

စစ်ကောင်စီက ဝေဟင်မှ တောက်လျှောက် အပြင်းအထန် တိုက်ခိုက်လျက်ရှိနေသော်လည်း ဆုတ်ခွာခြင်းမရှိဘဲ စစ်ကောင်စီတပ်ကုန်းများကို သိမ်းယူထားနိုင်ကြောင်း CNO/CNDF တာဝန်ရှိသူက ပြောသည်။

" စစ်ရေးအခြေအနေအရ ဘယ်ပွိုင့်တွေ သိမ်းထားတယ်၊ ဘယ်မှာ ကျနော်တို့နေတယ်ဆိုတဲ့ဟာကျ လတ်တလောမှာပြောပြလို့ အဆင်မပြေသေးတဲ့အနေအထားမှာရှိတယ်"ဟု ဆလိုင်းဝီလီယံချင်းက ပြောသည်။

ထို့အပြင် အခြေအနေ တစ်ရက်ပြီး၊ တစ်ရက် ပိုကောင်းလာပြီး ရဲဘော်များ ရှေ့ဆက်တိုးနိုင်သည်ဟု ဆိုသည်။

" ကျနော်တို့ ရရင်ရသလောက် နောက်မဆုတ်ဘဲနဲ့ မကြာခင် ချင်းပြည်နဲ့ ချင်းလူမျိုးလွတ်မြောက်ဖို့ အတွက်ကို အကောင်းဆုံးရကို ရရမယ်လို့ မျှော်လင့်ပါတယ်။ သတင်းကောင်းလည်း အမြန်ဆုံးရနိုင်ဖို့ မြေပြင်က တပ်မှူးတွေအပါအဝင် တာဝန်ရှိတဲ့သူတွေ အဘက်ဘက်က ကူညီထောက်ပံ့နေတဲ့ ပြည်သူတွေနဲ့အတူ ကျနော်တို့ လက်ရှိမှာ တိုက်ပွဲဝင်နေပါတယ်”ဟု ၎င်းက ပြောသည်။

မဟာမိတ်အင်အားစုများမှာ တိုက်ပွဲအတွင်းထိခိုက်ကျဆုံးမှုများ ရှိသော်လည်း လက်ရှိ အခြေအနေတွင် ပိုကောင်းမွန်သည့် အနိုင်ရရှိမှုများလည်းရှိဟု အသိပေးသည်။

ဖလမ်းမြို့သည် ချင်းမြောက်၌ စစ်ကောင်စီတပ်ရင်းစခန်းကို ပထမဆုံးတိုက်ခိုက်သည့် တိုက်ပွဲဖြစ်၍ စိန်ခေါ်မှုများစွာရှိနေသည်ဟု CNO/CNDF တာဝန်ရှိသူက ပြောသည်။

" ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာ တပ်ရင်းအဆင့်ရှိတဲ့စခန်း ပထမဆုံး သိမ်းနိုင်ဖို့ ကြိုးစားဆောင်ရွက်တဲ့နေရာမှာ အားလုံးပါဝင်ပေးကြပါ။ ဒီဟာအောင်မြင်သွားရင် တီးတိန်မြို့သိမ်းပွဲလည်း လွယ်ကူသွားမယ်။ ဟားခါး ထန်တလန်လည်း လွယ်ကူသွားမှာ ဖြစ်တယ်ဆိုတော့ အဲဒါကို စကစလည်းသိတဲ့အတွက်ကြောင့် တောက်လျှောက်ကို ဖိအားပေးပြီးမှ လေကြောင်းနဲ့ ထိုးနေတာလည်းဖြစ်တယ်။နိုင်ဖို့လည်း နီးကပ်နေပါပြီ”ဟု ဆလိုင်းဝီလီယံချင်းက ပြောသည်။

တော်လှန်ရေးတွင် ကိုယ်တက်နိုင်သည့်ဘက်က ပါဝင်ပါက သေချာပေါက်အောင်မြင်မည်ဖြစ်ပြီး ဖလမ်းမြို့သိမ်းပွဲ မကြာခင်အောင်မြင်မှုရရှိကာ အောင်ပွဲကိုအသိပေး ကြေညာနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း CNO/CNDFတာဝန်ရှိသူက ပြောကြားသည်။

ချင်းညီနောင်နှင့် မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာဒုတိယပတ်တွင် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို တပြိုင်တည်း ဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

မင်းတပ် မြို့ကျပြီးနောက် ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်များလည်း ညတွင်းချင်းဆုတ်ခွာသွား၍ ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့ကို ချင်းညီနောင်က သိမ်းပိုက်ခဲ့သည်။

ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းအပြင်းအထန်တိုက်ခိုက်ခုခံနေပြီး လေကြောင်းမှ စစ်အင်အားများထပ်မံဖြည့်တင်းလျက်ရှိသည်။ ထိုသို့ စစ်ကူစစ်အင်အားများကိုလည်း ချင်းညီနောင်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးများခဲ့ပြီး စစ်သုံ့ပမ်းများစွာလည်း ဖမ်းဆီးရရှိထားသည်။

CNO/CNDF ပါဝင်သည့် ချင်းညီနောင်သည် မတ်လ ဒုတိယပတ်တွင် ဖလမ်းမြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီတပ်ကုန်းအပြီးသတ် သိမ်းပိုက်နိုင်ရေး စစ်ရှိန်မြှင့်လျက်ရှိရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဖမ်းဆီးရရှိထားကြောင်းလည်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက အတည်ပြုထားသည်။

တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာသာမက ဖလမ်းမြို့နယ်ရှိ ကျေးရွာအချို့ကိုပါ လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်မှုအချို့လည်းရှိခဲ့သည်။
👍9115👏9🤣3
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် တိုက်ခိုက်​နေ​​သော ချင်းညီ​နောင်
တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-PDF Zoland
👍7522👏6🤣4🥰2
အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဆိုင်ရာ UN အထူးကိုယ်စားလှယ်

မတ်-၂၂၊၂၀၂၅။ People's Spring

ကုလသမဂ္ဂ (UN) အတွင်းရေးမှူးချုပ်က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီယန် ဘိရှော့ဟာ အကျိုးစီးပွားရေးရာ အရှုပ်
အထွေး အခြေအနေတွေအတွက် စွပ်စွဲ ခံနေရပြီး အဲဒီ ပြဿနာက မြန်မာ့ လူ့အခွင့်အရေး မစ်ရှင်တွေအတွက်သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအပေါ် မေး
ခွန်းထုတ်စရာတွေ ဖြစ်လာနိုင်ပါတယ်။

ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဘိရှော့ရဲ့အရှုပ်အထွေးတွေဟာသူ့ရဲ့အကြံ
ပေးလုပ်ငန်းဖြစ်တဲ့ Julie Bishop & Partners
ကို အကြောင်းပြုပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဩစတြေးလျ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Energy Transition Minerals (ETM)က ဂရင်းလန်မှာ
ရှိနေတဲ့ လုပ်ငန်းရပ်နားထားရတဲ့ ယူရေနီယမ် တူးဖော်ရေး ပရောဂျက် တစ်ခုနဲ့ ပတ်သက်လို့ ဘိရှော့ရဲ့ ကုမ္ပဏီကို အကြံပေးအဖြစ်ငှားရမ်းခန့်အပ်ခဲ့ပါတယ်။ အဲဒီအတွက် ဘိရှော့ရဲ့ ကုမ္ပဏီက ETMကို မဟာဗျူဟာအကြံပြုချက်တွေ၊ ဆက်နွှယ် ပတ်
သက်သူတွေအတွက် ကိုယ်စားဆွေးနွေးပေးတာတွေ၊ အစိုးရနဲ့ ဆက်ဆံရေး ကဏ္ဍတွေမှာ အကူ
အညီ ပေးခဲ့ပါတယ်။

ETM ကဘိရှော့ရဲ့ကုမ္ပဏီနဲ့လက်တွဲအလုပ်လုပ်နေတယ် ဆိုတာကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပြီး အဲဒီ လုပ်ငန်းတွေထဲမှာ ဘိရှော့ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်နေတယ် ဆိုတာကိုတော့ မတ်လ ၈ ရက်နေ့မှာ The Saturday Paper သတင်းစာက ထုတ်ဖော် ရေးသားခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ မြန်မာ့အရေး သုတေသန အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Justice for Myanmar (JFM) ဘိရှော့နဲ့ ETM ဆက်စပ်မှုကို ရှုတ်ချခဲ့ပြီး အကျိုးစီးပွားဆိုင်ရာ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်လို့ ဝေဖန် ထောက်ပြခဲ့ပါတယ်။ အဓိက စိုးရိမ်ရတဲ့ အချက်က ETMဟာ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ အိမ်နီးချင်း စူပါပါဝါ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီ တစ်ခုနဲ့ စီးပွားရေး မိတ်ဖက် ဖြစ်နေခြင်းပါ။

ETMရဲ့ မိတ်ဖက် Shenghe Resourcesဟာ တရုတ် အစိုးရရဲ့ အလွှာအသီးသီးနဲ့ ပေါင်းကူးဆက်နွှယ်မှုတွေ ထဲထဲဝင်ဝင် ရှိနေပြီး ယူရေနီယမ် ပရောဂျက် တော်တော်များများကို ချုပ်ကိုင်ထားတယ်လို့ The Saturday Paperက ဖော်ပြခဲ့ပါတယ်။ ၂၀၁၉ တုန်းက ETMဟာ Shengheနဲ့ တရုတ် အစိုးရပိုင် တရုတ်အမျိုးသား နျူက
လီးယား ကော်ပိုရေးရှင်း (CNNC)နဲ့ပါ အတူပူးပေါင်းပြီး တရုတ်မှာ မြေရှားသတ္တု (REM) တူးဖော်ရေး အစီအမံတွေအတွက် ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ အမေရိကန် ကာ
ကွယ်ရေး ဝန်ကြီးဌာနက CNNCဟာ ကွန်မြူနစ် တရုတ်စစ်တပ် ကုမ္ပဏီ တစ်ခုလို့ စွပ်စွဲခဲ့ဖူးပါတယ်။

ဒီတော့တရုတ်နဲ့ နက်နက်ရှိုင်းရှိုင်းအဆက်အသွယ်
ရှိနေတဲ့ ကုမ္ပဏီ တစ်ခုနဲ့ ဘိရှော့က စီးပွားရေးဆိုင်
ရာ ဆက်နွှယ်မှုတွေ ဖြစ်လာတဲ့အခါ ကျင့်ဝတ်ပိုင်းအရမေးခွန်းထုတ်စရာတွေပေါ်လာပါတယ်။တ
ရုတ်ဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို နိုင်ငံရေး၊ စီးပွားရေးအရပံ့ပိုးကျားကန်ပေးထားပြီးလက်နက်
တွေလည်း ထောက်ပံ့ပေးနေပါတယ်။

UN ရဲ့ကျင့်ဝတ်ရေးရာရုံးက အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ ကင်းရှင်းဖို့ဆိုရာမှာသွယ်ဝိုက်ပိုင်
ဆိုင်မှု၊ ငွေကြေးကိစ္စ အချိတ်အဆက် စတာတွေ အားလုံးပါ လွတ်လွတ်ကင်းကင်း ဖြစ်နေဖို့ လိုကြောင်း ညွှန်ကြားထားပါတယ်။ နောက်ပြီး UNရဲ့ အရာရှိတွေဟာ အစိုးရတွေ၊ ပြင်ပအဖွဲ့အစည်းတွေနဲ့ သဘောတရားရေးရာ လွှမ်းမိုးခံရမှုတွေ၊ ညွှန်ကြားမှုတွေအောက်က ကင်းလွတ်နေဖို့ လိုတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေမှာတော့ဘိရှော့ဟာ UNမှာ သူတာဝန်ယူထားတဲ့ ရာထူးနဲ့ ပုဂ္ဂလိကပိုင် စီးပွားရေး အလုပ်မှာ ဆက်နွှယ် ရှုပ်ထွေးမှုတွေ ဖြစ်လာခဲ့ပါတယ်။ ETMဟာ မြန်မာနိုင်ငံမှာ၊ တစ်နည်းအား
ဖြင့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စီးပွားရေး လုပ်
ငန်းတွေမှာ တိုက်ရိုက် ပတ်သက်တာမျိုးတော့ မရှိသေးပါဘူး။

Asia Timesရဲ့ ဆောင်းပါးထဲမှာတော့ UNအနေနဲ့ ပွင့်လင်းမြင်သာတဲ့ ကျင့်ဝတ်ရေးရာ စုံစမ်းမှု တစ်ခုကို လုပ်ဆောင်ပြီး အခြေအနေကို ရှင်းလင်းသင့်ကြောင်းဖော်ပြထားပြီး ဘိရှော့ကိုယ်တိုင်မြန်မာ
နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကနေ နုတ်ထွက်ခြင်းကတော့ အကောင်းဆုံး ဖြေရှင်းမှု ဖြစ်လိမ့်မယ်လို့ ရေးသားထားပါတယ်။

လောလောဆယ်မှာတော့ ဘိရှော့ရဲ့ ကုမ္ပဏီဖက်က ဖြေရှင်းထားရာမှာ သူတို့ရဲ့အခန်းကဏ္ဍဟာ အကြံ
ပေး သက်သက်သာဖြစ်ပြီး မဟာဗျူဟာ ဆန်းစစ်မှုတွေနဲ့အကြံဉာဏ်တွေဆွေးနွေးတင်ပြဖို့သာ ဖြစ်
ကြောင်း၊ တစ်နည်းအားဖြင့် အမှုဆောင် အခန်းကဏ္ဍတွေမှာ မပါဝင်သလိုဥပဒေရေးရာနဲ့ ဘဏ္ဍာ
ရေး အကြံပေးမှုတွေလည်းမရှိကြောင်း၊ ဒါကြောင့်
အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ယုတ္တိမရှိကြောင်း တုံ့ပြန်ထားပါတယ်။

လက်ရှိမှာ ဩစတြေးလျ အမျိုးသား တက္ကသိုလ်ရဲ့ အဓိပတိ တာဝန်ကိုလည်း ယူထားတဲ့ ဘိရှော့ ကိုယ်တိုင်ကတော့ အကျိုးစီးပွားဆိုင်ရာ ရှုပ်ထွေးမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ
မပေးသေးဘူးလို့ သိရပါတယ်။

ကိုးကား- Asia Times
👍72😁31
👍49🖕7💩31👎1😁1🤣1
ဖူဂျီမီးတောင်ပေါက်ကွဲခဲ့ရင်တုံ့ပြန်ရမယ့်အစီအမံ
တွေအတွက် ဂျပန်ပညာရှင်တွေကြိုတင်လေ့လာ

မတ်-၂၂၊၂၀၂၅။ People's Spring

နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ ဖူဂျီမီးတောင်ကြီးသာအကြီးအကျယ်ပေါက်ကွဲခဲ့မယ်ဆိုရင်ဘယ်လိုစီမံတုံ့ပြန်ရမလဲဆိုတာကို ဂျပန်အစိုးရက ခန့်အပ်တဲ့ အဖွဲ့တစ်ခုက သုတေသနပြု ဆန်းစစ် လေ့လာနေကြပါတယ်။

ကျူရှူးကျွန်းပေါ်မှာ တည်ရှိပြီးဂျပန်နိုင်ငံရဲ့အထိမ်းအမှတ် သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ဖူဂျီမီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်၊ ၁၇၀၇ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပါတယ်။

မီးတောင်ပညာရှင်တွေ၊ ကပ်ဘေးဆိုင်ရာ တုံ့ပြန်စီမံရေး ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့ဟာ မျက်
မှောက်ကာလမှာ ဖူဂျီမီးတောင် ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ချော်ပြာတွေ အလုံးအရင်း မှုတ်ထုတ်လာမယ်ဆိုရင် ဘယ်လို အခြေအနေတွေ ရင်ဆိုင်လာရမလဲ ဆိုတာကို ဆန်းစစ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်လို့ ဖူဂျီမီးတောင်သာ ပြင်းပြင်းထန်ထန် ပေါက်ကွဲမယ်ဆိုရင် တိုကျိုမြို့တော်ရဲ့ ကျယ်ပြန့်တဲ့ဧရိယာတော်တော်များများ၊ကာနာဂါဝါဒေသတွေကိုချော်ပြာတွေဖုံးလွှမ်းသွားနိုင်ခြေရှိပါတယ်။

အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် တိုကျိုရဲ့လူနေထူ
ထပ်တဲ့ နေရာတွေနဲ့ တခြား မီးတောင်ပတ်ဝန်း
ကျင် ဒေသတွေမှာ နေထိုင်သူတွေ တစ်စုတဝေးတည်း ခပ်မြန်မြန် ထွက်ပြေးနိုင်ဖို့ ဆိုတာက လက်
တွေ့ မကျတော့ကြောင်း ပညာရှင် အဖွဲ့ကကောက်
ချက် ချထားပါတယ်။

တုံ့ပြန်ရေးအစီအစဉ်အနေနဲ့ကတော့ လူနေဧရိယာတွေထဲ ကျဆင်းလာမယ့် ချော်ပြာတွေရဲ့ထုထည် ပမာဏကို မူတည်ပြီး သတိပေးချက် အဆင့်ကို ၄ ခု ခွဲခြား သတ်မှတ်ထားပါတယ်။

အဆင့် ၁ ကတော့ ထုအားဖြင့် ၃ စင်တီမီတာအောက်သာ ရှိတဲ့ ချော်ပြာတွေ ကျဆင်းတဲ့ နေရာတွေဖြစ်ပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ မလိုဘူးလို့ ဆိုပါတယ်။ ဒေသခံတွေ အနေနဲ့ လုံခြုံတဲ့ အမိုးအကာတွေအောက်မှာ ယာယီ ခိုလှုံနေရုံနဲ့ လုံလောက်ပါတယ်။

အဆင့် ၂ ကတော့ ၃ စင်တီမီတာကနေ ၃၀ စင်တီမီတာထိ ချော်ပြာတွေ အများအပြား ကျဆင်းပေမယ့် လျှပ်စစ်မီး၊ သောက်သုံးရေစတဲ့ အခြေခံ လို
အပ်ချက်တွေ အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်တဲ့ ဒေသမျိုးတွေကို သတ်မှတ်ပါတယ်။ အဆင့် ၁ နဲ့ ၂ အတွင်း အကျုံးဝင်တဲ့ နေရာတွေမှာ ရှိနေသူတွေဟာ ချက်ချင်း ရွှေ့ပြောင်းစရာ မလိုဘူးလို့ သုတေသန အဖွဲ့က ဆိုပါတယ်။

အဆင့် ၃ ကတော့ ၃ စင်တီမီတာနဲ့ ၃၀ စင်တီမီတာကြား ထုထည်ရှိတဲ့ ချော်ပြာတွေ ကျဆင်းပြီး အ
ရေးပေါ် အခြေခံ အဆောက်အအုံတွေ ပြန်ပြင်ဆင်ဖို့ ခက်ခဲမယ့် နေရာမျိုးတွေ ဖြစ်ပါတယ်။

အဆင့် ၄ သတ်မှတ်ချက်ကတော့ချော်ပြာတွေ ၃၀ စင်တီမီတာထုထည်ထက် ပိုပြီး ထူထူထပ်ထပ် ကျဆင်းတဲ့ နေရာတွေ အကျုံးဝင်ပြီး အသက်အန္တ
ရာယ် ခြိမ်းခြောက်မှုကြီးကြီးမားမားရှိတာကြောင့်
ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းမှုတွေ လိုအပ်တဲ့ ဇုန်တွေ ဖြစ်ပါလိမ့်မယ်။

မီးတောင်ပေါက်ကွဲမှုဖြစ်လာပြီး ရုတ်တရက်မရွှေ့
ပြောင်းနိုင်တဲ့ အခြေအနေမှာလည်း ဒေသခံတွေဟာ နှစ်ပတ်စာလောက် ဖူလုံမယ့် ရိက္ခာခြောက်တွေကြိုတင် စုဆောင်းထားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ နောက်ပြီး အစိုးရ အနေနဲ့ မီးတောင်ချော်ပြာတွေ ကျဆင်းမှု ဖြစ်နိင်ခြေ ခန့်မှန်းချက်တွေ အပါအဝင်သတင်းအချက်
အလက်တွေ ထိထိရောက်ရောက် ဖြန့်ဝေပေးမယ့် စနစ်တစ်ခုထူထောင်ထားသင့်ကြောင်းလည်း အ
ကြံပြုခဲ့ပါတယ်။

ဗဟိုအစိုးရအပြင် ဒေသဆိုင်ရာ အစိုးရတွေကပါ လိုအပ်လာရင်အရေးပေါ် ရွှေ့ပြောင်းမှု လမ်း
ကြောင်းတွေကို ကြိုတင် စီစဉ် ရွေးချယ်ထားသင့်ကြောင်းလည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

ဂျပန်ဟာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ရင် အားကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် မီးတောင်ချော်ပြာတွေ အလုံးအရင်း ကျဆင်းလို့ လူအများအပြား ရွှေ့ပြောင်းရတဲ့ အ
ခြေအနေမျိုး မကြုံဖူးတာ နှစ်ပေါင်း ၁၀၀ လောက် ရှိနေပြီ ဖြစ်တဲ့အတွက် အဲဒီကိစ္စမျိုးအတွက် ထိထိရောက်ရောက် ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်လာနေပြီလို့ တိုကျို တက္ကသိုလ် ပါမောက္ခ အမ်မရီတက်စ် ဖူဂျီး တိုရှီဆူဂါက ပြောကြားသွားပါတယ်။

ဂျပန်မှာအမြင့်ဆုံးဖြစ်ပြီး ၃၇၇၆ မီတာ(၁၂၃၈၈ ​ပေ). အမြင့်ရှိတဲ့ မီးတောင်ကြီး ၁၇၀၇ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ချိန်မှာ ၁၆ ရက်ကြာမြင့်ခဲ့ပြီး မျက်မှောက်ခေတ် တိုကျိုမြို့လယ်ခေါင် ဖြစ်လာမယ့် နေရာမှာ ၄ စင်တီမီတာလောက် ထုရှိတဲ့ ချော်ပြာတွေ ဖုံးလွှမ်းခဲ့ဖူးတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

ကိုးကား-Japan Today
👍852🔥2
👍58🥰16🙉1
စစ်ကောင်စီ လက်အောက်ကျန်နေသည့် ဒေသများရှိပြည်သူများထံ တော်လှန်ရေးတပ်များလာမည်ဟု KNU ပြော

"ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက် ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေ ပြန်အစားထိုးမယ်"- ပဒိုစောတောနီး

ဟန်နွေ/People’s Spring

စစ်ကောင်စီ လက်အောက်၌ကျန်နေသည့် ဒေသများရှိပြည်သူများထံ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

လက်ရှိ နိုင်ငံရေး၊စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီးသတင်းစကား ပြောကြားပေးရန် မေးမြန်းချက်အပေါ် ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။

"လက်ရှိ စစ်ကောင်စီရဲ့ လက်အောက်မှာ ကျန်နေသေးတဲ့သူတွေအားလုံး သတင်းပေးချင်တာ က ကျနော်တို့က လာကိုလာမယ်။ မရောက်အရောက်လာမယ်။ ကျနော်တို့ ပြည်သူတွေရှိတဲ့နေရာကို မရောက်ရောက်အောင်လာမယ်။ ကျနော်တို့ အုပ်ချုပ်ရေးစနစ်အသစ်တွေပြန် အစားထိုးမယ်။ လူထုဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း တော်လှန်ရေးလုပ်ဆောင်ပြီးတဲ့တချိန်တည်းမှာ အဲဒါကို ထပ်ချပ်မကွာ ကျနော်တို့ ဆက်လက်လုပ်သွားမယ်ဆိုတဲ့ သတင်းကောင်းပေးချင်ပါတယ်"ဟု ပဒိုစောတောနီးက ပြောသည်။

လက်ရှိကာလသည် စစ်အာဏာရှင်အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဘက်ဘက် ယိုယွင်းနေသည့် အချိန်ဖြစ်ပြီး လူထုလှုပ်ရှားမှုများကိုလည်း စစ်ကောင်စီ အနေဖြင့် နှိမ်နင်းနိုင်ခြင်းမရှိဟု ပြောသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း နိုင်ငံရေး စစ်ရေး၌အကြပ်အတည်းများ ရှိနေသော်လည်း ယင်းသည်ပင်လျင် တော်လှန်ရေးပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

" ဒီအကြမ်းအတည်းတွေမရှိဘူးဆိုရင် ဒါတော်လှန်ရေးလည်းမဟုတ်တော့ဘူး။ ဘာလို့လည်းဆို ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကနေ မဟုတ်မမှန်တဲ့ဟာကို တော်လှန်ပစ်တာလေ။ အဲဒါကြောင့် ကျနော်တို့ ရှိတဲ့ခွန်အားနဲ့ပဲ ကျနော်တို့ ရပ်တည်တယ်"ဟု ပဒိုစောတောနီးက ပြောသည်။

တစ်ဖက်တွင် စစ်ကောင်စီ နယ်မြေများကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီကလည်း တော်လှန်ရေးတပ်ဖွဲ့များ အနေဖြင့် သိမ်းပိုက်နယ်မြေများကို အုပ်ချုပ်ရေးလုပ်နိုင်မည်မဟုတ်ဟု ဝါဒဖြန်မှုများ ရှိနေကြောင်း ပဒိုစောတောနီးက ပြောပြသည်။

တော်လှန်ရေးလုပ်ဆောင်မှုသည် စစ်တိုက်တာ တခုတည်းမဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး အပါအဝင် လူထုဝန်ဆောင်မှု လုပ်ငန်းများကို အမြဲကြိုးစားဆောင်ရွက်နေပြီး ဆယ်စုနှစ်များစွာ အတွေ့အကြုံရှိကြောင်း ပြောပြသည်။

"ကျနော်တို့ နေရာတွေ ထိန်းသိမ်းနိုင်ပြီဆိုရင် သေသေသပ်သပ်နဲ့ကို ကျနော်တို့အုပ်ချုပ်နိုင် တယ်"ဟု ပဒိုစောတောနီးက ပြောသည်။

ဆက်လက်၍ အုပ်ချုပ်ရေးစနစ်ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်သာရှိပြီး နယ်မြေနှင့် လူထုကို ပိုင်နိုင်စွာအုပ်ချုပ်နိုင်သည် ကို သက်သေပြနိုင်ကြောင်း ပြောသည်။

လက်ရှိ အခြေအနေများအရ စစ်အာစာရှင်စနစ် မုချ ကျဆုံးရန်မှာ သေချာကြောင်း၊ စစ်ကောင်စီအနေဖြင့် တော်လှန်ရေးတပ်များ လက်ရှိ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်တိုက်ယူ၍ရမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

တော်လှန်ရေး၌ အခက်အခဲများရှိနေသော်လည်း ရှေ့ဆက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားသည့် လက်ကျန်နယ်မြေများရှိ ပြည်သူများရှိရာသို့ မရောက်ရောက်အောင် လာမည်ဖြစ်ကြောင်း ပဒိုစောတောနီးက ပြောကြားခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ခေါင်းဆောင်များကလည်း ယခု ၂၀၂၅တွင် တော်လှန်ရေးအတွက်သိသာသည့် အပြောင်းအလဲကို ဖော်ဆောင်ရန်ရှိကြောင်း အသိပေးထားပြီး စစ်အာဏာသိမ်းမှု အဆုံးသတ် စေနိုင်ရေးအတွက် အထွေထွေထိုးစစ်ကြီးတရပ်ပြုလုပ်သွားရန်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က မကြာသေးမီက အသိပေးထားသည်။
👍10017🤣4🔥2
👍7130🤣5🔥2
(KNU/KNLAတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - EPA)
👍4211🔥2
ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတလျှောက်
ဂိတ်များ တနေ့လျှင်သိန်းထောင်ချီ​ငွေရှာ​နေ

မိထက်/People's Spring

ဧရာဝတီနှင့်ရန်ကုန်တိုင်းကို အဓိက ဆက်သွယ်သည့် ရန်ကုန်-ပုသိမ်လမ်း၊ ရန်ကုန်-ဟင်္သာတလမ်းတလျှောက်မှ စစ်ကောင်စီဂိတ်များသည် တနေ့လျှင် သိန်းထောင်ချီရရှိနေပြီး ရန်ကုန်အဝင် အဓိ
ကဂိတ်ဖြစ်သည့် ပန်တိုင်ဂိတ်တစ်ခုတည်းတွင်
တနေ့ သိန်း ၂၀၀ ရအောင်ကောက်ယူရန်နှုတ်ဖြင့်ညွှန်ကြားချက်ရှိနေကြောင်းစုံစမ်းသိရသည်။

အာဏာသိမ်းပြီးနောက်ဖွင့်လှစ်လိုက်သည့်စစ်ကောင်စီဂိတ်များက ခရီးသည်တင်ကားများ၊
အိမ်စီးကားများ၊ ကုန်တင်ကားများထံမှ တောင်းယူသော ငွေကြေးသည်နေ့စဉ်သိန်းထောင်ချီရရှိနေ​ကြောင်းပန်တိုင်ဂိတ်မှ ခိုက်ရန်ဖြစ်ပွားပြီး မကြာသေးမီက အလုပ်ထွက်ခဲ့ရသည့် ဌာနဆိုင်ရာဝန်
ထမ်းတစ်ဦးကပြောသည်။

"ကားအစီးရေ သောင်းချီဖြတ်နေတဲ့လမ်း။ တစ်စီးကို ၁၀၀၀ ကနေ ၅၀၀၀တောင်းတယ်။ ဒါကပုံမှန်။ မှတ်ပုံတင်တို့၊ ထောက်ခံစာတို့မပါရင်သောင်းချီ‌ငွေညှစ်တာ။ပန်တိုင်ဂိတ်က တနေ့ကိုသိန်း ၂၀၀
အပ်ရတယ်" ဟုအဆိုပါဝန်ထမ်းဟောင်းကပြော
သည်။

ပန်တိုင်ဂိတ်သည် ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းတွင် အကြီးဆုံးစစ်ဆေးရေးဂိတ်ဖြစ်သည်။ ခရီးသွားများအားစစ်ဆေးရာတွင် ပျုစောထီးများကို အဓိကအသုံးပြုပြီးရဲ နှင့် စစ်တပ်က စောင့်ကြည့်ရေးတာဝန်ယူသည်။

အိမ်စီးကားနှင့်ခရီးသွားကားများမှယာဉ်မောင်းများကလက်သိပ်ထိုးပေးသောငွေကိုရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကယူသည်။ ကျန်ဌာနဆိုင်ရာကိုထမ်းများကပြေစာဖြင့် ငွေကောက်
ခံသည်။ ဥပဒေမဲ့ငွေတောင်းမှာကတိုင်ကြားရန် ဗီနိုင်းဖြင့် စာကပ်ထားသော်လည်း စစ်ကောင်စီဝန်ထမ်းများမှာ အတိုင်အဖောက်ညီစွာဖြင့် ကားများထံမှ ငွေတောင်းယူနေ​ကြောင်း ခရီးသွားအချို့ နှင့် အထက်ပါဝန်ထမ်း​ဟောင်းက​ပြောသည်။

"လုံးဝ မသထာဘူး။ ဒါပေမယ့် မပေးတဲ့ကားဆိုမှတ်ထားပြီး အရမ်းရစ်တာ။ကိုယ့်ကိုယ်ကိုယ် သတောင်းစားဖြစ်လို့ဖြစ်မှန်းမသိတဲ့ကောင်တွေ"
ဟု ရန်ကုန်-ပုသိမ်ခရီးသွားတစ်ဦးကပြောသည်။

ပန်တိုင်ဂိတ် နှင့် ရန်ကုန် -ပုသိမ် -ဟင်္သာတလမ်းခွဲဖြစ်သော ဗိုလ်မြတ်ထွန်းတံတားအထိစစ်ဆေးရေးဂိတ် ငါးခုရှိသည်။ ထိုအပြင် အဆိုပါတံတားမှ
ပုသိမ်မြို့အထိ ပန်းတနော်၊ ကျောင်းကုန်းစသည့်မြို့များကိုဖြတ်ပြီး စစ်ဆေးရေးဂိတ် ငါးခုရှိသည်။ တံတားမှ ဟင်္သာတမြို့အထိ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်မြို့တို့ကိုဖြတ်၍ စစ်ဆေးရေးဂိတ် ငါးခုရှိသည်။

မကြာသေးမီက ဗိုလ်မြတ်ထွန်းတံတားစစ်ဆေးရေးဂိတ်တွင်ပုသိမ်တို့သွားမည့်ကားတစ်စီးက ရဲတစ်ဦးအား ငွေ၂၀၀ ကျပ်ပေးရာ ၎င်းအားအရှက်ခွဲသည်ဆိုပြီး ရဲတပ်ဖွဲ့ဝင်က ယာဉ်မောင်းကိုခြိမ်းခြောက်ပြီးကားဖိအား​ပေးစစ်ဆေးခဲ့သည်။

အဆိုပါဂိတ်များသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ဖွင့်လိုက်ခြင်းဖြစ်သည်။ ခရီးသွားကားများ၊ အိမ်စီးကားများအား စစ်‌ဆေးပြီး သံ
သယရှိသူများကိုဖမ်းဆီးခဲ့သည်။ ၂၀၂၃ခုနှစ်တွင် ဂိတ်အချို့ကိုပြန်ရုပ်သိမ်းခဲ့သော်လည်း ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဧရာဝတီတိုင်းအတွင်းတိုက်ပွဲများဖြစ်ပြီးနောက်ဂိတ်များကိုပြန်ဖွင့်၍ စစ်ဆေးမှုများတင်းကျပ်နေခြင်းဖြစ်သည်။

လုံခြုံရေးအကြောင်းပြ၍စစ်ဆေးပြီး ကားသမားများခရီးသွားများထံမှငွေကြေးခြိမ်းခြောက်တောင်းယူနေကြခြင်းဖြစ်သည်ဟု ခရီးသွားများက​ပြောသည်။

၂၀၂၃ခုနှစ်တွင် ဟင်္သာတမြို့မှစစ်ဆေးရေးအဖွဲ့
မိုင်ခွဲတိုက်ခိုက်ခံခဲ့ရသည်မှလွဲ၍ ရန်ကုန်-ဧရာဝတီအဝေးပြေးကားလမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များတိုက်ခိုက်ခံရခြင်းမရှိခဲ့ဖူးပေ။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ၊ မအူပင်မြို့အပါအဝင် ၂၆မြို့နယ်ရှိပြီး ရေလမ်းရော ကုန်လမ်းမှပါ ရန်ကုန်တိုင်းနှင့်ဆက်သွယ်ထားသည်။

လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း သာပေါင်း၊ ရေ
ကြည်၊ လေးမျက်နှာမြို့နယ်ဆက်စပ်ဧရိယာများတွင် အာရက္ခတပ်တော်(AA) နှင့် PDF ပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်နေသည်။
🤬66👍253🤣2😡2
ရန်ကုန်-ဧရာဝတီအဝေးပြေးလမ်းမှ ဧရာဝတီမြစ်ကူးတံတား။ဓါတ်ပုံ-People's Spring
👍43🤬244👎4😡2
■Short Story

"အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ"

◼️ရဲသူအောင်

(၁)
အနိုင်ဆိုတာက သူ့ကိုယ်သူ ပြောတဲ့နာမည်။ နာမည်အရင်းက ထွန်းအောင်နိုင်။ အသက်က (၂၁)နှစ်။ အသားအရည်က ဖြူဖြူသန့်သန့်၊ မျက်လုံးမျက်ခုံးကောင်းကောင်းနဲ့ ပြောရရင် သူ့ရုပ်ရည်က ရုပ်ရှင်မင်းသားတောင် လုပ်လို့ရတယ်။
ဒါပေမယ့် အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။

(၂)
ကျနော်တို့ဆေးရုံကို အနိုင် စရောက်တဲ့နေ့တုန်းက စကားလည်း မေးမရဘူး။ သူ့နာမည်ကို မေးတာတောင် လူနာလိုက်ပို့တဲ့ ရဲဘော်တွေက ဖြေပေးကြတယ်။ စခန်းကုန်းကို သိမ်းပိုက်အောင်မြင်ပြီးခါမှ မြေမြှုပ်မိုင်း နင်းမိခဲ့သတဲ့။ မြင်လိုက်ရတဲ့ ရဲဘော်တွေက ပြောကြတယ်။

"သူ့တကိုယ်လုံး လေပေါ်ကို ဝုန်းခနဲ လွင့်တက်သွားတာ။ ကျနော်တို့က ပွဲချင်းပြီး သေပြီလို့တောင် ထင်တာပဲ"

သေကံမရောက်ပေမယ့် အနိုင်ဟာ ခြေထောက်နှစ်ဘက်လုံးကို ဆုံးရှုံးလိုက်ရတယ်။ ခွဲစိတ်ခန်းထဲမှာ ခြေထောက်ပြတ်တွေရဲ့ ထိခိုက်ဒဏ်ရာတွေကို ဆေးကြောသန့်ရှင်းတာကိုတောင် အနိုင်ဟာ အသံထွက်ပြီး ညည်းညူတာမျိုး မရှိဘူး။ မေးရိုးကြီးထင်းနေအောင် အံကြိတ်ပြိး တင်းခံထားခဲ့တယ်။

ခွဲစိတ်ခန်းကအထွက်မှာ အနိုင့်ကို သွေးပေါင်ချိန်ပေးရင်း "ဒဏ်ရာတွေက နာနေသေးလား" လို့ မေးတော့ သူက ခေါင်းညိတ်ပြတယ်။ ခွဲခန်းထဲမှာ မျက်ရည် မကျခဲ့တဲ့ အနိုင်ဟာ အဲဒီနေ့တနေ့လုံး စောင်ထူထူကြီးကို ခေါင်းမြီးခြုံပြီး ကလေးငယ်တယောက်လို ကြူကြူပါအောင် ငိုပါတယ်။

"စခန်းကုန်းကို သိမ်းပြီးချိန်မှကွာ"

အဲဒီစကားက ဆေးရုံကို စရောက်တဲ့အချိန်ကစလို့ ပြောခဲ့တဲ့ တခွန်းတည်းသော စကားပါပဲ။

(၃)
ဆေးရုံတက်ပြီးချိန်ထဲက အနိုင်ဟာ ထမင်းကောင်းကောင်း မစားဘူး။ ဘယ်သူ့ကိုမှလည်း စကားမပြောဘူး။ အချိန်ရှိသရွေ့ ခေါင်းမြီးခြုံပြီး နေတယ်။ အစားမဝင်တော့ လူကလည်း ပိန်ကျသွားတယ်။

"ထမင်းတော့ ဝင်အောင်စားရမယ်နော် ကိုယ့်ဆရာ။ ခွဲခန်းဝင်ရဦးမှာဆိုတော့ အားရှိဖို့ လိုတယ်"

အနိုင်က ထုံးစံအတိုင်း ခေါင်းညိတ်ပြပြီး အဖြေပြန်ပေးတယ်။ ပဋိဇီဝ ပိုးသတ်ဆေးတွေထိုး ၊ ပုလင်းကြီးတွေချိတ်ပြီး အနိုင့်ရဲ့ ခြေထောက်တွေကို ဖြတ်ဖို့ ပြင်ဆင်ကြရတယ်။ ခွဲခန်းမဝင်ခင် မနက်မှာ အနိုင်ဟာ ကျနော့်ကို ထူးထူးခြားခြား စကားတွေပြောလာတယ်။

"ဆရာ ညာဘက်ခြေထောက်ကိုတော့ တအားကြီး တိုအောင် မဖြတ်ပါနဲ့နော်။ ကျနော့်ကို ကတိပေးပါ ဆရာ"

တဖွဖွတောင်းပန်နေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော်ကိုယ်တိုင် မျက်ရည်စို့လုလု။ ပြီးတော့ "အနိုင်ပြောတဲ့အတိုင်း ဖြစ်စေရမယ်"ဆိုပြီး ကတိပေးရတယ်။

(၄)
ခွဲခန်းကအထွက်မှာ အရင်ထက် ပိုပြီးတိုသွားတဲ့ ငုံးတိတိခြေထောက်တွေကို ကြည့်ပြီး အနိုင်ဟာ အရင်ကလို နှုတ်ဆိတ်သွားပြန်ပါတယ်။ ပိုပြီး စိတ်ထိခိုက် သွားပုံပါပဲ။ သူ့အဖော် ရဲဘော်တွေကလည်း အချိန်ပြည့်နီးပါး သူ့ဘေးမှာ အဖော်လုပ်ပြီး အားပေးကြတယ်။

ကျနော်တို့မှာ ခြေထောက်တွေ ရှိနေသေးတဲ့အတွက် အနိုင့်အပေါ် ကိုယ်ချင်းစာစိတ် အပြည့်အဝရှိတယ်ဆိုပြီး ပြောမထွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော်တို့ဆေးရုံမိသားစုဟာ ပီဒီအက်ဖ်ရဲဘော်လေး အနိုင်ကို တတ်အားသမျှ အားပေး ဖေးမခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အနိုင်တယောက်ကတော့ အချိန်ရှိသရွေ့ တိုးတိတ် နှုတ်ဆိတ်မြဲ။ အစားကိုလည်း ဟုတ်တိပတ်တိမစား။ လူနာခုတင်တိုင်ကို ကျောမှီပြီး ပြတင်းပေါက်ကနေ ဟင်းလင်းပြင်မြင်ကွင်းကို ငေးငေးရီရီ ကြည့်တဲ့အခါ ကြည့်၊ စောင်ခေါင်းမြီးခြုံပြီး တနေကုန် အိပ်တဲ့အခါ အိပ်။ ခွဲစိတ်ခန်းဝင်ပြီး ခြေထောက်နှစ်ဘက်ကို ဖြတ်တောက်အပြီးမှာ အနိုင်ဟာ ချက်ချင်းဆိုသလို ပိန်ချုံးကျသွားပြန်တယ်။

ကြာတော့လည်း အနိုင်ဟာ သူကိုယ်တိုင် လက်မခံချင်တဲ့ အမှန်တရားတခုကို လက်ခံလိုက်ပုံပါပဲ။ သူငယ်ချင်းတွေနဲ့ တလုံးစ နှစ်လုံးစ စကားတွေ စပြောသလို ကျနော်တို့ ဆေးရုံဝန်ထမ်းတွေ ရောင်းလှည့်ချိန်မှာလည်း အရင်လို ခေါင်းညိတ်ခေါင်းခါ ပြန်ဖြေတာမျိုးမလုပ်ဘဲ စကားနဲ့ ပြန်ပြောပါတယ်။ ဒါပေမယ့် အနိုင့်ရဲ့မျက်နှာမှာ အရယ်အပြုံးတော့ မတွေ့မမြင်ရသေးပါဘူး။

(၅)
ဆေးရုံမှာ အနေကြာလာတော့ အနိုင်ဟာ သူ့ကို ဂရုစိုက်စောင့်ရှောက်ကြတဲ့ ဆေးရုံဝန်ထမ်းတွေနဲ့ ပိုရင်းနှီးလာပြီး စကားတွေဘာတွေ ပြောလာပါပြီ။

"ဆရာရေ ထူးဆန်းတယ်နော်။ ညအိပ်ပြီဆိုတာနဲ့ ကျနော့် ညာဘက်ခြေမက နာနာနေတယ်။ ရှိလည်း မရှိတော့ဘဲနဲ့"

"အဲဒါက ဒီလိုရှိတယ်။ ခြေထောက်ကို ဖြတ်လိုက်ပေမယ့် ခြေထောက် ခံစားလှုပ်ရှားနိုင်ဖို့ ထောက်ပံ့ပေးတဲ့ အာရုံကြောက ရှိနေသေးတယ်လေ။ အဲဒါကြောင့် မရှိတော့တဲ့ ခြေမတို့၊ ခြေချောင်းတို့က နာသလို ခံစားရတာမျိုးလည်း ဖြစ်တတ်တယ်"

"အော် အဲဒီလိုကိုး။ ကျနော်ပြောပြတာကို ဒီကောင်တွေက ရယ်ရယ်နေကြတာ"

သူငယ်ချင်းတွေကို လက်ညိုးထိုးပြီး မကျေမချမ်းပြောနေတဲ့ အနိုင့်ပုံစံက ပီဘိ ကလေးတယောက်လို။ အို တကယ်တော့ အနိုင်ဟာ ကလေးသာသာ အရွယ် ပါပဲလေ။ တက္ကသိုလ်စာသင်ခန်းထဲ ဘော့ပင်ကိုင်နေရမယ့်အချိန်မှာ သေနတ်ကိုင်ပြီး တိုက်ပွဲဝင်ဖို့ ရဲရင့်ခဲ့သူ လူငယ်လေးတဦး။
😢51👍263🔥1
မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ တိုင်းရင်းသားနယ်မြေထဲ စခန်းသိမ်းတိုက်ပွဲတွေ အကြိမ်ကြိမ် ဆင်နွှဲခဲ့ဖူးသတဲ့။ တိုက်ပွဲတိုင်းလည်း ရှေ့တန်းကနေ ပါဝင်ရမှ ကျေနပ်အားရမိသတဲ့။

"ဒီမှာကြည့် ဆရာ"

အနိုင်က မန်ယူဂျာစီရဲ့ ညာဘက်လက်မောင်းကို ပင့်တင်ပြီး ပြတယ်။ လက်မောင်းအိုးအထက်မှာ စည်းနှောင်ထားတာက အညိုရင့်ရောင် ကျစ်ကြိုးကလေး။

"ဒါ အမေ့ထဘီစလေးကို ကြိုးလိုကျစ်ပြီး အဆောင်လက်ဖွဲ့လို လက်မောင်းမှာ ပတ်ထားတာ ဆရာ။ ကျနော့်ခေါင်းဘေးကနေ ကျည်ဆံတွေ တရွှီရွှီနဲ့ ပျံဝဲနေတာ ခဏခဏပဲ။ ဘုရားစူးရစေ ကျနော် မညာဘူး။ လက်နက်ကြီးကျတိုင်းလည်း ကျနော် တခါမှ မထိခဲ့ဖူးဘူး"

ခုလို အနိုင်တယောက် စိတ်လိုလက်ရ စကားတွေပြောတာ ပထမဆုံးအကြိမ်လိုပါ။ သူပြောပြချင်နေတာတွေကို ကျနော် စိတ်ရှည်လက်ရှည် နားထောင်တယ်။

"အမေ့ အထက်ဆင်စလေးက အဲဒီလောက်ထိကို စွမ်းတာ။ ဒါပေမယ့် မြေမြှုပ်မိုင်းမထိအောင်တော့ မကယ်နိုင်ခဲ့ဘူးဗျာ"

တိုးသက်တိမ်ဝင်သွားတဲ့ စကားသံနဲ့အတူ အနိုင့်မျက်ဝန်းတွေမှာ မျက်ရည်စတို့ ဝေ့ဝဲလာခဲ့တယ်။

"စိတ်ဓာတ်တော့ မကျနဲ့ကွာ။ ဆေးရုံဆင်းပြီးတာနဲ့ လေ့ကျင့်ခန်းတွေ စလုပ်ဖို့ ပြင်ဆင်ရမယ်။ ခြေတုတပ်ရမယ်။ လမ်းပြန်လျှောက်နိုင်ဖို့ လေ့ကျင့်ကြိုးစားရမယ်"

အနိုင်က ကျနော့်ကို တွေတွေကြီး မော့ကြည့်နေတယ်။ ပြီးတော့ မေးတယ်။

"ဆရာက ကျနော် လမ်းပြန်လျှောက်နိုင်မယ်လို့ ထင်တာပေါ့"

"ထင်တာမဟုတ်ဘူး။ ဆရာက တကယ် ယုံကြည်တာ"

ဝှီးချဲပေါ်မှာ ထိုင်နေတဲ့ အနိုင်က ယဲ့ယဲ့ပြုံးတယ်။ အပြုံးယဲ့ယဲ့ဆိုပေမယ့် ဆေးရုံကို စရောက်ကတည်းက သူ့မျက်နှာပေါ်မှာ ထင်ဟပ်လာတဲ့ ပထမဆုံးအပြုံးဆိုလည်း ဟုတ်တယ်။

(၆)
အမေတခု သားတခုဘဝနဲ့ နေထိုင်ခဲ့ကြတဲ့ အနိုင်ဟာ အမေဖြစ်သူကို သူ မိုင်းထိခဲ့တဲ့အကြောင်း ပေးမသိခဲ့ပါဘူး။

"သိသွားလို့ရော ဘာထူးမှာလဲ။ ရင်ကျိုးရုံပဲ ရှိတော့မှာပေါ့။ ကျနော်ကတော့ အမေ့ကို ပေးသိမှာမဟုတ်ဘူး"

ကာယကံရှင်ရဲ့ဆန္ဒကြောင့် ကျနော်က ဇွတ်တိုက်တွန်းပြီး အကြောင်းကြားတာမျိုး မလုပ်ခိုင်းပါဘူး။ ပြီးတော့ ခုလိုအခြေအနေမှာ လူနာရဲ့ စိတ်အခြေအနေကလည်း တည်ငြိမ်မှု အပြည့်အဝ ရှိမနေသေးဘူး။ ဒီတော့ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ဖေးမကူညီပြီး ခြေတုတပ်တဲ့ ကုသမှုအဆင့်ထိ ရောက် သွားအောင် ဝိုင်းဝန်းသွားကြဖို့ပဲ ရှိပါတယ်။

ပြောရရင် အနိုင်ဆိုတဲ့ လူငယ်လေးတယောက်ဟာ မျှော်လင့်မထားဘဲ ကြုံလိုက်ရတဲ့ အခြေအနေဆိုးကြီးတခုအပေါ် သူ့ကိုယ်ပိုင်သိစိတ်နဲ့ အဆုံးစွန်ထိ ပြိုလဲမသွားအောင် ကြိုးစားရုန်းကန်နေရတုန်းပါပဲ။

တခြားသူတွေနဲ့ စကားတွေ ပြောနေရုံနဲ့၊ ဆေးရုံဝန်ထမ်းတွေ မေးသမျှကို ပြန်ဖြေရုံနဲ့တော့ သူ့စိတ်အခြေအနေက တည်ငြိမ်နေပြီလို့ မဆိုနိုင်သေးပါဘူး။ အထူးသဖြင့် သူ့ဘဝရှေ့ရေးတွေအကြောင်း သူကိုယ်တိုင် ပြောပြတဲ့အချိန်မှာ သူ စိတ်ဓာတ်ကျနေဆဲဆိုတာကို သတိထားမိစေတဲ့ စကားလုံးတွေ ကြားနေရပါသေးတယ်။

"ခြေထောက်တွေ မရှိမှတော့ ဘာလုပ်စားလို့ ရတော့မှာလဲ"
"ကျနော့်ဘဝက သွားပြီလေ"
"ဘဝရှေ့ရေး ဆိုတာကြီးကိုလည်း တွေးမနေချင်တော့ပါဘူးဗျာ"

ခြေထောက်နှစ်ဘက် ဆုံးရှုံးရတယ်ဆိုပေမယ့် ဘဝဆုံးသွားတာ မဟုတ်တဲ့အကြောင်း၊ ခြေတုတပ်ပြီးတဲ့အခါ ရဲဘော်တွေကို လက်မှုပညာဖြစ်စေ၊ နည်းပညာပိုင်းဖြစ်စေ သင်တန်းပေးသွားဖို့ရှိကြောင်း ကျနော်က အနိုင့်ကို ပြောပြရတယ်။ ထုံးစံအတိုင်း အနိုင်က ယဲ့ယဲ့ပြုံးပါတယ်။

(၇)
အနိုင့်ကို ဆေးရုံကဆင်းပေးပြီး သူ့လိုမျိုး ခြေပြတ်ရဲဘော်တွေ ထားရှိတဲ့အဆောင်ဆီ ရွှေ့ပြောင်းပေးရတယ်။ အနာတွေ ဆေးထည့်ဖို့အတွက် သုံးရက်မှာ တကြိမ်လာရောက်ဖို့ ဆေးရုံကို ခေါ်ရတယ်။

အနိုင်ရဲ့ စိတ်အခြေအနေက swing နေပုံပါပဲ။ ဘယ်လိုပဲ စိတ်ခွန်အားဖြစ်အောင် အားပေးစကားတွေ ပြောနေပေမယ့်လည်း သူ့မျက်နှာမှာ စိတ်ဓာတ်ကျတဲ့ အရိပ်အရောင်တွေက ရှိနေဆဲ။

"ဆေးရုံဆင်းသွားပြီဆိုပေမယ့် ဆေးရုံကို မကြာမကြာ လာလည်နော်။ ကိုအိုက်ကျော်ကို လိုက်ပို့ခိုင်း"

ကိုအိုက်ကျော်ဆိုတာက လူနာတွေကို ဝှီးချဲနဲ့ လိုက်ပါစောင့်ရှောက်ရတဲ့ အဆောင်ဝန်ထမ်း။ "ဟုတ်ကဲ့ ဆရာ" လို့ ပြန်ဖြေပေမယ့် အနာဆေးထည့်ချိန်ကလွဲရင် အနိုင်က ဆေးရုံကိုလာလေ့မရှိဘူး။

တခုသောမနက်မှာတော့ အနိုင်တယောက် ဆေးရုံကို ရောက်ချလာပါတယ်။ မျက်နှာမှာလည်း ပီသတဲ့ အပြုံးတခုနဲ့။

"ဘာဖြစ်လို့လဲ အနိုင်" ဆိုပြီး ကျနော်က စိတ်ပူတကြီးမေးတော့ "ဘာမှ မဖြစ်ဘူး ဆရာ" လို့ သူ ပြန်ဖြေတယ်။ "ဆရာ့ကို ပြစရာရှိလို့" တဲ့။

သူ့အင်္ကျီအိတ်ကပ်ထဲက ဖုန်းကိုထုတ်ပြီး Facebook ပေါ်က ဓာတ်ပုံဆောင်းပါးတခုကို ပြတယ်။ ပီဒီအက်ဖ်ရဲဘော်တွေ ရဲစခန်းတခုရှေ့မှာ ကျကျနန ပို့စ်ပေးပြီး ရိုက်ထားတဲ့ ဓာတ်ပုံတပုံ။ မြို့သိမ်းတိုက်ပွဲတခုရဲ့ သမိုင်းဝင်ဓာတ်ပုံတပုံကို ကျနော်ကိုယ်တိုင်လည်း တွေ့မြင်ပြီးဖြစ်ပါတယ်။
👍448🔥2
"အဲဒါ ကျနော်တို့မြို့လေ ဆရာ"
"ဟုတ်လား မိုက်ပြီလေ။ ပျော်စရာကြီးပေါ့"

အနိုင် ဘယ်လောက်ထိ ပျော်နေမလဲဆိုတာ မေးကြည့်နေစရာတောင် မလိုပါဘူး။ အပြုံးတွေပြည့်နေတဲ့ သူ့မျက်နှာကိုကြည့်ရုံနဲ့ သိနိုင်ပါတယ်။

"ဒီလိုဆိုတော့လည်း ဘဝက နေပျော်စရာကြီးပါလားဗျာ"

အားတက်သရောပြောနေတဲ့ အနိုင့်ကိုကြည့်ပြီး ကျနော် ကျေကျေနပ်နပ်ကြီး ပြုံးမိတယ်။ အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါဘူး။ ဒါပေမယ့် ယုံကြည်ချက်တော့အပြည့်အဝရှိနေတဲ့ပုံပါပဲ။ ။

(The Call - ​ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ရဲသူ​အောင်' ရေးဖွဲ့ခဲ့တဲ့ "​အနိုင့်မှာ ခြေထောက်တွေ မရှိတော့ပါ" ဝတ္ထုတိုကို People's Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749&mibextid=2JQ9oc မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍59😢13🔥2
👍49😢19🤮1
စဉ့်ကိုင်ရွာကို စစ်ကောင်စီ ထပ်မံလေကြောင်းတိုက်ခိုက်၊ ကလေးတစ်ဦးအပါအဝင် သုံးဦးဒဏ်ရာရ

မတ်-၂၂၊၂၀၂၅။ မေ/People's Spring

စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ်က စဉ့်ကိုင်ကျေးရွာကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ မတ်လ၂၂ရက် မနက် ၄နာရီခန့်မှာ စစ်ကောင်စီက စဉ့်ကိုင်ကျေးရွာကို ထပ်မံ လေကြောင်းတိုက်ခိုက်ရာ (၁၂)နှစ်အရွယ်ကလေးတစ်ဦး၊ အသက်(၄၆) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာ တွေရခဲ့တာလို့ သိရပါတယ်။

"အကုန်အိပ် နေချိန်တွေပဲကြဲသွားတော့ အထိခိုက်ရှိသွားတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စဉ့်ကိုင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီး မတ်လ ၁၆ရက်နဲ့ မတ်လ၂၀ရက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

မတ်လ၁၆ရက်က လေကြောင်းတိုက်ခိုက်ရာမှာ လသားကလေးငယ် အပါအဝင် လေးဦး သေဆုံးခဲ့ပြီး မတ်လ၂၀ရက်က လေကြောင်းတိုက်ခိုက်ရာမှာ ဘုရားစေတီတွေ ပျက်စီးခဲ့ပါတယ်။
🤬59👍12😭7🔥2😡21
🤬48😢12🔥3😡2👍1
(မတ် ၂၀ရက် က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော စဥ့်ကိုင်ရွာလယ်မှ ရှင်ပင်ဆိပ်သကြားထုဘုရားဝန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - CJ)
😡33🔥7👍4🤬3😢3👎2🥰2