People's Spring
62.3K subscribers
34.8K photos
616 videos
1 file
553 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မိုးကုတ်မြို့ရှိ ဘဏ်များအား စစ်ကောင်စီတပ်သားများ ဖောက်ထွင်းခိုးယူပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
မတ္တရာနှင့် စဉ့်ကူးရှိ ပျုစောထီးများ အမြန်ဆုံးလက်နက်ချ ပြည်သူ့ရင်ခွင်ခိုလှုံရန် မန္တလေး PDF သတိပေး

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျုစောထီးအဖွဲ့ဝင်များ အမြန်ဆုံးလက်နက်ချပြည်သူ့ရင်ခွင်ခိုလှုံရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့(ဇူလိုင်၅ရက်)တွင် သတိပေးကြေညာသည်။

မတ္တရာနှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များအနေဖြင့် လွဲမှားသော ယုံကြည်ချက်ကြောင့်ဖြစ်စေ၊ အဓမ္မတိုက်တွန်း စေခိုင်းခံရမှုကြောင့်ဖြစ်စေ ပြည်သူအပေါ်ကျူးလွန်နေသည့် ပြစ်မှုများကို ရပ်တန့်ပြီး ပြည်သူ့ရင်ခွင်ပြန်လည်ခိုလှုံရန် အကောင်းဆုံးနှင့် နောက်ဆုံးအခွင့်အရေး ဖြစ်ကြောင်း မန္တလေး PDFက အသိပေးသည်။

မန္တလေး PDFသည် နိုင်ငံတကာစစ်ဥပဒေများနှင့်ကျင့်ဝတ်များကို လေးစားလိုက်နာသော တပ်ဖွဲ့ဖြစ်သည်ကို အလေးအနက် သိစေအပ်ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများကို နွေးထွေးစွာကြိုဆိုသွားမည် ဖြစ်ပြီး လူ့ဂုဏ်သိက္ခာနှင့် အညီ ရှင်သန်နေထိုင်ခွင့်ရမည်ဟု ကတိပြုသည်။

"လူ့ဂုဏ်သိက္ခာနဲ့ အညီ ရှင်သန်နေထိုင်ခွင့်ရဖို့ အပြည့်အဝ အာမခံပါတယ်။"ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

ထို့ကြောင့် ပျူစောထီးများအနေဖြင့် ယခုတိုက်တွန်းချက်ကို လက်မခံဘဲ စစ်ကောင်စီနှင့် ဆက်လက် ပူးပေါင်းနေမည်ဆို ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များကဲ့သို့ တန်းတူသတ်မှတ်ကာ ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဟုလည်း သတိပေးထားသည်။

မန္တလေး PDF၏ ဇူလိုင်၃ရက်က တရားဝင်ထုတ်ပြန်ချက်အရ စဥ့်ကူးမြို့နယ်ရှိ ဒိုးနွယ်ရွာ တပ်စခန်း ၊ နမ့်ဟပ်ရွာ တပ်စခန်း ၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း ၊ ရွှေမာလဲစေတီ တပ်ခစန်း ၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ် သိမ်းပိုက်ထားသည်။

စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း လက်နက်မျိုးစုံ ၄၀ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း ၁၃ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်။

အလားတူ မတ္တရာမြို့နယ်တွင်လည်း (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါအဝင် စစ်ကောင်စီ၏ တပ်စခန်း အပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၈ ခုအား အပြီးသတ်သိမ်းပိုက်ထားပြီး စစ်သုံ့ပန်း ၆၀ ကျော် ဖမ်းဆီးရမိကာ လက်နက်မျိုးစုံ ၁၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ကဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများကို မန္တလေး PDF နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိသည်။
(ပြီးခဲ့သည့်မေလအတွင်းက မန္တလေးမြို့၌ ပြုလုပ်ခဲ့သည့် ပျူစောထီးသင်တန်းဆင်းပွဲ၌ ပျူသင်တန်းသားများအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)
မိုးမိတ်နှင့် နောင်ချို ဒုံးတပ်ရင်း(၆၀၆)တွင် တိုက်ပွဲပြင်းထန်

ထားမြတ်/People’s Spring

မိုးမိတ်မြို့နှင့် နောင်ချိုမြို့နယ်တို့၌ ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၁၁ရက်မြောက် ဖြစ်သည့် ဇူလိုင် ၅ရက် စစ်ရေးအခြေအနေကို ယနေ့ ညပိုင်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးမိတ်မြို့နယ် လက်ခုပ်ပင်ရွာ၊ လယ်ကြီးရွာနှင့် လက်ခုပ်သာရွာအနီးတဝိုက်တွင် တအာင်းတပ်မတော် TNLA၊ PLA PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် စကခ(၂၁)၊ ခလရ (၃၄၈)၊ ခလရ (၂၂၃)၊ ခလရ (၂၇၆) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ဖော်ပြသည်။
တိုက်ပွဲ ၌ ထိခိုက်ကျဆုံး အခြေအနေ များ ဖော်ပြထားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားနေကြောင်းသာ အသိပေးထားသည်။

ထို့ပြင် နောင်ချိုမြို့တွင် ကျန်နေသည့် စစ်ကောင်စီ၏ ဒုံးတပ်ရင်း(၆၀၆)တွင်လည်း တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။ အဆိုပါ တပ်ရင်းကို တအာင်းတပ်တော်(TNLA)၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယနေ့ညနေပိုင်း၌ တိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားလျက်ရှိသော ဒုံးတပ်(၆၀၆)စခန်းသို့ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

TNLA ပူးပေါင်းတပ်များသည် စစ်ဆင်ရေးစတင်ချိန်ကတည်းက အဆိုပါ ဒုံးတပ်ရင်း သိမ်းပိုက်နိုင်ရေး နေ့စဉ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခုခံလျက်ရှိသည်။
(၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
မတူပီမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်အဖွဲ့ လက်နက်မျိုးစုံ ၄၀၀ခန့်ရ

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာ အမြောက် နှင့် လေယာဉ်ပစ်စက်သေနတ်အပါအဝင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အလက် ၄၀၀ခန့် ရရှိခဲ့ကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန်သည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့ဝင်များ၊ ရက္ခိုင့်တပ်တော်(AA)နှင့် Yaw Armyတို့ ပူးပေါင်း ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ဇွန်လကုန်ပိုင်းတွင် မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့သည်။

သိမ်းပိုက်ရရှိထားသည့် လက်နက်များ၏ အမည်နှင့် အရေအတွက်ကို ထုတ်ပြန်ခဲ့ရာ ဟောင်ဝစ်ဇာ အမြောက် ၂လက်၊ လေယာဉ်ပစ်စက်သေနတ် ၂လက်၊ ပစ္စတို အလက် ၄၀၊ ၈၁မမ နောက်ပွင့် ၂လက်၊ ၁၂၀ မမ ပြောင်း ၂လက် အပါအဝင် လက်နက်ကြီးငယ် ၃၉၂ လက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လက်နက်ကြီးကျည်များ၊ စက်သေနတ်ကျည်များ၊ လက်နက်ငယ်ကျည်များစွာ သိမ်းပိုက်ရရှိခဲ့ကြောင်း အသေးစိတ် ဖော်ပြသည်။

လက်ပစ်ဗုံးများ၊ မိုင်းမျိုးစုံနှင့် ယမ်းများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများနှင့် အခြား စစ်အသုံးအဆောင်များစွာကိုလည်း ချင်းညီနောင်ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ချင်းညီနောင်သည် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၉ရက်တွင်စတင်ခဲ့ရာ ဇွန်လ ၁၇ရက်တွင် မတူပီ ခမရ(၃၀၄)တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဇွန်လ ၂၉ရက်တွင် မတူပီဗျူဟာနှင့် ခလရ(၁၄၀) တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲကာလအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား ပြဿနာဖြစ်ကာ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။ ချင်းညီနောင် ၊ AA မဟာမိတ် ပူးပေါင်းတပ်များနှင့် ချင်းအမျိုးသားတပ်မတော်(CNA) ပါဝင်သည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား ဇွန်လ ၁၈ရက်မှစတင်၍ တစ်ပတ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်။
သီပေါနှင့် ကျောက်မဲ၌ SSPPနှင့် TNLAတိုက်ပွဲဖြစ်ပွားမှု ခေါင်းဆောင်များညှိနှိုင်းပြီး အပစ်ရပ်

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့တို့တွင် တအာင်းတပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) မဟာမိတ်အချင်းချင်း အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်သက်ဆိုင်ရာခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းပြီး အပြန်အလှန် ပစ်ခတ်မှုကို ရပ်တန့် အဆုံးသတ်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

TNLAက ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းမိခဲ့သည့် စစ်သုံ့ပန်းများကို သယ်ယူပို့ဆောင်နေစဉ် သီပေါမြို့နယ် ရေပူကျေးရွာအနီး တိုက်ပွဲဖြစ်ခဲ့ကြောင်း ယနေ့(ဇူလိုင် ၅ရက်)တွင် ထုတ်ပြန်သည်။

SSPP/SSA က ပစ်ခတ်ခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် PSLF/TNLA ၏ မြိုနယ်မှူး ဗိုလ်ကြီးနေအုပ် ကျဆုံးပြီး ရဲဘော် သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ TNLA တပ်ဖွဲ့ဝင် လေးဦးသည် စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီ၏ တပ်ဖွဲ့၀င် စစ်သုံ့ပန်းများအားခေါ်ဆောင်လာစဉ် သီပေါမြို့ ရေပူရွာအနီး လမ်းဘေး ဘုန်းကြီးကျောင်းဝင်းတွင် အသင့်စောင့်ဆိုင်းနေသည့် SSPP/SSA တပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် TNLA တပ်ဖွဲ့များ ရောက်ရှိပြီး နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့အပြင် ကျောက်မဲမြို့နယ် လုပ်ပါကျေးရွာနှင့် နောင်ပိန်ကြီးကျေးရွာတို့တွင်လည်း SSPP/SSA မှ PSLF/TNLA တပ်ဖွဲ့အား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေ့ရက်ကို ဖော်ပြမထားပေ။

ယခင်က သီပေါမြို့နှင့် ကျောက်မဲမြို့အား ဖြတ်သန်းသွားလာရာတွင် SSPP/SSA တပ်မှ TNLA အား ပစ်ခတ်ခြင်းမရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထိုကဲ့သို့ နှစ်ဖက်အောက်ခြေ နားလည်မှုလွှဲမှားပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားသည်ကို သက်ဆိုင်ရာခေါင်းဆောင်များဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ရပ်တန့်အဆုံးသတ်ခဲ့ကြောင်းလည်း ဖော်ပြသည်။

TNLAနှင့် SSPPတို့သည် ၀တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် မဟာမိတ်များဖြစ်ပြီး ယခင်ကလည်း နှစ်ဖက်အကြား ပြဿနာအချို့ရှိခဲ့သည်။

TNLA အနေဖြင့် ဇွန်လ ၂၅ရက်မှ ပြန်လည်စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၌ မဟာမိတ်များနှင့်အတူ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ သီပေါ စသည့်မြို့နယ်များမှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ တပ်စခန်းများ သိမ်းပိုက်ရရှိထားပြီး ကျန် စစ်စခန်းများ ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။ SSPP အနေဖြင့်လည်း အမည်ဖော်ပြခြင်းမရှိသော်လည်း ဇူလိုင် ၃ရက်က စတင်သည့် လားရှိုးထိုးစစ်တွင် တိုင်းရင်းသားမဟာမိတ်များနှင့်အတူ ပါဝင်လျက်ရှိကြောင်း တိုင်းရင်းသားတပ်များနှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တို့က ပြောပြသည်။

SSPP အနေဖြင့် လားရှိုးတိုက်ပွဲ၌ ပါဝင်ခြင်းရှိ၊မရှိ အခြေအနေကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
( SSPPနှင့် TNLAတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - SSPP၊ TNLA)
စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းကပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

သုည/People's Spring

စစ်ကိုင်း၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၅)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းနဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနဲ့ ပူးပေါင်းကာ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၂ နှစ်ပြည့်အထိမ်းအမှတ် လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ မျိုးဆက်သစ် ကျောင်းသား၊ကျောင်းသူများက ဆဲဗင်းဂျူလိုင်အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သပိတ်တရား ဟောကြားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး "အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ" စာသားပါဘန်နာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ DDMSC ၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်
မြဝတီမြို့စောင့်တပ် ၂၇၅က တော်လှန်ရေးပူးပေါင်းတပ်ရှိရာကို လက်နက်ကြီးဖြင့်ပစ်ခတ်

"ဒီအတိုင်းဆို မြဝတီက ပြဿနာပြန်ဖြစ်လာနိုင်တယ်။ သူတို့ကပစ်ရင် ဟိုဖက်ကလည်း တန်ပြန်လာတော့မှာပေါ့" - ကရင်စစ်ရေးသတင်းရင်းမြစ်

မက်ကစံ/People's Spring

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ(၂၇၅)တပ်ရင်းသည် ယနေ့ညပိုင်းတွင် တော်လှန်ရေးပူးပေါင်းများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ခလရ(၂၇၅)တပ်ရင်းမှ သင်္ဃန်းညီနောင်မြို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဟု People's Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

"၂၇၅ကနေ ပစ်ထုတ်တာ။ ညီနောင်ဖက် ထင်တယ်။မရောက်ဘူး။ ဒီအတိုင်းဆို မြဝတီက ပြဿနာပြန်ဖြစ်လာနိုင်တယ်။ သူတို့ကပစ်ရင် ဟိုဖက်ကလည်း တန်ပြန်လာတော့မှာပေါ့"ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သင်္ဃန်းညီနောင်မြို့ဘက်တွင် တော်လှန်ရေးပူးပေါင်းများ ရှိနေ၍ ပစ်ခတ်ခြင်းဟု မြဝတီမြို့ခံအချို့က သုံးသပ်သည်။

ကော့ကရိတ်နှင့် မြဝတီမြို့ကြားရှိ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကို ယနေ့(ဇူလိုင်၅ရက်) တွင် ဝင်ရောက်တိုက်ခိုက်ပြီး အောင်ဇေယျစစ်ဆင်ရေးအားအစွမ်းကုန်ရိုက်ချိုးသွားမည်ဖြစ်ကြောင်း KNLAက ကြေညာချက် ထုတ်ပြန်ထားသည်။

ထို့အပြင် ဆန္ဒမပါဘဲ အောင်ဇေယျစစ်ဆင်ရေးနှင့်အတူ ဒေါနတောင်သို့ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များအား အသိပေးချက်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်ခဲ့ရာ ရောက်သည့်နေရာမှ KNLA တပ်ဖွဲ့ထံ လာရောက်လက်နက်အပ်နှံကြရန် သတိပေးခဲ့သည်။

၂၀၂၄ မတ်လမှစ၍ မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းများကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ ဧပြီဒုတိယပတ်တွင် သင်္ဃန်းညီနောင်ဗျူဟာ တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး မြ၀တီမြို့ ခလရ(၂၇၅)ကို လည်း သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် စစ်ကောင်စီဘက်က နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်ကို အောင်ဇေယျအမည်ဖြင့် ဆင်နွှဲခဲ့ရာ KNLA ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် အောင်ဇေယျစစ်ကြောင်း အထိနာပြီး ရှေ့ဆက်မတိုင်းနိုင်ဘဲ ဖြစ်နေသည်။

အဆိုပါ စစ်ဆင်ရေးတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်များအား သတိပေးချက်ကို KNLA ဗဟို ဌာနချုပ်က သတိပေးချက်ထုတ်ပြန်ပြီး လက်နက်ချရန် အသိပေးခဲ့သည်။

"မိမိဆန္ဒမပါဘဲ စစ်တပ်ထဲ အတင်းအဓမ္မ သွပ်သွင်းခံရကာ အကြပ်ကိုင်ခိုင်းစေမှုကြောင့် အောင်ဇေယျ စစ်ဆင်ရေး ရှေ့တန်း တစ်နေရာသို့ ရောက်ရှိနေသော စစ်ကောင်စီ လက်အောက်မှ ရဲဘော်တပ်သားများခင်ဗျား။ နိုင်ငံတကာ ဥပဒေ စံနှုန်းနှင့်အညီ အသက်ရှင်သန်ခွင့်ရလိုလျင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံသို့လာရောက် လက်နက်အပ်နှံခြင်း ကတစ်ခုတည်းသော နည်းလမ်းဖြစ်သည်”ဟု KNLA ဗဟို ဌာနချုပ်က ထုတ်ပြန်သည်။

ကျည်ဖြုတ်ထားသော သေနတ်အားနောက်ကျောတွင်လွယ်ကာ ခေါင်းကိုမြေကြီး အောက်ချ၍ လက်ဗလာဖြင့် ရှောက်သည့်နေရာမှ နေရပ်စွန့်ပြီး KNLA တပ်ဖွဲ့ထံ အရောက်လာရန် ဖော်ပြထားသည်။

ခလရ(၂၇၅)ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူး​ပေါင်းတပ်များက ပြီးခဲ့သည့် ဧပြီ ၉ရက်တွင် စတင်တိုက်ခိုက်ရာ ဧပြီ ၁၀ရက်ည၌ စခန်းမှ စစ်သားများက အမှတ် (၂ )တံတားနားသို့ထွက်​ပြေးခဲ့သည်။ ဧပြီ ၁၁ ရက်တွင် KNLA ဦး​ဆောင်​သောပူး​ပေါင်းတပ်က စခန်းကို နယ်​မြေရှင်းလင်း​ရေးလုပ်ခဲ့ရာ လက်နက်ခဲယမ်းများစွာရရှိခဲ့သည်။ ထို​နောက် ဧပြီ ၁၅ ရက်တွင် စစ်​ကောင်စီလွှင့်ထူထား​သော အလံကို ​ကော်ဘရာစစ်​ကြောင်းက ဖြုတ်ချ၍ ကရင့်အမျိုးသားအလံ​တော်ကိုလွှင့်ထူခဲ့သည်။

ထို့နောက် ဧပြီ ၂၃ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သော ခလရ(၂၇၅)တပ်ရင်းအား အမှတ်(၂) ချစ်ကြည် ရေးတံတား၌ ခိုလှုံနေသော စစ်ကောင်စီတပ်က ပြန်လည်နေရာယူတပ်စွဲခဲ့သည်။
မြဝတီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းအား KNLAနှင့် ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – The Reporters