People's Spring
68.5K subscribers
38.9K photos
677 videos
2 files
705 links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မင်းတပ် တိုက်နယ်(၂)ဒေသကို စစ်ကောင်စီလေကြောင်းမှ ထပ်မံတိုက်ခိုက်

ထားမြတ်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီက ယမန်နေ့ နေ့လယ်နှင့် ညပိုင်း၌ လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။

စစ်ကောင်စီတပ်သည် ဧပြီ ၂၅ရက် ညပိုင်းက မင်းတပ် တိုက်နယ်(၂)ရှိ ၀မ္မသူးဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာများအပါအဝင် ပြည်သူ ငါးဦးသေဆုံးပြီး ၃၀ဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ တိုက်နယ်(၂)ဒေသကို မေလ ၁ရက် ညနေ ၅နာရီတွင် တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက် ယမန်နေ့ ည ၁၁နာရီတွင်လည်း ပေါင် ၅၀၀ ဗုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ဟု ဒေသခံက အသိပေးသည်။

"ယမန်နေ့ ညနေ ၅ နာရီခန့်က ကြဲချခဲ့သော နေရာကိုထပ်မံ ကြဲတာလို့သိရပါတယ်။ထိခိုက် ပျက်ဆီးမှုအခြေအနေမသိရသေးပါ"ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ဆေးရုံ တိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်လေ့ရှိသောကြောင့် စစ်ကောင်စီအား ပိုမိုနာကျည်းကာ စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်မှုကို ပိုမိုအားစိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်(CDF)-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားသည်။
(ဧပြီ ၂၅ရက် ညပိုင်းက မင်းတပ်တိုက်နယ်(၂)ရှိ ၀မ္မသူးဆေးရုံအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီးနောက် မီးလောင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF-မင်းတပ်)
မြင်းခြံတွင် အပူချိန်လွန်ကဲရာမှ မီးလောင်ပြီး နေအိမ် ၁၀လုံးဆုံးရှုံး

ဇော်ရမ်း/People's Spring

မန္တလေးတိုင်း၊မြင်းခြံမြို့တွင် အပူချိန်လွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ရာ နေအိမ် ၁၀လုံး ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြင်းခြံမြို့ ရပ်ကွက်(၆)နှင့် ရပ်ကွက်(၅) ဆက်စပ်နေသည့် နေရာ၌ ယနေ့(မေလ ၂ရက်) ‌နေ့လယ် ၁၂နာရီခန့်တွင် မီးလောင်ကျွမ်းခြင်းဖြစ်သည်။

" အပူချိန်မြင့်ပြီး ‌မီးလောင်နေတာ ဆက်တိုက်ဖြစ်နေတာ။ ဒီနေ့လည်း ဆိုင်ကယ်ဆီထည့်ရင် မီးကူးတယ်လို့ ပြောတယ်။အိမ်ဆယ်လုံးပါသွားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့မီးလောင်ကျွမ်းမှုသည် နာရီဝက်ခန့်ကြာခဲ့ပြီး မီးသတ်ကားများနှင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးငြှိမ်းခဲ့ခြင်းဟု ဒေသခံများကပြောသည်။

မြင်းခြံမြို့တွင် ဧပြီလ ၂၅ရက်မှ ယနေ့ (မေလ ၂ရက်)အထိ တစ်ပတ်အတွင်း နေအိမ်မီးလောင်မှုလေးကြိမ်ဖြစ်ပွားခဲ့သည်။
(မြင်းခြံမြို့၌ ယနေ့ မီးလောင်မှုဖြစ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
ရခိုင်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလစိုးရိမ်မကင်းဖြစ်

ထားအိ/People’s Spring

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)
ထုတ်ပြန်သည်။

မေ ၁ ရက်တွင် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာ့အရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို စဥ်ဆက်မပြတ် ရှုတ်ချကြောင်းပြောသည်။

“စစ်မက်ပြုခြင်း ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု လမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ ကူညီရေး လုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ်က ပြောသည်။

ရခိုင်ပြည်နယ်၌ စနစ်တကျ ခွဲခြားဆက်ဆံခံခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် လမ်းကြောင်းတခု တည်ဆောက်ရာမှာ အရေးပါပြီး ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်မှုသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု သံသရာလည်ပတ်နေမှုကို ပိုမို ဆိုးရွားလာစေလိမ့်မည်ဟု ကုလသမဂ္ဂမြန်မာရုံးက ထောက်ပြသည်။

လက်ရှိ လွန်စွာမတည်မငြိမ်ဖြစ်နေသည့် အခြေအနေတွင် ပြန်လည်ပေါ်ပေါက်လာနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များရှိလာချိန်တွင် လူမှုသဟဇာတဖြစ်မှု (social cohesion)ကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းနေကြပြီး အတူတကွ လက်တွဲလုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များကို ကုလသမဂ္ဂက အပြည့်အဝ ထောက်ခံအားပေးကြောင်း စတိဗ်ဒူဂျာရစ်က ပြောသည်။

ရခိုင်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီက ရိုဟင်ဂျာများအား အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ အာရက္ခတပ်တော်(AA)ကို အလိုမရှိမကြောင်း၊ စစ်ပွဲရပ် စသည့်လုပ်ကြံဆန္ဒပြစေခြင်းတို့ ဖန်တီးလုပ်ဆောင်နေပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တာ၀န်ရှိသူများက ပြောဆိုထားသည်။

ထို့အပြင် ရက္ခိုင်အမျိုးသားအဖွဲဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ULA/AA အနေဖြင့် ရက္ခိုင်ပြည်ရှိ ရိုဟင်ဂျာ(မူရင်းတွင် ဘင်္ဂလီမူဆလင်ဟုသုံးနှုန်း)အသိုင်းအဝိုင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် မမှန်မကန်လုပ်ကြံဖန်တီးမှုများနှင့် စွပ်စွဲမှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဧပြီ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ ထိုအပြင် ARSA ၊ RSO ၊ ARA စသည့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များနှင့် စစ်​ကောင်စီကစစ်သင်တန်း​ပေးထား​သော ရိုဟင်ဂျာလူငယ်များက စစ်​ကောင်စီနှင့်အတူ အာရက္ခတပ်​တော်ကို တိုက်လိုက်မှုများရှိလာ​ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များနှင့် AA က​ပြောသည်။

အာရက္ခတပ်တော်(AA)သည် ရက္ခိုင်ပြည်ရှိ လူမျိုး၊ ဘာသာ အုပ်စုတိုင်းကို အကာအကွယ်ပေးရန် ရပ်တည်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့်အပြစ်မဲ့ မွတ်ဆလင်အရပ်သားကိုမျှ ရည်ရွယ်ချက်ရှိရှိ ဦးတည်သတ်ဖြတ်ခဲ့ခြင်း မရှိကြောင်းနှင့် ယခုနှင့် နောက်နောင်တွင်လည်း မွတ်ဆလင်များအပါအဝင် ရက္ခိုင်ပြည်တွင်း ပြည်သူများအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်အသိပေးသည်။

AA ကချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တစ်ခုလုံးနှင့် ရခိုင်ပြည်နယ်မှ ​မြောက်ဦး၊​ကျောက်​တော် ၊​မင်းပြား၊ပေါက်​တော ၊​ ​မြေပုံ ၊ပုဏ္ဏကျွန်း ၊ရ​​သေ့​တောင်မြို့နယ်ရှိစစ်တပ်စခန်းများကိုသိမ်းပိုက်၍ အဆိုပါ​ဒေသများကို သိမ်းပိုက်ထိန်းချုပ်ထာယသည်။ ရိုဟင်ဂျာ လူဦး​ရေ များ​​သော ​မောင်​တော ၊ဘူးသီး​တောင် မြို့နယ် များရှိ စစ်​ကောင်စီတပ်စခန်းများ ၊နယ်ခြား​စောင့် စခန်းများကို အာရက္ခတပ်​တော်က ဆက်တိုက်သိမ်းပိုက်လာချိန်တွင် စစ်​ကောင်စီသည် AA နှင့်ရိုဟင်ဂျာပြည်သူများကြား လူမျိုး​ရေး ၊ဘာသာ​ရေး ပြသ၊နာ ဖန်တီး​နေခြင်းဖြစ်သည်။ထိုအပြင် စစ်အုပ်စုနှင့် ယခင်ကတည်းက နီးစပ်​သော ARSA ၊ RSO ၊ စသည့်အဖွဲ့များက စစ်​ကောင်စီဘက်မှ ကူတိုက်ပြီး ပြသာနာကိုပိုကြီးမား​အောင် ဖန်တီး​နေကြခြင်းဖြစ်​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဒူဂျာရစ် နှင့် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထိန်းချုပ်ထား​သော​ဒေသများပြ​မြေပုံ
“ညနေခင်းသတင်းလွှာ”

ဒီနေ့ (မေလ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

◾️မင်းတပ် တိုက်နယ်(၂)ဒေသကို စစ်ကောင်စီလေကြောင်းမှ ထပ်မံတိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂)ဒေသသို့ စစ်ကောင်စီက မနေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၅ရက် ညပိုင်းက မင်းတပ် တိုက်နယ်(၂)ရှိ ၀မ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာများအပါအဝင် ပြည်သူ ငါးဦးသေဆုံးပြီး ၃၀ဦး ဒဏ်ရာရခဲ့ပါတယ်။ စစ်ကောင်စီတပ်က မနေ့ တိုက်လေယာဥ်ဖြင့် နှစ်ကြိမ် ပေါင် ၅၀၀ ဗုံးများ ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဆေးရုံ တိုက်ခိုက်မှုအပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများပြုလုပ်လေ့ရှိတာကြောင့် စစ်ကောင်စီအား ပိုမိုနာကျည်းကာ စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်မှုကို ပိုမိုအားစိုက် လုပ်ဆောင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ်(CDF)-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။

◾️ချင်းတပ်ဖွဲ့များအချင်းချင်း စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း CNF ပြော

ချင်းလက်နက်ကိုင်တပ်ဖွဲ့များ အကြား စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် များဖြစ်တဲ့ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC/MDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး(ZFU/PDF-Zoland)၊ ချင်းအမျိုးသား အဖွဲ့ချုပ်(CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်(CNC/CDF-Mindat)၊ CDF-ကန်ပက်လက်၊ CDF မတူပီ တပ်မဟာ(၁)တို့က မနေ့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ CNF ဦးဆောင်တဲ့ ချင်းပြည်ကောင်စီ အဖွဲ့ဝင်တပ်ဖွဲ့များက စစ်ရေးလှုပ်ရှားမှုဟာ ဒေသတွင်း ပဋိပက္ခကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်လို့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက တော်လှန်ရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ရေးဆိုင်ရာ ရာသီဥတု ဖောက်ပြန်မှုဖြစ်ပြီး ချင်းညီနောင်အဖွဲ့များအနေဖြင့် စစ်ဆင်ရေးဖော်ဆောင်ရာမှာ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်တယ်လို့ ပြောပါတယ်။

◾️စစ်​ကောင်စီက ကရင်နီပြည်မှာ ဧရိယာ ၂၀၀ ခန့်မှာ ​မြေမြုပ်မိုင်း ​​ထောင်ထား

ကရင်နီပြည်နယ်ရဲ့ ဧရိယာ ၂၀၀ ခန့်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားတယ်လို့ Karenni Human Rights Group ဦးဆောင်သူ ဦးဗညားက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကို ခုခံမှုအားကောင်းတဲ့ ကရင်နီပြည်တိုက်ပွဲများမှာ အထိနာ​သော စစ်ကောင်စီက လူနေရပ်ကွက်များမှာပါ မြေမြှုပ်မိုင်းများစွာအသုံးပြုခဲ့တယ်လို့ သိရပါတယ်။ KHRG ရဲ့ အချက်အလက်များအရ ဒီနှစ်သုံးလပတ်ကာလအတွင်း မြေမြှုပ်မိုင်းကြောင့် ကရင်နီဒေသခံ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။ ကရင်နီပြည်နယ်ရှိ ရပ်ကွက်၊ကျေးရွာအများစုမှာ မြေမြှုပ်မိုင်းများအပါအဝင် အခြားမပေါက်ကွဲသေးတဲ့ ကြွင်းကျန် စစ်သုံးပစ္စည်းများ အန္တရာယ်မှာ ကြီးမားနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထုတ်ပြန်ထားပါတယ်။

◾️ဖားကန့် ကျောက်စိမ်းလုပ်ကွက် နွံကန်ကျိုးပေါက်မှု လူနှစ်ဦးထက်မနည်း ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆန်ခါရွာမှ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဟောင်းတစ်ခုမှာ ဒီနေ့ မနက်ပိုင်းက နွံကန်ကျိုး‌ပေါက်ခဲ့ရာ လူနှစ်ဦးထက်မနည်း မျောပါပျောက်ဆုံးနေတယ်လို့ ဒေသခံများကပြောပါတယ်။ မိုးရွာနေချိန်ဖြစ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဖို့ ခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပျောက်ဆုံးသူအရေအတွက်ကိုလည်း အသေးစိတ်မသိရသေးပါဘူး။

◾️စဉ့်ကူးမြို့နယ်မှာ ဂိတ်ချငွေတောင်းခံနေတဲ့ စစ်ကောင်စီဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်မှာ ဂိတ်ချငွေတောင်းခံနေတဲ့ စစ်ကောင်စီဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံများက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စဥ့်ကူးမြို့နယ်၊ စဥ့်ကူး-ကျောက်မြောင်းလမ်း၊ ချမ်းငြိမ်းမွန်ဆီဆိုင်အနီး ဂိတ်ချငွေတောင်းခံနေတဲ့ စစ်ကောင်စီတပ်သားများနဲ့ ရဲများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စဥ့်ကူးမြို့မှ ရဲအရာရှိတစ်ဦးအပါဝင် လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဝင်များက ခရီးသွား ကား၊ဆိုင်ကယ် ယာဉ်များကို ပိတ်ဆို့စစ်ဆေးမှုများလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘုတ်ပြင်းအနီး ၁၀၂၀ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ် ဝင်တိုက်

▪️မြိတ်ခရိုင်အတွင်း တိုက်ပွဲပြင်ထန်နေ

ကျော်ဇော/People's Spring

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းမြို့အနီးရှိ စစ်ကောင်စီတပ်၏ ၁၀၂၀ အမည်ရစစ်ဆေးရေးဂိတ်ကို KNU/KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီက လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်း (ပြည်ထောင်စုလမ်း)မိုင်တိုင် ၁၀၂၀ အနီးစခန်းချဂိတ်ဖွင့်ထားသော စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၁၁)နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ်ရက်(ဧပြီ ၃၀)ကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ယနေ့ (မေ ၂)မွန်းလွဲပိုင်းတွင် လေကြောင်းပစ်ကူများပေးနေခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။

"စကစလေယာဥ်ပြန်သွားတာ သိပ်မကြာသေးဘူး။ ဒီနေ့လယ် ၂ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ဗုံးသီး ၁၀လုံးထက်မနည်း တဆက်တည်း ပစ်ချသွားတယ်"ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ၁၀၂၀ ဂိတ်သည် ပုံမှန် အားဖြင့် အင်အား ၂၀ ကျော်ခန့်သာရှိသော်လည်း ဘုတ်ပြင်းမြို့အနီးတည်ရှိရာ တပ်ကူများအလွယ်တကူရောက်ရှိလာနိုင်ခြင်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိခြင်းနှင့် စစ်ဗျူဟာအရ အရေးပါသည့်လမ်းပိုင်းတွင်တည်ရှိခြင်းကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူပေးကာ အပြင်းအထန် ခုခံနေကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲအခြေအနေနှင့် မြေပြင်အခြေအနေ အသေးစိပ်ကို ယခုထက်ပို၍သိရှိနိုင်ရန် လူထုနွေဦးက ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

အလားတူ မြိတ်ခရိုင်အတွင် ဧပြီနောက်ဆုံပတ်မှစ၍ ယခုမေလဆန်းအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ဘက်စစ်ရေးပြင်းထန်လျှက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိသည်။

မြိတ်ခရိုင်အတွင်းဖြစ်ပွားလျှက်ရှိသော နှစ်ဘက် တိုက်ပွဲများမှာ တနင်္သာရီမြို့နယ်နှင့် မြိတ်မြို့နယ်များတွင် ဖြစ်ပွားနေခြင်းဖြစ်ကာ ဧပြီ ၂၆ ရက်ကတည်းက ယင်းမြို့နယ်များတွင် တကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာနေခြင်းဖြစ်ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

"တိုက်ပွဲတွေစဖြစ်နေတာက ဧပြီ ၂၆ လောက်ကတည်းကဗျ။ နေ့စဥ်နီးပါးကို ဖြစ်နေတာ။ ကျနော်တို့ မြိတ်ခရိုင်အတွင်းက တနင်္သာရီနဲ့ ဘိတ်(မြိတ်)မြို့နယ်တွေမှာပေါ့။ အဲတုန်းကလည်း စကစဘက်က လေကြောင်းပစ်ကူ အကြိမ်ကြိမ်ပေးခဲ့တယ်"ဟု ၎င်းက ဆက်ပြောသည်။

ထိတွေ့တိုက်ပွဲများအနက် ဧပြီ ၂၈ ရက် နံနက် ၈ နာရီခွဲခန့်က တနင်္သာရီမြို့နယ်၊ သိန္ဓောဘက်ကို ဦးတည်လာသော စစ်ကောင်စီစစ်ကြောင်းကို မြန်မာအင်းတော်ရွာအနီး၌ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် တောင်ပိုင်းညီနောင်တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာနှစ်ဦး အလင်းဝင်ခဲ့ကြောင်း တနင်္သာရီ(ပကဖ)မှ ယနေ့(မေ ၂)ထုတ်ပြန်သည်။

နောက်တစ်နေ့ ဧပြီ ၂၉ ရက်နံနက် ၅ နာရီခွဲခန့်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၆၁)တပ်ရင်းမှ သိန္ဓောဘက်သို့ စစ်ကူသွားသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ် ကြောင်းကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)၊ တနင်္သာရီ-ပကဖနှင့်ပူးပေါင်းအဖွဲ့များက ကျွဲထိန်းကုန်းရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့၍ နံနက် ၁၁ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

"အဲဒီနေ့က သကျက်ကျတို့ ကျွဲထိန်းကုန်းတို့ အဲဒီရွာတွေဘက်ကို လေယာဥ်နဲ့ (ဗုံးသီး) အလုံး ၄၀ လောက်လာချသွားတယ်ဗျ။ တစ်ရက်ထဲ အလုံး ၄၀ လောက်ချတာ"ဟု ပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သိန္ဓောကျေးရွာအနီးနှင့် ကျွဲထိန်းကုန်အပါအဝင် ကျေးရွာအချို့သို့ လေကြောင်းပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ နေအိမ် ၃၀ခန့် ထိခိုက်ပျက်စီးသည့်အပြင် ပြည်သူ့အချို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ပူးပေါင်းစစ်ကြောင်းများထံမှ သိရသည်။

အလားတူ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ တုံးဗျောကြီးကျေးရွာရှိ စစ်ကောင်စီတပ်ဂိတ်စခန်းကို
မြိတ်ခရိုင်ပြည်သူ့ကာကွယ်‌ရေးပူးပေါင်း စစ်ကြောင်း(၂)၊ တနင်္သာရီ-ပကဖ တို့မှ ဧပြီ ၃၀ ရက် နံနက် ၅ နာရီခွဲဝန်းကျင်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ တစ်ဦးပြင်းထန်ဒဏ်ရာရပြီး တော်လှန်ရေးရဲဘော် တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တနင်္သာရီ (ပကဖ)ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"လတ်တလောမှာ စစ်ရေးက တောက် လျှောက် တင်းမာနေတယ်။ ဒေသခံ ထောင်ကျော်လည်း ဘေးလွတ်ရာပြေးနေကြရတယ်ဗျ။ တိုက်ပွဲတွေလည်း ဆက်ဖြစ်လာနိုင်သေးတယ်"ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ တာဝန်ရှိသူတစ်ဦးက လက်ရှိမြိတ်ခရိုင်တွင်းအခြေအနေကို ပြော သည်။
သို့ဖြစ်၍ တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာသွားလာနေထိုင်ပေးကြပါရန် မိဘပြည်သူများ၏ လုံခြုံရေးကိုရှေးရှု၍ မေတ္တာရပ်ခံအပ်ပါသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

ထို့အပြင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တွင် မြိတ်ခရိုင်တပ် ရင်း၂၊ တပ်ခွဲ၂ နှင့် တနင်္သာရီကာကွယ်ရေးပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမအဖွဲ့၊ တောဗုံးကြီးအဖွဲ့‌၊ တောင်ပံနီအဖွဲ့ (တနင်္သာရီမြို့နယ်ပကဖ)၊ ကျွန်းစုမြို့နယ်(ပကဖ)၊ပုလောမြို့နယ် (ပကဖ)၊ တိုင်း(ပကဖ)လုံခြုံ‌ရေးနှင့် Dragon Squad ဒရုန်းအဖွဲ့ တို့ပါဝင်သည်။
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းများတွင်ပါဝင်သော တနင်္သာရီ (ပကဖ)မှ ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - တနင်္သာရီ-ပကဖ)
မွေးနေ့ပါတီတွင် စစ်ကောင်စီထုတ်မြန်မာဘီယာ သောက်သည့်ရဲဘော်များအား TNLAပြစ်ဒဏ်ပေး

မောင်မောင်/People’s Spring

မွေးနေ့ပွဲပါတီတစ်ခုတွင် တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များအား အပြစ်ပေးအရေးယူခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး( PSLF/TNLA)က ယနေ့ ထုတ်ပြန်သည်။

TNLA တပ်ဖွဲ့မှ အမျိုးသမီးတစ်ဦး၏မွေးနေ့ပါတီ ပွဲတစ်ခုတွင် TNLA အရာရှိများနှင့် တပ်ဖွဲ့ဝင်များက မြန်မာဘီယာသောက်သုံးပျော်ပါးနေကြောင်း လူမှုကွန်ရက်တွင် ဓာတ်ပုံများနှင့်အတူ ဖော်ပြမှုများရှိလာသည့် အခြေအနေတွင် TNLAက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီ ၏ ဝင်ငွေလမ်းကြောင်းကို အားပေးအားမြှောက်သော ထုတ်ကုန်ပစ္စည်းများကို PSLF/TNLA မှ ထုတ်ပြန်ချက်အတိုင်း အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ မေလ ၂ရက်တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော ရဲဘော်များအား ကြိမ်ဒဏ် (၁၀)ချက်၊ အလုပ်ကြမ်း (၁)လနှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေသည့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ပြစ်ဒဏ်ပေးအရေးယူခဲ့သည့် ရဲဘော် အရေအတွက် အသေးစိတ်အခြေနေများကို TNLA က ဖော်ပြထားခြင်းမရှိပေ။ TNLA သတင်းပြန်ကြားရေးဌာနသို့ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပြတ်ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလဲရန်နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ခဲ့ကြောင်း TNLAက ဆိုသည်။

စစ်ကောင်စီထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်းမပြုရန် ၂၀၂၁ ဇွန်လ ၁၅ရက်က စတင် အမိန့်ထုတ်ခဲရာ တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများရှေ့မှောက်တွင်ဖျက်ဆီးခဲ့သည်ဟုလည်း TNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

PSLF/TNLA အုပ်ချုပ်နယ်မြေ မြို့(၇)မြို့ နှင့် စစ်ဒေသတွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း‌ဝယ်စားသုံနေသာသူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း အသိပေးထားသည်။

TNLAသည် ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊နမ္မတူ၊ စသည့်မြို့များကို ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သိမ်းပိုက်ရရှိထားပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၄ ဇန်နဝါရီ ဒုတိယပတ်မှစ၍ စစ်ကောင်စီနှင့် အပစ်ရပ်စဲထားသည်။