People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီ
❤33🥰6👍3🖕3👏2🤣2
INTERPOL က အမှုတစ်ခုကို ကိုယ်တိုင်လိုက်စစ်ဆေးတာမျိုးလည်းမဟုတ်ပါဘူး။အမှုတစ်ခု ဖြစ်လာရင် သက်ဆိုင်ရာနိုင်ငံရဲ့ ရဲတပ်ဖွဲ့က အထောက်အထားတွေ၊ ဖမ်းဝရမ်းတွေ၊ ဥပဒေဆိုင်ရာအချက်အလက်တွေကို INTERPOL ဆီတင်ပြရပါတယ်။ INTERPOL ရဲ့ ဥပဒေကျွမ်းကျင်သူတွေနဲ့ စိစစ်ရေးအဖွဲ့တွေက အဲဒီတောင်းဆိုချက်ဟာ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီသလား၊ နိုင်ငံရေးရည်ရွယ်ချက် ပါဝင်နေသလား၊ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာရှိသလားဆိုတာကို အရင်သုံးသပ်ပါတယ်။စည်းမျဉ်းနဲ့ ကိုက်ညီမှသာ “Red Notice (နိုင်ငံတကာ ရှာဖွေထိန်းသိမ်းရန် အသိပေးချက်)” တွေကို ထုတ်ပြန်ပေးပါတယ်။၂၀၁၆ ခုနှစ်ကစပြီး နိုင်ငံ
တကာ အသိပေးချက်နှင့် အကြောင်းကြားချက်များ စိစစ်ရေးအဖွဲ့ (Notices and Diffusions Task Force)ကဒီလိုတောင်းဆို
ချက်တွေကိုဥပဒေနဲ့ညီမညီ ကြိုတင်စိစစ်နေပါတယ်။

INTERPOLရဲ့အရေးအကြီးဆုံးအခြေခံမူတွေထဲက တစ်ခုကနိုင်ငံရေးဘက်မလိုက်ရေး ဖြစ်ပါတယ်။ INTERPOL ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ Article 3 မှာ “နိုင်ငံရေး၊ စစ်ရေး၊ ဘာ
သာရေး၊လူမျိုးရေးသဘောသဘာဝရှိတဲ့ ကိစ္စတွေမှာ INTERPOLအနေနဲ့ ဝင်ရောက်ဆောင်
ရွက်ခြင်းကိုတင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်”လို့ တိတိကျကျဖော်ပြထားပါတယ်။

ဒါကြောင့် အတိုက်အခံနိုင်ငံရေးသမား၊ သ
တင်းသမား၊ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ဒါမှမဟုတ် နိုင်ငံရေးအမြင်ကြောင့် အမှုဖွင့်ခံထားရသူတွေကို ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင်INTERPOLကအလိုအလျောက် လက်ခံတာ မဟုတ်ဘဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားတဲ့ နိုင်ငံရေးနဲ့ သက်
ဆိုင်နေတဲ့ အမှုလား၊ INTERPOL နဲ့ သက်ဆိုင်တဲ့ အခြားရာဇဝတ်မှုလားဆိုတာကို သီးခြား စိစစ်ရပါတယ်။ လူသတ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ကလေးအ
ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အကြမ်းဖက်မှုလို နိုင်ငံတကာရာဇဝတ်မှုတွေကိုတော့ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါတယ်။

INTERPOL ကိုဘယ်နိုင်ငံကအမိန့်ပေးနိုင်သလဲဆိုရင် အဖြေကတော့ “ဘယ်နိုင်ငံကမှ အမိန့်မပေးနိုင် ပါဘူး”။အဖွဲ့ဝင်နိုင်ငံအားလုံးဟာ အထွေထွေညီလာခံမှာ မဲပေးခွင့် တန်းတူရှိပြီး အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေကို စည်းမျဉ်းအတိုင်း ဆောင်ရွက်ရပါတယ်။ နိုင်ငံကြီး၊ နိုင်ငံငယ် မခွဲဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စည်းမျဉ်းတွေကသာ အဓိကဖြစ်ပါတယ်။

ဒါဆိုအခုမြန်မာစစ်အစိုးရကပြည်ပမှာရောက်နေတဲ့ စစ်အာဏာရှင်ကိုဆန့်ကျင်သူ​တွေ၊ဒီမိုကရေစီဘက်ရပ်တည်တဲ့ မြန်မာမီဒီယာတွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို အမှုဖွင့်ပြီး INTERPOL နဲ့ ဖမ်းခိုင်းနိုင်သ
လားဆိုတဲ့ မေးခွန်းကို ကြည့်ရအောင်။

ဥပဒေအရ ပြောရရင် တောင်းဆိုတာတော့ လုပ်နိုင်ပါတယ်။ဒါပေမယ့် INTERPOL က လက်ခံပေးမလားဆိုတာကသီးခြားကိစ္စဖြစ်ပါတယ်။အဲဒီအမှုဟာသတင်းရေးသားမှု၊ နိုင်ငံရေးအမြင်၊ ဒီမိုကရေစီလှုပ်ရှားမှု၊ စစ်အာဏာရှင်ကို ဝေဖန်မှု စတဲ့ နိုင်ငံရေးသဘော
သဘာဝ အဓိက ပါဝင်နေတယ်လို့ သုံးသပ်ခံရရင် Article 3 ကြောင့် INTERPOLက ပူး
ပေါင်းဆောင်ရွက်မှုကို ငြင်းပယ်နိုင်ပါတယ်။

ခိုင်မာတဲ့အထောက်အထားတွေရှိတဲ့ လူသတ်
မှု၊ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုလို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အခြားရာဇဝတ်မှုအတွက်သာ INTERPOL က စည်းမျဉ်းအတိုင်း သီးခြားသုံးသပ်မှာ ဖြစ်ပါတယ်။

အဆုံးမှာ မှတ်ထားရမယ့် အချက်ကတော့ INTERPOLဟာ“ကမ္ဘာလုံးဆိုင်ရာဖမ်းဆီးရေးအဖွဲ့”မဟုတ်ပါဘူး။သူ့မှာကိုယ်ပိုင်ရဲတပ်ဖွဲ့မရှိသလိုဘယ်နိုင်ငံထဲမှဝင်ပြီးကိုယ်တိုင်ဖမ်းဆီးနိုင်တဲ့ အာဏာလည်း မရှိပါဘူး။ သူ့ရဲ့ အဓိကအလုပ်ကတော့နိုင်ငံတကာရဲတပ်ဖွဲ့တွေကြား သတင်းအချက်အလက်နဲ့ ပူးပေါင်းဆောင်
ရွက်မှုတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။

ဒါကြောင့် “INTERPOL ကို တိုင်လိုက်မယ်”၊ “INTERPOL က လာဖမ်းတော့မယ်” ဆိုတဲ့ စကားတွေကို ကြားရတဲ့အခါအဲဒီအမှုဟာ နိုင်ငံရေးအတွက်အသုံးချတာလား၊ ဒါမှမဟုတ် လူသတ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာရာဇဝတ်မှု၊မူးယစ်ဆေးဝါးကူးသန်းမှုလိုတကယ့် နိုင်ငံတကာရာဇဝတ်မှုနဲ့ ဆိုင်တာလားဆိုတာကို အရင်ကြည့်ဖို့ လိုပါတယ်။


https://youtu.be/UM3UuIad8b8?si=GYhfNNe3dxQRLqU2
❤29👍25🔥4🥰1👏1🤣1🖕1
■​ဆောင်းပါး

ChatGPT နဲ့ ပြောထားတဲ့ စကားတွေ ဘယ်လောက်လုံခြုံသလဲ

AI နည်းပညာခေတ်မှာ လူတိုင်း သိထားသင့်တဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေး

-နောင်နောင်​ရေးသားသည်။

ယနေ့ခေတ်မှာ ChatGPT လိုမျိုး ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) တွေဟာလူတို့ရဲ့ နေ့စဉ်ဘဝထဲကို လျင်လျင်
မြန်မြန် ဝင်ရောက်လာနေပြီဖြစ်ပါတယ်။ စာ
ရေးသားခြင်း၊ ဘာသာပြန်ခြင်း၊ ပညာသင်ကြားခြင်း ကနေ အလုပ်အကိုင်၊ ကျန်းမာ
ရေး၊ ငွေကြေးနှင့် မိသားစုအရေးကိစ္စတွေအထိလူအများကAIကိုအကြံဉာဏ်တောင်းခံလာကြပါတယ်။

ChatGPTကိုအသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့အခက်အခဲတွေကို နားလည်ပေးနိုင်တဲ့ မိတ်
ဆွေတ‌ယောက် နဲ့ စကားပြောနေရသလိုမျိုး ခံစားမှုကိုလည်း ရတတ်ကြတယ််။ ဒါပေမယ့် အရေးကြီးတာတစ်ခု ရှိနေပါတယ်။

ChatGPT နဲ့ ပြောဆိုထားသမျှ စကားတွေဟာ အမှန်တကယ် လုံခြုံမှုရှိပါရဲ့လား။ ကိုယ်တစ်ဦးတည်းသာ သိနိုင်မည့် လျှို့ဝှက်စကားတွေလို့ရော ယုံကြည်ထားနိုင်ပါသလား။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့မှာ The Washington Post သတင်းစာက ဖော်ပြခဲ့တဲ့ “Your boss, tech companies and police can read your chatbot conversations” ဆိုတဲ့ ဆောင်းပါးက ဒီမေးခွန်းတွေကို စဉ်းစားစရာဖြစ်စေခဲ့ပါတယ်။ ဆောင်းပါးမှာ AI chatbot တွေနဲ့ ပြောဆိုထားတဲ့ စကားတွေဟာ တချို့အခြေအနေတွေမှာ တရားရုံးမှတ်တမ်း‌တွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ အ
လုပ်ခွင်ဆိုင်ရာ စီမံခန့်ခွဲမှုတွေအတွင်းမှာ ပေါ်ထွက်လာနိုင်တယ်ဆိုတာကို နမူနာတွေနဲ့ ရှင်းပြထားပါတယ်။

လူတယောက်က ChatGPT ကို မေးခွန်းတခု မေးလိုက်တဲ့အခါ ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေတဆင့် မေးခွန်းကို အင်တာနက်ပေါ်က ChatGPT စနစ်ဆီ ပို့ပေးပါတယ်။ ChatGPT က အဲဒီမေးခွန်းကို လက်ခံပြီး အ
ဖြေထုတ်ပေးတဲ့အတွက် ကိုယ်အသုံးပြုနေတဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာပေါ်မှာ အဖြေကို ပြန်လည်မြင်တွေ့ရတာသိကြပြီးဖြစ်ပါတယ်။
အသုံးပြုတဲ့သူက အကောင့်ဝင်ထားရင်အရင်ကပြောထားမေးထားတဲ့စကားတွေကို နောက်တစ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

နားလည်ထားရမယ့်အချက်တခုက AIကို အ
သုံးပြုခြင်းက ကိုယ့်ရဲ့ စကားတွေကို ဘယ်သူမှ မမြင်နိုင်အောင် အပြည့်အဝလျှို့ဝှက်ထားနိုင်မယ်မဟုတ်ဘူး ဆိုတာပါပဲ။

The Washington Post ရဲ့ ဖော်ပြချက်အရ သတင်းစာက စိစစ်ခဲ့တဲ့ မှတ်တမ်းတွေနဲ့ ဒေသတွင်းသတင်းတွေမှာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း AI chatbot စကားဝိုင်းမှတ်တမ်း‌တွေကို တရားရုံးအမှုတွေမှာ ကိုးကားအသုံးပြုခဲ့တဲ့ ဖြစ်ရပ် ၁၂ ခုကို တွေ့ရှိခဲ့ပါတယ်။

ဖြစ်ရပ်အချို့မှာ အသုံးပြုသူတွေရဲ့ ဖုန်းနဲ့ အခြားစက်ပစ္စည်းတွေကို စစ်ဆေးရာကနေ စကား‌ပြော မှတ်တမ်းတွေကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆိုလိုတာက စကားပြောမှတ်တမ်းတွေကို AI ကုမ္ပဏီတွေဆီက မဟုတ်ပဲ ကိုယ့် ဖုန်း၊ ကွန်ပျူတာတွေထဲ ကျန်နေတဲ့ မှတ်တမ်းတွေကလည်း တခြားသူတွေ သိသွားနိုင်တယ် ဆိုတာပါ။ The Washington Post ရဲ့ ဖော်ပြချက် က နေ အမေရိကန်နိုင်ငံက ဖြစ်ရပ်နှစ်ခုကို အထူးသတိပြုမိနိုင်ပါတယ်။

ပထမဖြစ်ရပ်က မစ်ဆူရီပြည်နယ်က အမျိုး
သားတ‌ယောက် က ရဲအရာရှိကို သူ့ရဲ့ဖုန်းကို ဝရမ်းမပါဘဲ စစ်ဆေးခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။ ရဲမှတ်တမ်းတွေ အရ အဲဒီလိုစစ်
ဆေးတာ က နေ AI chatbot စကား‌ပြောမှတ်တမ်းတွေ ကို ရရှိခဲ့ပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ မစ်ရှီဂန်ပြည်နယ်က အမှုတခုမှာ တရားခံရဲ့ ရှေ့နေက ပွင့်လင်းမြင်သာမှုရှိကြောင်း ပြသဖို့ ရည်ရွယ်ချက်နဲ့ သူ့အမှုသည်ရဲ့ စက်ပစ္စည်းတွေကို စစ်ဆေးဖို့ ခွင့်ပြုခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။အဲဒီအခြေ
အနေမှာလည်း စက်ပစ္စည်းထဲက အချက်
အလက်တွေကအမှုနဲ့သက်ဆိုင်တဲ့အထောက်
အထားတွေ အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ဒီနမူနာတွေကိုကြည့်ရင်ChatGPTက ပြော
စကားတွေကို အလိုအလျောက် public မှာ ထုတ်ဖော်နေတာမဟုတ်ပဲ ကိုယ့်ရဲ့ ဖုန်း၊ ကွန်ပျူတာ တို့ကို တခြားသူက ဝင် ကြည့်ပြီး ပေါ်ထွက်လာနိုင်တာပါ။ ကိုယ်ပြောထားတဲ့စကားတွေက အရေးကြီးတဲ့အထောက်အ
ထား မှတ်တမ်းတွေ ဖြစ်လာနိုင်တယ်ဆိုတာကိုသတိပေးတာဖြစ်ပါတယ်။ဒါကြောင့် ကိုယ်
ရေးကိုယ်တာကိစ္စတွေ ကို AI နဲ့ ဆွေးနွေးတဲ့အခါ ကိုယ့်ရဲ့ စက်ပစ္စည်းလုံခြုံရေးကို ပထမဆုံး အလေးထားကြရမှာဖြစ်ပါတယ်။

အလုပ်ရှင်က ကိုယ့်ရဲ့ ChatGPTပြောစကား‌
တွေကိုကြည့်နိုင်သလားဆိုတာကိုလည်းဆက်
ကြည့်ကြပါမယ်။ လူအများ သတိမထားမိတတ်တဲ့ အခြားကိစ္စတခုကတော့ အလုပ်ခွင်မှာ အသုံးပြုတဲ့ AI အကောင့် တွေပဲဖြစ်ပါတယ်။ ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို သုံးတဲ့အခါ ကိုယ်မေးထားတဲ့ မေး
ခွန်းတွေနဲ့ တင်ထားတဲ့ ဖိုင်တွေကို ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ မြင်နိုင်တဲ့ အခြေ
အနေမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ရေး
ကိုယ်တာ အချက်အလက်တွေကို ထည့်မေးတဲ့အခါ သတိထားရပါမယ်။

ဥပမာ ဝန်ထမ်းတစ်ယောက်က ကုမ္ပဏီကပေးထားတဲ့ ChatGPT အကောင့်ကို အသုံးပြုပြီး ကိုယ်ရေးကိုယ်တာပြဿနာတွေ၊ အလုပ်ဖော်တွေနဲ့ အဆင်မပြေဖြစ်နေတဲ့ ကိစ္စတွေ၊ အလုပ်ရှင်အပေါ် ကိုယ့်ရဲ့ သဘောထားတွေကို ရေးသားဆွေးနွေးတယ်လို့ ယူဆကြည့်
❤21👍9😁1🤮1🤣1
ပါ။ ကုမ္ပဏီတာဝန်ရှိသူတွေမှာ အဲဒီအကောင့်ကို ကြည့်ရှုခွင့်ရှိတယ်ဆိုရင်ဝန်ထမ်းရေးသားထားတဲ့ အကြောင်းအရာတွေကို သူတို့လည်း မြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တစ်
ယောက်တည်းပဲ သိမယ်လို့ ထင်ထားတဲ့ ပြောစကားတွေဟာ လုံခြုံမှုရှိချင်မှ ရှိပါလိမ့်မယ်။

ဒီအချက်က ကုမ္ပဏီတိုင်းက ဝန်ထမ်းတွေရဲ့ ပြောစကားအားလုံးကို ဖတ်နေတယ်လို့ ဆိုလိုတာ‌တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလုပ်အတွက် ပေးထားတဲ့ အကောင့်ကို ကိုယ်ပိုင်အကောင့်လို မယူဆသင့်ကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်က ပေးထားတဲ့ AI accountတွေကိုသုံးတဲ့အခါ ကိုယ်
ရေးကိုယ်တာကိစ္စတွေကို မ‌ပြောသင့်ပါဘူး။

AI ကုမ္ပဏီတွေက ပြောစကားတွေကို အာ
ဏာပိုင်တွေဆီကို ပေးအပ်နိုင်သလားဆိုတာ ဆက်ကြည့်ပါမယ်။ The Washington Post ရဲ့ ဆောင်းပါးမှာ AI ကုမ္ပဏီတွေက အန္တရာယ်ရှိနိုင်တဲ့ လုပ်ဆောင်မှုတွေ ပြောစကားတွေကို စောင့်ကြည့်စစ်ဆေးနေတယ်ဆိုတာနဲ့ သက်
ဆိုင်ရာအာဏာပိုင်တွေဆီကို အချက်အလက်ပေးပို့တဲ့ကိစ္စတွေကိုလည်းဖော်ပြထားပါတယ်။

OpenAI လိုမျိုး ကုမ္ပဏီတွေက အကြမ်းဖက်မှု ဒါမှမဟုတ် မိမိကိုယ်ကို ထိခိုက်စေမှုနဲ့ ဆက်စပ်နိုင်တဲ့ ပြောစကားတွေကို အလိုလျောက် စစ်ဆေးတဲ့စနစ်တွေ အသုံးပြုတယ်ဆိုတာကို ရှင်းပြထားပါတယ်။ အခြားသူတွေအပေါ် အန္တရာယ်ကျရောက်နိုင်ခြေရှိတယ်လို့ ယုံကြည်လောက်ပြီး ချက်ချင်းလည်းဖြစ်ပွားနိုင်တယ်လို့ ယူဆရလောက်တဲ့ အခြေအနေဆိုရင် အာဏာပိုင်တွေကို အကြောင်းကြားနိုင်တယ်ဆိုတာကို ကုမ္ပဏီက ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားရုံးတစ်ခုက စုံစမ်းစစ်ဆေးနေတဲ့ အမှုတစ်ခုနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို AI ကုမ္ပဏီတခုဆီက တရားဝင်တောင်းခံလာတဲ့အခါ သက်ဆိုင်ရာဥပဒေအရ ပေးအပ်ရမယ့် အချက်အလက်တွေ ရှိတယ်ဆိုရင် ကုမ္ပဏီက အဲဒီအချက်
အလက်တွေကို ပေးရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

သာမန်မေးခွန်းတစ်ခု မေးထားတဲ့အသုံးပြုသူတယောက်ရဲ့ ပြောစကားတွေ ကို အာဏာပိုင်တွေဆီ အလိုအလျောက် ပို့နေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အွန်လိုင်းဝန်ဆောင်မှုတွေက သက်ဆိုင်ရာလုံခြုံရေးစည်းမျဉ်း‌တွေ၊ မူဝါဒတွေနဲ့ ဥပဒေဆိုင်ရာ အောက်မှာ လုပ်ဆောင်နေရတယ်ဆိုတာကို သိထားသင့်ကြပါတယ်။

ပြောစကားတွေကို ဖျက်လိုက်ပြီးတဲ့အခါမှာရော အပြီးတိုင်ပျောက်သွားပြီလားဆိုတာကိုလည်း ကြည့်ရပါမယ်။ ChatGPT အသုံးပြုသူတွေဟာ မလိုအပ်တော့တဲ့ ပြောစကားတွေကို ဖျက်ပစ်တတ်ကြပါတယ်။ OpenAI ရဲ့ လက်ရှိရှင်းလင်းချက်အရ ဖျက်လိုက်တဲ့ ပြောစကားတွေကို ပုံမှန်အားဖြင့် ရက် ၃၀ အတွင်း ဖျက်ပစ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် ဥပဒေဆိုင်ရာ ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တချို့ကြောင့် တချို့အချက်အလက်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ခြွင်းချက်တွေ ရှိနိုင်ပါတယ်။

ဒါ့အပြင် ပြောစကားကို Archive လုပ်ခြင်းနဲ့ Delete လုပ်ခြင်းတို့က မတူပါဘူး။ Archive လုပ်တယ်ဆိုတာ စကားဝိုင်းကို အကောင့်ထဲမှ ဖျက်ပစ်တာမဟုတ်ဘဲ ပုံမှန်မြင်ကွင်းကနေ ဖယ်ထားခြင်းသာဖြစ်ပါတယ်။

ကိုယ့်အကောင့်နဲ့မဟုတ်ပဲ ၊ ဥပမာ Gmail လို အကောင့်နဲ့ ချိတ်ဆက်သုံးတာမျိုးမဟုတ်ပဲ Temporary Chat ကို အသုံးပြုခြင်းက ပုံမှန် Chat History ထဲမှာ မပေါ်စေချင်တဲ့ မေးခွန်းတွေ အတွက် အသုံးဝင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါကလည်း အချက်အလက်တွေကို ချက်ချင်းပျောက်ကွယ်သွားစေတာမျိုး ဒါမှမဟုတ် ဘယ်လိုအခြေအနေမှာမှ အချက်အ
လက်‌တွေကို ပြန်ယူလို့မရနိုင်တော့ဘူးလို့တော့ မယူဆသင့်ပါဘူး။ ဒါကြောင့် ပြောစ
ကားတွေကို ဖျက်ပစ်လို့ရတယ်ဆိုပေမယ့် အလွန်အရေးကြီးတဲ့ လျှို့ဝှက်အချက်အ
လက်တွေကို အစကတည်းက မထည့်သွင်းတာက ပိုမိုသင့်တော်တဲ့ ကာကွယ်ရေးနည်းလမ်းဖြစ်ပါတယ်။

လူအများက ChatGPT ကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေတယောက်လို သဘောထားပြီး ကိုယ့်ရဲ့ အတွင်းရေးတွေကို အသေးစိတ် ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ရှောင်
ကြဉ်သင့်တဲ့ အချက်တွေ ရှိပါတယ်။

၁။ ဘဏ်အကောင့်နံပါတ်၊ ငွေကြေးဆိုင်ရာ လျှို့ဝှက်အချက်အလက်များ။

၂။ စကားဝှက်များ၊ အတည်ပြုကုဒ်များနဲ့ အကောင့်ဝင်ရောက်ဖို့ လျှို့ဝှက်အချက်အလက်များ။

၃။ မှတ်ပုံတင်နံပါတ်၊ နိုင်ငံကူးလက်မှတ်အ
ချက်အလက်နဲ့ မလိုအပ်တဲ့ကိုယ်ရေးအချက်
အလက်များ။

၄။ အခြားသူတွေရဲ့ဆေးမှတ်တမ်း၊ကိုယ်ရေး
ကိုယ်တာပြဿနာတွေနဲ့ လျှို့ဝှက်စာရွက်
စာတမ်းများ။

၅။ကုမ္ပဏီရဲ့လျှို့ဝှက်လုပ်ငန်းအချက်အ
လက်များ၊ ဖောက်သည်စာရင်းများနဲ့ ခွင့်ပြုချက်မရှိတဲ့ စာရွက်စာတမ်းများ တို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ ကျန်းမာရေး၊ ဥပဒေ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ အကြံဉာဏ်တောင်းချင်တယ်ဆိုရင် ကိုယ့်ရဲ့ အမည်၊ လိပ်စာ၊ အကောင့်နံပါတ်နဲ့ တခြား ကိုယ့်ကို ခွဲခြားသိရှိနိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားပြီးတော့ အထွေထွေအခြေအနေအဖြစ်နဲ့ မေး
မြန်းကြဖို့ပါပဲ။

ဥပမာ “ကိုယ့်ရဲ့ ဘဏ်အကောင့်မှာ ငွေကျပ် ၁၀ သိန်းရှိပြီး အကောင့်နံပါတ်မှာ … ဖြစ်တယ်” လို့ မေးမယ့်အစား “လစဉ်ဝင်ငွေ ကျပ် ၁၀ သိန်းရှိသူတ‌ယောက် အတွက် အသုံးစ
ရိတ်နဲ့ စုဆောင်းငွေကို ဘယ်လိုခွဲဝေသင့်သလဲ” ဆိုတာမျိုး မေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ လိုအပ်တဲ့ အကြံဉာဏ်ကို ရယူနိုင်သလို ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း လျှော့ချနိုင်ပါတယ်။
❤14🤮1🤣1
ကိုယ့်ရဲ့ ChatGPT အကောင့်ကို ပိုပြီးလုံခြုံအောင် လုပ်မယ်ဆိုရင် ပထမဦးဆုံး ChatGPT ရဲ့ Settings ထဲက Data Controls ကို ဝင်ရောက်စစ်ဆေးသင့်ပါတယ်။ အဲဒီထဲမှာရှိတဲ့ “Improve the model for everyone” ဆိုတဲ့ ရွေးချယ်စရာကို ပိတ်ထားလိုက်ရင် ကိုယ်ပြောဆိုထားတဲ့ ပြောစကားအသစ်တွေကို ChatGPT မော်ဒယ်တိုးတက်အောင် လေ့ကျင့်ရာမှာ အသုံးပြုခြင်းကနေ ရှောင်ရှားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြင်ဆင်တာက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပေမဲ့ ပြောစကားတွေကို အလိုအလျောက် ဖျက်ပေးတာမျိုးတော့ မဟုတ်ပါဘူး။

ဒုတိယအနေနဲ့ ဖုန်းနဲ့အကောင့်ကိုလုံခြုံအောင် ထားရပါမယ်။အကောင့်ကို အခြားသူတွေ အလွယ်တကူ ဝင်ရောက်အသုံးပြုလို့မရအောင် လျှို့ဝှက်နံပါတ်ကို ခန့်မှန်းရခက်တဲ့ နံပါတ်နဲ့ စာလုံးတွေ ပေါင်းစပ်ပြီး သတ်မှတ်ထားသင့်ပါတယ်။ ဒါ့အပြင် နှစ်ဆင့်အတည်
ပြုခြင်း (Two-factor authentication – 2FA) ကို ဖွင့်ထားမယ်ဆိုရင်အကောင့်ထဲဝင်တဲ့အ
ခါ လျှို့ဝှက်နံပါတ်အပြင်နောက်ထပ်အတည်
ပြုချက်တစ်ခုကိုပါ လိုအပ်စေတဲ့အတွက် လုံခြုံရေး ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမယ့် နှစ်ဆင့်အတည်ပြုခြင်းဟာ အကောင့်လုံခြုံရေးကို ပိုကောင်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပေမဲ့ လုံးဝအန္တရာယ်ကင်းသွားတယ်လို့တော့ မဆိုလိုပါဘူး။

တတိယအနေနဲ့ ChatGPT အကောင့်နဲ့ ချိတ်
ဆက်အသုံးပြုထားတဲ့ အခြားအက်ပ်တွေ၊ ကိုယ်တခြားသူတွေကို ပေးထားတဲ့ ပြောစ
ကားလင့်ခ်တွေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ မလိုအပ်တော့တဲ့ အက်ပ်တွေကို အကောင့်နဲ့ ချိတ်ဆက်ထားတာကနေ ဖြုတ်ပစ်ပြီး၊ မျှဝေထားတဲ့ လင့်ခ်တွေထဲမှာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပါဝင်နေသလားဆိုတာကိုလည်း စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် ဘယ်အက်ပ်ကို ဘယ်လိုအချက်အလက်တွေ အသုံးပြုခွင့်ပေးထားသလဲဆိုတာကိုပါ ပြန်
လည်စစ်ဆေးပြီး မလိုအပ်တဲ့ ခွင့်ပြုချက်တွေကို ပိတ်ထားရပါမယ်။

ငွေကြေးဆိုင်ရာ၊ အလုပ်ခွင်ဆိုင်ရာ လုံခြုံဖို့ ကာကွယ်ထားရမှာအပြင် မြန်မာနိုင်ငံအခြေ
အနေမှာ AI အသုံးပြုသူတွေ သတိပြုရမယ့်အချက်တွေ ရှိပါသေးတယ်။

မြန်မာနိုင်ငံမှာ အွန်လိုင်းလှုပ်ရှားမှုတွေနဲ့ ကိုယ့်ရဲ့နိုင်ငံရေးအမြင်တွေကြောင့် စောင့်ကြည့်ခံနေရတာမျိုးတွေ ရှိနေတတ်ပါတယ်။ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားတာနဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းတွေကို စစ်ဆေးခံရတာတို့အတွက် စိုးရိမ်စရာတွေ ရှိနေပါတယ်။ ဒါကြောင့် ChatGPT လိုမျိုး AI တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့နိုင်ငံရေးအမြင်‌တွေ၊ ကိုယ်ရေးကိုယ်တာပြဿနာတွေနဲ့ အခြားသူတွေကိုပါ ဖော်ထုတ်သိသွားနိုင်စေမယ့် အချက်အလက်တွေကို ထည့်သွင်းရေးသားတာကို အထူးသတိထားရှောင်ကြဉ်ရပါမယ်။

ဥပမာအားဖြင့် နိုင်ငံရေးအခြေအနေတခုအ
ကြောင်း မေးချင်တယ်ဆိုရင် ကိုယ့်ရဲ့အမည်၊ နေရပ်လိပ်စာ၊ အလုပ်ဌာန ဒါမှမဟုတ် အခြားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်သွင်းမဖော်ပြပဲချန်လှပ်ထားခဲ့သင့်ပါတယ်။ ဒီလိုပဲ အရေးကြီးတဲ့ ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ ပြောစကားမှတ်တမ်းတွေကို AI စနစ်ထဲကို မတင်ခင် တင်မယ့်ထဲမှာ ဘယ်အချက်အလက်တွေ ပါဝင်နေတယ်ဆိုတာကို စစ်ဆေးရပါမယ်။

ပြောချင်တာ၊ သိချင်တာ မေးပြီးတဲ့အခါတိုင်း Data Controls ထဲက Clear chat history ကို အသုံးပြုပြီး ပြောစကားမှတ်တမ်းတွေကို ဖျက်လိုက်တာဟာ အကောင်းဆုံးပါ။ အဲဒီလို ဖျက်လိုက်ရင်တောင် အဲဒီမှတ်တမ်းတွေကို အာဏာပိုင်တွေ ဘယ်လိုအခြေအနေမှာမှ ရယူလို့မရတော့ဘူးလို့ အာမခံတာတော့ မဟုတ်ပါဘူး။ OpenAI ရဲ့ မူဝါဒအရ ဖျက်လိုက်တဲ့ ပြောစကားတွေကို ပုံမှန်အားဖြင့် ရက် ၃၀ အတွင်း စနစ်တွေကနေ အပြီးဖျက်ဖို့ စီစဉ်ထားပေမဲ့ ဥပဒေကြောင်းအရ ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ အခြေအနေတွေမှာ ခြွင်း
ချက်ရှိနိုင်ပါတယ်။

တစ်ဖက်မှာလည်း အာဏာပိုင်တွေက အချက်
အလက်တောင်းဆိုလိုက်ရုံနဲ့ OpenAI က အ
ချက်အလက်အားလုံးကို အလိုအလျောက် ပေးအပ်တယ်လို့တော့မဆိုလိုပါဘူး။ အချက်
အလက်ပေးအပ်ခြင်း ရှိ၊ မရှိဟာ သက်ဆိုင်
ရာဥပဒေနဲ့ တရားဝင်တောင်းဆိုမှု အခြေအ
နေတွေအပေါ် မူတည်ပါတယ်။

ဒါကြောင့် ChatGPT လို AI ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်
တာအချက်အလက်တွေကိုမလိုအပ်ဘဲ အ
များကြီး မထည့်သွင်းသင့်ပါဘူး။ဥပမာ အ
မည်အပြည့်အစုံ၊ အိမ်လိပ်စာ၊ ဖုန်းနံပါတ်၊ လျှို့ဝှက်နံပါတ်နဲ့ ကိုယ်တိုင်ဖြစ်စေ၊ အခြားသူတွေဖြစ်စေထိခိုက်နစ်နာစေနိုင်တဲ့ အရေး
ကြီးအချက်အလက်တွေကို မျှဝေမိခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

အွန်လိုင်းဝန်ဆောင်မှုတစ်ခုမှာ အချက်အ
လက်တွေ ထည့်သွင်းပြီးသွားတဲ့အခါ အဲဒီအချက်အလက်တွေကို ဘယ်လိုသိမ်းဆည်းထားသလဲ၊ ဘယ်သူတွေ ဝင်ရောက်ကြည့်ရှုနိုင်သလဲ၊ ဘယ်အချိန်မှာ ဖျက်ပစ်မလဲဆိုတာကို ကိုယ်တစ်ယောက်တည်းက အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မျှဝေမယ့်အချက်အလက်တစ်ခုချင်းစီကို ကြိုတင်စဉ်းစားပြီး မလိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ချန်လှပ်ထားတာက ပိုပြီးလုံခြုံတဲ့ နည်းလမ်းဖြစ်ပါတယ်။
❤13👍1🤮1🤣1
AI ကို မကြောက်ပါနဲ့၊ ဒါပေမယ့် သတိရှိရှိ အသုံးပြုပါ။ ChatGPT က ပညာသင်ယူခြင်း၊ စာရေးသားခြင်း၊ ဘာသာပြန်ခြင်းနဲ့ နေ့စဉ်ပြဿနာတွေကို ဖြေရှင်းတာမှာ အလွန်အ
သုံးဝင်တဲ့ နည်းပညာတခုဖြစ်ပါတယ်။ ဒါပေမယ့် အသုံးဝင်တယ်ဆိုတာမှာ လျှို့ဝှက်ချက်အားလုံးကိုမျှဝေသင့်တယ်လို့ဆိုလိုခြင်းမဟုတ်ပါ။

The Washington Post ရဲ့ဆောင်းပါးက သတိပေးထားတဲ့ အဓိကအချက်မှာ AI နဲ့ ပြောဆိုထားတဲ့ စကားတွေဟာ အချို့အ
ခြေအနေတွေမှာ စက်ပစ္စည်းစစ်ဆေးမှု၊ အလုပ်ခွင်စီမံခန့်ခွဲမှုဒါမှမဟုတ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကြောင့် အခြားသူတွေ သိရှိသွားနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ChatGPT ကို အသုံးမပြုဘဲ နေခြင်းထက် ဘယ်အချက်အလက်ကို မျှဝေသင့်တယ်၊ ဘယ်အချက်အလက်ကို မျှဝေတာကနေ ရှောင်ကြဉ်သင့်တယ်ဆိုတာကို သိရှိထားတာက ပိုမိုအရေးကြီးပါတယ်။

နည်းပညာတစ်ခုကို အကျိုးရှိရှိ အသုံးပြုနိုင်တာက အဲဒီနည်းပညာရဲ့ အားသာချက်တွေကို သိရှိတာသာမက အန္တရာယ်တွေကိုလည်း နားလည်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ခြင်းဖြစ်ပါတယ်။ AI ခေတ်မှာ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ကာကွယ်တာဟာ နည်းပညာကျွမ်းကျင်သူတွေအတွက်သာ မဟုတ်ဘဲ ChatGPT ကို အသုံးပြုနေသူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာတစ်ရပ်ဖြစ်ပါတယ်။ ။

ကိုးကား-The Washington Post
👍29🥰1🤮1🤣1
👍21🤮1🖕1
ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော် တပ်ဖွဲ့ကို သစ္စာဖောက်ပြီး စစ်တပ်နဲ့ ပူးပေါင်းသွားဟု TNLA ထုတ်ပြန်

အောက်တိုဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

၁၀၂၇ စစ်ဆင်ရေးကာလမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLAနဲ့ ပူးပေါင်းလာတဲ့ လီဆူတပ်ဖွဲ့ဝင် ဦးဂူဆီးဟာ လီဆူတပ်ဖွဲ့ဝင် ၅၀ ကျော်၊ လက်နက် ၅၀ခန့်နဲ့အတူ စစ်တပ်ထံ ပူးပေါင်းသွားကြောင်း PSLF/TNLAက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၃ရက်မှာ ဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်တိုင်း လိုက်နာစောင့်ထိန်းရတဲ့ ကတိသစ္စာကို ဖောက်ဖျက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားကြောင့် TNLA အဖွဲ့အစည်းနဲ့ ကင်းကွာပြီဖြစ်ကြောင်း အသိပေးအပ်တယ်လို့ ဖော်ပြပါတယ်။

“PSLF/TNLA အနေဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်သွားမည်ဖြစ်ပြီး အကယ်၍ ၎င်းတပ်ဖွဲ့မှ မိဘပြည်သူများအပေါ် ဖိနှိပ်စော်ကားမှုများ ပြုလုပ်လာပါက ပြည်သူ့ဘက်မှ ရပ်တည်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်” လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ရေးသတင်းရင်းမြစ်တဦးရဲ့ ပြောပြချက်အရ ဂူဆီးဦးဆောင်တဲ့ အဖွဲ့ဟာ မိုးမိတ်ဒေသမှာ အခြေပြုတာဖြစ်ပြီး ၎င်းတို့အဖွဲ့ကို TNLA ဗဟိုက နမ့်ဆန်သို့ တပ်ရွှေ့ပြောင်းခိုင်းရာ အမိန့်မလိုက်နာဘဲ ကျောက်မဲက စစ်ကောင်စီထံ လက်နက်ချခဲ့တာလို့ဆိုပါတယ်။ တပ်ဖွဲ့ဝင် ၅၁ဦး အလင်းဝင်ခဲ့တာဖြစ်ပြီး လက်နက် ၄၉ လက်ပါသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အခု စစ်တပ်နဲ့ အလင်းဝင်သွားတဲ့ ဂူဆီး ဆိုသူဟာ အရင်က မိုးကုတ်-မိုးမိတ်ကြား မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာ နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို နောက်ပိုင်းမှာ ယောက္ခမအရှိန်အဝါနဲ့ ပေါင်းပြီး ဒေသတွင်းမှာ အာဏာတည်ဆောက်ထားသူဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။လက်ရှိမှာလည်း ဂူဆီးဟာ မိုးကုတ်မှာ ပြည်သူ့စစ်အဖြစ် ရပ်တည်ဖို့ လုပ်နေသလို မိုးမိတ်ဒေသမှာ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေကို လိုက်ခေါ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း စစ်ရေး သတင်းရင်းမြစ်က ပြောကြားပါတယ်။

TNLAဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ မဟာမိတ်တွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း ရှမ်းမြောက်က မြို့ ၁၂မြို့နဲ့ စစ်တပ်စခန်းရာချီ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တရုတ်အစိုးရရဲ့ ဖိအားပေး ကြားဝင်စေ့စပ်မှု၊ စစ်တပ်ရဲ့ လေကြောင်း အပါအဝင် စစ်ရေးဖိအားပေးမှုတွေကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲမြို့အချို့ လက်လွှတ်လိုက်ရသလို စစ်တပ်နဲ့ အပစ်ရပ်စဲရေးသဘောတညီချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကို စစ်တပ်ထံ ပြန်ပေးခဲ့ရပါတယ်။ လက်ရှိမှာလည်း TNLAဟာ စစ်အုပ်စုရဲ့ ငြိမ်ချမ်းရေးဆွေးနွေးရေးလုပ်ငန်းစဉ်မှာပါဝင်လျက်ရှိပြီး မကြာသေးမီလပိုင်းက TNLA ခေါင်းဆောင်အချို့ နေပြည်တော်ထိ သွားရောက်ဆွေးနွေးတာရှိခဲ့ပါတယ်။
👍19😁10❤3🤮2🔥1👏1🎉1
😁36👏2👎1🔥1🤩1
အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာ၊ လုပ်သား တစ်သောင်းနီးပါး အလုပ်လက်မဲ့ဖြစ်ဖို့ရှိနေ

အောက်တိုဘာ-၁၉၊၂၀၂၆။ဇော်၀င်း/People's Spring

အထည်ချုပ်လုပ်ငန်းတွေ ဆက်တိုက်ထွက်ခွာနေပြီး အထည်ချူပ်အလုပ်သမား တစ်သောင်းနီးပါးဟာ အလုပ်အကိုင်ဆုံးရှုံးဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံစက်မှုလက်မှုနဲ့၀န်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ် သမားသမဂ္ဂအဖွဲ့ချုပ် (MICS-TUsF)က ထုတ်ပြန်ပါတယ်။

ပြည်ပက အမှာစာ(အော်ဒါ)မရမှုတွေကြောင့်တချို့ အထည်ချုပ်စက်ရုံတွေက လုပ်သားလျှော့ချမှုတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

"တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ စက်ရုံပိတ်သိမ်းမှုတွေ ဖြစ်စေဖို့အတွက် ကူညီဆောင်ရွက်ပေးနေတယ်"လို့ MICS-TUsF တာ၀န်ရှိသူက ပြောပါတယ်။

MICS-TUsF ရဲ့စာရင်းတွေအရ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံ(၄)က အလုပ်သမား ၁,၀၀၀ ဝန်းကျင်ရှိသော အထည်ချုပ်စက်ရုံ၊လှိုင်သာယာစက်မှုဇုန် ပုသိမ်ဝန်ထောက်ဦးမြဲလမ်းနဲ့ ပြင်စည်မင်းသားကြီးလမ်းထောင့်က ၀န်ထမ်း ၁,၀၀၀ နီးပါးရှိတဲ့စက်ရုံနဲ့ ရန်ကုန်ပြည်လမ်းမကြီးပေါ်က မှော်ဘီမြို့နယ်က အလုပ်သမားဦးရေ ၅၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိတဲ့ အထည်ချုပ်စက်ရုံတွေက အခု အောက်တိုဘာအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံစက်မှုဇုန်က အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိ အထည်ချုပ်စက်ရုံကလည်း အပြီးပိတ်သိမ်းတော့မယ့် သတင်းတွေကြောင့် အထည်ချုပ်အလုပ်သမားစုစုပေါင်း တစ်သောင်း နီးပါးက အလုပ်အကိုင်အခွင့်လမ်းဆုံးရှုံးဖွယ်ရှိနေတယ်လို့ အသိပေးပါတယ်။

"ဘရန်းအပ်ထည်တွေ လျော့လာတာကြောင့်ပါ"လို့ အခုလ ၂၁ ရက်နေ့မှာ ပိတ်သိမ်းတော့ Sunrise (Myanmar) အထည်ချုပ်၀န်ထမ်းတစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

အထည်ချုပ်စက်ရုံနဲ့ပတ်သက်တဲ့ လုပ်ငန်းတစ်ခုကို ရှာဖွေနေဆဲ ဖြစ်ပြီး အလုပ်အကိုင်မရပါက ပြည်ပထွက် အလုပ်လုပ်ကိုင်ဖို့ စိတ်ကူးထားတယ်လို့သူက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ၄လခန့်ကလည်း H&M အ၀တ်အထည်တွေချုပ်နေရတဲ့ ရွှေပြည်သာမြို့နယ်က King Rich Fishion အထည်ချုပ်စက်ရုံဟာလည်း အော်ဒါမရတော့တာကြောင့် ပိတ်သိမ်းခဲ့ရပါတယ်။

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုကို အာဏာသိမ်း စစ်တပ်က အခုနှစ် ဇွန်လမှာ ကန့်သတ်လိုက်ပါတယ်။

ကျွမ်းကျင်အလုပ်သမားရှားပါးမှု၊ အလုပ်အပ်နှံရေး စိန်ခေါ်မှု၊ လျှပ်စစ်မီးရရှိရေး စိန်ခေါ်မှုတွေအပြင် ကုန်ကြမ်းပြတ်တောက်မှုတွေက အထည်ချုပ်လုပ်ငန်းတွေ ရုန်းကန်‌နေရတဲ့ စိန်ခေါ်မှု တွေဖြစ်နေတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောထားပါတယ်။

နှစ်စဉ် ပြည်ပတင်ပို့မှုကနေ ဒေါ်လာ ၄ ဘီလီယံ နဲ့ ၅ ဘီလီယံကြားရရှိတဲ့ အထည်ချုပ်လုပ်ငန်းကနေ ကုန်ကြမ်းပြန်လည်တင်သွင်းမှုအရ ဒေါ်လာ သုံးဘီလီယံ ၀န်ကျင်ရှိတယ်လို့သိရပါတယ်။ဒါပေမယ့် စစ်တပ်က ဒေါ်လာငွေစီးဆင်းမှုထိန်းချုပ်လိုက်တာကြောင့် အထည်ချုပ်နဲ့ပတ်သက်တဲ့ သွင်းကုန်တွေ တင်သွင်းဖို့ အခက်အခဲရှိနေတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးငါးနှစ်အတွင်း အထည်ချုပ်ကဏ္ဍကနေ ထွက်ခွာသွားတဲ့ လုပ်ငန်း ၂၀၀ ကျော်ရှိခဲ့ပြီး ဩဂုတ်လကုန်ထိ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံတဲ့ အထည်ချုပ်စက်ရုံ ၆၀၇ ခု ရှိပါတယ်။

အထည်ချုပ်လုပ်ငန်းတွေဆက်တိုက်ပိတ်သိမ်းရပ်နားမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကို နွေဦးက ဖုန်းနဲ့ အီးလ်မေးကတဆင့် ဆက်သွယ်မေးမြန်းထားပေမယ့်ပြန်လည်ဖြေကြားတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပကုမ္ပဏီတွေထွက်ခွာသွားတာ၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မလာတော့တာကြောင့် နိုင်ငံခြားငွေရရှိဖို့ ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေစစ်တပ်ခန့်အပ်ထားတဲ့ ၀န်ကြီးတွေနဲ့ ၂၀၂၂ မှာ FESC ကို ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ပြည်ပ ကုန်သွယ်မှုကနေ ရတဲ့ ဒေါ်လာငွေတွေ နဲ့ ပြည်ပရောက် မြန်မာလုပ် သားတွေ ရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ခဲ့ပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေရတဲ့ဒေါ်လာငွေကို ရည်ညွှန်းစျေး(တစ်ဒေါ်လာကို ကျပ် ၂၁၀၀)လဲလှယ်ပြီး ဗဟိုဘဏ်ကို ပြန်အပ်ဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။

ပို့ကုန်ရငွေ ဒေါ်လာ သန်း ၁၀၀ ရှိပါက ၆၅သန်းကို မြန်မာကျပ်ငွေ လဲလှယ်ဖို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာ ရငွေရဲ့ တစ်ဝက် နဲ့ ၂၀၂၅ မှာ ၂၅ ရာခိုင်နှုန်းနဲ့ အခုနှစ်မှာ ၁၅ ရာခိုင်နှုန်းကို မဖြစ်မနေ ပြန်သွင်းရပါတယ်။

လက်ရှိ ပြည်ပက စက်သုံးဆီ၊ဆေးဝါးနဲ့ ကုန်ချောပစ္စည်းအများစုဟာ အထည်ချုပ်လုပ်ငန်းရဲ့ပို့ကုန်၀င်ငွေကို စစ်တပ်က အသုံးပြုနေတာဖြစ်ပါတယ်။
🔥25👎3🖕3❤1🤮1
(၂၀၂၆ စက်တင်ဘာလပိုင်းက ထန်းတပင်မြို့နယ်ရှိ ခေတ္တရပ်နားမည့် အလုပ်သမား ၂၀၀၀ ရှိတဲ့ သိုးမွေးစက်ရုံ Teng Hui Myanmar က လုပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)
😢28👎3🔥3💔1
KNU တပ်မဟာ(၁)နယ်မြေက ကျေးရွာတွေကို စစ်တပ်က လေယာဉ်၊လက်နက်ကြီးတွေနဲ့ထပ်မံ တိုက်ခိုက်

အောက်တိုဘာ ၁၉၊၂၀၂၆။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်ထဲက အရပ်သား ပြည်သူနေထိုင်ရာရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်နေကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်းမှာ KNU တပ်မဟာ(၁)နယ်မြေကို လက်နက်ကြီးပစ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၁၅ရက်က ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ဘီးလင်းမြို့နယ် ရှမ်းစုရွာကိုလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လေယာဉ်ကနေ ဗုံးသီး ၂လုံးကြဲချခဲ့ရာ ဗုံးသီး ၁လုံးဟာ ပေါက်ကွဲမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေမှာတော့ အရပ်သားထိခိုက်မှု သေဆုံးမှုမရှိခဲ့ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၁၂ရက်က ငှက်ပျောတောရွာကို စစ်တပ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်ကတော့မိသားစုလိုက် သေဆုံးမှု ရှိခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတဦး၊သူ့ရဲ့ ဇနီးနဲ့ညီဖြစ်သူတို့ သုံးဦးသေဆုံးကာ အချို့ ဒဏ်ရာရရှိခဲ့တာပါ။

အောက်တိုဘာ ၂ရက်ကလည်း စစ်တပ်ရဲ့ တပ်မ (၄၄) က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ကျိုက်ထိုမြို့နယ် ဇီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၃နှစ် အရွယ် ကလေးငယ် သေဆုံးခဲ့ရပါတယ်။
🤬18❤13👎6🔥2👏2😢1🎉1
(စစ်တပ် ကြဲချတဲ့ ဗုံးသီးကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
❤15🤬15👏5👍3👎3🔥1😢1🤩1🤮1
Media is too big
VIEW IN TELEGRAM
🤬18❤5😢3🤣2👎1🔥1🤮1🖕1
နွားထိုးကြီးမှာ မိန်းက​လေး​တွေကိုအုပ်စုဖွဲ့ အဓမ္မကျူးလွန်တဲ့​စစ်​ကြောင်း အောင်ပန်းကုန်းရွာကို မီးရှို့
■နေအိမ်၃၀ခန့် မီးလောင်ပျက်စီးပြီး စစ်​ကြောင်းထနောင်းပင်လဲရွာမှာတပ်စွဲ​နေ
အောက်တိုဘာ-၁၉၊၂၀၂၆။ကတ်သရင်း/ People's Spring
မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊အောင်ပန်းကုန်းကျေးရွာကို စစ်အုပ်စုက ဝင်ရောက်မီးရှို့သွားတာကြောင့်နေအိမ်အလုံး ၃၀ ခန့်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ထနောင်းပင်လဲရွာကို ပြန်ဝင် ရောက် နေတဲ့စစ်တပ်စစ်ကြောင်းဟာ အောက်တိုဘာလ၁၆ ရက် ၊ညနေပိုင်းမှာ အောင်ပန်းကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်အကြမ်းဖက်ခဲ့တာဖြစ်ပါတယ်။ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့ နောက် အောက်တိုဘာလ၁၇ ရက်နေ့ ညပိုင်းမှာ ဒေသခံ ပြည်သူ တွေရဲ့ နေအိမ်တွေ ကိုမီးရှို့ဖျက်ဆီးခဲ့ရာနေအိမ်အလုံး၃၀ ခန့်မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
"တိုက်ပွဲမရှိပါဘူး။ပစ်ခတ်တွေဘာညာတောင်မရှိခဲ့ဘဲနဲ့ သက်သက်မဲ့ကြီး ပြည်သူ့နေအိမ် တွေကိုမီးရှို့ဖျက်ဆီးသွားတာပါ။စစ်ကြောင်းကလည်း အခုသိပ်ရှင်းတဲ့အခြေအနေမဟုတ် သေးတာမို့ နေအိမ်အသေးစိတ်စာရင်းတော့မရ သေးပါဘူး"လို့ ဒေသခံပြည်သူ တဦးက ပြောပါတယ်။
စစ်အုပ်စုဟာရွာကိုမီးရှို့ဖျက်ဆီးပြီး အောက်တိုဘာ၁၈ ရက်နေ့ ညနေပိုင်းမှာ ထနောင်းပင်လဲနဲ့ နွားထိုးကြီးမြို့ဘက်ကို ပြန်ဝင်သွားတာ တွေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာအောက်တိုဘာလ ၅ ရက်ကထနောင်းပင်လဲရွာကဒေသခံ အမျိုးသမီး၅ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိလည်း ထနောင်းပင်လဲကို တပ်စွဲထားဆဲဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
🤬28❤5🔥4👎2👏1🤮1💩1🤣1🖕1😡1
စစ်တွေတိုက်ပွဲမှာ AAပစ်ခတ်လို့ စစ်သင်္ဘောတစီး မီးလောင်ပျက်စီးတဲ့ရုပ်သံဖိုင်ပျံ့နှံ့

■အောက်တိုဘာ ၈ ရက်မှာထိမှန်ခဲ့တာဖြစ်ပြီး နစ်မြုပ်လုနီးပါးဖြစ်ကာရေတပ်ထဲဆွဲခေါ်သွား

■ငပြီကျွန်းတိုက်ပွဲမှာစစ်တပ်ကအဓမ္မစု​ဆောင်းထားတဲ့ရိုဟင်ဂျာ​တွေကိုအ​သေခံကမ်းတက်တိုက်ခိုင်းနေဟုသတင်းရင်းမြစ်​အချို့​ပြော

အောက်တိုဘာ-၁၉၊၂၀၂၆။ခိုင်မြတ်/ People's Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီက​နေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထု​နွေဦးကို အတည်ပြုပါတယ်။

​အောက်တိုဘာ ၁၉ ရက်မနက်ပိုင်းမှာပျံ့နှံ့လာတဲ့ အဲဒီရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က ပေါက်တောမြို့ နယ် ငပြီကျွန်းပေါ် စစ်တပ်က ကမ်းတက်ဖို့ကြိုးစားချိန် AA က အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတို့နဲ့ လှမ်းပစ်လို့ ထိ မှန်သွားခဲ့တာလို့ သိရပါတယ်။

“၈ရက်နေ့ကပစ်လို့ ထိသွားတာပါအဲဒါ။ သင်္ဘောတော့ မြုပ်မသွားဘူး။ မြုပ်လုနီးနီးဖြစ်သွားတယ်။သင်္ဘောသုံးစီး နဲ့ တွဲခေါ်သွားရတယ်။ရွေမင်းဂံထဲကိုဆွဲသွားကြတယ်။အဲဒီသင်္ဘောကတော့ ထပ်ပြီးရေချလို့မရနိုင်လောက်တော့ဘူး။အင်ဂျင်ပါပျက်သွားလောက်တယ်” လို့ AA သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့သင်္ဘော ကိုနက်ကြီးကျည်နှစ်လုံး ထိမှန်သွားခဲ့ပြီး စစ်သား ၂၀ ဝန်းကျင်သေဆုံး သွားခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။ “မျက်မြင် နှစ်ဆယ်လောက် သေ တယ်”လို့ သတင်းရင်းမြစ်တဦးက​ပြောပါတယ်။

အွန်လိုင်းပေါ် ပျံ့နှံနေတဲ့ စစ်သင်္ဘောဟာရွှေမင်းဂံရေတပ်စခန်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာကြား ကုလားတန်မြစ်ပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ “ကမ်းနဲ့ သိပ်မဝေး၊ မြစ်လယ်လည်းမကျတဲ့နေရာမှာအပစ်ခံရတာ။အဲဒီကတည်းကသင်္ဘောတွေသွားရင် ကမ်းနဲ့ သိပ်မကပ်ဘူး။ မြစ်လယ်ကြောကပဲ သွားကြတာတွေ့တယ်”လို့ ပေါက်တောမြို့နယ်မှ မျက်မြင်ဒေသခံတဦးကပြောပါတယ်။

စစ်တပ်ဟာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်၊ စစ်ကူပို့နိုင်ဖို့ ကုလားတန်မြစ်ပြင်မှာ စစ်သင်္ဘော လေးစီးထက်မနည်း နေ့စဉ်ရှိနေပြီး AA ရဲ့ ပစ်ခတ်မှုကို မကြာခဏခံနေရပါတယ်။အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ငပြီကျွန်းပေါ် ကမ်းတက်ဖို့ ကြိုးစားတဲ့ စစ်သင်္ဘောတွေထဲက တစီးကို AA က ပစ်ခတ်ထိမှန်ခဲ့ပြီး တဆယ် ကျော် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

“တဆယ်ကျော်လောက်သေမယ်ထင်တာပဲ။ မီးခိုးတွေကတော့ တော်တော်အများကြီး ထွက်သွားတယ်။ ချက်ချင်း လှည့်ပြေးသွားတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း(ငပြီကျွန်း)ကို ထောက်ပို့လေယာဉ် Y12 ၊ တိုက်လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်နေ့ကစ ကမ်း တက်ခဲ့တာဖြစ်ပြီး ကမ်းပေါ် စစ်သားဆယ်ချီတက်နိုင်ခဲ့ပါတယ်။

ပထမအကြိမ်အင်အားဆယ်ချီ ကမ်းတက်နိုင်ခဲ့ပြီးနောက် ကမ်းပေါ်ရှိနေသူအားလုံးနီးပါး သေဆုံးသွားခဲ့ချိန် အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တို့မှာ ကမ်းထပ်တက်၊ အင်အားဖြည့်နိုင်ဖို့ကြိုးစားလာခဲ့တာပါ။ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကလည်း ကျွန်းပေါ်မှာ သေ ဆုံးသူ ၄၀ ဝန်းကျင်၊ အရှင်အဖမ်းခံရသူ (၂၀ )ဝန်းကျင်ရှိကာစစ်တပ်ခြေကုတ်နေခဲ့တဲ့ စခန်းတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်တပ်နဲ့ AA တို့ ငပြီကျွန်းပေါ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ငပြီကျွန်းတိုက်ပွဲမှာစစ်တပ်ကအတင်းအကြပ်ဖိအား​ပေး​ခေါ်ယူပြီး စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေအများအပြားကို အသုံးပြုပြီး အသေခံတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

“မူဆလင်တွေအများကြီးပါတယ်။ ကမ်းပေါ်မှာတောင် နှစ်ဆယ်လောက်တွေ့တယ်။ မနေ့က ထပ်တက်တာမှာလည်း မူဆလင်တွေပါတယ်။တမင်ကိုအသေခံခိုင်းနေသလိုပဲ” လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာစစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး ဧတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။

အဲဒီကျွန်းပေါ်မှာလူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။AAက ငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်နေသလို စစ်တွေမြို့နယ်အတွင်းက ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ) အနီးဝန်းကျင်အပါအဝင် မြို့ပတ်လည်က စစ်တပ်စခန်းတွေကိုလည်း အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး စစ်စခန်းအချို့ကို သိမ်းယူထားပါတယ်။ ဒါကြောင့်တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ် ပါတယ်။
❤21👏7🥰6🤣3👍2👎1🖕1
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲရှိပြီ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ်။ဒါ့အပြင်စစ်တပ်ကစစ်သားရာချီ ရှိနေပြီး​သေဆုံးခဲ့ပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရုပ်သံ- Thar Mon Zaw
❤14🤣11👏6😁2👍1👎1🖕1
Media is too big
VIEW IN TELEGRAM
❤34👍15🤣5👎1😁1👌1🖕1