People's Spring
✔
59.3K subscribers
72.5K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရခိုင်ပြည်နယ်က စစ်​ဘေး​ရှောင်​ပြည်သူ​တွေ။ဓါတ်ပုံ-The Dplomat
👍21😢19🔥2👏1🙏1🤣1
ရေစကြိုနယ်က ကျေးရွာအချို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁၅ဦးထိရှိလာ

အောက်တိုဘာ-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း ရေစကြိုမြို့နယ်က ကျေးရွာအချို့ကို စစ်တပ်က တိုက်လေယာဉ်၊ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် သေဆုံးထိခိုက်မှုအများအပြားရှိခဲ့ရာ စုစုပေါင်း သေဆုံးသူ ၁၅ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာ ၁၆ရက် မနေ့က နေ့လယ်ပိုင်းမှာ ရေစကြိုနယ် သစ်ကြီးတောရွာ၊ သစ်ကောက်ဆိပ်ရွာအပါအဝင် ရေစကြိုမြောက်ဘက်ပိုင်းက ကျေးရွာအချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

“လောလောဆယ် သစ်ကြီးတောရွာက ၁၄ ဦး၊ သစ်ကောက်ဆိပ်ရွာက (၁) ဦးလို့ သိရပါတယ်၊ အရေအတွက်များနိုင်တယ်လို့လည်းပြောပါတယ်၊ စာရင်းအတိအကျတော့ မသိရသေးပါ”လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း သတင်းရင်းမြစ်က ပြသခဲ့ရာ သေဆုံးသူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပါဝင်တာကိုတွေ့ရပါတယ်။

“အကြောင်းမဲ့ကို တိုက်ခိုက်သွားတာပါ။ အနီးဝန်းကျင်ရွာတွေအားလုံး ထွက်ပြေးနေကြရပြီး စိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေကြရတာပေါ့။ သူတို့ မစိုးမိုး မထိန်းချုပ်နိုင်တဲ့နေရာတွေက သူပုန်နယ်လို့ သတ်မှတ်ပြီး ပြည်သူတွေ၊ မြို့တွေရွာတွေကို ဒုက္ခပေး၊ ဖျက်ဆီး၊ မတရား သတ်ဖြတ်နေတဲ့သဘောပါပဲ”လို့ ဒေသခံ သတင်းရင်းမြစ်က စစ်တပ်ရဲ့ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတဲ့ အခြေအနေကို ပြောပြပါတယ်။

ရေစကြိုမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)တာဝန်ရှိသူတဦးဖြစ်တဲ့ ရဲဘော်ဝေကြီးကလည်း အဲဒီဒေသမှာ လတ်တလော တိုက်ပွဲမရှိဘဲ စစ်တပ်က ရက်စက်စွာ တိုက်ခိုက်လာတာလို့ အသိပေး ပြောပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ကြောင်းလည်း ရဲဘော်ဝေကြီးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝန်းမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူအစုလိုက်အပြုံလိုက်သေဆုံးထိခိုက်မှုတွေ အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။
🤬35👏5❤4😢1🎉1🤮1
(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့သူများကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)
😢47👏6😭5🤬4❤3🤩1🤮1
အခုချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေ စစ်အာဏာရှင်​တွေရဲ့အကျိုးစီးပွားတစ်ခုတည်းအတွက် စစ်မှုထမ်း ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံနေရတဲ့အခါကွမ်တာကင်တီကိုအကြိမ်ကြိမ် အမှတ်ရစေတယ်။ အတင်းဖမ်းချုပ်ခေါ်ဆောင်သွားခံရတဲ့၊ ခြေထောက်မှာ သံကြိုးတွေချည်နှောင်ထားခံရတဲ့၊ လူသားတယောက်ကို ကိုယ်ပိုင်ကုန်ပစ္စည်းလို သဘောထားခံရတဲ့ ကွမ်တာကင်တီ။ သူ့အတွက် စိတ်ထိခိုက် မကျေနပ်ခဲ့ရတဲ့ ခံစားချက်။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာက ကျူးလွန်ခံခဲ့ရသလိုမျိုးပါပဲ။ ကျူးလွန်ခံနေရတဲ့ မြန်မာလူငယ်တွေ။ အခြေအနေ အကြောင်းတရားမတူပေမယ့် အခုခေတ်အချိန်မှာ ကိုယ်တိုင်ကြုံတွေ့နေရပါပြီ။

၁၈၃၃ ခုနှစ်မှာ ဗြိတိသျှအင်ပါယာက ကျွန်စနစ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့အခါ ကျွန်ပိုင်ရှင်တွေကို သူတို့ရဲ့ “ဆုံးရှုံးမှု” အတွက် ပေါင်စတာလင် သန်း ၂၀ လျော်ကြေးပေးခဲ့တယ်။ ဒါပေမဲ့ လူသားတွေကို ပစ္စည်းတခုလို ရောင်းဝယ်ခံခဲ့ရသူတွေ၊ မိသားစုနဲ့ ခွဲခွာခံခဲ့ရသူတွေ၊ မျိုးဆက်ပေါင်းများစွာ အဓမ္မ အလုပ်လုပ်ခိုင်းစေခံခဲ့ရသူတွေကတော့ သူတို့ရဲ့နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေအတွက်ဘာလျော်ကြေးမှ မရခဲ့ကြပါဘူး။ ဗြိတိသျှကိုလိုနီ ဂျမေကာမှာ ကျွန်စနစ်ဖျက်သိမ်းရေးဥပဒေ အသက်ဝင်ခဲ့တဲ့ ၁၈၃၄ ခုနှစ်နောက်ပိုင်းမှာလည်း ကျွန်အဖြစ် ဖမ်းဆီးခိုင်းစေခံခဲ့ရသူအများအပြားဟာ “အလုပ်သင်စနစ်” လို့ခေါ်တဲ့ စနစ်အောက်မှာ ဆက်လက်အလုပ်လုပ်ခဲ့ကြရတယ်။အဲဒီစနစ်ဟာ ၁၈၃၈ ခုနှစ်မှသာ အဆုံးသတ်ခဲ့ပြီး လွတ်လပ်ခဲ့ကြတယ်။ အခု ၂၀၂၆ ခုနှစ်မှာဆိုရင် သူတို့ရဲ့ လွတ်လပ်ခွင့်ရရှိမှုဟာ ၁၈၈ နှစ် ရှိလာပါပြီ။

ကျွန်ကုန်သွယ်မှုသမိုင်းဟာ ရာစုနှစ်များစွာ အရင်က ဖြစ်ခဲ့တာပါ။ ဒါပေမယ့် “အဲဒါက အရင်က ဖြစ်ခဲ့တာပဲ” ဆိုပြီး သမိုင်းစာအုပ်ထဲမှာထည့်ပိတ်ထားလို့ မရတော့ပါဘူး။ တရားမျှတမှုကို ရှာဖွေနိုင်ဖို့ သမိုင်းစာအုပ်ရဲ့အပြင်ဖက်ရှေ့ကို ရောက်လာပါပြီ။ ၁၈၈ နှစ်အကြာ UN က ဆုံးဖြတ်ချက်ကို အတည်ပြုပြီးတဲ့နောက် အခုနှစ် ၂၀၂၆ ခု စက်တင်ဘာ ၆ ရက်မှာ ဂျမေကာကိုယ်စားလှယ်အဖွဲ့ဟာ ကျွန်စနစ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းဆိုင်ရာ နစ်နာမှုတွေအတွက် တရားမျှတမှု ရှာဖွေဖို့ လန်ဒန်မြို့ကို ရောက်လာခဲ့ပါတယ်။ ဂျမေကာအစိုးရကိုယ်စား တရားမျှတမှုနဲ့ ပြန်လည်ကုစားရေးဆိုင်ရာ တင်ပြချက် ကို စက်တင်
ဘာ ၇ ရက်မှာ ချားလ်စ်ဘုရင်ထံကို တရားဝင် တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့မှာ ချားလ်စ် ဘုရင် က အဲဒီလျော်ကြေးတောင်းဆိုမှုကို ဗြိတိန်ဘုရင် ရဲ့ အယူခံတရားစီရင်ရေးကော်မတီ” Privy Council ထံ လွှဲပြောင်းစဉ်းစားစေခဲ့တယ်။ ဒီတင်ပြချက်ဟာလျော်ကြေးငွေကိုချက်ချင်းပေးဖို့တောင်းဆိုတဲ့ စာတစောင်သက်သက် မဟုတ်ပါဘူး။ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေနဲ့ ဥပဒေရေးရာ တာဝန်ယူမှုကို တရားဝင် စိစစ်ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီရက်စွဲကိုရွေးချယ်ခဲ့တာကလည်း အင်မတန်
အဓိပ္ပါယ်ရှိပါတယ်။ ဂျမေကာရဲ့ တင်ပြချက်ဟာဇောင် (Zong) သင်္ဘောပေါ်က လူတွေကို အောက်မေ့သတိရခြင်းနဲ့ သမိုင်းဆိုင်ရာ တရားမျှတမှုကို ရှာဖွေခြင်းတို့ကို ဆက်စပ်ပေးထားတာ ဖြစ်ပါတယ်။ ၁၇၈၁ ခုနှစ် စက်တင်ဘာ ၆ ရက်မှာ Zong သင်္ဘောဟာ အာဖရိကန်လူမျိုး ၄၄၂ ဦးကို ကျွန်အဖြစ် တင်ဆောင်ပြီး ဂျမေကာကို ဦးတည်ထွက်ခွာခဲ့တယ်။ အဲဒီခရီးစဉ်ဟာ လူ ၁၃၀ ကျော် ပင်လယ်ထဲ ပစ်ချသတ်ဖြတ်ခံခဲ့ရပါတယ်။ နှစ်ပေါင်း ၂၄၅ နှစ်အကြာ၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ဂျမေကာက ချားလ်စ်ဘုရင်ထံ တရားမျှတမှုအတွက် တင်ပြချက်ကို တင်သွင်းခဲ့ပါပြီ။ ဒီတင်ပြချက်ဟာ အတိတ်ကို မေ့မထားကြောင်းပြသရုံသာမက၊ သမိုင်းဝင်မတရားမှုတွေအတွက် တာဝန်ယူမှုနဲ့ ပြန်လည်ကုစားရေးကို ယနေ့အချိန်မှာ တရားဝင်တောင်းဆိုနေခြင်းပဲ ဖြစ်ပါတယ်။

အလုပ်ကို အသွား ဒါမှမဟုတ် အလုပ်က အပြန် ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ လူငယ်တွေ၊ လှည်းတန်းမှာ အိမ်ကနေ အပြင်ခဏထွက်သွားတာမှာ ပျောက်ဆုံးသွားတဲ့ လူငယ်၊ ဧည့်စာရင်းစစ််ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့လူငယ်၊ ကလေးဆေးရုံတက်ရလို့ စောင့်ပေးနေရင်း ဆေးရုံအပြင် ခဏအထွက်မှာ ပျောက်ဆုံးသွားတဲ့ ကလေးအဖေ၊ တက္ကသိုလ်တက်ရင်း မိသားစုကို တဖက်တလမ်းက ကူညီရှာဖွေကျွေးမွေးနေရင်း ပျောက်ဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသား၊ စက်ရုံကအပြန် ပျောက်ဆုံးသွားတဲ့ ရခိုင်လူမျိုးမိန်းကလေးငယ်၊ ထွက်ပြေးတာကို ပြန်လည် ဖမ်းဆီးခံရပြီး ထိပ်တုံးခတ်ခံထားရတဲ့ လူငယ်တွေ။ ဒီလို လူငယ်ပေါင်း မြောက်များစွာ‌တွေ။ ရာစုနှစ်ပေါင်းများစွာက ကွမ်တာကင်တီတို့ ကျူးလွန်ခံခဲ့ရတဲ့ မတရားမှု ၊ရာဇဝတ်မှုတွေနဲ့ ဘာမှမခြားပါဘူး။

မတရားဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေ၊ မိသားစုနဲ့ ခွဲခွာခဲ့ရသူတွေ၊ မိမိတို့ရဲ့ အနာဂတ်ကို စွန့်လွှတ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသူတွေ၊ အတင်းအကျပ် စုဆောင်းခံရပြီး စစ်အုပ်စုအာဏာတည်မြဲဖို့ တိုက်တဲ့စစ်ပွဲဖက်ကနေ ပါဝင်ခဲ့ရတဲ့သူတွေရဲ့ ဇာတ်လမ်းတွေဟာလည်း တနေ့မှာ သမိုင်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာမှာပါ။
😢21❤5👎2🔥2🥰1💩1🤣1🖕1
အာဖရိကကျွန်စနစ်အတွက် ယနေ့ခေတ်လူတိုင်းကို အတိတ်က လူတွေရဲ့ လုပ်ရပ်အတွက် တိုက်ရိုက်အပြစ်ပေးရမယ်လို့ ဆိုလိုကြတာ မဟုတ်ပါဘူး။ လူတစ်ယောက်ကို သူမကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် အပြစ်ပေးတာဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ ဒါပေမဲ့ သမိုင်းမှာ မတရားမှုတွေ ဖြစ်ခဲ့တယ်ဆိုတာကို ငြင်းပယ်တာ၊ အဲဒီမတရားမှုကနေ အကျိုးအမြတ်ရခဲ့တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်တာ၊ နစ်နာခဲ့ရသူတွေရဲ့ အသံကို မကြားချင်ယောင် ဆောင်တာတို့ဟာလည်း တရားမျှတမှု မဟုတ်ပါဘူး။ အမှန်တရားဆိုတာ မှတ်တမ်းထဲက အဖြစ်အပျက်တွေကို ဖုံးကွယ်မထားခြင်းပါ။ တာဝန်ခံမှုဆိုတာ အဲဒီအမှန်တရားကို ရင်ဆိုင်ခြင်းပါ။ တရားမျှတမှုဆိုတာ အဲဒီအရာတွေကို အခြေခံပြီး လူသားတစ်ယောက်ရဲ့ တန်ဖိုးနဲ့ အခွင့်အရေးကို ပြန်လည်အသိအမှတ်ပြုခြင်းပါ။ တရားမျှတမှုဆိုတာ ဘယ်သူ့ကိုမှ မေ့မထားခြင်းလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်း စုဆောင်းခဲ့သူတွေ၊ မတရားဖမ်းဆီးခဲ့သူတွေ၊ အာဏာကို အသုံးချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေ၊ အမိန့်ပေးခဲ့သူတွေနဲ့ အဲဒီလုပ်ရပ်တွေမှာ ပါဝင်ခဲ့သူတွေ၊ ဒါ့အပြင် စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကျူးလွန်ခဲ့သမျှ ရာဇဝတ်မှု အားလုံးအတွက် တချိန်မှာ ဘယ်လိုတာဝန်ခံစေမလဲ။ နစ်နာခဲ့ရသူတွေအတွက် ဘယ်လိုတရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးမလဲ။ ပျောက်ဆုံးသွားခဲ့တဲ့ ဘဝတွေ၊ ပျက်စီးသွားခဲ့တဲ့ မိသားစုတွေ၊ ဆုံးရှုံးခဲ့ရတဲ့ ပညာရေးနဲ့ အနာဂတ်တွေအတွက် ကျူးလွန်သူတွေကို ဘယ်လိုပြစ်ဒဏ်ချမှတ်မလဲ။

အရေးကြီးတဲ့အချက်တခုတော့ ရှိပါတယ်။ မတရားမှုကျူးလွန်သူတိုင်းဟာ အချိန်တန်ရင် အလိုအလျောက် ပြစ်ဒဏ်ခံရမယ်လို့ သမိုင်းက အာမခံမထားပါဘူး။လောကကြီးမှာ အပြစ်ကျူးလွန်ပြီး တာဝန်မခံခဲ့ရသူတွေလည်း ရှိခဲ့ကြတယ်။အာဏာရှိသူတွေဟာအထောက်အထား တွေကို ဖျောက်ဖျက်နိုင်တယ်။ သက်သေတွေကို ခြိမ်းခြောက်နိုင်တယ်။ နစ်နာသူတွေရဲ့ အသံတွေကို နှစ်ပေါင်းများစွာ တိတ်ဆိတ်သွားအောင် လုပ်နိုင်တယ်။ ဒါကြောင့် တရားမျှတမှုဟာ အချိန်တခု ရောက်လာရင် အလိုအလျောက် ပေါ်ပေါက်လာမယ့် အရာတခု မဟုတ်ပါဘူး။ အမှန်တရားကို ထိန်းသိမ်းထားဖို့ လိုတယ်။ အထောက်အထားတွေကို စုဆောင်းထားဖို့ လိုတယ်။နစ်နာသူတွေရဲ့ အသံတွေကို မှတ်တမ်း
တင်ထားဖို့ လိုတယ်။ တရားဥပဒေနဲ့အညီ တာဝန်ခံမှု ရှိလာနိုင်ဖို့ ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။

အာဖရိကကျွန်စနစ်နဲ့ပတ်သက်ပြီးယနေ့အထိ ပြန်လည်ဆွေးနွေးနေကြတာဟာလည်း အဲဒီလို ကြိုးပမ်းမှုတွေရဲ့ ရလဒ်တခုပါပဲ။ ရာစုနှစ်တွေ ကြာသွားပေမဲ့ လူတွေက မေ့မထားခဲ့ကြဘူး။ သမိုင်းကို ပြန်လည်လေ့လာခဲ့ကြတယ်။ စာရွက်စာတမ်းတွေကို စုဆောင်းခဲ့ကြတယ်။ နစ်နာခဲ့ရသူတွေရဲ့ သမိုင်းကို ပြန်လည်ဖော်
ထုတ်ခဲ့ကြတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အသံထုတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ အရင်က မဆွေးနွေးချင်ခဲ့ကြတဲ့ အကြောင်း
အရာတွေကို ကမ္ဘာ့ခေါင်းဆောင်တွေ ရင်ဆိုင်ဆွေးနွေးလာရတဲ့ အခြေအနေတခုကို ဖန်တီးနိုင်ခဲ့ကြတယ်။ ဒါဟာ တရားမျှတမှုအတွက် ပြီးဆုံးသွားပြီလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ တရားမျှတမှုအတွက် တံခါးတချပ် ပိုမိုပွင့်လာတာလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ယနေ့ ဖြစ်ပျက်နေတဲ့ မတရားမှုတွေအတွက် အမှန်တရားကို ပုံစံမျိုးစုံနဲ့ မှတ်တမ်းတင်ထားရပါမယ်။ ဖြစ်ပျက်ခဲ့တဲ့အရာတွေကို အမှန်အတိုင်း သိရှိနိုင်ဖို့၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို သက်သေအထောက်အထားတွေနဲ့ စစ်ဆေးနိုင်ဖို့၊ နစ်နာသူတွေရဲ့ အခွင့်အရေးကို ပြန်လည်ဖော်ဆောင်နိုင်ဖို့နဲ့ အလားတူဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့ ဖြစ်ပါတယ်။


https://www.ludunwayoo.com/feature-mm/2026/10/17/170974/
❤28👍14🤣2🔥1😁1💩1👌1🖕1
ပလောက်မြို့က စစ်တပ်စစ်ကြောင်းနဲ့ KNLA တိုက်ပွဲ ဆက်ဖြစ်

▪️သရက်ချောင်းနယ် ဝင်း၀ဒေသဘက်မှာလည်း တိုက်ပွဲဖြစ်

အောက်တိုဘာ ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့ရှိ စစ်တပ်က တော်လှန်ရေးတပ်တွေရှိရာ စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၆ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေပြန်လည်စိုးမိုးနိုင်ရေး စစ်ကြောင်းထိုးလာတဲ့အပေါ် အောက်တိုဘာဒုတိယပတ်က စတင်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။

ပုလောမြိုနယ် ပလောက်မြိုအနီး ဘုရင့်တောင်ရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို အောက်တိုဘာ ၁၀ရက်က စတင်ပြီး သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့သလို အောက်တိုဘာ ၁၃ရက်နဲ့ ၁၄ရက်တွေမှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ဘုရင့်တောင်ရွာကနေ ဆင်ထိုးကြီးဘက်ကို ဆက်လက် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဆက်ရှိနေတာလို့ဆိုပါတယ်။ ဒါ့အပြင် သရက်ချောင်းမြို့နယ် ဝင်း၀ကျေးရွာဘက်ကလည်း စစ်တပ်စစ်ကြောင်းထိုးလာလို့ KNLAနဲ့ တိုက်ပွဲတွေ ရှိနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ပလောက်ကနေ ဆင်ထိုးကြီးဘက်ကိုကျတော့ စစ်ကြောင်းထိုးတာကျတော့ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၃)နယ်မြေဖြစ်တယ်။ ဝင်း၀ကနေ ရငဲဘက်ကျတော့ KNLA တပ်ရင်း(၁၂) ရဲ့ တပ်ခွဲ(၂)နယ်မြေ အဲဒီ ရငဲမှာ ကျတော့ တပ်ခွဲ(၂)နဲ့ ထိတွေ့မှုတွေရှိတယ်။ ဘုရင့်တောင်ကနေ ဆင်ထိုးဘက်ကျတော့ တပ်ရင်း(၁၂) တပ်ခွဲ(၃)နဲ့ ဖြစ်တယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်တပ်က စစ်ရေးဆက်လက်လှုပ်ရှားလာရင် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ အသိပေးပါတယ်။

အခု စစ်တပ် စစ်ကြောင်းထိုးလာတဲ့ ဒေသဟာ စက်တင်ဘာလကုန်ပိုင်းက ရေကြီးမြေပြိုလို့ သဘာ၀ဘေးကြုံနေရတဲ့ ဒေသဖြစ်ပြီး ပြန်လည်ထူထောင်ရေး မလုပ်ဆောင်ရသေးချိန် စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံတွေဟာ သဘာ၀ဘေးအပြင် စစ်ဘေးပါ ကြုံနေရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၁၄ရက်မှာဆိုရင် စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘုရင့်တောင်ရွာ ရှိ ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် အဆောက်အအုံ ပျက်စီးမှု ရှိခဲ့သလို ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
👍35🔥4❤3👏2👎1🤬1🙏1
(KNLA တပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍35❤7🥰3👏3🔥1🤮1🖕1🫡1
ဆားလင်းကြီးမြို့အဝင်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့လှုပ်ရှားမှု ပြုလုပ်

အောက်တိုဘာ ၁၇၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြို့အဝင်ဆိုင်းဘုတ်ရှေ့မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တိုဘာ ၁၇) ပြုလုပ်ခဲ့ပါတယ်။

သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက "Our Ambassador. Our Voice. Our Representative" စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်းနဲ့ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးတဲ့အတွက် လူထုတရပ်လုံး ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုက တိုက်တွန်းခဲ့ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ စေရေးအတွက် လူထုထောက်ခံပွဲတွေကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
❤33👍11🥰3👏3🤮1🤣1🖕1🫡1
ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်သပိတ်အင်အားစု
❤42👍9🥰4👏2🤮1👌1🤣1🖕1🫡1