People's Spring
✔
59.2K subscribers
72.6K photos
1.29K videos
10 files
3.12K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ရက်မှာ ဗျတ္တပန်းဆက်လမ်းပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချတပ်စွဲထားတဲ့ အင်အား ၃၀ ခန့်ရှိ စစ်တပ်စခန်းတစ်ခုကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ခရိုင်တပ်ရင်းတွေနဲ့ မဟာမိတ်တွေဖြစ်တဲ့ စကားဝါ PDF၊ PPGF (ပုပ္ပါး PDF) ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာလို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်စခန်းကို စီးနင်းတိုက်ခိုက်ချိန် ၁နာရီကျော်ကြာခဲ့တယ်လို့လည်း ပြောပါတယ်။ လတ်တလောမှာတော့ စစ်တပ်က အဲဒီစခန်းကို အင်အားထပ်မံဖြည့်ထားတယ်လို့ သိရပါတယ်။

◾️မုံရွာက စစ်တပ်အထိုင်စခန်းတွေကို PDF တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ​အောက်တိုဘာ ၁၄ ရက် ညနေ ၆ နာရီမှာ တပ်ရင်းထုတ် (၂)မိုင်ပစ် ရော့ကတ် ၁၀ လုံးနဲ့ စစ်တပ်တပ်စွဲထားတဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းဝင်းနဲ့ ရဲတိုင်းရုံးတို့ကို ပစ်ခတ်ခဲ့ပြီး ပစ်မှတ် ၂ခုလုံးကို ထိထိရောက်ရောက် ထိမှန်ခဲ့ပြီး စစ်အုပ်စုဘက်က အထိအခိုက် အပျက်အစီး များပြားခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက အသိပေးပါတယ်။ ​တိုက်ခိုက်မှုအတွင်း စစ်တပ်က ၆၀ မမ လက်နက်ကြီးတွေအပြင် အမှတ်(၅၀၈) အမြောက်တပ်ကနေလည်း ဟောင်ဝစ်ဇာ လက်နက်ကြီး ၅ လုံးနဲ့ ရမ်းသမ်းပြန်ပစ်ခဲ့ကြောင်း သိရပါတယ်။

◾️ဘာသာရေးအ​ဆောက်အအုံတွေကို စစ်တပ်ကပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အ​ပေါ် BRI ရှုတ်ချ

အာဏာသိမ်းမြန်မာစစ်တပ်က ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဆက်လက် လုပ်နေတာကို Burma Research Institute (BRI)က အပြင်းအထန် ရှုတ်ချလိုက်သလို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အကာအကွယ်ပေးမှုတွေ မြှင့်တင်နိုင်ရေး တောင်းဆိုလိုက်ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မှာ BRIက ထုတ်ပြန်ချက်နှစ်ခု ကြေညာခဲ့ရာမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မဟာစည်ကျောင်းတိုက်ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာရှိတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော် (KBC)ရဲ့ ဘုရားကျောင်းကို မီးရှို့မှု ဖြစ်စဉ်တွေကို ရည်ညွှန်းထားခဲ့ပါတယ်။ ရွှေဘို မြို့နယ်၊ ဆိပ်ခွန်ရွာထဲက မဟာစည် ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့ရာ မဟာစည်ကျောင်းတိုက်ကို အောက်တိုဘာ ၁၁ ရက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အို အရပ်သား၂ ဦး သေဆုံးပြီး ၈ ဦးအပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း BRIက ဖော်ပြထားပါတယ်။ နောက်ပြီး KBC အဖွဲ့ဝင် ထင်နန်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းကိုလည်း အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃း၃၀ နာရီ ဝန်းကျင်မှာ မီးရှို့ ဖျက်ဆီးခဲ့တဲ့အကြောင်း BRIက နောက်ထပ် ထုတ်ပြန်ချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။ ဘာသာရေး အဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေဟာ စစ်တပ်က အသားတကျ ကျူးလွန်တဲ့ ပုံစံတစ်မျိုး ဖြစ်လာနေတယ်လို့လည်း BRIက​ ပြောပါတယ်။

◾️သာသနိကအဆောက်အအုံတွေအပေါ် စစ်တပ်ဗုံးကြဲမှု မဟနဆရာတော်တွေ ဆုံးမပေးဖို့ တောင်းဆို

ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက(မဟန)အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ၁၅ ရက်မှာ အသိပေး လျှောက်ထားလိုက်ပါတယ်။ ​စစ်တပ်ဟာ လတ်တလောမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လေကြောင်းကနေ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက် တော်သလင်းလကွယ်နေ့က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်၊ မူလမဟာစည်ကျောင်းတော်ကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တာကိုလည်း ဆရာတော်ဘုရားများ သိမြင်ပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ လျှောက်ထားစာမှာ ဖော်ပြပါတယ်။ ဆိပ်ခွန် မဟာစည်ကျောင်းဟာ ပဋိပတ္တိဌာနတစ်ခုအနေနဲ့ ဂုဏ်သိက္ခာကြီးမားစွာရပ်တည်ခဲ့တဲ့ ကျောင်းတော်ဖြစ်တဲ့အပြင် လတ်တလော မဟာစည်နာယကအဖွဲ့ ဥက္ကဋ္ဌ ဆိပ်ခွန်ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတိုက်ဖြစ်တာကြောင့်တော်လှန်ရေးနဲ့ တစုံတရာပတ်သက်မှုမရှိဘဲ ဝိပဿနာဓုရသန့်သန့်နဲ့ သာသနာ့ဝန်ကို ဆောင်နေတဲ့ ကျောင်းတိုက်ဖြစ်တာကိုလည်း ဆရာတော်ဘုရားများသိတော်မူကြပြီး ဖြစ်ပါလျက် အခုလို ဗုံးကြဲဖျက်ဆီးတဲ့အပေါ် အရှင်ဘုရားများအဘယ်ကြောင့် နှုတ်ဆိတ်နေတော်မူကြပါသလဲဆိုပြီး စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက မေးမြန်းလျှောက်တင်ထားပါတယ်။ ဆက်ပြီး နှုတ်ဆိတ်နေမယ်ဆိုလို့ရှိရင် စစ်တပ်ကနေ ပိုပြီးရဲတင်းပြီးတော့ ပိုပြီးတော့ ရက်စက်ယုတ်မာလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်လို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ကိုရှင်းသန့်က ပြောပါတယ်။
❤13👍8🔥1🤣1🖕1
◾️ခရစ်ယာန်ဘုရားကျောင်း မီးရှို့တဲ့ စစ်တပ်လုပ်ရပ် ကချင်လူ့အခွင့်အရေးအဖွဲ့ KHRW ကန့်ကွက် ရှုတ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က KBC ဘုရားကျောင်းကို မီးရှို့တာ အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝတ်ပြုရာနေရာများနဲ့ အရပ်သားပိုင်ဆိုင်မှုများကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ရပ်များ လုပ်ဆောင်နေတဲ့အပေါ် အခုလို ကန့်ကွက်ရှုတ်ချခဲ့တာပါ။ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးလိုက်တာဟာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့်ကို ချိုးဖောက်လိုက်တာဖြစ်တယ်လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

◾️တရုတ်ကန့်ကွက်မှုကြောင့် မြန်မာရုပ်ရှင်ကား ရုံတင်ရက် ရွှေ့ဆိုင်း

တရုတ်နိုင်ငံထုတ် နာမည်ကြီးအရုပ်ကို ကြောက်စရာကောင်းတဲ့ ဇာတ်ကောင်နေရာကနေ ထားပြီး ရိုက်ထားတဲ့ မြန်မာရုပ်ရှင်ဇာတ်ကား Blind Box ဟာ တရုတ်ရဲ့ကန့်ကွက်မှုကြောင့် ရုံတင်ရက်ကို တစ်ရက်အလိုမှာ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံက ရုပ်ရှင်ရုံတွေမှာ စတင်ပြသမယ့် မြန်မာသရဲရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Blind Box ဇာတ်ကားကို ရုံတင်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်လုပ်ရေးဘက်ကလည်း ရုံမတင်ခင် တစ်ရက်အလိုမှာ အသိပေးကြေညာထားပါတယ်။ ထုတ်လုပ်ရေးဘက်က မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့အခက်အခဲအချို့ကြောင့် ရုံတင်ရက် ရွှေ့ဆိုင်းခဲ့ရတယ်လို့သာ အသိပေးပါတယ်။ ဒါပေမဲ့ အဲဒီရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ Blind Box အရုပ်ဟာ တရုတ်နိုင်ငံနဲ့ နိုင်ငံတကာမှာ လူကြိုက်များတဲ့ စုဆောင်းအရုပ်အမျိုးအစားဖြစ်ပြီး ရုပ်ရှင်အတွင်း အဲဒီအရုပ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ဇာတ်ကောင်အဖြစ် ပုံဖော်ရိုက်ကူးထားခြင်းကြောင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့တာလို့ ရုပ်ရှင်လောကသားအချို့က ပြောပါတယ်။ တရုတ်ကုမ္ပဏီတစ်ခုက အဲဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် တရုတ်သံရုံးက မြန်မာဘက်ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ရုပ်ရှင်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးအပြီး ရုပ်ရှင်ရုံတင်ပြသမှုကို ရပ်ဆိုင်းခဲ့ရတာလို့ သိရပါတယ်။

◾️ခေါင်လန်ဖူးတိုက်ပွဲကွပ်ကဲဖို့ ပို့လိုက်တဲ့ စစ်တပ်ရဲ့အထူးဗျူဟာမှူး တိုက်ပွဲဖြစ်ရာမရောက်မီ KIA တိုက်ခိုက်မှုကြောင့် သေဆုံး

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့ အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှုခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ ခေါင်လန်ဖူးတိုက်ပွဲမှာ ဆုတ်ခွာနေရတာနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့(ကစထ-၁) ကစထမှူးနဲ့ မပခ တိုင်းမှူးတို့ဟာ အောက်တိုဘာ ဒုတိယပတ်မှာ ပူတာအိုသို့ လာရောက်စစ်ဆေးခဲ့ပြီးနောက် ဗိုလ်မှူးကြီး ၁ဦးနဲ့ ဒုဗိုလ်မှူးကြီး ၁ဦးတို့ကို ခေါင်လန်ဖူးမှာ အင်အားဖြည့်ဖို့ တာဝန်ပေးခဲ့တာလို့ဆိုပါတယ်။ အဲဒီ အရာရှိတွေ ခေါင်လန်ဖူးရောက်ပြီး တိုက်ပွဲဖြစ်ရာဒေသသို့ ဆက်လက်ထွက်ခွာစဉ် အောက်တိုဘာ ၁၁ရက်နေ့မှာ တိုက်ခိုက်မှု ခံရပြီးသေဆုံးခဲ့တာလို့ဆိုပါတယ်။

◾️NCA အပေါ် လူထုယုံကြည်မှုလျော့နည်းဟု စစ်ကောင်စီကျင်းပတဲ့ (၁၁)နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ RCSS ပြော

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ NCA စာချုပ်အကောင်အထည်ဖော်မှုကို သုံးသပ်ကြည့်ပါက စာချုပ်ကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်နေတာလို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေ အခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းရေး ရရှိလိုတဲ့ နိုင်ငံရေးဆန္ဒ၊ ဖြေလျှော့မှုများ၊ တန်းတူရည်တူရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း စတာတွေ အပေါ် အခြေခံ ဆောင်ရွက်ဖို့လည်း RCSS က တိုက်တွန်းပါတယ်။ RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းအရ အဖြေရှာမယ်ဆိုပြီး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

◾️ကျောက်တော်ကြီးဘုရားပွဲမှာ လူငယ် ၃ ဦး ပေါ်တာဆွဲခံရ
🔥12❤7🖕2👍1🤣1
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ မနေ့ညက လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။ အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်က မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲအတွင်းမှာ အသက် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် အင်အား ၅ ဦးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ တစ်ဦးကို သိန်း ၃၀တောင်းတယ်လို့ ကြားသိရပြီး ပြန်လွတ်လား မလွတ်လားတော့ မသိသေးကြောင်း Voice Of Mandalay အဖွဲ့ဝင်က ပြောပါတယ်။

◾️ဒေါ်အောင်ဆန်းစုကြည် သားဖြစ်သူရဲ့ တောင်းဆိုစာ ချက်နိုင်ငံ မြန်မာသံရုံး လက်မခံ

မတရားဖမ်းဆီးထားတဲ့ မိခင် ဒေါ်အောင်‌ဆန်းစုကြည်ကို လွှတ်ပေးဖို့ တောင်းဆိုစာကို ချက်နိုင်ငံ ပရာ့ဂ်မြို့ရှိ မြန်မာသံရုံးကနေ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဆီ ပို့ဖို့ကြိုးစားခဲ့ပေမယ့် သံရုံးက လက်မခံခဲ့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က အသိပေးပါတယ်။ မိခင်ကို ငါးနှစ်ကျော်ကြာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ထားပြီး သားတစ်ယောက်အနေနဲ့ ကိုယ့်အမေနဲ့ တွေ့ခွင့် ၊ စကားပြောခွင့်လိုမျိုး အခြေခံအခွင့်အရေးတောင်မရဘူးလို့ ကင်မ်က ဆိုပါတယ်။ သူဟာ အင်မတန်ခက်ခဲပြီး မဖြစ်နိုင်တဲ့ အကူအညီတောင်းခံနေတာ မဟုတ်ဘဲ မိခင်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ သားတစ်ယောက်ရဲ့အမေကိုတွေ့ခွင့်ရဖို့ အခြေခံအခွင့်အရေးကို တောင်းဆိုနေတာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ တောင်းဆိုစာတွေကို လျစ်လျူရှုနိုင်ပေမယ့် မိခင်အတွက် ဘယ်တော့မှလက်လျော့မှာမဟုတ်ဘဲမိခင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကင်မ်က ထပ်မံတောင်း‌ဆိုထားပါတယ်။ အာဏာသိမ်းခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း သံတမန်ရေးရာ တွေ့ဆုံမှုတွေရဲ့ နောက်ကွယ်မှာ အခြေခံလူ့အခွင့်အရေးတွေ နေ့စဉ်ချိုးဖောက်ခံနေရတဲ့ ပြည်သူသန်းပေါင်းများစွာ ရှိနေတယ်လို့ သူက သတိပေးထားပါတယ်။

◾️သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​ကြောင်း ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လမ်းပိုင်းတနေရာမှာ ရွာပေါင်းစုံသပိတ်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံ​တဲ့ လှုပ်ရှားမှုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက "Our UN Ambassador U Kyaw Moe Tun, True Voice of Myanmar" ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး "Our Ambassador, Our Voice ငါတို့ သံအမတ် ငါတို့အသံ" ဟု ဆိုကာ သံအမတ်ကြီး ဦးကျော်မိုးထွန်းသာ ပြည်သူလူအသံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးဖြစ်ကြောင်း ကြွေးကြော်ထောက်ခံခဲ့ကြပါတယ်။
❤15🔥13👏2👍1🤣1🖕1🫡1
🔥13❤7🖕2
❤31🥰5🔥1🤮1🖕1
SCEF နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံ​ဆွေး​နွေး

အောက်တိုဘာ ၁၅၊၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) စတဲ့ အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ SCEF ခေါင်းဆောင်တွေဟာ အောက်တိုဘာ ၁၄ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ SCEF အလှည့်ကျသဘာပတိ ခူဦးရယ်၊ SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ PNLO ဒု- ဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် တို့ တက်ရောက်ခဲ့ကြောင်း ဖော်ပြထားပြီး ဆွေးနွေးမှု အကြောင်းအရာတွေကိုတော့ ဖော်ပြမထားပါဘူး။

SCEFနဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစု ခေါင်းဆောင်တွေဟာ ဇူလိုင် လအတွင်းကလည်းပထမအကြိမ် တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီတုန်းက ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဖို့ အကြောင်းအရာတွေ ဆွေးနွေးခဲ့တာလို့ တွေ့ဆုံမှုမှာ ပါဝင်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ရဲ့ အတွင်းရေးမှူး(၁) ခွန်ဦးက ပြောပြထားပါတယ်။

SCEFဟာ ပအိုဝ်း၊ မွန်၊ ရက္ခိုင်စတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအပြင် နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) နဲ့ တွေ့ဆုံမှုတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။အောက်တိုဘာ ဒုတိယပတ်မှာ အာရက္ခတပ်တော်(AA)နဲ့ တွေ့ဆုံကာ စစ်ရေး အခြေအနေတွေ အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

SCEF ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ တော်လှန်ရေးအဖွဲတွေနဲ့ အခုနှစ်မတ်လမှာ စတင်စုဖွဲခဲ့တာဖြစ်ပါတယ်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်ပါဝင်ဖွဲ့စည်းထားပြီး စုဖွဲ့မှုပိုအားကောင်းအောင် လုပ်ဆောင်မယ်လို အသိပေးထားရာ မကွေးနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသ စတဲ့ အင်အားစုသုံးခုဟာ SCEFမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီးဖြစ်ပါတယ်။
❤38👍11👏5🥰3🤣2🤮1🖕1🫡1
SCEF အဖွဲ့ဝင်​တော်လှန်​ရေးတပ်​တွေရဲ့ ရဲ​​ဘော်​တွေနဲ့ PNLO/PNLA တပ်ဖွဲ့ဝင်​တွေ
❤36👏9🥰5🫡3🖕2👎1😁1🤮1
ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲဖြစ်

အောက်တိုဘာ-၁၅၊၂၀၂၆။ဇော်ရမ်း/People's Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်
ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဝန်းသိုနဲ့ ဗန်းမောက်မြို့နယ်ကြားက ကျေးရွာတစ်ရွာအနီးမှာအောက်တိုဘာ ၁၄ရက်ညပိုင်းက တိုက်ပွဲဖြစ်ခဲ့တာလို့ ဗန်းမောက်မြို့ခံတ
ချို့က ပြောပါတယ်။

"ရှမ်းနီက စစ်ကြောင်းထွက်လာတာ။ထိတွေ့တိုက်ပွဲမျိုး။ဒီနေ့မနက်လည်း ပစ်ခတ်သံကြားရတယ်။ ဝန်းသိုဖက်က စစ်ကြောင်းသတင်းတွေလည်း တနယ်လုံးနားစွင့်နေရတယ်"လို့ ဗန်း‌မောက်မြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအ​ခြေအ​​နေအ​သေးစိပ်ကို​တော့မသိရ​သေးပါဘူး။

အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်
ကြောင်းဟာဝန်းသိုမြို့နယ်ကိုရောက်နေပြီး ဝန်းသိုမြို့ဘက်ကိုဦးတည်နေသလိုဗန်မောက်
မြို့ဘက်ကိုလည်းလာနိုင်တယ်လို့လည်းတော်
လှန်ရေးတပ်တွေက ခန့်မှန်းထားပါတယ်။ အဲဒီစစ်​ကြောင်း​​​တွေကို အင်း​တော်မြို့နယ်​တောင်ပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာ​ကြောင့် ​သေဆုံးဒဏ်ရာရသူများပြီး စစ်တပ်က ​သေဆုံးဒဏ်ရာရသူ​တွေကို ကားတန်းနဲ့သယ်ထုတ်သလို စစ်ကူ​တွေကိုလည်းဆက်တိုက်ဖြည့်ခဲ့တယ် လို့​မြေပြင်စစ်​ရေးအ​ခြေအ​နေသိတဲ့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

ဗန်းမောက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ စီးမော်၊ နားမော်၊ပေပင်၊ ကျောက်အိုင်ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ စတင်တိမ်းရှောင်နေတယ်လို့သိရပါတယ်။

"စစ်ကြောင်းက ဘယ်ကို ခွဲထွက်မလဲမသိနိုင်ဘူး။ဝန်းသို့ကစကစတပ်တွေရော၊ဗန်းမောက်က တပ်တွေရောကတော့ တလှုပ်လှုပ်ပဲ။ ဒေ
သခံတွေကတော့ တိမ်းရမှာ"လို့ ဗန်း‌မောက်မြို့ခံက ပြောပါတယ်။

ဒေသတွင်းမှာစစ်တပ်ကနယ်မြေထိန်းချုပ်စိုးမိုးနိုင်ရေး ကြိုးပမ်းနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကို သတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်သုံးစွဲမှုကို ဂရုပြုဖို့၊ လူစုလူဝေးနေ‌ထိုင်မှုကို ရှောင်ရှားပေးဖို့နဲ့ ဘုန်း‌တော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့အပြင် အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။
👍41❤8🔥4🥰3👎2😁1🤣1