People's Spring
✔
59.9K subscribers
71.8K photos
1.27K videos
10 files
3.08K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပခုံးဒဏ်ရာကြောင့် နောက်နှစ်လယ်ပိုင်းမှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိ ဟု ဂျိုရှုအာဗန်​ပြော

■လတ်တလောလေ့ကျင့်နိုင်ခြင်းမရှိသေးဘဲ တစ်လဝန်းကျင်ခန့် အနားယူရမယ်

စက်တင်ဘာ-၃၀၊၂၀၂၆။သုည/People's Spring

UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ညာဘက်ပခုံးဒဏ်ရာကြောင့် နောက်နှစ်လယ်ပိုင်းမှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိတယ်လို့ မြန်မာအားကစားမီဒီယာတွေနဲ့ အွန်လိုင်းအင်တာဗျူးမှာ ဖြေ
ကြားခဲ့ပါတယ်။

“ဒဏ်ရာကို MRI စစ်ပြီးပါပြီ။ ရလဒ်ကတော့ မကောင်းပါဘူး။နောက်နှစ် အစောပိုင်းလောက်အထိ ပွဲမထိုးနိုင်သေးဘူး။နှစ်လယ်ပိုင်းလောက်မှသာ ပွဲပြန်ထိုးနိုင်ဖွယ်ရှိပါမယ်” လို့ ဂျိုရှုအာဗန်က အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

ဒဏ်ရာကြောင့် လတ်တလောမှာ လေ့ကျင့်မှု လုပ်နိုင်ခြင်း မရှိသေးဘဲတစ်လဝန်းကျင်ခန့် အနားယူရမယ်လို့လည်း ဗန်ကဆိုပါတယ်။

ဂျိုရှုအာဗန်ဟာ ညာဘက်ပခုံးအဆစ်အရွတ်ပြဲ (AC Joint Tear)ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ယင်းဒဏ်ရာကို ပန်တိုဂျာနဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ မထိုးသတ်မီ တစ်လခန့်က လေ့
ကျင့်ရေးမှာရရှိခဲ့တာဖြစ်ပါတယ်။

ဗန်ဟာ ယင်းဒဏ်ရာကြောင့် လက်သီးထိုးခြင်း၊ နပန်းသတ်ခြင်း တို့ကို မပြုလုပ်နိုင်ခဲ့ဘဲ ပွဲမတိုင်မီနှစ်ပတ်အလိုမှသာလေ့ကျင့်မှုအ
ပြည့်အ၀လုပ်ခဲ့ရကြောင်း ပန်တိုဂျာနဲ့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း ဗန်က ပြောခဲ့ပါတယ်။

ဒဏ်ရာရှိနေပေမယ့်လည်း ပွဲကိုမရွှေ့ဆိုင်းလိုတာကြောင့် ပန်တိုဂျာနဲ့ ထိုးသတ်ပွဲပြီးမှသာ MRI ရိုက် စစ်ဆေးမှုကို လုပ်ခဲ့တာလို့ ဗန်က ဆိုပါတယ်။

ယင်းပွဲမှာ ဗန်ဟာပန်တိုဂျာကို ငါးချီထိုးသတ်ကာဒိုင်အားလုံးရဲ့အမှတ်ပေးစနစ်နဲ့ အပြတ်
အသတ် အနိုင်ရပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

ချန်ပီယံခါးပတ်ကာကွယ်ပွဲအပြီးမှာတော့ ဗန်ရဲ့ ခန္ဓာကိုယ် နာလန်ပြန်ထူနိုင်ဖို့နဲ့ ဒဏ်ရာပြန်ကောင်းဖို့အတွက် ကာယကုထုံးလေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ပေးထားတယ်လို့ UFC Performance Institute ရဲ့ကာယကုထုံး ဆ
ရာဝန် ဒေါက်တာဟယ်သာလင်ဒန်ကလည်း ဖော်ပြထားပါတယ်။

“ဗန်ရဲ့ နည်းပြအဖွဲ့နဲ့ ဒဏ်ရာဆက်ကုနိုင်မယ့် ကာယကုထုံးလေ့ကျင့်ခန်းအစီအစဉ်ဆွဲပေး
လိုက်တယ်။ကိုယ်ခံပညာ အားကစားနည်းသမားအတွက်ဒီလေ့ကျင့်ခန်းတွေက အကိုက်
ညီဆုံးဖြစ်အောင်ကုသပေးနိုင်ပါတယ်။အ
ဝေးကနေ ဆက်ကုပေးနိုင်မယ့် ဒဏ်ရာကုထုံး အစီအစဉ် အပြည့်အစုံလည်း ပေးထားတယ်။ သူ (ဗန်) အမြန်ဆုံး လမ်းကြောင်းပေါ် ပြန်ရောက်နိုင်ဖို့ အကောင်းဆုံး လုပ်ပေးသွားပါမယ်” လို့ ဒေါက်တာဟယ်သာလင်ဒန်က ဆိုပါတယ်။

ဗန်ဟာ UFC မှာ ၂၀၂၃ နှစ်လယ်မှ လက်ရှိ ၂၀၂၆ ခုနှစ်အထိ (၃) နှစ်အတွင်း ၁၂ ပွဲအထိ ထိုးသတ်ခဲ့တဲ့အတွက် ပျမ်းမျှ တစ်နှစ်လျှင် သုံးပွဲခန့် ထိုးသတ်နိုင်တဲ့ ဖိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဗန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပန်တိုဂျာကို အနိုင်ယူခဲ့တဲ့အတွက် UFC မှာ ၈ ပွဲဆက် အနိုင်ရပြီး ဖလိုင်းဝိတ်တန်းရဲ့ အချိန်အကြာဆုံး နိုင်ပွဲရရှိမှုမှာလည်း အဆင့် ၂ နေရာကို ရောက်ရှိလာပါတယ်။

ဗန်ဟာ UFC မှာ ချန်ပီယံခါးပတ်ရ ပထမဆုံးအရှေ့တောင်အာရှဖွားဖိုက်တာဖြစ်သလို အသက်၂၄ နှစ်နဲ့ ချန်ပီယံခါးပတ်ရခဲ့တာကြောင့် UFC ပြိုင်ပွဲမှာ ဒုတိယအသက်အငယ်ဆုံးချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါဟာ သိုင်းပေါင်းစုံပြိုင်ပွဲမှာ ကမ္ဘာပေါ်မှာ နာမည်အ
ကျော်ကြားဆုံး UFC မှာ မြန်မာဖိုက်တာတစ်ဦးအနေနဲ့ ပထမဆုံးချန်ပီယံဖြစ်ခဲ့တာပါ။

စက်တင်ဘာ ၂၂ ရက်က ထုတ်ပြန်တဲ့ UFC ရဲ့ ဝိတ်တန်းစုံ အကောင်းဆုံး အမျိုးသားဖိုက်တာ အဆင့်သတ်မှတ်ချက်မှာလည်း ဖလိုင်းဝိတ်တန်းချန်ပီယံ ခါးပတ်ကာကွယ်နိုင်ခဲ့တဲ့ ဂျိုရှုအာဗန်က အဆင့် ၅ ဆင့် ခုန်တက်ပြီး နံပတ် ၆ နေရာကို ရောက်ရှိလာပါတယ်။

အသက် ၂၄နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန်ဟာ UFC မှာ ပြိုင်ပွဲပေါင်း ၁၂ ပွဲအထိ ထိုးသတ်ထားပြီး ၁၁ ပွဲနိုင်၊ ၁ ပွဲရှုံးဆိုတဲ့မှတ်တမ်းရရှိထားပါတယ်။

ဗန်ဟာ မြန်မာပြည်ဖွားတိုင်းရင်းသား ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ငယ်စဉ်ကတည်းက မိသားစုနဲ့ အတူ ပြောင်းရွှေ့အခြေချနေထိုင်သူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုချစ်တဲ့ ဗန်ဟာ UFC ပြိုင်ပွဲ အောင်ပွဲခံတိုင်း မြန်မာအလံနဲ့ အတူ အောင်ပွဲခံလေ့ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ပွဲမှာလည်း မြန်မာအလံခြုံပြီး အောင်ပွဲခံခဲ့ပါတယ်။
👍29🥰5🤣3❤1😢1🖕1
စစ်တွေတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းတခုလုံးပြုတ်သွားပြီး​နောက်စစ်တပ်က ပုဏ္ဏားကျွန်းကိုလေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲ

စက်တင်ဘာ-၃၀၊၂၀၂၆။ခိုင်မြတ်/People's Spring

စစ်တွေ၊ပုဏ္ဏားကျွန်းအစပ်ဝါဘိုကျွန်းနဲ့ကွမ်းတောင်ရွာအနီး ဒီနေ့ဖြစ်ပွားတဲ့တိုက်ပွဲအ
တွင်း အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့စစ်တပ် စစ်ကြောင်းတစ်​ကြောင်းလုံးသေဆုံးခဲ့ပြီး​နောက်စစ်တပ်ဟာ ပုဏ္ဏားကျွန်းမြို့အနီးဝန်း
ကျင်နေရာတွေကို လေယာဉ်အုပ်လိုက်နဲ့ယ​နေ့ညမှာ ဗုံးကြဲနေတယ်လို့ မြေပြင်သတင်းရင်း
မြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကစပြီး ဝါဘိုကျွန်းနဲ့ ကွမ်းတောင်ရွာအနီးဝန်းကျင်တို့မှာစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ စစ်တပ်စစ်ကြောင်းတခုလုံး သေဆုံးသွားခဲ့တာလို့ စုံစမ်းသိရပါတယ်။

“ညနေက ကွမ်းတောင်ဘက်မှာ စစ်ကြောင်းတကြောင်း ရလိုက်တယ်။ သုံးဆယ်လောက်ရှိမယ်။အလောင်းတွေရော၊အရှင်ရတာရောပါတယ်။အရှင်ရတာကတော့နည်းတယ်။တယောက်၊ နှစ်ယောက်ပဲ”လို့ AA နဲ့ နီးစပ်တဲ့ မြေ ပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။

တိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ လေယာဉ်အုပ်လိုက်နဲ့ စက်တင်ဘာ၃၀ ည၉ နာရီလောက် ကနေ လေယာဉ်အုပ်လိုက်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဗုံးပတ်ကြဲနေပြီး ည ၁၁ လောက်ထိလေယာဉ်တွေပျံသန်းနေသေးတယ်လို့ဒေသခံတွေကပြောပါတယ်။

“လေယာဉ် နှစ်စီးလောက်လာတယ်ကြဲတယ်။ ပြန်သွားတယ်။ နောက်တက်လာတယ် အဲလိုမျိုးလုပ်နေတာ။ဘယ်နားတွေကို ကျလဲတော့ အတိအကျမသိရသေးဘူး။ ပုဏ္ဏားကျွန်း ကျောက်ဆိပ်(ရွာ)ဘက်မှာ ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ သိရတယ်။ အတိအကျ မသိသေးဘူး” လို့ ပုဏ္ဏားကျွန်းဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေသလို စစ်တွေမြို့ပေါ် တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ လည်းလှမ်းပစ်နေတယ်လို့ သိရပါတယ်။

စစ်တွေမြို့နယ်အတွင်းမှာ​တိုက်ပွဲမရှိတာ နှစ်ရက်လောက်ကြာနေခဲ့ပြီး စက်တင်ဘာ ၃၀
နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြန်စဖြစ် ခဲ့တာဖြစ်ကာ ပစ်ခတ်သံတွေကြားနေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “တညနေလုံး အသံကြားရပါ တယ်။ ဝါဘိုဘက်က ကြားရတာ။ခုနှစ်နာရီ၊ရှစ်နာရီလောက်ထိ ကြားလိုက်
ရသေးတယ်” လို့ စစ်တွေမြို့ခံတဦးက ပြောပါတယ်။

စစ်တွေမြို့နယ်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပြီးခဲ့တဲ့စက်တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေး
ကြော်ပြီး ထိုးစစ်ဆင်နေခဲ့တဲ့ စစ်တပ်ဟာ တိုက်ပွဲသုံးပတ် ကျော်အတွင်း စခန်းသိမ်းရတာမရှိဘဲ စစ်တွေနဲ့ ပုဏ္ဏားကျွန်း မြို့နယ်အစပ်က စစ်တပ်စခန်းနဲ့ ခြေကုတ်နေရာ ၉ ခု ထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ်။

ဒါ့အပြင် စစ်တပ်က ထိုးစစ်ဆင်နေခဲ့တဲ့ ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူး တိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာလည်း တပ်စခန်းအချို့ လက်
လွှတ်ထားရကာ အထိနာနေပါတယ်။

အဲဒီလို တပ်စခန်းတွေ လက်လွှတ်၊ အထိနာနေတဲ့ စစ်တပ်ဟာ လေယာဉ်အုပ်လိုက်အသုံးပြုကာ တိုက်ပွဲဆက်စပ် နေရာတွေအပြင် ရခိုင်ပြည်နယ်အတွင်းက အရပ်သားနေရာတွေကိုပါ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင်ပြည်သူ ၅၀ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေစက်တင်ဘာ၃၀ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သားပြည်သူ ၆၀ ဦးထက်မနည်း
နဲ့ ထိခိုက်ဏ်ရာရသူ ၉၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
👍37🤬13👎2😁2🙏2❤1😢1🤣1
ကျောက်​တော်ဗုံးကြဲခံရပြီး​နောက်မြင်ကွင်း/
ဗိုက်ထဲက ၉လသားရင်​သွေးငယ်​ရော မိခင်ပါ​သေဆုံးခဲ့တဲ့ မခင်မာနွယ် / တံတား​ပေါ်မှာဆိုင်ကယ်စီး​​နေရင်းဗုံးထိမှန်​သေဆုံးခဲ့တဲ့
ကိုဇွဲညီနိုင်(ခ)ကိုရွှေအိုးနဲ့ မသွယ်သွယ်မော်(ခ)မလတ်တို့ ဇနီးမောင် / ၂၉ နှစ်ပြည့်​မွေး​နေ့ အပြီး ၂ ရက်အကြာမှာကွယ်လွန်ခဲ့တဲ့
မအေးစုမွန် ။
ဓါတ်ပုံ-AA Info Desk ၊ကွယ်လွန်သူ​တွေရဲ့လူမှုကွန်ယက်
😢59😁3❤2🔥2👏1🖕1😭1
ဓာတ်ပုံ - UFC Performance Institute
👍27👏4😢2🔥1🤣1
အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-AA Info Desk
🥰36❤10👍6👏3😁3🤮1🖕1
■အ​တွေးအမြင်

ဟူဒီယာရဲ့ လက်နှစ်ဖက်နဲ့
မြန်မာကလေးတွေရဲ့ အသံ

-အေးခိုင်ဦး ရေးသားသည်။

တစ်ခါတုန်းက ကမ္ဘာတစ်ဝန်းကို စိတ်နှလုံး
ကြေကွဲစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံရှိခဲ့ပါတယ်။ ကလေးမလေးတစ်ယောက်။ လက်နှစ်ဖက်ကို မြှောက်ထားတယ်။မျက်နှာမှာ အပြုံးမရှိဘူး။ သူမရှေ့မှာ စစ်သားတစ်ယောက်လည်း မရှိပါဘူး။ ရှိတာက ကင်မရာတစ်လုံးပါပဲ။ ဒါပေမယ့် သူမက အဲဒီကင်မရာကို သေနတ်လို့ထင်ခဲ့တယ်။ ဆီးရီးယားကလေးမလေး ဟူဒီယာ (Hudea)ရဲ့ဒီဓာတ်ပုံဟာ၂၀၁၄ ခုနှစ်က အတ်မဲ (Atmeh) ဒုက္ခသည်စခန်းမှာ ဓာတ်ပုံဆရာ အော့စ်မန် ဆာအီးရ်လီ (Osman Sağırli) ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ပိုင်း ကမ္ဘာတစ်
ဝန်းမှာ အလွန်ပျံ့နှံ့ခဲ့ပါတယ်။

ဓာတ်ပုံဆရာက အဝေးကနေ telephoto lens နဲ့ ရိုက်ကူးခဲ့တာကြောင့် ကလေးမလေးက ကင်မရာကို လက်နက်လို့ ထင်ခဲ့တာဖြစ်ပါတယ်။ ပုံတစ်ပုံတည်းနဲ့ ကမ္ဘာကြီးက နား
လည်သွားခဲ့တယ်။ စစ်ပွဲဆိုတာ ကလေးတွေရဲ့ စိတ်ထဲအထိ ဝင်ရောက်သွားတဲ့အရာဆိုတာပါ။

ဒီနေ့ မြန်မာနိုင်ငံမှာလည်း အဲဒီလက်နှစ်ဖက်တွေ ရှိနေပါတယ်။အဲဒီဓာတ်ပုံကို မြန်မာနိုင်ငံကကလေးတစ်ယောက်မြင်မယ်ဆိုရင် သူ့အ
တွက်အဲဒီကလေးမလေးဟာမထူးဆန်းလောက်ပါဘူး။။ မြန်မာနိုင်ငံမှာ ကလေးတွေအတွက်တော့ စစ်မြေပြင်ဆိုတာ မြေပုံပေါ်က နေရာတစ်ခုတည်းမဟုတ်တော့ပါဘူး။တကယ့် တိုက်ပွဲနေရာမဟုတ်တော့ပါဘူး။ ကျောင်းဖြစ်နိုင်တယ်။ ဈေးဖြစ်နိုင်တယ်။

ဘုန်းကြီးကျောင်းဖြစ်နိုင်တယ်။ ဘုရားကျောင်းဖြစ်နိုင်တယ်။ စစ်ဘေးရှောင်စခန်း ဖြစ်နိုင်တယ်။ ရွာထဲက အိမ်တစ်အိမ်လည်း ဖြစ်နိုင်ပါတယ်။

ဟိုးအရင်က ကောင်းကင်မှာ လေယာဉ်သံကြားရင် လေယာဉ်လာပြီဆိုပြီး အိမ်ထဲကနေ ကလေးတွေ ပြေးထွက်ပြီး မော့ကြည့်တတ်ကြတာ။ မမြင်ရဘူးဆိုတာသိပေမယ့် ချစ်ခင်စွာနဲ့ လေယာဉ်ကို လက်ဝှေ့ယမ်းပြတတ်ကြတာ။ အခုတော့ မြန်မာနိုင်ငံမှာ လေယာဉ်သံကြားရင် လေယာဉ်သံဟာ ကြောက်စရာအသံလို့ ကလေးတွေ သိမှတ်နေခဲ့ပါပြီ။ လေယာဉ်သံကြားတာနဲ့ စာသင်ခန်းထဲက ပြေးထွက်ပြီး ဗုံးခိုကျင်းဆီပြေးရတဲ့ ကလေးတွေ၊ ပြေးချိန်မရတော့လို့စာသင်ခုံအောက်ဝပ်နေရတဲ့ က
လေးတွေ၊ စာသင်ခန်းထဲမှာ စာအုပ်ဖတ်နေရင်းကပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးတွေ၊ ထမင်းစားနေရင်း အသက်ဆုံးရတဲ့ ကလေးတွေ။ ကလေးတွေအတွက် သွေးတွေစွန်း
ထင်း‌နေတဲ့ စာအုပ်တွေရှိတဲ့ စာသင်ခန်းဆိုတာ လုံခြုံတဲ့နေရာမဟုတ်တော့ပါဘူး။ အိမ်ဆိုတာ လုံခြုံတဲ့နေရာ မဟုတ်တော့ပါဘူး။ ဒုက္ခသည်စခန်းဆိုတာတောင် လုံခြုံတဲ့နေရာမဟုတ်တော့ပါဘူး။

UNICEFကမြန်မာနိုင်ငံမှာကျောင်းတွေ၊ ဆေး
ရုံတွေနဲ့ ကလေးတွေအတွက် အရေးကြီးတဲ့နေရာတွေ တိုက်ခိုက်ခံနေရတာကို အကြိမ်
ကြိမ် သတိပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကယားပြည်နယ်က ကျောင်းနှစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်း
သားလေးဦးနဲ့ ဆရာနှစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီအချိန်မှာ ကျောင်းထဲမှာ ကလေး ၁၀၀ ကျော်ရှိခဲ့တယ်လို့ UNICEF က ဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့မှာ စစ်ကိုင်း
တိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကုန်းကျေးရွာကအထက်တန်းကျောင်းတစ်ကျောင်းကို လေ
ကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် စာသင်ချိန်အတွင်း ကျောင်းသား ၂၂ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ OHCHR က မှတ်တမ်းတင်ထားပါတယ်။ အဲဒီနေရာမှာအရင်ကစစ်ရေးတိုက်ပွဲဖြစ်နေတယ်
ဆိုတဲ့ မှတ်တမ်းလည်း မရှိခဲ့ပါဘူး။

၂၀၂၅ ခုနှစ် စက်တင်ဘာလမှာလည်း ရခိုင်
ပြည်နယ် ကျောက်တော်မြို့နယ်က စာသင်
ကျောင်းနှစ်ကျောင်းတိုက်ခိုက်ခံရပြီး ကလေး
တွေ သေဆုံး၊ ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းတွေကို UNICEF က အလွန်စိုးရိမ်ဖွယ်အဖြစ် ထုတ်ပြန်ခဲ့ပါတယ်။၂၀၂၆ခုနှစ်ဖေဖော်ဝါရီ
လမှာလည်း ရခိုင်နဲ့ စစ်ကိုင်းမှာ လေကြောင်း
တိုက်ခိုက်မှုတွေကြောင့် ကလေးအနည်းဆုံး ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ UNICEF က ထုတ်ပြန်ခဲ့ပါတယ်။ မကြာခင် စက်တင်ဘာ ၂၈ ရက် ဗုံးကြဲခံရတဲ့ ကျောက်တော်မြို့။ ဘာ စစ်မြေပြင်မှမဟုတ်တဲ့ သာမန်အရပ်သားတွေသာရှိနေတဲ့ ဈေးအတွင်းထဲ။ အခုထိ အယောက် ၅၀ ခန့် သေဆုံးခဲ့ရပြီ။ အဲဒီနေ့က ပုံတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ဗိုက်ထဲက ကလေးလေး မြန်မာတနိုင်ငံလုံးရဲ့ နှလုံးသားတို့ ကြေမွစေခဲ့တဲ့ပုံ။

ဒါတွေဟာ အနီးစပ်ဆုံး မကြာသေးခင်က ကိန်းဂဏန်းတချို့သာပါ။ဒါပေမယ့်ကိန်းဂ
ဏန်း တစ်ခုချင်းစီရဲ့နောက်မှာမိခင်တစ်ယောက်ရှိတယ်။ဖခင်တစ်ယောက်ရှိတယ်။ ညီအစ်ကိုမောင်နှမတွေ ရှိတယ်။ ပြီးတော့ ပြန်မရနိုင်တော့တဲ့ ကလေးဘဝတစ်ခု ရှိပါတယ်။ သူတို့ဟာ တစ်စုံတစ်ယောက်ရဲ့ မိခင်၊ ဖခင်၊ သား၊ သမီး၊ ညီမ၊ အစ်ကို ဖြစ်ကြပါတယ်။ ပြီးတော့ အဲဒီအထဲမှာ ကလေးတွေ ပါလာတဲ့အခါ ကလေးတစ်ယောက်အတွက် ဘယ်နေရာက လုံခြုံရမလဲ။

မြန်မာကလေးတစ်ယောက်ရဲ့ အသံကို ကမ္ဘာကြီးက တကယ်ကြားနိုင်မယ်ဆိုရင် သူက ဒီလိုမေးလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်တို့က စာသင်ချင်တာပါ။ ဘာလို့ စာအုပ်အစား ဗုံးသံကို နားထောင်နေရတာလဲ”၊ “ကျွန်တော်တို့က အိမ်မှာ မိဘတွေနဲ့အတူ အိပ်ချင်တာပါ။ ဘာလို့ ညတိုင်း ဘယ်မှာပုန်းရမလဲ စဉ်း
စားနေရတာလဲ”၊ “ကျွန်တော်တို့က အသက်ရှင်ချင်တာပါ။ ဒါဟာ တောင်းဆိုမှုများလွန်းတာလား”
👍20❤2🔥2😢1🤮1🤣1🖕1
ဟူဒီယာ က ကင်မရာကိုသေနတ်လို့ထင်ပြီး လက်မြှောက်ခဲ့တယ်။ မြန်မာနိုင်ငံက ကလေးတွေကလည်းတကယ့်လေယာဉ်တွေ၊တကယ့်
ဗုံးတွေ၊ တကယ့်ပေါက်ကွဲသံတွေကြားမှာ ကြီးပြင်းနေရပါပြီ။ သူမက ကင်မရာကို သေ
နတ်လို့ထင်ခဲ့တယ်။ မြန်မာကလေးတွေကလည်း သေနတ်နဲ့ ဗုံးတွေကို တကယ်သိနေကြပါပြီ။ ဒီအချက်ကို ကမ္ဘာကြီးက မမေ့သင့်ပါဘူး။

ကလေးတစ်ယောက်ဟာ လေယာဉ်သံကြားတဲ့အခါ ကောင်းကင်ကို မော့ကြည့်ပြီး “လေယာဉ်ကြီး” လို့ ပြောသင့်တာပါ။ “ဗုံးကျမလား” လို့ မေးစရာ မဖြစ်သင့်ပါဘူး။ ကလေးတစ်ယောက်ဟာ ကျောင်းကိုသွားတဲ့အခါ “ဒီနေ့ ဘာစာသင်မလဲ” လို့ စိတ်ဝင်စားသင့်တာပါ။ “ဒီနေ့ ကျောင်းကို ဗုံးကျမလား” လို့ စဉ်းစားရတာ မဖြစ်သင့်ပါဘူး။ သူတို့လိုချင်တာက မိခင်ရဲ့ရင်ခွင်။ ဖခင်ရဲ့လက်။ ကျောင်းစာအုပ်။သူငယ်ချင်းတွေနဲ့ ကစားရတဲ့နေ့ရက်တွေ။ ညဘက်မှာ ဗုံးသံမကြားဘဲ အိပ်ရတဲ့ အိပ်ရာတစ်ခု။ ဒီလောက်ကလေးသာပါ။

ဟူဒီယာ ရဲ့ပုံကို နောက်တစ်ကြိမ် ပြန်ကြည့်
ပါ။ကလေးမလေးရဲ့ လက်နှစ်ဖက်ကို ကြည့်
ပါ။ အဲဒီလက်တွေမှာ လက်နက်မရှိဘူး။ ရန်
လိုမှုမရှိဘူး။နိုင်ငံရေးမရှိဘူး။ ကြောက်ရွံ့မှုတစ်ခုပဲ ရှိပါတယ်။ပြီးတော့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ မြန်မာနိုင်ငံက ကလေးတွေဟာလည်း ဒီလိုလက်တွေ မြှောက်ပြီး“ကျွန်တော်တို့ကို မပစ်ပါနဲ့” “ကျွန်တော်တို့ကို ဗုံးမကြဲပါနဲ့” “ကျွန်တော်တို့ကို စာသင်ခွင့်ပေးပါ” “ကျွန်တော်တို့ကို ကလေးဘဝပြန်ပေးပါ”လို့ ကမ္ဘာကြီးကို ပြောနေကြတာ မဟုတ်ပါဘူးလား။ အဲဒီအသံတွေကို ကမ္ဘာကြီး မကြားဘဲ နေသင့်ပါသလား။

ကလေးတစ်ယောက်ရဲ့ လက်မြှောက်ထားမှုဟာ အညံ့ခံခြင်း မဟုတ်ပါဘူး။ တစ်ခါတ
လေမှာ လူကြီးတွေက သူတို့ကို ကာကွယ်ပေးဖို့ မအောင်မြင်ခဲ့ကြောင်း ပြောနေတဲ့ အော်သံတစ်ခုသာ ဖြစ်ပါတယ်။ ပြီးတော့ ဒီကလေးတွေဟာ စစ်ပွဲတစ်ခုရဲ့ “ဘေးထွက်ဆိုးကျိုး” မဟုတ်ပါဘူး။ သူတို့ဟာ ကာကွယ်ရမယ့် လူသားတွေပါ။ ကမ္ဘာကြီးရဲ့ အနာဂတ်ပါ။ သူတို့အတွက် အနာဂတ်တစ်ခု ရှိနေဖို့အတွက် ဒီနေ့ သူတို့ကို အသက်ရှင်ခွင့်၊ လုံခြုံခွင့်၊ စာသင်ခွင့် ပေးရပါမယ်။

ဟူဒီယာ ရဲ့ လက်နှစ်ဖက်ကို ကမ္ဘာကြီးက တစ်ခါမြင်ခဲ့ပြီး နာကျင်ခဲ့ဖူးပါတယ်။ မြန်မာကလေးတွေရဲ့ လက်နှစ်ဖက်ကိုလည်း ကမ္ဘာကြီး မြင်ပါစေ။ သူတို့ မေးနေတဲ့ မေးခွန်းကို ကြားပါစေ။မြန်မာကလေးတွေရဲ့ လက်
မြှောက်သံကို ကမ္ဘာကြီးကြားပါစေ။ ။
😢24👍3🖕2🔥1🥰1🤮1🤣1
အော့စ်မန် ဆာအီးရ်လီ (Osman Sağırli) ရိုက်ကူးခဲ့တဲ့ ဟူဒီယာ (Hudea) ဓါတ်ပုံ နဲ့ ရခိုင်ပြည်နယ်က ​ကျောင်းသားငယ်​တွေဗုံးခိုကျင်းမှာခိုလှုံနည်း​လေ့ကျင့်​နေစဥ်။
ဓါတ်ပုံ-Osman Sağırli ၊လင်းရောင်ခြည်
ဖောင်ဒေးရှင်း
👍29😢4❤1🥰1🤮1🤣1🖕1😭1
ကျောက်​တော်ဗုံးကြဲမှု ဥရောပသမဂ္ဂရှုတ်ချ

​အောက်တိုဘာ-၁၊၂၀၂၆။People's Spring

မြန်မာလေတပ်က​ကျောက်​တော်မြို့ကို စက်တင်ဘာ ၂၈ရက်​နေ့က ကျူးလွန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် သေဆုံးခဲ့တာကို ဥရောပ သမဂ္ဂ (EU)က ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတကာလူသားချင်း စာနာမှု ဥပဒေတွေဟာ လူသားအားလုံးနဲ့ သက်ဆိုင်ပြီး တိတိ
ကျကျ လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ထိခိုက်သေဆုံးသူတွေနဲ့ နစ်နာသူ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်း၊ မြန်မာပြည်သူတွေနဲ့ တစ်သားတည်း ဆက်လက် ရပ်
တည်မယ်လို့ အသိပေးလိုကြောင်း EU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့အဆိုပါ​ဗုံးကြဲမှု​
ကြောင့် ပြည်သူအနည်းဆုံး ၅၀ ဦး​သေဆုံးပြီး
၆၀ ခန့် ဒဏ်ရာရခဲ့ပါတယ် ။

ကုလသမဂ္ဂ လူ့အခွင့်အရေဆိုင်ရာ(OHCHR)
မဟာမင်းကြီး ဗိုကာတာ့ခ်ကလည်း စစ်တပ်ရဲ့​ကျောက်​တော်ဗုံးကြဲမှုအ​ပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ပြောပါတယ်။ဒီတိုက်ခိုက်
မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာအခြေအနေကိုပေါ်လွင်စေပြီး အထူးသဖြင့်
ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားတယ်လို့ တာ့ခ်က ပြောပါတယ်။

ဗြိတိန်ကလည်းစစ်တပ်ရဲ့ ​ကျောက်​တော်လေကြောင်းတိုက်ခိုက်မှုအ​ပေါ် အပြင်း
အထန်ကန့်ကွက်ပြီး​လေ​ကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်တယ်လို့ ဗြိိတိန်သံရုံးကထုတ်
ပြန်ပါတယ်။ အစုလိုက်၊အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အလွန်အမင်း စိုးရိမ်တုန်လှုပ်မိတယ်လို့လည်း ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Wintertonက ပြောပါတယ်။ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟာ လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနဲ့ ဗြိတိန်အစိုးရအနေနဲ့ ဒီဆိုးရွားလှတဲ့ တိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။ ဗြိတိန်အစိုးရဟာ မြန်မာပြည်သူများနဲ့အတူ ရပ်တည်ကြောင်း ထပ်လောင်းအသိပေးပါတယ်။



#ကျောက်တော် #ဥရောပသမဂ္ဂကရှုတ်ချ
#အီးယူ #လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု #peoplesspring #ludunwayoo
👍39🤣6🥰2💩1🖕1
စစ်တပ်က ​ကျောက်​တော်မြို့ကို ဗုံးကြဲပြီး​နောက်မြင်ကွင်း ။ဓါတ်ပုံ-AA Info Desk
🤬30🤮9👎1🔥1👏1😢1💩1🤣1🖕1😭1
မင်း​အောင်လှိုင် အောက်တိုဘာလထဲ
မလေးရှား သွားနိုင်တယ်လို့ဆို

■မ​လေးရှားက မြန်မာ ၃၅၀၀​ကျော်ကိုဒုတိယအသုတ်ထပ်ပို့ဖို့အစီအစဥ်အထ​မြောက်ဖို့မင်း​အောင်လှိုင်လာဖို့ရှိဟု မ​လေးရှား​ပြော

■ဒုက္ခသည်​တွေပြန်ပို့တာဟာ ဘဏ္ဍာရေး ဝန်
ထုပ်ဝန်ပိုးဖြစ်လာတာနဲ့ လုံခြုံရေးအရ စပြီးခြိမ်းခြောက်မှုတွေကြုံတွေ့လာတာ​ကြောင့်လို့
မ​​​လေးရှားဝန်ကြီးချုပ်​ပြော

​အောက်တိုဘာ-၁၊၂၀၂၆။People's Spring

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ဟာ အောက်တိုဘာလထဲမှာ မလေးရှားနိုင်ငံကို သွားရောက်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာ​ကြောင်းရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

မလေးရှားကိုရောက်နေတဲ့ဒုက္ခသည်တွေ၊ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ စုစုပေါင်း ၁၅၀၀ နီးပါးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့ပြီး နောက်တစ်နေ့မှာပဲ မလေးရှား ဆက်သွယ်ရေး ဝန်ကြီးနဲ့ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်တဲ့ ဖာဟ်မီ ဖက်ဒ်ဇဲလ်ကမင်းအောင်လှိုင်ဟာသိပ်မဝေးတဲ့ အနာဂတ်မှာမလေးရှားကိုလာရောက်ဖွယ်ရှိကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

မလေးရှားဟာ နောက်ထပ် မြန်မာနိုင်ငံသား ၃၅၂၄ ဦးကို ဒုတိယ အသုတ်အဖြစ် ပြန်ပို့ဖို့ အစီအစဉ်ရှိကြောင်း၊ဒီကိစ္စအထမြောက်စေဖို့မင်းအောင်လှိုင်ဟာ မလေးရှားကိုလာရောက်ပြီး ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ ဆွေး
နွေးနိုင်ခြေရှိကြောင်း ဖာဟ်မီက စက်တင်ဘာ ၃၀ မှာ ပြောကြားခဲ့ပါတယ်။

မလေးရှားမီဒီယာတချို့ကတော့မင်းအောင်
လှိုင်ရဲ့ ကွာလာလမ်ပူ ခရီးစဉ်ဟာ အောက်တို
ဘာလထဲမှာ အထမြောက်လာနိုင်တယ်လို့ ရေးသားနေကြပါတယ်။

ဝန်ကြီးချုပ် အန်ဝါက မလေးရှားဟာ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင် အန္တရာယ်တွေ ရှိနိုင်မှန်း သိလျက်နဲ့ အတင်းအကျပ် ပြန်ပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ နောက်ပြီး အဲဒီ ဒုက္ခသည်တွေ၊ ရွှေပြောင်း အခြေချသူတွေကို လက်ခံထားရတာဟာ မလေးရှားအတွက် ဘဏ္ဍာရေး ဝန်ထုပ်
ဝန်ပိုး ဖြစ်စေရုံသာ မကဘဲ လုံခြုံရေးအရ စပြီး ခြိမ်းခြောက်မှုတွေ ကြုံတွေ့လာနေတယ်လို့ အန်ဝါကအ​ကြောင်းပြထားပါတယ်။

ဒါပေမဲ့ သူတို့ကို ပြန်ပို့ဖို့ အရမ်းတွန်းအားပေးခဲ့တယ် ဆိုတာတော့ မဟုတ်ကြောင်း၊ မလေးရှားအစိုးရဟာအဲဒီကိစ္စအတွက်ညှိညှိနှိုင်းနှိုင်း လုပ်ခဲ့ကြောင်းအန်ဝါက သတင်း
ထောက်တွေကို စက်တင်ဘာ ၂၉ ရက်နေ့တုန်းက ပြောကြားခဲ့ပါတယ်။

ကိုးကား: Reuters
💩29👎8❤6👍1👏1🤬1🎉1
မင်း​အောင်လှိုင် ဗီယက်နမ်နိုင်ငံကို သွား​ရောက်ခဲ့စဥ်။ဓါတ်ပုံ-EPA
🖕23💩21🤮6🤬3❤2👎1👏1😘1
ဗန်းမော်ထောင်ကအကျဉ်းသားတွေ စစ်တပ်သင်္ဘောနဲ့ ခေါ်ဆောင်စုန်ဆင်းချိန် တိုက်ပွဲဖြစ်လို့ ၇၀ ကျော် ရေထဲခုန်ချ လွတ်မြောက်
■သင်္ဘောမီးလောင်ရင် မီးငြှိမ်းဖို့ အကျဉ်းသားတွေကို ခိုင်းစေ၊ တိုက်ခိုက်ခံရလို့ သင်္ဘောမြုပ်စဉ် သေဆုံး တဲ့ အကျဉ်းသားများလည်းရှိ
အောက်တိုဘာ ၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ဟာ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတဲ့ လုပ်ရပ်တွေ ကျူးလွန်နေကြောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားက ထွက်ဆိုကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြခဲ့ပြီး စစ်တပ်က သင်္ဘောနဲ့ ခေါ်တင်လာတဲ့ အကျဉ်းသားတွေလည်း တိုက်ပွဲဖြစ်ချိန် ရေထဲခုန်ချ ထွက်ပြေးလို့ လွတ်မြောက်လာသူတွေရှိတယ်လို့ အသိပေးပါတယ်။
ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်တပ်က လုံခြုံရေးအတွက် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဦးအိုက်စိုးက ပြောဆိုခဲ့တယ်လို့ KIA က ဖော်ပြခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ မန္တလေးကနေ ဆန်တက်လာစဉ်ကလည်း စစ်တပ်ဟာ ပြည်သူတွေနဲ့အတူ ရောနှောတက်လာသလို ဗန်းမော်မြို့မှ ပြန်စုန်ဆင်းချိန်မှာလည်း မီးမတော်တဆဖြစ်ရင် ငြိမ်းသက်ရန်ဟုဆိုကာ အကျဉ်းသားများအား လူသားဒိုင်းအဖြစ် တင်ဆောင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောနဲ့ စုန်ဆင်းလာချိန် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွှေကူမြို့အနီးမှာ အကျဉ်းသား ဦးအိုက်စိုးက ရေထဲခုန်ချပြီး စစ်တပ်လက်မှ လွတ်မြောက်လာတာဖြစ်ကြောင်းဖော်ပြပါတယ်။ ဦးအိုက်စိုးနဲ့အတူ အခြားအကျဉ်းသား ၇၀ ကျော်လည်း ရေထဲခုန်ချ လွတ်မြောက်သွားကြောင်း KIAက အသိပေးပါတယ်။
“ဗန်းမော်အကျဉ်းထောင်ထဲက တချို့ တွေကို လွှတ်တာရှိပါတယ်။ လွှတ်ပေမဲ့လည်း သူတို့နဲ့အတူတူ မန္တလေး ရောက်ရမယ် ဆိုပြီးသူတို့(စစ်ကောင်စီတပ်) အမိန့်တွေ ချပေးတာ။ ဆိုတော့ အကျဉ်းသားတွေလည်း မန္တလေးဘက်ကို လိုက်သွားရတာဖြစ်ပါတယ်တဲ့။ ဆိုတော့ အဲဒီလမ်းကြားမှာ ကျနော်တို့ ကြားဖြတ်ပြီး တိုက်ခိုက်တဲ့နေရာမှာ သင်္ဘောမြုပ်သွားတဲ့နေရာမှာ ပါတာလည်း သေသွားတာ အများကြီးပါတယ်လို့ ပြောတယ်” လို့ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အကျဉ်းသားတွေကို စုန်ဆင်းလာတဲ့သင်္ဘောတွေပေါ် မျှတင်လာတာဖြစ်ပြီး သင်္ဘောတိုက်ခိုက်ခံရပြီး မီးလောင်တဲ့အခါ မီးသတ်ဖို့ စေခိုင်းခဲ့တာလို့ ဆိုပါတယ်။
“မန္တလေးရောက်ပြီးမှ ကိုယ့်အိမ်ကိုယ် ပြန်ရောက်တဲ့ သူတွေလည်း တော်တော်များများတော့ရှိတယ်လို့ ပြောပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။
ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသား ၄၀၀ ကျော်ကျန်ရှိနေပြီး အကျဉ်းသားတွေဟာ သင်္ဘောပေါ်မှ ပစ္စည်းတွေ သယ်ပေးရတာ၊ ခေါင်းစဉ်အမျိုးမျိုးတပ် ငွေကောက်ခံခြင်း၊ ငွေမပေးနိုင်သူတွေကို ရိုက်နှက်တာ ဒဏ်ပေးတာရှိခဲ့တယ်လို့ လွတ်မြောက်အကျဉ်းသား ဦးအိုက်စိုးက ထွက်ဆိုကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် သင်္ဘောရိက္ခာ မရောက်ခင် အကျဉ်းသားတွေဟာ ပြောင်းဖူးများသာ လနဲ့ချီ စားခဲ့ရလို့
ကျန်းမာရေးထိခိုက်သူတွေရှိသလို ဖျားနာသူတွေကို ဆေးကုသပေးတာမရှိဘူးလို့လည်း သတင်းဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ် သင်္ဘောတွေဟာ ဩဂုတ်လကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ဝင်ရောက်လာတာဖြစ်ပြီး ကသာ-ရွှေကူကြား၊ ရွှေကူ-ဗန်းမော်ကြားမှာ KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ဒုတိယပတ်ကစပြီး ဗန်းမော်မြို့ကနေ သင်္ဘောတွေ ပြန်စုန်ဆင်းခဲ့ရာ KIA ပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီလို တိုက်ခိုက်မှုတွေကြောင့် သင်္ဘောတွေ မီးလောင်၊ နစ်မြုပ်၊ ပျက်စီးတာတွေရှိခဲ့ပြီး KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ရေကြောင်းတိုက်ပွဲအတွင်း စစ်တပ်သင်္ဘော အစီး ၂၀ခန့် ထိခိုက်ပျက်စီးနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းရာမှာ အရပ်သားသင်္ဘောတွေကိုပါ အဓမ္မ ခေါ်ဆောင်အသုံးပြုခဲ့ရာ တိုက်ခိုက်ခံရလို့ ပျက်စီးခဲ့တဲ့ သင်္ဘောတွေထဲမှာလည်း ပုဂ္ဂလိကပိုင် သင်္ဘောများစွာ ပါဝင်ကြောင်း KIAက အသိပေးထားပါတယ်။
❤36👍27🖕2👎1
(ဗန်းမော်မြို့ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော တစ်စီး ဓာတ်ပုံ − စစ်ကောင်စီ)
👍31❤5🖕3👏2👎1🤮1💩1
မန္တလေးမှာ စစ်မှုထမ်းမဲပေါက်သူတွေ စစ်မှုလာမထမ်းရင် နေအိမ်ပေါ်အထိ တက်ဆွဲမယ်လို့ ပေါက်ကိုယ်တော် ခြိမ်းခြောက်

▪️လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

အောက်တိုဘာ ၁၊ ၂၀၂၆။ မေရီ/People's Spring

မန္တလေးမြို့မှာ စစ်မှုထမ်းမဲပေါက်သူတွေ စစ်မှုလာမထမ်းရင် နေအိမ်ပေါ်အထိ တက်ဆွဲမယ်လို့ စစ်တပ်ကို စစ်ကူတိုက်ပေးနေတဲ့ ပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်က ခြိမ်းခြောက်နေပါတယ်။

စစ်မှုထမ်းမဲနှိုက်တာတွေ ပြုလုပ်နေတဲ့ မန္တလေးမြို့မှာ ကိုယ်ပေါက်တဲ့ အမှတ်အစဥ်အလိုက် စစ်မှုထမ်းရမှာဖြစ်ပြီး စစ်မှုလာမထမ်းပါက နေအိမ်ပေါ်အထိ တက်ကာဆွဲရမှာဖြစ်ကြောင်း ပေါက်ကိုယ်တော်က သူ့ရဲ့ TikTok ကနေ ပြောပါတယ်။

"မဲပေါက်တဲ့စနစ် မဲစနစ်အရဆိုရင်တော့ ဥပမာ ကံကြီးကုန်းရပ်ထဲက အုပ်ကြီးက မဲနှိုက်ပေးလိုက်တယ်။ မောင်ဖြူက မဲပေါက်တယ်။ မောင်ဖြူက နံပါတ်တစ်ဆိုရင်တော့ မောင်ဖြူရှိတဲ့နေရာကိုတော့ ဆွဲရမှာပဲ။ သူ့အလှည့်ကျလို့ လာရင်လာ။ မလာရင်ဆွဲရမှာပဲ"လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။

အလားတူ စစ်မှုထမ်းတိမ်းရှောင်သူတွေကိုလည်း တရားစွဲဆိုမှာဖြစ်ပြီး တိမ်းရှောင်သူရဲ့အမှတ်စဥ်နောက်ကလူတွေက အစဥ်အတိုင်း စစ်မှုထမ်းရမယ်လို့ ပေါက်ကိုယ်တော်က ပြောပါတယ်။ ဒါ့အပြင် စစ်မှုထမ်းမဲပေါက်သူတွေ ထွက်မပြေးနိုင်အောင် စီမံဖို့ဆိုပြီး အာဏာသိမ်းစစ်တ​ပ်ကို တို​က်တွန်းသွားပါသေးတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုအောက်တိုဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၉)ကို စတင်ဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၆ သြဂုတ်အတွင်း ပြည်သူ့စစ်မှုထမ်း(ပစ) အပတ်စဥ် (၂၇) ခု ဖွင့်လှစ်ခဲ့ပြီး အင်အား (၁၃၅,၀၈၀) ခန့်ကို အဓမ္မစုစည်းခဲ့ကြောင်း၊ ယခုအခါ ၎င်းအင်အားကို အသုံးချပြီး လူလှိုင်းစစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တပ်ရဲ့ စစ်ကြောင်းတွေမှာ ပြည်သူ့စစ်မှုထမ်း(ပစ) အင်အား ၈၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်နေတာကို တွေ့ရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်က အသိပေးခဲ့ပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်အခြေအနေကိုကြည့်ရင် ပြည်သူ့စစ်မှုထမ်း(ပစ) သိန်းချီ အင်အားကို အလောင်းအစားပြုပြီး ကမူးရှုးထိုး ထိုးစစ်ဆင် ဆောင်ရွက်နေပေမဲ့ ဘယ်စစ်မျက်နှာမှာမှ လိုရာမရောက်ဘဲ ပြည်သူ့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်ချေမှုန်းမှုတွေကြောင့် ထိခိုက်ဆုံးရှုံးမှု အလွန်များပြားနေတာကို တွေ့ရကြောင်း၊ ၎င်းထိခိုက်ဆုံးရှုံးမှုတွေအနက် အများစုမှာ အဓမ္မစစ်သားစုဆောင်းခံရသူ ပြည်သူ့စစ်မှုထမ်း(ပစ)များ ဖြစ်တာကိုလည်း တွေ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။

ဒါ့ကြောင့် အရွယ်ရောက်ပြီး လူငယ်တွေ အနေနဲ့လည်း စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းခံရမယ့်အရေးကို နည်းလမ်းစုံသုံးပြီး ရှောင်ရှားကြဖို့ လိုအပ်နေကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးပါတယ်။

စစ်တပ်ထောက်ခံသူ ပေါက်ကိုယ်တော်ဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ကို စစ်ကူတိုက်ပေးနေသူဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့က လူရမ်းကားတွေ၊ လူမိုက်တွေကို ပျူစောထီး​ခေါ် ပြည်သူ့စစ်​တွေဆိုပြီး လက်နက်​တပ်ဆင်ပေးခဲ့ရာမှာ ဦးဆောင်ဖွဲ့စည်းသူတွေထဲ ပါဝင်ခဲ့ပါတယ်။ ပေါက်ကိုယ်တော်ရဲ့ တပည့် ပျူစောထီးတွေဟာ မန္တလေးမြို့မှာ လက်နက်ကိုင်ရမ်းကားပြီး ပြည်သူတွေကို ဖိနှိပ်ပြီး စစ်တပ်အလိုကျ အကြမ်းဖက်တာတွေ၊ လူငယ်တွေကို ပေါ်တာဆွဲ ရောင်းစားတာ၊ ငွေညှစ်တာတွေ ပြုလုပ်နေပါတယ်။
😡38❤10🤬7🤣5👎4🤮3👏1🎉1
🖕53🤬12🤣5❤3😁2🤮2👎1💩1🙏1
တနင်္သာရီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်၊ မြို့ခံ‌တွေ ရေဘေးကြုံ

အောက်တိုဘာ−၁၊၂၀၂၆။ရွှေပြည်စိုး/People's Spring

တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၁၃ ပေကျော် မြင့်တက်နေပြီး မြိုခံတွေ ဘေးလွတ်ရာကို ယာယီရှောင်တိမ်းနေရပါတယ်။

ဒီနေ့ အောက်တိုဘာ ၁ ရက်မနက်မှာ တနင်္သာရီမြစ်ရေဟာတနင်္သာရီမြို့မှာ ပေ ၃၀နဲ့ ၂လက်မအထိ ‌မြင့်တက်နေတယ်လို့ မြို့ခံတွေ ပြောပါတယ်။

" ရေက ဆက်တက်နေတာမို့ မြစ်ကမ်းဘေးရပ်ကွက်တွေကနေ ဘေးလွတ်ရာကို ‌ရွှေ့နေကြရတယ်။ ရေမြုပ်တဲ့နေရာတွေမှာ အိမ်စောင့်တွေပဲ ထားပြီး ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ယာယီစခန်းတွေမှာ ထားရတယ်"လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

တနင်္သာရီမြစ်ရေဟာ တနင်္သာရီမြို့ရဲ့ စိုးရိမ်ရေမှတ်အဖြစ် ၁၇ပေ သတ်မှတ်ထားတာပါ။ အခုဆိုရင် စိုးရိမ်ရေမှတ်အထက် ၁၃ပေ ၂လက်မအထိ ကျော်နေတာဖြစ်ပါတယ်။

တနင်္သာရီမြစ်ရေဟာ ယခင် မှတ်တမ်းတွေအရ အမြင့်ဆုံးရေမှတ်အဖြစ် ၁၉၉၄ ခုနှစ်မှာ၃၆ပေ၄လက်မအထိမြင့်တက်ခဲ့ပြီး ဒုတိယအမြင့်ဆုံးအဖြစ် ၂၀၂၄ ခုနှစ်မှာ ၃၁ ပေအထိ မြင့်တက်ခဲ့ဖူးပါတယ်။နှစ်ကြိမ်စလုံးမှာ ရေဘေးဒဏ်ကို တနင်္သာရီမြို့နယ်လုံးကျွတ် ကြုံတွေ့ခဲ့ရတယ်လို့ ဒေသအခြေစိုက် သတင်းဌာနဖြစ်တဲ့ Dawei Watch က ဖော်ပြထားပါတယ်။

လက်ရှိမှာ တနင်္သာရီတိုင်းအတွင်း လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ ရေဘေးနဲ့‌ မြေပြိုမှု ဘေး ကြုံတွေ့နေပါတယ်။ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာလ၂၆ရက်နေ့ကစတင်ကာ ဘေးကြုံတွေ့ခဲ့တာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပါတယ်။

တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။ အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြစ်ကတော့ ထားဝယ်‌ဒေသမှာ မြစ်ဖျားခံတာမို့ ယခင်ရက်က ရေတွေ ဆင်းလာပြီး မြင့်တက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
👍18🔥5❤4😱4😢3🙏3👎1
(မြစ်ရေတက်လာလို့ သဲအိတ်တွေနဲ့ တားဆီးထားတာကို တွေ့ရစဉ်။ ဓာတ်ပုံ − Nay Lin Htet)
👍22🔥4😱3👎1