People's Spring
✔
60K subscribers
71.7K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■​ဆောင်းပါး

ပညာ​ရေးခါးဆက်ပြတ်ခဲ့ရတဲ့
စစ်ရှောင်က​လေး​တွေ

-ဇွန်ပွင့်​ရေးသားသည်။

မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ DKBA တပ်ဖွဲ့ရဲ့ ကင်းစခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဘိလပ်မြေဖျော်တဲ့သူ​တွေ၊ အုတ်ထမ်းတဲ့သူတွေ၊သံချောင်းတွေနေရာရွှေ့သူ​တွေ၊ အုတ်စီတဲ့သူ​တွေနဲ့ ကိုယ်စီအလုပ်ရှုပ်​နေကြပါတယ်။အဲဒီဆောက်လုပ်ရေးလုပ်သား​တွေထဲမှာ အသက်၁၇ နှစ် အရွယ် ဖြိုးကျော်လည်းပါဝင်ပါတယ်။

ဖြိုးကျော်ရဲ့လက်တွေဟာအုတ်ခဲထမ်း၊ ဘိ
လပ်မြေဖျော်ရတာကြောင့် ကြမ်းတမ်းနေသလို နေပူထဲ ချွေးတွေစိုနေတဲ့ သူ့အင်္ကျီပေါ်မှာ အုတ်ခဲအမှုန့်နဲ့ ဘိလပ်မြေမှုန့်တွေ ကပ်နေပြီး၊ ခြေထောက်တွေကလည်း ဖုန်မှုန့်တွေနဲ့ ညစ်ထေးလို့နေပါတယ်။



ပဲခူးတိုင်း၊အုတ်ဖိုဇာတီ သူတို့မိသားစုဟာ
မြဝတီမြို့တောင်ဘက်မှာ ရှိတဲ့ စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်တာလေးနှစ်ကျော်လို့ ငါးနှစ်ထဲရောက်နေပါပြီ။စစ်ပွဲတွေကြောင့်
နေရပ်ကို မစွန့်ခွာခင်တုန်းက ၇ တန်းအထိကျောင်းနေခဲ့တဲ့ ဖြိုးကျော်ဟာ စစ်ရှာင်စခန်းမှာ နေထိုင်တဲ့ လေးနှစ် အတွင်း တိုက်ပွဲတွေကြောင့်​နေရာနှစ်ကြိမ်​ပြောင်းခဲ့ရပြီး ရှစ်တန်းတစ်နှစ်သာကျောင်းတက်ခွင့်ရခဲ့ပါတယ်။

ဖခင်ဖြစ်သူ စခန်း အနီးအနားက စိုက်ပျိုး
ရေး လုပ်ခန်းခွင်တစ်ခုမှာ နေ့စားလိုက်လုပ်ရင်းလယ်ထွန်စက်ပေါ်က ပြုတ်ကျပြီး ပေါင်အဆစ်ပြုတ်သွားတဲ့ အချိန်မှာတော့ မိသားစုစားဝတ်နေရေးက သားဖြစ်သူဖြိုးကျော်ရဲ့ ပခုံးပေါ်ကို ရောက်လာခဲ့ပါတယ်။

“ညီလေးတို့မှာ စီးပွားရေးက အဆင်မပြေဘူး၊ ကျပ်တယ်။ ညီလေးတစ်ယောက်ပဲ အလုပ်လုပ်မယ့်လူရှိတော့တာလေ။အဖေက ခြေ
ထောက်မကောင်း အမေကလည်း အသက်
ကြီးတော့ အလုပ်မလုပ်နိုင်တော့ဘူး၊ အဖွားနဲ့ဆိုတော့ ကျောင်းက မထွက်လို့မရတော့ဘူး။ အဲဒါကြောင့်ထွက်လိုက်ရတာ” လို့ ဖြိုးကျော်က ​ပြော ပါတယ်။

အသက် ၇၀အရွယ် အဖွား၊ အာရုံကြော ရော
ဂါရှိတဲ့ အမေနဲ့ ပေါင်ဆစ်ရိုး ပြုတ်ပြီး အိပ်ယာထဲလဲ နေတဲ့ ဖခင်ဖြစ်သူကို ရှာဖွေကျွေး
မွေးဖို့အတွက် ဖြိုးကျော်ဟာ စာသင်ခန်းကိုကျောခိုင်းပြီး လုပ်ငန်းခွင်ထဲကို ဝင်ရောက်ခဲ့ရပါတယ်။

UNICEF ရဲ့ ၂၀၂၆ ခုနှစ်အတွက်လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေအစီရင်ခံစာ
(Humanitarian Situation Report )အရကလေးငယ်၃.၅သန်းခန့် (ကလေးဦးရေစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနီးပါး) ဟာ ကျောင်းပြင်ပကို ရောက်ရှိနေပြီး ပညာသင်ယူခွင့် ဆုံးရှုံးနေရပြီး ပြင်းထန်တဲ့ ချိုးဖောက်မှု၊ အလွဲသုံးစားပြုခံရနိုင်ခြေ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။

ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ်တွေရဲ့ ၆၀ ရာခိုင်နှုန်းခန့်ဟာ အသက် ၁၅ ကနေ ၁၇ နှစ်အတွင်းရှိ ဆယ်ကျော်သက်တွေ ဖြစ်ကြတယ်လို့ UNICEF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်စွာပညာသင်ကြားခွင့်ဟာ အခြေခံ လူ့အခွင့်အရေးဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်လာတဲ့ကာလရှည်ပဋိပက္ခတွေကြောင့်ကလေးငယ်တွေဟာမကြာခဏ နေ
ရပ်စွန့်ခွာ စစ်ရှောင်ကြရပြီး စာသင်ခန်းကို ကျောခိုင်းရတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့လာရတယ်လို့ ပညာရေး ကျွမ်းကျင်သူတွေက ​ပြောပါတယ်။

ပညာရေးတစ်ပိုင်းတစ်စနဲ့ စာသင်ခန်းကို စွန့်ခွာသွားတာဟာ ကလေးတွေရဲ့ အနာဂါတ် အတွက် စိုးရိမ်စရာ အခြေအနေလို့ CDM ကျောင်းအုပ်ဆရာမတစ်ဦး ဖြစ်တဲ့ ဆရာမပန်းအိကိုကို ကပြောပါတယ်။

"အတန်းပညာလည်း ကောင်းကောင်း မသင်ရ၊ ပညာအရည်အချင်းလဲမရှိတော့ကလေးတွေဟာ အောက်ခြေအလုပ်တွေမှာပဲ လုပ်
ကိုင်ရင်း ရှေ့ဆက်နေရတယ်။ ဒါဟာ အညွန့်လူလူတက်မယ့် သူတို့ရဲ့ အနာဂတ်တွေကို စိုးရိမ်စရာဖြစ်အောင် ဆုတ်ယုတ်သွားစေတယ်”လို့ သူက​ပြောပါတယ်။

●အရွယ်မတိုင်ခင်လုပ်ငန်းခွင်ထဲကိုရောက်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)က၂၀၁၅ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ အမျိုးသားအဆင့် စစ်တမ်းအရ မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၁ . ၁၂၅ သန်းလောက် ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြေ
အနေ​တွေက ပိုဆိုးလာပါတယ်။

"ကလေးတွေက အသက် ၁၃၊ ၁၄ နှစ်အရွယ်လောက်ရောက်တာနဲ့ ကျောင်းထွက်ပြီး အ
လုပ်လုပ်ကြတာများတယ်။ သူတို့ လုပ်ရတဲ့ အလုပ်တွေကတော့ အမျိုးမျိုးပဲ။ တချို့ က
လေးတွေဆိုရင် ပြောင်းစိုက်ကြတယ်၊ တချို့က ပန်းရံလုပ်တယ်၊ တချို့ကျတော့လည်း တရုတ်ဆိုဒ်(ကျားဖြန့်လုပ်ငန်း)တွေမှာ အလုပ်မျိုးစုံ ဝင်လုပ်ကြတာပေါ့။” လို့ မြဝတီမြို့တောင်ပိုင်းက စစ်ရှောင်ကလေးတွေကို စာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ ဆရာ သက်ပိုင်က ပြောပါတယ်။

ကလေးတွေစာသင်ခန်းကိုကျောခိုင်းလိုက်ကြရတဲ့အဓိကအကြောင်းရင်းကတော့မိသားစု စားဝတ်နေရေးကြောင့်ဖြစ်ပြီး စစ်ဘေးရှောင်နေကြရတဲ့အခါ ပုံမှန်ဝင်ငွေရတဲ့ အလုပ်ဆိုတာမျိုး မရှိကြတာမို့ ကလေးတွေလည်း မဖြစ်မနေ အလုပ်ဆင်းကြရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

စစ်ရေးအခြေအနေတွေကြောင့် ကျောင်းတွေ မကြာခဏ ရပ်နားခဲ့ရပြီး အသက်အရွယ်နဲ့ အတန်းပညာ မမျှတော့ဘဲပညာရေး အဆက်
ပြတ်သွားတာကလည်းကလေးတွေ စာ
သင်ခန်းကို စွန့်ခွာသွားစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်တယ်လို ဆရာမပန်းအိကိုကို က​ပြောပါတယ်။
👍20😢3🤣3🖕2🔥1
"အသက်တွေက ကြီးလာပြီ၊ အတန်းပညာက နည်းသေးတယ်ဆိုတော့ ကလေးတွေမှာ ရှက်စိတ်နဲ့ သိမ်ငယ်စိတ်တွေ ဖြစ်လာတယ်။ ဒီကြားထဲ မိသားစု စားဝတ်နေရေးက ကြပ်တည်းတော့ စာသင်ခန်းကို စွန့်ခွာပြီး ပိုက်ဆံရှာဖို့ လုပ်ငန်းခွင်ထဲကို အစောပိုင်း ကတည်း
က ဝင်သွားကြရတာ”လို့ သူကပြောပါတယ်။

ILO ရဲ့ မြန်မာနိုင်ငံမှာ က​လေးလုပ်သားအ​ခြေအ​နေ​ပြောင်းလဲလာပုံ (Trends in child labour in Myanmar) ၂၀၂၁-၂၀၂၄ လေ့လာမှုအရစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းထွက်နှုန်း မြင့်တက်လာပြီး ကလေးတွေဟာ ဆင်းရဲမွဲတေမှုနဲ့ နေရပ်စွန့်ခွာရမှုတွေကြောင့် လက်နက်ကိုင်အဖွဲ့တွေရဲ့ လူသစ်အဖြစ် အတင်းအကျပ် စုဆောင်းခံရတဲ့ပြသာနာလည်းရှိပါတယ်။ ဒါ့အပြင်ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ တရားမဝင်လုပ်ငန်းတွေလို အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ ကလေးလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်နေရတယ်လို့ဖော်ပြထားပါတယ်။

ဖြိုးကျော်ကတော့ သူတို့ စစ်ရှောင်စခန်းနားကဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအထွေ
ထွေလုပ်သား အနေနဲ့ အလုပ်ဝင်နေတာ တစ်နှစ်ကျော်လောက်ရှိပြီလို့ ဆိုပါတယ်။အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ မနက်
၇ နာရီခွဲကနေ ညနေ ၅နာရီအထိ အုတ်သယ် ဘိလပ်မြေထမ်း၊ သံချောင်းထမ်း၊ ဘိလပ်မြေဖျော် စတဲ့ အလုပ်တွေကို လုပ်ကိုင်ရပြီး တစ်ရက်ကိုလုပ်အားခ အနည်းဆုံးဘတ် ၁၇၀ ( ၂၂၀၀၀ ကျပ်ဝန်းကျင်)ကနေအများဆုံး ဘတ် ၄၀၀ ( ၅၂၀၀၀ ကျပ်ဝန်းကျင်)အထိရဖူးတယ်လို့ ဖြိုးကျော်က​​ပြောပါတယ်။

သူတို့ နေထိုင်တဲ့ စခန်းအတွင်းကို လုပ်သားလိုအပ်တဲ့ အလုပ်ရှင်တွေက လာခေါ်တဲ့ အခါရှိသလို ကိုယ်တိုင် လုပ်ငန်းခွင်တွေကို သွားပြီး အလုပ်ရှာရတာမျိုးတွေရှိပြီး အလုပ်က
တော့ ပုံမှန်မရှိပါဘူး။လုပ်ငန်းခွင်ဝင်စမှာ မကျွမ်းကျင်တဲ့ အတွက် ခြေထောက်ကို သံစူးတာ၊ ပုလင်းကွဲ ရှတာနဲ့ လက်တွေ ပေါက်ပြဲတာတွေလဲ ရှိတယ်ပါတယ်။

လုပ်ငန်းခွင်ထဲ အလုပ်လုပ်ရင်း သူများတွေ ကျောင်းသွားတာ ကိုတွေ့ရင် စိတ်မကောင်းဖြစ်မိတယ်လို့ ဖြိုးကျော်ကရင်ဖွင့်ပါတယ်။

"သူများတွေကျောင်းလွယ်အိတ်တွေနဲ့ကျောင်းသွားတာ ကိုယ့်မျက်စိရှေ့က ဖြတ်သွားတာ မြင်ရင် ဝမ်းနည်းတာပေါ့။ ကိုယ်ကတော့ လမ်းဘေးမှာ အလုပ်လုပ်နေရတာလေ။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ငယ်ငယ်
ရွယ်ရွယ်နဲ့ ကျောင်းသွားနေကြတာ မြင်ရင် အားငယ်မိတယ်။”

ဒါပေမယ့် ဘဝပေး အခြေအနေကြောင့် လုပ်
ငန်းခွင်ကို ဝင်ရတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ် ကို အားတင်းပြီး လုပ်ငန်းခွင်မှာ ကြိုး
စားလုပ်ကိုင်နေတယ်လို့ သူကဆက်ပြောပါတယ်။လက်ရှိမှာတော့လုပ်ငန်းခွင်ထဲမှာ ဆေး
သုတ်၊ပတ်တီးရိုက်တာတွေစတဲ့လုပ်ငန်းတွေကိုကျွမ်းကျင်လာအောင် လေ့လာနေပါတယ်။

​ကျောင်းသားငယ်​တွေ စာသင်ခန်းကို စွန့်ခွာသွားတဲ့စေတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုကတော့ စာသင်ခန်းတွေ၊​ကျောင်း​တွေ ကို အာဏာသိမ်းစစ်တပ်က ပစ်မှတ်ထားဗုံးကြဲသတ်ဖြတ်​နေတာဖြစ်ပါတယ်။

Geneva Global Hub For Education For Emergencies က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ပညာရေးဆိုင်
ရာအကျပ်အတည်း( Myanmar’s Education Crisis) စာတမ်းမှာ၂၀၂၃ခုနှစ်ကနေ ၂၀၂၄
ခုနှစ်အတွင်း စာသင်ကျောင်းတိုက်ခိုက်ခံရမှု ၂၁၇ကြိမ်ရှိတယ်လို့ ဖော်ပြထားပါတယ်။တိုက်ခိုက်မှု အများစုကတော့ လေကြောင်းကနေ ဗုံးကြဲခံရတာဖြစ်ပါတယ်။

“လက်ရှိပညာသင်ကြားမှုအခြေအနေကတော့ လေယာဉ်ပျံလာတာ၊လက်နက်ကြီးအသံ အ
နီးအဝေးလိုမျိုး စစ်ရေးအခြေအနေပေါ် မူ
တည်ပြီး သင်ကြားနေရတယ်။ လေယာဉ်
ပျံ ဒရုန်း လာတဲ့ အခေါက်ရေများတယ်ဆိုရင်တော့ ကျောင်းကို ခဏ ပိတ်ထားရတယ်”လို့ ဆရာသက်ပိုင်က​ပြောပါတယ်။

တစ်ချို့ရက်တွေ မှာဆိုရင် မနက်တစ်ပိုင်းထဲမှာတင်လေယာဥ်ပျံနဲ့ ဒရုန်းလေးကြိမ်လောက် စာသင်ကျောင်း အနီးအနားမှာ ပျံသန်းသွားတာကြောင့် ကျောင်းပိတ်လိုက်ရတာမျိုး တွေ ရှိတယ်လို့ သူကဆက်​ပြောပါတယ်။

မြဝတီမြို့တောင်ဘက်က ဖလူး၊မင်းလက်ပံ၊​ဝေါ​လေစတဲ့​ဒေသ​တွေမှာတိုက်ပွဲ​တွေပြင်း
ထန်​နေပြီး စစ်တပ်ကမကြာခဏဗုံးကြဲပါတယ်။မြဝတီ​တောင်ဘက်အပါအဝင် ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေတစ်
ခုလုံးမှာရှိတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်
ကြီးတွေသုံးပြီး ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။ကရင်ပ
ညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် စက်တင်ဘာလ
ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ နှစ်နှစ်တာ ကာလအတွင်း KNU ထိန်းချုပ်တဲ့
ခရိုင် ၇ ခုလုံးမှာစစ်ကောင်စီရဲ့လေကြောင်း
နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်စာသင်
ကျောင်းပေါင်း ၃၄ကျောင်းထက်မနည်း ပျက်
စီးဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။

အဲဒီလိုကျောင်းတွေတိုက်ခိုက်ခံရတာကြောင့် ကျောင်းသား ကျောင်းသူနဲ့ ဆရာ၊ ဆရာမ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၄ ဦး ဒဏ်
ရာရရှိခဲ့ပါတယ်။ ကျေးရွာတွေနဲ့ စာသင်
ကျောင်းတွေဟာ လေကြောင်းကနေ ဗုံးကြဲခံရတာ၊ မောင်းသူမဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲခံရတာတွေကို မကြာခဏဆိုသလို ကြုံတွေ့နေရတာကြောင့် ဒေသခံ ကလေးငယ်တွေရဲ့ ပညာ
သင်ကြားခွင့်ကို ပြင်းပြင်းထန်ထန် ခြိမ်း
ခြောက်နေတာ ဖြစ်ပါတယ်။
🤬16🤣3👎2🖕2👍1😢1🤮1
"ပြည်တွင်းမှာကမငြိမ်းချမ်းတော့ကျီးလန့်စာစားရသလို ဖြစ်နေတာ။ ဘယ်အချိန် လေ
ယာဉ်လာမလဲ၊ ဘယ်အချိန် ဗုံးလာကြဲမလဲ ဆိုပြီး စိုးရိမ်စိတ်နဲ့ စာသင်နေရတာ။ မြေပြင်ကလာမလား၊ ဝေဟင်ကလာမလားဆိုပြီး ထိတ်ထိတ်လန့်လန့်နဲ့ စာသင်ပေးနေရပေမဲ့ပညာ
ရေးမပြတ်အောင်တော့ကြိုးစားပြီးအကောင်
အထည် ဖော်နေရတာပေါ့နော်"လို့ ဆရာမပန်းအိကိုကို က​ပြောပါတယ်။

စစ်ရေးပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားနေတဲ့ အတွက် ပညာရေးကဏ္ဍကို လျစ်လျူရှုထားမယ်ဆိုရင်ကလေးတွေရဲ့အနာဂတ်နဲ့ တိုင်း
ပြည်ရဲ့ လူသားအရင်းအမြစ်တွေပါ ဆုံးရှုံမှုတွေ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒါကြောင့် စစ်ပွဲနဲ့ ပဋိပက္ခ အခြေအနေတွေ ကြားက နည်းလမ်းမျိုးစုံနဲ့ ကလေးတွေကို ပညာသင်ခွင့် မဆုံးရှုံးအောင်၊ စာသင်ခန်းတွေထဲကို ပြန်ရောက်လာအောင် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်း အသိီးသီး ပူးပေါင်းပြီး ပညာရေးကို မဖြစ်မနေ ပုံဖော်ပေးဖို့ လိုအပ်တယ်လို့ သူတိုက်တွန်းပါတယ်။

ကြားကာလ ဖယ်ဒရယ် ပညာရေးကောင်စီ
( IFEC) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာမိုးခါးကတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေမှာ ပညာရေး အဆက်ပြတ်သွားတဲ့ ကျောင်းသားတွေနဲ့ ကလေးလုပ်သားတွေကို ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒအရ လမ်းကြောင်းနှစ်ခုနဲ့ ကူညီဆောင်ရွက်ပေးနေတယ်လို့ ​ပြောပါတယ်။

ပညာရေးလမ်းကြောင်းအတိုင်း ဆက်ပြီးသင်ယူချင်တယ်ဆိုရင် အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းတွေမှာတက်ရောက်စေပြီး လိုအပ်တဲ့ အရည်အချင်းတွေကို ဖြည့်ဆည်းပေးတဲ့ရှေ့ပြေးစီမံကိန်းတွေကို စတင်စမ်းသပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပညာရေး လမ်းကြောင်းထက် လုပ်ငန်းခွင်ဝင်ရောက် နေတဲ့ ကလေးတွေအတွက် သူတို့ လုပ်ကိုင်နေေတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ အသက်မွေးဝမ်းကျောင်း ဆိုင်ရာသင်တန်း​တွေကို တက်ရောက်ခွင့်ရရှိနိုင်အောင်ပညာရေးကောင်စီကအကောင်
အထည်ဖော် ကြိုးပမ်းနေတယ်လို့ ဆရာမိုးခါးကပြောပါတယ်။

အဲဒီလို နည်းလမ်းတွေနဲ့ကလေးတွေကို ပညာ
ရေး အဆက်မပြတ်သွားအောင် သက်ဆိုင်ရာ ပညာရေး အဖွဲ့အစည်းတွေက အားထုတ်ကြိုးပမ်းနေကြပြီး အောင်မြင်တစ်ချို့ရှိနေပါတယ်။ ဒါပေမယ့် “မျှော်မှန်းထားသလောက် အားရစရာကောင်းတဲ့ အခြေအနေဖြစ်မနေဘူး” လို့ ဆရာ မိုးခါးက ဆက်ပြောပါတယ်။

ဖြိုးကျော်ကတော့ “စာသင်ခန်းကို လွမ်းတော့လွမ်းမိတာပေါ့။ ဒါပေမယ့် ကျောင်းပြန်တက်ဖို့က မဖြစ်နိုင်တော့ဘူးထင်တယ် အသက်
ကြီးသွားပြီ အလုပ်လုပ်ရမယ့် အရွယ် ရောက်နေပြီ”လို့ဆိုပါတယ်။ဒါ​ပေမယ့် အသက်​မွေးဝမ်း​ကြောင်းပညာသင်ယူခွင့် ရလာရင်​တော့ကားအလုပ်ရုံမှာ ကားအင်ဂျင်​ကိုင်တာ၊ကားပြင်တာကိုသင်ယူချင်တယ်လို့ သူ့ဆန္ဒကိုဖွင့်ဟပါတယ် ။ ။
👍20😢4🤣3🖕3❤1
ကရင်ပြည်နယ်မှာ စစ်​ရှောင်မိသားစုတချို့ကို​တွေ့ရစဥ် ။စစ်​ရှောင်က​လေးငယ်​တွေမှာ လုံခြုံ​ရေး ၊စားဝတ်​နေ​ရေး စတာ​တွေ​ကြောင့်ပညာသင်ကြားဖို့ ခက်ခဲ​နေကြပါတယ်။
ဓါတ်ပုံ-KHRG
👍15😢11❤5🤣4🤬3👎1🙏1🖕1
စစ်တပ်က ပုဂံမြို့​တောင်ဘက် ဇကရွာမှ
အမျိုးသားနှစ်ဦးကိုဖမ်းဆီးပြီးမီးရှို့သတ်

စက်တင်ဘာ၂၉၊၂၀၂၆။ကတ်သရင်း/ People's Spring

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူး
ကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ရှေးဟောင်းမြို့တော် ပုဂံမြို့တောင်ဘက်မှာရှိတဲ့ ချောက်-ညောင်ဦးကားလမ်းပိုင်းအနီးက ဇကကျေးရွာကို စစ်တပ်က ပြီးခဲ့တဲ့ ဖေဖော်
ဝါရီ ၁၉ရက်မှာ စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စစ်ကြောင်းမှာ ပုဂံမြို့ တောင်ဘီကျေးရွာကပျူစောထီးတွေ၊တောင်ဇင်းတိုက်နယ်က ရဲတွေနဲ့ စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

ဇကကျေးရွာက အသက် ၂၃နှစ်အရွယ် ကိုမိုးဟိန်းနဲ့ အသက် ၅၅နှစ်အရွယ် ဦးရဲရွှေတို့ကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးပြီး ဇကရွာအနီးက မအူပင်ကျေးရွာကို ရောက်ရှိချိန်မှာ အဲဒီကျေးရွာက နေအိမ်တစ်အိမ်မှာ သတ်
ဖြတ်ပြီး မီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဇကရွာက ဒေသခံတွေပါ။စစ်ကြောင်းက အင်အား၅၀ လောက်နဲ့ ပတ်မွှေတာ။မအူပင်ရွာမှာ နေအိမ်ထဲထည့်ပြီး မီးရှို့သတ်သွားတာ"လို့ ၎င်းက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်ရှိမှာ ချောက်မြို့အနီးက စဉ့်ကူမြို့အတွင်းကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံမြို့တောင်ဘက်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတာ ၂၀၂၅ ဇွန်လကတည်း
ကပါ။ အဲလိုစစ်ကြောင်းထိုးမှုတွေကြောင့် ၂၀၂၅ခုနှစ်အတွင်း ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။

ဗိုလ်မှူးကြီးစန်းပွင့်ဟာ စစ်​ထောက်လှမ်း​ရေး​ခေတ်​ကောင်းစဥ်က ဗိုလ်ချုပ်ခင်ညွှန့်​လက်​အောက်မှာလုပ်ကိုင်ခဲ့တာဖြစ်ပြီး စစ်​ထောက်
လှမ်း​ရေးဖြိုးခွင်းခံရပြီး​နောက်​ထောင် ၇ နှစ်ခန့်ကျခဲ့ပါတယ်။​ထောင်ကပြန်လွတ်လာပြီး ၂၀၂၁ ခုနှစ်မှာ​​သေဆုံးခဲ့တာဖြစ်ပါတယ် ။
🤬37❤5👎4👏2👍1🤣1😡1
🤬34👏2🌚2😡2👎1🤣1
ကျောက်တော်ဗုံးကြဲမှု ရခိုင်တွင် ပြည်သူသေ
ဆုံးထိခိုက်မှု အများဆုံးဖြစ်စဉ်ဖြစ်လာ

●စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

စက်တင်ဘာ-၂၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာစိုးရိမ်ရသူ ၂၁ ဦး ရှိနေသေးတယ်လို့ အာရက္ခတပ်တော်(AA) နဲ့ မြေပြင်မှာ ကူညီပေးနေသူ တွေက ပြောကြပါတယ်။

စစ်တပ်ဟာစက်တင်ဘာလ ၂၈ ရက် နေ့လယ်ပိုင်းမှာ ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ မြို့အဝင် ဂစ္ဆပန ဒီတံတားတို့ကို ဗုံးကြဲခဲ့တာကြောင့်လူရာကျော် ထိခိုက်၊သေဆုံးခဲ့ရပါတယ်။အပျက်အစီးတွေ ကြားထဲ ရုပ်ပျက်
ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေ ဆက်
လက်ရှာ​ဖွေတွေ့ရှိ​နေသလို ဒဏ်ရာရပြင်းထန်သူတွေ ထဲက အချို့ဟာလည်း ထပ်မံသေဆုံးတာကြောင့် သေဆုံးသူအရေအတွက် တိုးလာတာဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာဇနီးမောင်နှံ၊မိသားစုလိုက် ​သေဆုံးသူ​တွေရှိသလို ကိုယ်ဝန်ဆောင်မိခင်၊ လသားအရွယ်ကလေးငယ်တွေနဲ့ ကျောက်တော်ဒေသခံရိုဟင်ဂျာတွေလည်း ပါဝင်နေပါတယ်။

“ကလေးတွေနဲ့ ပတ်သက်လို့ စနစ်တကျစာ
ရင်းခွဲလို့ မရလိုက်တော့ဘူး။အဲဒီမှာ ကလေးဟာ ခန့်မှန်းခြေအားဖြင့် ငါးယောက်ကနေ ခြောက်ယောက်လောက်ရှိမယ်လို့ယူဆတယ်။ မူဆလင်ကတော့ စာရင်းအရဆိုရင်သုံးယောက်ရှိ တယ်။သို့သော် သေသွားတဲ့ ၅၀ မှာ စာရင်းနာမည်ရတာက ၁၈ ယောက်လောက်ပဲ နာမည်ရတယ်။ ကျန်တာတွေ က နာမည်မရ” လို့ မြေပြင်မှာ ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်ကပြောပါတယ်။

မြေပြင်မှာတော့ကလေးငယ် နဲ့ အမျိုးသမီးသေဆုံးမှုအရေအတွက်ဟာ အဲဒီထက်ပိုနိုင်ပြီး သေဆုံးသူအရေအတွက် ဟာလည်း ၅၀ ထက်ပိုများနိုင်တယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ စျေးအတွင်း ပျောက်ဆုံး နေပြီး အခုထက်ထိ အလောင်းရှာမတွေ့သေးသူတွေလည်း ရှိနေပါသေးတယ်။

“အလောင်းပိုင်ရှင်တွေတောင်မပေါ်၊ တချို့ကျတော့လည်း အလောင်းပိုင်ရှင်က ရောက်
လာတယ်။ဘယ်သူကဘယ်သူမှန်းမသိ၊ အ
လောင်းကိုလည်း ခွဲလို့ မကွဲလိုက်တော့ဘူး။ အဲလို ပြဿနာတွေလည်းရှုပ်ထွေးသွားတယ်” လို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

စစ်တပ်ဗုံးကြဲခဲ့တဲ့ အိန္ဒိယစျေးဟာ ကျောက်တော်မြို့ထဲမှာတည်ရှိတဲ့ လူအသွားအလာ၊ စျေးဝယ်သူတွေနဲ့ အလွန် စည်းကားတဲ့နေရာတခုဖြစ်ပြီး ကစ္ဆပနဒီတံတားဟာလည်း မြို့အဝင်က အသွားအလာများတဲ့တံတားတခုဖြစ်ကာ လူအစည်ဆုံးအချိန်မှာ ဗုံးကြဲခံခဲ့ရတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတွင်း မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လာပြီးနောက်ပိုင်း လေကြောင်းဗုံးကြဲကာအရပ်သားတွေကိုအစုလိုက်အ
ပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပြီး အဲဒီဗုံးကြဲ၊ သတ်ဖြတ်မှုတွေအနက် အခုကျောက်တော်ဗုံးကြဲမှုဟာ အရပ်သားသေဆုံမှုအများဆုံးဖြစ်စဉ်ဖြစ်ပါတယ်။

“ဒါကအသေအပျောက်အများဆုံးပါ။ဒါတွေကမင်းအောင်လှိုင်ရဲ့ယုတ်မာမှုတွေကို ဖော်ပြတဲ့သမိုင်းတွေပဲ။တချိန် မှာတော့ဒီကောင်တွေ ပြန်ခံရမှာပါ။ဒီကောင်တွေကိုအရေးယူနိုင်အောင် ကြိုးစားဖို့လိုပါတယ်”လို့ ရခိုင်ဒေသခံ လူငယ်တဦးက ပြောပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)မှာလည်းမြောက်ဦးမြို့ပေါ် ရှိ ပြည်သူ့ဆေးရုံကြီးကို ဗုံးကြဲခဲ့တာကြောင့် ဆေးရုံတက်ကုသနေတဲ့ လူနာ၊ လူနာစောင့်နဲ့ ဆေးရုံဝန်ထမ်းတွေ စုစုပေါင်း ၃၃ ဦးသေဆုံးပြီး ၇၇ ဦး ဒဏ်ရာရကာ ဒုတိယလူသေဆုံးမှုအများဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေအပါအ၀င် အပြစ်မဲ့အရပ်သားပြည်သူ ၂၀ ဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရခဲ့တဲ့ ကျောက်တော်မြို့နယ် သရက်တပင်ရွာ၊ ဘော်ဒါဆောင်ဗုံးကြဲမှုက
တော့ တတိယလူသေဆုံးမှုအများဆုံး ဖြစ်စဉ်ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာတိုက်ပွဲအတွင်း လေ
ယာဉ်တွေ သုံးပြီး တိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ သေဆုံးကြရ ခြင်းဟာ လူအခွင့်အရေးချိုးဖောက်ပြီး ဂျီနီဗာကွန်ဗန်းရှင်းကို ကျူးလွန်ဖောက်ဖျက်နေတာဖြစ်ကာ အဲဒီလုပ်ရပ်အ ပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက်၊ ရခိုင်အရပ်ဖက်အစည်းများကွန်ရက်၊ Arakan Against Dictatorship(AAD) တို့ကလည်း စစ်တပ်ရဲ့ဗုံးကြဲမှုဟာဂျီနီဗာကွန်ဗန်းရှင်းအပါအဝင် အ
ပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်
ထားမှုဆိုင်ရာဥပဒေတွေနဲ့ ကုလသမဂ္ဂ
ပဋိညာန်တွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တဲ့စစ်ရာဇဝတ်မှုဖြစ်ပြီးပြင်း
ထန်စွာရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီလိုလုပ်ရပ်တွေ ကျူးလွန်နေတဲ့စစ်တပ်ကို တရားဥပဒေအရ ထိရောက်စွာအရေးယူဖို့၊ပိတ်ဆို့အရေးယူမှုတွေတင်းကြပ်ဖို့၊ အ
သက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်သူတွေအပါအဝင်နိုင်ငံတဝှမ်းရှိစစ်ဘေးဒုက္ခ
သည်တွေ အတွက် လူသားချင်းစာနာမှုအ
ကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့လည်း ကု
လ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအ ဝိုင်းတို့ကို အဲဒီအဖွဲ့တွေက ထုတ်ပြန်ချက်မှာ တောင်းဆိုပါတယ်။
😢29❤8👏3👍2💩2🤣2😭2
မြောက်ဦးမြို့နယ် မူဆလင်ရေးရာညှိနှိုင်းရေးကော်မတီကလည်း အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသူတွေရဲ့ မိသားစုဆွေမျိုးတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခံစားရပြီး အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်
ချက်ရှိရှိ ဦးတည်၊လူမဆန်စွာရက်ရက်စက်
စက် သတ်ဖြတ်နေတဲ့တိုက်ခိုက်နေမှုတွေအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ရဲ့ လူသားမျိုးနွယ်စုများအ
ပေါ် စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ရက်စက်ကျူးလွန်တာတွေကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ နောင့်နှေးမှုမရှိ အရေးယူ ဆောင်ရွက်ပေးဖို့၊ တရားမျှတမှု ရရှိစေဖို့ အလေးအနက် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အာဏာ
သိမ်းစစ်တပ်အပေါ် ဖိဖိစီးစီးအရေးယူတာ၊ ထုတ်ပြန်ကန့်ကွက်၊ တား မြစ်တာတွေ မရှိတဲ့အတွက်ကြောင့် အခုနောက်ပိုင်းမှာ သတ်ရေးဖြတ်ရေး လက်ရဲဇက်ရဲဖြစ်လာတယ်လို့ ရခိုင်ဒေ သခံ စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

“လက်ရဲဇက်ရဲဖြစ်လာတယ်လို့ မြင်မိတယ်။ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ လုံး၀အကြမ်းဖက်သမား ပီပြင်လာတယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ အကြမ်း
ဖက်သမားဖြစ်လာတယ်။ သို့သော် သူလုပ်ချင်တာက အစိုးရ၊ သူလုပ်နေတဲ့လုပ်ရပ်က အကြမ်းဖက်သမား၊ ဖက်ဆစ်အကြမ်းဖက်
သမားလုပ်ရပ်ဖြစ်နေတယ်”လို့သူကဆက်​ပြောပါတယ်။

စစ်ကောင်စီဟာစစ်မြေပြင်မှာရှုံးနိမ့်မှုတွေများလာတိုင်း အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ဖြစ်စဉ်မျိုးတွေ အရင်ကလည်း အများကြီးရှိခဲ့ပြီး အခုအခါမှာလည်း အဲဒီလိုမျိုး တိုက်ခိုက် တာဖြစ်ကာ အဲဒီအပေါ် ပါဝင်ပတ်သက်သူတိုင်းကို လက်
တုံ့ပြန်သွားမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။

စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ ကြွေး
ကြော်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်
ဖြူနဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့မှာ AA ထိန်း ချုပ်ရာနေရာတွေကို ထိုးစစ်လုပ်နေပေမယ့် လက်တွေ့မှာတော့ စစ်တပ်အထိနာ​နေပြီး စစ်တပ်စခန်းတွေလည်း လက်
လွှတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်
အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၂၉ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ ပြည်သူအနည်းဆုံး ၆၀ ဦးနဲ့ ဒဏ်ရာရသူ ၉၆ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။



#ကျောက်တော်ဗုံးကြဲမှု
#ရခိုင်မှာလူသေဆုံးမှုအများဆုံး
#စစ်တပ်ကိုထိရောက်စွာအရေးယူ
#peoplesspring #ludunwayoo
😢31👏5❤3👍3🤬2🤣2👎1😭1
ဗုံးကြဲမှုကြောင့်သေဆုံးခဲ့ရသူတွေရဲ့ရုပ်အ​လောင်း​တွေကို ULA/AA ကမြေမြှုပ်သဂြိုလ်ပေးနေစဥ် နဲ့ မိသားစု​တွေတရားနာ​နေကြစဥ်။
ဓါတ်ပုံ -One Nations News
😭51😢4🤣4❤2👍2👏2👎1🤬1💔1
PRF နဲ့ပတ်သက်ပြီး စစ်တပ်ထုတ်ပြန်တာတွေက အလိမ်အညာ​တွေဖြစ်တယ်လို့ ရှင်းလင်း

■PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်
ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်း
တွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

စက်တင်ဘာ-၂၉၊၂၀၂၆။တေဇ/People's Spring

အမျိုးသားညီညွှတ်ရေးအစိုးရ ကာ‌ကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF) အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးခံရသူတွေရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်က လိမ်လည်ထုတ်ပြန်တာသာဖြစ်တယ်လို့ PRF က ဒီနေ့(စက်တင်ဘာ၂၉)ည သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်ကCRPH ၊NUG နဲ့ PDFတွေကိုငွေ
ကြေးထောက်ပံ့‌နေတဲ့ PRF အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စက်
တင်ဘာ ၂၈ ရက်မှာ စစ်တပ်ဝါဒဖြန့်မီဒီယာ​တွေကဆင့်သတင်းထုတ်ပြန်ခဲ့တာပါ။

PRF စတင်ချိန်ကတည်းက ထောက်ပို့တော်လှန်‌ရဲဘော်တွေရဲ့နာမည် ၊လိပ်စာ ၊ဓာတ်ပုံ
စတဲ့ကိုယ်ရေးအချက်အလက်တွေကို ကောက်ခံခြင်း ၊သိမ်းဆည်းထားခြင်းမရှိဘဲ အဖွဲ့ဝင်မှတ်ပုံတင်ဖို့ အမည်လွဲ နဲ့ အီးမေးလ် အကောင့် တစ်ခုပဲလိုအပ်တာကြောင့် PRF စနစ်ကနေ ဘယ်သူဆိုတာဖော်ထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ PRF က ရှင်းပြထားပါတယ်။

ဒါကြောင့်စစ်တပ်က ထောက်ပို့အဖွဲ့ဝင် ၂၇၀၀ ကျော်ရဲ့ အချက်အလက်တွေရရှိထားတယ်ဆိုတာ အခြေအမြစ်မရှိဘူးလို့ တုန့်ပြန်ထားပါတယ်။

"စစ်ကောင်စီက ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တစ်ဦး၏ စာရင်းများနှင့် အ
ခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အ
လက်များကို စုစည်းကာ PRF နှင့် ဆက်စပ်ပြီး ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။ တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့ကြသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းအပေါ် PRF အနေဖြင့် လေးနက်စွာ ဝမ်းနည်းစာနာပြီး ၎င်းတို့အ
တွက်တရားမျှတမှုရရှိရေးဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။" လို့ PRF က ဆိုပါတယ်။

အာဏာသိမ်းစစ်က ဒီလိုစွပ်စွဲမှုတွေပြုလုပ်တဲ့ရည်ရွယ်ချက်က PRF အပေါ်ပြည်သူတွေရဲ့ ယုံကြည်မှုပျက်ပြားစေဖို့ နဲ့ တော်လှန်ရေးရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ဖြစ်တယ်လို့ PRF က သုံးသပ်ထားပါတယ်။
ဒါ့အပြင် လက်ရှိဖမ်းဆီးခံထားရသူတွေကို ထပ်တိုးအမှုဆင်ဖို့ ကြိုးစားတာဖြစ်နိုင်တယ်လို့လည်း​ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ပြည်သူတွေရဲ့ ငွေ‌ကြေးအ
ချက်အလက်တွေကို စစ်ကောင်စီကို ပေးအပ်ခဲ့တဲ့ Wave Money နဲ့ သူတို့ရဲ့ပင်မကုမ္မဏီ ရိုးမဘဏ်ကိုအကြမ်းဖက်မှုမှာအားပေးကူညီတဲ့အဖွဲ့အစည်းတွေအနေနဲ့ ပြင်းထန်စွာ ရှုတ်
ချတယ်လို့ PRF က ထုတ်ပြန်ထားပါတယ်။

PRFအနေနဲ့ လုံခြုံရေးအစီအစဉ်တွေကို ဆက်
လက်တိုးမြှင့်ဆက်လက်တိုးမြှင့်ဆောင်ရွက်နေပြီး ပြည်တွင်းက တော်လှန်ပြည်သူတွေ အနေနဲ့လည်း ဖုန်းနဲ့ငွေလွှဲမှတ်တမ်းတွေကို အထူးသတိပြုကာလုံခြုံရေးဂရုစိုက်ဖို့တိုက်
တွန်းထားပါတယ်။

"ပြည်ပရောက်ပြည်သူများအနေဖြင့် ပြည်
တွင်းရှိ ညီအစ်ကိုမောင်နှမများ၏ နေရာကို ဖြည့်ဆည်းကာ ပိုမိုပါဝင်ပံ့ပိုးကြပါရန် လေး
စားစွာ တိုက်တွန်းအပ်ပါသည်"လို့ PRF ကဖိတ်ခေါ်ထားပါတယ်။

PRF အစီအစဉ်ကို ၂၀၂၁ ကတည်းက တော်
လှန်ရေးရန်ပုံငွေအတွက်စတင်ခဲ့တာဖြစ်ပြီး PRF ရဲ့ တရားဝင် Website ကိုတော့ စက်တင်
ဘာ ၇ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဒီWebsite မှာ အဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကို ဖော်ပြထားတာမရှိဘဲ လစဉ်ပါဝင်​ထောက်ပို့နေတဲ့ အဖွဲ့ဝင်အရေအတွက် နဲ့ ရရှိတဲ့ငွေပမာဏတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင်စစ်တပ်ရဲ့ သတင်းတွေဖော်ပြပေးနေတဲ့ စစ်တပ်ထောက်တိုင်မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ Website အစစ်မဟုတ်ဘဲ စစ်
တပ်က ဖန်တီးထားတဲ့ အတုအယောင် Website ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူဦးနေဘုန်းလတ်က ဒီနေ့ မနက်မှာ သူ့ရဲ့ တွေ့ရှိချက်ကို လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။

စစ်တပ်က စက်တင်ဘာ ၂၈ ရက်မှာ ပြည်သူ ၆၀ကျော်သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်ကဈေးကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက် PRF နဲ့ပတ်
သက်တဲ့ အကြောင်းအရာကို ထုတ်ပြန်တာက ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာဖြစ်နိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ်ထားပါတယ်။

PRF အနေနဲ့ ၂၀၂၁ ဒီဇင်ဘာကနေ ၂၀၂၅ စက်တင်ဘာအထိ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သိန်း ၃၀၀ ကျော်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက PRF အတွက်ပါဝင်သူ ၁၈၆၁၈ ယောက်ရှိပြီး အမေရိကန်ဒေါ်လာ ၆သိန်းနီးပါးရရှိခဲ့ပါတယ်။ စက်တင်ဘာလမှာလည်း ပါဝင်သူ ၁၆၈၉၄ ယောက်ရှိပြီး အမေရိကန်ဒေါ်လာ ငါးသိန်းခွဲနီးပါး ရရှိထားတယ်လို့ PRF ရဲ့ Website မှာဖော်ပြထားပါတယ်။
👍47❤7🥰3🤣2🖕2👎1💩1
👍41🥰7🤣4💩2🤮1🥴1🖕1
●ကဗျာ

မလွတ်မြောက်နိုင်သော ရာဇဝတ်မှု

■သီဟံ

သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။
မြင်ခဲ့တယ်။
သိခဲ့တယ်။

အဲဒီလမ်းတွေပေါ်မှာ
စစ်သားမဟုတ်တဲ့၊
လက်နက်မကိုင်တဲ့
အရပ်သားပြည်သူတွေ၊
ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။

အဲဒီဈေးတန်းထဲမှာ –
အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာ
လက်ထဲမှာ ဈေးခြင်းတောင်းတွေ၊
ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊
စစ်ပွဲရဲ့အရိပ်မဲအောက်မှာ
ရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာ
သူတို့ သိခဲ့တယ်။

ဆေးရုံထဲမှာ –
လက်နက်မကိုင်တဲ့ လက်တွေ၊
တိုက်ခိုက်ဖို့ မဟုတ်ဘဲ
အသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာ
ရှိနေတယ်ဆိုတာလည်း
သူတို့ သိခဲ့တယ်။

စစ်ရှောင်စခန်းမှာ –
သေနတ်တစ်လက်မရှိ၊
အပ်တစ်ချောင်းတောင် မရှိတဲ့
စစ်ရဲ့ဒဏ်ရာတွေကို ထမ်းထားရသူတွေ၊
အိုးအိမ်ပျောက်လို့ ခိုလှုံနေကြသူတွေဘဲ
ရှိနေတယ်ဆိုတာလည်း
သူတို့ သိခဲ့တယ်။

အဲဒီကျောင်းခန်းထဲမှာ –
လွယ်အိတ်တစ်လုံးနဲ့
စာအုပ်တချို့သာ ပိုင်ဆိုင်ထားပြီး
အနာဂတ်အိပ်မက်တွေကို ကြိုးစားဆုပ်ကိုင်ထားကြတဲ့ ကလေးတွေ
စာသင်နေကြတယ်ဆိုတာလည်း
သူတို့ သိခဲ့တယ်။

သူတို့ မသိခဲ့တာ မဟုတ်ဘူး။
သိခဲ့တယ်။
သိရက်နဲ့ပဲ
လူ့အသက်တွေကို ပစ်မှတ်အဖြစ်
ရွေးချယ်ခဲ့တယ်။

ဆေးရုံနဲ့ စာသင်ကျောင်းကို
စစ်မြေပြင်လို့ သတ်မှတ်တဲ့သူ၊
စစ်ရှောင်စခန်းကို
ရန်သူ့နယ်မြေလို့ သ‌ဘောထားတဲ့သူ၊
ဈေးတန်းကို
ပစ်မှတ်အဖြစ် ရွေးချယ်တဲ့သူဟာ
ယူနီဖောင်းဝတ်ပြီး စစ်သားဖြစ်နိုင်ပေမဲ့
လူသားလို့တော့ မခေါ်ထိုက်ဘူး။

သွေးနဲ့ ရေးထားတဲ့ အမိန့်တွေဟာ
အောင်ပွဲမှတ်တမ်း ဘယ်တော့မှ မဖြစ်ဘူး။
သမိုင်းစာမျက်နှာမှာ
စစ်ရာဇဝတ်မှုဆိုတဲ့ စကားလုံးအောက်မှာပဲ
အမြဲတမ်း မြှုပ်နှံခံရလိမ့်မယ်။

ဒီနေ့ လောင်ကျွမ်းသွားတဲ့ မြို့တွေဟာ
မနက်ဖြန်မှာ သက်သေတွေ ဖြစ်လာပြီး
ဒီနေ့ သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ သွေးစက်တွေဟာလည်း
တရားမျှတမှုကို တောင်းဆိုတဲ့
ရာဇဝတ်ခုံရုံးရဲ့ အနီရောင် လက်မှတ်တွေ ဖြစ်လာလိမ့်မယ်။

အကြမ်းဖက်မှုက
အာဏာကို ခဏပေးနိုင်ပေမယ့်
လူသားဆန်မှုကိုတော့ ဘယ်တော့မှ မနိုင်ဘူး။

အပြစ်မဲ့ပြည်သူတွေအပေါ်
ကျရောက်တဲ့ ဗုံးတစ်လုံးတိုင်းဟာ
ကျူးလွန်သူတွေရဲ့ နာမည်နဲ့အတူ
တစ်နေ့ သူတို့ရဲ့ မျိုးဆက်များရှေ့၌
ရှက်ဖွယ်ရာ အမွေအဖြစ်
ရင်ဆိုင်ရမယ့် ရာဇဝတ်မှုတွေ ဖြစ်လာပါလိမ့်မယ်။
😢32👍14❤5🤣3🤮2👎1💩1🖕1
👍30🤬5😁3😢2🤣2🖕2👎1👌1
ကျောက်တော်မြို့စစ်တပ်ဗုံးကြဲမှု UNHCR မဟာမင်းကြီး ပြင်းထန်စွာရှုတ်ချ

စက်တင်ဘာ -၃၀ ၊၂၀၂၆။မိုမို/People's Spring

အရပ်သားပြည်သူ ၅၀ထက်မနည်းသေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်
ခိုက်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်
ရာ(UNHCR) မဟာမင်းကြီး ဖော်လ်ကာတာ့ခ်က ပြောပါတယ်။

ကျောက်တော်မြို့ဈေးတစ်ခု ဗုံးကြဲခံရမှုမှာ ကလေးသူငယ်‌တွေ၊အမျိုးသမီးတွေနဲ့ ဈေး
ရောင်းသူ၊ ဝယ်ယူသူတွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်သားတွေ အနည်းဆုံး ၅၀ ၀န်းကျင် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ၂၈ရက်နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူ၊ ဒိုင်းနက်စတဲ့လူနည်းစု အ
သိုင်းအဝိုင်းပေါင်းစုံက ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ရှိတဲ့ ဈေးအတွင်းမှာ အရပ်သားပြည်သူ အများအပြား သွားလာလှုပ်ရှားနေကြတဲ့ စည်ကားချိန်မှာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

“ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ်
သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုး
ရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားပါတယ်” လို့ တာ့ခ်က ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်ညပိုင်းအထိ မြေပြင်အချက် အလက်တွေအရ ကျောက်တော်မြို့ပေါ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၅၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးထိ ရှိလာပြီဖြစ်ပြီး ဒဏ်ရာပြင်းထန်ကာစိုးရိမ်ရသူ ၂၁ ဦး ရှိပါတယ်။

သေဆုံးသူတွေထဲမှာ ဇနီးမောင်နှံ၊မိသားစုလိုက် သေဆုံးသူတွေရှိသလို ကိုယ်ဝန်ဆောင်မိခင်၊ လသားအရွယ်ကလေးငယ်တွေနဲ့ ကျောက်တော်ဒေသခံရိုဟင်ဂျာတွေလည်း ပါဝင်နေပါတယ်။

“အလောင်းပိုင်ရှင်တွေတောင်မပေါ်၊ တချို့ကျတော့လည်း အလောင်းပိုင်ရှင်က ရောက်
လာတယ်။ ဘယ်သူကဘယ်သူမှန်းမသိ၊ အလောင်းကိုလည်း ခွဲလို့ မကွဲလိုက်တော့ဘူး။ အဲလို ပြဿနာတွေလည်းရှုပ်ထွေးသွားတယ်”လို့ ရခိုင်ဒေသခံစာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ဒေသတွင်းက မြို့နယ်တွေကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်လာပြီးနောက်ပိုင်း လေကြောင်းဗုံးကြဲကာအရပ်သားတွေကို အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်နေခဲ့ပြီး အဲဒီဗုံးကြဲ၊ သတ်ဖြတ်မှုတွေအနက် အခုကျောက်တော်ဗုံးကြဲမှုဟာ အရပ်သားသေဆုံမှုအများဆုံးဖြစ်စဉ် ဖြစ်ပါတယ်။

“ဒါကအသေအပျောက်အများဆုံးပါ။ဒါတွေကမင်းအောင်လှိုင်ရဲ့ယုတ်မာမှုတွေကို ဖော်ပြတဲ့သမိုင်းတွေပဲ။တချိန် မှာတော့ဒီကောင်တွေ ပြန်ခံရမှာပါ။ဒီကောင်တွေကိုအရေးယူနိုင်အောင် ကြိုးစားဖို့လိုပါတယ်”လို့ ရခိုင်ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်နေတဲ့ သတင်းတွေဆက်လက်ထွက်ပေါ်နေတာတွေကိုလည်း ကု လသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ထောက်ပြပါတယ်။

ကျောက်တော်မြို့နယ်အတွင်း တိုက်ခိုက်မှုဟာမလေးရှားနိုင်ငံကမြန်မာနိုင်ငံသား ၅,၀၀၀ခန့်ကို ပြည် နှင်ဒဏ်ပေးမယ့် အစီအ
စဉ်စတင်အကောင်အထည်ဖော်ဖို့ နာရီပိုင်းမျှအလိုမှာဖြစ်ပွားခဲ့တာလို့ သူက ဆိုပါတယ်။

မြန်မာ့အခြေအနေတွေ ပြင်းထန်ဆိုးရွားနေတာကြောင့် တစ်ဦးတစ်ယောက်ကိုမှ မြန်မာ
နိုင်ငံကို ပြည်နှင်ဒဏ်မပေးဖို့နဲ့ မလေးရှားအာဏာပိုင်တွေအနေနဲ့ ပြည်နှင်ဒဏ်ပေးမှု လုပ်ငန်းစဉ်ကိုချက်ချင်းရပ်ဆိုင်းဖို့လည်း သူ
က တောင်းဆိုပါတယ်။

"ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အနိုင်ကျင့်မှုတွေနဲ့ ပြည့်နှက်နေပြီး ပြန်
လည်ရောက်ရှိချိန်မှာ အရှက်မရှိ အကြမ်းဖက်မှုတွေကို ထပ်မံကြုံတွေ့ရဖို့ အမှန်တကယ် စိုးရိမ်နေရတဲ့ နိုင်ငံဆီ ဘာတစ်ခုမှ အတင်း
အဓမ္မ ပြန်မပို့သင့်တဲ့ အချိန်ဖြစ်ပါတယ်"လို့ တာ့ခ်က ပြောပါတယ်။

အသက်အန္တရာယ်ကို စိုးရိမ်ပြီး မြန်မာနိုင်ငံကထွက်ပြေးတိမ်းရှောင်လာကြတဲ့ထောင်ပေါင်း
များစွာသော ပြည်သူတွေကို ကာကွယ်စောင့်
ရှောက်မှုပေးရမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေတွေနဲ့အညီ ပြည်ပမှာခိုလှုံခွင့်နဲ့ အကာ
အကွယ်တောင်းခံခွင့်ဆိုင်ရာ သူတွေရဲ့ အခြေ
ခံလူ့အခွင့်အရေးတွေကိုစနစ်တကျထည့်
သွင်းစဉ်းစားပေးရမယ်လို့သူက တိုက်တွန်းပါတယ်။

ဒါ့အပြင် အတင်းအဓမ္မ ပြန်မပို့ရေးမူ (principle of non-refoulement) အရ ညှဉ်း
ပန်းနှိပ်စက်မှု၊ ကြီးလေးတဲ့ အန္တရာယ် ဒါမှမဟုတ် အခြား ကြီးလေးတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တဲ့ နိုင်ငံက ပြည်သူတွေပြန်လည်ပေးပို့ခြင်းကို အပြည်ပြည်ဆိုင်ရာ ဥပဒေက တားမြစ်ထားတယ်လို့ မနေ့က UNHCR ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
👍36❤12🤣5👎1🥰1🤬1💩1🖕1
ကျောက်တော်မြို့ စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - AA
😢35🤣3🔥2👏2🙏2👎1🤬1🎉1