People's Spring
60.2K subscribers
70.4K photos
1.21K videos
8 files
3.02K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(စစ်တပ်ရန်ကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ချောင်းဦးမြို့နယ်က ပြည်သူတွေကို ပြီးခဲ့တဲ့ ဇူလိုင်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
🤬23👍6🔥2👏2😢2😡1
မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ် အထိနာပြီး နောက်ပြန်ဆုတ်

ဩဂုတ်-၂၉၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

မိုးဗြဲမြို့အနောက်ဘက်ခြမ်းက လွယ်ယင်းတောင်ခြေအနီး ထိုးစစ်ဆင်ဖို့ ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဩဂုတ် ၂၇ ရက် နံနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကြောင်းထိုး ချဉ်းကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ဆယ်ဂဏန်းထက်မနည်းရှိခဲ့တာကြောင့် ဩဂုတ်၂၈ရက် ညပိုင်းမှာ လေကြောင်းပစ်ကူသုံးပြီး မိုးဗြဲမြို့တွင်းကို ပြန်ဆုတ်သွားရတာလို့ အသိပေးပါတယ်။

"၂၇ နဲ့ ၂၈ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စကမထိခိုက်သေဆုံးမှု့နဲ့အထိနာပြီး လေယဉ်ပြစ်ကူဖြင့်ပြန်ဆုတ်သွားတယ်"လို့ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

၂ရက်တာတိုက်ပွဲမှာ စစ်တပ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့တဲ့အပြင် ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နဲ့ လွိုင်လင်လေး အခြေစိုက်တပ်ရင်းတွေက ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ တစ်ရက်အတွင်း အလုံးရေ ၈၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က မနေ့က ထုတ်ပြန်ထားပါတယ်။

"ပြန်ဆုတ်သွာပြီ လို့ ကြားတယ်။ဒါပေမယ့် အချိန်မရွေး ပြန်ထိုးလာနိုင်တဲ့ အခြေအနေရှိတာကြောင့် စောင့်ကြည့်နေဆဲ"လို့ ရှမ်း-ကရင်နီပူးပေါင်းတပ် အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်အပါအ၀င် ဇွန်လကစပြီး စစ်တပ်ရဲ့ထိုးစစ်သုံးကြိမ်ရှိခဲ့ပြီး တော်လှန်ရေးတပ်တွေက ခုခံ နေကာ စစ်သုံ့ပန်း ၁ဦးဖမ်းမိပြီး ဒရုန်း ၃စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
👍427👏2🤣2😁1🖕1
33👍7🤣3👎1🖕1
ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းကြောင်း KTLA ထုတ်ပြန်

▪️တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

ဩဂုတ် ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ဆာကပေါ တပ်ရင်းကိုပါ အဖွဲ့ကနေ ဖယ်ထုတ်ကြောင်း ဩဂုတ် ၂၈ရက်မှာ KTLAက အမိန့် ထပ်မံ ထုတ်ပြန်ခဲ့တာပါ။

အခုလို ဆာကပေါတပ်ရင်းကို ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်တာဟာ ဗဟိုက အမိန့်ပေးခဲ့တဲ့ ဖြစ်စဉ်အချို့မှာ တပ်ရင်းက ဆောင်ရွက်ဖို့ ချွင်းချက်ရှိသွားလို့ ဖြစ်နိုင်တယ်လို့ ဆာကပေါ တပ်ရင်း(ကြယ်လင်းရောင်တပ်ရင်း) ပြန်ကြားရေးမှူး စောအယ်ဒိုက ပြောပါတယ်။

KTLA အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို ပြန်တိုက်ခိုက်ဖို့ တိုက်ရိုက်အမိန့်ပေးတာမျိုး မရှိပေမဲ့ အခင်းဖြစ်ကြတဲ့ အဖွဲ့ကို ကူဖို့ ပြောဆိုညွှန်ကြားတာရှိတယ်လို့ ပြန်ကြားရေးမှူးစောအယ်ဒိုက ရှင်းပြပါတယ်။ ဆာကပေါတပ်ရင်းတည်ရှိရာ KNU မြိတ်ထားဝယ်ခရိုင်မှာ KTLA ဗိုလ်ကော်လာဖိုးအဖွဲ့ဟာ KNLAနဲ့ ပြဿနာဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ကော်လာဖိုးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် KNLA အရာရှိအပါအဝင် တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

KTLA ဗဟိုအနေနဲ့ ကရင်တပ်အချင်းချင်း ပြန်တိုက်ဖို့ အမိန့်ပေးတာ ရှိမရှိ မေးမြန်းရာ ဆာကပေါတပ်ရင်း ပြန်ကြားရေးမှူး စောအယ်ဒိုက “အဲဒီလို တိုက်ရိုက်မရှိပါဘူး။ ရှိလည်း ကျနော်တို့က မတိုက်ပါဘူး။ဘုံရန်သူကိုပဲ တိုက်မယ်ဆိုပြီး ပြည်သူကို ပြောထားတာမို့ တော်လှန်ရေး အဖွဲ့အချင်းချင်း တိုက်ဖို့ အတွက် ဘယ်သူ အမိန့်ပေးပေး မပေးပေး ကျနော်တို့ မတိုက်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိ ဆာကပေါ တပ်ရင်းအနေနဲ့ လမ်းတူတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စောအယ်ဒိုက အသိပေးပါတယ်။

“ကရင်လူမျိုးတင်မက မြန်မာ တပြည်လုံးလွတ်မြောက်ဖို့ပဲ တော်လှန်ရေး လုပ်နေတာမို့ ပြည်သူသဘောကို ဘယ်တော့မှ မဆန့်ကျင်ဘဲ ဆက်လက် ပူးပေါင်းတော်လှန်သွားမယ်လို့ သတင်းစကားပါးချင် ပြောချင်ပါတယ်” စောအယ်ဒို က ပြောကြားပါတယ်။

KTLAက အဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့ဆာကပေါ တပ်ရင်းဟာ KNU မြိတ်ထားဝယ်ခရိုင် KNLA တပ်မဟာ(၄) တပ်ရင်း ၁၂နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗိုလ်နယ်ဒါးမြလက်အောက်ခံ KTLA တပ်အချို့ကဟာ KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်မှာ KNLA တပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။အထူးသဖြင့် တပ်မဟာ(၄)နယ်မြေထဲ လှုပ်ရှားနေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ KNLA ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။

KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။
20👍15😁3🥰2🥴2🔥1🤣1
👍31🥰2🥴21🤮1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာဆက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် တောင်းဆို

ဩဂုတ်-၂၉၊၂၀၂၆။မိုမို/People's Spring

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)၊ ကိုယ်စားလှယ်-အရည်အချင်း စစ်ကော်မတီ (Credentials Committee) နဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကိုယ်စားပြုခွင့် ကြိုးပမ်းမှုတွေကို လုံးဝပယ်ချပြီး ပြည်သူ့ဆန္ဒနဲ့အညီ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ တရားဝင်သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြု လက်ခံသွားဖို့လည်း တိုက်တွန်းထားပါတယ်။

"စစ်အုပ်စုကလည်း ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားနေတယ်။ စစ်အုပ်စုဘက်ကသာ ကိုယ်စားပြုခွင့်ရသွားရင် ပြည်သူတွေ ပိုပြီး ဒုက္ခရောက်မှာပါ။ စစ်အုပ်စုက သူတို့ အတုအယောင်ရွေးကောက်ပွဲက တက်လာတဲ့အစိုးရကို တရားဝင်မှုရဖို့ ကြိုးစားနေတာ ဖြစ်လို့ စစ်အုပ်စုဘက်က မရဖို့ လိုပါတယ်"လို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေထဲက ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ကောင်စီ(KSCSC-CDM) တာ၀န်ရရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကုလကိုယ်စားပြုခွင့်ကို ဦးကျော်မိုးထွန်း ဆက်လက် ရမှပဲ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေအတွက် အကာ အကွယ် ဆက်လက်ရရှိလိမ့်မယ်လို့ သူက အသိပေးပါတယ်။

ဒါ့ကြောင့် tခုတောင်းဆိုမှု ထုတ်ပြန်ချက်အပါအ၀င် နိုင်ငံတကာ သံရုံးတွေ၊ UN ရုံးနဲ့ UN တာဝန်ရှိသူတွေ ဆီကိုလည်း Email ပေးပို့ကာ ရှမ်း၊ကချင်၊ကရင်နီ၊မွန်၊ရန်ကုန်၊မန္တလေး၊ပဲခူးနဲ့ စစ်ကိုင်းက CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ဆန္ဒကို တောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်က နိုင်ငံအာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့အချိန်ကစပြီး ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ကာ နွေဦးတော်လှန်ရေးနဲ့ ပြည်သူတွေရဲ့အသံကို နိုင် ငံတကာစင်မြင့်ထက်မှာ ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုပေးနေသူလို့ တောင်းဆိုချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် “ပြည်သူ့ထံမှ အပ်နှင်းထားသောတာဝန်နှင့် ဒီမိုကရေစီစံနှုန်းများကို သစ္စာရှိစွာ စောင့်သိထိန်းသိမ်းရင်း ပြည်သူနှင့် အတူ ခိုင်မာစွာ ရပ်တည်ခဲ့သည့် တရားဝင် ကိုယ်စားလှယ်”အဖြစ် ဦးကျော်မိုးထွန်းက ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းကတဆင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့လုပ်ရပ်နဲ့ အကြမ်းဖက်မှုတွေကို ဖော်ထုတ်တာ၊ ပြည်သူလူထုအပေါ် နေ့စဉ်နဲ့ အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေကို တင်ပြနိုင်တာလို့ အသိပေးပါတယ်။

မြန်မာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကိုကိုယ်စားပြုတဲ့တစ်ဦးတည်းသော သံတမန်ဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေရာဖယ်ရှားဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုမှန် သမျှကို ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက်အနေနဲ့ ပြင်းထန်စွာကန့်ကွက် ရှုတ်ချတယ်လို့လည်း တောင်းဆိုချက်မှာ ပါရှိပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အဆုံးထိတိုင် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက်က ကတိပြုထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် လူမှုကွန်ယက်စာမျက် နှာတချို့မှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ကနေ ဖယ်ရှားဖို့ အခုရက်ပိုင်းထဲ ဖြန့်ဝေမှုတွေရှိနေပါတယ်။

အဖွဲ့ဝင် ၉နိုင်ငံပါဝင်တဲ့ အရည်အချင်းစစ်ကော်မ တီ(Credentials Committee)ဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တင်သွင်းမှု(၂)မျိုး လက်ခံရရှိထားတဲ့အပေါ် ရွေးချယ်ခန့်အပ်မှုအတွက် စဥ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားမယ်လို့ ဆုံးဖြတ်ခဲ့သလို မနှစ်က ဒီဇင် ဘာ ၁၂ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးကလည်း Credentials Committee ရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ တူညီဆန္ဒနဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် အတည်ပြုခဲ့ပါတယ်။

သံတမန်စိစစ်ရေးကော်မတီ(Credentials Commmittee)ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းတာပါ။ အမေရိကန်၊ ရုရှားနဲ့ တရုတ် စတဲ့ ၃နိုင်ငံက နှစ်စဥ်ပါလေ့ရှိပါတယ်။
👍3715🤮1🤣1🖕1
(ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိဖို့ နယူး​ယောက်မြို့မှာ ကမ်ပိန်းလုပ်တောင်းဆိုနေစဉ်။ ဓာတ်ပုံ − သုတချမ်းသာ)
45👍13😁3🤮1🖕1
■ရုပ်ရှင်ခံစားမှု

အမေနဲ့ ထမင်းလက်ဆုံံစားခြင်း
Number One(၂၀၂၆)

ဝဇီရာ/People's Spring

ဟာမင်တို့မိသားစုမှာ မိခင်ဖြစ်သူရယ် အကိုရယ်ဆိုပြီး မိသားစုဝင် ၃ ယောက်ရှိပါတယ်။ ဖခင်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။ တစ်ရက်တော့ အကို ကျောင်းသွားကာနီး အမေက သူချက်ထားတဲ့ဟင်း​လေးနဲ့ ဇွတ်ခွံ့ကျွေးနေတယ်။အကိုဖြစ်သူဟာ ကပျာကယာနဲ့ ကျောင်းသွားခဲ့တယ်။ နောက်တော့ အကိုဖြစ်သူ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့တယ်။

ဟာမင်က အမေ့ကို အပြစ်တင်တယ်။ အမေ ဇွတ်ကျွေးနေလို့ အကိုသေရတာတဲ့။ မိခင်ဖြစ်သူခမျာ စိတ်ဒဏ်ရာ ရသွားတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ အဖြစ်အကြုံတစ်ခုနဲ့ ဟာမင်ကြုံရပါတယ်။ အဲဒါကတော့ သူ့အမေ ချက်ကျွေးတဲ့ ထမင်းကို စားလိုက်တိုင်း သူ့မျက်စိရှေ့မှာ ကိန်းဂဏန်းတွေ ပေါ်လာပြီး ထမင်းတစ်ခါစားတိုင်း အဲဒီဂဏန်းက တစ်ခုစီ လျော့သွားတာပါပဲ။

​အဲဒီနောက် အိပ်မက်ထဲမှာ ဆုံးပါးသွားတဲ့ သူ့အဖေဆီကနေ အဲဒီဂဏန်းတွေ သုညရောက်သွားတဲ့အခါ သူ့အမေ သေဆုံးသွားလိမ့်မယ်ဆိုတဲ့ အကြောင်းကို သိရှိသွားပါတယ်။ အဲဒီလို မိခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်ချင်တဲ့အတွက် ဟာမင်တစ်ယောက် အမေချက်ကျွေးတဲ့ ထမင်းတွေကို ရှောင်ရှားဖို့ ကြိုးစားပါတော့တယ်။

နောက်တော့ သူ မြို့ပေါ်တက်ပြီး အလုပ်လုပ်တယ်။ အမေချက်ကျွေးတာတွေ မစားရတော့ ဂဏန်းတွေလည်း ပေါ်မလာတော့ဘူး။ တရက်တော့ သူနေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ သူ့မှာ အစာအိမ်ကင်ဆာဖြစ်နေတာ သိလိုက်ရတယ်။ သူကောင်မလေးကို ရောဂါကိစ္စမပြောဘဲ မုန်းတီးသွားအောင်ပြောလိုက်တယ်။ ပြီးတော့ အလုပ်ကနေခွင့်ယူပြီး မိခင်ဆီ ပြန်လာခဲ့တယ်။

မိခင်ဆီရောက်တော့ သူမသေခင် အမေချက်တာတွေ အားရပါးရစားပါတော့တယ်။ မိခင်ကလည်း ပထမတော့ သားပြန်ရောက်လာတော့ ပျော်သွားပေမဲ့ သားရောဂါကိစ္စလည်း သိရော ကြေကွဲတော့တာပေါ့။ သားကို ခွဲစိတ်ကုသမှုခံယူဖို့ပြောတယ်။ သားကခေါင်းမာတယ်။ မခွဲဘူးတဲ့။ မိခင်က ဒူးထောက်တောင်းပန်ရှာတယ်။ ကိုယ့်သားသမီး ကိုယ့်ထက်အရင် ထွက်ခွာသွားတဲ့ခံစားမှုကို မင်းမသိပါဘူးတဲ့။ ဟာမင်ရဲ့ နောက်ဆုံးရက်တွေကလည်း တဖြည်းဖြည်းနီးကပ်လာတဲ့အခါ....

ကျနော်တို့ အားလုံးရဲ့ မိခင်တွေဟာ ဟာမင်ရဲ့ မိခင်လိုပဲ သူတို့ ချက်ထားတာလေးတွေ သူတို့သားသမီးတွေ အားရပါးရစားတာကို သိပ်​မြင်ချင်ကြတယ်။ "စားလို့ကောင်းလိုက်တာအမေ"လို့များ ပြောလိုက်ရင် အမေတွေရဲ့မျက်နှာ သကာရည်လောင်းထားသလို ချိုလို့မြလို့ပေါ့။

ဟာမင်ရဲ့ ရည်းစားဖြစ်သူ ကောင်မလေးကလည်း သူ့ကောင်လေးကို ထမင်းဟင်းချက်​ပြုတ် ကျွေးတဲ့အခါ သူ့ကောင်လေး အားရပါးရစားနေတာကိုမြင်ရတာ သိပ်ကျေနပ်စရာကောင်းတာပဲတဲ့။ အမျိုးသမီးတွေဟာ ကိုယ့်သားသမီးအပေါ် ကိုယ့်အိမ်သားအပေါ် ချက်ပြုတ် ကျွေးမွေးလိုလှပြီး သူတို့တွေ အားပါးတရစားနေရင် သိပ်ကိုကျေနပ်ကြတာ အမှန်တရားပါ။ သိပ်ကြိုက်တာပဲဆိုရင် ချက်ပြုတ်ထားရလို့ ပင်ပန်းထားသမျှ အကုန်ယူပစ်သလို ပျောက်ကင်းကုန်ကြတာပါပဲ။

ဒါပေမဲ့ အဲဒီလို မိသားစု ထမင်းဝိုင်းလေးတွေဟာ အချိန်အကန့်အသတ်တော့ ရှိပါတယ်။ လေးယောက်ရှိတဲ့ ထမင်းဝိုင်း နှစ်ယောက်ဖြစ်သွားနိုင်သလို နောင်တချိန် တစ်ယောက်တည်းလည်း ဖြစ်သွားနိုင်တာပါပဲ။ ကျွန်တော်တို့နိုင်ငံလို မိသားစုတကွဲတပြားစီ နေကြရတဲ့၊ သေကွဲရှင်ကွဲ အမျိုးစုံအောင် ကွဲကွာနေကြရတဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ မိသားစုတူတူ ထမင်းလက်ဆုံ စားခွင့်အင်မတန်မှ နည်းပါးလှတယ်။

အခုဆိုရင် မိခင်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းကြောင့်လည်း ကိုယ့်သားကလေးတွေအတွက် ရင်တမမနေကြရတယ်။ တော်လှန်ရေးကာလအစောပိုင်းကတည်းက PDF ထဲရောက်သွားတဲ့ သားတွေရဲ့မိခင်​​​တွေဆို ဘယ်လိုများနေမလဲ။ ကိုယ့်ထက်အရင် ကိုယ့်သားသမီးက လောကထဲကနေ အရင်ထွက်သွားခဲ့တဲ့ခံစားမှုကရော ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲ။ ဒီခေတ်လောက် မိခင်တွေသောကများတဲ့ကာလ ရှိပါဦးမလားမသိ။ လူမစုံတော့တဲ့ ထမင်းဝိုင်းလေးတွေ တရက်ထက်တရက် ပိုပိုများလာလိုက်တာများ....။ ။
👍227😢2🖕2🤮1
👍20😢2🥰1🤮1🖕1
ရန်ကုန်မှာတစ်ပတ်ကြာပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ဘောလုံးသမားကိုပြန်တွေ့

■လူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့်​​ အမြန်လမ်းတ​နေရာမှသွား​ခေါ်ခဲ့ရဟုစုံစမ်းသိရ

သြဂုတ် ၂၉၊၂၀၂၆။သုည/People's Spring

ရန်ကုန်မြို့မှာ ဖူဆယ်ဘောလုံးပွဲကြည့်ရှုပြီး အဆောင်ကိုပြန်လာစဉ် တစ်ပတ်ကြာ အ
ဆက် အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ကို ပြန်တွေ့ပြီ ဖြစ်​ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၉) မှာ ထုတ်ပြန်ပါတယ်။

အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး အပြန်ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်ပိုင်း အဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်မှ စတင်ကာ ဩဂုတ် ၂၇ ရက်အထိ (၅) ရက်တိုင် အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာ သြဂုတ် ၂၉ ရက်မှာ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Pa Lung ဟာ မိခင်ကျန်းမာရေး အရေးပေါ်ကြောင့် နေရပ်ပြန်သွားရာမှ ခရီးလမ်းမှာ ဖုန်းအားကုန်သွားတာနဲ့ ဆက်သွယ်ရေးအခက်
အခဲတွေကြောင့် အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ အသင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အသင်းကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စိတ်
ပူပန်သူအားလုံး စိတ်အေးချမ်းသာနိုင်ပြီ ဖြစ်ကြောင်း ချင်းလန်းအသင်းက ဆိုပါတယ်။

ယင်းဖော်ပြချက်ကို ပြည်သူတွေက မယုံကြည်ဘဲ ရန်ကုန်နဲ့ ချင်းပြည်နယ် မတူပီကို လမ်းခရီးအခြေအနေအရ တစ်ပတ်အတွင်း သွားလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်က ပေါ်တာဆွဲရာမှ ပြန်လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။

Pa Lung ကို အမြန်လမ်းတနေရာမှ သွားပြ​န်ခေါ်ခဲ့ရတယ်လို့လည်း ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းအချို့ ဆိုပါတယ်။

"နေပြည်တော်ဘက်သွားတဲ့ အမြန်လမ်းတနေရာကနေ သွားခေါ်ခဲ့ရတယ် ကြားတယ်။ အတိအကျတော့ မပြောတတ်ဘူး။ လူတစ်စု ဖမ်းခေါ်သွားတယ်လို့ပဲ သိရတယ်" လို့ ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်က​ပေါ်တာဆွဲတာကို ပျူ​စောထီး​တွေ၊လူမိုက်​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ၊ရဲနဲ့စစ်သား​တွေက အဓိကလုပ်​နေကြတာဖြစ်ပါတယ်။​ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစု​ဆောင်းရသူ​​တွေကို ပြန်လည်​ရောင်းချတဲ့​ဈေးကွက်လည်းရှိ​နေပြီး ကျပ်သိန်းဆယ်ဂဏန်းက​နေ၊သိန်းရာနဲ့ချီပြီးအထိ ရှိ​နေတယ်လို့စုံစမ်းသိရပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်
ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်တပ်က စစ်သားသစ်​တွေကိုသာအဓိကအသုံးပြု​​နေပြီး​သေဆုံဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ​တွေလည်းများ​နေပါတယ်။ဒါ​ကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာ​တွေ စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ ပိုမိုပြုလုပ်​နေပါတယ် ။ဒါ​ကြောင့်​တော်လှန်​ရေးတပ်​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်သတိပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ပြည်သူ​တွေကိုတိုက်တွန်းထားပါတယ် ။
25👍9🔥5😁2🥰1👏1
တစ်ပါတ်ကြာ​ပျောက်​နေပြီး ပြန်​တွေ့ပြီဆိုတဲ့ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung။ဓာတ်ပုံ-ချင်းလန်းအက်ဖ်စီ
20👍14🤔2🤮2🥰1👏1
■​ဆောင်းပါး

မြေရှား | Rare Earth Watch

တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ ?

- မဲခေါင် ရေးသားသည်။

CBC News ရဲ့ “About That” အစီအစဉ်မှာ “တရုတ်နိုင်ငံက အမေရိကန်ကို မြေရှားသတ္တုပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရခဲ့သလဲ” ဆိုတဲ့ မေးခွန်းကို အခြေခံပြီး၊ လက်ရှိ ကမ္ဘာ့နည်းပညာနဲ့ ကာကွယ်ရေး ကဏ္ဍမှာ အရေးပါနေတဲ့ မြေရှားသတ္တုတွေကို တရုတ်က ဘယ်လို ထိန်းချုပ်နိုင်ခဲ့ သလဲဆိုတာ စိတ်ဝင်စားဖွယ် ခွဲခြမ်းရှင်းပြထားပါတယ်။

အဆိုပါအစီအစဉ်မှာ ဆွေးနွေးထားတဲ့ အဓိကအချက်တွေကတော့ —

၁။ တရုတ်နိုင်ငံက ဘယ်လို အနိုင်ရခဲ့သလဲ ? (ချုပ်ကိုင်နိုင်ရခြင်းအကြောင်းရင်း)

တရုတ်က ဒီနေ့ မြေရှားလောကရဲ့ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာတာဟာတစ်ညတည်းနဲ့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။

မြေရှားကဏ္ဍကို နှစ်ပေါင်းများစွာ စနစ်တကျ ရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့် ယနေ့မှာ ကမ္ဘာ့မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်ခြင်းဖြစ်ပါတယ်။

ဒီအတွက် နှစ်ပေါင်းများစွာ ကြိုတင်စီမံကိန်းချပြီး အစိုးရက ဦးဆောင်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အနောက်နိုင်ငံအများစုဟာ မြေရှားတူးဖော်ရေး ဆိုတာ ပတ်ဝန်းကျင်ညစ်ညမ်းမှုများတယ်၊ အမြတ်အစွန်းလည်း မကောင်းဘူးဆိုပြီး စိတ်ဝင်စားမှု လျော့နည်းနေချိန်မှာတရုတ်ကတော့အဲဒီကဏ္ဍကို အနာ
ဂတ်အတွက် မဟာဗျူဟာမြောက်စက်မှုလုပ်
ငန်းတစ်ခုအဖြစ် သတ်မှတ်ပြီး တိတ်တဆိတ် တည်ဆောက်နေခဲ့ပါတယ်။

သတ္တုတွင်းတူးဖေါ်ခြင်းလုပ်ငန်းတစ်ခုထဲ မ
ဟုတ်ဘဲ သတ္တုသန့်စင်ရေး၊ ခွဲထုတ်ရေးကနေ နောက်ဆုံး အားကောင်းတဲ့ သံလိုက် (NdFeB Magnet)ထုတ်လုပ်တဲ့အထိ "Mine-to-Magnet"လို့ခေါ်တဲ့ထောက်ပံ့ရေးကွင်းဆက်(Supply Chain)တစ်ခုလုံးကိုကိုယ်
တိုင် ထိန်းချုပ်နိုင်အောင် တည်ဆောက်ခဲ့ပါတယ်။

အဲဒီ ဆယ်စုနှစ်များစွာ ကြိုတင်ပြင်ဆင်ခဲ့တဲ့ မဟာဗျူဟာကြောင့်ပဲဒီနေ့ကမ္ဘာ့မြေရှားထုတ်
လုပ်မှုရဲ့ ၇၀ရာခိုင်နှုန်းခန့်ကိုတရုတ်က ထိန်း
ချုပ်ထားနိုင်ပြီး၊ ဒီသတ္တုတွေကို အခြေခံတဲ့ ကမ္ဘာ့နည်းပညာနဲ့ စက်မှုလုပ်ငန်းတွေအတွက် သြဇာအရှိဆုံးနိုင်ငံ ဖြစ်လာခဲ့တာပါ။

၂။ မြေရှားသတ္တုများရဲ့ မဟာဗျူဟာမြောက် အရေးပါမှု

မြေရှားသတ္တု ၁၇မျိုးကိုခေတ်သစ်နည်းပညာ
လောကရဲ့ "ဗီတာမင်" လို့တောင် တင်စားကြပါတယ်။ အကြောင်းကတော့ ပမာဏနည်းနည်းလေးသာ သုံးရပေမယ့် မပါလို့မဖြစ်တဲ့ အခန်းကဏ္ဍမှာ ရှိနေလို့ပါ။

စစ်ဘက်ဆိုင်ရာ တိုက်လေယာဉ်တွေ၊ တိကျ
စွာ ပစ်မှတ်ထိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေ၊ ရေဒါ စနစ်တွေမှာ အသုံးပြုတဲ့ အားအလွန်ကောင်းတဲ့ သံလိုက်တွေကို ထုတ်လုပ်ဖို့ ဒီသတ္တုတွေ မရှိမဖြစ် လိုပါတယ်။

စစ်ရေးတင်မကဘဲ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေ၊ လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ် တာဘိုင်တွေနဲ့ အဆင့်မြင့် နည်းပညာသုံး ကိရိယာအများစုအတွက်လည်း မြေရှားသတ္တုတွေက အဓိကကျပါတယ်။

၃။ အမေရိကန်အတွက် အန္တရာယ်နှင့် လွှမ်းမိုးမှု

တရုတ်ကမြေရှားသတ္တုလောကကိုအဓိက ထိန်းချုပ်ထားနိုင်တာကြောင့် အမေရိကန်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာပါတယ်။ အထူးသဖြင့်နှစ်နိုင်ငံကြားပထဝီနိုင်ငံရေး တင်းမာမှုတွေ ဖြစ်လာတဲ့အချိန်မှာ တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ကန့်သတ်တာမျိုးနဲ့ ဖိအားပေးနိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဒီအခြေအနေက မြေရှားဟာ သာမာန်သတ္တုတမျိုးသာ မဟုတ်ဘဲ နိုင်ငံတွေရဲ့ နိုင်ငံရေး၊ နည်းပညာ၊ စီးပွားရေးနဲ့ လုံခြုံရေးကိုပါ သက်
ရောက်နိုင်တဲ့ အရေးကြီးတဲ့ အင်အားတစ်ခု ဖြစ်လာနေပြီဆိုတာ ပြသနေပါတယ်။

တရုတ်က မြေရှားသတ္တု တင်ပို့မှုကို ကန့်
သတ်လိုက်တဲ့အခါ အကျိုးသက်ရောက်မှုက အမေရိကန်ရဲ့ ကာကွယ်ရေးလုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ မော်တော်ယာဉ် ထုတ်
လုပ်ရေးလုပ်ငန်းတွေမှာ ချက်ချင်း ခံစားရစေပါတယ်။ (ဥပမာ - Ford လို ကားကုမ္ပဏီကြီးတွေတောင် ထုတ်လုပ်မှုအချို့ကို ရပ်နားခဲ့ရတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်)။ ဒီဖြစ်ရပ်က မြေရှားသတ္တု ထောက်ပံ့ရေး ကွင်း
ဆက်ကို ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာဟာ စက်မှုလုပ်ငန်းတွေအတွက် ဘယ်
လောက် အရေးကြီးကြောင်းထင်ရှားစွာပြသလိုက်တာပါပဲ။

အမေရိကန်အနေနဲ့ တရုတ်ကို မှီခိုနေရမှုကနေလွတ်မြောက်အောင်ကြိုးပမ်းနေပေမယ့်လည်းနည်းပညာ၊ပတ်ဝန်းကျင်ဆိုင်ရာ စည်း
မျဉ်းများနဲ့ ကုန်ကျစရိတ်တွေကြောင့် ပြည်
တွင်းမှာ ထုတ်လုပ်မှု တည်ဆောက်ဘို့ဆိုရင် နှစ်ပေါင်းများစွာကြာမြင့်ဦးမည်ဖြစ်ပါတယ်။

၄။ တရုတ်ရဲ့ စွမ်းအင်အချုပ်အခြာအာဏာ

တရုတ်ရဲ့ မဟာဗျူဟာထဲမှာ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချပြီး စီးပွားရေးစနစ်တစ်ခုလုံးကို လျှပ်စစ်အခြေ
ပြုစနစ် (Electrification) အဖြစ် တဖြည်း
ဖြည်း ပြောင်းလဲနေခြင်း ဖြစ်ပါတယ်။

တရုတ်က လျှပ်စစ်အခြေပြုစနစ်ကို အားပေးလာရတဲ့ အဓိကအကြောင်းရင်းက စွမ်းအင်လုံခြုံရေး (Energy Security) နဲ့ ဆက်စပ်နေပါတယ်။ တရုတ်ဟာ ရေနံလိုအပ်ချက်အများစုကို ပြည်ပကနေ တင်သွင်းနေရပြီး၊အဲဒီရေ
👍15👎2🤮21🥰1🖕1
နံတွေ ဖြတ်သန်းလာတဲ့ မလက္ကာရေလက်
ကြား (Strait of Malacca) လို အရေးကြီးတဲ့ ရေလမ်းကြောင်းတွေ ပိတ်ဆို့ခံရခဲ့ရင် စီးပွား
ရေးအပေါ် ကြီးမားတဲ့ထိခိုက်မှုဖြစ်နိုင်ပါတယ်။

ဒါကြောင့် တရုတ်က ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်စွမ်းအင်ကို အခြေခံတဲ့ စနစ်တွေကို ဦးစားပေးတည်ဆောက်ပြီး ရေနံအ
ပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒီမဟာဗျူဟာရဲ့ ရလဒ်ကတော့ လျှပ်စစ်ကား ကဏ္ဍမှာ ထင်ရှားစွာ တွေ့မြင်ရပါတယ်။ ယ
နေ့မှာတရုတ်ဟာကမ္ဘာ့လျှပ်စစ်ကား ထုတ်
လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ဦးဆောင်ထားပြီး၊ ဘက်ထရီ နည်းပညာ၊ ထုတ်လုပ်ရေးစက်ရုံတွေနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေမှာလည်း အားကောင်းတဲ့ အနေအထားကို ရရှိထားပါတယ်။ ၂၀၂၅ ခုနှစ်အရောက်မှာတော့ တရုတ်နိုင်ငံအတွင်း ရောင်းချတဲ့ ကားအသစ်တွေရဲ့ ထက်ဝက်ကျော်ဟာ လျှပ်
စစ်ကားတွေဖြစ်လာခဲ့ပြီး၊လျှပ်စစ်ကားဈေး
ကွက်မှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို ပိုမိုထင်ရှားစေခဲ့ပါတယ်။

အနာဂတ်ကမ္ဘာမှာ အရေးကြီးလာမယ့်အရာတွေဟာ နည်းပညာကို အသက်သွင်းပေးမယ့် သတ္တုအရင်းအမြစ်တွေ ဖြစ်လာနေတယ် ဆိုတဲ့အချက်ကို တရုတ်က စောစောနားလည်ပြီး ဆယ်စုနှစ်များစွာ ကြိုတင်ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် ဒီနေ့ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်မှာ အသာစီးရနေတာဖြစ်ပါတယ်။

အမေရိကန်အတွက်တော့ ဒီအခြေအနေဟာ စီးပွားရေးပြဿနာတစ်ခုသာ မဟုတ်ဘဲ နည်းပညာ ဦးဆောင်မှုနဲ့ နိုင်ငံတော်လုံခြုံရေး ကိုပါ သက်ရောက်နိုင်တဲ့ မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပြီး၊ တရုတ်အပေါ် အလွန်အမင်းမှီခိုနေရတဲ့မြေရှားသတ္တု အခြေ
အနေကို ပြန်လည် ပြင်ဆင်ဖို့ အချိန်မဆွဲဘဲ ကိုယ်ပိုင်ထောက်ပံ့ရေးကွင်းဆက် တည်
ဆောက်ရန် လိုအပ်နေပြီ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင်တော့ တရုတ်ဟာ ရေနံအပေါ် မှီခိုမှုကို လျှော့ချပြီး လျှပ်စစ်အခြေပြုစနစ်ဆီကို ရွှေ့ပြောင်းကာ စွမ်းအင်လမ်းကြောင်းတွေရဲ့ ချုပ်ကွက်တွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းနေသလို၊ တစ်ချိန်တည်းမှာပဲ မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင် နိုင်ခဲ့တာကြောင့် နည်းပညာပြိုင်ပွဲမှာ အမေရိကန်အပေါ် မဟာ
ဗျူဟာမြောက် ချုပ်ကွက်တစ်ခု ရယူရင်း အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြေရှားသတ္တု ပြိုင်ပွဲဟာ သတ္တုတစ်မျိုးရဲ့ ပြိုင်ပွဲထက် သာလွန်တဲ့ အနာဂတ်နည်းပညာ၊ စွမ်းအင်နဲ့ ကမ္ဘာ့အင်
အားချိန်ခွင်လျှာကို ဘယ်သူက ထိန်းချုပ်နိုင်မလဲဆိုတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာနေပြီ ဖြစ်ပါတယ်။ ။

ကိုးကား - CBC News
🤮16👍8🖕21👎1
🤮15👍5🔥31🥰1
ထားဝယ်ရေနက်ဆိပ်ကမ်းလုံခြုံရေးစစ်
ကြောင်းတိုက်ခိုက်ခံရ၊ စစ်သား ၁၅ဦးခန့်သေ၊ လက်နက် ၈လက် သိမ်းရဟု DNLA ထုတ်ပြန်

ဩဂုတ်-၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်၂၉ရက် မနက် ၆နာရီလောက်မှာ စစ်
တပ်စစ်ကြောင်းကို DNLAနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၁၅ဦးခန့် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ထံက MA1 (၆) လက်၊ MA3 (၂)
လက်နဲ့ ကျည်တွေ သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ အသိပေးပါတယ်။

အဲဒီစစ်ဆင်ရေးကို DNLA ရဲ့ ဒူရကစစ်ကြောင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ကျားသစ်နက်၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (DEF)၊ ကိုမြတ်သူအဖွဲ့နဲ့ ထားဝယ်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်ဦး (DDPDF) တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိကာလဟာ တိုက်ပွဲရှိန်ပိုမြှင့်တင်ဖို့ ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ စစ်သား၊ စစ်မှုထမ်း တပ်သား၊ ပြည်သူ့စစ်နဲ့ ရဲတွေ အနေနဲ့ နီးစပ်ရာအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့လည်း သတိပေးထားပါတယ်။

တနိုင်ငံလံးအတိုင်းအတာ စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်နေချိန်ဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်ရေးအထူးသတိပြု သွားလာနေထိုင်ကြဖို့လည်း တိုက်တွန်းထားသလို တနင်္သာရီတိုင်းအတွင်း စစ်တပ်က အချိန်မရွေး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာတွေ လိုက်နာကျင့်ကြံဖို့ DNLA က တိုက်တွန်းထားပါတယ်။

ဒူရကစစ်ကြောင်းနဲ့ မဟာမိတ်တွေဟာ အရင်ကလည်းထားဝယ်ခရိုင်အတွင်းစစ်တပ် စစ်
ကြောင်းတွေ၊တပ်စခန်းတွေကိုအထိနာအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ တပ်တွေဖြစ်ပါတယ်။
32👏9👍5🥰2🤣2👎1🖕1
စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − ဒူရက စစ်ကြောင်း
👍3515🥰2🖕2🤮1🤣1
■ရသစာတမ်းငယ်

"ချစ်တယ်ပြောဖို့ နှုတ်နှေးခဲ့တဲ့ အများဆိုင်နာမ်"

ကက်စပီယံ

(၁)
ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က "အဖေများနေ့" တဲ့။ ဆိုရှယ်မီဒီယာပေါ်မှာ အဖေ့ကို ချစ်ကြောင်းတွေ၊ ကန်တော့ကြောင်းတွေ တင်နေကြတာမြင်တော့ ရင်ထဲမှာ တစ်မျိုးကြီးပဲ။ ကျွန်တော်တို့ သားအဖကတော့....။

(၂)
အဖေ့ကို သတိရတိုင်း ဝန်မခံရသေးတဲ့ အမှားတွေက ရင်ဘတ်ထဲမှာ အနည်ထိုင်နေတဲ့ ဖုန်မှုန့်တွေလို ထကြွလာတတ်တယ်။ တစ်ခါက အဖေ အမြတ်တနိုး သုံးနေတဲ့ ဟောင်းနွမ်းနေတဲ့ ရေဒီယိုအိုကြီးကို ကျွန်တော် ပြုပြင်ချင်ယောင်ဆောင်ရင်း ဝါယာကြိုးတွေ ဖြတ်မိပြီး ပျက်သွားဖူးတယ်။ အဖေက နှမြောတသနဲ့ ကြည့်နေတုန်း ကျွန်တော်က "အဖေ မသိရင် ဝင်မကိုင်ပါနဲ့လို့ပြောနေတာကိုဗျာ။ ကြည့်...အခု အဖေ လုပ်လို့ ပြင်မရတော့ဘူး" ဆိုပြီး ကိုယ့်အမှားကို ဖုံးဖို့ အဖေ့ကို ပြန်အော်ခဲ့မိတယ်။ တကယ်တော့ ကျွန်တော် မှားတာပါ။ အဲဒီနေ့က အဖေ့မျက်နှာ ညှိုးသွားတာကို မြင်ပေမဲ့ တောင်းပန်စကားပြောဖို့ ကျွန်တော့်မာနက ခွင့်မပြုခဲ့ဘူး။

(၃)
အဲဒီတုန်းက ကျွန်တော်ဟာ အရမ်းကို အတ္တကြီးခဲ့တာ။ အိမ်က ထွက်လာတဲ့နေ့ကဆို အဖေ အမြတ်တနိုး အမြဲဝတ်လေ့ရှိတဲ့ အင်္ကျီအနွေးထည်လေးကို ကျွန်တော် ဆွဲယူလာခဲ့တယ်။ အဲဒီအချိန်က အဖေ့မေတ္တာနဲ့ နွေးချင်လို့ ယူခဲ့တာ မဟုတ်ဘူး။ ငါမရှိရင် ဒီအင်္ကျီကို ရှာမတွေ့ဘဲ အဖေ နှမြောတသ ဖြစ်နေပါစေ၊ စိတ်အနှောင့်အယှက် ဖြစ်ပါစေဆိုတဲ့စိတ်နဲ့ တမင်ယူလာခဲ့တာ။
ဒါပေမဲ့ အခုတော့...အဖေ့ကို ကျွန်တော် တမ်းတမိတဲ့အခါတိုင်း အဖေ့ကိုယ်ငွေ့တွေ ကပ်ငြိနေသေးတဲ့ ဒီအနွေးထည်လေးကပဲ ကျွန်တော့်ကို မေတ္ထာနဲ့ထွေးလို့ အနွေးဓာတ်ပေးနေတယ်။ အဲဒီနေ့က ယူခဲ့မိတာကိုပဲ ပြန်ပြီးဝမ်းသာနေမိတော့တယ်။ ကျွန်တော့်ရဲ့ အဲဒီအတ္တတွေကို ခွင့်လွှတ်ပေးပါ အဖေ။

(၄)
နောက်ပြီး အဖေက နည်းပညာနဲ့ ပတ်သက်ရင် ကလေးတစ်ယောက်လိုပဲ။ "သား... အဖေ့ဖုန်းထဲမှာ ဘဏ်အကောင့်ထဲက ပိုက်ဆံ ဘယ်လိုကြည့်ရလဲ" လို့ လာမေးရင် ကျွန်တော်က ဂိမ်းဆော့နေရင်း စိတ်မရှည်စွာနဲ့ "အဖေ နားမလည်ပါဘူး၊ ပေးပေး... ကျွန်တော်ပဲ လုပ်လိုက်မယ်" ဆိုပြီး ဖုန်းကို တစ်ညလုံး ယူထားမိတယ်။
တခါကဆို အဖေ့ကို တမင်သက်သက် ချောက်ချချင်တာနဲ့ "အဖေ... Facebook ပေါ်မှာ အဲဒီခလုတ်ကို နှိပ်ရင် ဖုန်းထဲက ပိုက်ဆံတွေ အကုန်ကုန်သွားမှာ" လို့ လိမ်ပြောခဲ့ဖူးတယ်။ အခု ပြန်စဉ်းစားကြည့်မှ အဖေက ကျွန်တော့်အလိမ်အညာတွေကို တကယ်မသိတာ မဟုတ်လောက်ဘူး။ "ငါ့သား ငါ့ကို စနောက်ပြီး ပျော်နေတာပဲ" လို့ အဖေက မေတ္တာနဲ့ အရှုံးပေးပြီး လိုက်ရယ်ပေးခဲ့တာမှန်း အခုမှ ရေးရေးသဘောပေါက်တတ်လာတယ်။ ကျွန်တော့်ရဲ့ ကလေးဆန်တဲ့ အနိုင်ယူမှုတွေကို အဖေက အပြုံးနဲ့ပဲ လက်ခံပေးခဲ့တာပါ။

(၅)
ဒီတောထဲမှာ မိုးမိလို့ ဖျားတဲ့အခါ အဖေ့ကို ပိုလွမ်းတယ်။ ငယ်ငယ်က ဖျားရင် "ဘာမှမဖြစ်ဘူး၊ ခဏနေ ပျောက်သွားမှာ" လို့ အဖေ့ကို အော်ခဲ့ပေမဲ့ အဖေကတော့ တစ်ညလုံး မအိပ်ဘဲ ကျွန်တော့်နဖူးပေါ် ရေပတ်တိုက်ပေးခဲ့တာ။ အခုတော့ ကိုယ့်ဖာသာ ရေပတ်တိုက်ဖို့ နေနေသာသာ၊ သောက်ဖို့ ရေတောင် အနိုင်နိုင် ရှာနေရတဲ့ဘဝမှာ အဖေ့ရဲ့ဂရုစိုက်မှုတွေက ကျွန်တော့်အတွက် တောင့်တမိတဲ့အရာရာ ဖြစ်လို့နေပြီ။

(၆)
တခါက အဖေ့ဆိုင်ကယ် ဘီးပေါက်
လို့ ကျွန်တော့်ကို ပြင်ခိုင်းဖူးတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ထမင်းစားနေတာ။ "အဖေ... ကျွန်တော် ထမင်းစားနေတာ မြင်သားပဲ။ စားပြီးမှ ပြင်ပေးမယ်၊ စောင့်ဦး" လို့ ခပ်ရင့်ရင့် ပြောမိတယ်။ အဖေက အရေးကြီးတဲ့ ဧည့်သည်တယောက်နဲ့ ချိန်းထားတာ ရှိပေမဲ့ ကျွန်တော့်ကိုထမင်းစား မပျက်စေချင်ဟန်နဲ့ "အေးအေး၊ သား... ဖြည်းဖြည်းစား၊ အဖေ စောင့်ပါ့မယ်" တဲ့။ အဖေ အဲဒီနေ့က ဧည့်သည်နဲ့ လွဲသွားခဲ့တယ်။ ကျွန်တော့်ကို တစ်ခွန်းမှ မဆူခဲ့ဘူး။ အခုဒီဘက်မှာ အချိန်ရဲ့ စက္ကန့်တိုင်းကို အသက်နဲ့ရင်းရတဲ့ စစ်သားတစ်ယောက် ဖြစ်လာတော့မှ အဖေ့ရဲ့ အချိန်တွေကို ကျွန်တော် ဘယ်လောက် ဖြုန်းတီးပစ်ခဲ့မိလဲဆိုတာ တွေးပြီး အားနာမိတယ်။ အဖေ့ကို မျက်နှာပူမိတယ် အဖေရယ်။

(၇)
အခုတော့ ကျွန်တော်ဟာ အဖေမသိတဲ့ နည်းပညာတွေလည်း မရှိတော့တဲ့၊ လိုင်းလည်းမမိတဲ့ တောနက်ထဲမှာ ရောက်နေပြီ အဖေ။ ကျွန်တော့ကို အမှန်ပြင်ပေးချင်ပေမဲ့ အဖေက ကျွန်တော့်အနားမှာ မရှိတော့ဘူး။
“အဖေရေ... အဲဒီနေ့က ကျွန်တော်က ဝါယာကြိုးတွေ မှားဖြတ်မိတာပါ”
“အဖေရေ အဲ့ဒီခလုတ်တွေနှိပ်တိုင်း ပိုက်ဆံတကယ်မကုန်ပါဘူး။ ကျွန်တော် တမင်လိမ်ခဲ့တာပါ”
အဖေ့ကို လှောင်ခဲ့တာတွေ၊ အဖေ့အပေါ် မာနကြီးခဲ့တာတွေအတွက် ကျွန်တော် တောင်းပန်ချင်လိုက်တာ။ အခုတော့ အဖေ့ရဲ့ အသက်ရှုသံသဲ့သဲ့​လေး
ကိုတောင် လွမ်းတတ်နေပြီ။
23👍7🥰1😢1🤮1🖕1
(၈)
ကျွန်တော် မျက်စိမှိတ်လိုက်တိုင်း အဖေ့ကို မြင်ယောင်နေမိတယ်။ မြင်လွှာထဲမှာ အဖေနဲ့ အပြန်အလှန်စကားတွေ ပြောလို့ပေါ့။
"အဖေ... နေကောင်းရဲ့လား။ ကျွန်တော် အိမ်ပြန်လာချင်ပြီ"
“နေကောင်းပါတယ် သားရာ။ သားပြန်ရောက်တဲ့အခါ အဖေ့ကို ဖုန်းသုံးနည်းလေးတွေ ပြန်သင်ပေးဦးပေါ့"
"ဟုတ်ကဲ့ အဖေ... သား ပြန်လာရင် အဖေ မသိတာမှန်သမျှ အကုန်လုံးကို သင်ပေးမှာ။ ဘယ်တော့မှလည်း မလှောင်တော့ဘူး အဖေ"

(၉)
မိုးက သည်းလာပြီ။ ကျွန်တော် သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်တယ်။ ဒီအာဏာရှင်စနစ်ကြီး ရှိနေသရွေ့ ကျွန်တော်တို့လို သားအဖတွေဟာ ဝေးကွာနေကြရဦးမှာပဲ။ တစ်ကိုယ်ရည်အကြောင်းပြချက်လို့ပဲ ဆိုဆို၊ ကျွန်တော် ဝန်မခံရသေးတဲ့ အမှားတွေအတွက် ပြန်တောင်းပန်နိုင်ဖို့ ဒီတော်လှန်ရေးကို အမြန်ဆုံး အောင်မြင်အောင် တိုက်ရမယ်။
"အဖေ... သားကို စောင့်နေပေးပါ။ ဒီတစ်ခါ ပြန်လာရင်တော့ သားရဲ့ မာနတွေကို အဖေ့ခြေရင်းမှာ ချထားပြီး အဖေ့ကို ဖက်ထားရင်းနဲ့ 'သား အဖေ့ကို ချစ်တယ်' လို့ သေချာပေါက် ပြောပါ့မယ်"
အဖေများနေ့မှာ အဖေ့ကို မကန်တော့နိုင်ပေမဲ့ အဖေ့အတွက် ဂုဏ်ယူစရာ သားတစ်ယောက်ဖြစ်အောင် ကျွန်တော် ဆက်ပြီး တိုက်ပွဲခေါ်နေမယ် အဖေ။


(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ
'ကက်စပီယံ'ရဲ့ "ချစ်တယ်ပြောဖို့ နှုတ်နှေးခဲ့တဲ့ အများဆိုင်နာမ်"ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍227🥰1🤮1🖕1
👍24🔥21🥰1🖕1😭1
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား KNU နယ်မြေတွေမှာ ကျင်းပ ၊ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေ တက်ရောက်

ဩဂုတ်−၂၉၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပရတာဟာ ကရင်အမျိုးသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ကရင်အမျိုးသားများအကြား စည်းလုံးညီညွတ်မှု ပိုခိုင်မာစေရေး အတွက် ရည်ရွယ်ကြောင်း အသိပေးပါတယ်။

အခမ်းအနားကို KNU အုပ်ချုပ်ရေးနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ ၊ ပြည်သူတွေ စုစုပေါင်း လူဦးရေ ၅၀၀ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ အခမ်းအနားကို KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သဝဏ်လွှာ ပေးပို့ခဲ့အခုလို လက်ချည်ခြင်း(ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း)အလေ့အထဟာ ယုံကြည်ကိုးကွယ်ခြင်း၊ ဘာသာတရားများရဲ့ အလေ့အထမဟုတ်ဘဲ ကရင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ ရိုးရာဓလေ့၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတရပ်ဖြစ်ကြောင်း ရှင်းပြပါတယ်။

“ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသည် ရပ်ဝေး၊ ရပ်နီးတို့တွင်ရှိကြသော မိသားစု၊ ဆွေမျိုးများ ပြန်လည် စုရုံးလျက် လက်ချည်ခြင်း၊ ကွဲပြားဝေးကွာ လွင့်ပျံ့နေကြသော မိသားစုဝင် အသီးသီးတို့၏ အားမာန်၊ စိတ်နှင့် ခန္ဓာကို ပြန်လည်စုစည်းစေခြင်းဖြစ်ပါသည်” လို့ KNU ဥက္ကဋ္ဌ က ပြောပါတယ်။

အခုလို အခမ်းအနားတွေကို KNU ခရိုင်နဲ့ တပ်မဟာ အသီးသီး နယ်မြေမှာ ကျင်းပခဲ့ကြတာလည်း တွေ့ရပြီး အခမ်းအနားမှာ ရိုးရာဒုံးအကတွေ ကကြတာ၊ တေးသီးချင်းတွေ သီဆိုတာတွေလည်း ပါဝင်ပါတယ်။

ကရင်ရိုးရာချည်ဖြူဖွဲ့ရာတွင် ရိုးရာအဓိပ္ပာယ်များ ကိုယ်စီရှိတဲ့ ထမင်းဆုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ကြံ၊ ချည်ဖြူ၊ နတ်ပန်းညိုနဲ့ ရေတစ်ခွက် စတဲ့ ပစ္စည်း (၇) မျိုးကို ဆန်ကောအတွင်း ထည့်သွင်းကာ ရိုးရာဓလေ့အတိုင်း အသုံးပြုကြတာပါ။

ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားဟာ ကရင်အမျိုးသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အမျိုးသားရေးအမွေအနှစ်များကို ထိန်းသိမ်းဖော်ထုတ်ပေးတဲ့အပြင် မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းများနဲ့ ကိုယ်ပိုင်လက္ခဏာကို သိရှိနားလည်ပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ အရေးပါတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အခမ်းအနားတစ်ရပ်ဖြစ်ကြောင်း KNUက ထုတ်ပြန်ပါတယ်။
32👍8🤣2🥰1
ဓာတ်ပုံ − KNU
32👍8🤮2🥰1