People's Spring
60.2K subscribers
70.4K photos
1.21K videos
8 files
3.02K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရွှေကူတိုက်ပွဲမှာ အထိနာနေတဲ့စစ်တပ်
မံစီကဆေးရုံကို ဗုံးကြဲ

သြဂုတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရွှေကူမြို့နယ်အတွင်းတိုက်ပွဲမှာ စစ်တပ်အထိနာပြီး​နောက် မံစီမြို့နယ်ထဲက ဟန်ထက်တိုက်နယ်ဆေးရုံကိုဂျက်ဖိုက်တာနှစ်စီးနဲ့ယမန်​နေ့ညက ဗုံးကြဲခဲ့ပါတယ်။

သြဂုတ်လ၂၈ရက် ည၁၁နာရီခန့်မှာ ဂျက်ဖိုက်တာနှစ်စီး ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီး ဗုံးကြဲသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။

"ဆေးရုံကိုတည့်တည့်ကြဲတာ။ဒီမှာကစစ်ဘေးရှောင်တွေပဲရှိတာ။လေကြောင်းသတိ
ပေးချက်ကြိုပေးရလို့ ရှောင်ကြတိမ်းကြတယ်။ အထိခိုက်ရှိ၊မရှိသတင်းကို ဒီမနက်အထိ မကြားရသေးဘူး"လို့ မံစီမြို့ခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုကြောင့် ဒေသခံတွေရဲ့အိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်
(KIA)နဲ့ မဟာမိတ်​တွေက ၂၀၂၅ ဇန်နဝါရီလမှာသိမ်းပိုက် ထိန်းချုပ်ထားတာပါ။လတ်တ​လော မံစီမြို့နယ်ထဲမှာတိုက်ပွဲမဖြစ်ဘဲ စစ်
တပ်က ဗုံးလာကြဲသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

"တမင်သက်သက်အလွတ်ကြီးလာကြဲတာ။ကျမဆိုကံကောင်းလို့ မသေတာ။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားကြဲတာ"လို့ ရွှေကူမြို့ကနေ စစ်ရှောင်လာသူတဦးကပြောပါတယ်။

မံစီမြို့အနီး ရွှေကူမြို့မှာ စစ်တပ်စခန်းတွေနဲ့ ဧရာဝတီမြစ်ကြောင်းကနေတက်လာတဲ့စစ်သ
င်္ဘောတွေကို KIA နဲ့ KPDFကတိုက်ခိုက်နေပါတယ်။ရွှေကူမှာအထိနာလို့ မံစီကိုမဲပြီးဗုံး
ကြဲတာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းကနေ တက်လာတဲ့ စစ်
စစ်သင်္ဘောတွေကိုKIA ၊KPDFနဲ့ တော်လှန်
ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့်​ရေယာဥ်အချို့ပျက်စီးတာတွေရှိနေပါတယ်။

တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်တပ်က မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လေကြောင်းနဲ့ ပစ်လို့ အရပ်သားသေဆုံးမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေ ရှိနေပါတယ်။ ဒေသအများစုမှာဆေးရုံတွေ၊ကျောင်းတွေကိုလည်း ပစ်မှတ်ထား ဗုံးကြဲမှုတွေဆက်ရှ်ိနေပါတယ်။
🤬33👍73👎2🔥2👏2
ရွှေကူမြို့နယ်ထဲက ဧရာမြစ်ကမ်းဘေးရွာ​တွေကို စစ်တပ်ကလက်နက်ကြီးနဲ့ပစ် လေကြောင်းကဗုံးကြဲခဲ့တာ​ကြောင့် အပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ
🤬382👍2👎2🔥2👏2
■​ဆောင်းပါး

ပြန်ပို့တော့မှာလား၊အသက်ကယ်ပေးမလား မလေးရှား

-ခါကာဘို ရေးသားသည်။

"မြန်မာနိုင်ငံကိုပြန်ပို့တာထက်မလေးရှားမှာပဲကျနော်တို့ကိုသတ်ပစ်လိုက်တာကမှပိုကောင်းပါသေးတယ်"

ပြန်ပို့ခံရမည့်သူတွေအတွက်'အိမ်ပြန်ခြင်း'
ဟာဘာကြောင့်သေဒဏ်တစ်ခုလို ဖြစ်နေသလဲ?

ဒီစကားဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ခိုလှုံနေရတဲ့ အသက် ၂၅နှစ်အရွယ် ရိုဟင်ဂျာလူငယ် မိုဟာမက်ရဲ့ ဖမ်းဆီးခံထားရတဲ့သူ့အစ်ကိုအတွက်စိုးရိမ်ပူပန်လွန်းလို့ ပြောတဲ့ ရင်ထဲကစကားပါ။မလေးရှားထိန်းသိမ်းရေးစခန်းထဲ ရောက်နေတဲ့ အစ်ကိုဖြစ်သူသာ မြန်မာနိုင်ငံကို ပြန်ပို့ခံရရင် စစ်တပ်ရဲ့ ရှေ့
တန်းစစ် မြေပြင်မှာ အသက်စွန့် တိုက်ခိုက်ခိုင်းခံရပြီးအသက်ရှင်စရာလမ်းမရှိဘူးဆိုတာကို သူ အသေအချာ သိနေလို့ပါ။

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်
စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူ
လောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

မလေးရှားကလူတချို့အတွက်တော့ "တရား
မဝင်နေထိုင်သူဆိုရင်ပြန်ပို့တာ သဘာဝပဲ" လို့ ထင်နိုင်ပါတယ်။ဒါပေမယ့်ဒီလူတွေဘာကြောင့် မြန်မာနိုင်ငံကနေ အသက်စွန့် ထွက်
ပြေးခဲ့ကြတာလဲ ဆိုတာကို ပြန်ကြည့်လိုက်ရင်၊ ဒီကိစ္စဟာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုတစ်ခုတည်းမဟုတ်ဘဲ အသက်ရှင်သန်ဖို့နောက်ဆုံးရွေးချယ်ခဲ့ရတဲ့အခြေအ
နေတစ်ခုဖြစ်ကြောင်းနားလည်လာနိုင်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရိုဟင်ဂျာလူငယ်မူဟီဒူဇာမန်ဟာ ဘာသာရေးဖိနှိပ်မှုနဲ့ ပြည်တွင်း
စစ်ကို ရှောင်ဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးခဲ့ပါတယ်။ လေးလကြာ ကုန်းလမ်း၊ ရေလမ်းခရီးကြမ်းတွေကိုသေမင်းနဲ့စိန်ခေါ် ဖြတ်ကျော်ပြီးမှ မလေးရှားကို ခက်ခက်ခဲခဲ ရောက်
လာခဲ့တာပါ။

သူဟာ ရောက်ရောက်ချင်း စပါးစိုက်ခင်းတွေမှာအလုပ်လုပ်ရင်း ရုန်းကန်နေထိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်းUNHCRမှာသွားရောက်မှတ်
ပုံတင်ပြီးအကာအကွယ်တောင်းဖို့စောင့်ဆိုင်း နေချိန်မှာပဲတရားမဝင်နေထိုင်သူအဖြစ် ဇွန်
လအတွင်းမှာ အဖမ်းခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းကို ပို့ခံလိုက်ရပါတယ်။

သူ့လိုလူတွေအများကြီးရှိပါတယ်။သူတို့ဟာ ဥပဒေကိုရှောင်ဖို့ထွက်လာတာမဟုတ်ဘဲ၊ အ
သက်ရှင်ဖို့ ထွက်လာကြသူတွေပါ။

အခုသူတို့အကြောက်ဆုံးအရာက မလေးရှားထောင်မဟုတ်ပါဘူး။မြန်မာနိုင်ငံကိုပြန်ရောကသွားရင် ဘာဖြစ်မလဲဆိုတာပါ။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစပြီး အာဏာ
သိမ်းမြန်မာစစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ်တိုင်းဟာ သတ်မှတ်ချက်အရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရနိုင်တဲ့အခြေအနေဖြစ်လာပါတယ်။ဒါကြောင့် ပြန်ပို့ခံရတဲ့လူငယ်တွေအတွက်"အိမ်ပြန်ရမယ်"ဆိုတာဟာ"စစ်ထဲရောက်သွားနိုင်တယ်"
ဆိုတဲ့ အန္တရာယ်နဲ့ နီးကပ်စွာ ဆက်နွယ်နေပါတယ်။

မိုဟာမက်က ထိမ်းသိမ်းရေးစခန်မှာရောက်နေတဲ့သူ့အစ်ကိုအကြောင်းပြောတဲ့အခါ "ပြန်ပို့ခံရရင် ရှေ့တန်းကို ပို့ခံရပြီး အသတ်ခံရလိမ့်မယ်"လို့ ပြောပါတယ်။ဒါဟာအထောက်
အထားမဲ့ကောလာဟလတစ်ခုလို့သူတို့ မမြင်ပါဘူး။လက်ရှိ မြန်မာနိုင်ငံရဲ့စစ်ရေးအခြေ
အနေ၊ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူမှုတွေကို ကြည့်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်အဖြစ် မြင်နေကြတာပါ။

မလေးရှားရောက် ရိုဟင်ဂျာတွေဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ခြေကို စိုးရိမ် နေကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမခံရတဲ့ လူနည်းစုဖြစ်ပြီး၊ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ကလည်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအပေါ် ကျူးလွန်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီလို အခြေအနေမှာ ရိုဟင်ဂျာတစ်ဦးကို မြန်မာနိုင်ငံ ပြန်ပို့ခြင်းဟာ သူ့ကို အသက်အန္တရာယ် ပြုခံရစေမယ့် နေရာကို ပို့လိုက်တဲ့လုပ်ရပ်အဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက ရှုမြင်ကြပါတယ်။

ဒါကြောင့်ပဲ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက မလေးရှားအစိုးရကို "မြန်မာနိုင်ငံလို အန္တရာယ်ကင်းရှင်းမှုမရှိသေးတဲ့ ပဋိပက္ခဇုန်ကို ပြန်လည်ပို့ဆောင်ခြင်းက Non-Refoulement လို့ခေါ်တဲ့ နိုင်ငံတကာ ဒုက္ခသည်ကာကွယ်ရေးအခြေခံမူကို ချိုးဖောက်ရာရောက်ကြောင်း" ထောက်ပြနေကြတာ ဖြစ်ပါတယ်။

မလေးရှားဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ကွန်
ဗင်းရှင်း (1951 Refugee Convention) ကို လက်မှတ် ရေးထိုးမထားပေမယ့် လူသားချင်းစာနာမှုနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းတွေကို ထည့်သွင်းစဉ်းစားဖို့ လူ့အခွင့်
အရေးအဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

ဒီကိစ္စဟာ ရွှေ့ပြောင်းလုပ်သားပြဿနာတစ်ခုတည်း မဟုတ်တော့ပါဘူး။"ပြန်ပို့မှာလား၊ အသက်ကယ်ပေးမလား" ဆိုတဲ့ လမ်းနှစ်ခုကြားမှာ မလေးရှားအစိုးရအတွက် လူသားတန်ဖိုး၊တာဝန်ယူမှုနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ နှလုံး
သားကို စမ်းသပ်နေတဲ့ အခြေအနေတစ်ခုဖြစ်လာပါတယ်။
😢184👍3🔥1🤮1🤣1🖕1
ဒီအဖြစ်အပျက်ဟာရွှေ့ပြောင်းနေထိုင်သူတွေရဲ့ တရားဝင်မှု၊ စာရွက်စာတမ်းအခြေအနေထက်ကျော်လွန်ပြီးအသက်အန္တရာယ်နဲ့ ဆက်
နွယ်နေတဲ့လူသားချင်းစာနာမှုဆိုင်ရာကိစ္စတစ်
ရပ် ဖြစ်ပါတယ်။ သူတို့ဟာ ပိုမိုကောင်းမွန်တဲ့ဘဝကိုရှာဖွေဖို့ ထွက်လာသူတွေမဟုတ်ပဲ၊ အ
သက်ရှင်ခွင့်ရဖို့ နောက်ဆုံးမျှော်လင့်ချက်နဲ့ နေရပ်စွန့်ခွာလာကြရသူတွေပါ။

ဖြစ်လာနိုင်တဲ့ မိမိတို့ရဲ့ကံကြမ္မာဆိုးအတွက် ကြောက်ရွံ့နေကြတဲ့ ဒီလူတွေရဲ့အသံကို လူဝင်မှုကြီးကြပ်‌ရေးဆိုင်ရာ ပြစ်မှုကျူးလွန်သူတွေရဲ့အသံအဖြစ်မဟုတ်ဘဲ၊အသက်အန္ရာယ်ကြောင့် အကူအညီတောင်းနေတဲ့ လူသားတွေရဲ့အသံအဖြစ်နားထောင်ပေးသင့်ပါတယ်။

အထူးသဖြင့် လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ နိုင်ငံကြီးများအနေနဲ့ သူတို့ကို အန္တရာယ်ရှိနိုင်တဲ့ နေရာဆီ ပြန်ပို့ခြင်းထက်၊ လုံခြုံမှု၊ တရားမျှတမှုနဲ့ လူသားဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေ ရှာဖွေပေးဖို့ လိုအပ်နေပါတယ်။ တစ်ခါတရံ လူတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့လူသားဆန်မှုကိုတိုင်းတာတဲ့အ
ရေးကြီးဆုံး အမှတ်အသားတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ ။

ကိုးကား - The New York Times
😢20👍21🔥1🤮1🤣1🖕1
မ​လေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့ရှိ UNHCR ရုံး​ရှေ့မှာ လာ​ရောက်အကူအညီ​တောင်းတဲ့ရိုဟင်ဂျာမိသားစုတစ်စုကိုဇူလိုင်လက​တွေ့ရစဥ် ။ဓါတ်ပုံ-ရိုက်တာ
😢21🖕21🔥1🤮1
ICJ မှာမြန်မာကိုတရားစွဲဆိုမှု လာမယ့်အောက်တိုဘာလမှာဆုံးဖြတ်ချက်ချဖွယ်ရှိ

သြဂုတ်-၂၉၊၂၀၂၆။People's Spring

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဂမ်ဘီယာအစိုးရရဲ့ ရှေ့နေချုပ်နဲ့ တရားရေး ဝန်ကြီးဖြစ်သူ ဒေါ်ဒါ အယ်ဂျယ်လိုက ICJ အ
ဆုံးအဖြတ်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ် ဆိုတာကို မှတ်ချက်ပေးခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် မြန်မာ အာဏာပိုင်တွေက လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း စွပ်စွဲပြီး ICJမှာ အမှုဖွင့်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။

ဩဂုတ် ၂၇ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ဟူမိုင်ယွန် ကိုဘာနဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံ၊ ဂျာဒါးမြို့မှာ
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ညီလာခံ တက်ရောက်ရင်း တွေ့ဆုံချိန်မှာ အခုလို ပြောကြားခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဟာမြန်မာဖက်ကထွက်ပြေးလာတဲ့ရိုဟင်ဂျာ မျိုးနွယ်စု အများအပြား ခိုလှုံနေတဲ့ အိမ်နီး
ချင်းနိုင်ငံ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်ပြီး ICJဆီက ထွက်ပေါ်လာမယ့် အဆုံးအဖြတ်ဟာ ရိုဟင်ဂျာ အကျပ်အတည်းကို ရေရှည်ပြေလည်စေမယ့်အဖြေတစ်ခုရှာဖွေဖို့အရေးကြီးတဲ့အခန်း
ကဏ္ဍကနေ ပါဝင်လာမယ်လို့လည်း အယ်ဂျယ်လိုက ပြောပါတယ်။ မြန်မာစစ်တပ်က ၂၀၁၇ သြဂုတ်လကစပြီးနယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ ရိုဟင်ဂျာ​တွေကို သတ်ဖြတ်၊မုဒိမ်းကျင့် ၊​နေအိမ်​တွေကိုမီးရှို့ စတဲ့အကြမ်း
ဖက်မှု​မျိုးစုံလုပ်ခဲ့တာ​ကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ​တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်​ပြေးခိုလှုံခဲ့ကြပါတယ် ။

ကိုဘာကတော့ ICJ တရားခွင်မှာ ရိုဟင်ဂျာ အရေးအတွက် တက်တက်ကြွကြွ ဦးဆောင် လျှောက်လဲပေးနေတဲ့ဂမ်ဘီယာအစိုးရရဲ့ အားထုတ်မှုတွေကိုဘင်္ဂလားဒေ့ရှ်အနေနဲ့ ကျေးဇူးတင်ကြောင်းပြောကြားသွားပါတယ်။

ရိုဟင်ဂျာ အကျပ်အတည်းကို နိုင်ငံတကာက အာရုံစိုက်ရမှု လျော့ကျမသွားစေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာကြား ပူးပေါင်းဆောင်ရွက်မှုတွေ စဉ်ဆက်မပြတ် ရှိနေဖို့ လိုအပ်ကြောင်းလည်းကိုဘာကဆိုပါတယ်။

ပြီးတော့ ရိုဟင်ဂျာတွေဘေးကင်းကင်း၊ ဂုဏ်
သိက္ခာရှိရှိ၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ မြန်မာနိုင်ငံ
ဆီ နေရပ်ပြန် အခြေချမှုလို ဖြေရှင်းမှု နည်းလမ်းတွေကို အကောင်အထည် ဖော်ဖို့ ဆက်
လက် ကြိုးစားရမယ်လို့ သူက မှတ်ချက်ပေးသွားပါတယ်။

ဂမ်ဘီယာဟာ ရိုဟင်ဂျာ အရေးအတွက် မြန်
မာနိုင်ငံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တုန်းက ICJမှာ စတင် တရားစွဲဆိုခဲ့ပြီး တရား
ခွင်ရဲ့ပထမဆုံးကြားနာမှုကိုတော့အဲဒီနှစ်ဒီဇင်
ဘာ ၁၀ ရက်မှာ စတင်ခဲ့ပါတယ်။

ကိုးကား- New Age
30👍13🥰2🖕2🤣1
မြန်မာစစ်တပ်က ၂၀၁၇ သြဂုတ်လ ၂၅ ရက်မှာနယ်​မြေရှင်းလင်း​ရေး​ခေါင်း
စဥ်နဲ့ အကြမ်းဖက်သတ်ဖြတ်ခဲ့တာ​ကြောင့်
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်​ပြေးခဲ့ရတဲ့ ၉ နှစ်ပြည့်နှစ်ပတ်လည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဒုက္ခသည်စခန်းကရိုဟင်ဂျာ​တွေက
ဆန္ဒပြ​နေကြစဥ်။ ။ဓါတ်ပုံ-EPA
👍30🥰32🖕2🤣1
ချောင်းဦးနယ်မှာ စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာတွေ တိမ်းရှောင်နေရ

သြဂုတ်−၂၉၊ ၂၀၂၆။ ဇေအောင်/People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ တိမ်းရှောင်နေရပါတယ်။

ဒီကနေ့ သြဂုတ် ၂၉ ရက် မနက်ပိုင်းမှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ သံပြားကာကား ၅စီး၊ ခြောက်ဘီးကား ၄စီး၊ ပွိုင့်ကား ၁စီးနဲ့ အင်အားအပြည့်ပါ စစ်ကောင်စီတပ်သားတွေဟာ ချောင်းဦးမြို့နယ်က ခင်မွန်ရွာနဲ့ ကျီကုန်းကျေးရွာအနီး စစ်ကြောင်းထိုးလာကြောင်း ဒေသခံတွေက ပြောပါတယ်။

"ခင်မွန်ဘက်ကနေ အင်အား၄၀၀လောက်နဲ့ ကျီကုန်းဘက်ဆီကို စစ်ကြောင်းထိုးလာနေတာ။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတာကြောင့် မယ့်သဲကြိုး၊ ကျီကုန်းအရှေ့ရွာ၊ ကျီကုန်းအနောက်ရွာ၊ အင်းမ၊ သစ်ဆိမ့်၊ ရွှေဒါးကျ၊ ညောင်ပင်သာ၊ ထန်းတောကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်​​​နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်​ကြောင်းရောက်ရှိနေတဲ့ ခင်မွန်၊ ကျီကုန်း လမ်းပိုင်းကို ပြည်သူတွေ သွားလာခြင်းမပြုကြဖို့ တော်လှန်ရေးအဖွဲ့စည်းတွေက ယာယီပိတ်သိမ်းထားပါတယ်။

အာဏာသိမ်းစစ်တပ်က ရွှေဒါးကျရွာက သံဃာ​​ ၁ပါး သေဆုံးခဲ့တဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကြောင်းထိုးလာတာလို့ ယူဆရကြောင်း ဒေသခံအချို့က ပြောပါတယ်။
🤬23👎3👏21🔥1
(စစ်တပ်ရန်ကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြတဲ့ ချောင်းဦးမြို့နယ်က ပြည်သူတွေကို ပြီးခဲ့တဲ့ ဇူလိုင်က တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
🤬23👍6🔥2👏2😢2😡1
မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ် အထိနာပြီး နောက်ပြန်ဆုတ်

ဩဂုတ်-၂၉၊၂၀၂၆။ဇော်၀င်း/People's Spring

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီး စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ အထိနာပြီး နောက်ဆုတ်သွားတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တချို့က လူထုနွေဦး ပြောပါတယ်။

မိုးဗြဲမြို့အနောက်ဘက်ခြမ်းက လွယ်ယင်းတောင်ခြေအနီး ထိုးစစ်ဆင်ဖို့ ဩဂုတ် ၂၆ ရက် ညနေပိုင်းမှာ စစ်တပ်က လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်ပြီး ဩဂုတ် ၂၇ ရက် နံနက် ၅ နာရီခွဲ၀န်းကျင်မှာ စစ်ကြောင်းထိုး ချဉ်းကပ်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ဆယ်ဂဏန်းထက်မနည်းရှိခဲ့တာကြောင့် ဩဂုတ်၂၈ရက် ညပိုင်းမှာ လေကြောင်းပစ်ကူသုံးပြီး မိုးဗြဲမြို့တွင်းကို ပြန်ဆုတ်သွားရတာလို့ အသိပေးပါတယ်။

"၂၇ နဲ့ ၂၈ ရက်နေ့မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စကမထိခိုက်သေဆုံးမှု့နဲ့အထိနာပြီး လေယဉ်ပြစ်ကူဖြင့်ပြန်ဆုတ်သွားတယ်"လို့ ရှမ်းတောင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

၂ရက်တာတိုက်ပွဲမှာ စစ်တပ်က အင်အား ၁၅၀ နဲ့ ၂၀၀ နီးပါး နဲ့ လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့တဲ့အပြင် ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖယ်ခုံ၊ မိုးဗြဲ (၄၂၂)၊ လွိုင်ကော်နဲ့ လွိုင်လင်လေး အခြေစိုက်တပ်ရင်းတွေက ၆၀ မမ၊ ၈၁ မမ နဲ့ ၁၂၀ မမလက်နက်ကြီးတွေနဲ့ တစ်ရက်အတွင်း အလုံးရေ ၈၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က မနေ့က ထုတ်ပြန်ထားပါတယ်။

"ပြန်ဆုတ်သွာပြီ လို့ ကြားတယ်။ဒါပေမယ့် အချိန်မရွေး ပြန်ထိုးလာနိုင်တဲ့ အခြေအနေရှိတာကြောင့် စောင့်ကြည့်နေဆဲ"လို့ ရှမ်း-ကရင်နီပူးပေါင်းတပ် အဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်အပါအ၀င် ဇွန်လကစပြီး စစ်တပ်ရဲ့ထိုးစစ်သုံးကြိမ်ရှိခဲ့ပြီး တော်လှန်ရေးတပ်တွေက ခုခံ နေကာ စစ်သုံ့ပန်း ၁ဦးဖမ်းမိပြီး ဒရုန်း ၃စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။
👍427👏2🤣2😁1🖕1
33👍7🤣3👎1🖕1
ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းကြောင်း KTLA ထုတ်ပြန်

▪️တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

ဩဂုတ် ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေတဲ့ KTLA ဆာကပေါတပ်ရင်းကို အဖွဲ့မှ ဖယ်ထုတ်ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA)က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆာကပေါတပ်ရင်း တပ်ရင်းမှူး ဗိုလ်အဲဖိုးကို ထုတ်ပယ်ကြောင်း KTLAက ဩဂုတ် ၁၇ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ဆာကပေါ တပ်ရင်းကိုပါ အဖွဲ့ကနေ ဖယ်ထုတ်ကြောင်း ဩဂုတ် ၂၈ရက်မှာ KTLAက အမိန့် ထပ်မံ ထုတ်ပြန်ခဲ့တာပါ။

အခုလို ဆာကပေါတပ်ရင်းကို ဖျက်သိမ်းကြောင်း အမိန့်ထုတ်ပြန်တာဟာ ဗဟိုက အမိန့်ပေးခဲ့တဲ့ ဖြစ်စဉ်အချို့မှာ တပ်ရင်းက ဆောင်ရွက်ဖို့ ချွင်းချက်ရှိသွားလို့ ဖြစ်နိုင်တယ်လို့ ဆာကပေါ တပ်ရင်း(ကြယ်လင်းရောင်တပ်ရင်း) ပြန်ကြားရေးမှူး စောအယ်ဒိုက ပြောပါတယ်။

KTLA အနေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ကို ပြန်တိုက်ခိုက်ဖို့ တိုက်ရိုက်အမိန့်ပေးတာမျိုး မရှိပေမဲ့ အခင်းဖြစ်ကြတဲ့ အဖွဲ့ကို ကူဖို့ ပြောဆိုညွှန်ကြားတာရှိတယ်လို့ ပြန်ကြားရေးမှူးစောအယ်ဒိုက ရှင်းပြပါတယ်။ ဆာကပေါတပ်ရင်းတည်ရှိရာ KNU မြိတ်ထားဝယ်ခရိုင်မှာ KTLA ဗိုလ်ကော်လာဖိုးအဖွဲ့ဟာ KNLAနဲ့ ပြဿနာဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပြီး ဗိုလ်ကော်လာဖိုးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် KNLA အရာရှိအပါအဝင် တပ်ဖွဲ့ဝင်တွေ၊ တော်လှန်ရေးရဲဘော်တွေ၊ ပြည်သူတွေ သေဆုံးထိခိုက်မှုရှိခဲ့ပါတယ်။

KTLA ဗဟိုအနေနဲ့ ကရင်တပ်အချင်းချင်း ပြန်တိုက်ဖို့ အမိန့်ပေးတာ ရှိမရှိ မေးမြန်းရာ ဆာကပေါတပ်ရင်း ပြန်ကြားရေးမှူး စောအယ်ဒိုက “အဲဒီလို တိုက်ရိုက်မရှိပါဘူး။ ရှိလည်း ကျနော်တို့က မတိုက်ပါဘူး။ဘုံရန်သူကိုပဲ တိုက်မယ်ဆိုပြီး ပြည်သူကို ပြောထားတာမို့ တော်လှန်ရေး အဖွဲ့အချင်းချင်း တိုက်ဖို့ အတွက် ဘယ်သူ အမိန့်ပေးပေး မပေးပေး ကျနော်တို့ မတိုက်ပါဘူး” လို့ ပြောပါတယ်။

လက်ရှိ ဆာကပေါ တပ်ရင်းအနေနဲ့ လမ်းတူတဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စောအယ်ဒိုက အသိပေးပါတယ်။

“ကရင်လူမျိုးတင်မက မြန်မာ တပြည်လုံးလွတ်မြောက်ဖို့ပဲ တော်လှန်ရေး လုပ်နေတာမို့ ပြည်သူသဘောကို ဘယ်တော့မှ မဆန့်ကျင်ဘဲ ဆက်လက် ပူးပေါင်းတော်လှန်သွားမယ်လို့ သတင်းစကားပါးချင် ပြောချင်ပါတယ်” စောအယ်ဒို က ပြောကြားပါတယ်။

KTLAက အဖွဲ့ကနေ ထုတ်ပယ်လိုက်တဲ့ဆာကပေါ တပ်ရင်းဟာ KNU မြိတ်ထားဝယ်ခရိုင် KNLA တပ်မဟာ(၄) တပ်ရင်း ၁၂နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

KTLA ခေါင်းဆောင် ဗိုလ်နယ်ဒါးမြဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဝေါ်လေဒေသမှာ အရပ်သားများ သတ်ဖြတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှု မခံယူဘဲ KTLAကို ဖွဲ့စည်းခဲ့တာကြောင့် ၂၀၂၂ နှစ်လယ်ပိုင်းမှာ အဖွဲ့ကနေ ထုတ်ပယ်ခံရသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ဗိုလ်နယ်ဒါးမြလက်အောက်ခံ KTLA တပ်အချို့ကဟာ KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်မှာ KNLA တပ်ဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။အထူးသဖြင့် တပ်မဟာ(၄)နယ်မြေထဲ လှုပ်ရှားနေတဲ့ ဗိုလ်ကော်လာဖိုးရဲ့ KTLAဟာ KNLA ကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အရာရှိအချို့ အပါအဝင် KNLA ရဲဘော်တွေ ကျဆုံးထိခိုက်တွေရှိခဲ့ပါတယ်။

KNLAနဲ့ တော်လှန်ရေးအင်အားစုတွေ အရပ်သားတွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကော်လာဖိုးရဲ့ KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က အခုနှစ်ဆန်းမှာ ကြေညာခဲ့ပါတယ်။
20👍15😁3🥰2🥴2🔥1🤣1
👍31🥰2🥴21🤮1
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလမှာဆက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် တောင်းဆို

ဩဂုတ်-၂၉၊၂၀၂၆။မိုမို/People's Spring

ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA)၊ ကိုယ်စားလှယ်-အရည်အချင်း စစ်ကော်မတီ (Credentials Committee) နဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကိုယ်စားပြုခွင့် ကြိုးပမ်းမှုတွေကို လုံးဝပယ်ချပြီး ပြည်သူ့ဆန္ဒနဲ့အညီ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ တရားဝင်သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြု လက်ခံသွားဖို့လည်း တိုက်တွန်းထားပါတယ်။

"စစ်အုပ်စုကလည်း ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားနေတယ်။ စစ်အုပ်စုဘက်ကသာ ကိုယ်စားပြုခွင့်ရသွားရင် ပြည်သူတွေ ပိုပြီး ဒုက္ခရောက်မှာပါ။ စစ်အုပ်စုက သူတို့ အတုအယောင်ရွေးကောက်ပွဲက တက်လာတဲ့အစိုးရကို တရားဝင်မှုရဖို့ ကြိုးစားနေတာ ဖြစ်လို့ စစ်အုပ်စုဘက်က မရဖို့ လိုပါတယ်"လို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက် အဖွဲ့အစည်းတွေထဲက ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု ကောင်စီ(KSCSC-CDM) တာ၀န်ရရှိသူက လူထုနွေဦးကို ပြောပါတယ်။

ကုလကိုယ်စားပြုခွင့်ကို ဦးကျော်မိုးထွန်း ဆက်လက် ရမှပဲ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေအတွက် အကာ အကွယ် ဆက်လက်ရရှိလိမ့်မယ်လို့ သူက အသိပေးပါတယ်။

ဒါ့ကြောင့် tခုတောင်းဆိုမှု ထုတ်ပြန်ချက်အပါအ၀င် နိုင်ငံတကာ သံရုံးတွေ၊ UN ရုံးနဲ့ UN တာဝန်ရှိသူတွေ ဆီကိုလည်း Email ပေးပို့ကာ ရှမ်း၊ကချင်၊ကရင်နီ၊မွန်၊ရန်ကုန်၊မန္တလေး၊ပဲခူးနဲ့ စစ်ကိုင်းက CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ဆန္ဒကို တောင်းဆိုထားတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်က နိုင်ငံအာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့အချိန်ကစပြီး ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ကာ နွေဦးတော်လှန်ရေးနဲ့ ပြည်သူတွေရဲ့အသံကို နိုင် ငံတကာစင်မြင့်ထက်မှာ ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုပေးနေသူလို့ တောင်းဆိုချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် “ပြည်သူ့ထံမှ အပ်နှင်းထားသောတာဝန်နှင့် ဒီမိုကရေစီစံနှုန်းများကို သစ္စာရှိစွာ စောင့်သိထိန်းသိမ်းရင်း ပြည်သူနှင့် အတူ ခိုင်မာစွာ ရပ်တည်ခဲ့သည့် တရားဝင် ကိုယ်စားလှယ်”အဖြစ် ဦးကျော်မိုးထွန်းက ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဦးကျော်မိုးထွန်းကတဆင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ စစ်အုပ်စုရဲ့ ဥပဒေမဲ့လုပ်ရပ်နဲ့ အကြမ်းဖက်မှုတွေကို ဖော်ထုတ်တာ၊ ပြည်သူလူထုအပေါ် နေ့စဉ်နဲ့ အမျှ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေကို တင်ပြနိုင်တာလို့ အသိပေးပါတယ်။

မြန်မာပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကိုကိုယ်စားပြုတဲ့တစ်ဦးတည်းသော သံတမန်ဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နေရာဖယ်ရှားဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုမှန် သမျှကို ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက်အနေနဲ့ ပြင်းထန်စွာကန့်ကွက် ရှုတ်ချတယ်လို့လည်း တောင်းဆိုချက်မှာ ပါရှိပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ခိုင်မာစွာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အဆုံးထိတိုင် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကွန်ရက်က ကတိပြုထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် လူမှုကွန်ယက်စာမျက် နှာတချို့မှာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ ကနေ ဖယ်ရှားဖို့ အခုရက်ပိုင်းထဲ ဖြန့်ဝေမှုတွေရှိနေပါတယ်။

အဖွဲ့ဝင် ၉နိုင်ငံပါဝင်တဲ့ အရည်အချင်းစစ်ကော်မ တီ(Credentials Committee)ဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်တင်သွင်းမှု(၂)မျိုး လက်ခံရရှိထားတဲ့အပေါ် ရွေးချယ်ခန့်အပ်မှုအတွက် စဥ်းစားဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းထားမယ်လို့ ဆုံးဖြတ်ခဲ့သလို မနှစ်က ဒီဇင် ဘာ ၁၂ရက်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးကလည်း Credentials Committee ရဲ့ အစီရင်ခံစာကို မဲမခွဲဘဲ တူညီဆန္ဒနဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် အတည်ပြုခဲ့ပါတယ်။

သံတမန်စိစစ်ရေးကော်မတီ(Credentials Commmittee)ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံနဲ့ ဖွဲ့စည်းတာပါ။ အမေရိကန်၊ ရုရှားနဲ့ တရုတ် စတဲ့ ၃နိုင်ငံက နှစ်စဥ်ပါလေ့ရှိပါတယ်။
👍3715🤮1🤣1🖕1
(ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိဖို့ နယူး​ယောက်မြို့မှာ ကမ်ပိန်းလုပ်တောင်းဆိုနေစဉ်။ ဓာတ်ပုံ − သုတချမ်းသာ)
45👍13😁3🤮1🖕1
■ရုပ်ရှင်ခံစားမှု

အမေနဲ့ ထမင်းလက်ဆုံံစားခြင်း
Number One(၂၀၂၆)

ဝဇီရာ/People's Spring

ဟာမင်တို့မိသားစုမှာ မိခင်ဖြစ်သူရယ် အကိုရယ်ဆိုပြီး မိသားစုဝင် ၃ ယောက်ရှိပါတယ်။ ဖခင်ကတော့ အစာအိမ်ကင်ဆာနဲ့ ဆုံးပါးသွားခဲ့တာပါ။ တစ်ရက်တော့ အကို ကျောင်းသွားကာနီး အမေက သူချက်ထားတဲ့ဟင်း​လေးနဲ့ ဇွတ်ခွံ့ကျွေးနေတယ်။အကိုဖြစ်သူဟာ ကပျာကယာနဲ့ ကျောင်းသွားခဲ့တယ်။ နောက်တော့ အကိုဖြစ်သူ ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့တယ်။

ဟာမင်က အမေ့ကို အပြစ်တင်တယ်။ အမေ ဇွတ်ကျွေးနေလို့ အကိုသေရတာတဲ့။ မိခင်ဖြစ်သူခမျာ စိတ်ဒဏ်ရာ ရသွားတာပေါ့။ တစ်နေ့မှာ ထူးဆန်းတဲ့ အဖြစ်အကြုံတစ်ခုနဲ့ ဟာမင်ကြုံရပါတယ်။ အဲဒါကတော့ သူ့အမေ ချက်ကျွေးတဲ့ ထမင်းကို စားလိုက်တိုင်း သူ့မျက်စိရှေ့မှာ ကိန်းဂဏန်းတွေ ပေါ်လာပြီး ထမင်းတစ်ခါစားတိုင်း အဲဒီဂဏန်းက တစ်ခုစီ လျော့သွားတာပါပဲ။

​အဲဒီနောက် အိပ်မက်ထဲမှာ ဆုံးပါးသွားတဲ့ သူ့အဖေဆီကနေ အဲဒီဂဏန်းတွေ သုညရောက်သွားတဲ့အခါ သူ့အမေ သေဆုံးသွားလိမ့်မယ်ဆိုတဲ့ အကြောင်းကို သိရှိသွားပါတယ်။ အဲဒီလို မိခင်ဖြစ်သူရဲ့ အသက်ကို ကယ်တင်ချင်တဲ့အတွက် ဟာမင်တစ်ယောက် အမေချက်ကျွေးတဲ့ ထမင်းတွေကို ရှောင်ရှားဖို့ ကြိုးစားပါတော့တယ်။

နောက်တော့ သူ မြို့ပေါ်တက်ပြီး အလုပ်လုပ်တယ်။ အမေချက်ကျွေးတာတွေ မစားရတော့ ဂဏန်းတွေလည်း ပေါ်မလာတော့ဘူး။ တရက်တော့ သူနေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ သူ့မှာ အစာအိမ်ကင်ဆာဖြစ်နေတာ သိလိုက်ရတယ်။ သူကောင်မလေးကို ရောဂါကိစ္စမပြောဘဲ မုန်းတီးသွားအောင်ပြောလိုက်တယ်။ ပြီးတော့ အလုပ်ကနေခွင့်ယူပြီး မိခင်ဆီ ပြန်လာခဲ့တယ်။

မိခင်ဆီရောက်တော့ သူမသေခင် အမေချက်တာတွေ အားရပါးရစားပါတော့တယ်။ မိခင်ကလည်း ပထမတော့ သားပြန်ရောက်လာတော့ ပျော်သွားပေမဲ့ သားရောဂါကိစ္စလည်း သိရော ကြေကွဲတော့တာပေါ့။ သားကို ခွဲစိတ်ကုသမှုခံယူဖို့ပြောတယ်။ သားကခေါင်းမာတယ်။ မခွဲဘူးတဲ့။ မိခင်က ဒူးထောက်တောင်းပန်ရှာတယ်။ ကိုယ့်သားသမီး ကိုယ့်ထက်အရင် ထွက်ခွာသွားတဲ့ခံစားမှုကို မင်းမသိပါဘူးတဲ့။ ဟာမင်ရဲ့ နောက်ဆုံးရက်တွေကလည်း တဖြည်းဖြည်းနီးကပ်လာတဲ့အခါ....

ကျနော်တို့ အားလုံးရဲ့ မိခင်တွေဟာ ဟာမင်ရဲ့ မိခင်လိုပဲ သူတို့ ချက်ထားတာလေးတွေ သူတို့သားသမီးတွေ အားရပါးရစားတာကို သိပ်​မြင်ချင်ကြတယ်။ "စားလို့ကောင်းလိုက်တာအမေ"လို့များ ပြောလိုက်ရင် အမေတွေရဲ့မျက်နှာ သကာရည်လောင်းထားသလို ချိုလို့မြလို့ပေါ့။

ဟာမင်ရဲ့ ရည်းစားဖြစ်သူ ကောင်မလေးကလည်း သူ့ကောင်လေးကို ထမင်းဟင်းချက်​ပြုတ် ကျွေးတဲ့အခါ သူ့ကောင်လေး အားရပါးရစားနေတာကိုမြင်ရတာ သိပ်ကျေနပ်စရာကောင်းတာပဲတဲ့။ အမျိုးသမီးတွေဟာ ကိုယ့်သားသမီးအပေါ် ကိုယ့်အိမ်သားအပေါ် ချက်ပြုတ် ကျွေးမွေးလိုလှပြီး သူတို့တွေ အားပါးတရစားနေရင် သိပ်ကိုကျေနပ်ကြတာ အမှန်တရားပါ။ သိပ်ကြိုက်တာပဲဆိုရင် ချက်ပြုတ်ထားရလို့ ပင်ပန်းထားသမျှ အကုန်ယူပစ်သလို ပျောက်ကင်းကုန်ကြတာပါပဲ။

ဒါပေမဲ့ အဲဒီလို မိသားစု ထမင်းဝိုင်းလေးတွေဟာ အချိန်အကန့်အသတ်တော့ ရှိပါတယ်။ လေးယောက်ရှိတဲ့ ထမင်းဝိုင်း နှစ်ယောက်ဖြစ်သွားနိုင်သလို နောင်တချိန် တစ်ယောက်တည်းလည်း ဖြစ်သွားနိုင်တာပါပဲ။ ကျွန်တော်တို့နိုင်ငံလို မိသားစုတကွဲတပြားစီ နေကြရတဲ့၊ သေကွဲရှင်ကွဲ အမျိုးစုံအောင် ကွဲကွာနေကြရတဲ့ နိုင်ငံသူနိုင်ငံသားတွေဟာ မိသားစုတူတူ ထမင်းလက်ဆုံ စားခွင့်အင်မတန်မှ နည်းပါးလှတယ်။

အခုဆိုရင် မိခင်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းကြောင့်လည်း ကိုယ့်သားကလေးတွေအတွက် ရင်တမမနေကြရတယ်။ တော်လှန်ရေးကာလအစောပိုင်းကတည်းက PDF ထဲရောက်သွားတဲ့ သားတွေရဲ့မိခင်​​​တွေဆို ဘယ်လိုများနေမလဲ။ ကိုယ့်ထက်အရင် ကိုယ့်သားသမီးက လောကထဲကနေ အရင်ထွက်သွားခဲ့တဲ့ခံစားမှုကရော ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲ။ ဒီခေတ်လောက် မိခင်တွေသောကများတဲ့ကာလ ရှိပါဦးမလားမသိ။ လူမစုံတော့တဲ့ ထမင်းဝိုင်းလေးတွေ တရက်ထက်တရက် ပိုပိုများလာလိုက်တာများ....။ ။
👍226😢2🖕2🤮1
👍20😢2🥰1🤮1🖕1
ရန်ကုန်မှာတစ်ပတ်ကြာပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ဘောလုံးသမားကိုပြန်တွေ့

■လူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့်​​ အမြန်လမ်းတ​နေရာမှသွား​ခေါ်ခဲ့ရဟုစုံစမ်းသိရ

သြဂုတ် ၂၉၊၂၀၂၆။သုည/People's Spring

ရန်ကုန်မြို့မှာ ဖူဆယ်ဘောလုံးပွဲကြည့်ရှုပြီး အဆောင်ကိုပြန်လာစဉ် တစ်ပတ်ကြာ အ
ဆက် အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးခဲ့တဲ့ မြန်မာလိဂ်ပြိုင်ပွဲဝင် ချင်းလန်းအက်ဖ်စီအသင်းရဲ့ ဘောလုံးသမားဖြစ်သူ Pa Lung ကို ပြန်တွေ့ပြီ ဖြစ်​ကြောင်း ချင်းလန်းအသင်းက ဒီကနေ့ (သြဂုတ် ၂၉) မှာ ထုတ်ပြန်ပါတယ်။

အသက် (၂၂) နှစ်အရွယ် မတူပီမြို့နယ်သား Pa Lung ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက် ညနေပိုင်းက ဖူဆယ်ပွဲကြည့်ပြီး အပြန်ခရီးမှာ ၇/၈ လမ်းဆုံမှ Taxi ဌားစီးရာ နောက်ပိုင်း အဆက်အသွယ်မရခဲ့ကြောင်း အသင်းက ဖော်ပြခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်မှ စတင်ကာ ဩဂုတ် ၂၇ ရက်အထိ (၅) ရက်တိုင် အသင်းအနေနဲ့ ရှာဖွေခြင်း၊ သက်ဆိုင်ရာအကြောင်းကြား လူပျောက်အမှုဖွင့်ခြင်း၊ မြန်မာလိဂ်တာဝန်ရှိသူတွေကို ပူးပေါင်းရှာဖွေခြင်း တို့ လုပ်ဆောင်ခဲ့ပြီးနောက် တစ်ပတ်အကြာ သြဂုတ် ၂၉ ရက်မှာ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Pa Lung ဟာ မိခင်ကျန်းမာရေး အရေးပေါ်ကြောင့် နေရပ်ပြန်သွားရာမှ ခရီးလမ်းမှာ ဖုန်းအားကုန်သွားတာနဲ့ ဆက်သွယ်ရေးအခက်
အခဲတွေကြောင့် အသင်းနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်တယ်လို့ အသင်းက ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ အသင်းကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ စိတ်
ပူပန်သူအားလုံး စိတ်အေးချမ်းသာနိုင်ပြီ ဖြစ်ကြောင်း ချင်းလန်းအသင်းက ဆိုပါတယ်။

ယင်းဖော်ပြချက်ကို ပြည်သူတွေက မယုံကြည်ဘဲ ရန်ကုန်နဲ့ ချင်းပြည်နယ် မတူပီကို လမ်းခရီးအခြေအနေအရ တစ်ပတ်အတွင်း သွားလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ စစ်တပ်က ပေါ်တာဆွဲရာမှ ပြန်လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြပါတယ်။

Pa Lung ကို အမြန်လမ်းတနေရာမှ သွားပြ​န်ခေါ်ခဲ့ရတယ်လို့လည်း ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းအချို့ ဆိုပါတယ်။

"နေပြည်တော်ဘက်သွားတဲ့ အမြန်လမ်းတနေရာကနေ သွားခေါ်ခဲ့ရတယ် ကြားတယ်။ အတိအကျတော့ မပြောတတ်ဘူး။ လူတစ်စု ဖမ်းခေါ်သွားတယ်လို့ပဲ သိရတယ်" လို့ ဘောလုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။

ရန်ကုန်မြို့က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အရပ်ဝတ်နဲ့ လူတစ်စုက အိမ်စီးကားတွေနဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။ စစ်တပ်က​ပေါ်တာဆွဲတာကို ပျူ​စောထီး​တွေ၊လူမိုက်​တွေ၊စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူး​တွေ၊ရဲနဲ့စစ်သား​တွေက အဓိကလုပ်​နေကြတာဖြစ်ပါတယ်။​ပေါ်တာဆွဲရသူ ၊စစ်မှုထမ်းစု​ဆောင်းရသူ​​တွေကို ပြန်လည်​ရောင်းချတဲ့​ဈေးကွက်လည်းရှိ​နေပြီး ကျပ်သိန်းဆယ်ဂဏန်းက​နေ၊သိန်းရာနဲ့ချီပြီးအထိ ရှိ​နေတယ်လို့စုံစမ်းသိရပါတယ် ။

အာဏာသိမ်းစစ်တပ်ဟာ ယခု ဩဂုတ်အတွင်းပြုလုပ်နေတဲ့ စစ်မှုထမ်း အပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့ သတင်းတွေထွက်နေပြီး လာမယ့် စက်တင်
ဘာမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ယခုကတည်းက ပြုလုပ်နေပါတယ်။

နိုင်ငံတစ်ဝန်းတိုက်ပွဲ​တွေမှာ စစ်တပ်က စစ်သားသစ်​တွေကိုသာအဓိကအသုံးပြု​​နေပြီး​သေဆုံဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊​တော်လှန်​ရေးတပ်​တွေထံအလင်းဝင်သူ​တွေလည်းများ​နေပါတယ်။ဒါ​ကြောင့်စစ်တပ်က အခုလပိုင်းအတွင်း စစ်သားသစ်စု​ဆောင်းတာ၊​ပေါ်တာဆွဲတာ​တွေ စစ်တပ်ထိန်းချုပ်​ဒေသ​တွေမှာ ပိုမိုပြုလုပ်​နေပါတယ် ။ဒါ​ကြောင့်​တော်လှန်​ရေးတပ်​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင်သတိပြုပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ပြည်သူ​တွေကိုတိုက်တွန်းထားပါတယ် ။
25👍9🔥5😁2🥰1👏1