People's Spring
60.3K subscribers
70.2K photos
1.21K videos
8 files
3.01K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
တနင်္သာရီမြို့နယ်မှာ စစ်တပ် ပစ်ခတ်လို့ ပြည်သူ ၁ဦး ဒဏ်ရာရ၊ ဘုတ်ပြင်းမှာ စစ်တပ်က နေအိမ်အချို့ မီးရှို့

ဩဂုတ် ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၂၂ရက် ညပိုင်းက တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၆)နှစ်အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တာလို့ ဖော်ပြပါတယ်။

ပစ်ခတ်မှုကို စစ်တပ်ရဲ့ ခမရ(၅၆၁) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ဩဂုတ် ၁၇ရက်ကလည်း တနင်္သာရီမြို့နယ် သဲဖြူရွာချောင်းဖျား(မဲ့ဝါးခီး) ဒေသက စစ်ရှောင်နေထိုင်ရာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလို မီးရှို့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ ပူးပေါင်းတပ်က ဩဂုတ် ၁၉ရက်နဲ့ ၂၀ရက်နေ့တွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ထိခိုက်သူအချို့ရှိခဲ့တယ်လို့လည်း အသိပေးပါတယ်။

စစ်တပ်ဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာလည်း တိုက်ပွဲမရှိဘဲ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံလမ်းပိုင်း (၅) မိုင်အနီး ဝန်းကျင်က ပြည်သူ့နေအိမ် ၃လုံးကို စစ်တပ်က အကြောင်းမဲ့မီးရှို့ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အစဉ်အမြဲ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး၊ အာဏာရှင် စစ်တပ်ရဲ့ ပြည်သူအပေါ်ဖိနှိပ်ရက်စက်မှုများကို ပြည်သူများနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
👍14🤬75👏1🎉1
(စစ်တပ် ပစ်ခတ်မှုကြောင့် ထိမှန် ဒဏ်ရာရတဲ့ အမျိုးသမီးကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU - Mergui-Tavoy District)
😭22🤬62👎2👍1👏1🎉1
ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စစ်တပ်လွှတ်တော်ဥက္ကဌရဲ့တူ ဌာနမှူးဦးဆောင်တဲ့ လာဘ်စားမှု ဆိုးရွားနေ

ဩဂုတ်-၂၄၊၂၀၂၆။မိုမို/People's Spring

ရန်ကုန်မြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ စစ်တပ်လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးရဲ့ တူတော်စပ်သူ ဌာနမှူး မင်းသူအောင်ဦးဆောင်ပြီး လာဘ်စားနေမှုဟာ ဆိုးရွားနေတယ်လို့ ငွေတောင်းခံရသူတချို့က ပြောပါတယ်။

စာချုပ်စာတမ်းမှတ်ပုံတင်ရုံးဌာနမှူး မင်းသူအောင်က စာချုပ်စာတမ်းတွေစစ်ဆေးပါက လက်အောက်ဝန်ထမ်းကတဆင့် ငွေကြေးတောင်းခံနေတယ်လို့ ကိုယ်တိုင်ငွေပေးခဲ့ရသူတစ်ဦးက ပြောပါတယ်။

ပိုက်ဆံကို စာအိတ်နဲ့ ထည့်ပေးရပြီး ပိုက်ဆံနည်းရင် စာချုပ်တွေမှာ အချက်အလက်မပြည့်စုံသေးကြောင်းအပြစ်ရှာကာ ကြန့်ကြာအောင် ပြုလုပ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

ရန်ကင်းမြို့နယ်မှာရှိတဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက မြေယာ၊ အိမ်နဲ့အဆောက်အအုံ ရောင်းဝယ်တာ၊ပေးကမ်းတာ၊ ပေါင်နှံတာနဲ့ ငှားရမ်းတာစတဲ့ ပိုင်ဆိုင်မှုဆိုင်ရာ စာချုပ်စာတမ်းတွေကို တရားဝင်မှတ်ပုံတင်ပေးပြီး လက်ဗွေနှိပ်စစ်ဆေးမှု၊ မှတ်တမ်းထိန်းသိမ်းမှု နဲ့ တရားဝင် ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာစေဖို့ ဆောင်ရွက်ပေးတဲ့ ဌာနဖြစ်ပါတယ်။ ဌာနမှာ နောက်ဆုံးအဆင့်အတည်ပြုချက်ကို ဌာနမှူးက လက်မှတ်ထိုးပေးရတာဖြစ်ပါတယ်။

ဒါကြောင့် မင်းသူအောင်က သူ့လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ငွေကြေးအမြောက်အမြားလက်ခံရယူနေတာလို့ ငွေတောင်းခံရသူတစ်ဦးက ပြောပါတယ်။

အထက်လူကြီးတွေလာရင် စားသောက်နေထိုင်တည်းခိုစရိတ်စီစဉ်ပေးရသလို စာအိတ်ထူထူနဲ့ ကန်တော့ရတာကြောင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံလာတင်သူတွေထံက ပိုက်ဆံတောင်းရတာလို့ မင်းသူအောင်က အကြောင်းပြတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူဟာ ဗိုလ်ချုပ်ကြီးဟောင်းအောင်လင်းဒွေးတူအရင်းဖြစ်တာကြောင့် သူ့လုပ်ရပ်တွေကိုမကျေနပ်ရင် “ကြိုက်တဲ့လူ၊ ကြိုက်တဲ့နေရာတိုင်လို့ရတယ်၊ ဂရုမစိုက်ဘူး” ဆိုပြီး ပြောတတ်တယ်လို့ ဌာနနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

စာချုပ်စာတမ်းရုံးမှာစာချုပ်တွေ မှတ်ပုံတင်ဖို့အတွက် အဆင့်ဆင့်လာဘ်စားမှုတွေများနေပြီး ကနဦးပြုလုပ်ရတဲ့ စာချုပ်စာရင်းသွင်းတာအပြင် တုံတင်ယူတဲ့ကောင်တာမှာထိုင်တဲ့ ဝန်ထမ်း‌တွေက အစ ပိုက်ဆံကိုစေတနာကြေးမဟုတ်ဘဲ သူတို့လိုချင်တဲ့ ငွေပမာဏကိုပြောပြီး တောင်းခံတာ၊အလှူငွေထည့်ဖို့ဆိုပြီး ငွေဖလားကို မသိမသာချထားတာတွေရှိနေတယ်လို့ မှတ်ပုံတင်သူတချို့က ပြောပါတယ်။

ဌာနမှူး မင်းသူအောင်ရဲ့အခန်းစောင့် အကြီးကောင်ဆိုသူ အငယ်တန်းစာရေးကလည်း ကိုယ်ပိုင်ကားအပြင် တက္ကစီယာဥ်ပါ ပိုင်ဆိုင်နေပြီလို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မင်းသူအောင် ဦးဆောင်ပြီး လာဘ်စားမှုတွေအကြောင်းကို ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာန၊ရုံးချုပ်ကို တိုင်ကြားထားပေမယ့် အကြောင်းမထူးသေးဘူးလို့ သိရပါတယ်။

"နောက်လ ၁ ရက်နေ့စမယ့် အိမ်ခြံမြေအရောင်းအဝယ်မှာ ရောင်းသူ၊ ဝယ်သူ နှစ်ဘက်လုံး အခွန်ဆောင်မှ မြေအမည်ပေါက် ပြောင်းခွင့်ရတော့မယ့်သတ်မှတ်ချက်ကြောင့်လည်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက ငွေပိုရွှင်ဖို့ရှိတယ်"လို့ အိမ်၊ခြံ၊မြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေ၊ အဆောက်အအုံ၊ တိုက်ခန်းတွေ ဝယ်ယူရောင်းချတဲ့ ကိစ္စတွေအတွက် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှာ အမည်ပြောင်းလျှောက်ထားခြင်းတွေကိုဝယ်ယူသူရဲ့ ဝင်ငွေခွန်စည်းကြပ်ပြီးစီးမှု အထောက်အထားအပြင် ရောင်းချသူဘက်ကလည်း အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံ တင်ပြနိုင်မှဝယ်ယူသူကို အမည်ပြောင်းမှတ်ပုံတင်ပေးမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်ကို လာမယ့်စက်တင်ဘာ ၁ရက်မှာ စတင်ဆောင်ရွက်မယ်လို့ကြေညာထားပါတယ်။

ဒါကြောင့် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအပြင် သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေမှာ လာဘ်စားမှုတွေပိုဆိုးလာလိမ့်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက်ပိုင်း ဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေ ဆိုးရွားနေတယ်လို့ လုပ်ငန်းရှင်တွေကပြောပါတယ်။ကမ္ဘာနိုင်ငံတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့် အကဲဖြတ်နေတဲ့ ဂျာမနီနိုင်ငံ အခြေစိုက် နိုင်ငံတကာပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့(Transparency International) က ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု အညွှန်းကိန်းအတွက် အမှတ် ၁၀၀ မှာ ၁၆ မှတ်ပဲ ရပြီး နိုင်ငံပေါင်း ၁၈၂ နိုင်ငံထဲမှာ အဆင့် ၁၇၁ မှာ ရှိနေပါတယ်။ အာဆီယံဒေသတွင်းမှာရော အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက အဆိုးဆုံး ဖြစ်နေပါတယ်။

ငွေတောင်းခံတာတွေ နဲ့ပတ်သက်လို့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးနဲ့ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနကို ဒီနေ့ ဩဂုတ် ၂၄ရက်မှာ လူထုနွေဦးက ဖုန်းနဲ့သုံးကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။
🔥144👍3👎2👏1🤣1
စစ်တပ်လွှတ်တော်မှာ လက်ရှ်ိအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အောင်လင်းဒွေးဟာ စစ်ကောင်စီက ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်တွေကို လက်မှတ်ရေးထိုးထုတ်ပြန်ပေးခဲ့တဲ့ စစ်ကောင်စီရဲ့အဓိက ထောက်တိုင်တစ်ဦးဖြစ်ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကလည်း အရေးယူ ပိတ်ဆို့ခံထားရသူဖြစ်ပါတယ်။
👍15👎42🤮2🔥1👏1😁1
👍15🤬6🖕32👎2😁1🤣1
မြိုင်မြို့နယ်အနောက်ခြမ်း ရေနံမြေအနီးမှာ တိုက်ပွဲပြင်းထန်နေ

ဩဂုတ်-၂၄၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အင်အား ၅၀၀ ခန့်နဲ့ ၃လ ၀န်းကျင်ကြာထိုးစစ်ဆင်နေတဲ့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ တားဆီးပိတ်ဆို့တိုက်ခိုက်မှုကြောင့် လေကြောင်းကနေ ပစ်ကူအသုံးပြုပြီး နေ့စဉ် တိုက်ခိုက်ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

"ဒီနေ့ ညနေ(၃ နာရီခွဲ) အထိ ဆို ဂျက်ဖိုက်တာ နဲ့ ကြဲတာ ငါးကြိမ်ရှိပြီ။Y 12 နဲ့ရော ရဟတ်ယာဉ် တွေပါသုံးတာ မပါသေးဘူး"လို့ မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

မြိုင်မြို့နယ်အနောက်ပိုင်း တောင်စုံရွာ နဲ့ တဲကြီးကျေးရွာ အနီးတဝိုက်က ဝဲတူးရေနံမြေကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးပမ်းနေတာလို့ အသိပေးပါတယ်။

"ဝဲတူးပတ်လည်ကို ရောက်နေတယ်။ မှော်နှုတ်ခမ်းကိုရောက်နေပြီ"လို့ မြိုင်မြို့နယ် ဒေသခံတစ်ဦးက စစ်တပ်စစ်ကြောင်းအခြေအနေကို ပြောပါတယ်။

မြိုင်မြို့နယ်အနောက်ခြမ်းက ဝဲတူးရေနံမြေအပါအ၀င် ရေနံမှော်တွေကို ၂၀၂၄ မတ်လကတည်းက ဒေသအခြေစိုက်တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်

ဇွန် နဲ့ဇူလိုင်လက တိုက်ပွဲတွေအတွင်း စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်လတည်းမှာပဲ စစ်တပ်က မြိုင်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၄၀ ၀န်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာ ၈ရွာထက်မနည်း မီးရှို့ခံခဲ့ရတာကြောင့် နေအိမ်အလုံး ၂၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ပါတယ်။
👍167🤮3👎1🥰1🤣1
(အညာမြေတပ်ပေါင်းစုက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု)
👍24🥰6🫡32🔥1🤮1🤣1🖕1
မန္တလေးကျောက်ဝိုင်းက လုယက်မှုကျူးလွန်သူတွေဟာ ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူ​တွေဖြစ်နေ

ဩဂုတ်-၂၄၊၂၀၂၆။ကတ်သရင်း/People's Spring

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူး
လွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

ဩဂုတ်၁၈ရက်၊မနက်၁၀နာရီခွဲခန့်ကမန္တလေး
မြို့၊မဟာအောင်မြေ ကျောက်မျက်ရောင်း
ဝယ်ရေးစခန်း( ကျောက်ဝိုင်း)မှာ အရောင်း
အဝယ်လုပ်နေတဲ့ကျောက်ကုန်သည် ကိုထက်‌
အောင်ဆိုသူကို အမျိုးသား၂ဦးက ပြည်သူ့
စစ်တံဆိပ်ပါတဲ့ လက်မှတ်ကိုထုတ်ပြကာ စစ်ဆေးစရာရှိလို့ဆိုပြီး ကျောက်ဝိုင်းအပြင်ဘက်ကို ခေါ်ထုတ်သွားခဲ့ပါတယ်။

အဲဒီနောက် ကိုထက်အောင်ဆီကနေ ကျောက်
စိမ်းအချောထည်၂ပွင့်၊ကျောက်စိမ်းဆွဲကြိုး
၂ကုံး၊ ချွမ်အမျိုးအစား လည်ဆွဲ၁ကုံး၊ ချွမ်အမျိုးအစား လက်စွပ်၂ကွင်း၊ကျောက်စိမ်းနားကပ်၁စုံ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလုယက်သူတွေထဲက ခိုင်းတဲ့သူနှစ်ဦးကို အဲဒီ‌ နေ့ညနေမှာပဲ ဖမ်းမိခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူ ၂ဦးကိုတော့ စစ်ကိုင်းမြို့မှာဖမ်းမိခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဖမ်းမိသူတွေဟာပျူခေါင်းဆောင်ဇင်မျိုးထက်(ခ)ဖိုးသားလေး၊ဟန်လင်းထက်(ခ)
ချစ်တီး၊ဇွဲမင်းလတ်(ခ)ဇွဲ မောင် မောင်နဲ့ ကောင်းကျော်(ခ)သီဟ တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအထဲက ဖိုးသားလေး ဆိုသူဟာ ပြည်ကြီးတံခွန်မြို့နယ်ကသင်္ကန်းဝတ်ပျူခေါင်း
ဆောင် ပေါက်ကိုယ်တော်ရဲ့ တပည့်အရင်းဖြစ်ပြီး လက်ရှိ မြေယာအမှုနဲ့ဖမ်းဆီးခံထားရတဲ့ ပျူခေါင်းဆောင်စံရှားရဲ့သား ကျော်သက်ရှား၊နဂါးလေး၊သင်ပန်းကုန်းဘိုဘို၊ဇော်ဝင်း မောင်( TikTok ဆယ်လီ)တို့နဲ့ တဖွဲ့တည်းတွေဖြစ်တယ်လို့ သိရပါတယ်။

"ဒီကောင်ကပျူတပိုင်း၊ဇိုးတပိုင်း၊ဖိုးသားကြီး (ဇိုး)ရဲ့တပည့်လို့လည်းပြောတယ်။ ထောင်
ထွက်၊ကျောက်ဝိုင်းမှာ အနိုင်ကျင့်ငွေတောင်း
နေတာကြာပြီ။အရင်က ကျောက်ဝိုင်းမှာ တရုတ်ကြီးနဲ့ဖိုးသားလေး ဆိုပြီး နှစ်ဖွဲ့ ရှိတာ။တရုတ်ကြီးက အခုရှောင် နေရပြီး ဒီကောင်ကျန်ခဲ့တာ။အကြွေးတောင်းတဲ့ကိစ္စတွေလည်းလုပ်တယ်ဒီကောင်က၊အခုက နောက်
ကွယ်ကပြသနာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွေလည်းပါနိုင်တယ်"လို့ မြို့ခံတဦးက ပြောပါတယ်။

ဒါ့အပြင် ဖိုးသားလေးဆိုသူဟာ ကျောက်ဝိုင်းမှာ လူငယ် တွေကို ပေါ်တာဆွဲတာ၊ကျောက်သမားတွေကို ငွေညစ်တာကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေသူ ဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

အဲဒီနယ်မြေ ဟာ အမှတ်(၁၀)ရဲစခန်းပိုင်နယ်မြေဖြစ်ပြီး ကျောက်ဝိုင်းတဝိုက်ကို ဖိုးသားလေးဆိုသူက အပိုင်နယ်မြေ အဖြစ်ယူကာ ငွေတောင်းတာ၊ ပေါ်တာဆွဲတာ တွေပြုလုပ်တယ်လို့ သိရပါတယ်။ အဲဒီလုပ်ရပ်တွေလုပ်နိုင်အောင် ပေါက်ကိုယ်တော်က ကျောထောက် နောက်ခံ အဖြစ်လုပ် ပေးထားတာလို့ မြို့ခံတွေက ပြောပြပါတယ်။

ယခုနောက်ပိုင်းဖိုးသားလေးဆိုသူဟာလု
ယက်မှု၊ပေါ်တာဆွဲမှုနဲ့ ခြိမ်းခြောက်ငွေတောင်းမှုတွေမှာ နာမည်ဆိုးထွက်ပြီး အချင်း
ချင်းကျော်တယ်ဆိုပြီး ပြသနာတွေတက်ကာ ယခုလို ဖမ်းဆီးခံလိုက်ရတာလို့လည်း မြို့ခံတချို့က ပြောပြပါတယ်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က မဟာမုနိဘုရားပွဲမှာ ဓားကိုင်ဆောင်ကာ ရမ်းကားနေတဲ့ ပေါက်ကိုယ်တော်တပည့် ပျူစောထီးတွေကို အမှတ် (၁၀) ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ဖမ်းဆီးရာကနေ အငြင်းပွားမှု ဖြစ်ပွားခဲ့ဖူးပါတယ်။ ပျူစောထီးတွေက ၎င်းတို့ဟာ တရား
ဝင်လက်နက်ကိုင်ခွင့်ရှိသူတွေဖြစ်ကြောင်း ပြောဆိုရန်ပြုခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားချိန် ရဲတပ်သားက ပေါက်ကိုယ်တော်ကို ရည်
ညွှန်းပြီး ဆဲဆိုခဲ့ပါတယ်။

ရဲကပျူစောထီးတွေကို ရဲစခန်းအထိ ဖမ်းခေါ်ခဲ့ရာမှာပျူစောထီးတွေကမကျေနပ်ပြီး အ
မှတ်၁၀ရဲစခန်းအထိ လိုက်လာကာ စခန်းမှူးနဲ့ နယ်ထိန်း တွေအထိပါ ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကို ပေါက်ကိုယ် တော်က စခန်းမှူးကို ခြိမ်းခြောက်တာမို့ စခန်းမှုးကရဲတပ်သား ကိုဖမ်းပေးခဲ့ရပါတယ်။

​ရဲတပ်ဖွဲ့က စခန်းသို့ ဆက်လက်ဖမ်းခေါ်သွားရာ ပျူစောထီးအုပ်စုက ရဲစခန်းအထိ လိုက်ပါလာပြီး စခန်းမှူးနဲ့ နယ်ထိန်းတွေကိုပါ ဆဲဆိုခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာ ပေါက်ကိုယ်တော်ကိုယ်တိုင် ဝင်ရောက်ဖိအားပေး ခြိမ်းခြောက်ခဲ့တာကြောင့်နောက်ဆုံးမှာအဆို
ပါ ရဲတပ်သားသာ ဖမ်းဆီးအရေးယူခံခဲ့ရပါတယ်။
😁165🤣2🔥1💩1
🤮20👏31👎1🤣1🖕1
ပလက်၀မြို့နယ်ကိုစစ်တပ်ဗုံးကြဲ၊ ကလေးအပါအ၀င် ၅ ဦးသေ၊၁၇ ဦးဒဏ်ရာရ

"ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ"-ဒေသခံ

ဩဂုတ်-၂၄၊၂၀၂၆။ခိုင်မြတ်/People's Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်း
ပြည်နယ်၊ပလက်၀မြို့နယ် စိမ့်ညှင်း၀ရွာကို အာဏာသိမ်းစစ်တပ်ကဒီကနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၅ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လ၂၄ ရက်၊နေ့လယ်၁၂နာရီဝန်းကျင်
မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ပေါင်ငါးရာအပါအ
၀င် ဗုံး ၁၁ လုံး ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ စာသင်နေတဲ့ ဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲနေအိမ်တွေကိုကျရောက်ပေါက်ကွဲခဲ့
တာလို့ သိရပါတယ်။

“နှစ်ချက်၊နှစ်ချက်စီနှစ်ခေါက်ကြားလိုက်ရတယ်။ကျွန်မတို့လည်းပုန်းလိုက်ရသေးတယ်။ အထိအခိုက်တွေများပါတယ်” လို့ ပလက်၀
ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူ ၅ ဦးထဲမှာ အသက် ၁ နှစ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦးပါ၀င်ပြီး ဒဏ်
ရာရသူတွေထဲမှာလည်း အသက် ၇ နှစ်ကနေ ၁၃ နှစ်ထိ ကလေးငယ် ၇ ဦးပါ၀င်ပါတယ်။

"ကလေးတွေ စာသင်နေတဲ့ ဘုန်းကြီးကျောင်း ဓမ္မာရုံ တည့်တည့်ကျလာတာ၊ အားလုံးနီးပါးက ကလေးတွေပဲ"လို့ ပလက်၀ဒေသခံတဦးက ပြောပါတယ်။

စိမ့်ညှင်း၀ကျေးရွာဟာပလက်၀နဲ့ ရခိုင်ပြည်
နယ် ကျောက်တော်ကြား ကားလမ်းပိုင်းမှာ တည်ရှိတာဖြစ်ပြီး အဲဒီဝန်း ကျင်မှာ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဂျက်ဖိုက်တာ၄စီးနေ့လယ် ၁၁ နာရီခွဲလောက်ကနေ ဝဲနေခဲ့ကာအခုလို ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။

လက်ရှိမှာတော့ဗုံးကြဲမှုကြောင့်ထိခိုက်၊ သေ
ဆုံးသူတွေကို နီစပ်ရာ ပို့ဆောင်၊ ဆေးကုသထားတယ်လို့ ဒေသခံအချို့က​ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ် ပလက်၀အပြင် ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းမှာ လည်း ဂျက်ဖိုက်တာတွေ ဝဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်ဟာပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ညကလည်း ပလက်၀မြို့နယ် ဆမီးမြို့ကို ‌ဗုံးကြဲတာကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး၈ဦးဒဏ်ရာရခဲ့ပါတယ်။ဩဂုတ်လ၁၁ရက်မနက်ပိုင်းမှာလည်းပလက်
၀မြို့၊ မြို့ဝင်ဆိုင်းဘုတ်အနီးဝန်းကျင်ကို ဗုံးကြဲခဲ့ ပြီး ကလေးတဦးအပါအဝင် အမျိုး
သမီးနှစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။

ဒါ့အပြင်မေလ၂၈ ရက်နေ့ကလည်းပလက်၀
မြို့နယ် ဝါးရူးနဲ့ ကယက်ကျေးရွာကြားကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးလေးလုံး ကြဲချ၊ တိုက်ခိုက်ခဲ့တာကြောင့်အရပ်သားပြည်သူ
တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခု ဖေဖော်ဝါရလဆန်းပိုင်းမှာသိမ်းပိုက်ထိန်း
ချုပ်ထားတာဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာ
သိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အပါအဝင် AA ထိန်းချုပ်ဒေသတွေ ကို လေကြောင်းကဗုံးကြဲတာတွေဆက်တိုက်လုပ်နေတာပါ။စစ်
တပ်ဟာ မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်
မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ဆေးခန်းတွေနဲဘာသာရေးအဆောက်
အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့
စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကိုပြောင်ပြောင်တင်းတင်း
ကျူးလွန်နေဆဲဖြစ်တယ်လို့AAကဆိုပါတယ်။

အဲဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေအိမ်အဆောက်
အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပြီး စစ်တပ်ရဲ့ အောက်တန်းကျတဲ့ အဲဒီလုပ်ရပ်တွေအပေါ် မှတ်တမ်းတင်ထားကာ တုံ့ပြန်သွားမယ်လို့ထုတ်ပြန် သတိ
ပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာ
သိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်
ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။
🤬28💔4👏3👍2🎉1🤣1
စစ်တပ်ဗုံးကြဲလို့ ​သေဆုံးခဲ့တဲ့ က​လေးငယ်၂ ဦးအပါအဝင်ပြည်သူ​တွေ ။
ဓါတ်ပုံ-ပလက်ဝတိုင်းမ်း
🤬29😢14👏3💔3👍2🎉1🤣1
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းအားလုံး လွှတ်ပေးဖို့ သြစတြေးလျနဲ့ ကိုရီးယားရောက်မြန်မာတွေ တောင်းဆိုဆန္ဒပြ

သြဂုတ်-၂၄၊၂၀၂၆။သုည/People's Spring

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း စစ်တပ်ရဲ့ ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ အပါအဝင် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။

ယင်းဆန္ဒပြပွဲကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲလ်ဘုန်းမြို့ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။
👍192🥰2👏2🖕2🤣1
ဓာတ်ပုံ - CJ
26👍5👏1🤮1🤣1🖕1
စစ်ကိုင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုတွေက စားနပ်ရိက္ခာထောက်ပံ့

သြဂုတ် ၂၄၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုတို့ ပူးပေါင်းပြီး စားနပ်ရိက္ခာ၊ ဆန်၊ ရိက္ခာခြောက်နဲ့ ဓာတ်ဆားတွေ သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။

အခုလို ကူညီထောက်ပံ့မှုတွေကို ထိုင်းနိုင်ငံ ဖူးယူစက်စက္ကူစက်ရုံက ညီအစ်ကိုမောင်နှမတွေရဲ့ လှူဒါန်းမှုနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ရွှေဘိုမြို့နယ် သပိတ်အင်အားစုက ဆိုပါတယ်။

ရေဦးမြို့နယ်အတွင်းက ရေဘေးအန္တရယ်ကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်စုတထောင်ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းအဖွဲ့တွေက ဆန်နဲ့ဆီတွေ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

ရေဦးမြို့နယ်အတွင်းက ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်စု (၁၀၃၇) စုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁၄ ၊ ရေဦးမြို့နယ် လူသားစာနာနဲ့ ပြည်သူလူထုတို့ပူးပေါင်းပြီး အိမ်ထောင်စုတစုကို ဆန် (၂) ပြည်နဲ့ ဆီ (၅၀) သားဆီ သွားရောက်ကူညီပေးခဲ့တာလို့ ပကဖအသံက ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်း အခြားသော မြို့နယ်တွေမှာလည်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် သောက်သုံးရေ၊ ဓာတ်ဆားနဲ့ ဆေးဝါးတွေ လိုအပ်လျက်ရှိပြီး တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့ကိုလည်း စစ်ကိုင်းဒေသသပိတ်အင်အားစုက တိုက်တွန်းနှိုးဆော်ထားပါတယ်။
👍143🥰2🤮2🤣1
ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု
25👍3🤮1🖕1