People's Spring
60K subscribers
71.3K photos
1.25K videos
10 files
3.06K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(သြဂုတ် ၂၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️◾️မြောင်မြို့နယ် တရားစခန်းကို စစ်တပ် ဗုံးကြဲလို့ ၁၄ သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာဓမ္မာရုံမှာ ကျောင်းထိုင်ဆရာတော်နဲ့ ဒေသခံတွေ တရားနာသီလယူနေကြစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ သံဃာတော်တွေအပါအဝင် ဒေသခံ ၁၄ သေဆုံးခဲ့တယ်လို့ သိရပါတယ်။သြဂုတ် ၂၁ရက်ဟာ ဝါ​ခေါင်လဆန်း ၈ရက် ဝါတွင်းကာလ ဥပုသ်နေ့ဖြစ်တာမို့ တရားနာသီလယူနေကြချိန် အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဓမ္မာရုံတည့်တည့်ကို ကြဲချပြီး ဘုရားခန်းပေါ် တည့်တည့်ကျတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ ကျောင်းထိုင်ဘုန်းကြီးလည်းပျံလွန်တယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။ အဲဒီဘုန်းကြီး​ကျောင်းမှာ ၇ ရက် တရားစခန်းပြုလုပ်​နေတာဖြစ်ပြီး ဒီ​နေ့က သုံးရက်​မြောက်​နေ့ဖြစ်ပါတယ်။ဒဏ်ရာရသူ​တွေထဲမှာ ဒဏ်ရာပြင်း
ထန်ပြီးစိုးရိမ်ရသူအချို့လည်းရှိ​နေပါတယ် ။





◾️NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်း၊ လူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းမယ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်အဖြစ်ဖွဲစည်းကာ လူ့အခွင့်အရေး ဆိုင်ရာလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်တယ်လို့ အသိပေးထားပါတယ်။ လူ့အခွင့်အရေးဝန်ကြီးဌာနကို ၂၀၂၁ မေလ ၃ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အုပ်စုရဲ့ ပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြုစုထုတ်ပြန်နေသလို ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေကို လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးမှု လုပ်ငန်းတွေလည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် အခြေခံစစ်သည်တော်ကျင့်ဝတ် (CoC)နဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ဆိုင်ရာ ဆင့်ပွားအသိပညာပေးသင်တန်းတွေကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

◾️စစ်ကောင်စီရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်း KNUနဲ့ တိုက်ပွဲ ၅၀၀ ကျော်ဖြစ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲက ပေါ်လာတဲ့ ဟန်ပြအစိုးရဟာ ရက် ၁၀၀ စီမံကိန်းအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်တွေ ပါဝင်ခဲ့ပေမယ့် လက်တွေ့မြေပြင်မှာ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုတိုးချဲ့လုပ်ဆောင်လာခဲ့လို့ ပဋိပက္ခတွေ ပြင်းထန်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။ အဲဒီ ကာလမှာ KNU နယ်မြေ ကော်သူးလေဒေသမှာ တိုက်ပွဲပေါင်း ၅၃၆ ကြိမ်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ ပြည်သူအပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်း အမည်ရှိ အစီရင်ခံစာကို KNU လူ့အခွင့်အရေးကော်မတီနဲ့ သုတေသန လုပ်ငန်း ကော်မတီတို့ ပူးပေါင်းပြုစုထားတာဖြစ်ပြီး စစ်အုပ်စုရဲ့ ရက် ၁၀၀ စီမံကိန်းကာလဖြစ်တဲ့ ဧပြီ ၂၀ရက်ကနေ ဇူလိုင်လကုန်ပိုင်းအတွင်း စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ စစ်ရေး အခြေအနေတွေကို ဖော်ပြထားတာဖြစ်ပါတယ်။

◾️ဦးမင်းဇင်ကို တရုတ်ဖမ်းဆီးမှု မတရားထိန်းသိမ်းမှုလို့ အမေရိကန် ကြေညာ

မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar)ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တရားဝင် သတ်မှတ်လိုက်ပါတယ်။ ဦးမင်းဇင်ဟာ မတရားဖမ်းဆီးထိန်းသိမ်းခံရသူဖြစ်တယ်လို့ တရားဝင် သတ်မှတ်ကြောင်း အ​မေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်၂၀ ရက် မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အဲဒီကြေညာချက်ကို မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးရဲ့ Facebookစာမျက်နှာကနေလည်း ဩဂုတ်၂၁ရက် ဒီနေ့ မနက်ပိုင်းမှာ မျှဝေထားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသူအဖြစ် တရားဝင် သတ်မှတ်လိုက်ပြီဖြစ်ကြောင်းနဲ့ ဘေဂျင်းအစိုးရအနေနဲ့ တရုတ်နိုင်ငံမှာ မတရားဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ သို့မဟုတ် ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခံထားရတဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

◾️ဦးမင်းဇင်ကို မတရားဖမ်းဆီးထားကြောင်း အမေရိကန် စွပ်စွဲချက်ကို တရုတ် ပယ်ချ
👍194🤮1🤣1
မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့-မြန်မာ (ISP-Myanmar) ထူထောင်သူ၊ အမေရိကန် နိုင်ငံသား ဦးမင်းဇင်ကို တရုတ်က ဖမ်းဆီးမှုဟာ ‘မတရားဖမ်းဆီး ထိန်းသိမ်းခံရမှု’လို့ အမေရိကန်က စွပ်စွဲခဲ့တဲ့အပေါ် တရုတ်ဘက်က ပယ်ချခဲ့ပါတယ်။ ဦးမင်းဇင်ကို ဖမ်းဆီးမှုဟာ မတရား ဖမ်းဆီးထိန်းသိမ်းမှုအဖြစ် ဩဂုတ် ၂၀ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြီး ရှုတ်ချခဲ့တာနဲ့ ပတ်သက်လို့ ဩဂုတ် ၂၁ ရက်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်းက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်ဟာ တရားဥပဒေ စိုးမိုးမှု ပြည့်ဝတဲ့ နိုင်ငံဖြစ်ပြီး မတရား ဖမ်းဆီးထိန်းသိမ်းမှု ဆိုတာမျိုး မရှိဘူးလို့ သူက ဆိုပါတယ်။ အခုဖြစ်ရပ်မှာ ဆက်နွှယ် ပတ်သက်နေတဲ့ အမေရိကန် နိုင်ငံသား (ဦးမင်းဇင်)ဟာ တရုတ်ရဲ့ အမျိုးသား လုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်စေခဲ့သလို တရုတ်ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ယုံကြည်ရတဲ့အတွက် ထိန်းသိမ်းခံရတာလို့ လင်ကျန်းက ပြောပါတယ်။

◾️ထိုင်းကုန်စည်တင်ကုန်ကားတွေကို စစ်တပ် ဖမ်းဆီး

ကရင်ပြည်နယ်မှာ ထိုင်းဘက်က ကုန်စည်သယ်လာတဲ့ကုန်ကားတွေကို အာဏာသိမ်းစစ်တပ်က အဖမ်းအဆီးတင်းကျပ်နေပြီး လက်ရှိ သြဂုတ်တတိယပတ်အတွင်း ကားအစီးရေ ၈၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ကုန်သည်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ သြဂုတ် တတိယပတ်အတွင်း ဘားအံမြို့ ထိုင်းကုန်စည် သိုလှောင်ရာ ဂိုဒေါင်အဆောက်အဦးတွေကို စစ်တပ်ရဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက်ဖမ်းဆီးတာပါ။ ဒါ့အပြင် ဘားအံမြို့နယ်နဲ့ လှိုင်းဘွဲမြို့နယ်အစပ် သိုက်တောရွာ၊ နန်းသာအုန်းရွာတွေမှာရှိတဲ့ ကရင်အမျိုးသားတပ်မတော်(KNA/BGF)တပ်ဖွဲ့ လုံခြုံရေးယူထားတဲ့ သံလွင်မြစ်ကမ်းနံဘေးက စက်လှေဖောင်ဂိတ်တွေနဲ့ အဲဒီ ရွာတွေအနီးအနားတဝိုက်မှာရှိနေတဲ့ ထိုင်းကုန်စည်တင်ထားတဲ့ ကားအစီးရေဆယ်ချီ ဖမ်းဆီးသိမ်းဆည်းခံလိုက်ရတယ်လို့ ကုန်သည်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ထိုင်းကုန်စည်တင်ကားတွေ ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(PC)တပ်ဖွဲ့က ကားတွေလည်း ပါဝင်ပါတယ်။ အဲဒီကုန်ကားသမားတွေနဲ့ DKBA ၊ PC တပ်ဖွဲ့ဝင်အချို့ပါ အာဏာသိမ်းစစ်တပ်က ဖမ်းပြီး အမှုဖွင့်တယ်လို့ သိရပါတယ်။

◾️ကရင်ရွာသား၂၆ ဦးကို မြန်မာဘက် ပြန်မပို့ဖို့ ထိုင်းကို HRW တောင်းဆို

ကရင်တိုင်းရင်းသား ၂၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်ပို့မယ့် အစီအစဉ်ကို ဆိုင်းငံ့ပေးထားဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW)က တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။ ဩဂုတ် ၁၀ ရက်က ဖက်ချာဘူရီ ပြည်နယ်ထဲက ကန်ကရာချန် သဘာဝ သစ်တောဧရိယာနားက ဘန်ပါဒန် ကျေးရွာမှာ နေထိုင်တဲ့ ကရင်လူ့အဖွဲ့အစည်း တစ်ခုကို ပစ်မှတ်ထားတဲ့ စီးနင်းမှု တစ်ခုကို အာဏာပိုင်တွေက လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီ စီးနင်းမှုဟာ ထိုင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေကို ဖြိုခွင်းဖို့ ရည်ရွယ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကလေးရှစ် ဦးနဲ့ ကိုယ်ဝန်ဆောင် နှစ် ဦးအပါအဝင် စုစုပေါင်း ကရင်တိုင်းရင်းသား ၂၈ ဦး အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာတော့ တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားတွေ တင်ပြနိုင်သူ နှစ် ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ ၂၆ ဦးကတော့ ဘန်ကောက်မှာရှိတဲ့ ဆွမ်ဖလူ လူဝင်မှု ကြီးကြပ်ရေး အချုပ်စခန်းဆီ လွှဲပြောင်းခံရပြီး မြန်မာနိုင်ငံဘက် ပို့ဆောင်ခံရမယ့် အခြေအနေ ရှိနေပါတယ်။

◾️ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကြောင့် အမျိုးသမီး ၁ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။ ဩဂုတ် ၁၇ရက်မှာ နတ်သံကွင်း အခြေစိုက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ ကျောက်ကြီးမြို့နယ် သောင်ပုရွာအတွင်း ကျရောက်ပေါက်ကွဲကာ အရပ်သား သေဆုံးမှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ဟာ ကျောက်ကြီးမြို့နယ်မှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

◾️မန္တလေး-မြစ်ကြီးနားလမ်းပိုင်းဖွင့်ပေးဖို့ ကားသမားအချို့ဆန္ဒပြ

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ဖွင့်ပေးဖို့အတွက် အဲဒီလမ်းပိုင်းကို အသုံးပြုနေတဲ့ကားသမားအချို့က သြဂုတ် ၁၉ ရက်က ဆန္ဒပြခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းအချို့ကို အသုံးမပြုနိုင်သလို မိုးကြီးလို့ လမ်းပိုင်းတွေ ပျက်စီးနေတာကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့အနီးမှာ ကားအစီးရေ အများအပြားပိတ်မိနေတာပါ။ ပိတ်မိနေတဲ့ကားသမားတွေက သြဂုတ် ၁၉ ရက်မှာတော့ အင်းတော်မြို့နယ်၊ မင်းကုန်းရွာအနီးမှာ ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ လမ်းပိုင်းကိုအာဏာသိမ်းစစ်တပ်ရော ၊ တော်လှန်ရေးအဖွဲ့တွေဘက်ကပါ အပြန်အလှန်ပိတ်ထားတာလို့ ဆိုပါတယ်။
👍20🤮2🤣1
◾️မန္တလေးမှာ မိုးရွာရေကြီး၊ အပူဒဏ်ပြင်းနေချိန် ငလျင်ပါ ထပ်လှုပ်

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီနေ့ သြဂုတ် ၂၁ ရက်၊ ညနေ ၃ နာရီ ၃၉ မိနစ်ခန့်က ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာလို့ ဖော်ပြပါတယ်။ ငလျင်ဟာ အနည်းငယ်အင်အားရှိတဲ့အတွက် မန္တလေးအနီးတဝိုက်က အမရပူရ၊ စစ်ကိုင်း၊ ပြင်ဦးလွင် စတဲ့ဒေသတွေမှာပါ သိသာစွာ လှုပ်ခတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောင်းဆင်းချိန်လှုပ်ခတ်ခဲ့တဲ့အတွက် ကိုယ်ပိုင်ကျောင်းတချို့မှာတော့ ကလေးတွေကို ကျောင်းထဲက ကစားကွင်းထဲ သွားပို့ခဲ့ရတယ်လို့ ကျောင်းသားမိဘတချိူ့က ပြောပါတယ်။

◾️စစ်မှုထမ်းပြန် အမျိုးသား ဘဝပျက်နေလို့ အကူအညီတောင်း

စစ်တပ်က ပေးလိုက်တဲ့ ဆုတံဆိပ်တွေ ထုတ်ပြလေ့ရှိတဲ့ စစ်မှုထမ်းပြန် အမျိုးသားတစ်ဦး ဘဝပျက်နေလို့ အကူအညီပေးကြဖို့ စစ်တပ်ထဲက အရာရှိတွေကို နာမည်တပ်ပြီး တောင်းဆိုလိုက်ပါတယ်။ မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုအရ စစ်မှုထမ်းအပတ်စဉ်-၂မှာ ပါဝင်ခဲ့ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေရှိ ခမရ(၅၄၂)မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ဆိုသူ အမျိုးသားတစ်ဦးဟာ စစ်မှုထမ်းပြီး ပြန်လာချိန်မှာ သူရဲ့နေအိမ်နဲ့ မိသားစုအခြေအနေတွေကြောင့် အလွန်အမင်း စိတ်ထိခိုက်ကြေကွဲနေရကြောင်း ပြောဆိုခဲ့တာပါ။ သူက သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ကြီးကောင်းမြတ်ဟိန်း၊ ဗိုလ်ကြီးဝေလင်းစိုး၊ ဗိုလ်ကြီးရန်နိုင်ဟိန်း စတဲ့အာဏာသိမ်းစစ်တပ်က အရာရှိတွေ၊ အဘတွေနဲ့ အဘကတော်တွေကိုလည်း သတိရကြောင်းဆိုပါတယ်။ စစ်မှုထမ်းကနေ ပြန်လာချိန်မှာ သူ့အိမ်က ပျက်စီးနေပြီး ဘဝပျက်နေပြီလို့ ဆိုပါတယ်။
👍212🤣2😢1🤮1
👍23🤬2🤮2😁1
မမေ့နဲ့ရန်ကုန်ကမ်ပိန်း အဖြစ် Milk Tea Yangon က ပံသကူပစ်ပြီး ပြည်သူတွေကို သတင်းစကားပါး

သြဂုတ် ၂၁၊၂၀၂၆။သုည/People's Spring

ရန်ကုန်မြို့မှာ Milk Tea Yangon က ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားတွေကို ကျပ် ၁ ထောင်တန် ၊ ၅ ထောင်တန်တွေနဲ့အတူ စာအိတ်ငယ်တွေနဲ့ ထည့်ကာ "မမေ့နဲ့ရန်ကုန်" ကမ်ပိန်း အဖြစ် လူထုကို တော်လှန်သတင်း စကားပါးတဲ့လှုပ်ရှားမှုကို ဒီကနေ့ (သြဂုတ် ၂၁) ပြုလုပ်ခဲ့ပါတယ်။

အဲဒီစာအိတ်ငယ်တွေမှာ "CCTV နဲ့ မြို့ပြကိုမသတ်နဲ့"၊ "အာဏာသိမ်းထားတုန်း ၊ ဖြစ်ရပ်တွေကို မမေ့နဲ့" ၊ "ငါတို့နိုင်ရန် ဒီထပ်ပိုပျော်ရမှာ" ၊ "လူထုဘဝ မပျောက်ကွယ်စေနဲ့"၊ "ဒေါက်ဖိနပ်ကြောက်တဲ့ စစ်တပ်" ၊ "ဝါဒဖြန့် စကားတွေကို မယုံနဲ့" ၊ "စစ်ယူနီဖောင်းကနေ တိုက်ပုံချိန်းလဲ ခွေးကခွေးပဲ" နဲ့ "အရေးတော်ပုံ အောင်ရမည်" စတဲ့ တော်လှန်စာသားတွေ ရေးသားထားပါတယ်။

ပြည်သူတွေအနေနဲ့ တော်လှန်ရေးကို မမေ့ကြဖို့ ရည်ရွယ်ပြီး "မမေ့နဲ့ရန်ကုန်" ကမ်ပိန်းကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Milk Tea Yangon အဖွဲ့က ဆိုပါတယ်။
👍3214🤮2🥰1🤣1
ဓာတ်ပုံ - Milk Tea Yangon
👏369🥰4👍3🤮2🤣2