People's Spring
60K subscribers
71.1K photos
1.24K videos
10 files
3.05K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၂၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်တွေဒကစနဲ့ တပ်ရင်းတွေအနီးက ရွာတွေကို ဖျက်ပြီး စစ်တပ် ခံစစ်ပြင်နေ

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေကို ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။ လက်ရှိမှာ ဒကစဌာနချုပ်အနီးရှိ တောကန်ရွာ၊ ကျားမသောက်တပ်ရင်းအနီးရှိ ကျားမသောက်ရွာ၊ ကျောက်တန်း ချေရွာ၊ ပါဒလိတ်တပ်ရင်းအနီးရှိ ကြွီတဲရွာ၊ ကျောက်တန်းကြီးကျေးရွာတို့က အရပ်သားနေအိမ်တွေကို ဖျက်ဆီးပြီး အဲဒီနေရာတွေမှာ ဆက်သွယ်ရေးမြောင်းတူး၊ ဘန်ကောက်တွေဆောက်ကာ ခံစစ်အနေအထားပြင်နေတာပါ။ အဲဒီရွာတွေမှာ ဒေသခံပြည်သူတွေ မရှိတော့ဘဲ တိုက်ပွဲစဖြစ်ကတည်းက စစ်တပ်က နှင်ထုတ်ထားတာကြောင့် အိမ်တွေကို ဒီအတိုင်း ပစ္စည်းအပြည့်နဲ့ ထားခဲ့ကာ အကုန်ပြေးနေကြရကြောင်း ကြွီတဲကျေးရွာသားတစ်ဦးက ပြောပါတယ်။ စစ်တပ်ဟာ ပြည်သူတွေ ထားရစ်တဲ့ ပစ္စည်းတွေကို ထုတ်ရောင်းတာအပြင် အိမ်ကို ဖြိုချကာ သစ်တွေကို ပြန်လည်ရောင်းချတာမျိုးထိ လုပ်ဆောင်တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။

◾️လောင်းလုံးနယ်တိုက်ပွဲ စစ်တပ်အထိနာထွက်ပြေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ စပ်ပြဲရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ဇွန်လ ၁၄ရက်မှာ တိုက်ခိုက်ခဲ့ရာ ဇွန်လ ၁၅ရက် မနက်အထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်တပ်က အထိနာလို့ ထားဝယ်မြို့ပေါ်ကနေ ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ကူပေးခဲ့သလို လောင်းလုံးမြို့ပေါ်နဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကလည်း ပစ်ကူပေးခဲ့ကြောင်း ဖော်ပြပါတယ်။ ဇွန်လ ၁၅ရက်မနက်မှာ စစ်တပ်က ဆုတ်ခွာသွားပြီး ကျေးရွာက လူနေအိမ်တဆောင်ကို မီးရှို့ခဲ့ကြောင်း၊ တိုက်ပွဲအပြီး စစ်တပ် ရုပ်အလောင်း ၇လောင်း သိမ်းရခဲ့ပြီး အရာရှိ ၂ဦး အပါအဝင် ၆ဦး ဒဏ်ရာရရှိကြောင်း အတည်ပြုနိုင်ခဲ့ဟု ထုတ်ပြန်ပါတယ်။

◾️ရန်ကုန်တိုင်းစစ်ဌာနနယ်မြေမှာ ၄လအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရန်ကုန်တိုင်းစစ်ဌာနအနေနဲ့ ဖေဖော်ဝါရီ ၁ရက်ကနေ မေလကုန်ပိုင်းအထိ ၄လတာအတွင်း စစ်တပ်နဲ့ တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ပါတယ်။ တိုင်းစစ်ဌာနများအလိုက် စစ်ဆင်ရေး သတင်းများကို PDF တပ်မတော်က ထုတ်ပြန်လျက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနနယ်မြေအတွင်း စစ်တပ်နဲ့ ထိတွေ့မှု အခြေအနေ၊ သုံ့ပန်းနဲ့ လက်နက်ခဲယမ်း ရရှိမှုနဲ့ ထိခိုက်မှု အခြေအနေတွေကို အသိပေးလာတာဖြစ်ပါတယ်။ ၄လတာအတွင်း တိုက်ပွဲများအနက် စစ်တပ်ရဲ့ ထိုးစစ် ခုခံကာကွယ်မှု ၂ကြိမ်၊ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်၊ ရန်သူ့စခန်းကုန်းအား သိမ်းပိုက်မှု ၁ကြိမ်ရှိခဲ့ကြောင်း ဖော်ပြထားပေမယ့် တိုက်ပွဲဖြစ်ပွားရာ နေရာဒေသ အသေးစိတ် ထုတ်ပြန်မထားပါဘူး။

◾️ကျင်ဒွေးမြို့ကို စစ်တပ် ညအချိန်ဗုံးကြဲလို့ အရပ်သား ၆ဦး သေဆုံး၊ ၁၁ဦး ဒဏ်ရာပြင်းထန်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၉ရက်ည ၁၁နာရီခွဲမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျင်ဒွေးမြို့ကို ဗုံးကြဲခဲ့တာပါ။ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်သူ ၁၁ဦးရှိပြီး ၆ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကန်ပက်လက်မြို့နယ်ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ ကန်ပက်လက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲဖြစ်ပွားရာနေရာတွေကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု၊ လေကြောင်း ပစ်ကူတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဒီနေ့ ဇွန်လ၂၀ရက်မှာ စစ်တပ်က ကန်ပက်လက်မြို့နယ်ကို တိုက်လေယာဉ်နဲ့ ၈ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

◾️CDF ဟားခါး ဒုဥက္ကဋ္ဌဟောင်းကို ပစ်ခတ်ခဲ့သူကို ထောင်ဒဏ် ၁၀နှစ် ချမှတ်
👍183🔥3🥰1
ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက် ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၅ရက်က CDF- ဟားခါး ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန်လိန်းနဲ့ ထမင်းချက်စားဖိုမှူး (ထောင်သား)၊ စက်ကြီးမောင်းသူ (၁)ဦးတို့မှ အကြောင်းမဲ့ လာရောက်ဖြိုချတာနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန်က တားဆီးရာမှ စကားများစဉ် အခုလို ပစ်ခတ်မှု ဖြစ်ခဲ့ရာ ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းကာ အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာပါ။ CDF ဟားခါးရဲ့ ထုတ်ပြန်ချက်မှာ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF ဟားခါး ကောင်စီရဲ့ ဥပဒေအရ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဟားခါး CDF ရဲ့ တပ်မဟာ အသီးသီးက ကိုယ်စားလှယ်တွေ ၊ ဥပဒေရေးရာ ဌာနတာဝန်ရှိသူတွေ အပါအဝင် ၆ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ပွားစဉ် မျက်မြင်သက်သေတွေ အပါအဝင် သက်သေ ၂၂ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

◾️အောင်ပွဲဆီကို မရောက်ရောက်အောင် သွားကြဖို့ AA ဒုစစ်ဦးစီးချုပ် တိုက်တွန်း

နောက်မဆုတ်တဲ့စိတ်၊​ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီကို မရောက်ရောက်အောင် သွားကြဖို့ အာရက္ခတပ်တော် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တိုက်တွန်းလိုက်ပါတယ်။ ဇွန်လ ၁၉ရက် မနေ့က ကျရောက်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းဆီကို စာရေးသားရာမှာ ထည့်သွင်းတိုက်တွန်းခဲ့တာပါ။ ဒေါက်တာညိုထွန်းအောင်က တော်လှန်ပြည်သူတွေ၊ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် ညီအစ်ကိုတွေအတွက်လည်း ကိုထိန်လင်းရဲ့ စကားအတိုင်း ထပ်တူသုံးပြီး အားပေးစကားပြောရရင်တော့ “ညီအစ်ကိုတို့ရေ... အားတင်းထားကြပါ။ စည်းလုံးညီညွတ်စွာနဲ့ လိုရာခရီးပန်းတိုင်ကို နောက်မဆုတ်တဲ့စိတ်၊ ဘယ်တော့မှ အရှုံးမပေးတဲ့ စိတ်ဓာတ်တွေနဲ့အတူ အောင်ပွဲဆီသို့ မရောက်ရောက်အောင် သွားကြရအောင်” လို့ ရေးသားတိုက်တွန်းထားတာပါ။ လူထု‌ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ အမြန်ဆုံး ပြန်ဆုံတွေ့ပါစေလို့လည်း ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ဆုတောင်းပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ ဆုတောင်းပေး၊ ဝိုင်းဝန်းပေးကြသူတွေကို ကျေးဇူးတင်ကြောင်း တုန့်ပြန်ထားပါတယ်။ မိခင်ဖြစ်သူကို ဆက်လက်သတိရ ဝန်းရံ ပေးနေရုံ သာမက မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှု အတွက် အခိုင်အမာ ရပ်တည်ပေးနေကြတဲ့ အတွက်လည်း ကျေးဇူးတင်ကြောင်း ကိုထိန်လင်းက ပြောကြားခဲ့ပါတယ်။

◾️ရွှေကူမြို့ထဲအထိ တိုက်ပွဲဖြစ်လာ

ကချင်ပြည်နယ်၊ ရွှေကူမြို့ထဲအထိပါ တိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးကာ KIA၊ KPDFဆီ အလင်းဝင်သူအချို့ ရှိတယ်လို့ မြေပြင်စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော်KIAနဲ့ KPDFတပ်ဖွဲ့ဝင်တွေ မြို့ထဲအထိရောက်လာပြီး တိုက်ပွဲက မြို့ထဲမှာ ပြင်းပြင်းထန်ထန်ဖြစ်တယ်လို့ ဒီနေ့ ဇွန်လ ၂၀ရက် မနက်ပိုင်းအခြေအနေကို ရွှေကူမြို့ထဲမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မြို့ပြင်ဘက်ကို လေကြောင်းကနေ ဗုံးတွေကြဲနေပေမယ့် မြေပြင်မှာတော့ စစ်တပ်ဘက်က ဆုတ်ရပြီး ထွက်ပြေးတာတွေလည်း ရှိတယ်လို့ အဲဒီမြို့ခံက ဆိုပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ရွှေကူမြို့ ခုံခမ်းရပ်ကွက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေနတ်သံတွေ ဆူညံနေတယ်လို့ ​ဒေသခံတချို့က​လည်း ပြောပါတယ်။ KIA၊ KPDFနဲ့ နီးစပ်တဲ့ စစ်‌ရေးသတင်းရင်းမြစ်တစ်ဦးကတော့ ရဲနဲ့ စစ်မှုထမ်းသင်တန်းဆင်း စုစုပေါင်း ၁၈ဦး လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ‌​ပြောပါတယ်။

◾️ဖယ်ခုံ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်တပ် ဖြုတ်ယူရောင်းစားနေ

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာကို စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ ရွာထဲမှာ ထိုင်တာက PNO အဓိကဖြစ်ပြီး အခု သွပ်ပါမချန် ဖြုတ်ပြီး ရောင်းစားနေကြတာပေါ့လို့ ဖယ်ခုံမြို့နယ် သတင်းရင်းမြစ်က ပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ PNO ပြည်သူ့စစ်ရဲ့ ပြန်ကြားရေးဖုန်းနံပါတ်ကို People’s Springက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
👍184🔥3🤮2🥰1
◾️မြန်မာ့အကျပ်အတည်း ပိုဆိုးရွားလာနေကြောင်း ကုလအထူးကိုယ်စားလှယ်ပြော

ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က မြန်မာ့နိုင်ငံရေး၊ လူသားချင်း စာနာမှုနဲ့ လုံခြုံရေး အကျပ်အတည်းတွေဟာ ပိုမိုဆိုးရွားလာနေကြောင်းသတိပေး ပြောကြားသွားခဲ့ပါတယ်။ ဇွန်လ ၁၉ ရက်က ကုလသမဂ္ဂ လုံခြုံရေးညီလာခံရဲ့အလွတ်သဘောဆွေးနွေးမှု အစီအစဉ်တစ်ခုမှာ ကုလသမဂ္ဂအ​ထွေ​ထွေအတွင်း​ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့က စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ မြန်မာနိုင်ငံ အခြေအနေတွေကို တင်ပြခဲ့ရာမှာ ကဏ္ဍပေါင်းစုံက တောက်လျှောက် အဆိုးဖက်ကို ဦးတည်ပြီး ဆုတ်ယုတ် ကျဆင်းလာနေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာပေါ်မှာ ဆာလောင်မွတ်သိပ်မှုဘေးအပြင်းထန်ဆုံးကြုံနေရတဲ့(အငတ်​ဘေးကြုံ​နေရတဲ့)နိုင်ငံတွေ စာရင်းမှာ အဆင့် ၆ နေရာကို ရောက်နေတယ်လို့လည်း ဘစ်ရှော့က တင်ပြခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ ပြည်တွင်းပြည်ပမှာ ရွှေ့ပြောင်းနေရပြီး ပြည်တွင်း ရွှေ့ပြောင်းသူ ၃.၇ သန်းကျော်နဲ့ ပြည်ပကို တိမ်းရှောင်သွားသူ ၁.၆ သန်းလောက် ရှိတယ်လို့ သိရပါတယ်။

◾️စစ်တပ်က မန္တလေးတိုင်းမှာ လောင်းကစားနဲ့ ဖျော်ဖြေလုပ်ငန်းတွေ ခွင့်ပြုပြီး အမြတ်ထုတ်နေ

မန္တလေးတိုင်းအတွင်းက စစ်တပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ လောင်းကစားဝိုင်းတွေနဲ့ ဖျော်ဖြေလုပ်ငန်းတွေ အများအပြားဖွင့်ပြီး လူငယ်တွေကို အကျင့်စာရိတ္တပျက်ပြားအောင် ဖန်တီးကာ အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်ကြိုးပမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၂၀၂၅ နှစ်လယ်ပိုင်းအထိ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ခဲ့တဲ့ စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ မိုးကုတ်မြို့တွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေ၊ KTV အပါအဝင် ဖျော်ဖြေရေးလုပ်ငန်းအများအပြားကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖွင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့မှာလည်း KTVနဲ့ လောင်းကစားလုပ်ငန်းတွေများပြားလာပြီး စစ်တပ်က လူငယ်တွေကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စစ်တပ်က လူငယ်တွေကိုပစ်မှတ်ထား ဖျက်ဆီးနေသလို တစ်ဖက်မှာတော့ ပျူးစောထီးတွေအကူအညီနဲ့ ဒေသခံတွေကို စည်းရုံးရေးဆင်းနေတယ်လို့ သိရပါတယ်။
👍265🔥3😁2🥰1
👍322🔥1💩1
🤮25🔥2👍1👎1👏1🤬1
စစ်တပ်က သတင်းအစအနဖျောက်ထားလို့ ဒေါ်အောင်ဆန်းစုကြည်အသက်အန္တရာယ် ပြည်သူတွေ စိုးရိမ်နေကြရတာလို့ KIA တာဝန်ရှိသူပြော

" သူအသက်ရှင်တာပဲ ဖြစ်ဖြစ် မရှင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ရမယ့် အစီအစဉ်တွေ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဆက်လုပ်ဖို့ လိုအပ်ပါတယ်" - ဗိုလ်မှူးကြီးနော်ဘူ

ဇွန် ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်မြောက် မွေးနေ့မှာ ပြည်တွင်း၊ ပြည်ပ ပြည်သူတွေ အဖွဲ့အစည်းတွေက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းတာ၊ အမြန်ဆုံးလွတ်မြောက်ဖို့ တောင်းဆိုဆန္ဒပြုတာ တွေ ပြုလုပ်ခဲ့တဲ့ အခြေအနေ၊ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဖျောက်ဖျက်ထားတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာ အခုလို ပြောကြားခဲ့တာပါ။

" ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့တော့ကျနော် ဘာမှ သတင်းအချက်အလက်တွေ မကြားသိရပါဘူး။ သူ့ကို ဖမ်းဆီးထားတဲ့ ၂၀၂၁ကနေ ဒီနေ့အထိကတော့ ဘာသတင်းအစအနမှ မကြားရတဲ့အတွက် သူ့ရဲ့ အသက်အန္တရာယ်ကိုတော့ ပြည်သူလူထု တော်တော်များများကတော့ စိုးရိမ်ကြတာကို ကြားသိရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဘက်က ကြည့်မယ်ဆိုလို့ရှိရင်တော့ သူအသက်ရှင်တာပဲ ဖြစ်ဖြစ် မရှင်တာပဲ ဖြစ်ဖြစ် ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံရေးလုပ်ရမယ့် အစီအစဉ်တွေ နိုင်ငံရေးနဲ့ ပတ်သက်လို့ကတော့ ဆက်လုပ်ရမှာ ဖြစ်ပါတယ်။ ဆက်လုပ်ဖို့ လိုအပ်ပါတယ်"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကို KIO/KIA နယ်မြေမှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူတွေ့ လုပ်ဆောင်ခဲ့တာ အရင်ကလည်း ရှိသလို ဒီနှစ်မွေးနေ့မှာလည်း ရှိပါတယ်။ လိုင်ဇာဒေသရှိ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပခဲ့ကြောင်း KSCU ဆေးပညာသိပ္ပံ တက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာခင်မောင်လွင်က မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြအသိပေးပါတယ်။

" အမေစုမွေးနေ့မှာ KSCU ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်(SMS) ကလည်း တတပ်တအား သတိတရ ပါဝင်ဆင်နွှခဲ့ကြပါတယ်။ ဘယ်တော့မှ မမေ့ဘူး။ အမေစု ကျန်းမာပါစေ။ မတရား အနှောင်အဖွဲ မှ အမြန်ဆုံး လွတ်မြောက်ပါစေ"လို ဒေါက်တာခင်မောင်လွင်က ရေးသားကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ အသက်ရှည်ပါစေလို ဆုတောင်းပေးထားပါတယ်။

KSCU ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ(KIO) တို ပူးပေါင်းဖွင့်လှစ်ခဲ့တဲ့ မြေပြင် တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲ ကျင်းပတာ ဆုတောင်းပေးတာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရပ်တည်တာအပေါ် ကျေးဇူးတင်ကြောင်း သားဖြစ်သူကိုထိန်လင်းကလည်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာသိပုဂ္ဂိုလ်ကို စစ်အုပ်စုဖျောက်ဖျက်ထားဝံ့လို့ သောင်းချီတဲ့ စစ်အုပ်စုလက်ထဲက သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အလွန်အန္တရာယ် ကြီးနေကြောင်းလည်း ကိုထိန်လင်းက ပြောပါတယ်။

" အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အကျဉ်းကျခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အတွက် အသက်ထင်ရှားရှိမှု သက်သေကိုတောင် ထုတ်ပြဖို့ ငြင်းဆန်နေတဲ့ အတုအယောင်အစိုးရ ဖြစ်ပါတယ်။အာဏာသိမ်း အစိုးရကိုတရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုစရာ မလိုပါဘူး။ဒီ စစ်ကောင်စီဟာ ဘာပြစ်ဒဏ်မှ မခံရဘဲ ကျနော့်အမေလို ကမ္ဘာသိပုဂ္ဂိုလ် တယောက်ကိုတောင် လူမသိ သူမသိ ဖျောက်ဖျက်ထားဝံ့တယ်ဆိုရင် မြန်မာပြည်က သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်ဆိုရင် အလွန်အန္တရာယ် ကြီးပါတယ်” လို ကိုထိန်လင်းက ပြောကြားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ဒီမိုကရေစီအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ကြသူတွေ ဖြစ်ပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် နိုင်ငံတကာရဲ့ စောင့်ကြည့်မှုဆိုတဲ့ အကာအကွယ်တံတိုင်းလည်း ပြိုလဲ ပျက်စီးသွားပြီဖြစ်တယ်လို ကိုထိန်လင်းက ပြောပါတယ်။

ဒါဟာ နိုင်ငံရေး ကိစ္စမဟုတ်ဘဲ အခြေခံလူသားချင်း စာနာမှုဆိုင်ရာ ကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။

" မိမိတို ချစ်ရတဲ့သူ ဘယ်မှာ ရှိနေလဲ အသက်ရှင်သန်နေသေးရဲ့လားဆိုတာကို သိပိုင်ခွင့်ဟာ ဒီကမ္ဘာပေါ်က ဘယ်မိသားစုမှာမဆို ရှိရပါမယ်။ ဒါကို ဘယ်သူမှ ငြင်းပယ်လို မရပါဘူး။ သားတယောက်အနေနဲ့ ဒီမတရားမှုဟာ ကျနော့်ရဲ့ နှလုံးသားကို ကြေမွှစေပါတယ်။ ဒါပေမဲ့ ဘယ်လို မတရားမှုမျိုးကမှ ကျနော်တိုရဲ့ ချစ်ခြင်းမေတ္တာကို ပိတ်ပင်တားဆီးလို မရနိုင်ပါဘူး။” လိုလည်း ကိုထိန်လင်းက ပြောပါတယ်။

မိခင်ဖြစ်သူ အမြဲတမ်း အခိုင်အမာရပ်တည်ခဲ့တဲ့ အမှန်တရားကိုလည်း ဘယ်တော့မှ ဖျောက်ဖျက်လို မရဘူးလိုလည်း ပြောကြားခဲ့ပါတယ်။
👍4513🥰3😁3💩1🏆1
(ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်(KSCU) ရဲ့ ဆေးပညာသိပ္ပံတက္ကသိုလ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်မြောက် မွေးနေ့ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - Khin Mg Lwin/ Fb)
36🥰6👍5😁1🍾1
42👍4🥰4❤‍🔥1🤮1💩1💯1
စစ်မှုထမ်းတပ်သားသစ် ၁ဦး သင်တန်းဆင်းပြီး ၁လအကြာ PDF ထံအလင်းဝင်

​ဇွန် ၂၁၊ ၂၀၂၆။ဟာနာဆန်/People's Spring

​မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အခြေစိုက် တပ်မ (၁၀၁)လက်အောက်ခံ ခလရ (၂၃၅) တပ်ရင်းကို ရောက်ရှိနေတဲ့ စစ်မှုထမ်းတပ်သားသစ် ၁ဦးဟာ သင်တန်းဆင်းပြီး ၁လအကြာမှာ COBRA ONE Pakokku တပ်ဖွဲ့ထံ လက်နက်မဲ့ အလင်းဝင်ရောက်လာခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

​အလင်းဝင်ရောက်လာသူဟာ ပေါက်ခေါင်းမြို့နယ်မှဖြစ်ပြီး စစ်မှုထမ်းဖို့အတင်းအကျပ် စေခိုင်းခံခဲ့ရသူ အသက်(၂၆)နှစ်အရွယ် တပ်သားသစ် ပေါ်ဦးဖြစ်ကြောင်း သိရပါတယ်။

၎င်းဟာ ဇွန်လ ၁၈ ရက်မှာ COBRA ONE Pakokku တပ်ဖွဲ့ထံ ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"သူက အလုပ်ကအပြန် ပေါ်တာဆွဲခံလိုက်ရတာ။ ရကသ-၂ရဲမွန်သင်တန်းကျောင်းဆင်း။ အပတ်စဉ်(၂၃)ကပါ။ သင်တန်းဆင်းပြီးတော့ ပခုက္ကူအပို့ခံရတာ။"လို့ COBRA ONE Pakokku တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်မှုထမ်း အပတ်စဥ် (၂၃)ဟာ ပြီးခဲ့တဲ့ မေလကမှ သင်တန်းဆင်းထား​တာဖြစ်ပါတယ်။ စစ်တပ်ဟာ လက်ရှိ စစ်မှုထမ်းအပတ်စဥ် (၂၅)ကို စတင်နေပြီး မကြာမီ အပတ်စဥ် (၂၆)အတွက် လူဆွဲပွဲတွေ ပြုလုပ်ဦးမှာဖြစ်ပါတယ်။

စစ်တပ်ဟာ လူငယ်တွေကို အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးတာ၊ စစ်သင်တန်းတွေ ပေးတာတွေ ပြုလုပ်နေပြီး၊ သင်တန်းဆင်းပါက အာရက္ခတပ်တော် (AA) ရှိရာ စစ်မျက်နှာပြင်နယ်မြေတွေကို အတင်းအကျပ် စေလွှတ်နေတယ်လို့ COBRA ONE တပ်ဖွဲ့က ဆိုပါတယ်။

​ဒါကြောင့် စစ်တပ်အတွင်းကနေ အမှန်တကယ် လွတ်မြောက်လိုတဲ့ တပ်သားသစ်တွေအနေနဲ့ COBRA ONE တပ်ဖွဲ့ထံ ဆက်သွယ်နိုင်ကြောင်းနဲ့ လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်ပါက ထိုက်တန်တဲ ဆုငွေချီးမြှင့်ပေးသွားမယ်လို့ ၎င်းတပ်ဖွဲ့က အသိပေးထားပါတယ်။
👍34👏84🥰4💩1🤣1
(အလင်းဝင် စစ်မှုထမ်းတပ်သားသစ်အား တွေ့ရစဥ်။ ဓါတ်ပုံ-Cobra One)
👍43👏11🥰41💩1🤣1
မင်းတပ်မြို့ကို စစ်တပ်က အကြိမ် ၃၀နီးပါး လေကြောင်းတိုက်ခိုက်
▪️ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ
ဇွန် ၂၁၊ ၂၀၂၆။ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ဇွန်လ ၂၀ရက် ညနေပိုင်းကစပြီး လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ညပိုင်းအထိ ၂၈ကြိမ်ထက်မနည်း ဗုံးကြဲခဲ့ပါတယ်။
ချင်းတော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့ကို စစ်တပ်က ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်၊ Y12 လေယာဉ်တွေ အသုံးပြု တိုက်ခိုက်ခဲ့တာပါ။
စစ်တပ်ဟာ ဇွန်လ ၂၀ရက်ည သန်းခေါင်မှာ မင်းတပ်မြို့အနီးနေရာတွေကို ပေါက်ကွဲအားပြင်းဗုံးတွေအသုံးပြုပြီး ၈ကြိမ် လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ဗုံးအလုံးရေ ၁၆လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။
ဒါ့အပြင် မနေ့ည ၈နာရီ ၄၀မိနစ် လောက်ကစပြီး နာရီဝက်ကျော်အတွင်း မင်းတပ်မြို့ အရှေ့ခြမ်းကို စစ်တပ်က Y12 လေယာဉ်နဲ့ ဗုံးအလုံးရေ ၃၀ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ၂လုံးတွဲ ဗုံး နဲ့ ၁၅ကြိမ် တိုက်ခိုက်ခဲ့တာလို့ ဒေသခံက အသိပေးပါတယ်။
ညနေပိုင်းမှာလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်အရှေ့ခြမ်းကို ဗုံးကြဲခဲ့သလို Y12 နဲ့လည်း ၅ကြိမ် ဗုံး ၁၅လုံး ကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ဇွန် ၂၀ရက် နေ့လည် ၃နာရီခွဲကနေ ညသန်းခေါင်အထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၂၈ကြိမ်ပြုလုပ်ခဲ့ရာ ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၆၀ ကျော်ကြဲ တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။
စစ်တပ်ဟာ ဇွန်လ ၂၀ရက် မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာလည်း မင်းတပ်နဲ့ ဆက်စပ်နေတဲ့ ကန်ပက်လက်မြို့နယ်ကိုလည်း လေကြောင်းဗုံးကြဲခဲ့ပါသေးတယ်။
စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) သိမ်းပိုက်ထားတဲ့ မင်းတပ်နဲ့ ကန်ပက်လက် ပြန်ရဖို့ မေလက စတင်ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က နေ့တိုင်းနီးပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
😡22🤬5👎32👏1💩1
(၂၀၂၆ ဇွန်လ ၁၉ရက်က မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - Hkl-Mindat)
🔥18🤬15👎3👍2👏1🎉1🖕1