People's Spring
✔
59.6K subscribers
72.2K photos
1.28K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - Ngwe Eain Si Online Store/Fb
👍27🔥2😢1
မြ၀တီမြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေဖမ်းဆီးပြီး မြို့ပြင်ထုတ်နယ်နှင်ဒဏ်ပေး

ဇွန် -၁၂၊၂၀၂၆။မိုမို/People's Spring

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲ၊စည်ပင်သာယာနဲ့ ထွေအုပ်ပါဝင်တဲ့ အဖွဲ့စုံက တောင်းရမ်းသူ တွေကို ဇွန်လ ၁၀ရက်ကစပြီး ပိုက်စိပ်တိုက်ဖမ်းဆီးနေတဲ့အပေါ် မြို့ခံတွေက ဝေဖန်ပါတယ်။

"အုပ်စုလိုက်ကြီး ဖမ်းကြတာ။သေနတ်ကိုင်ထားတဲ့သူတွေတောင် ပါတယ်။သူတို့ အလုပ်ကို လုလို့ ဖမ်းခံရတာ "လို့ မြ၀တီဒေသခံတစ်ဦးက စစ်တပ်အာဏာပိုင်တွေရဲ့လုပ်ရပ်ကို လှောင်ပြောင်ပြောဆိုပါတယ်။

မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့သာယာလှပသန့် ရှင်းဖို့အတွက်ဟုဆိုကာ မီးပွိုင့်နဲ့ လမ်းဆုံလမ်းခွနေရာက တောင်းရမ်းသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ မြ၀တီမြို့က မဟုတ်ဘူးလို့ စစ်တပ်ဝါဒဖြန့်သူတွေက ဆိုပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၁၀ ဦး၀န်းကျင်ဟာ စစ်ကိုင်းနဲ့ မော်လမြိုင်မြို့တွေကို နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး နောက်တစ်ကြိမ်မြ၀တီမြို့ကို ပြန်လာတောင်းရမ်းခဲ့ရင် အရေးယူခံရမယ်လို့လည်း စစ်တပ်အာဏာပိုင်တွေက ခံ၀န်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

"ပြည်သူတွေက ရိုးရိုးသားသားတောင်းစားနေကြတာပါ။အလုပ်မရှိရင် အလုပ်ရှာပေးရမဲ့ တာဝန်ဘယ်သူ့မှာတာဝန်အရှိဆုံးလည်း။ သက်ကြီးရွယ်အိုတွေလေ။သူ တို့က မခိုးမစားဘူး နိုင်ငံတော်ပစ္စည်းလည်း
မခိုးဘူး။တောင်းလည်မတောင်းခဲ့ဘူး။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ လုပ်ရပ်မျိုး အကျင့်
မျိုးတွေ ရှိနေသ၍ ပြည်သူတွေ မှာတော ဒုက္ခတွေ့ကြကြုံကြရအုံးမယ်"လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

မြဝတီမြို့တောင်ဘက်မှာ လက်တလော တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။ မြို့တောင်ဘက်က စစ်တပ်ရဲ့ ဝေါ်လေဗျူဟာတပ်စခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဖြစ်ပွားနေဆဲ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ သဘာ၀ဘေးတွေကြောင့် မြန်မာနိုင်ငံမှာနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ လေးသန်းထက်မနည်းရှိနေပြီး လူသားချင်စာနာထောက်ထားမှု အရေးပေါ်အကူအညီလိုအပ်သူက သန်း ၂၀ နီးပါးရှိနေတယ်လို့ ကုလအဖွဲ့အစည်တွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုအပြီး အလုပ်အကိုင် ရှားပါးလာတာ၊ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ အပါအ၀င် ဆင်းရဲချမ်းသားကွာဟချက်မြင့်မားလာပြီး ငါးနှစ်အတွင်း အာရှနိုင်ငံတွေထဲ အဆင်းရဲ‌ဆုံးသုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံပါ၀င်လာတယ်လို့ နိုင်ငံတကာ စီးပွားရေးစစ်တမ်းတွေက ဖော်ပြပါတယ်။
❤18👍11🤬5💔4🔥3😢1😡1
(မြဝတီမြို့မှာ တောင်းရမ်းသူတွေကို စစ်အုပ်စုက ဖမ်းဆီးပြီးမြို့အပြင်ထုတ်နေစဉ်။ ဓာတ်ပုံ - CJ)
🤮22🤬8💔8😡2😢1
ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံး

ဇွန်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က ဇွန်လ ၅ရက်မှာ ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက်(၄၄)နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူလူထုအပေါ်အခုလို ပြုမူဆက်ဆံနေရာဟာ အများအသိဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ သထုံခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဒီလိုတိုက်ခိုက်ရာမှာ ကလေးငယ်တွေ စာသင်တဲ့နေရာတွေ၊ ဘာသာရေးနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ သေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။
🤬28❤8👎2🔥1🥴1
👎15🤬10😢4🔥1
■​ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ဘာပေးမလဲ

Scorpio/People's Spring

လာမယ့် ဇွန်လ ၁၉ ရက်နေ့ဟာ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။

အကျပ်အတည်းနဲ့ အမှောင်ထုကြားထဲမှာပဲ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို
မမေ့လျော့ကြောင်း၊ တော်လှန်ရေးစိတ်ဓာတ်တွေ မဆုတ်မနစ် ရှိနေကြောင်းကို သက်သေ
ပြဖို့အတွက် (၈၁) ပြည့်မွေးနေ့ကမ်ပိန်းတွေကို နည်းလမ်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့လုပ်ဖို့ ပြင်
ဆင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုလက်ဆောင်တွေ ပေးကြမလဲ။

အားကစားကိုအခြေပြုပြီး လက်ဆောင်ပေးဖို့ စီစဥ်ထားသူတွေရှိပါတယ်။ဒရုန်းစစ်ဆင်ရေးတစ်ခုမှာလက်နက်ကြီးထိပြီးခြေထောက်တစ်
ဖက်ဆုံးရှုံးထားတဲ့ ရဲဘော်သရဲကြီးက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကမ်ပိန်းမှာ ခြေ
လှမ်းပေါင်း (၈၁၀၀)လျှောက်ပြီး ပါဝင်မယ်လို့ အသိပေးပါတယ်။

"မိတ်ဆွေတွေအနေနဲ့လည်း ကိုယ်တတ်နိုင်တာပါဝင်ပေးကြပါခင်ဗျာ။ရဲဘော်တွေအနေနဲ့လည်း ဒိုက် (၈၁)ကြိမ်ထိုးတာပြီးတော့အစ်မတစ်ယောက်ပြောသလိုပစ္စည်း (၈၁)မျိုးရောင်းပြီး တလရကိုကူတာမျိုးလည်း လုပ်လို့ရပါတယ်ခင်ဗျာ။"လို့ သူကတောင်းဆိုထားပါတယ်။

နောက်တစ်ဦးကတော့ တစ်ရက်ကိုမိနစ် ၁၀၀ စတင်ပြေးနေပြီးမွေးနေ့ဇွန်လ ၁၉ ရက်အထိ ပြေးသွားမယ်လို့ ဆိုပါတယ်။

နောက်ထပ်တစ်ဦးကလည်း ဇွန် ၁ရက် ကနေမွေးနေ့ ဇွန် ၁၉ မနက်ပိုင်းအထိ ခြေလှမ်းပေါင်း ၈၁,၀၀၀ လျှောက်မယ်လို့အဓိဌာန်ထားတယ်လို့ သိရပါတယ်။

နောက်တစ်ခုကတော့ ဘာသာရေးပေါ် အခြေ
ခံရင်း ပေးမယ့်လက်ဆောင်ပါ။ ဗုဒ္ဓဘာသာဝင်တွေကလည်း ဒီကမ်ပိန်းမှာ ဘာသာရေးအလုပ်တွေလုပ်ရင်း ပါဝင်ကြဖို့ ရှိပါတယ်။ အကျဥ်းစံ ဒေါ်အောင်ဆန်းစုကြည် အေးချမ်းစေဖို့ မေတ္တာသုတ် ၈၁ ​ကြိမ်ရွတ်ကြမယ့်သူတွေရှိတယ်။

ပန်း ၈၁ ပွင့် လှူဖို့ပြင်တဲ့သူရှိတယ်။ အချုပ်
အနှောင်က လွတ်စေဖို့ မောရသုတ်၊ ကျန်းမာ
ရေးကောင်းစေဖို့ ဗောဇ္ဈင်္ဂသုတ် စတဲ့ ပရိတ်တွေကို တနေ့ ၉ ‌ခေါက်နဲ့ ၉ ရက်ရွတ်ကြမယ့်သူတွေရှိတယ်။ သမ္ဗုဒ္ဓေ ၈၁ခေါက်ရွတ်ရင်းပါဝင်မယ့်သူတွေလည်း ရှိနေပါတယ်။

နောက်တမျိုးကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရင်း လက်ဆောင်ပေးမယ့်သူတွေပါ။

တချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကြိုက်တဲ့ နှင်းဆီပင်တွေစိုက်ဖို့ပြင်တယ်။ ခ​ရေပင် ၈၁ ပင်စိုက်မလို့ ပန်းခြံကိုမှာထားသူတွေ ရှိနေပါတယ်။ ဒါ့အပြင် တော်လှန်ရေးအတွက် အ
ထောက်အပံ့ဖြစ်အောင် နွေဦးထီ ၈၁ စောင်စပ်ပြီး ထီထိုးကြသူတွေရှိတယ်။ မုန့် ၈၁ ပွဲလုပ်ရောင်းပြီး တော်လှန်ရေးကို ကူမယ့်သူတွေရှိနေပါတယ်။

နောက်ထပ်လုပ်လို့ရမယ့်နည်းလမ်းတွေလည်း ရှိနေပါသေးတယ်။ တော်လှန်ရေး ရန်ပုံငွေရှာဖွေပေးနေတဲ့ Click to Donate အက်ပလီကေးရှင်းတွေ သို့မဟုတ် YouTube ဗီဒီယိုတွေကို အဲဒီနေ့မှာ (၈၁) မိနစ် သို့မဟုတ် ဗီဒီယို (၈၁) ခု ပြည့်အောင် ကြည့်ရှုပြီး ဝင်ငွေရှာဖွေပေးတာမျိုး၊ စစ်ဘေးရှောင်တွေကို လှူတာမျိုး၊ ရှေ့တန်းက ရဲဘော်တွေအတွက် မိမိတတ်နိုင်တဲ့ ပမာဏကနေစပြီး (၈၁၀၊ ၈၁၀၀၊ ၈၁၀၀၀ စသဖြင့်) လှူဒါန်းတာ အများကြီး ရှိနေပါသေးတယ်။

စာဖတ်သူကော ဘယ်လိုပါဝင်မယ်ဆိုပြီး စိတ်
ကူးထားပါသလဲ။ အောက်မှာ မှတ်ချက်ဝင်ရောက်ရေးသွားပေးပါဦး။ ။
❤29👍8🤮1
❤35🥰1🤮1
ချောင်းဦးမှာ စစ်တပ်က နေအိိမ်တွေအပြင် စေတီပုထိုးတွေပါ မီးရှို့ဖျက်ဆီး

ဇွန်-၁၂၊ ၂၀၂၆။ဟာနာဆန်၊People's Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဆင်မြေရွာလယ်က ချမ်းသာကြီးဘုရားစေတီပါ မီးထဲပါသွားပါပြီ။ တန်ခိုးကြီးဘုရား။ နှစ်စဉ်နှစ်ဆန်း ၁ရက်နေ့တိုင်း အစဉ်အလာ မိုးကောင်းမိုးရွာအောင် ဆုတောင်းပြုကြတဲ့ ဘုရားစေတီပါ မီးရှို့သွားကြတာ။ ငါးလုံးတင်က နှီးဘုရားကို မီးရှို့တာမှ ယုတ်ယုတ်မာမာ မီးရှို့သွားတာတဲ့။ နှီးဘုရားလက်တော် ဂျိုင်းအောက်ကို သေချာထည့်ရှို့သွားတာရယ်"လို့ ချောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် ငါးလုံးတင်ကျေးရွာက နေအိမ် ၂၈လုံး၊ မှန်ချိုရွာက နေအိမ် ၂၇ လုံးနဲ့ ဆင်မြေရွာက နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကတော့ ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာက PDF တွေစခန်းသိမ်းနိုင်ခဲ့ပြီး PDF ရဲဘော် ၂ ဦးကျဆုံးတယ်လို့ ဝါဒဖြန့်နေပါတယ်။ဒါပေမယ့် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပေမဲ့ အဆိုပါစခန်းတွေဟာ စခန်းဟောင်းတွေသာဖြစ်ပြီး PDF ၂ ဦးကျဆုံးရတာကလည်း အသေခံဒရုန်းတွေကြောင့်သာဖြစ်ကြောင်း၊ တိုက်ပွဲမှာ စစ်တပ်ကသာ အထိနာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်တောင်ပိုင်းကို အာဏာသိမ်း စစ်တပ်က ဇွန်လ ၁ ရက်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။

ဇွန်လ ၅ ရက်ကလည်း ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဆင်မြေရွာနဲ့ ငါးလုံးတင်ရွာမှာလည်း ပါရာမိုတာနဲ့ ဂွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ့တွေရဲ့ နေအိမ်နဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
🤬20🔥14❤7👎2🙏1
🔥22🤬6👎4
ဘုတလင်မြို့နယ် လေကြောင်းတိုက်ခံရမှု ရဲဘော် ၁ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

ဇွန်-၁၂၊၂၀၂၆၊ကတ်သရင်းနှင်း/People's Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇွန်လ ၁၂ ရက် ဒီနေ့နေ့လည် ၁ နာရီကျော်မှာ ဘုတလင်မြို့နယ်၊ အရှေ့မြောက်ခြမ်းကို စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း ရဲဘော် ၁ ဦး‌‌ကျဆုံးခဲ့ပြီး အမျိုးသမီး ရဲဘော် ၂ဦးအပါအတင် ၃ဦး ထိခိုက်‌‌ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

" မနေ့က ကင်းထောက် လေယာဉ်လာတာကို ပေါ့ဆသလိုဖြစ်သွားတယ်ထင်တယ်။ ကင်းထောက်ဝဲပြီး ဒီနေ့ လာကြဲတာ။၃စီးက ဒီကို တိုက်ရိုက်လာတာ။ကျန်တဲ့အစီးတွေက ကနီဘက်ကနေ ဝဲတက်လာတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်‌ဒဏ်ရာရတဲ့ရဲဘော်တွေဟာ မုံရွာခရိုင်တပ်ရင်းတစ်ခုက ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

စစ်တပ်က ကာကွယ်ရေးဦးစီးချုပ်အသစ်ပြောင်းပြီးနောက် လေယာဉ်တွေ အုပ်စုလိုက်ဗုံးကြဲတာ တွေပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ပြုလုပ်လျှင် အနည်းဆုံး လေယာဉ် ၃စီးကနေ ၇ စီးအထိ အသုံးပြုလာတာကို တွေ့ရပါတယ်။
😢32❤4🤬2👎1🔥1
(ဘုတလင်မြို့နယ် အနောက်ခြမ်း သခွတ္တနယ်ကျေးရွာက ဆီဆိုင်တစ်ဆိုင် စစ်တပ်လေကြောင်းတိုက်ခိုက်လို့ မီးလောင်နေတာကို ၂၀၂၅ ဩဂုတ်လက တွေ့ရစဉ်။ ဓာတ်ပုံ- Budalin Mobile Team-BMT)
🤬33😭5😡2👎1🔥1
ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်အထိနာလို့ လေကြောင်းကနေ ဗုံးကြဲ

ဇွန်-၁၂၊၂၀၂၆။ဇော်ရမ်း/ People's Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီ‌နေ့မှာတော့ တော်လှန်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

" စကစဘက်က အများကြီးပဲ ထိတာ။ KIA က ဒရုန်းနဲ့ အတိအကျချတာ။ လေ‌ကြောင်းကနေပါ လာပစ်ရတာ"လို့ တော်လှန်ရွာက ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိတယ်လို့သတင်းရပေမယ့် တိတိကျကျမသိရသေးဘူးလို့ ၎င်းက ပြောပါတယ်။

ရွှေကူမြို့အနီးက ၅လမ်းဆုံပါဝင် နေရာချို့မှာ ၂၀၂၆ နှစ်ဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီနဲ့ မေလထဲမှာ အခြေအနေတွေငြိမ်သက်နေခဲ့ပေမယ့် မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ဇွန်လ ၈ရက်နေ့က KIA သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း စစ်တပ်က ပထမဆုံးလေကြောင်းကနေတိုက်ခိုက်တာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာ အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့လည်း သတင်း‌တွေထွက်ပေါ်နေပါတယ်။

" ဒေသခံတွေပိတ်မိနေတာရှိတယ်။ KIA က ထွက်ခိုင်းတယ်။ စစ်တပ်ကမထွက်ခိုင်းဘဲ ပိတ်ထားတယ်။ ရွာကိုပိတ်ထားပြီး လေကြောင်းကနေပါဗုံးကြဲတော့ ဘယ်လိုမှနေလို့မတတ်တော့ဘူး" လို့ ‌ဒေသခံတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့ဟာ လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ ဗန်းမော်မြို့အပြင် KIA ထိန်းချုပ်ထားတဲ့ မဘိမ်းမြို့၊ စစ်ကိုင်းတိုင်းထဲမှာစစ်ရေးတင်းမာနေတဲ့ ကသာမြို့တွေနဲ့လည်း ဆက်စပ်နေပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၁၂)က ရွှေကူမြို့နယ်မှ ဒေသခံတွေ မြို့ကနေ ခေတ္တတိမ်းရှောင်ဖို့ ဇွန်လ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကို ပိတ်ဆို့ခဲ့ပြီး ဒေသခံတွေကိုလည်းမြို့ကနေ မထွက်ခွာဖို့ ဖိအားပေးခဲ့ပါတယ်။ ဒီနေ့ညပိုင်းမှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
👍35❤5🤬4🤣1
(ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - AFP)
❤32👍17🤣2🤬1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၁၂ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️အဓမ္မစုဆောင်းမှုခံရတဲ့ ပြည်သူ့စစ်မှုထမ်းတွေ အလင်းဝင်မှ အသက်ရှင်မယ်လို့ NUG သတိပေး

အာဏာသိမ်းစစ်တပ်ထဲမှာရှိတဲ့ ပစလို့ခေါ်တဲ့ ပြည်သူ့စစ်မှုထမ်းတပ်သားတွေ အနေနဲ့ အလင်းဝင်မှ အသက်ရှင်မယ့်အကြောင်း သတိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတိပေးထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ပေါ်တာဆွဲခံရတဲ့ လယ်သမား ကိုချစ်ကိုဦးက ပြည်သူဘက်ခိုလှုံ အလင်းဝင်လာပြီး တပ်တွင်း အတွေ့အကြုံတွေ ပြန်ပြောပြတဲ့ ရုပ်သံကို NUGက ဖော်ပြပြီး အခုလို သတိပေးခဲ့တာပါ။ ကိုချစ်ကိုဦးကတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆီ အလင်းဝင်လို့ အသက်ရှင်ခဲ့ပြီဖြစ်ကြောင်းနဲ့ တခြားသော ပစတွေအနေနဲ့လည်း အလင်းဝင်မှ အသက်ရှင်မယ်လို့ သတိပေးလိုကြောင်း ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ စစ်သားလစာနဲ့ ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်၊ ဒေါ်လာဘီလျံချီကုမ္ပဏီတွေကိုသားသမီးတွေအတွက် တည်ထောင်ပေးနိုင်တဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေ အာဏာတည်မြဲရေးအတွက် မတရားပေါ်တာဆွဲဖို့ စစ်မှုထမ်းဥပဒေကိုပြဌာန်းခဲ့တာ ၂နှစ်ပြည့်တော့မှာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်နှစ်နီးပါးအတွင်း တိုင်းပြည်အနှံ့က အပြစ်မဲ့လူငယ်လူရွယ်တွေရဲ့ ဘဝတွေဟာ များစွာထိခိုက်ပျက်စီးခဲ့ရဟု NUGက ဆိုပါတယ်။

◾️စစ်တပ်ကို ဆက်အရေးယူဖို့ အလုပ်သမားညီလာခံ ILC ဆုံးဖြတ်

အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ဆက်လက်အရေးယူသွားဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံက ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားရေးရာဦးစီးဌာနက ဒီနေ့ ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ(ILC)ရဲ့ (၁၁၄)ကြိမ်မြောက် အစည်းအဝေးမှာ ဇွန်လ ၆ ရက်ကစပြီး ‘မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေး’တစ်ရပ်ကို ကျင်းပခဲ့ပြီး စစ်တပ်ရဲ့ ချိုးဖောက်မှုတွေအပေါ် အနီးကပ်စောင့်ကြည့် အရေးယူမယ့် ဆုံးဖြတ်ချက်တွေကို အတည်ပြုခဲ့တာလို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူဖို့ ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33)ကို ထိရောက်စွာ အကောင်အထည်ဖော်မယ့် စောင့်ကြည့်ရေးယန္တရားတစ်ရပ် တည်ထောင်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM က အသိပေးပါတယ်။ အဲဒီဆုံးဖြတ်ချက်ကို အာဏာသိမ်းစစ်တပ်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှား၊ တရုတ်၊ ဘယ်လာရုစ်တို့က သဘောမတူကြောင်းနဲ့ အားလုံးသဘောတူဆုံးဖြတ်ချက်မှာ သူတို့မပါဝင်နိုင်ကြောင်း မှတ်တမ်းတင်ခိုင်းတယ်လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ CTUM တာဝန်ရှိသူက ပြောပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို လျှို့ဝှက်စွာ၊ ယုံကြည်စိတ်ချရစွာ မှတ်တမ်းတင်စုဆောင်းနိုင်ရေး၊ ပွင့်လင်းမြင်သာတဲ့ အစီရင်ခံတင်ပြမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ထားရှိပြီး ILO ဖွဲ့စည်းပုံ အပိုဒ် ၃၃ ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။

◾️ရန်ကုန်မှာ ကန်သံအရာရှိသေဆုံးမှု ထိုင်းအမျိုးသမီးကို လူသတ်မှုနဲ့ စွဲချက်တင်

ရန်ကုန်မှာ အမေရိကန်သံအရာရှိသေဆုံးမှုနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသမီးတစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ ဖော်ပြပါတယ်။ ကမာရွတ်မြို့နယ်တရားရုံးမှာ အဲဒီအမှုအတွက် သံသယတရားခံ အမျိုးသမီးကို ဇွန်လ ၁၁ ရက် မနေ့က ရုံးထုတ်ခဲ့တယ်လို့ တရားရုံးရှေ့နေ နှစ်ဦးက ပြောကြားခဲ့ပါတယ်။ အမျိုးသမီးဟာ လူသတ်မှုရော၊ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ သီးခြားထားရှိတဲ့လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုအတွက်ပါ စွဲချက်တင်ခံခဲ့ရကြောင်း​ရှေ့​နေတစ်ဦးက ပြောပါတယ်။ ထိုင်းအမျိုးသမီးရဲ့နာမည်ကို မထုတ်ပြန်သ
လို ကမာရွတ်တရားရုံးမှာ သူ့အတွက် ကိုယ်စား
ပြု လျှောက်ထားပေးမယ့် တရားဝင် ဥပဒေ အကျိုးဆောင်အဖွဲ့ စီစဉ်ထား၊ မထား ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။တကယ်လို့ ပြစ်မှုထင်ရှားရင် သူဟာ ထောင် ၁၀ နှစ်လောက်ထိ ကျခံရနိုင်ခြေ ရှိနေပါတယ်။

◾️ဘန်ကောက်မှာ မြန်မာအမျိုးသမီးသတ်ဖြတ်ခံရပြီး ခင်ပွန်းဖြစ်သူကို ရဲတွေ ရှာဖွေ
❤10👍10🔥1
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ မြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီး ရုပ်အလောင်းကို အပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သံသယရှိခံရသူ ခင်ပွန်းဖြစ်သူကို ရဲတွေက အပူတပြင်းလိုက်ရှာနေပါတယ်။ အသက် ၃၄ နှစ်အရွယ် မအေးအေးနွယ်ပျောက်ဆုံးနေကြောင်း ဆွေမျိုးတစ်ဦးရဲ့ တိုင်ကြားမှုကြောင့် ရဲတွေက သေဆုံးသူနဲ့ ခင်ပွန်းဖြစ်သူတို့ အတူနေထိုင်တဲ့ ရတ်ချာသီဝီခရိုင်ထဲက တိုက်ခန်းကို သွားရောက် စစ်ဆေးရင်း အလောင်းကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့မှာ ဒင်ဒန်းရဲစခန်းရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သုံးထပ်တိုက် တစ်လုံးမှာရှိတဲ့ တိုက်ခန်းကို ဝင်ရောက် စစ်ဆေးခဲ့တဲ့အခါ ဝရန်တာမှာ ထုတ်ထားတဲ့ အမည်းရောင် ပလတ်စတစ် ပုံးကနေ အနံ့ဆိုးတွေ ထွက်နေတာကို သတိပြုမိခဲ့ပါတယ်။ ဖွင့်ကြည့်တဲ့ အခါမှာတော့ အပိုင်းပိုင်း ဖြတ်ခံထားရတဲ့ အလောင်းကို ပလတ်စတစ်တွေနဲ့ ပတ်လျက်သား ရှာတွေ့ခဲ့တာပါ။ ဇွန်လ ၁၂ ရက် မနက်ပိုင်းထိ အခြေအနေ အရတော့ ဦးခေါင်းအပါအဝင် ပျောက်ဆုံးနေတဲ့အလောင်းအစိတ်အပိုင်းတချို့ကိုလည်း ရဲတွေကလိုက်ရှာနေပါတယ်။

◾️အုတ်ဖိုမှာ စစ်တပ်က ကျေးရွာတွေမီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀၀ နီးပါးပြာကျ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က ကျေးရွာတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ဇွန်လ ၁ ရက်ကစပြီး ၉ ရက်အထိ အုတ်ဖိုမြို့နယ်က ချောင်းခွ၊ ဇီးတော၊ ကျွန်းလှကုန်းနဲ့ ထန်းပင်ကုန်း ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစပြီး စစ်တပ်ဟာ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွါးခဲ့တာတွေလည်းရှိခဲ့ပါတယ်။ အုတ်ဖိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ နေအိမ်တွေမီးရှို့တာ၊ ကျေးရွာအတွင်း ဒရုန်း၊လေယာဉ်၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါအပြင် ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အသတ်ခံရသူ ၇ဦးရှိပြီး လေယာဉ်ကြောင့်ဒဏ်ရာရသူ တစ်ဦး၊ သေဆုံးသူတစ်ဦးရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အုတ်ဖိုမြို့နယ်အတွင်း ကျေးရွာ ၂၀ ကျော်က လူဦးရေ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

◾️တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်တားဆီးပိတ်ဆို့ကြဖို့ မြိုင် ပကဖ တိုက်တွန်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ယာဉ်တန်းတွေ ထွက်လာတာကြောင့် ကြိုတင်ပြင်ဆင်တားဆီးပိတ်ဆို့ကြဖို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇွန်လ ၁၂ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။ ဒီနေ့ မနက်အစောပိုင်းက ပခုက္ကူတပ်မ(၁၀၁)ကနေ ပခုက္ကူ-ကမ္မ လမ်းပိုင်းပေါ်က ငဖောင်ကန်ရွာဘက်ကို အင်အား ၃၀၀ ထက်မနည်းရောက်လာတဲ့အပြင် နောက်ထပ် ကားအစီးရေ ၂၀ ၀န်းကျင်လည်း ပခုက္ကူမြို့က ထပ်ထွက်လာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့မေ ၂၃ ရက်နဲ့ ‌အခုဇွန်လဆန်းပိုင်းက ‌မြိုင် နဲ့ ပေါက်မြို့နယ်က ပြည်သူ့စစ်ကျေးရွာ ၂ရွာနဲ့ စစ်တပ်စခန်းတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက သိမ်းနိုင်ခဲ့တာရှိပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်နိုင်တယ်လို့ မြိုင်မြို့နယ်စစ် ရေးတာ၀န်ရှိသူက သုံးသပ်ပါတယ်။

◾️မြ၀တီမြို့သာယာလှပဖို့ဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေ ဖမ်းဆီးပြီး မြို့ပြင်ထုတ်နယ်နှင်ဒဏ်ပေး

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲ၊စည်ပင်သာယာနဲ့ ထွေအုပ်ပါဝင်တဲ့ အဖွဲ့စုံက တောင်းရမ်းသူတွေကို ဇွန်လ ၁၀ရက်ကစပြီး ပိုက်စိပ်တိုက်ဖမ်းဆီးနေတဲ့အပေါ် မြို့ခံတွေက ဝေဖန်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့သာယာလှပသန့် ရှင်းဖို့အတွက်ဆိုကာ မီးပွိုင့်နဲ့ လမ်းဆုံလမ်းခွနေရာက တောင်းရမ်းသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ မြ၀တီမြို့က မဟုတ်ဘူးလို့ စစ်တပ်ဝါဒဖြန့်သူတွေက ဆိုပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၁၀ ဦး၀န်းကျင်ဟာ စစ်ကိုင်းနဲ့ မော်လမြိုင်မြို့တွေကို နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး နောက်တစ်ကြိမ်မြ၀တီမြို့ကို ပြန်လာတောင်းရမ်းခဲ့ရင် အရေးယူခံရမယ်လို့လည်း စစ်တပ်အာဏာပိုင်တွေက ခံ၀န်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

◾️ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံး
👍12❤2🔥1🤬1
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ရဲ့ အမှတ်(၄၄) ခြေမြန်တပ်မဌာနချုပ်က ဇွန်လ ၅ရက်မှာ ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက်(၄၄)နှစ်အရွယ် အမျိုးသား သေဆုံးခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူတွေရဲ့ လုပ်ငန်းခွင်ထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူလူထုအပေါ်အခုလို ပြုမူဆက်ဆံနေရာဟာ အများအသိဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဟာ သထုံခရိုင် အပါအဝင် KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

◾️မင်းတပ်မှာ တိုက်ပွဲမရှိတဲ့နေရာက ဒေသခံနေအိမ်တွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။ ချင်းညီနောင်/ချင်းပြည်သူ့အစည်းအရုံး(CB/CPU)တပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ နေရာက နေအိမ်တွေကိုလည်း ဗုံးကြဲနေကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၁၂ရက် မနက် ၆နာရီခန့်က စစ်တပ်တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း ဒေသခံက အသိပေးပါတယ်။ စစ်တပ်က စစ်ရေးပစ်မှတ်မရှိဘဲ ပြည်သူ့နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံက ပြောပါတယ်။ စစ်တပ်ဟာ အခု ဇွန်လထဲမှာ မင်းတပ်မြို့နဲ့ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

◾️ရွှေကူမြို့အနီး တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်အထိနာလို့ လေကြောင်းကနေ ဗုံးကြဲ

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ဒီ‌နေ့မှာတော့ တော်လှန်ရွာမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ညနေ ၄ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိတယ်လို့ သတင်းရပေမယ့် တိတိကျကျမသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

◾️ချောင်းဦးမှာ စစ်တပ်က နေအိိမ်တွေအပြင် စေတီပုထိုးတွေပါ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဆင်မြေရွာလယ်က တန်ခိုးကြီးဘုရား ချမ်းသာကြီးဘုရားစေတီပါ မီးထဲပါသွားပြီလို့ ချောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် ငါးလုံးတင်ကျေးရွာက နေအိမ် ၂၈လုံး၊ မှန်ချိုရွာက နေအိမ် ၂၇ လုံးနဲ့ ဆင်မြေရွာက နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️ဘုတလင်မြို့နယ် လေကြောင်းတိုက်ခံရမှု ရဲဘော် ၁ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဇွန်လ ၁၂ ရက် ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ ဘုတလင်မြို့နယ်၊ အရှေ့မြောက်ခြမ်းကို စစ်တပ်က Y-12 ၂စီး၊ဂျက်ဖိုက်တာ ၅စီးနဲ့ လာရောက် ဗုံးကြဲသွားတာလို့ သိရပါတယ်။ ဗုံးကြဲခံရမှုအတွင်း ရဲဘော် ၁ ဦး‌‌ကျဆုံးခဲ့ပြီး အမျိုးသမီး ရဲဘော် ၂ဦးအပါအဝင် ၃ဦး ထိခိုက်‌‌ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်‌ဒဏ်ရာရတဲ့ရဲဘော်တွေဟာ မုံရွာခရိုင်တပ်ရင်းတစ်ခုက ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ဆောင်ခဲ့ပြီး အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

◾️ISPတည်ထောင်သူ ဦးမင်းဇင်ကို သူလျှိုစွပ်စွဲချက်နဲ့ တရုတ် ဖမ်းဆီးထား
👍13❤4🔥1🤬1
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု(ISP)ကို တည်ထောင်ထားသူ၊ အမေရိကန်နိုင်ငံသား ဦးမင်းဇင်ကို သူလျှိုမှုစွပ်စွဲချက်နဲ့ ဖမ်းဆီးထားကြောင်း တရုတ်အစိုးရက ဒီနေ့ ဇွန်လ ၁၂ရက်မှာ အတည်ပြုလိုက်ပါတယ်။ တရုတ်နိုင်ငံမှာ ဦးမင်းဇင် အဖမ်းခံရကြောင်း လူမှုကွန်ရက်ပေါ် သတင်းတွေ ပျံ့နှံ့နေခဲ့တဲ့နောက် ဇွန်လ ၁၂ ရက်မှာတော့ သူ့ကို သူလျှိုမှု စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်လောက်တဲ့ သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် ဆက်နွှယ်နေကြောင်း သံသယ ရှိနေတာကြောင့် ဦးမင်းဇင်ကို ဖမ်းဆီးထားတာလို့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလင်ကျန်းက ပြောကြားသွားပါတယ်။ ဒါပေမဲ့ အခုဖမ်းဆီးမှုနဲ့ ပတ်သက်လို့ အသေးစိတ် နောက်ခံအကြောင်းအရာတွေကိုတော့ တရုတ်ဖက်က မထုတ်ပြန်ခဲ့ပါဘူး။

◾️ကမ္ဘာ့ဖလားပြိုင်ပွဲ မီဒီယာထုတ်လွှင့်ခွင့် Mytelကိုပေးတဲ့ ဖီဖာရဲ့လုပ်ရပ်ကို JFM ရှုတ်ချ

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ မီဒီယာထုတ်လွှင့်ခွင့်ကို စစ်တပ်ရဲ့ စီးပွါးရေးထောက်တိုင် Mytel ကုမ္ပဏီ ကိုပေးအပ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရတဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ အခုတကြိမ်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနဲ့ လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်းတို့ကို ထပ်မံပြသလိုက်တယ်လို့ JFM က ဆိုပါတယ်။ အဲဒီလိုလက်ခံနိုင်ဖွယ်မရှိတဲ့လုပ်ရပ်တွေနဲ့ ဖီဖာဟာ အကျင့်ပျက်ခြစားမှုများနဲ့ သွေးစွန်းညစ်ထေးနေတဲ့ စစ်အုပ်စုကို အပေါ်ယံထုံးသုတ်ကာ ဖြူစင်သယောင် ပုံဖော်ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း JFM က ထုတ်ပြန်ထားပါတယ်။ ဖီဖာအနေနဲ့ စစ်တပ်‌ထောက်တိုင် ခရိုနီ Max Myanmar ပိုင်ရှင် ဇော်ဇော်ကို သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် Mytel နဲ့ စီးပွားရေးဆက်ဆံမှုကိစ္စ ထပ်မံပေါ်ထွက်လာတာဖြစ်တယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

◾️အာဏာသိမ်းကာလ မြန်မာနိုင်ငံအကြောင်း စာအုပ်ရေးခဲ့သူ အမေရိကန်နိုင်ငံသားကို စစ်တပ်ဖမ်းဆီး

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အဲဒီအမေရိကန် စီးပွားရေးလုပ်ငန်းရှင်ဟာ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်ချိန် ဇွန်လ ၁၁ ရက်က အဖမ်းခံခဲ့ရတာလို့ ဖြစ်စဉ်နဲ့ နီးစပ်သူနှစ်ဦးက Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စ်တီလိုဟာ ရန်ကုန်မှာ အခြေစိုက်ပြီး လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ထူထောင်ထားပါတယ်။ သူဟာရန်ကုန်ကို ပြန်ရောက်လာချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ မြန်မာနိုင်ငံမှာ အမေရိကန်တစ်ဦး ထိန်းသိမ်းခံရတဲ့ ကိစ္စကိုသတင်းကြားထားကြောင်း၊ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ဆိုင်ရာကိစ္စတွေကြောင့် အသေးစိတ်ကိုတော့ မပြောလိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ကလည်း ကက်စ်တီလိုကို ဖမ်းဆီးမှု သတင်းအပေါ် ဘာမှ မထုတ်ပြန်သေးပါဘူး။
👍19❤6🔥1🤬1
👍22🤬3❤1🔥1