People's Spring
✔
59.7K subscribers
72.1K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(အုတ်ဖိုနယ်မှာ စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ နေအိမ်များ။ ဓာတ်ပုံ - ပေးပို့)
🤬37😢5🔥2👎1
မင်းတပ်မှာ တိုက်ပွဲမရှိတဲ့နေရာက ဒေသခံနေအိမ်တွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီး

ဇွန်-၁၂၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

ချင်းညီနောင်/ချင်းပြည်သူ့အစည်းအရုံး(CB/CPU)တပ်တွေ ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ စစ်တပ်က မေလကုန်ပိုင်းက စတင်ထိုးစစ်ဆင်လာရာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲဖြစ်ပွားရာ နေရာတွေကိုသာမက တိုက်ပွဲမရှိတဲ့ နေရာက နေအိမ်တွေကိုလည်း ဗုံးကြဲနေကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ ၁၂ရက်မနက် ၆နာရီခန့်က စစ်တပ်တိုက်လေယာဉ်ဟာ မင်းတပ်မြို့ပေါ်ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရဟု ဒေသခံက အသိပေးပါတယ်။

“ ဘာမှ မရှိဘူး ပြည်သူ့နေအိမ်တွေကို ပစ်နေတာ” လို့ ဒေသခံက စစ်တပ်က စစ်ရေးပစ်မှတ်မရှိတဲ့ နေအိမ်တွေကို ဗုံးကြဲနေတဲ့ အခြေအနေကို ပြောပါတယ်။

စစ်တပ်ဟာ အခု ဇွန်လထဲမှာ မင်းတပ်မြို့နဲ့ အနီးတ၀ိုက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

ဇွန်လ ၁၀ရက်ညနေကလည်း စစ်တပ်က မင်းတပ်မြို့ပေါ် နေရာ ၂ခုကို လေကြောင်းဗုံးကြဲခဲ့ရာ နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။ ဇွန်လ ၁၀ရက်မနက်ကလည်း မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ ဇွန်လ ဒုတိယပတ်အတွင်းမှာ မင်းတပ်မြို့နယ်ကို လေကြောင်းဗုံးကြဲမှု အကြိမ်ပေါင်း ၃၀ ကျော် ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းက ချင်းတော်လှန်ရေးတပ်တွေက မင်းတပ်မြို့ သိမ်းဖော်ဆောင်စဉ်ကလည်း မြို့ပေါ် နေရာအများအပြားကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထု နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။
🤬18👎9👍6❤2
(စစ်တပ် ဗုံးကြဲဖျက်ဆီးမှုကြောင့် မင်းတပ်ဒေသခံတွေရဲ့ နေအိမ်တွေ ပျက်စီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Hkl-Mindat)
🤬19👍10👎5❤3💊2
ကမ္ဘာ့ဖလားပြိုင်ပွဲ မီဒီယာထုတ်လွှင့်ခွင့် Mytelကိုပေးတဲ့ ဖီဖာရဲ့လုပ်ရပ်ကို JFM ရှုတ်ချ

ဇွန်-၁၂၊၂၀၂၆။တေဇ/People's Spring

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလား ၂၀၂၆ ပြိုင်ပွဲရဲ့ မီဒီယာထုတ်လွှင့်ခွင့်ကို စစ်တပ်ရဲ့ စီးပွားရေးထောက်တိုင် Mytel ကုမ္ပဏီ ကိုပေးအပ်ခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။

"ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကျင်းပရသည့် နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဖီဖာသည် ယခုတစ် ကြိမ်တွင်လည်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှု ကင်းမဲ့ခြင်းနှင့် လူ့အခွင့်အရေးကို လုံးဝလျစ်လျူရှုခြင်း တို့ကို ထပ်မံပြသလိုက်ခြင်းဖြစ်သည်။ ယင်းလက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များဖြင့် ဖီဖာသည် အကျင့်ပျက်ခြစားမှုများနှင့် သွေးစွန်းညစ်ထေးနေသော စစ်အုပ်စုအား အပေါ်ယံထုံးသုတ်ကာ ဖြူစင်သယောင် ပုံဖော်ဖန်တီးပေးလိုက်ခြင်းလည်း ဖြစ်သည်။" လို့ JFM က ထုတ်ပြန်ထားပါတယ်။

ဖီဖာအနေနဲ့ စစ်တပ်‌ထောက်တိုင် ခရိုနီ Max Myanmar ပိုင်ရှင် ဇော်ဇော်ကို သူတို့ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပြီးနောက် Mytel နဲ့ စီးပွားရေးဆက်ဆံမှုကိစ္စ ထပ်မံပေါ်ထွက်လာတာဖြစ်တယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Mytel က စစ်တပ်အတွက် အကျိုးအမြတ်များစွာရရှိတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ပြီး နိုင်ငံတကာကဒဏ်ခတ်ပိတ်ဆို့မှု‌တွေ ချမှတ်ခံထားရတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေး ရှင်း (MEC) က ပူးတွဲပိုင်ဆိုင်ကာလွှမ်းမိုးချုပ်ကိုင်နေတာဖြစ်ပါတယ်။

Mytel အနေနဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေး‌ နေတဲ့ အပြင် သူတို့ရဲ့ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေကိုလည်း ကူညီဆောင်ရွက်ပေးတာ‌ကြောင့်စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု တွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အားပေးနေတာလို့ JFM က ထောက်ပြထားပါတယ်။

စစ်တပ်အတွက် စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ နည်းပညာနဲ့ ငွေကြေးပံ့ပိုးမှုတွေ ပြုလုပ်နေတာကြောင့် Mytel ကို အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပို့ကုန်ကန့်သတ်အရေးယူမှု ချမှတ်ထားတဲ့အပြင် သူ့ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့MEC ကိုလည်း အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတို့က တိုက်ရိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။

JFM က လေ့လာဆန်းစစ်ထားတဲ့ Mytel ရဲ့ အကျိုးအမြတ် ခန့်မှန်းချက် တွေအရ စစ်တပ်ရဲ့ရှယ်ယာပိုင်ဆိုင်မှုတွေက Mytel လုပ်ငန်းစတင်လည်ပတ်တဲ့ ငါးနှစ်ကနေ ကိုးနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၇၀ ထိရှိနိုင်ပြီး အဲဒီ့နောက်ပိုင်း ငါးနှစ်အတွင်းမှာ နောက်ထပ် အမေရိကန်ဒေါ်လာ သန်း ၄၅၀ အထိ ထပ်မံရရှိနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီပမာဏက စစ်တပ်နဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်‌တွေအတွက် အလွန်များပြားတဲ့ ငွေကြေးအကျိုးအမြတ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဖီဖာအနေနဲ့ မြန်မာစစ်အုပ်စု အပါအဝင် စစ်တပ်ထောက်တိုင် ခရိုနီ တွေနဲ့ ပူးပေါင်းဆက်ဆံနေမှုတွေကို ရပ်တန့်ဖို့နဲ့ သူတို့ကိုယ်တိုင် ထုတ်ပြန်ကြေညာထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေနဲ့ နိုင်ငံတကာတာဝန်ဝတ္တရား‌တွေကို လက်တွေ့ကျကျ လိုက်နာဆောင်ရွက်ဖို့ JFM က တိုက်တွန်းထားပါတယ်။
👍36🤣5👏4❤3🥰2
👍30🔥2🥰2🤣2🖕1
ကျောက်ဖြူတိုက်ပွဲမှာ AA စနိုက်ဘာလက်
ချက်ကြောင့် စစ်တပ်ဒုဗိုလ်မှူးကြီးတစ်ဦး သေဆုံး

ဇွန်-၁၂၊၂၀၂၆။စိုင်းနောင်/People's Spring

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာ
သိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ခမရ( ၅၄၂)က တပ်ရင်းမှူးဒုဗိုလ်မှုးကြီးစိုးထွေး သေဆုံးတာလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

" ရခိုင်မှာ တပ်ရင်းမှူးတွေ ကျတာ များနေပြီ။ ရင်းမှူးစိုးထွေးကတော့ဒီရက်ထဲတင်ထိတာ။ သူကနောက်ဆုံးသတင်းထွက်တဲ့လူပေါ့။ တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေပြီး ရေရှည်တိုက်ရမယ့်ပွဲလို့ထင်တယ်။နှစ်ဘက်စလုံး အင်အားတော်တော်များတယ်"လို့ ၎င်းက ပြောပါတယ်။

AA ကစစ်ရှိန်မြှင့်ထားတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ညဝတီရေတပ်ဌာနချုပ်နဲ့ ရေတပ်စခန်းအချို့အပြင်အမှတ် ၃၂ ရဲတပ်ရင်း၊ ခလရ ၃၄၊ ခမရ ၅၂၃၊ ခမရ ၅၄၂တို့ ရှိနေပါတယ်။

ဒုဗိုလ်မှုးကြီးစိုးထွေးဟာစစ်တက္ကသိုလ် (DSA)ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၇ ဆင်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လထဲမှာ ‌ကျောက်ဖြူကို ရောက်ရှိလာတာလို့ သိရပါတယ်။ ကျောက်ဖြူတိုက်ပွဲနဲ့ ပတ်သက်လို့ AAက အသေးစိတ် ထုတ်ပြန်မလာသေးပါဘူး။

ကျောက်ဖြူမြို့နယ်ထဲမှာ ၂၀၂၅ မေလက တိုက်ပွဲအတွင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ တပ်မ ၁၁ ခြေမြန်တပ်ရင်းဌာနချုပ်က နည်း
ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်မျိုးအောင်လည်း
AA ရဲ့စနိုက်ဘာထိမှန်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့အတူ စစ်သုံ့
ပန်းတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ AAကဖမ်းမိခဲ့ပါတယ်။

AAက ၂၀၂၃ နိုဝင်ဘာလမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးထဲမှာစစ်တပ်ရဲ့ဗိုလ်မှူးချုပ်‌တွေအပါအဝင်သေဆုံးသူနဲ့ ဖမ်းဆီးခံရသူအများအပြားရှိခဲ့ပါတယ်။

၂၀၂၄ဒီဇင်ဘာလက AAရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ တပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁)တပ်မမှူးဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ သေဆုံးခဲ့ပါတယ်။၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မြို့နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅)ကို သိမ်းယူတဲ့ တိုက်ပွဲမှာ ဗိုလ်မှူးကြီးအောင်နေမျိုး သေဆုံးခဲ့ပါတယ်။ ဗိုလ်မှူးကြီးအောင်နေမျိုးဟာလက်အောက်
ငယ်သားတွေနဲ့အတူ ရွှေတွေနဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးစဉ်မှာ AAတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်
တိုက်တွေ့ပြီး ပစ်ခတ်ရှင်းလင်းခံရတာဖြစ်ပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာဘူးသီးတောင်မြို့၊အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာန
ချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA က အရှင်ဖမ်းမိခဲ့ပါတယ်။

၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊မြောက်ဦး၊မင်းပြားမြို့နယ်တွေက တိုက်ပွဲတွေထဲမှာ စကခ (၉) စကခမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းမိခဲ့ပါတယ်။ မြောက်ဦးမြို့သိမ်းတိုက်ပွဲမှာတော့တပ်မ (၁၁) တပ်မမှူးဗိုလ်မှူးကြီး မင်းမင်းထွန်း သေ
ဆုံးခဲ့ပါတယ်။ ပလက်ဝမြို့သိမ်းတိုက်ပွဲမှာက ဗိုလ်မှူးချုပ်ဇင်မျိုးဆွေ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးတာလား၊ ထွက်ပြေးလွတ်မြောက်သွားတာလားဆိုတာရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ AA က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေထဲမှာ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်
မှူးကြီး ဗညားပိုင်စိုး သေဆုံးခဲ့ပါတယ်။

၂၀၂၄ဒီဇင်ဘာလ၂၀ရက်ကအမ်းမြို့အခြေ
စိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းယူတဲ့တိုက်ပွဲမှာတော့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကိုအရှင်ဖမ်း
မိခဲ့ပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းအခုရက်ပိုင်းတိုက်ပွဲတွေမှာ စစ်သုံ့ပန်းအများအပြား ထပ်
မံဖမ်းမိတဲ့ ရုပ်သံမှတ်တမ်းတွေ ထွက်ပေါ်လာနေပါတယ်။ စစ်​တွေမြို့နယ်မှာလည်း AA ရဲ့ထိုးစစ်ကပိုအရှိန်မြင့်လာပြီး စစ်​တွေဒကစ အနီးထိတိုက်ပွဲ​တွေ​ရောက်လာပါတယ်။

၂၀၂၇ ခုနှစ် မကုန်ဆုံးမီညသိမ်းဖို့ကျန်​နေတဲ့ သုံးမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးရခိုင်တပြည်နယ်လုံးကို ထိန်းချုပ်ဖို့အစွမ်းကုန်ကြိုးစားမယ်လို့ AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပါတယ်။လတ်တ​လောတိုက်ပွဲသတင်း​တွေကို​တော့ AA ကအသေးစိတ်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

လက်ရှိမှာစစ်တွေနဲ့ ကျောက်ဖြူအပြင် ရခိုင်
ပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေး၊ ဧရာဝတီ၊ ပဲခူးတိုင်းထဲက စစ်ဆင်ရေးဒေသတွေမှာ AA
နဲ့ မဟာမိတ်တွေက စစ်ရှိန်မြှင့်ထားပြီး တိုက်
ပွဲတွေ ပြင်းထန်နေပါတယ်။
👏34❤17👍5🥰2😁1😭1
စနိုက်ဘာပစ်ခတ်​လေကျင့်​နေတဲ့ AA တပ်ဖွဲ့ဝင်​တွေ(ပုံအ​ဟောင်း)/​သေဆုံးသွားတဲ့ခမရ( ၅၄၂)က တပ်ရင်းမှူးဒုဗိုလ်မှုးကြီးစိုးထွေး။ဓါတ်ပုံ-AA Info Desk ၊ File
👍41👏8❤5👻4🥰1😭1
အာဏာသိမ်းစစ်တပ်ကို ဆက်အရေးယူဖို့ အလုပ်သမားညီလာခံ ILC ဆုံးဖြတ်

ဇွန် -၁၂ ၊၂၀၂၆။ဇော်၀င်း/People's Spring

အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ဆက်လက်အရေးယူသွားဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံက ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊အလုပ်သမားရေးရာဦးစီးဌာနက ဒီကနေ့ ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC)ရဲ့ (၁၁၄) ကြိမ်မြောက် အစည်းအဝေးမှာ ဇွန်လ ၆ ရက်က စပြီး "မြန်မာနိုင်ငံဆိုင် ရာ အထူးအစည်းအဝေး" တစ်ရပ်ကို ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေ အပေါ် အနီးကပ်စောင့်ကြည့် အရေးယူမယ့် ဆုံး ဖြတ်ချက်တွေ ကို အတည်ပြုခဲ့တာလို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူရန် ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33) ကို ထိရောက်စွာ အကောင် အထည်ဖော်မယ့် "လုပ်ငန်းကော်မတီပါဝင်သော စောင့်ကြည့်ရေးယန္တရား" (Monitoring Mechanism) တစ်ရပ် တည်ထောင်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM က အသိပေးပါတယ်။

"ဒီဆုံး ဖြတ်ချက်သာ အရေးမကြီးဘူးဆိုရင် - ရုရှား၊တရုတ်၊ဘလာရု အာဏာရှင်နိုင်ငံ အစိုးရတွေက ကန့်ကွက်မှာမဟုတ်ပါဘူး။အခု ဒီအာဏာရှင်တွေက ဒီဆုံးဖြတ်ချက်ကို သဘောမတူကြောင်းနဲ့ အားလုံးသဘောတူ ဆုံးဖြတ်ချက်မှာ သူတို့ မပါဝင်နိုင်ကြောင်းကို မှတ်တမ်းတင်ခိုင်းပါတယ်"လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ CTUM တာ၀န်ရှိသူက ပြောပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို လျှို့ဝှက်စွာ၊ ယုံကြည်စိတ်ချရစွာ မှတ်တမ်းတင်စုဆောင်းနိုင်ရေး၊ ပွင့်လင်းမြင်သာတဲ့ အစီရင်ခံတင်ပြမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ထားရှိပြီး ILO ဖွဲ့စည်းပုံ အပိုဒ် ၃၃ (Article 33 Resolution) ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။

ညီလာခံဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို တရားဝင်မှုရရှိရန် ကြိုးပမ်းပေးနေတဲ့ ကုန်သည်ကြီးများအသင်း UMFCCI ကိုယ်စားလှယ် တက်ရောက်ခဲ့ပြီး စောင့်ကြည့်ရေးယန္တရားကို အရေးယူမှုမပါဘဲ "သတင်းအချက်အလက် ကောက်ယူရုံ" အဆင့် ဖြစ်စေဖို့ တင်ပြဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

အခု အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၈၇)နဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း အမှတ် (၂၉) တို့ကို စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေမှုတွေ အပေါ် အဓိကထား ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီး ၅နှစ်တာကာလအတွင်း အရပ်ဘက်လွတ်လပ်ခွင့်တွေ ပျက်စီး ယိုယွင်းလာမှု၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အပေါ် အကြမ်းဖက်မှု၊မတရားဖမ်းဆီး ညှဉ်းပန်းခြိမ်းခြောက်မှုတွေအတွက် နက်ရှိုင်းတဲ့စိုးရိမ်မှုအဖြစ် ညီလာခံကော်မတီက မှတ်ချက်ပြုပါတယ်။

ကလေးငယ်တွေကို အဓမ္မစစ်မှုထမ်းစုဆောင်းတာနဲ့ တခြားအဓမ္မလုပ်အားပေးခိုင်းစေမှုပုံစံတွေ အပါအဝင် စစ်တပ်က အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ဆက်လက်အသုံးပြုနေတာကိုလည်း ရှုတ်ချခဲ့ပါတယ်။

မြန်မာစစ်တပ်အာဏာပိုင်တွေအနေ နဲ့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေ အပေါ်
ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်ဆိုတဲ့အချက် အလက် အပြည့်အစုံ ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ထက်နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အဲဒီတင်ပြချက်တွေ အပါအ၀င် လာမယ့် ၂၀၂၆ နိုဝင်ဘာလ မှာ ကျင်းပမယ့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ သိရပါတယ်။

အလုပ်သမားပြည်သူတွေကို တရားဖမ်းဆီးသတ်ဖြတ်တာ၊လုပ်ငန်းခွင်မှခြိမ်းခြောက်တာ နဲ့ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီးစစ်သားသစ်စုဆောင်းတာနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို မတရားအသင်းကြေညာခဲ့တာအပါအဝင် ဖိနှိပ်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့အာဏာသိမ်းစစ်အုပ်စုကြောင့် ကုလသမဂ္ဂ (UN)လက်အောက်ခံအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILOက Article 33 ( ပုဒ်မ ၃၃) နဲ့ ၂၀၂၅ ဇွန်လမှာ အရေးယူခဲ့ပါတယ်။

ပုဒ်မ ၃၃ အရ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေယာဥ်ဆီရောင်းတာ၊လက်နက်ပစ္စည်းတွေရောင်းတာနောက်
နည်းပညာပိုင်းဆိုင်ရာအကူအညီပေးတာ၊နိုင်ငံတကာ ရန်ပုံငွေစီးဆင်းမှုနဲ့ ဘယ်လိုဆက်ဆံရေးကိုမဆို ILO အဖွဲ့ နိုင်ငံတိုင်းက ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။
❤37👏18🥰4👍3🔥2😁1
(အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC)ရဲ့ (၁၁၄) ကြိမ်မြောက် အစည်းအဝေးတက်ရောက်လာတဲ့ တာဝန်ရှိသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ILO Actrav)
❤48👏8🔥4🥰3😁1
■​ဆောင်းပါး

မြန်မာအမျိုးသမီး နိုင်ငံရေးအကျဉ်းသားများ၏ တိတ်ဆိတ်သော အော်သံများ

-ခါကာဘို ရေးသားသည်။

၂၀၂၁ ခုနှစ် နွေဦးကာလကစလို့ မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြတဲ့ လူငယ်တွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အထူးပဲ ထင်ရှားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီလို လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အမျိုးသမီး အများအပြားဟာ ယနေ့အချိန်မှာတော့ အပြင်လောကကနေ ပျောက်ကွယ်ပြီး အကျဉ်းထောင်တွေရဲ့ အမှောင်ထု ငရဲတွင်းထဲမှာ ခါးသီးတဲ့ ဘဝတွေကို ဖြတ်သန်းနေကြရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်
ရေးအသင်း(AAPP)ရဲ့စာရင်းဇယားတွေအရ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၀,၀၀၀ ကျော်ထဲမှာ အမျိုးသမီး ၆,၄၀၀ ကျော်အထိ ပါဝင်နေပါတယ်။ဒါဟာနံပါတ်ပြကိန်းတစ်ခုတင် မ
ဟုတ်ဘဲ ထောင်နံရံတွေရဲ့ အနောက်မှာတစ်စစီ ကြေမွသွားခဲ့ရတဲ့ အမျိုးသမီးငယ်ပေါင်းများစွာရဲ့ ဘဝတွေ၊ အိမ်မက်တွေပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အချိန်ကစလို့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲရောက်တဲ့အထိ အ
မျိုးသမီးနိုင်ငံရေးအကျဉ်းသားတွေဟာ ရုပ်
ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာသာမက လိင်ပိုင်းဆိုင်ရာပါ အဆိုးရွားဆုံး ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်ကြရပါတယ်။

သဇင်(အမည်လွှဲ)ဆိုတဲ့ တက္ကသိုလ်ကျောင်း
သူဟောင်းတစ်ဦးရဲ့ အတွေ့အကြုံဟာ အ
ကျဉ်းထောင်တွင်းက ဖြစ်ရပ်မှန်တွေကို မီး
မောင်းထိုးပြနေပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ်လမှာ မန္တလေးက ဆန္ဒပြလှုပ်ရှားသူတွေရဲ့ကွန်ရက်ထဲမှာသတင်းတစ်ခု ပျံ့နှံ့လာပါတယ်။တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦးဖြစ်တဲ့သဇင်(အမည်လွှဲ)ဟာ သေဆုံးသွားပြီဆိုတဲ့ သတင်းပါပဲ။

အဲဒီနွေရာသီက မန္တလေးမှာလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတစ်ခုကို စစ်သားတွေကသေနတ်ပစ်ဖောက်ပြီး ကားနဲ့ပါလူအုပ်ထဲ ဝင်တိုက်ကာ အကြမ်း
ဖက်ဖြိုခွင်းခဲ့ပါတယ်။ဆန္ဒပြသူအများစုက ဆိုင်ကယ်စီးပြီးလွတ်မြောက်သွားနိုင်ခဲ့ပေမယ့်သဇင်ကတော့မလွတ်မြောက်နိုင်ခဲ့ပါဘူး။

လူငယ်အမျိုးသမီးတစ်ဦး ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကြောင့် သူမရဲ့ မိတ်ဆွေတွေက သေဆုံးသူဟာသဇင်ပဲလို့ထင်ခဲ့ကြပါတယ်။ဒါပေမယ့်တကယ်တမ်းမှာတော့ သဇင်ဟာ သေဆုံးသွားတာ မဟုတ်ဘဲ ရဲတပ်ဖွဲ့က ကားနဲ့ သူမရဲ့ဆိုင်ကယ်ကိုဝင်တိုက်ပြီး ဖမ်း
ဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီးနောက် မန္တလေးမြို့ရှိ ရဲစခန်းတစ်ခုကို ခေါ်ဆောင်သွားခဲ့ပြီးအဲဒီမှာသူမဟာ ရိုက်နှက်ခံရတာ၊ကန်ကျောက်ခံရတာ၊ ဒဏ်
ရာပြင်းထန်စွာ ရရှိခဲ့တာတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

စစ်ဆေးမေးမြန်းနေစဉ်အတွင်းသူမကို အ
တွင်းခံအဝတ်အစားသာကျန်အောင်အဝတ်ချွတ်ခိုင်းခဲ့ပြီး အမျိုးသားအရာရှိတစ်ဦးကလည်း မသင့်လျော်တဲ့ ထိတွေ့ကိုင်တွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီညမှာတော့လက်နဲ့ခြေကို ခတ်ထားတဲ့အခြေအနေနဲ့ အမျိုးသားအကျဉ်းသားဆောင်အပြင်ဘက် စင်္ကြံမှာ တစ်ညလုံး အိပ်မပျော်ဘဲ နေခဲ့ရပါတယ်။

သဇင်အတွက် ဒါဟာ အစပဲ ရှိသေးပါတယ်။ နောက်ထပ် သုံးနှစ်ကြာတဲ့အထိ သူမဟာ မြန်
မာနိုင်ငံရဲ့ အကျဉ်းထောင်တွေထဲမှာ ပျောက်ကွယ်သွားခဲ့ရပါတယ်။

တကယ်တော့အဲဒီနှစ်တွေမှာသဇင်ဟာ မန္တ
လေးဗဟိုအကျဉ်းထောင်နဲ့ မြင်းခြံအကျဉ်း
ထောင်တွေမှာ ပြစ်ဒဏ်ကျခံခဲ့ရပြီး ထောင်ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်
ရာနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ထောင်ကျတဲ့ ပထမနှစ်အတွင်းမှာပဲ သူမတို့ အမျိုးသမီးအဆောင်ရှိ နိုင်ငံရေးအကျဉ်း
သား အမျိုးသမီး တွေကို အမျိုးသားထောင်ဝန်ထမ်းတွေက ရေချိုးခန်းထဲမှာ လျှို့ဝှက်ရိုက်ကူးခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ရှေ့နေတစ်ဦးရဲ့ပြောကြားချက်အရ အဲဒီဗီဒီယိုတွေကို မိသားစုဝင်တွေကို ခြိမ်း
ခြောက်ဖို့ အသုံးပြု ခဲ့တယ်လို့ သိရပါတယ်။

AAPP ရဲ့ အစီရင်ခံစာမှာလည်း အမျိုးသမီးအကျဉ်းသားတွေဟာ အရှက်ခွဲ စစ်ဆေးမှုတွေ၊လိင်အခြေပြုအနိုင်ကျင့်မှုတွေနဲ့ ခြိမ်း
ခြောက်မှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။၂၀၂၅ ခုနှစ်နှောင်းပိုင်းကစပြီး Fortify Rights အဖွဲ့က အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်း၁၀ ဦးကို တွေ့ဆုံမေး
မြန်းခဲ့ပါတယ်။

Fortify Rights မှ လူ့အခွင့်အရေးကျွမ်းကျင်သူချစ်ဆန်း ကတော့ဒီဖြစ်ရပ်တွေဟာ သီး
ခြားဖြစ်စဉ်တွေ မဟုတ်ဘဲ ပုံစံတစ်ခုတည်းနဲ့ ထပ်ခါထပ်ခါဖြစ်ပွားနေတယ်လို့ပြောပါတယ်။သူ့အဆိုအရအမျိုးသမီးတွေကို ကြောက်ရွံ့စေဖို့၊ ထိန်းချုပ်ဖို့နဲ့ အလျှော့ပေးစေဖို့ လိင်အခြေပြု အကြမ်းဖက်မှုကို လက်
နက်တစ်ခုလိုအသုံးပြုနေကြတာဖြစ်ပါတယ်။

ထို့အတူရန်ကုန်မှာဒါဏ်ရာရ ဆန္ဒပြသူနှစ်ဦးကို ဆေးကုသပေးခဲ့လို့ အင်းစိန်နဲ့ သာယာဝတီထောင် တွေမှာ သုံးနှစ်ကြာ အကျဉ်းကျခံခဲ့ရတဲ့သူနာပြုမခိုင်(အမည်လွှဲ)ကလည်း အမြဲ
တမ်း စောင့်ကြည့်ခံနေရတဲ့ CCTV ကင်မရာတွေနဲ့ စစ်ကြောရေးတွေကြောင့် ယနေ့တိုင် ပြင်းထန်တဲ့ စိတ်ဒဏ်ရာ (Trauma) တွေကို ခံစားနေရဆဲပါ။
👍24❤5🔥3😢3🤬2
အရှက်ခွဲတာတွေအပြင်သံတုတ်၊လျှပ်စစ်ရှော့တိုက်ကိရိယာတွေနဲ့ပါ လူမဆန်စွာ နှိပ်စက်တာ တွေလဲ ရှိတယ်လို့ သတင်းမှတ်တမ်းတွေက ဆိုပါတယ်။ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်ထောင်၊ ရဲစ
ခန်းနဲ့ စစ်ကြောရေးစခန်း တွေထဲမှာတင် အသက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀ ဦးထက်မနည်း ရှိခဲ့ပါပြီ။ သူတို့ထဲမှာ အနာဂတ်တွေ အများကြီးရှိသေးတဲ့အသက်၂၂ နှစ်အရွယ် လူငယ် အမျိုးသမီးလေးတွေတောင် ပါဝင်ခဲ့ပါတယ်။

အထင်ရှားဆုံးဖြစ်ရပ်တစ်ခုကတော့ဒဂုံတက္က
သိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဝတ်ရည်အောင်ဖြစ်ပါတယ်။ သူမဟာ စစ်ကြောရေးအတွင်း ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် ကျန်းမာ
ရေး ဆိုးရွားလာခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၂၆ ခုနှစ် အစပိုင်းမှာ စစ်အစိုးရကျော
ထောက်နောက်ခံပြု ပါတီက ရွေးကောက်ပွဲ အနိုင်ရပြီတဲ့နောက် နိုင်ငံရေးအကျဉ်းသား ၄,၀၀၀ ခန့်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ဒါပေမယ့် Amnesty International က သုတေသီ Joe Freeman ကတော့ ဒီလုပ်ရပ်တွေဟာ အမှန်တကယ် ပြောင်းလဲမှု မဟုတ်ဘဲ နိုင်ငံတကာအမြင်မှာ ပုံရိပ်ကောင်းရဖို့ ကြိုးစားမှုသာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

လက်ရှိအချိန်မှာ တချို့ လွတ်မြောက်လာကြပြီ ဖြစ်ပေမယ့် AAPP ရဲ့ ခန့်မှန်းချက်အရ ဒီမိုကရေစီထောက်ခံသူနဲ့ အရပ်သား ၂၂,၀၀၀ ကျော်ဟာ အကျဉ်းထောင်တွေထဲမှာ ဆက်
လက် ပိတ်လှောင်ခံထားရဆဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အစီရင်ခံစာတွေနဲ့ လူ့အခွင့်
အရေးအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်တွေမှာမြန်မာနိုင်ငံကအကျဉ်းထောင်တွေထဲမှာ ကျားမအခြေပြုအကြမ်းဖက်မှုတွေနဲ့လူ့အ
ခွင့်အရေးချိုးဖောက်မှုတွေစနစ်တကျ ဖြစ်
ပွားနေကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အကြိမ်ကြိမ် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေတင်ရုံနဲ့မလုံလောက်တော့ပါဘူး။အ
ကျဉ်းထောင်တွေထဲမှာ နေ့စဉ်နဲ့အမျှ ငရဲခံနေရတဲ့ အမျိုးသမီးတွေရဲ့အသက်ကိုကယ်တင်ဖို့အတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ စာနာရုံတင်မဟုတ်ဘဲ ပြတ်သားတဲ့ အရေးယူ ဆောင်ရွက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ။

ပြစ်မှုကျူးလွန်နေတဲ့ စစ်အာဏာရှင်အဖွဲ့အ
စည်းကို ခုထက်ပိုတဲ့နည်းလမ်းတွေနဲ့ ပိုထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခြင်း၊ အပြစ်ပေးအရေးယူနိုင်မယ့် နိုင်ငံ
တကာ တရားစီရင်ရေး လမ်းကြောင်းတွေကိုလည်းအချိန်မဆွဲအောင်ဝိုင်းဝန်းတွန်းအားပေးကြဖို့ အချိန်ကျရောက်နေပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ကို လွတ်မြောက်လာခဲ့ကြတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့အကျဉ်းထောင်ထဲမှာကျန်ရစ်ခဲ့တဲ့ရဲဘော်တွေအတွက်ယနေ့တိုင်အားမလျှော့
တမ်း အသံထွက် တောင်းဆိုပေးနေကြဆဲပါ။

သဇင်နဲ့ မခိုင်တို့ကလည်း "ကျွန်မတို့ထွက်လာနိုင်ခဲ့ပေမယ့် ထောင်ထဲမှာကျန်ခဲ့တဲ့ အမျိုး
သမီးတွေရဲ့ အသံတွေကို အခုထိ ကြားနေရဆဲပါ" လို့ ပြောဆိုထားကြပါတယ်။

သူတို့ရဲ့ စကားသံဟာ ကမ္ဘာကြီးကမြန်မာ့အရေးကို မျက်ကွယ်မပြုဘဲ လက်တွေ့ကျကျ ကူညီပေးဖို့ စောင့်ဆိုင်းနေတဲ့ မျှော်လင့်ချက် ဥဩသံတစ်ခုပဲဖြစ်ပါတယ်။ ။

(The GuardianကTortured, Humiliated and Killed: The Women Who Disappear into Myanmar’s Prisons မှာအချက်အလက်များကိုမှီငြမ်းပြီးပြန်ရေးသားပါတယ်)
👍17😢6🔥4🤬2❤1
Fortify Rights ကို​ဖြေကြား​ပေးခဲ့တဲ့ စစ်တပ်ရဲ့ဖမ်းဆီးငြင်းပန်းနှိပ်စက်မှုခံခဲ့ရတဲ့
နိုင်ငံ​ရေးအကျဥ်းသူ နဲ့ နိုင်ငံ​ရေးအကျဥ်းသားအားလုံးလွတ်​မြောက်​ရေးဆု​တောင်း​နေတဲ့ ထိုင်းနိုင်ငံ​ရောက် မြန်မာတဦး။
ဓါတ်ပုံ-Fortify Rights ၊Getty Images
👍26😢11🔥2