People's Spring
✔
59.7K subscribers
72K photos
1.27K videos
10 files
3.1K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
​ရန်ကုန်မှာ ​မေလ ၁၈ ရက်ကအင်အားအသင့်အတင့်ရှိတဲ့ ငလျင်လှုပ်လို့တိုက်​အောက်ဆင်း​နေတဲ့ပြည်သူ​တွေ။ဇွန် ၁၁ ရက်​နေ့ခင်းလှုပ်တဲ့ငလျင်က အင်အားအနည်းငယ်ရှိတဲ့ငလျင်ဖြစ်ပါတယ်။         ။ဓါတ်ပုံ-​ဒေသခံ
👍19🔥9😱1
မကွေးထောင်မှာ နိုင်ကျဉ်းတွေ နှိပ်စက်ခံနေရပြီး ၁၂ ဦး အသက်အန္တရာယ် စိုးရိမ်ရဟုဆို

​ဇွန်- ၁၁၊ ၂၀၂၆။ဇေအောင်/People's Spring

​မကွေးအကျဉ်းထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၂ ဦး နှိပ်စက်တိုက်ပိတ်ခံထားရပြီး ၁၂ ဦးဟာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

မကွေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဉ်းသားအားလုံး လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ နှိပ်စက်ညှင်းပန်းခံနေရကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ယနေ့ (ဇွန်လ ၁၁ ရက်)မှာ ထုတ်ပြန်ပါတယ်။

မကွေးအကျဥ်းထောင်မှာ ထောင်ပိုင်ကြီး ဝင်းနိုင်နဲ့ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့ ဦးဆောင်တဲ့ အကျဉ်းထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင်အကျဉ်းသားတွေ ပိုင်ဆိုင်တဲ့ ခြုံစောင်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများနဲ့ အစားအသောက်တွေကို မတရားသိမ်းယူခဲ့ကြောင်း၊ ဒါ့အပြင် အကျဉ်းသားတွေကို အခင်းမပါဘဲ သံမံတလင်း ကြမ်းပြင်ပေါ်မှာ နေထိုင်စေခဲ့တဲ့အပြင်၊ သောက်သုံးရေကိုလည်း ကန့်သတ်ကာ တစ်နေ့လုံး ထမင်းစားပြီးချိန်မှ ရေတစ်ခွက်သာ သောက်သုံးခွင့်ပေးထားကြောင်း သိရှိရပါတယ်။

ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ရိုက်သတ်လို့ရတယ်လို့ ခြိမ်းခြောက်ပြောဆိုတာ၊ ခဏခဏ ပုံစံထိုင်ခိုင်းတာ စတဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ အဆက်မပြတ် ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အထက်ပါ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ တင်ပြတောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၂ ဦးကို လည်း ထောင်အာဏာပိုင်တွေက ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ ပိတ်ပင်ကာ တိုက်ပိတ်ပြစ်ဒဏ် ချမှတ်ထားကြောင်း၊ ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ရဲဘော် (၁၂) ဦးမှာ ပြင်းထန်တဲ့ ရိုက်နှက်နှိပ်စက်မှုတွေကို ခံထားရလို့ လက်ရှိမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေသို့ ရောက်ရှိနေကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ထပ်မံအသိပေးပါတယ်။

"ထောင်အာဏာပိုင်တွေက ဘာ့ကြောင့်လုပ်တယ်ဆိုတာ မတွေ့ရဘူး။ ဘာမှအကြောင်းပြချက်မရှိဘဲနဲ့ အကျဥ်းသားတွေရဲ့ပစ္စည်းတွေကို အကုန်သိမ်းသွားတယ်။ ပြန်ပေးဖို့ တောင်းဆိုကြတဲ့သူတွေကို ရိုက်နှက်ပြီးတော့ တိုက်ပိတ်ထားတာတွေ၊ အစာရေစာဖြတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။"လို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်အဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

​အကျဉ်းသားတစ်ဦးရဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ ရှင်သန်နေထိုင်ခွင့်ကို အတင်းအဓမ္မ လုယူဖျက်ဆီးနေတဲ့ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ ဖိနှိပ်မှုတွေကို ချက်ချင်းရပ်တန့်ကာ လူ့အခွင့်အရေးနဲ့အညီ ထားရှိဖို့ကိုလည်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက တောင်းဆိုထားပါတယ်။

​ယခုကျူးလွန်မှုတွေမှာ ပါဝင်တဲ့ ထောင်ဝန်ထမ်းများ၊ ထောင်ပိုင် ဝင်းနိုင်၊ ထောင်ပိုင်လေး အောင်မြင့်သန်းကြည် တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်များအားလုံးမှာ အပြည့်အဝ တာဝန်ရှိပြီး ၎င်းတို့ကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

​ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကိစ္စကို မျက်ခြေမပြတ် စုံစမ်းကာ တတ်နိုင်တဲ့ဘက်မှ ပါဝင်ကူညီ ဆောင်ရွက်ပေးကြဖို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက မေတ္တာရပ်ခံထားပါတယ်။
😡35❤7🤬7👎3👍1
(မကွေးအကျဥ်းထောင်အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
😢20🤬13🖕5👎2❤1😁1
ကောင်းတပ်ရွာ အလှူခံမှုရပ်ဆိုင်းမှာဖြစ်လို့ ဇွန် ၁၅ရက်မတိုင်မီ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်း

ဇွန်-၁၁၊ ၂၀၂၆။ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မေလ ၃၁ရက်က TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်လို့ ကောင်းတပ်ရွာက လူဦးရေ ၅၀ ခန့်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အုံများစွာ ပျက်စီးခဲ့ပါတယ်။

ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကော်မတီဖွဲ့ပြီး အလှူငွေများ ကောင်းခံခဲ့ရာ ပြည်တွင်းပြည်ပ ပြည်သူများအသင်းအဖွဲ့များသာမက ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အာရက္ခတပ်တော်(AA)၊ ၀တပ် UWSA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့ကလည်း လှူဒါန်းမှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာန ပိတ်သိမ်းပြီးနောက်ပိုင်း လှူဒါန်းလိုရင် ပြန်လည် ထူထောင်ရေးကော်မတီသို့ တိုက်ရိုက်ဆက်သွယ်လှူဒါန်းခြင်း၊ သက်ဆိုင်ရာ ကျေးရွာဥက္ကဋ္ဌများ ထံသို့တိုက်ရိုက် ဆက်သွယ်လှူဒါန်းခြင်း၊ ထိခိုက်နစ်နာခဲ့ရသူများ ထံသို့ ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်သွားရောက်လှူဒါန်းခြင်း တို့ ပြုလုပ်နိုင်ကြောင်းလည်း ကော်မတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အသိပေးထားပါတယ်။

ပြည်သူတွေရဲ့တစ်ခဲနက် ပါဝင်လှူဒါန်းမှုများအတွက် ကော်မတီနှင့်အတူ ထိခိုက်နစ်နာသူ မိသားစုများအားလုံးမှ အထူးပင် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ပါတယ်။

TNLA ရဲ့ သတင်းထုတ်ပြန်ချက်အရ ကောင်းတပ်ရွာပြန်လည်ထူထောင်ရေးအတွက် အလှူငွေ ကျပ်သိန်း ၉ထောင်ကျော် ရရှိထားပါတယ်။ ဒါ့အပြင် TNLA အဖွဲ့ကလည်း ကွယ်လွန်သူတွေအတွက် ကျန်ရစ်သူမိသားစုဝင်တွေကို ငွေကြေးထောက်ပံ့တာ၊ ဒဏ်ရာရသူတွေကို ဆေးကုသပေးတာတွေ လုပ်ဆောင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ပေးမယ်လို့ အသိပေးထားပါတယ်။
❤22👍9🤮2
(နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာ နေအိမ်တွေကို ပြန်လည်ပြုပြင်နေကြစဉ်။ ဓာတ်ပုံ - committeeofkaungtup)
👍26🥰3🤮3❤1
မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာ စစ်တပ်မီးရှို့

ဇွန်-၁၁၊၂၀၂၆။ကတ်သရင်းနှင်း/People's Spring

မိုးမိတ်မြို့နယ်က သစ်ဆိမ့်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး နေအိမ် ၅လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၀ ရက် မနေ့က သစ်ဆိမ့်ကုန်းရွာကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဝင်အပစ်ခံရတာ အထိနာပြီး မီးရှို့တယ်လို့ သိရတယ်။ဘေးပတ်ဝန်းကျင်ကိုလည်း လက်နက်ကြီး တွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရမ်းသမ်းပစ်နေသေးတယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရှို့ခံရမှုကြောင့် ပြည်သူတွေရဲ့ နေအိမ် ၅လုံး မီးလောက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ခလရ(၃၄၈)တပ်ရင်းက ဖြစ်ပြီး တော်လှန်‌ရေးတပ်တွေရဲ့ ပစ်ခတ်ခြင်းခံရကာ အထိနာပြီး မီးရှို့ခဲ့တာလို့ သိရပါတယ်။

စစ်တပ်ဟာ တရုတ်ရဲ့ကူညီမှုနဲ့ ၂၀၂၅ နိုဝင်ဘာ၂၉ရက်က မိုးမိတ်မြို့ကို ပြန်လည်တောင်းယူခဲ့တာပါ။

အဲဒီနောက် မေလအတွင်းမှာ တြိဂံတိုင်းစစ်ဌာနက ဘတ်တံဆိပ်ပါ စစ်ကားအစီးရေ ရာနဲ့ချီပို့ပြီး မိုးမိတ်မြို့ကို အင်အားတိုးတာလည်း ပြုလုပ်ထားပါတယ်။
🤬38👎4❤2🤣2👏1
(မိုးမိတ်မြို့တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
🤬40👎3🔥1👏1🙏1🤣1
KIO ဝန်ထမ်း ၉၀ကျော်တက်ရောက်တဲ့ လ၀က သင်တန်းဆင်းပွဲ ကျင်းပ

ဇွန် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

KIO အစိုးရ ပြည်သူ့အုပ်ချုပ်ရေးဌာန၊ ဗဟိုလူဝင်မှုကြီးကြပ်ရေးရုံးက ကြီးမှူးတဲ့ အမှတ်စဥ် (၁၆) လ၀က သင်တန်းကျောင်းဆင်းပွဲကို သင်တန်းသား ၉၆ဦး တက်ရောက်ခဲ့တာဖြစ်ပြီး သင်တန်းဆင်းပွဲကို သက်ဆိုင်ရာ ဌာန ဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။

KIO အနေနဲ့ အုပ်ချုပ်ရေး နယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ဝန်ထမ်းလိုအပ်ချက်ရှိတဲ့အပေါ် ဌာနအသီးသီးက သင်တန်းတွေ ပြုလုပ်လျက်ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

" လူ့အရင်းအမြစ်လိုအပ်ချက်က ပိုများလာတဲ့သဘောပါ။ ပြည်သူ့ဝန်ထမ်းကောင်းတွေဆိုတာ ပြည်သူကိုမိဘနေရာမှာထားတတ်တဲ့ဝန်ထမ်းတွေဆိုတာ အမြဲနှလုံးတွေးဖို့လိုတယ်။ နိုင်ငံဝန်ထမ်းကောင်း ပြည်သူ့အကျိုးပြုတဲ့ လဝက ဝန်ထမ်းတွေဖြစ်လာဖို့မျော်လင့်ပါတယ်”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေအရ လူမျိုးရေးအစွန်းမရောက်ကြဖို့ အရေးကြီးသလို နိုင်ငံရေးသဘောထားကြီးပြီး ဘုံရန်သူဖြစ်တဲ့ မတရားအာဏာသိမ်းယူထားတဲ့ အာဏာသိမ်း စစ်တပ်ကို တက်ညီလက်ညီ ပူးပေါင်းတွန်းလှန်ရန်လိုအပ်ကြောင်း သတင်းရင်းမြစ်က တိုက်တွန်းပါတယ်။
❤34👍16👏3🥰2🤣1🖕1
❤36👍13🥰2😁1🖕1
AA ထိုးစစ် စစ်တွေဒကစနဲ့အနီးဆုံး
ရွာနားအထိ ရောက်လာ

ဇွန်-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ စစ်တွေ -ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်ရှိ နာရီကန်ကျေးရွာအနီးဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းကာကင်းစခန်းတွေကို AA က အဝေးပစ်လက်နက်ကြီးတွေနဲ့ရော မြေ
ပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

“နာရီကန်တံတားနားမှာတိုက်ပွဲဖြစ်နေကြတယ်။အဲဒါက ပါဒလိတ်၊ကျားမသောက်တပ်
ရင်းတွေနဲ့ နီးတယ်။ ဒကစ နဲ့ဆိုလည်းသိပ်မဝေးတော့ဘူး။ မြို့ထဲဘက်ကို နည်းနည်းတိုးလာရင် ဒကစဌာနချုပ်ကိုရောက်ပြီ။ အဲဒီနားမှာ ခလရ (၂၇၂) တို့လည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

နာရီကန်ကျေးရွာအနီးဝန်းကျင် ၊ပါဒလိတ်ရွာအနီးဝန်းကျင် နဲ့ တောကန်ကျေးရွာအနီးဝန်း
ကျင်တို့မှာတိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

လက်ရှိမှာစစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်း
မအနီး နာရီကန်ကျေးရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေသလို စစ်တွေမြို့ရဲ့ အနောက်ဘက် မယူမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အမြင့်ကျွန်း ၊ ကြွီတဲကျေးရွာတို့အနီးနဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်မှာပါ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

“AAက ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်တဲ့အနေအထားတော့မဟုတ်သေးဘူး။ဒါပေမယ့် စစ်တွေကို ဝိုင်းပတ်ပြီးတော့ ညှပ်တိုက်တိုက်နေတာ။ ရသေ့တောင်ဘက်ကရော၊ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်ကရော ညှပ်တိုက်နေ တယ်။ မိုးရာသီ တိုက်ပွဲပိုပြင်းလာမယ်ထင်တယ်”လို့ရခိုင်ဒေသခံ စစ်ရေးလေ့လာနေသူတဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့ရဲ့ အ
နောက်ဘက်ရှိရသေ့တောင်၊မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊အရှေ့ဘက်ရှိ ပေါက်တောမြို့
နယ်​တွေကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

AAဟာစစ်တွေ၊ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ စစ်တပ်တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝမှာ ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေကိုလည်း ဟောက်ဝစ်ဇာတွေနဲ့ ပစ်ခတ်တိုက်ခိုက်​နေပါတယ်။

မေလ ၂၄ ရက်နေ့ကစစ်တပ်သင်္ဘောတစီးထိမှန်သွားခဲ့တယ် လို့ ဒေသခံတွေက ပြောထားကြပါတယ်။အဲဒီတိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ပင် လယ်ပြင်ရှိ စစ်သင်္ဘောတွေကနေလက်နက်
ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ် တို့အတွင်းမှ လူနေကျေးရွာများကို ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးကနေ့တိုင်းပစ်တယ်။ဒီဘက်ကရွာတွေဆိုရင်လူနေလို့မရတော့ဘူး။အရင်ကရွာစောင့်သဘောနေကြတယ်။အခုရွာစောင့်တောင် နေလို့မရတော့ဘူး။ လက်နက်
ကြီးနဲ့ တော်တော်ပစ်နေတယ်။ တိုက်ပွဲက ဒီ ဘက်မှာတခုမှမရှိတော့ဘဲရမ်းပစ်ပစ်နေတာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံလယ်သမားတဦးကပြောပါတယ်။

အဲဒီလိုစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတွေဟာသူတို့ရဲ့လယ်
ယာမြေတွေကို မထွန်ကြရဘဲစစ်ဘေးရှောင်ဘ၀နဲ့တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

တိုက်ပွဲ​တွေစစ်တွေမြို့နဲ့နီးလာချိန်မှာ စစ်တပ်ကစစ်တွေမြို့ထဲမှာည ၉နာရီကနေ မနက် ၄
နာရီထိညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါ့အပြင်ခြံစည်းရိုးကာထားတဲ့ ကမ်းနားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်
လုပ်နေပါတယ်။

AAက စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။
❤45👍19👏6🥴2🖕1
အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေကို
၂၀၂၅ နှစ်ဆန်းပိုင်းက ရခိုင် နဲ့ ဧရာဝတီအစပ်​ဒေသ​မှာစစ်တပ်ထံကသိမ်းထားတဲ့ သံချပ်ကာကားနဲ့အတူ​တွေ့ရစဥ်/ စစ်​တွေမြို့အဝင်ဆိုင်းဘုတ် /စစ်​တွေမြို့အနီးဝန်းကျင်နဲ့အဓိကစစ်တပ်စခန်း​တွေကို​မြေပုံ​ပေါ်​တွေ့ရ
စဥ်။ ။ဓါတ်ပုံ-AA Info Desk
👍44❤17👏3🥴2🖕1
ဗျူဟာ(၂၂)ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်
ကျဆုံး

ဇွန်-၁၁၊၂၀၂၆။ထားမြတ်၊နော်/People's Spring

အမျိုးသားညီညွတ်ရေးအစိုးNUG၊ ကာကွယ်
ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးအနောက်ရိုးမ ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း လေယာဉ်ဗုံးစထိမှန် ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက​ပြောပါတယ်။

လေယာဉ်ဗုံးစထိမှန်မှုကြောင့်ရရှိထားတဲ့ ဒဏ်
ရာတွေကို ဆေးကုသနေရင်း ဇွန်လ ၉ ရက်မှာကျဆုံးခဲ့တာလည်းဖြစ်ပါတယ်။

“ ဗုံးစကညာဘက်ရင်ဘတ်ကိုထိသွားတယ်ပြီးတော့အဆုတ်လည်းနည်းနည်းထိထားတယ် ။အဲ့ ဒဏ်ရာတွေကို ဆေးကုနေရင်း ကျဆုံးသွားတာပါ “လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကျဆုံးသွားတဲ့ ဗျူဟာမှူး ရဲဘော်စောဂျိမ်းရဲ့ နာရေးကို ဇွန်လ ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလလကုန်ပိုင်းကစပြီး ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တာလည်းဖြစ်ပါတယ်။စစ်တပ်က တိုက်ပွဲဖြစ်ပွါးရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

မေလ ကုန်ပိုင်းတိုက်ပွဲတစ်ခုမှာ စစ်တပ်က လေကြောင်းကနေဗုံး ကြဲမှုကြောင့် ဗျူဟာမှူး ရဲဘော်စောဂျိမ်းထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဗျူဟာမှူးရဲဘော်စောဂျိမ်းဟာ ပေါက်ခေါင်း - အုတ်တွင်းလမ်းပိုင်းမှာဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်စစ်ကြောင်း ပျက်တဲ့အထိ ဦးဆောင်တိုက်ခိုက်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

“ကိုယ့်ရဲဘော်ရဲဘက်တွေကျတာ ကျနော်တို့ အနေနဲ့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ တော်လှန်ရေးအတွက်လည်း ဆုံးရှုံးနစ်နာမှုကြီးတခုပါပဲ။ကျနော်တို့က အလုပ်ပိုလုပ်သွားရုံပဲ ရှိတာပေါ့ဗျာ” လို့PDF အမှတ်(၂) စစ်ဆင်
ရေးနယ်မြေ ပြောရေးဆိုခွင့်ရှိသူက People's Spring ကိုပြောပါတယ်။

ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ဟာ ပြီးခဲ့တဲ့
နှစ်ရက်မကွယ်လွန်မီက PDF တပ်မတော်ရဲ့ ပဲခူးတိုင်း ဆွာမြို့နယ် ဆွာမကြီးရွာ စစ်တပ်စခန်းသိမ်းအောင်ပွဲသတင်းကိုသူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်။

မေလ ၂၇ရက်ကလည်း “သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင်ထာ၀ရ ဘုရားရှိသည်ဟု မိန့်တော်မူ၏။” ဆိုတဲ့ ခွန်အားရစရာ ကျမ်းစာပိုဒ်ကိုလည်း ရဲဘော်စောဂျိမ်းစ်က သူရဲ့ ဖေ့စ်ဘွတ်ခ်မျာရေးသားခဲ့ပါတယ်။

ရဲဘော်စောဂျိမ်းစ်ဦးဆောင်တဲ့ ဗျူဟာ (၂၂) ဟာ ပဲခူးခရိုင်တပ်ရင်းတွေ ဖြစ်တဲ့ တပ်ရင်း
(၃၇၀၁)၊ သာယာ၀တီခရိုင် တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း(၃၈၀၁)၊ (၃၈၀၂)၊ (၃၈၀၃) တပ်
ရင်းတွေနဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။ ရဲဘော်စောဂျိမ်းစ်ဟာ ဗျူဟာ (၂၂) ကို တာဝန်မယူမှီ ၂၀၂၄ကာလတွေမှာမကွေးတိုင်းဂန့်ဂေါခရိုင် ဆောမြို့နဲ့ ကျင်ဒွေးမြို့တိုက်ပွဲတွေမှာပါဝင်ခဲ့သူဖြစ်ပြီးဂန့်ဂေါခရိုင်တပ်ရင်းများ၊ မင်းဘူးခရိုင်တ ပ်ရင်းများနဲ့အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သူဖြစ်တယ်လို့ သူနဲ့အတူ တိုက်ပွဲဝင်ခဲ့ဖူးသူတယောက်က ရေးသားထားပါတယ်။

ရဲဘော်စောဂျိမ်းစ် ဦးဆောင်တဲ့ ဗျူဟာ (၂၂) တပ်တွေဟာ ဇီးကုန်း၊ နတ်တလင်း၊ မင်းလှ၊ အုတ်တွင်းစတဲ့ ဒေသတွေမှာစစ်တပ်ကိုအ
ထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။
😢62❤12😭4👏2👎1🤮1🫡1
ဗျူဟာ -၂၂ ရဲ့ဗျူဟာမှူး ရဲဘော်စောဂျိမ်း
😢94👏5❤3🤮3🫡2🥰1
ဘရာဇီးနိုင်ငံဟာ ၁၉၃၀ ခုနှစ် ပထမဆုံးကမ္ဘာ့ဖလားကနေယခု ၂၀၂၆ အထိ ကျင်းပခဲ့သမျှ ကမ္ဘာ့ဖလားပြိုင်ပွဲအားလုံး (၂၃ ကြိမ်လုံး)ကိုတကြိမ်မှမပျက်ကွက်ဘဲ ပါဝင်ကစားခွင့်ရထားတဲ့ တခုတည်းသော နိုင်ငံအဖြစ် စံချိန်တင်ထားပါတယ်။

အာဂျင်တီးနာက လီယွန်နယ် မက်ဆီ ၊ပေါ်တူဂီက ခရစ်စတီယာနို ရော်နယ်ဒို ၊မက္ကဆီကို ဂိုးသမား ဂီယာမို အိုချိုအာ တို့ဟာ လက်ရှိအကြိမ်အရေအတွက် စံချိန်တင်ကစားတဲ့ ကစားသမားများ ဖြစ်ပြီး အခုအကြိမ်ဟာ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။၂၀၀၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ၆ ကြိမ်မြောက်အဖြစ် ပူးတွဲစံချိန်တင်ထားတာပါ။

လက်ရှိမှာမက်ဆီဟာ ၂၀၂၂ဗိုလ်လုပွဲအထိ့ကမ္ဘာ့ဖလားပြိုင်ပွဲ​တွေမှာစုစုပေါင်း ၂၆ ပွဲနဲ့ စံချိန်တင်ကစားထားပြီး၊ အခု ၂၀၂၆ ပြိုင်ပွဲမှာ ပါဝင်ကစားပါက သမိုင်းတလျှောက် ကမ္ဘာ့ဖလားပွဲအများဆုံးကစားသမားအဖြစ် မိမိရဲ့စံချိန်သစ်ကို ထပ်ချိုးဦးမှာ ဖြစ်ပါတယ်။

အသက်၄၁နှစ် ရှိပြီဖြစ်တဲ့ရော်နယ်ဒိုအတွက်လည်းကမ္ဘာ့ဖလားဆုဖလားကြီးကို အရယူနိုင်မယ့် နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ အစွဲဆောင်ဆုံး အချက်ကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္ထဝင်ပြိုင်ဘက်ကြီးနှစ်ဦးဖြစ်တဲ့ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား) နဲ့ ခရစ်စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ) တို့ကို ကမ္ဘာ့ဖလားစင်မြင့်ထက်မှာ နောက်ဆုံးအကြိမ် မြင်တွေ့ရမယ့် အခွင့်အရေး ဖြစ်နေတာပါပဲ။ သူတို့နှစ်ဦးရဲ့ “နောက်ဆုံးကခုန်ခြင်း” (The Last Dance) လို့ပြောရမယ့် ပြိုင်ပွဲ ဖြစ်နေပါတယ်။

ဒါအပြင်၂၀၂၆ကမ္ဘာဖလား​ဘောလုံးပြိုင်ပွဲဟာ​ နေမာ ၊မိုဒရစ် ၊မိုဆာလာ ၊ ဒီဘရိုင်း ၊နူအာတို့လို ဝါရင့်ကစားသမား​တွေအတွက်လည်း​နောက်ဆုံးပြိုင်ပွဲ​တွေ ဖြစ်လာမှာဖြစ်ပါတယ် ။
❤31👍16🥰1🤮1🤣1