People's Spring
✔
60K subscribers
71.6K photos
1.26K videos
10 files
3.07K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ချင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ အ​ခြေခံစစ်ပညာသင်တန်းတက်​ရောက်​လေ့ကျင့်​နေကြ
စဥ်။ဓါတ်ပုံ-မင်းတပ် CDF
👍37🥰5❤3⚡2😁1🖕1
ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်း မိုးကြိုးပစ်ခံရ

ဇွန်-၄၊၂၀၂၆။မိထက်/People's Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၅၀ခန့်ရှိတဲ့ စစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေ ၆နာရီခန့်မှာ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်၊ စနေသင်းဘုရားကျောင်းအနီး ရောက်ရှိနေစဉ် မိုးကြိုးပစ်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

" ပြည်သူ့စစ်တွေ သေတာလို့ ကြားတယ်။ မင်းဇေသန့်အဖွဲ့လေ။ သူတို့က အတန်းလိုက်ကြီး ခြေလျင်ဝင်လာတာ။ မိုးကြိုးက သူတို့အနီးလေးကိုပစ်တာ"လို့ မရှီကထောင်ရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ ဒီကနေ့ညနေပိုင်းက နေရာကွက်ပြီး မိုးနဲ့လေပြင်းကျခဲ့ပြီး ပြည်သူ့စစ်အဖွဲ့တွေ မိုးကြိုးပစ်ခံရတယ်လို့ ဒေသခံအချို့ကလည်း ပြောပါတယ်။ ထိခိုက်မှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မေလလည်ကစပြီး အနောက်တောင်မုတ်သုံ‌လေ မြန်မာနိုင်ငံကိုဝင်ရောက်နေပြီး ဒေသများအပြားမှာ နေရာကွက်မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရုတ်တရက် ရေကြီးရေလျှံခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA )က သတိ‌ပေးထားပါတယ်။
မေလနှောင်းပိုင်းမှာပဲ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ နွားတွေ လွှတ်ကျောင်းထားတဲ့အနီးကိုမိုးကြိုးပစ်လို့ နွားအကောင် ၅၀ခန့် သေဆုံးခဲ့ပါတယ်။

ဖားကန့်ဒေသမှာ စစ်တပ်၊ ရှမ်းနီတပ်(SNA)၊ ဝါရာဇွပ်ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ အင်အား ၂ထောင်နီးပါးရှိနေပြီး လက်ရှိမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDFက စစ်ရေး သတိပေးထားပါတယ်။ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ဗုံးကြဲတာတွေ၊ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
👏46❤8🥴5🔥1🖕1👻1
(၂၀၂၅ မေလနှောင်းပိုင်းက ဖားကန့်မြို့ဝင်လာခဲ့တဲ့ စစ်တပ်စစ်ကြောင်း။ ဓာတ်ပုံ - CJ)
👍27🖕11🥴6👏2👻2🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဇွန်လ ၄ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မင်းတပ်နဲ့ ကန်ပက်လက်ဆီ ဦးတည်တဲ့စစ်တပ်ထိုးစစ် အ​ခြေအ​နေမ​ကောင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂,၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့ လေကြောင်းကနေ အကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ ဖော်ပြပါတယ်။ စစ်တပ်ဟာ ချင်း-မကွေးအစပ် ဆောမြို့နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး ချင်းတောင်ပိုင်းကို ထိုးစစ်ဆင်လာလို့ ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်တပ်ထိုးစစ်ကို အောင်မြင်စွာခုခံဟန့်တာထားကြောင်း ချင်းတပ် CPU/CPA က ဇွန်လ ၄ရက်မှာ စစ်ရေးသတင်းကို ပထမဆုံးအကြိမ် ထုတ်ပြန်ပါတယ်။ စစ်မြေပြင်မှာ အခြေအနေမကောင်းတဲ့ အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်၊ Y 12 လေယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ​ ဖော်ပြထားပါတယ်။ မင်းတပ်ဒေသခံတစ်ဦးကလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်ထဲက လတ်တလောတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို အခုရက်ပိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

◾️မိုင်းတုံမှာ အဖြိုက်နက်သတ္တုသိုက်တူးဖို့ တရုတ်နဲ့ ရှရှားအပြိုင် ကြိုးပမ်းနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်က အမြင့်ဆုံးတောင်ဖြစ်တဲ့ လွယ်ချီလိတ်တောင်တန်းမှာရှိတဲ့ အဖြိုက်နက်သတ္တုသိုက်ကို တရုတ်နဲ့ ရှရှားက အပြိုင်အဆိုင် တူးဖော်ဖို့ ကြိုးပမ်းနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRFက ထုတ်ပြန်ပါတယ်။ လွယ်ချီလိတ်တောင်တန်းရဲ့တောင်ဘက်မှာ တရုတ်ကုမ္ပဏီတစ်ခုက ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)နဲ့ပူးပေါင်းပြီး အကြီးစားအဖြိုက်နက်သတ္တုတွင်းတစ်ခုကို မကြာသေးမီက စတင်တူး​ဖော်လည်ပတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လွယ်ချီလိတ်တောင်တန်းရဲ့ မြောက်ဘက်တောင်စောင်းမှာ ရုရှားကုမ္ပဏီတစ်ခုက အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး တူးဖော်ရေးလုပ်ငန်းတွေ စတင်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။ စစ်အုပ်စုနဲ့ရုရှားကုမ္ပဏီပူးပေါင်းပြီး သတ္တုတူးဖော်မယ့်နေရာဟာ ထိုင်းနယ်စပ်ကနေ ၂၀ ကီလိုမီတာလောက်အကွာမှာ ရှိတယ်လို့ ဆိုပါတယ်။ ရုရှားကုမ္ပဏီပါဝင်နေတဲ့ အဲဒီစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ကြဖို့ UWSA တောင်ပိုင်းဌာနချုပ်ရဲ့ လက်အောက်ခံ UWSA အုပ်ချုပ်ရေးမှူးတစ်ဦးက တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။ မိုင်းတုံမြို့နယ်က သတ္တုသ်ိုက်ကို တရုတ်က တူးဖော်နေတာရယ်၊ ရုရှားက တူးဖော်ဖို့ ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ကရော၊ ‘ဝ’တပ် UWSAကပါ ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး။ ရုရှားနဲ့ တရုတ်အစိုးရဟာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံထားတဲ့ နိုင်ငံတွေဖြစ်လို့ နိုင်ငံတော်အဆင့်စီမံကိန်းတွေကို လက်သိပ်ထိုးပြီးပေးနေတယ်လို့ ပြည်သူလူထုက ဝေဖန်ထောက်ပြထားပါတယ်။

◾️ပေါက်မြို့နယ်က ပျူရွာကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို သုံးရက်ကြာထိုးစစ်ခဲ့ပြီး ဒီနေ့ မေလ ၄ ရက် ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့လည်း သိရပါတယ်။

◾️ဖမ်းဆီးခံရတဲ့ သင်္ဘောလှရွာသား ၁၀၀ ကျော်ထဲက ၈၉ဦးကို AA ပြန်လွှတ်ပေး
👍16❤2👏2🔥1
စစ်မှုထမ်းဥပဒေနဲ့ဆက်စပ်တဲ့အစည်းအဝေးတခုမှာ နားလည်မှုလွဲမှားပြီး ဆူပူအုံကြွမှုလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာရက္ခတပ်တော်(AA)က ဖမ်းဆီးထားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သင်္ဘောလှရွာသားတွေထဲက ၈၉ ဦးကို ဇွန်လ ၃ ရက် မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် ရွာသား ၁၀၀ကျော်ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာ AAက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးပြီး ၁၂ ရက်အကြာမှာတော့ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၃၃ ဦးနဲ့ ကလေးငယ် ၂၈ ဦး စုစုပေါင်း ၈၉ ဦးကို AAက ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ လူငယ်ပိုင်းတချို့ကို ပြန်မလွှတ်သေးဘဲ ၃၀ လောက် ကျန်နေသေးတယ်လို့ ဖြစ်စဥ်ကို သိတဲ့ မောင်တောဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ အဲဒီကျန်ရှိတဲ့သူတွေကို ပြန်လွှတ်ရင်လည်း ပြန်လွှတ်လောက်ပေမယ့် စစ်မှုထမ်းဖို့ ခေါ်ထားတာဆိုရင် ပြန်မလွှတ်ဖို့ များတယ်လို့ အဲဒီလူငယ်က ဆက်ပြောပါတယ်။ အကုန်လုံးကို ပြန်လွှတ်ပေးစေလိုကြောင်းလည်း သူက တောင်းဆိုပါတယ်။

◾️မကွေးတိုင်းစစ်ဌာနက ၁လအတွင်း တိုက်ပွဲအကြိမ် ၄၀ကျော် ဖော်ဆောင်

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မကွေးတိုင်းစစ်ဌာနက မေလနဲ့ ဇွန်လပထမအပတ် စစ်ဆင်ရေးတွေဖော်ဆောင်မှုအတွင်း တိုက်ပွဲ အကြိမ် ၄၀ ကျော်ဖြစ်ခဲ့ပြီး စစ်တပ်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ရုံးချုပ်က ဒီနေ့ ဇွန်လ ၄ရက်မှာ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် သုံ့ပန်းအဖြစ် ၁၈ ဦး ဖမ်းမိခဲ့ကြောင်းလည်း PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။ မကွေးတိုင်းစစ်ဌာနအတွင်းရှိ စစ်ဆင်ရေးအခြေအနေတွေကို ထုတ်ပြန်အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။ မေလ ဒုတိယအပတ်ကစလို့ ဇွန်လ ပထမပတ်အတွင်း မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ စစ်ဆင်ရေးနယ်မြေ အသီးသီးမှာ စစ်တပ်နဲ့ တိုက်ပွဲကြီးငယ်ပေါင်း (၄၃) ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ တပ်သား (၃၁) ဦး သေဆုံးကာ (၅၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗိုလ်မှူး (၁) ဦး နဲ့ ဗိုလ်ကြီး (၁)ဦး အပါအဝင် သုံ့ပန်း (၁၈) ဦး ဖမ်းမိထားတယ်လို့ အသိပေးထားပါတယ်။ မကွေးတိုင်းက စစ်ဆင်ရေးနယ်မြေအတွင်း လမ်းပိုင်းလုံခြုံရေးဆောင်ရွက်ချိန် ဗိုလ်မှူး၊ ဗိုလ်ကြီး နဲ့ တပ်ကြပ်ကြီး ၁ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၃) ငါးပြေမတပ်ရင်းကလည်း ထုတ်ပြန်ပါတယ်။

◾️စစ်တပ်ဂိတ်တွေက တရုတ်ကုန်ပစ္စည်းတွေ ဖမ်းပေမယ့် လာဘ်ငွေယူ သယ်ဆောင်ခွင့်ပြု

စစ်ခေါင်းဆောင်ရဲ့ ရက်၁၀၀ စီမံချက်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းဖမ်းဆီးမှုကို စစ်တပ်က အရှိန်မြှင့်လုပ်ဆောင်ပေမယ့် စစ်ဆေးရေးဂိတ်တွေကို လာဘ်ထိုးထားတဲ့ ကားသမားတွေနဲ့ စစ်ကားတွေကတော့ သယ်ယူခွင့်ရတယ်လို့ ကုန်ကားသမားတွေက ပြောပါတယ်။ တရုတ်အကူအညီနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ရေးအသာစီးပြန်ရထားတဲ့ စစ်တပ်ဟာ တရုတ်နိုင်ငံထုတ် လူသုံးကုန်နဲ့ အိမ်သုံးပစ္စည်း တင်သွင်းလာမှုတွေအပေါ်မှာတော့ တင်းကြပ်ထားတာလို့ သိရပါတယ်။ ‌သီပေါမြို့အထွက် ဂိတ်၊ ဝက်ဝံဂိတ်နဲ့ ဘန့်ဘွေးဂိတ်တွေမှာ တင်းတင်းကြပ်ကြပ် ပစ္စည်းတွေကို ဖွင့်၊ဖောက် ရှာဖွေတာမျိုး ပြုလုပ်တယ်လို့ ကုန်ကားသမားတွေက ဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်ဂိတ်တွေကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ နေရာတိုင်းကို ဆက်တိုက် ပေးနိုင်တဲ့ ကားသမားတွေကိုတော့ အနည်းငယ် ကင်းလွတ်ခွင့်ပေးပြီး တရုတ်ကုန်ပစ္စည်းသယ်ယူခွင့် ပေးထားတယ်လို့ ကားသမားတွေက ပြောပါတယ်။ အဲဒီလမ်းပိုင်းမှာ သီပေါမြို့ကနေ ပြင်ဦးလွင်မြို့အထိ ကြားဖြတ်ကောက်ခံတဲ့ ဂိတ်သေး၊ ရဲဂိတ်၊ ပြည်သူ့စစ်ဂိတ်တွေအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက ဆင်းလာတဲ့ ကားတွေကို ငွေကောက်ခံတဲ့ စစ်တပ်ရဲ့ဂိတ် ၈ ဂိတ်ထပ်မနည်းရှိတယ်လို့ သိရပါတယ်။

◾️မင်းတပ်မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်တပ် ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားတဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ဇွန်လ ၃ရက် ညပိုင်းမှာ မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၃ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ၈ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။ မြို့ပေါ် ဆိုတာထက် တိုက်ပွဲဖြစ်တဲ့နေရာတွေဖြစ်တယ်လို့ ဒေသခံက မင်းတပ်မြို့နယ်အတွင်း စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အခြေအနေကို ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၂ရက် ညသန်းခေါင်ကျော်ကလည်း မင်းတပ်မြို့နယ်က တနေရာကို လေကြောင်း တိုက်ခိုက်ခဲ့သလို ဇွန်လ ၂ရက် ည ၉နာရီလောက်မှာလည်း မင်းတပ်မြို့နယ် တနေရာကို လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ ၂ရက်မနက်အစောမှာလည်း မင်းတပ်မြို့နယ် တနေရာကို လေကြောင်းက ၄ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ရဖို့ ထိုးစစ်ဆင်နေလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

◾️SCEF ကိုယ်စားလှယ်အဖွဲ့ ကနေဒါခရီးစဉ်သွားရောက်
👍18🔥2
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကိုယ်စားလှယ်အဖွဲ့ဟာ ကနေဒါနိုင်ငံကို ရောက်ရှိနေပြီး ကနေဒါအစိုးရနဲ့ လွှတ်တော်တာဝန်ရှိသူတွေကို သီးခြားစီ တွေ့ဆုံခဲ့သလို တိုရန်တိုတက္ကသိုလ်မှာ မြန်မာ့အရေး သုတေသန ပြုလုပ်နေကြတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း SCEFက ဇွန်လ ၃ရက် နဲ့ ၄ရက်တွေမှာ ထုတ်ပြန်ထားပါတယ်။ ကနေဒါနိုင်ငံကို သွားရောက်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့မှာ SCEF အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ SCEF နိုင်ခြားရေးရာအဖွဲ့ဝင်များဖြစ်ကြတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက နဲနယ်ပလို၊ ကရင်အမျိုးသားအစည်းအရုံးKNUက စောနီးမရော့ဒ်တို့ပါဝင်ခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် NUG သမ္မတအကြံပေးဦးကျော်ဇော်လည်း ပါဝင်တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

◾️အိန္ဒိယက မင်းအောင်လှိုင်ကို ကော်ဇောနီအစား လက်ထိတ်နဲ့ ကြိုသင့်

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အသိအမှတ်ပြု ကြိုဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကနေ သမ္မတ ရာထူးကို ရယူခဲ့ပြီး ပထမဆုံး ပြည်ပ ခရီးစဉ်အနေနဲ့ မေလ ၃၀ ကနေ ဇွန်လ၃ ရက်အထိ အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။ အိန္ဒိယအစိုးရဟာ မင်းအောင်လှိုင်ကို အသိအမှတ်ပြု လက်ခံကြိုဆိုခဲ့သလို ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီကလည်း လူချင်းတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ ဒေလီမြို့တော်မှာ မိုဒီအပြင် အိန္ဒိယသမ္မတ ဒရူပါဒီ မာရ်မူ အပါအဝင် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို မွမ်ဘိုင်းမှာလည်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူတွေကတော့ မင်းအောင်လှိုင်ကို အိန္ဒိယအစိုးရက ထိတွေ့ဆက်ဆံမှုဟာ သူ့ရဲ့ အာဏာသိမ်း အစုအဖွဲ့ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ မှားယွင်းတဲ့ သတင်းစကားမျိုး ဖြစ်သွားနိုင်ကြောင်း ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။ တကယ်တမ်းမှာ မင်းအောင်လှိုင်ကို အခမ်းအနားနဲ့ ကြိုဆိုမယ့်အစား သူဦးဆောင်တဲ့ စစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် လက်ထိတ်နဲ့ စောင့်နေသင့်တာလို့ ဝေဖန်သူတွေက ပြောပါတယ်။

◾️မြိုင်နယ်မှာ တောင်သူတွေရဲ့ မျိုးမြေပဲတွေကို စစ်တပ်စစ်ကြောင်း မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။ မြိုင်မြို့နယ်မှာ အခုအချိန်က မြေပဲစိုက်ပျိုးချိန်ဖြစ်ပြီး ဒေသခံတွေမှာ မျိုးမြေပဲတွေ များစွာရှိနေကြောင်း၊ စစ်တပ်ဟာ ကျေးရွာတွေဝင်ပြီး မျိုးမြေပဲဆံတွေ ယူဆောင်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ မျိုးစေ့မျိုးဆံဆုံးရှုံးနေရကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိိုသန့်ဇင်က ပြောပါတယ်။ ပခုက္ကူကလည်း လမ်းတွေပိတ်ထားတာကြောင့် မျိုးစေ့ပြန်ဝယ်ဖို့ အခက်အခဲရှိနေပြီး နောက်နှစ် မြေပဲစိုက်ပျိုးမှုဟာ စိုးရိမ်စရာဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ ဇွန်လ ၄ ရက် မနက်ပိုင်းမှာလည်း မြိုင် စက်မှု(၂)က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာက နေအိမ် ၄ လုံးထက်မနည်း မီးရှို့ပြီး ၆၀မမနဲ့ အနီးဝန်းကျင်ရွာတွေကို ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

◾️နတ်မောက်မှာ PDF အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်သူကို ပကဖ ဖမ်းဆီး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ နတ်မောက်မြို့နယ်မှာ PDF ရဲဘော်အဖြစ် အယောင်ဆောင်ကာ ဇနီးမောင်နှံအား ဓားနဲ့ တိုက်ခိုက်ပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ သိန်းသန်းစိုးဆိုသူကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နတ်မောက် ပကဖ) က ဖမ်းဆီးထားကြောင်း အဲဒီအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇွန်လ ၁ ရက်က နတ်မောက်မြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာမှ သိန်းသန်းစိုး ဆိုသူဟာ ဂွေးပင်ကျေးရွာရှိ နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်ဇနီးမောင်နှံဦးကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင်း၊ သူဟာ အမျိုးသားဖြစ်သူရဲ့ လည်ပင်းကို ဓားဖြင့်လှီးဖြတ်ခဲ့ပြီး အမျိုးသမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရပါတယ်။ လည်ပင်းလှီးဖြတ်ခံရတဲ့ အမျိုးသားဟာအသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

◾️မင်း​အောင်လှိုင်သားရဲ့စီမံကိန်းအနီးရှိ အနီးစခန်းလေဆိပ်ကို နိုင်ငံတကာအဆင့်မီ​လေဆိပ်အဖြစ် တိုးချဲ့ဆောက်လုပ်နေ
🔥14❤6👍3👏1
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ သားဖြစ်သူရဲ့စီမံကိန်းလုပ်ကွက်အနီးက ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ကို နိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ် တိုးချဲ့ဆောက်လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြင်ဦးလွင်မြို့က အနီးစခန်းလေဆိပ်ကို မန္တလေးမြို့က တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်လို ဖြစ်​အောင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် အမိန့်နဲ့ ဆောက်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နဲ့ မေလက စစ်ခေါင်းဆောင်လာပြီးနောက် ပြေးလမ်းအသစ်​တွေ တိုးချဲ့ဆောက်​တာ၊ မြေနေရာချဲ့ထွင်တာတွေပါလုပ်နေပြီး ဧရိယာအလွန်ကြီးမားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အနီးစခန်းလေဆိပ်ဟာ အရင်က စစ်ဘက်သုံး လေဆိပ်သာဖြစ်ပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာ အဓိက အသုံးပြုခဲ့တာပါ။ အဲဒီလေဆိပ်အနီးမှာပဲ ပြီးခဲ့တဲ့ဖေဖော်ဝါရီအတွင်းမှာ ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းဖွင့်ပွဲလုပ်ခဲ့ပြီး မင်း​​အောင်လှိုင်ကိုယ်တိုင် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲပြီးနောက် မြေဧက ၁,၀၀၀ သိမ်းယူကာ မြို့သစ်စီမံကိန်း စတင်နေတာလို့ စုံစမ်းသိရပါတယ်။ စီမံကိန်းကို မင်းအောင်လှိုင်ရဲ့သားဖြစ်သူ အောင်ပြည့်စုံရဲ့ကုမ္ပဏီက အဓိကလုပ်နေတာလို့ စစ်​တပ်နဲ့ နီးစပ်သူ​တွေက​ ပြောပါတယ်။ အဲဒီစီမံကိန်းအတွက် မြေမလွတ်လို့ဆိုပြီး ပြည်သူတွေရဲ့ အိမ်တွေကို ဇွန်လ ၈ရက် နောက်ဆုံးထားပြီး စစ်အုပ်စုက ဖျက်ခိုင်းထားပါတယ်။

◾️တာမွေမှာ အသက် ၄၇အရွယ် ဆိုက္ကားသမားတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရ

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ အသက် ၄၇အရွယ်ရှိ ဆိုက္ကားသမားတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရကြောင်း သတင်းရရှိပါတယ်။ တာမွေမြို့နယ်မှာ ဆိုက္ကားနင်းနေတဲ့ အသက် (၄၇)နှစ်အရွယ် ဦးမြင့်ဆိုင်ဆိုသူဟာ ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် ၂ လခန့်အကြာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်မှာ မိသားစုဆီ ပြန်လည်ဆက်သွယ်လာခဲ့ပြီး လက်ရှိမှာ ရမည်းသင်း၊ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း၊ ခွဲ (၁)မှာ ရောက်ရှိနေကြောင်း သိလိုက်ရတယ်လို့ ဦးမြင့်ဆိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီက Tiktok လူမှုကွန်ရက်ကနေတဆင့် အာဏာသိမ်း​ခေါင်းမင်း​အောင်လှိုင် နဲ့ တပ်ချုပ်ရဲဝင်းဦးတို့ကို ဦးတည်ပြီး အသနားခံခဲ့တာဖြစ်ပါတယ်။ အသေးစိတ်ကို တာဝန်ရှိသူတွေက စိစစ်ကာ ဦးမြင့်ဆိုင်ရဲ့ သားသမီး ၃ဦး ဟာလည်း ကျောင်းပညာရေးနဲ့ အားကိုးရာမဲ့ အမျိုးသမီးရဲ့ ကျန်းမာရေးတို့အား ထောက်ထားသောအားဖြင့် နှုတ်ထွက်ခွင့်ပြုဖို့ အသနားခံတင်ပြထားတာကို တွေ့ရပါတယ်။
🔥17❤6
👍20🔥2😁1
🔥15👍2😁2
■​ဆောင်းပါး

နတ်ရေကန်ထဲက အစားကြူးစစ်ဘီလူး

ကဖေး/People's Spring

"ဇတ်တူသားချင်းအစားခံရတာ"လို့စစ်သုံ့ပန်းတဦးရဲ့ ပြောစကားကို ကြားချိန်မှာ မယုံကြည်နိုင်လောက်အောင် အထိတ်တလန့်ဖြစ်သွားရတယ်လို့ နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်(AA)နဲ့အတူတိုက်ခိုက်နေတဲ့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ အာဏာသိမ်းစစ်တပ်ကတပ်ဖွဲ့ဝင်အချင်းချင်းသတ်ဖြတ်တဲ့ဖြစ်ရပ်တွေ ကြားဖူးပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ အစုလိုက်
အပြုံလိုက်ဗုံးကြဲသတ်ဖြတ်ပစ်ကြတဲ့ ဖြစ်စဉ်ကို စစ်သုံ့ပန်းတဦးက ရင်ဖွင့်လာတာဖြစ်ပါတယ်။

"လူ ၃၀၀ လောက်ရှိတဲ့ရှေ့တန်းနေရာကိုစစ်တပ်က ဒရုန်းနဲ့ ပြန်ကြဲတာ။ စစ်တပ်ကချတဲ့ ဒရုန်းကြောင့် စစ်သားတွေပဲ သေကြတာ။ ဒါကြီး ပြောလာချိန် ကျတော်ကိုယ်တိုင်တောင် နားမလည်ဘူး"

နတ်ရေကန်ဗျူဟာကိုသိမ်းယူတဲ့တိုက်ပွဲမှာ ဖမ်းမိထားတဲ့စစ်သုံ့ပန်းတွေနဲ့ အခုရက်ပိုင်း အေးအေး
လူလူစကားဖောင်ဖွဲ့ခဲ့တဲ့ တော်လှန်ရေးရဲဘော်က People's Spring ကိုပြောပြတာပါ။ ဒီဖြစ်ရပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် စက်တင်ဘာလကဖြစ်ပွားခဲ့တာဆိုပေမယ့် စစ်မြေပြင်ကအနိဋ္ဌာရုံတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ သုံ့ပန်းတွေဟာ စိတ်ဒဏ်ရာရရှိနေတဲ့ ကြားကနေ စစ်‌မြေပြင်ကတရား
မဲ့မှုတွေကို ရင်ဖွင့်​​ပြောပြဖို့ စိတ်အားထက်သန်လာကြတယ်လို့ ​တော်လှန်​ရေးရဲ​ဘော်ကဆိုပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်ကနတ်ရေကန်ဗျူဟာကုန်းစစ်မြေပြင်ဟာ AAနဲ့ ပူးပေါင်းတပ်တွေ လပေါင်းများစွာကြာအောင်ထိုးစစ်ဆင်နေတဲ့ စစ်တပ်ရဲ့အမာခံစခန်းကြီးဖြစ်သလို ၊အဲဒီ​နေရာဟာ စစ်
မြေပြင်ရောက်စစ်သားတွေရဲ့ ဧရာမငရဲခန်းလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နဲ့ မကွေးတိုင်း ပဒါန်းမြို့ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်း လမ်းမပေါ်က ရခိုင်ရိုးမကို ကျော်ဖြတ်ရာမှာ အချက်အချာကျတဲ့ အဲဒီစခန်းကို AAနဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ဖေဖော်ဝါရီလမှာစတင်ထိုးစစ်ဆင်ခဲ့ပါတယ်။

တိုက်ပွဲသတင်းတွေကို AAနဲ့ မဟာမိတ်တွေက ရုပ်သံသက်သေတွေနဲ့အတူ ထုတ်ပြန်ချက်တွေဟာ စစ်တပ်ကို သွေးလန့်စေခဲ့ပါတယ်။ တိုက်ပွဲအစကာလမှာတင်အထိနာလို့ တပ်မ(၉၉)တပ်မမှူး ဗိုလ်မှူးကြီးတင်မောင်ကျော်ကို စစ်တပ်က အချင်း
ချင်းပြန်ဖမ်းခဲ့ပါတယ်။တပ်မ(၉၉) လက်အောက်
ခံ အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့ကယာယီနည်းဗျူဟာမှူး၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးနဲ့ သုံ့ပန်းအများအပြားကို AAက ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင်နတ်ရေကန်စစ်မြေပြင်ကို ထပ်အပို့ခံရတဲ့ ရှမ်းတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာ
နချုပ်(စကခ) ၁၇နဲ့ တပ်မ(၈၈) လက်အောက်ခံတပ်ရင်း‌တွေလည်း AAနဲ့ ပူးပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်လို့ ကစဉ့်ကလျားဖြစ်ခဲ့ကြပါတယ်။ နတ်ရေကန် စစ်မြေပြင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သွေးလန့်ကြရသလို သူတို့နဲ့အတူပါလာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေလည်း စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါ ပြိုကျခဲ့ကြတာပါ။

ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်ကဆိုရင် စစ်တပ်အတွင်းစည်းက ဗရမ်းပတာအမိန့်တွေ၊ လက်
အောက်ငယ်သားအဆင့်ဆင့်ကို သတ်ကွင်းထဲ မညှာမတာပို့တာတွေ၊စစ်ကူမပေးဘဲကိုယ်လွတ်
ရုန်း‌ထွက်ပြေးကြတာတွေကို နိုင်ငံသိထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်လိုပဲ စစ်တပ်ထဲမှာ သူတို့ မတရားခံရတာတွေကို ပြောပြချင်တဲ့ စစ်သုံ့ပန်းတွေ အများကြီး တွေ့လာရတယ်လို့ တော်လှန်ရေးရဲဘော်က ဆိုပါတယ်။

နတ်ရေကန်ငရဲခန်းမီးက ထင်ထားတာထက် ပိုပြီး စစ်တပ်ကို လှိုက်လောင်ကျွမ်းနေပါတယ်။ ဒီအ
ခြေအနေတွေကို ရေငုံနုတ်ပိတ်နေခဲ့တဲ့ စစ်သုံ့ပန်းတွေက တော်လှန်ရေးရဲဘော်တွေကိုယုံကြည်လာကြတဲ့အခါ ထုတ်ဖော်ပြောကြားလာကြတာပါ။

၂၀၂၅ခုနှစ် စက်တင်ဘာလက တိုက်ပွဲတွေမှာ စစ်
တပ်က ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်သင်တန်းဆင်းတွေကို အစုလိုက် အပြုံလိုက်လိုက်သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီအချိန်ကတိုက်ပွဲတွေမှာ နတ်‌ရေကန်ဗျူဟာရဲ့ရှေ့တန်းကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းတပ်တွေက တစ်ခုပြီးတစ်ခုသိမ်း
ပိုက်ခဲ့ပါတယ်။ ဗျူဟာကိုဝိုင်းပိတ်ပြီးတိုက်ခိုက်နေစဉ်မှာ စစ်တပ်အင်းအားရာချီပါတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ နောက်ကနေ ပြန်ဝိုင်းပါတယ်။ AAနဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အခါ အဲဒီစစ်ကြောင်းတွေလည်း ရှေ့မတိုးရဲတော့တဲ့အခြေအနေဖြစ်လာပါတယ်။ ဒီအချိန်မှာပဲ ဇာတ်
တူသားကို ပြန်စားမယ့် စစ်ဘီလူးတွေ နတ်ရေကန်ဗျူဟာမှာ ပွဲတော်တည်တာဖြစ်ပါတယ်။

"မတက်ရင် ပစ်သတ်မယ်ဆိုပြီး ‌နောက်ကနေ ပစ်တာ။ နောက်ပြီး ပစတွေရော စစ်သားတွေပါ အစုလိုက်ရှိနေကြတဲ့နေရာကိုဒရုန်းနဲ့ ဗုံးကြဲတာ။ အ
သေတော်တော်များပြီး ကျနော်တို့ဖမ်းမိတာတွေလည်းများတယ်"လို့ စစ်မြေပြင်ကတော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

" နောက်ကျည်နဲ့ပဲ သေတာ မနည်းဘူး။ဒရုန်းကိုပဲပြန်ရှောင်နေကြရတာလို့ပြောတယ်။ခြေထောက်ပြတ်ပြီးဒဏ်ရာရတဲ့သူတွေ(စစ်သား​တွေ)ဆိုရင်သယ်လို့မရတော့မယ့်အတူတူဆိုပြီး သတ်ပစ်တာ" လို့ ​တော်လှန်​ရေးရဲ​ဘော်က ​ပြောပါတယ်။

AAထုတ်ပြန်ခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံနဲ့ဝန်ခံ
ချက်​တွေမှာ နတ်ရေကန်တိုက်ပွဲအတွင်း အသား
စားကြူးတဲ့ စစ်ဘီလူးရဲ့ အင်္ဂါရုပ်ကို စစ်သုံ့ပန်းတွေက ဖွင့်ချထားပါတယ်။
❤28👍14😁3🖕1
ပြည်သူ့စစ်သင်တန်းဆင်းတွေကို ရှေ့တန်းပစ်မှတ်မှာ ထားပြီး နောက်ကနေသေနတ်နဲ့ပြန်ပစ်တာတွေ၊ ထွက်ပြေးတဲ့သူတွေကို သတ်ဖြတ်တာတွေ မျက်မြင်ကြုံတွေ့ခဲ့ရတယ်လို့ ၂၀၂၅ ခုနှစ် ဇူလိုင်
လမှာ AAထံ အလင်းဝင်ခဲ့သူတစ်ဦးကပြောပါတယ်။

"ရန်သူနဲ့ မျက်နှာချင်းဆုံရင် ပစ်ရင်၊ ရန်သူ့ဖက်က ပစ်အားများလို့ ကျတော်တို့ ဆုတ်လာရင် အရာရှိများက၊ အရာခံတွေက မင်းတို့ဘာလို့ဆုတ်လာတာလဲဆိုပြီး ပစ်တာများတယ်။ ကျတော့်ရှေ့မှာတင် သူငယ်ချင်းတစ်ယောက်က နောက်က အရာရှိပစ်လို့ နောက်စေ့ပွင့်သွားတယ်"လို့အဲဒီစစ်သုံ့ပန်းကထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရှေ့တန်းကနေ ထွက်ပြေးသူတွေကို ပြန်ဖမ်းမိရင်လည်း ရှေ့တန်းစစ်ပြေပြင်တိုက်ပွဲကြားမှာ ကြိုးတုပ်ထားတာတွေ၊ စစ်မတိုက်ချင်လို့ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် ပြန်ပစ်သူတွေကိုလည်း ဆေးမကုဘဲ ‌ချုပ်နှောင်ထားတာတွေလုပ်တယ်လို့ ၎င်းက AAထံထွက်ဆိုခဲ့ပါတယ်။ နတ်ရေကန်ရှေ့တန်း စစ်မြေပြင်မှာနှိပ်စက်ခံရတဲ့ ပြည်သူ့စစ်သင်တန်းဆင်းတစ်ဦးက​တော့ စစ်တပ်အရာရှိကို ဝါးရင်းတုတ်နဲ့ ရိုက်သတ်ခဲ့ပါတယ်။အဲဒီ​နောက် အဲဒီပြည်သူ့စစ်သင်တန်းဆင်းစစ်သားကိုလည်းစစ်သား​တွေက ပြန်ရိုက်သတ်ခဲ့တယ်လို့ ဆိုပါတယ်။စစ်မြေပြင်မှာ မူးယစ်ဆေးကျွေးပြီးစစ်
တိုက်ခိုင်းတာတွေ၊ စစ်ကြောင်းရှေ့ဆုံးကနေ တိုက်ခိုင်းပြီး မိုင်းကွင်းကိုဖြတ်ခိုင်းတာတွေ၊ ကြောက်လန့်ပြီး ပြန်ဆုတ်လာသူတွေကို ​နောက်ကစစ်သားတွေက သေနတ်နဲ့ ပစ်သတ်တာတွေရှိခဲ့တယ်လို့ AAထံ အလင်းဝင်ခဲ့တဲ့ စစ်မှုထမ်းသင်
တန်းဆင်းတွေက ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

အဲဒီလိုဖြစ်စဉ်တွေအပြင် ထွက်ပြေးတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေကို ပြန်ဖမ်းမိရင် နဖူးမှာ တပ်
ရင်းနံပတ်၊ပါးမှာ စစ်ပြေးလို့ တက်တူးထိုးတဲ့ဖြစ်
စဉ်တွေလည်း ရှိပါတယ်။AAက ပြီးခဲ့တဲ့ဧပြီလအတွင်း သတင်းထုတ်ပြန်ရာမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ကပစ(၁၆)အနီး တိုက်ပွဲတွေကနေထွက်ပြေးတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်တပ်ကအထက်ပါအတိုင်းပြုလုပ်ခဲ့ဖူးတယ်လို့ ဖော်ပြထားပါတယ်။အဲဒီလိုဖြစ်ရပ်တွေနတ်‌ရေ
ကန်ဗျူဟာတိုက်ပွဲမှာလည်းရှိခဲ့တယ်လို့ တော်
လှန်ရေးတပ်တွေကပြောပါတယ်။

နတ်ရေကန်ဗျူဟာဝန်းကျင်တိုက်ပွဲတွေမှာ ၁နှစ်ကျော်ကာလအတွင်း စစ်တပ်ဘက်ကသေဆုံးသူ အနည်းဆုံး ၅၀၀ ကနေ ၇၀၀ခန့် ရှိတယ်လို့ တိုက်ပွဲဝင်​နေတဲ့​တော်လှန်​ရေးရဲ​ဘော်အချို့ကခန့်မှန်းပါတယ်။ စစ်တပ်က​သေဆုံးခဲ့သူ​တွေထဲမှာ၂၀၀
ထက်မနည်းဟာ စစ်တပ်က အချင်းချင်းရည်
ရွယ်ချက်ရှိရှိနဲ့ သတ်ဖြတ်လို့သေဆုံးတာလို့ စစ်သုံ့ပန်းတွေက တော်လှန်ရေးရဲဘော်တွေကို ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင်နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွေမှာ AAနဲ့ မဟာမိတ်တွေက စစ်သုံ့ပန်း ရာချီဖမ်းမိခဲ့ပါတယ်။ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်အပါ
အဝင် အရာရှိပိုင်းတွေကို AAက ထိန်းသိမ်းထားပြီး မဟာမိတ်တော်လှန်ရေးတပ်တွေကထိန်းသိမ်းထားသူတွေလည်းရှိနေပါတယ်။အချို့ကို မိသားစုထံပြန်လည်ပေးပို့ခဲ့ပြီး တော်လှန်ရေးတပ်တွေမှာ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့သူတွေကိုတော့ သူတို့ဆန္ဒအတိုင်းစီမံပေးထားတယ်လို့သိရပါတယ်။

နတ်ရေကန်ဗျူဟာရဲ့ ၂၀၂၆ ဇွန်လဆန်းစစ်ရေးအခြေအနေကတော့ ကာကင်းစခန်းအားလုံးကို AAနဲ့ ပူးပေါင်းတပ်တွေကသိမ်းယူထားနိုင်ပါပြီ။ ဗျူဟာကို သိမ်းယူဖို့ စစ်ရေးအရှိန်မြှင့်နေချိန်မှာ စစ်တပ်ကနတ်ရေကန်ဗျူဟာကနေ၂မိုင်ခန့်အကွာမှာရှိတဲ့ အရှေ့မြောက်ဘက်က ပဇီရွာနဲ့အရှေ့‌တောင်ဘက်က ဂုတ်ကြီးရွာကို စစ်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်းပြန်ထိုးဖို့ ကြိုးစားနေပါတယ်။ စစ်မှုထမ်းသင်တန်းဆင်းတွေအင်အားထောင်ချီအသုံးပြုထားတဲ့အဲဒီစစ်ကြောင်းတွေဟာ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်ခြင်းကို အရင်အ​ခေါက်​တွေလိုပဲခံနေရပါတယ်။နတ်ရေကန်ဗျူဟာအနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ရဲ့စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ CDF-Asho၊ NSA လူ့ဘောင်သစ်တပ်မတော်၊ PDF တပ်ရင်းတွေနဲ့ မဟာမိတ်တွေက ပူးပေါင်းတိုက်ခိုက်နေကြပါတယ်။ဗျူဟာကို ဦးတည်ပြီးစီးနင်းတိုက်ခိုက်နေကြသလို ဒေသတွင်းလမ်းပိုင်းတွေကနေ အင်အားဖြည့်လာတဲ့စစ်တပ်စစ်ကြောင်းတွေကိုလည်း ပိတ်ဆို့တိုက်
ခိုက်နေကြပါတယ်။

စစ်တပ်ကတော့ နတ်ရေကန်ဗျူဟာအပါအဝင် လက်လွှတ်ရနီးပါးဖြစ်လာတဲ့ စစ်ရေးဧရိယာတွေဆီကို စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့အတူ အင်အား‌တွေ ထပ်ပို့ပြီး အ​သေခံတိုက်ခိုင်းနေပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာတောင် လက်
အောက်ငယ်သားအပေါ် စာနာမှုလုံးဝမရှိဘဲ လွယ်လွယ်ကူကူပြန်သတ်ဖြတ်တဲ့အထိ ဘီလူးလို အစားကြူးတဲ့ စစ်တပ်အရာရှိတွေဟာ ရွံစရာသတ္တဝါတွေဖြစ်တယ်လို့ ရခိုင်ရိုးမထဲမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ ။
👍36❤10😁3💯1🖕1