People's Spring
63.4K subscribers
65.7K photos
1.15K videos
7 files
2.85K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
■​အ​တွေးအမြင်

ခပ်ဆိမ့်ဆိမ့်တို့ရဲ့ကမ္ဘာ

နိုဝင်ဘာမိုး/People's Spring

မနေ့ညက ​ရန်ကုန်မြို့မှာ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်လို့ လမ်းတွေပိတ်၊ ယာဥ်ကြောတွေပိတ်ပြီး အလုပ်ပြန်တွေ ဒုက္ခရောက်ခဲ့တယ်လို့ တွေ့ရပါတယ်။ အာဏာသိမ်းစစ်တပ် ဒုက္ခပေးလို့ တိုင်းရင်းသားဒေသတွေ၊ အညာနဲ့ မြေလတ်ဒေသတွေမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၃ သန်းကျော် ရှိနေချိန် ရန်ကုန်မြို့တော်မှာလည်း အားကျမခံ မာရသွန်ပြေးပွဲ လိုက်လုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ဆောင်းတွင်းတုန်းကလည်း အညာမြေ ပုဂံမြို့ဟောင်းမှာ အခုလိုပဲ မာရသွန်ပြိုင်ပွဲတစ်ခုလုပ်ခဲ့ဖူးပြီး လာပြေးခဲ့ကြပါသေးတယ်။ ညောင်ဦးနယ်ထဲက၊ မြစ်တစ်ဘက်ကမ်း ပခုက္ကူနယ်က၊ ခပ်လှမ်းလှမ်း မြင်းခြံနယ်က စတဲ့စတဲ့ ပတ်ပတ်လည် စစ်ရှောင်တွေကိုမှ အားမနာ မာရသွန်လာပြေးခဲ့ကြတာပါ။ အခုလည်း ရန်ကုန်မှာ Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲတဲ့။ ပြေးလိုက်ကြတာ တဝုန်းဝုန်း။

ပွဲစီစဥ်သူတွေက စစ်တပ်နဲ့နီးစပ်တဲ့ Atom ဆက်သွယ်ရေးကုမ္ပဏီက စီစဥ်တာပါတဲ့။ ပွဲမှာ Forever Groupရဲ့ သရုပ်ဆောင်တွေ၊ Presenter တွေလည်း တော်တော်များများ တွေ့ရတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်က ည ၈ နာရီလောက် အပြင်ထွက်လို့ တစ်ညပျောက်သွားခဲ့ဖူးတဲ့ MRTV4 သရုပ်ဆောင်သစ်လည်း ဝင်ပြေးခဲ့တာ တွေ့ရတယ်။ စစ်အုပ်စုဟာ ပြည်သူတွေ ပျော်ရွှင်နေပါတယ်ဆိုတာကို ပြသဖို့ ပွဲလမ်းသဘင်တွေ ကျင်းပစေခဲ့တာ ကြာပြီမို့ ထူးပြီး မပြောလိုတော့ပါဘူး။ ပြောလိုတာက မြို့ပေါ်နေ ရေပေါ်ဆီတချို့ကိုပါ။

အာဏာသိမ်းပြီး ၂ နှစ်လောက်အကြာ ရန်ကုန်မြေကို ခေတ္တခဏ ရောက်ခဲ့ဖူးတယ်။ ပြည်လမ်းပေါ်သွားရင်း ဘာတွေ့ရသလဲဆိုတော့ အသက် ၂၅ နဲ့ ၃၀ ကြား ငွေကြေးအတန်အသင့်ရှိပုံရတဲ့ လူငယ်တစ်ယောက်က လမ်းဘေးမှာ ကင်းစောင့်နေတဲ့ ရဲတစ်ယောက်ကို Shark အားဖြည့်အချိုရည်ဘူးတွေ၊ ရေသန့်ဘူးတွေ ဝယ်လာပြီး ပေးဝေနေတာပါ။ သာမန်ကာလ အဲဒီလိုမြင်ကွင်းမျိုး မြင်ရရင် တကယ်ကြည်နူးစရာကောင်းတာပါ။ ဒါပေမယ့်
စစ်တပ်အာဏာသိမ်းထားတဲ့ကာလကြီးထဲ ဒီလိုမြင်ကွင်းမျိုး မြင်ရတာ နည်းနည်းတော့ အံ့သြမိတယ်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးတော့ အေး
ချမ်းစွာ ဆန္ဒပြခဲ့တဲ့ပြည်သူတွေ၊ ကျောင်းသားကျောင်းသူတွေ၊ ပြည်သူ့ဝန်ထမ်းတွေကို ရက်
ရက်စက်စက်အကြမ်းဖက်ဖြိုခွင်း၊ ကျည်အစစ်နဲ့ပစ်ခဲ့ကြတာ ဒီလိုရဲတွေလည်း ပါပါတယ်။ နယ်တွေမှာ ရဲတွေကို စစ်သားတွေလိုပဲ ကျွန်တော်တို့က ရွံရှာမုန်းတီးပါတယ်။ အအေးဘူးပေးဖို့မပြောနဲ့ တစ်ဆိုင်တည်း ထိုင်မိရင်တောင် ဝေးရာကိုရွှေ့ထိုင်ပါတယ်။ မတော် လာပစ်လို့ ကိုယ့်ပါလာမှန်မှာ စိုးတာလည်း ပါတာပေါ့။

နောက် ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ တစ်ခုထပ်တွေ့ပါတယ်။ ဒါကတော့ Generation Z လို့ခေါ်မယ့် အသက် ၁၇၊ ၁၈ လေးတွေရဲ့လုပ်ရပ်ပါ။ ရန်ကုန်မြို့တနေရာမှာ ကင်းချထားတဲ့ ရဲတွေကို မောင်
မင်းကြီးသားလေးတွေက သနပ်ခါးလိုက်လိမ်းပေးကြတဲ့မြင်ကွင်းပါ။ အပေါ်မှာပြောခဲ့သလို အာဏာသာမသိမ်းခဲ့ရင်တော့ ဒီလိုမြင်ကွင်းမျိုး သိပ်ကို မိုက်တာပေါ့။ရန်ကုန်မြို့တွင်းမှာတင် စစ်အုပ်စုက သူတို့လိုရွယ်တူလေးတွေကိုပဲ ပေါ်တာတွေဆွဲလို့ မိသားစုတွေခမျာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေကြတာမနည်းမနောပါ။ စစ်မှုထမ်းကို ငွေပေးကျော်
လွှားနေကြတဲ့သူတို့တတွေရဲ့ မျက်လုံးထဲမှာ ရဲတွေဟာ ကြောက်စရာကောင်းမနေခဲ့ဘူးပေါ့။

အခုလည်း ရန်ကုန်မြို့က ရေပေါ်ဆီလူတန်းစားတချို့ဟာ စစ်အုပ်စုအလိုကျ မာရသွန်ပြေးကြတယ်။ DJကားလည်း ပါပါသတဲ့။ သူတို့ပြေးလမ်းအတွက် လမ်းတွေပိတ်တော့ အိမ်အပြန် ဘက်စ်ကားတိုးစီးရမယ့် ပြည်သူတွေခမျာ ယာဥ်ကြောပိတ်ဆို့မှုကို နာရီပေါင်းများစွာ ကြုံရတော့တယ်။ ဒါလည်းအားနာရကောင်းမှန်းမသိဘူး။

မြို့လယ်ကောင်မှာ မီးရောင်စုံတွေနဲ့ ပျော်ပါးနေကြတဲ့ Yangon Heritage Night Run ရဲ့ မြင်ကွင်းက ကြည့်ကောင်းနေပေမဲ့၊ တစ်ဖက်မှာတော့ တစ်
နေ့တာ လုပ်အားခ အနည်းငယ်အတွက် ရုန်းကန်ခဲ့ရတဲ့ လူတွေမှာတော့ အိမ်ပြန်လမ်းငရဲခန်းကို ဖြတ်
သန်းနေရပါတယ်။ ပြေးလမ်းပေါ်က လူတွေက ချွေးထွက်အောင် ပြေးနေကြချိန်မှာ၊ လမ်းဘေးက လူတွေကတော့ ဝမ်းရေးအတွက် ပင်ပန်းလို့ ထွက်လာတဲ့ ချွေးတွေကို သုတ်ရင်း ပိတ်မိနေတဲ့ ကားတန်းကြီးကို ကြည့်ကာ သက်ပြင်းချနေကြရတာပါ။

ဒီပွဲကို စီစဥ်ခဲ့သူ​တွေကို ​လေ့လာကြည့်ရင်လည်း
အာဏာသိမ်းစစ်တပ်ရဲ့အကြံအစည်ကိုသိနိုင်ပါတယ် ။အဲဒီမာရသွန်ပြေးပွဲကို အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ကျင်းပခဲ့တာဖြစ်ပါတယ်။ Atom ဆက်သွယ်ရေးအော်ပရေတာဟာ စစ်တပ်အာဏာမသိမ်းမီက နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောပိုင်ဆိုင်တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က ကိုဂျင်မီဖြစ်စဥ်အပါ
အဝင် တယ်လီနောသုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဖိအားပေးတောင်းဆိုခဲ့မှုတွေကြောင့် တယ်လီနောကို လက်ဘနွန် M1 ကုမ္ပဏီကို ပြန်လည်ရောင်းချခဲ့ပါတယ်။ ဒါပေမဲ့ တယ်လီနောမြန်မာကို M1 နဲ့အတူ ဝယ်ယူခဲ့တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက ရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်တယ်လို့ သိရပါတယ်။​
👍2012👎3😡3🔥1
ရွှေဗျိုင်းဖြူကုမ္ပဏီဟာ အာဏာသိမ်းစစ်တပ်နဲ့ နက်ရှိုင်းစွာပတ်သတ်ပြီး စစ်တပ်ပိုင်မြန်မာ့စီးပွား
ရေးဦးပိုင်လီမိတက်(MEHL)နဲ့ မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် သတ္တုနဲ့ သစ်ထုတ်
လုပ်ရေးကဏ္ဍတွေမှာ စီးပွားရေးလုပ်ငန်းများ ထူထောင်ထားတယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာစစ်တပ်နဲ့ နီးစပ်တဲ့
ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်တို့ပိုင်ဆိုင်တာဖြစ်ပါတယ် ။ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ စစ်တပ်အတွက် စစ်တပ် လက်အောက်ခံ မြန်မာ့ စီးပွား
ရေး ဦးပိုင် လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်းပြီး စစ်တပ်အတွက် လောင်စာဆီ တင်သွင်းမှုတွေမှာ ပါဝင်နေတဲ့အတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၄ ဇန်နဝါရီလမှာအ​ရေးယူဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ဦးသိန်းဝင်းဇော်၊ ဇနီး ဒေါ်တင်မင်းလတ်၊သမီးမသိမ့်ဝင်းထက်နဲ့ သားကိုဝင်းပိုင်ကျော်တို့လေးဦးတို့ကို အ​ရေးယူဒဏ်ခတ်ခဲ့တာဖြစ်ပါတယ် ။

လှပပြီး​ခေတ်မီအဖိုးတန် အားကစားဝတ်စုံ​တွေ ဝတ်ဆင်ပြီး ပြုံး​ပျော်ရွှင်​နေကြတာက တကယ်​တော့​ကောင်းပါတယ် ။ဒါ​ပေမယ့် ဒီပုံရိပ်​တွေကို
စစ်တပ်က သူတို့အာဏာလက်မလွှတ်ရ​ရေး စစ်အုပ်စုကိုနိုင်ငံတကာက အသိအမှတ်ပြုဖို့ မြို့​တော်ရန်ကုန်မှာ ပြည်သူ​တွေ​အေးချမ်းသာယာ​​ပျော်ရွှင်​နေကြပါတယ် ဆိုပြီး ဝါဒဖြန့်ဖို့အတွက် ဒီပုံရိပ်​တွေကို အသုံးချမယ်ဆိုရင်​တော့ ​​ပြေးပွဲကို ​ပြေးပွဲဆင်နွှဲမိသူ​တွေ ​​ပျော်ရွှင်နိုင်ပါ့ဦးမလား သိချင်ပါတယ်။

စစ်တပ်က ၊စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီ​တွေက ဝါဒ
ဖြန့်ချီ​ရေး​တွေအတွက် ​ငွေ​တွေဘယ်လိုသုံးတာ ၊
အ​မေရီကန်ရဲ့ အ​ရေးယူဒဏ်ခတ်မှု​တွေ ကင်း
လွတ်ဖို့ စစ်အုပ်စုက ​လော်ဘီကုမ္ပဏီ DCI နဲ့အ​မေရီကန်​ဒေါ်လာ သုံးသန်းဖိုးစာချုပ်ချုပ်တာ ၊အ​မေရီကန် သမ္မတ ​ဒေါ်နယ်လ်ထရန့်နဲ့ရင်းနှီးတဲ့ ​ရော်ဂျာ
စတုန်းကို ​လော်ဘီလုပ်​ပေးဖို့ ငှားရမ်းတာ​တွေကို
နိုင်ငံ​ရေးစိတ်ဝင်စားရင် အလွယ်တကူသိနိုင်တဲ့အ​ကြောင်းအရာဖြစ်ပါတယ် ။

ဒါ​ကြောင့်ရန်ကုန်မြို့လယ်မှာ ညဦးပိုင်း ရုံးဆင်းချိန်ကြီးကို လမ်း​တွေပိတ်ပြီး ​ပြေးပွဲဆိုပြီး ​ပျော်ပွဲရွှင်ပွဲ ကို စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီ​တွေကလုပ်ပြီးအလှဓါတ်ပုံ​တွေ ​ဝေ​ဝေဆာဆာဖြန့်ချီ​နေတာဟာ ဘာကိုရည်ရွယ်တာလဲဆိုတာကို စာဖတ်သူအလွယ်စဥ်းစားနိုင်မယ်ထင်ပါတယ်။

ပိုပြီးရှင်းလင်း​​အောင် PR သမားတဦးဖြစ်တဲ့ M ရဲ့သုံးသပ်ချက်ကို မျှ​ဝေလိုပါတယ် ။

"PR professional တစ်ယောက်အနေနဲ့ ဒီလိုပွဲတွေကို အားကစားပွဲတစ်ခုတည်းအဖြစ် မမြင်ပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေ‌​တွေကြားမှာ ဒေသအများအပြားက အရပ်သားပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် တကယ်ပဲ အသက်လွတ်ဖို့ ပြေးလွှားနေရတဲ့အချိန်မှာ “run/ပြေးခြင်း”ဆိုတဲ့စကားလုံးကို ထပ်ကာထပ်ကာ ပျော်ရွှင်စရာ အခမ်းအနားသဘောနဲ့ သင်္ကေတပြုအသုံးပြုတာကိုက နိုင်ငံရေးအဓိပ္ပာယ်ဆောင်လာတယ်လို့မြင်ပါတယ်။ စစ်မီးတောက်နေတဲ့ ပကတိအခြေအနေ‌​တွေကို ဖုံးကွယ်ပြီးဒီလိုပွဲမျိုးတွေကို စစ်တပ်နဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေ၊ မီဒီယာတွေကနေ ပြချင်တဲ့ရှုထောင့်၊ လိုချင်တဲ့ emotion
​တွေ‌ရ‌​အောင် ရိုက်ထားတဲ့ပုံတွေနဲ့အကြီးအကျယ် ချဲ့ကားဖော်ပြနေတာဟာ လူထုကျန်းမာရေးအတွက် ရည်ရွယ်တာထက် ‘အခြေအနေတွေ ပုံမှန်ရှိ‌​တေတယ်၊ ငြိမ်းချမ်းနေတယ်၊ ထိန်းချုပ်နိုင်စွမ်းရှိ‌​နေပါတယ်’ လို့ နိုင်ငံတကာကို လှည့်စားတဲ့ ဝါဒဖြန့်မှု Perception Management သာ ဖြစ်ပါတယ်"လို့ သူက​ပြောပါတယ် ။

ဆက်လက်ပြီး​တော့ M က "PR ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါဟာ အခြေအနေတွေ ပုံမှန်ဖြစ်နေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် ဗျူဟာမြောက် ဖန်တီးတဲ့ ‘Strategic Normalcy Messaging’ လို့ပဲ ဆိုရပါမယ်။ Crisis Communications တွေမှာ ပကတိ အခြေအနေတွေက ဘယ်လောက်ပဲ ဆိုးရွားနေပါစေ အများပြည်သူမြင်ကွင်းမှာ positive ဖြစ်တဲ့၊ အဆင်ပြေအေးချမ်းနေတဲ့ပုံရိပ်တွေကို ဖော်ပြခြင်းအားဖြင့် တည်ငြိမ်မှုရှိနေတယ်ဆိုတဲ့ အမြင်မျိုးရအောင် ပုံဖော်လေ့ရှိပါတယ်။ဒါက propaganda communications မှာသိပြီးသားဖြစ်တဲ့ pattern တစ်ခုပါပဲ" လို့​ပြောပါတယ်။

ဒါ​ပေမယ့်အထက်ကပြောခဲ့တဲ့ လုပ်ရပ်တွေဟာ ရန်ကုန်လူထုတစ်ရပ်လုံးကိုတော့ ကိုယ်စားမပြုနိုင်ပါဘူး။ စစ်တပ်အာဏာသိမ်းတော့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြား ရဲရဲဝင့်ဝင့် ဆန္ဒပြခဲ့တဲ့ မြို့တွေထဲ ရန်ကုန်လူထုဟာ ရှေ့ဆုံးက ပါဝင်ခဲ့တယ်။ နယ်ပယ်စုံက ထူးချွန်သူတွေ၊ နိုင်ငံကို ဦးဆောင်ဦးရွက်ပြုကြသူတွေ ရန်ကုန်မှာ အများကြီးနေထိုင်ခဲ့ဖူးတယ်။ အခုလည်း စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြား၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးမရမှု၊ လုံခြုံရေးစိုးရိမ်ရမှုတွေကြားမှာပဲ တော်လှန်အာခံနေဆဲ ရန်ကုန်ပြည်သူတွေ များစွာ ရှိနေပါသေးတယ်။

ဒါပေမဲ့ မြို့ပေါ်နေ ရေပေါ်ဆီလူတန်းစားတချို့ရဲ့ အမှန်သိမြင်နိုင်မှုအခြေအနေကတော့ စိုးရိမ်စရာအခြေအနေပါ။ တိုင်းပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို တကယ်ပဲမသိတာလား၊ မသိချင်ယောင်ပဲဆောင်နေတာလားဆိုတာကိုတော့ သူတို့ကိုယ်
တိုင်သာ အသိဆုံးဖြစ်မှာပါ။ဒီလိုမျက်ကွယ်ပြုမှုတွေကပဲ အာဏာရှင်စနစ်ကို အသက်ဆက်ပေးနေတာလို့ စွပ်စွဲမယ်ဆိုစာဖတ်သူလက်ခံနိုင်ပါသ
လား။
👍2813🔥3
မေလ ၉ ရက်ညကလုပ်ခဲ့တဲ့ Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲမှာ ဝင်ပြေးခဲ့ကြသူတွေ ။ဓါတ်ပုံ-YHNR
👎27🤮10🖕6🤯2
■ရသစာတမ်းငယ်

‘မမ်မောအော့ဖ် ငါတို့’

◼️ ဆောင်းသွေးရင့်

"ဘဝသည် နာကျင်နေပေမဲ့
ငါတို့က ပြုံးရီခဲ့ရတယ်။"

၁။
စီးကရက်မီးခိုးငွေ့တွေ ကြားကနေ မြင်နေရသော လေယာဥ်ကို လိုက်ကြည့်မိသည်။ အတက်လေယာဥ်လား၊ အဆင်းလေယာဥ်လားတော့ ကျနော်မသိ။ ကျနော်တို့ကို ဗုံးကျဲချရန် သယ်ဆောင်လာသည့် လေယာဥ်မဟုတ်တာတော့ သေချာနေပါသည်။ ခရီးသည်လေယာဥ်တခုကို ထိုင်ကြည့်နေရတာ ဘယ်လို အရသာရှိနေမှန်းမသိ။ တိုက်ရှေ့က လှေကားထစ်ပေါ်ထိုင်နေရင်း လိုက်ကြည့်မိတယ်။ တောင်တန်းတလျှောက်၊ ကောင်းကင်အကျယ်ကြီးနဲ့ ခြားနားနေသည့် ဘဝအစိတ်အပိုင်းများ။ ဒီဒေသမှာ ငေးမော အံသြစရာတွေများပါသည်။ ဖြတ်သန်းနေသော ကားများကို ရှောင်ကွင်းရင်း လမ်းတွေလဲ လျှောက်ရပါသည်။ တိုက်ရှေ့က ကတ္တရာလမ်းကျော်ပြီး ကြည့်တော့ မြက်ပင်အရှည်များကို စနစ်တကျ စိုက်ပျိုးထားသည့် မြေကွက်ကို တွေ့ရပါသည်။ နွားစားမြက်လို့ပြောကြတာပဲ အကိုရ ဆိုပြီး အငယ်ကောင်လေး အိက်စ် (X) မနေ့ညနေက ရှင်းပြနေသည်ကို မှတ်မိသွား၏။ မြေကွက်နှစ်ခုကြားတွင် မြေနီလမ်းတခုသည် ဖုန်မှုန့်အပြည့်။ ကလေးတသိုက် စက်ဘီးစီးလာသည်ကို ငေးမောနေ၏။ ဘာသာစကားကတော့ ကျနော် နားလည်သည့် စကားပါပဲ။ ရှိုက်ထုပ်နေသည့် စီးကရက်အငွေ့တွေထဲကို မကျေနပ်ခြင်းတွေ ထည့်လိုက်တယ်လို့ ပြောလိုက်ရအောင်ကလဲ ကျနော် လူငယ်အရွယ်မဟုတ်တော့။ နားထင်စအပြည့် ဖြူနေသည့် အချိန်တောင်ကျော်နေပေါ့။ ဒါပေမဲ့ မကျေနပ်နေတာက မကျေနပ်တာပါပဲလေ။ နာရီကြည့်လိုက်တော့ ရုံးဆင်းချိန်ရောက်နေပြီ။ အငယ်ကောင်တွေ ပြန်လာတော့မယ်ထင်ပါရဲ့။ ကျနော်လဲ တနေ့လုံးအိပ်ထားလို့ လူကတိုက်ထဲမှာမနေချင်တော့။ လမ်းပေါ်ထွက်ငေးရင်း ဘေးဘီလဲ သတိထားနေရ၏။ ညီညာသပ်ရပ်နေ့သည့် မြို့ရဲ့အလှတရားကိုတော့ သေချာကြည်နှုးရမယ်မဟုတ်လား။ ကျနော်တို့ဆီမှာရော။ ဖြစ်လာခဲ့ပြီးမှ ပျက်သွားရသည့် တရားသဘောအား မဆင်ခြင်ချင်တော့ပါ။ မလုပ်ချင်တာတွေ ကျနော် မတွေးတော့ပါဘူးလေ။ အရှေ့က မြက်ပင်ကွက်ကလေးတွေကိုက ချစ်စရာဖြစ်နေတာပဲ။ စီးကရက်တလိပ် မီးထပ်ညှိရင်း ပျော်နေတော့တာ။ ဘေးတိုက်ခန်းက ဆရာလဲ ဆေးလိပ်သောက်ရန် ထွက်လာတော့ ဆရာအား ရိုသေစွာ နှုတ်ဆက်လိုက်ပါသည်။ မီးခြစ်ယူဦးမလားဟု ဆရာ့အား ပေးတော့ ဆရာက ခေါင်းခါ၏။ ဆရာသည်အတွေးအခေါ် ပညာရှင် ပါမောက္ခ ပီပီ မတရားမှုတိုင်းကို ခေါင်းခါတတ်သူ မဟုတ်လား။ ဒီနိုင်ငံရဲ့ အလုပ်ဆင်းသည့် အချိန်ကို ကျနော် သဘောကျနေမိပါသည်။

၂။
မနေ့ညက ကျနော်တို့ ညီအကိုတတွေ သောက်ဖြစ်ကြ၏။ တိုက်အောက်ဆုံးထပ် ဧည့်ခန်းတွင် အာထွာ (Ultra) ရဲ့ ဒက်ကော်ရေးရှင်းသည် အနုပညာ ဆန်လွန်းလှပါသည်။ အာထွာ့နံရံတွင် ကဗျာအများအပြား တွေ့ရ၏။ တံခါးအဝင်ဝ နံရံဘက်ခြမ်းတွင်ရှိနေသော ပန်းချီများထဲတွင် အဲ့ဝက်မွန့်ရဲ့ အော်သံ ကို ကျနော် အကြိုက်ဆုံးပါ။ ထိုအော်သံထဲတွင် အကြောက်ဆုံးကတော့ ကျနော်တို့ကိုယ်တိုင်ရဲ့အသံပင်ဖြစ်ပါသည်ဟုဆိုခဲ့သော အက်ဆေးကို သတိရရင်း ရာထောင်ကို သောက်ရမည့် အလှည့်ကို ထိုင်စောင့်နေရသည်မှာ ဘယ့်လောက်များ ကြည်နှုးဖွယ်ကောင်းလိုက်မလဲ။ ရာထောင်ဝယ်ကြမည့် အချိန်များလဲ ကျနော် အမှတ်ရမိနေ၏။ ညီအကိုတတွေ တယောက် ဘယ်နှဘတ်နှုန်းဖြင့် တွက်ချက်ပြီး ငွေစုနေကြတော့ ကျနော် ပြုံးကြည့်မိပါသည်။ ငွေစုမိတော့ အဝယ်တော်ကျသူများသည် ထိုတုန်းက အထောက်အထားမဲ့နေသော X နှင့်ကျနော်။ ရာထောင်ရောင်းသည့်ဆိုင်သည် သိပ်တော့မဝေးလှပါ။ ရာထောင်လေးဘူး၊ စွန်းမွှေး ၄ ထုပ်နဲ့ သရက်သီးထုပ်ယူလာပြီး အိမ်ပြန်ရောက်တော့ ရေးလ် (Ray) သည် မီးဖိုချောင်မှာ အမြည်းအစုံအသင့် ပြင်ထားပြီးပြီ။ အာထွာရဲ့ အာလူးပြုတ်ကြော်က မပါမဖြစ်အမြည်းတခု။ ဘလိတ် (Blade)က ဂစ်တာကို ကိုင်ထားကာ သောက်ပြီးရင် P2 ဆော့ဖို့ လူစုနေပြီ။ ဖိလစ် (Phillip)တယောက် ဟိုဟာလုပ်မှာလိုလို ဒီဟာလုပ်မှာလိုလိုနဲ့ မီးဖိုချောင်ဘက်ပြေးလိုက် ဧည့်ခန်းပြေးလိုက်နဲ့ အလုပ်ရှုပ်နေတုန်း။ ထိုအချိန်မှာ ကျနော်တို့သည် မိုးကို ပြေးကြည့်မည့်သူများ ဖြစ်နေကြပါသည်။ ထိုနောက်တော့ ဘလိတ်ရဲ့ "အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက်" ဆိုသည့် ထည်ဝါသည့် အသံထွက်လာတော့ ကျနော်တို့အားလုံး ရာထောင်ကို အလှည့်ကျ သောက်နေဆဲပါ။ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'​ဆောင်း​သွေးရင့်'ရေးဖွဲ့တဲ့ "မမ်မောအော့ဖ် ငါတို့" ရသစာ
တမ်းငယ်ကို People's Spring ကပြန်လည်​ဖော်
ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍134🤮1
19👍3🤮1
■ကဗျာ

‘ညနှင့် စီးချင်းထိုးခြင်း’

◼️ချမ်းငြိမ်း

ဒဏ်ရာတွေကို ဆေးကြောဖို့
သွေးတွေကို ဖောက်ထုတ်ရင်း
ညတွင်းကြီးဆီ
သူတို့ ခုန်ဆင်းသွားကြတယ်။

ရောင်စဉ်တန်းတွေ လှိုက်ကနဲ
လကို ထိုးခွဲသွားတဲ့ ကျည်ဆန်ရှေ့မှာ
အသက်တချောင်းကို ဒိုင်းလုပ်
အမှောင်ကို ခုန်အုပ်လိုက်တယ်။

တောင်ပံတွေကို ဖြန့်ရင်း
မီးထဲတိုးဝင်သွားတဲ့ ပိုးဖလံလို
တစုံတရာ လှပဖို့
ကိုယ့်ကိုယ်ကို ပြာချလိုက်ပုံမျိုး။

ဒုန်းစိုင်းနေတဲ့ အဆုပ်နဲ့
ခြေရာပေါ်က ငုတ်လျှိုသွားတဲ့တောင်တန်းမှာ
ဝိဉာဉ်ဟာ ဓားတစင်းအဖြစ်
ညကို ခုတ်ပိုင်းပစ်လိုက်တယ်။

ခင်ဗျားတို့ မြင်လိုက်ကြလား
ဝိဉာဉ်ဓားသွားတလက်ရဲ့
တလက်လက်ထနေတဲ့ အသွားပေါ်က
ပြတ်ကျသွားတဲ့ "ည"ကိုလေ။ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ'ချမ်းငြိမ်း'
ရေးဖွဲ့တဲ့ "ညနှင့် စီးချင်းထိုးခြင်း” ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍13🥰42🤮1
20👍6🤮1
မြန်မာနိုင်ငံဟာကျွန်တော်တို့ငယ်ငယ်တုန်းကထက်ပိုကြမ်းတမ်းတဲ့အငတ်ဘေးကိုရင်ဆိုင်နေရပြီ၊ရင် ဆိုင်ရတော့မယ်လို့နိုင်ငံတကာအဖွဲ့အစည်းတွေကပြောနေပါပြီ။သတိပြုကြပါ။

ကမ္ဘာ့ဘဏ်ကတော့စားနပ်ရိက္ခာလုံလောက်မှု (Food Security)ကိုအချက် ၄ ချက်နဲ့တိုင်းတာပါတယ်။တစ်အချက်ကတော့လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ထောက်ပံ့ရေးလမ်းကြောင်းရှိနေတာအပြင်ရိက္ခာသိုလောင်ထားမှုလည်းရှိတာဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အစားအစာကတော့ရှိနေတယ်၊ဒါပေမယ့်ကိုယ့်ဝင်ငွေ၊ကုန်ဈေးနှုန်းနဲ့ဈေးကွက်အခြေအနေအရလက်လှမ်းမှီရဲ့လားဆိုတဲ့အချက်ပါ။

တတိယအချက်ကတော့အဟာရကိစ္စပါပဲ။အစာတော့စားနေတယ်။ကိုယ်စားတဲ့အစာဟာခန္ဓာကိုယ်ကလိုအပ်တဲ့အဟာရဓါတ်တွေ၊စွမ်းအင်နဲ့ခွန်အားတွေပေးနိုင်သလားဆိုတဲ့အချက်ပါ။

စတုတ္ထအချက်ကတော့အထက်ကပြောထားတဲ့အချက်တွေပြည့်စုံတယ်ဆိုရင်တောင်မှဒီအခြေအနေဟာရေရှည်တည်တန့်နိုင်ပါ့မလားဆိုတဲ့အချက်ပါပဲ။ စစ်ဖြစ်တဲ့အခါ၊နိုင်ငံရေးကသောင်းကနင်းဖြစ်တဲ့အခါ၊နိုင်ငံမတည်ငြိမ်မှုတွေကြုံတွေ့ရတဲ့အခါဒီအခြေအနေတွေဟာတည်မြဲပါ့မလားဆိုတဲ့မေးခွန်းပါ။

မြန်မာနိုင်ငံအနေနဲ့ကတော့ဒီအချက်တွေတစ်ခုနဲ့မှမကိုက်ညီဘူးလို့ပြောရမှာပါ။ကုလသမဂ္ဂရဲ့အဖွဲ့ အစည်းကြီးတစ်ခုဖြစ်တဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program-WFP) အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့စစ်ပွဲအရှိန်ကြောင့်ကမ္ဘာ့တစ်လွှားမှာငတ်မွတ်နေတဲ့လူဦးရေဟာအခုထက်၄၅သန်းကျော်ပိုလာလိမ့်မယ်လိုဆိုပါတယ်။

အာရှပစိဖိတ်ဒေသမှာတော့စားနပ်ရိက္ခာပြတ်လပ်မှုဟာ၂၄ ရာခိုင်နှုန်းမြင့်တက်လာမယ်လို့ခန့်မှန်းပါတယ်။

အရှေ့တောင်အာရှကတော့အပြင်းထန်ဆုံးထဲမှာပါနေပါတယ်။ကုန်ဈေးနှုန်းတွေမြှင့်တက်လာတာအပြင် ကြောက်စရာကောင်းတဲ့အယ်လ်နီညိုရဲ့အပူဒဏ်တွေကိုလည်းခံစားနေရပါတယ်။ဒီအထဲမှာမှ မြန်မာနိုင်ငံဟာအဆိုးဆုံးဖြစ်မယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းက Foreign Affairs မဂ္ဂဇင်းကြီးရဲ့ဆောင်းပါးမှာစာရေးသူ ဂျိုးဇက်ရာက့်မင်ကဆိုပါတယ်။

သူ့ဆောင်းပါးမှာမြန်မာနိုင်ငံရဲ့စားနပ်ရိက္ခာလုံလောက်မှု (Food Security)ဟာကမ္ဘာမှာအဆိုးဆုံး နံပါတ်၅မှာရှိနေတယ်လို့WFPကိုကိုးကားပြီးသူကရေးပါတယ်။ “မုန်တိုင်းဝင်မွှေတော့မယ့် အခြေအနေပါပဲ”လို့ WFPရဲ့မြန်မာဌာနေဒါရိုက်တာမိုက်ကယ်ဒန်ဖော့ဒ်ကForeign Policy မဂ္ဂဇင်းကိုပြောပါတယ်။


https://www.ludunwayoo.com/opinion-mm/2026/04/28/155390/
👍27😢62🤮1💔1
■အ​တွေးအမြင်

ဘာကြောင့် မြန်မာ့တော်လှန်ရေးမှာ
တရုတ်မူဝါဒသစ် လိုအပ်နေသလဲ

●နိုင်ငံရေး အလှမ်းကွာဝေးမှု၊ လေဟာနယ် (၈)ခု၊ စနစ်တကျစုဖွဲ့ပါဝါ (အပိုင်း-၂ ၊နိဂုံး)

-ငြိမ်းငြိမ်းပြည့် ​ရေးသားသည်။

ထိတွေ့ဆက်ဆံမှုနဲ့ ဘေဂျင်းရဲ့သတ်မှတ်ချက်တွေ ဆုံတွေ့တဲ့အခါ NUG ဟာ ထိတွေ့ဆက်ဆံမှု ပုံစံတမျိုးကို စမ်းသပ်ကြိုးစားထားပြီးဖြစ်ပါတယ်။ တရုတ်တနိုင်ငံတည်းမူ (One China Principle) ကို ထောက်ခံကြောင်း၊ အရင်လုပ်ထားတဲ့ မြန်မာ-တရုတ် ကတိကဝတ်တွေကို ဆက်တည်မယ့်အကြောင်း၊ မြန်မာနိုင်ငံအတွင်းက တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြား လူမှုစီးပွားလုပ်ငန်းတွေကို ကာကွယ်စောင့်ရှောက်မယ့်အကြောင်း ကတိပြုတဲ့ ကြေညာချက်ကို ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာအရေးကြီးပါ
တယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာက ဆက်သွယ်မှု လုံးလုံး မလုပ်တာ မဟုတ်ပါဘူး။

ဒါဟာ သတင်းစကားပါးခြင်းရဲ့ အတိုင်းအတာ အကန့်အသတ်ကို ပြသနေပါတယ်။ ဒီအမူအရာတွေဟာ ဆက်ဆံရေးနဲ့ သမိုင်း-သဘောတရားအရ အလှမ်းကွာဝေးမှုရဲ့ တစိတ်တပိုင်းကို ဖြေရှင်းပါတယ်၊ တော်လှန်ရေးဟာတရုတ်ကို တရုတ်ဆန့်
ကျင်ရေးသက်သက် မဟုတ်ကြောင်းနဲ့ အဆက်
မပြတ်မှု၊ အသိအမှတ်ပြုမှုနဲ့ သံတမန်ရေးအရ စိတ်ချယုံကြည်စေမှုတို့ကို နားလည်ကြောင်း ပြသပါတယ်။

ဒါပေမဲ့ အဲဒါတွေချည်းသက်သက်နဲ့တော့ စနစ်အဆောက်အအုံတည်ဆောက်ပုံ အလှမ်းကွာဝေးမှု (ဒါမှမဟုတ်) ပထဝီမဟာဗျူဟာပိုင်းဆိုင်ရာ အ
လှမ်းကွာဝေးမှု အဟတွေကို မစေ့နိုင်ပြန်ပါဘူး။
ဘေဂျင်းဟာ မြန်မာ့အင်အားစုတွေကို အကဲဖြတ်တဲ့နေရာမှာ၊ အဲဒီလို အလှမ်းကွာဝေးနေမှုတွေကနေထွက်ပေါ်လာတဲ့လက်တွေ့အကျိုးသက်ရောက်
မှုတွေကတဆင့် တိုင်းတာပါတယ်။ ဒီအင်အားစုတွေက ဘာကတိတွေ ကြေညာချက်ထုတ်သလဲဆိုတာထက်၊ မြေပြင်မှာ သူတို့ ဘာတွေကို ထိန်း
ချုပ်နိုင်သလဲ၊ ကာကွယ်ပေးနိုင်သလဲ၊ တားဆီးဟန့်တားနိုင်သလဲ ဒါမှမဟုတ် ဟန့်တားနိုင်သလဲ ဆိုတဲ့ လက်တွေ့လုပ်နိုင်စွမ်းတွေနဲ့ပဲ ပိုပြီး အကဲ
ဖြတ်တာပါ။

ဘေဂျင်းရဲ့တွက်ကိန်းတွေကရှင်းပါတယ်။ စီမံ
ကိန်း လမ်းကြောင်းတွေကို ဘယ်သူက ဆက်ဖွင့်ထားပေးနိုင်မလဲ၊ အန္တရာယ်တွေကို ဘယ်သူက လျှော့ချပေးနိုင်မလဲ၊ စီမံကိန်းတွေကို ဘယ်သူက လုံခြုံအောင် ကာကွယ်ပေးနိုင်မလဲ၊ နယ်စပ်တွေကို ဘယ်သူက စီမံခန့်ခွဲနိုင်မလဲ၊ နယ်မြေတွေကို ဘယ်သူက စိုးမိုးထားနိုင်မလဲဆိုတာတွေကိုပဲသူက မေး
ခွန်းထုတ်ပြီး တွက်ဆပါတယ်။ ဒါ့အပြင် အမေရိကန်ဦးဆောင်တဲ့ ဝန်းရံပိတ်ဆို့မှုတွေ ဝင်လာနိုင်တဲ့ အပေါက်အပြဲလို့ သူရှုမြင်သံသယပွားတဲ့အရာတွေကို ဘယ်သူက ဟန့်တားကန့်သတ်ပေးနိုင်မလဲ၊ပြီးတော့အချိန်ကြာလာတာနဲ့အမျှ သူ့အတွက် ဘယ်သူက ဘယ်လောက် ဆက်ပြီး အသုံးဝင်နေဦးမလဲဆိုတာတွေကိုပါချိန်ထိုးတွက်ချက်ပါတယ်။ နောက်ဆုံး အရေးအကြီးဆုံးကတော့၊ ဘယ်သူ့ကိုများ အရေးမစိုက်ဘဲ အလွယ်တကူ ကျော်ခွသွားလို့ ရနိုင်မလဲ ဆိုတာကိုပါ တွက်ဆတာပဲ ဖြစ်ပါတယ်။

တရုတ်ဆိုတာ ဇာတ်ဆောင်တဦးတည်း မဟုတ်ပါဘူး။ ဘေဂျင်း ဗဟိုအစိုးရ၊ ယူနန် အာဏာပိုင်တွေ၊ နိုင်ငံတော်ပိုင် လုပ်ငန်းကြီးတွေ၊ ပုဂ္ဂလိက ကန်ထ
ရိုက်တာတွေ၊ နယ်စပ်ကုန်သည်တွေ၊ လုံခြုံရေးအေဂျင်စီတွေ၊ စီမံကိန်း ရင်းနှီးမြှုပ်နှံသူတွေဟာ တပုံစံတည်း လည်ပတ်လှုပ်ရှားနေကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အကျိုးစီးပွားတွေဟာလည်း တခုနဲ့တခု ကွဲလွဲနေနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်ကနေ ကြည့်ရင်တော့ သူတို့ရဲ့ လုပ်ရပ်တွေဟာ နောက်ဆုံးရလဒ်မှာ သွားပြီး ဆုံမှတ်ကျလေ့ရှိပါတယ်။ အဲဒါတွေကတော့ ပထဝီမဟာဗျူဟာ ဝင်လမ်းထွက်လမ်း၊ အီလစ်ပြဌာန်းချက်နဲ့ တည်
ငြိမ်မှု၊ စီမံကိန်းတွေ လုံခြုံရေး၊ နယ်စပ်လုံခြုံရေးနဲ့ ထိခိုက်ခံစားရမယ့် လူမှုအသိုက်အဝန်းတွေအပေါ် ဒီမိုကရေစီနည်းကျ တာဝန်ခံစရာမလိုဘဲ အသုံးချသွားနိုင်တဲ့Leverageရယူရေးတွေပဲဖြစ်ပါတယ်။

ဒါတွေကြောင့်မို့လို့ပဲတရုတ်မူဝါဒကိုမြန်မာ့စစ်-
အရင်းရှင် အုပ်စိုးမှုစနစ်နဲ့ ခွဲခြားပြီး စဉ်းစားလို့ မရနိုင်တာပါ။ ပြဿနာက ဘယ်သူ နေပြည်တော်ကို အုပ်ချုပ်သလဲ ဆိုတာတင် မဟုတ်ပါဘူး။ စစ်အာ
ဏာ၊ ခရိုနီအရင်းအနှီး၊ စစ်အကျိုးဆောင်ပွဲစားတွေ၊ နိုင်ငံတော် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံဖြတ်ကျော် အရင်းအနှီးတွေကမြေယာ၊ သယံ
ဇာတ၊ လမ်းကြောင်း၊ ဘဏ္ဍာနဲ့ လူထုရဲ့လုပ်အားတွေကို ဘယ်လို ခြယ်လှယ်ချုပ်ကိုင်နေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ ဒီအခြေခံစနစ်ကြီးကို ခြေရာလက်ရာမပျက် ဒီအတိုင်း ဆက်ထားမယ့် ဘယ်လိုမူဝါဒမျိုးမဆိုဟာ ဗိုလ်ကျကြီးစိုးလွှမ်းမိုးမှုကို နာမည်အသစ်တခုတပ်ပြီး ပြန်လည်အသက်သွင်းပေးသလိုပဲ ဖြစ်နေပါလိမ့်မယ်။

ဒီစံနှုန်းဟာ တော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်းအတူတူသက်ရောက်မှု ရှိပါတယ်။တော်လှန်
ရေးရဲ့ နိုင်ငံရေးအနှစ်သာရဆိုတာ ဒီစနစ်ကြီးကို အမြစ်ပြတ်ဖျက်သိမ်းပစ်ဖို့ပဲဖြစ်ပြီး၊နာမည်အသစ်
တွေတပ် ပြန်အသက်သွင်းဖို့ မဟုတ်ပါဘူး။တရုတ်
ဆိုင်ရာဆက်ဆံရေးတွေမှာတာဝန်ခံမှုအစစ်အ
မှန် ရှိလာဖို့ ဆိုတာ၊ ထိခိုက်ခံစားရတဲ့ ကာယကံ
ရှင်လူမှုအသိုက်အဝန်းတွေအနေနဲ့ မိမိတို့ရဲစုပေါင်း
ဘဝ ရှင်သန်မှုအပေါ် သက်ရောက်မယ့် ဆုံးဖြတ်
ချက်တွေကို ပွင့်ပွင့်လင်းလင်း သိမြင်နိုင်ခွင့်၊ ကန့်
ကွက်နိုင်ခွင့်နဲ့ ငြင်းဆန်ပယ်ချနိုင်ခွင့် ပါဝါ ရှိလာတဲ့ အချိန်ကျမှသာ ဖြစ်လာမှာပါ။
👍165🤮1
တော်လှန်ရေးအင်အားစုတွေမှာ leverage လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ ပြဿနာက ဒီ leverage တွေဟာ တကွဲတပြားစီ ပြန့်ကျဲနေဆဲ ဖြစ်နေတာပါ။ အဲဒီလို တကွဲတပြားစီ ဖြစ်နေတာတွေကို အလွယ်တကူ ဝယ်ယူသိမ်းသွင်းခံရနိုင်ပါတယ်၊ ကျော်ခွခံရနိုင်ပါတယ်၊ ဒါမှမဟုတ်လည်း ဖိအားပေး အပြစ်ပေးခံရနိုင်ပါတယ်။ စနစ်တကျ စုဖွဲ့ထားတဲ့ Organized leverageရှိမှသာလျှင် ဘေဂျင်း တွက်ချက်ရမယ့် မြေပြင်အခင်းအကျင်းကို ပြောင်းလဲပစ်နိုင်စွမ်း ရှိမှာပါ။

ဟန်ရေးပြ နိုင်ငံရေးဆိုတာဟာ နိုင်ငံရေးအရ အ
လှမ်းကွာဝေးမှုကို သဘောထားခံယူချက် အဆင့်လောက်မှာပဲ ပြသနေတာပါ။ ဒီမှာအကျဥ်းချုပ်ဆက်လက်ဆွေးနွေးမယ့် လေဟာနယ် (၈) ခုကတော့ အဲဒီအလှမ်းကွာဝေးမှုဟာ လက်တွေ့ရုပ်ဝတ္ထုပိုင်းမှာ ဘယ်လို ရုပ်လုံးပေါ်လာသလဲ ဆိုတာကို ပြသနေပါတယ်။ ဒီလေဟာနယ်တွေဟာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့အာဏာပိုင်စိုးမှုတွေ
၊ ရှင်သန်ရေးအတွက် ရုန်းကန်ရတဲ့ ဖိအားတွေနဲ့
မညီမျှတဲ့ ပါဝါအင်အားတွေကနေတဆင့် အီလစ်တွေရဲ့ အမိအရချုပ်ကိုင်ခံရမှု ယန္တရားတွေအဖြစ် ပြောင်းလဲသွားစေမယ့် အပေါက်အပြဲတွေပဲ ဖြစ်ပါတယ်။

●လေဟာနယ် (၈) ခု

အမိအရချုပ်ကိုင်ခံရမှုဆိုတာ စိတ်ကူးယဉ်ဆန်ဆန် လေထဲကနေဖြစ်လာတာမဟုတ်ပါဘူး။ ရှင်
သန်ရေးအတွက် အပေးအယူ လုပ်ရမှုတွေ၊ ပုံမှန်အဖြစ်သွတ်သွင်းခံရတဲ့ မှီခိုရမှုတွေ၊ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကနေ မစိစစ် မကန့်ကွက်နိုင်ခင်မှာတင် အမြစ်တွယ်ခိုင်မာသွားတဲ့ ဆုံးဖြတ်ချက်တွေ ကတဆင့် ဖြစ်ပေါ်လာတာပါ။ ဒါတွေဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လိုအပ်ချက် ကွက်လပ်လေးတွေလည်း မကပါဘူး။

ဒီလေဟာနယ်တွေဟာ နိုင်ငံရေးအရအလှမ်းကွာဝေးမှု လေးရပ်ကို လက်တွေ့ရုပ်ဝတ္ထုပိုင်းမှာ အ
သက်ဝင်လာစေတဲ့ စနစ်အဆောက်အအုံတည်
ဆောက်ပုံဆိုင်ရာ အပေါက်အပြဲ အပွင့်အဟတွေ ဖြစ်ပါတယ်။ ဆက်ဆံရေး အလှမ်းကွာဝေးမှုကြောင့် ဘေဂျင်းအနေနဲ့ သီးခြားဆွေးနွေးဖက်တွေ ရွေး
ချယ်နိုင်ခွင့် ရှိနေပါတယ်။ စနစ်အဆောက်အအုံတည်ဆောက်ပုံ အလှမ်းကွာဝေးမှုကြောင့် တော်
လှန်ရေးအင်အားစုတွေကြား နောက်ဆုံးစည်းနဲ့ ဘုံစံနှုန်းတွေ (ဒါမှမဟုတ်) အာဏာတည်စေမှုတွေ မရှိဘဲ၊ အပေးအယူကိစ္စတွေကို အသီးသီး ရှေ့ဆက်ဖြစ်စေပါတယ်။ ပထဝီမဟာဗျူဟာ အလှမ်းကွာဝေးမှုက ဘေဂျင်းရဲ့ လုံခြုံရေး တွက်ဆချက်တွေကို မြန်မာ့တော်လှန်ရေးရဲ့ ဦးစားပေးလုပ်ငန်းစဉ်တွေထက် အသာစီးရ လွှမ်းမိုးသွားခွင့် ပေးပါတယ်။

သမိုင်း-အယူ ဝါဒအလှမ်းကွာဝေးမှုကတော့ တရုတ်နဲ့ပတ်သက်တဲ့ တစိတ်တပိုင်း အမှန်တရားတွေကို မဟာဗျူဟာအဖြစ်မဟုတ်ဘဲ လှေနံဓားထစ် သဘောထားဟန်ရေးပြမှုတွေအဖြစ် တရားသေ ဖြစ်သွားစေပါတယ်။ဒီအပေါက်အပြဲတွေဟာ ပြီးပြည့်စုံတဲ့ မူဝါဒဗိသုကာ တရပ်တော့ မဟုတ်ပါဘူး။ တရုတ်မူဝါဒသစ်ကို ဘယ်နေရာကနေ စတင်ရမလဲဆိုတာကို ပြသရုံပါ။

●ရှင်သန်ရေးနဲ့ စီးပွားရေး မဟာဗျူဟာ လေဟာနယ် -

စစ်ပွဲဖိအားအောက်မှာ ပြုလုပ်ရတဲ့ ရေတို အရေးပေါ် အစီအမံတွေဟာမြေယာ၊လုပ်အား၊ သယံ
ဇာတ၊ ဘဏ္ဍာ၊ အခြေခံအဆောက်အအုံနဲ့ မှီခိုမှုတွေအပေါ် ရေရှည်လိုက်လျောမှုတွေ ဖြစ်သွားနိုင်ပါတယ်။ အခုအချိန်မှာ ပြည်သူတွေနဲ့ တော်လှန်
ရေးအင်အားစုတွေကို အသက်ရှင်သန်စေတဲ့အရာတွေနဲ့ နောင်တချိန်မှာ စနစ်အဆောက်အအုံဆိုင်ရာပါဝါကို ဆုံးရှုံးသွားစေမယ့်အရာတွေ နှစ်ခုအကြား ပြတ်ပြတ်သားသား ခွဲခြားသိမြင်ရပါမယ်။ ဒီလို ခွဲခြားမှု မရှိရင်၊ ရှင်သန်ရေး ဆိုတာဟာ အုပ်စိုးသူလူတန်းစားတွေရဲ့ အပေးအယူတွေကို ပုံမှန်အခြေ
အနေတရပ်ဖြစ်လာအောင် အသက်သွင်းပေးမယ့် ဘာသာစကား ဖြစ်သွားနိုင်ပါတယ်။

● နိုင်ငံရေး အာဏာပိုင်စိုးမှု လေဟာနယ်-

ပြဿနာက တော်လှန်ရေးအင်စတီကျူးရှင်းတွေ မရှိတာ မဟုတ်ပါဘူး။ နေပြည်တော်ဗဟိုပြု လမ်း
ကြောင်းတွေကနေ ကျော်လွန်ပြီး စုပေါင်းနိုင်ငံရေးအင်အားစုတခုအဖြစ် ချိတ်ဆက်ပေးနိုင်မယ့် ထိရောက်တဲ့ တရုတ်မျက်နှာမူ ယန္တရား မရှိတာပါ။ သမဂ္ဂတွေ အပါအဝင် နွေဦးတော်လှန်ရေးအင်
အားစုတွေ၊ NUG၊ NUCC၊ SCEF၊ EAOsတွေ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူထုကွန်ရက်တွေအားလုံးဟာ တော်လှန်ရေးအာဏာပိုင်စိုးမှုရဲ့ အစိတ်အပိုင်းတွေကို အသီးသီး ကိုင်စွဲထားကြပါတယ်။ ဒါပေမဲ့ ဘေဂျင်းအနေနဲ့ သူတို့ကို သီးခြားစီ ခွဲခြားဆက်ဆံနိုင်ပါသေးတယ်၊ တချို့ကို နယ်စပ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအဖြစ်၊ တချို့ကို အပစ်အခတ်ရပ်စဲရေး ဝင်ရောက်ကြီးကြပ်စီမံမှု အဖြစ်၊ တချို့ကို နယ်မြေအလိုက် စီမံကိန်းလုံခြုံရေးဆိုင်ရာ အဖြစ်၊ တချို့ကို ဒေသတွင်း အာဏာပိုင်တွေအဖြစ်၊ တချို့ကိုကျတော့ ဖယ်ကြဉ်ထားရမယ့် ဒါမှမဟုတ်လျစ်လျူရှုထားရမယ့် (ဒါမှမဟုတ်) ဖိအားပေးထားရမယ့် အဖွဲ့တွေအဖြစ် ဆက်ဆံနေစဉ်မှာပဲ နေပြည်တော်ကိုတော့ တရားဝင် နိုင်ငံတော်လမ်းကြောင်းအဖြစ် ဆက်လက်ထားရှိနေနိုင်ပါတယ်။ ဒါဟာ အင်စတီကျူးရှင်းပုံစံနဲ့ အသက်ဝင်နေတဲ့ ဆက်ဆံရေး အလှမ်းကွာဝေးမှု လေဟာနယ်ပါပဲ။

●ပူးပေါင်းညှိနှိုင်းမှု လေဟာနယ်-

အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ရေး ဆိုတဲ့ ကျယ်ပြန့်တဲ့ ယေ
👍13🔥1🤮1
ဘုယျ ဘုံပန်းတိုင်ကလွဲရင်၊ အနိမ့်ဆုံး ဘုံစံနှုန်းတွေနဲ့ အမြင့်ဆုံး ဘုံသတ်မှတ်ချက်တွေကို ရှင်း
ရှင်းလင်းလင်း မသတ်မှတ်ရသေးတဲ့ ပူးပေါင်းညှိနှိုင်းမှုဟာ အားနည်းနေဆဲပါ။ ဘယ်အဖွဲ့ကမှ မကျော်လွန်သင့်တဲ့ အနိမ့်ဆုံးစံနှုန်းတွေနဲ့ ဘယ်အဖွဲ့မှ တဦးတည်းစေ့စပ်ညှိနှိုင်းခွင့်မရှိတဲ့ ကန့်သတ်
ချက်တွေလိုပါတယ်။ ဘယ်အဖွဲ့မှ သီးခြားရှင်သန်ရေး ဖိအားအောက်မှာ မြေယာ၊ လုပ်အား၊ သယံ
ဇာတတွေ၊ အသက်မွေးဝမ်းကျောင်းမှုတွေ၊ လုံခြုံ
ရေး ဒါမှမဟုတ် လူမှုအသိုက်အဝန်းရဲ့ သဘောတူညီချက်တွေကို အပေးအယူ မလုပ်သင့်ပါဘူး။ NUG၊ NUCC၊ SCEF နဲ့ တခြားသော တော်လှန်
ရေးအဖွဲ့အစည်းတွေဟာ ဒီစံနှုန်းတွေနဲ့ ကန့်သတ်
ချက်တွေကို လုံလောက်အောင် မသတ်မှတ်ရသေးပါဘူး၊ ဘယ်အရာကို ဘယ်သူကမှ အလျှော့မပေးသင့်ဘူး၊ ဘယ်အရာကို တဦးတည်း စေ့စပ်ညှိနှိုင်းခွင့် မရှိဘူး၊ ဘယ်အရာတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသရမယ်၊ ဘယ်အရာတွေအ
တွက် လူမှုအသိုက်အဝန်းရဲ့ သဘောတူညီချက် လိုအပ်တယ်၊ ပြီးတော့ ဒီစည်းတွေကို ကျော်လွန်ရင် ဘယ်လို အကျိုးဆက်တွေ ရှိလာမယ် ဆိုတာတွေပါ။ ဒီလိုစံနှုန်းတွေ မရှိရင်၊ စနစ်အဆောက်
အအုံ မညီမျှမှုဟာ အကွဲကွဲအပြားပြားဖြစ်နေမှုကို အားနည်းချက်အဖြစ် ပြောင်းလဲသွားစေပြီး ပိုဆိုးသွားစေနိုင်ပါတယ်။

●Leverage လေဟာနယ်-

လက်ရှိ ရှိနေတဲ့ နယ်မြေ၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အားသာချက်တွေကို ဘေဂျင်းအနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် စုပေါင်းပါဝါဖြစ်လာအောင် တော်လှန်ရေးက မပြောင်းလဲနိုင်သေးပါဘူး။ တော်လှန်ရေးအင်အား
စုတွေမှာ leverage ပုံစံတွေ ရှိနေပြီးသားပါ။လမ်း
ကြောင်းတွေ၊ နယ်မြေ၊ လုပ်အား၊ သယံဇာတတွေ၊ ဒေသတွင်း တရားဝင်မှု၊ အုပ်ချုပ်ရေးပိုင်း ထိန်း
ချုပ်နိုင်မှု၊ လူမှုအသိုက်အဝန်းရဲ့ ငြင်းဆန်နိုင်စွမ်း၊ တရားမဝင်တဲ့ အပေးအယူတွေကို မှတ်တမ်းတင်နိုင်စွမ်း၊ အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့ ပြန့်ကျဲနေတဲ့ ကုတ်အားကန်အားတွေဟာ အားနည်းနေဆဲပါ။ ဒါတွေကို မြေပုံဆွဲပြီး၊ အချင်းချင်း ချိတ်ဆက်ပြီး၊ ဘုံစံနှုန်းတွေနဲ့အညီ အသုံးပြုမှသာ နိုင်ငံရေးအရ အသက်ဝင်လာနိုင်မှာပါ။

●ဒီမိုကရေစီ အခြေခံမြေပြင် လေဟာနယ်-

လူမှုအသိုက်အဝန်းတွေ၊ ဒေသခံပြည်သူတွေ၊ အလုပ်သမားတွေ၊ နေရပ်စွန့်ခွာရသူတွေ၊ လူမျိုးစုအုပ်ချုပ်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအာဏာပိုင်တွေဟာ ဆုံးဖြတ်ချက်တွေမြေပြင်မှာအမှန်တ
ကယ် ခိုင်မာမသွားခင် အဲဒီဆုံးဖြတ်ချက်တွေကို ကန့်ကွက်နိုင်မယ့် လုပ်ငန်းစဉ်တွေ လိုအပ်ပါတယ်။ ဖက်ဒရယ်နဲ့ လူမှုစီးပွားကို လျစ်လျူရှုထားတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တရုတ်မူဝါဒဟာ ဗဟိုနဲ့အစွန်အဖျားပြဿနာဟောင်းကို တခြားပုံစံတမျိုးနဲ့ ပြန်လည်ထုတ်လုပ်ပေးရာသာ ရောက်မှာပါ။ ဒီနယ်မြေတွေအသီးသီးမှာ နေထိုင်တဲ့ ကာ
ယကံရှင်ပြည်သူတွေရဲ့ နိုင်ငံရေးအာဏာပိုင်စိုးမှု မပါဘဲ သူတို့ရဲ့နယ်မြေတွေအပေါ် ဆုံးဖြတ်ချက်တွေ ချမှတ်မှုဟာ ဒီမိုကရေစီလေဟာနယ်ပါပဲ။

●အတွင်းရေး တာဝန်ခံမှု လေဟာနယ်-

နွေဦး အင်အားစုတွေ၊ လူမျိုးစု အာဏာပိုင်တွေ၊ ဒေသခံတပ်မှူးတွေ၊ ပေါ်ထွက်လာတဲ့ တော်လှန်
ရေးအီလစ်တွေဟာလည်း ပြည်သူလူထုအထက်
ကနေ သယံဇာတထုတ်ယူတဲ့ အပေးအယူတွေကို ပြန်လည်ဆင့်ပွားကျူးလွန်နိုင်ပါတယ်။

တော်လှန်ရေးဆိုင်ရာတရားဝင်မှုဆိုတာဟာ အပေး
အယူတခုကို အလိုအလျောက် တာဝန်ခံမှု ရှိသွားစေတာ မဟုတ်ပါဘူး။ တရုတ်နဲ့ပတ်သက်တဲ့ သ
ဘောတူညီချက်တွေ၊ ဘဏ္ဍာခွဲဝေမှု အစီအမံတွေ၊ သယံဇာတဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ သုံးသပ်ဖို့၊ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသဖို့၊ ကျူးလွန်ရင် ခံရမယ့် အကျိုးဆက်တွေ ပြဋ္ဌာန်းထားဖို့ လိုအပ်ပါတယ်။

●အင်စတီကျူးရှင်းဆိုင်ရာ အာဏာတည်စေမှု လေဟာနယ်-

စာချုပ်တွေကို သုံးသပ်တာ၊ တောင်းဆိုမှုတွေကို မှတ်တမ်းတင်တာ၊ အလုပ်သမားတွေနဲ့ လူမှုအ
သိုက်အဝန်းတွေကို ကာကွယ်တာ၊ နစ်နာမှုတွေကို ဖြေရှင်းပေးတာ၊ တရားမဝင်တဲ့ အပေးအယူတွေကိုပယ်ဖျက်တာ စတဲ့ ယန္တရားတွေမရှိရင်၊ လူထုပါဝင်မှုဆိုတာဟာ သင်္ကေတသက်သက် ဟန်ပြသာ ဖြစ်သွားပါမယ်။တာဝန်ခံမှုအတွက် အာဏာ
တည်စေနိုင်တဲ့ ယန္တရားတွေ လိုအပ်ပါတယ်၊ ပြည်သူ့မှတ်တမ်းတွေ၊ သုံးသပ်ရေးအဖွဲ့တွေ၊ နစ်နာမှုတိုင်ကြားရေးလမ်းကြောင်းတွေနဲ့ ထိခိုက်နစ်နာစေတဲ့ အစီအမံတွေကိုဆိုင်းငံ့ဖို့ (ဒါမှမဟုတ်)ငြင်း
ပယ်ဖို့ ပါဝါတွေ ဖြစ်ပါတယ်။

●ဗဟုသုတ လေဟာနယ်-

မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ အသိပညာ ကင်းမဲ့နေတာ မဟုတ်ပါဘူး။ဖြတ်သန်းရတဲ့ ဘဝအတွေ့
အကြုံတွေ၊ ဒေသခံတွေရဲ့ မှတ်ဉာဏ်တွေ၊ နယ်
စပ် အသိပညာ၊ စာချုပ်စာတမ်းတွေအကြောင်း အသိပညာ၊ မြေယာ၊ လုပ်အား၊ သယံဇာတတွေအကြောင်း အသိပညာတွေကို ဘုံစုပေါင်း တရုတ်ဆိုင်ရာမဟာဗျူဟာအဖြစ် ပြောင်းလဲပေးနိုင်မယ့် ဘုံစနစ်အဆောက်အအုံတွေ ကင်းမဲ့နေတာပါ။ အဲဒီ ဗဟုသုတအသိပညာ ဆိုတာဟာ အီလစ်တွေ၊ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေ၊ ဒါမှမဟုတ် သံ
တမန်တွေသာမကဘဲ၊ သက်ရောက်မှုခံရတဲ့ ကာယကံရှင် လူမှုအသိုက်အဝန်းတွေအပေါ်မှာလည်း တာဝန်ခံမှု ရှိရပါမယ်။
👍121🔥1🤮1
ဒီလေဟာနယ် ရှစ်ခုဟာ တခုနဲ့တခု အပြန်အလှန် စစ်ကူပေး အားဖြည့်ပေး နေကြပါတယ်။ ဘေဂျင်းဟာ မြန်မာနိုင်ငံရဲ့ အကွဲကွဲအပြားပြား နိုင်ငံရေးနယ်ဝန်းထဲကို မတော်တဆ ဝင်ရောက်ဆက်ဆံနေတာ မဟုတ်ပါဘူး၊ ဒီလိုကွဲပြားနေတဲ့ အနေအထားကို အသုံးချပြီးတော့ကို အလုပ်လုပ်နိုင်နေတာပါ။ ပွင့်နေတဲ့လေဟာနယ်တခုစီတိုင်းဟာတရုတ်နိုင်ငံ
တော်ပါဝါ၊ နိုင်ငံတော်ကျောထောက်နောက်ခံပြု အရင်းအနှီး၊ မြန်မာ စစ်တပ်-အရင်းရှင်စနစ်တွေကို မြန်မာရဲ့ ရုပ်ဝတ္ထုပိုင်းနဲ့ နယ်မြေပိုင်းဆိုင်ရာ စနစ်တွေကို (တော်လှန်ရေးဘက်က ငြင်းဆန်ဖို့ ဒါမှမဟုတ် ပြန်လည်ပုံသွင်းဖို့ စနစ်တကျစုပေါင်းစုဖွဲ့ပါဝါ မတည်ဆောက်နိုင်ခင်မှာတင်) ပုံသွင်းခွင့် ပေးထားပါတယ်။

●အခု ဘာဆက်လုပ်မလဲ

ပုံမှန်အခြေအနေအဖြစ်သွတ်သွင်းခြင်း ဆိုတာ အနာဂတ်ကနေ လာမှာ မဟုတ်ဘဲ၊ အခုကို စတင်နေပါပြီ။

စစ်ကောင်စီဦးဆောင်တဲ့ လုပ်ငန်းစဉ်ကို ကျော
ထောက်နောက်ခံပြုမှု၊ အပစ်အခတ်ရပ်စဲရေး ဖိအားတွေ၊ နယ်မြေ နေရာချထား ကြီးကြပ်မှုတွေ၊ နယ်စပ် အစီအမံတွေ၊ အခြေခံအဆောက်အအုံဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ၊ ကာလရှည်ကြာ အငြင်းပွားနေရတဲ့ စီမံကိန်းကြီးတွေ တကျော့ပြန်ခေါင်းထောင်မှုတွေ၊ အစရှိတာတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ကျဉ်းမြောင်းစေတာတွေ ဖြစ်ပေါ်နေပါတယ်။ သီးခြားစီခွဲကြည့်ရင်တော့၊ တခုချင်းစီဟာ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေ ဒါမှမဟုတ် ယာယီအစီအမံတွေအဖြစ် မြင်ရနိုင်ပါတယ်။ ဒါပေမဲ့ စုပေါင်းကြည့်လိုက်ရင်တော့၊ (သက်ရောက်မှုခံရတဲ့ ကာယကံရှင် လူမှုအသိုက်အဝန်းတွေက ကန့်ကွက်နိုင်တဲ့ ပါဝါ မရှိခင်မှာတင်) အဲဒါတွေက နိုင်ငံရေးဆိုင်ရာမေးခွန်းတွေကို အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိနေပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဒီအချိန်ကာ
လကို “တရုတ်ကမင်းအောင်လှိုင်ကို ထောက်ခံတယ်” လို့သာ မရှုမြင်သင့်ပါဘူး။အဲဒါဟာ မပြည့်
စုံပါဘူး။ ဘေဂျင်းဟာ နေပြည်တော်ရဲ့ အာဏာ
ရှင်မဟာမိတ်ချည်းသက်သက် မဟုတ်နေသလို၊
မြန်မာ့တော်လှန်ရေး ရဲဘော်ရဲဘက်လည်း မဟုတ်နေပါဘူး။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးစနစ်ကို သူ့ရဲ့ရေရှည် လုံခြုံရေး၊ စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး ဦးစားပေးတွေအတွက် အသုံးဝင်လာစေဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတော်-အရင်းရှင် ပါဝါတရပ် ဖြစ်ပါတယ်။

နေပြည်တော်က ဦးဆောင်တဲ့ လုပ်ငန်းစဉ်အပေါ် သူ့ရဲ့လောင်းကြေးထပ်မှုမှာပေးဆပ်ရမယ့်တန်ဖိုး၊ ယုတ္တိတန်မှုနဲ့ ကန့်သတ်ချက်တွေ ရှိပါတယ်၊ အဲဒီကန့်သတ်ချက်တွေကပဲ စနစ်တကျစုဖွဲ့ထားတဲ့ တော်လှန်ရေးအင်အား အရေးပါနေသေးတဲ့ နေရာတွေဖြစ်ပါတယ်။

အန္တရာယ်ကတော့ နေပြည်တော်နဲ့ ဘေဂျင်းဟာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သူတို့ရဲ့သတ်
မှတ်ချက်တွေကို ကန့်ကွက်ဖို့ ဒါမှမဟုတ် ငြင်းဆန်ဖို့ လုံလောက်တဲ့ စုပေါင်းပါဝါ မတည်ဆောက်နိုင်ခင်မှာတင် မြန်မာနိုင်ငံရဲ့ နောက်ထပ်နိုင်ငံရေးစနစ်ကို ပုံသွင်းသွားနေတာပါ။ လက်ရှိ အင်အားချိန်ခွင်
လျှာအရ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘေဂျင်းကို သူ့ရဲ့ မြန်မာမူဝါဒကို ပြောင်းလဲဖို့ အ
တင်းအကျပ် ဖိအား ပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေ
မဲ့ ဘေဂျင်း တွက်ချက်ရမယ့် မြေပြင်အခင်းအ
ကျင်းကိုတော့ ပြောင်းလဲနိုင်ပါသေးတယ်။ အဲဒါကတော့တော်လှန်ရေးအင်အားစုအချင်းချင်းကြား
မှာ အနိမ့်ဆုံး ကြမ်းခင်း ဘုံစံနှုန်းတွေကို တည်
ဆောက်နိုင်ခြင်းပါပဲ။တဖွဲ့ချင်းစီ သီးခြား ရှင်သန်ရေးအပေးအယူတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ် ဖြစ်မလာအောင် တားဆီးပေးမယ့် အနိမ့်ဆုံး စည်းတားချက်တွေပါ။

ဒီဘုံစံနှုန်းတွေဟာ တိတ်တဆိတ် အပေးအယူတွေကို မြင်သာထင်သာ ရှိစေရပါမယ်၊ အရေးပေါ် ရှင်သန်ရေးနဲ့ စနစ်အဆောက်အအုံဆိုင်ရာလိုက်
လျောမှု နှစ်ခုကို ခွဲခြားရပါမယ်၊ ပြီးတော့ ဆုံးဖြတ်
ချက်တွေ မြေပြင်မှာ အမှန်တကယ် ခိုင်မာမသွားခင်မှာ သက်ရောက်မှုခံရတဲ့ လူမှုအသိုက်အဝန်းတွေကို ဆုံးဖြတ်ချက်တွေအပေါ် ကန့်ကွက်နိုင်တဲ့ ပါဝါကို ပေးအပ်ရမှာပါ။

မြန်မာနိုင်ငံရဲ့အနာဂတ်ကိုသတ်မှတ်မယ့်အစီအမံ
တွေကိုအခုအချိန်မှာပြုလုပ်နေကြပါပြီ။အနာ
ဂတ်ကိုပြည်သူလူထုရဲ့ အထက်ကနေ ဆုံးဖြတ်သွားတာကနေ ကာကွယ်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဟာ စနစ်တကျ စုဖွဲ့ထားတဲ့ပါဝါနဲ့ ဘုံသတ်မှတ်ချက်တွေကို တည်ဆောက်ကြရမှာပါ။ မေးခွန်းကတော့ ဒီအနာဂတ်ကို ဘယ်သူက ဖန်တီးနေသလဲ၊ ပြီးတော့ ဘယ်သူ့သတ်မှတ်ချက်တွေနဲ့ဖန်တီးနေသလဲဆိုတာသာဖြစ်ပါတယ်။ ။

(ငြိမ်းငြိမ်းပြည့်ဟာ မြန်မာနိုင်ငံက ဂျာနယ်လစ်၊ တော်လှန်ရေးသမား၊ မှတ်တမ်းရုပ်ရှင်ဖန်တီးသူတဦးဖြစ်ပါတယ်။)
👍181🤮1
👍17💩4
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်မာတဲ့သက်သေပြပေးဖို့ပြည်သူတွေတောင်းဆိုဆန္ဒပြ

မေ ၁၀၊၂၀၂၆။သုည/People's Spring

စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ရွှေဘိုမြို့နယ်ကသ
ပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်
သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဒေသခံပြည်သူတွေဟာ "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကျန်းကျန်းမာမာနဲ့အသက်
ရှင်နေကြောင်းခိုင်လုံတဲ့သက်သေပြပေးဖို့ တောင်း
ဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်
ငံရေးအကျဥ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်းသက်သေပြပေးဖို့ တောင်း
ဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ပြီး သတင်းအ​မှောင်ချထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း
(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်ခဲ့ကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်
သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
26👍9🔥1
ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ ရွှေဘိုမြို့နယ်သပိတ်အင်အားစု
32👍14🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၁၀ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မဘိမ်းမြိုနယ်မှာ KIA နဲ့ စစ်တပ်ကြားလက်နက်ကြီး၊ ဒရုန်းတိုက်ပွဲ ပြင်းထန်နေ

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်
ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမဘိမ်းမြို့နယ်အတွင်းလက်ရှိ စစ်ရေးအခြေအနေကို​မေးမြန်းတဲ့အခါ ဗိုလ်မှူးကြီးနော်ဘူက မေလ‌၉ရက် ညနေပိုင်းမှာ အသိပေးတာဖြစ်ပါတယ်။ မဘိမ်းမှာ မြေပြင်တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လက်ရှိစစ်ရေးအခြေအနေအရ စိုးရိမ်စရာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

◾️ထိုင်းကို တရားမဝင်နယ်စပ်ကသွားတဲ့ မြန်မာတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ထိုင်းနိုင်ငံကို နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာတဲ့ မြန်မာတွေ ဒီရက်ပိုင်းဆက်တိုက်ဖမ်းဆီးခံနေရပြီး မြန်မာတွေ ရာနဲ့ချီဖမ်းဆီးခံနေရပါတယ်။ မေလ ၈ရက်က တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်ကနေ နယ်စပ်ဖြတ်ကျော်လက်မှတ်(Border Pass)တွေကိုင်ဆောင်ပြီး အိမ်ကားစီးကား ၁၀စီးနဲ့ဝင်ရောက်လာတဲ့ မြန်မာ ၁၄၅ဦးကို နယ်ကျော်ဖြတ်ဝင်ရောက်လာမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ Border Passကိုင်ဆောင်သူတွေဟာ သတ်မှတ်ထားတဲ့ နယ်မြေအတွင်းသာ သွားလာခွင့်ရှိတာကြောင့် ၎င်းတို့ကို တရားမဝင်ဝင်ရောက်
လာမှုနဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ ဖရုမ်ဖီယမ်မြို့နယ် အမြန်လမ်းပေါ်မှာ ကား ၁၀စီးနဲ့ တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၁၀၀ကျော်ဟာ အဝေးပြေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်။

မြန်မာလုပ်သား ၁၁၀တင်ဆောင်လာတဲ့ ကားတွေဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုမခံယူဘဲ တောတွင်းတနေရာမောင်းပြေးရာ မလွတ်မြောက်ခဲ့ပဲ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ အဲဒီဖမ်းဆီးခံရတဲ့ မြန်မာတွေဟာလည်း မယ်ဆိုင်နယ်စပ်ကနေ ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။ ဒါ့အပြင် မေလ ပထမပတ်ကလည်း ထိုင်းနိုင်ငံ၊ ရတ်ဘူရီခရိုင်ရဲ့ အဝေးပြေးလမ်းမမှာ အလုံပိတ်ကားအတွင်း တင်ဆောင်လာတဲ့ မြန်မာလုပ်သား ၂၆ဦးဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးဖမ်းဆီးမှုခံခဲ့ရပါတယ်။ မေလ ၆ရက်မှာလည်း တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၁၉ဦးဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်။အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၁၃ ဦးဟာ မဲဆောက်မြို့ကို ဝင်ရောက်လာစဉ်မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုခံရတာ ဖြစ်ပါတယ်။

◾️AAကယ်ဆယ်ထားတဲ့ဘင်္ဂလားဒေ့ရှ်ရေလုပ်
သားတွေအပါအဝင်၁၄ဦးကို ပြန်လွှဲပေး

ရခိုင်ပြည်နယ် ရေပိုင်နက်အတွင်းမှာ အာရက္ခတပ်တော်(AA) ကယ်ဆယ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရေလုပ်သား၁၀ဦး အပါအဝင် ၁၄ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပြန်လွှဲပြောင်းပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ မေလ၃ရက်မှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB)ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်တာလို့ မောင်တော‌ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ အဲ့ဒီရေလုပ်သားတွေပြန်လွှဲပေးရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားဒေသBGB တာဝန်ရှိသူတွေနဲ့ အာရက္ခတပ်တော် (AA)ကာလရှည်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရပြီးနောက်ပိုင်းအကောင်အ
ထည်ဖော်နိုင်ခဲ့တာလို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ရေးသားထားပါတယ်။ လွှဲ‌ပေးသူ၁၄ ဦးအနက် ၁၀ဦးကဘင်္ဂလားဒေ့ချ် နိုင်ငံ ရေပိုင်နက်မှာ ငါးဖမ်းစဉ် စက်လှေပျက်ပြီး ရခိုင်ရေပိုင်နက်ကို ဝင်ရောက်လာလို့ ကယ်ဆယ်ခဲ့သူတွေဖြစ်ပြီး လေးဦးကတော့ ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းလာပို့စဉ် စစ်တပ်ရဲ့ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူတွေဖြစ်တယ်လို့ AAရဲ့ သတင်းတွေကို ဖော်ပြပေးနေတဲ့ Arakan Princess Mediaက ဖော်ပြပါတယ်။

◾️လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦးချောင်းအတွင်းရေချိုးရင်း ရေနစ်သေဆုံး

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်မှာ မောင်နှမသုံးဦး ချောင်းအတွင်း ရေချိုးရင်း ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့နဲ့ ကူညီကယ်
ဆယ်ရေးဆောင်ရွက်ခဲ့သူတွေက ပြောပါတယ်။
ဒီကနေ့(မတ်လ ၁၀ ရက်) မနက် ၁၁နာရီဝန်းကျင်ကမထောခူကျေးရွာအနီးကသဲချောင်းမှာ ရေဆင်းချိုးရင်း ရေနစ်ပြီး မောင်နှမသုံးဦးလုံး သေဆုံးခဲ့တာလို့ ဆိုပါတယ်။ ရေနစ်သေဆုံးသူတွေဟာ အသက်(၁၈)နှစ်အရွယ်မတင်တင်စန်းဦး၊ အသက်
(၁၉)နှစ်အရွယ်မောင်စိုးသီးဟနဲ့ အသက် (၂၀)အ
ရွယ် မောင်ရဲလင်းအောင်တို့ ဖြစ်ပြီး ရုပ်အလောင်းတွေကို နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ရှာဖွေတွေ့ရှိတယ်လို့ အသိပေးပါတယ်။

◾️နတ်မောက်မှာ အင်အာဖြည့်တင်းနေတဲ့ စစ်တပ်ကို ဗိဿနိုးတပ်တိုက်ခိုက်

မကွေးတိုင်း၊နတ်မောက်မြို့နယ်မှာ စစ်တပ်က အင်အားနဲ့ ခဲယမ်းတွေထပ်ဖြည့်နေပြီး စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ မေလ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ သုံးကြိမ်ထက်မနည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဆိုပါတယ်။ အခု မေ၈ ရက် မနက် ၈ နာရီခွဲက လဲဘူးကျေးရွာက
👍164🔥1
ထွက်ခွာလာတဲ့ စစ်ကြောင်းကို သပွတ်ပင်ရွာနဲ့ ကျောက်အိုးကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က အထိနာပြီး ကျောက်အိုးရွာကနေပြန်ဆုတ်သွားရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် လျှော်ချောင်းလေးရွာက ထွက်ခွာလာတဲ့ နောက်ထပ်စစ်ကြောင်းကိုလည်း ထန်းပင်မျှောင်နဲ့ ကန်သာရွာကြားမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ပြီး ထိခိုက်ဒဏ်ရာရသူများပြားလို့ လက်ရှိမှာ ကန်သာကျေးရွာမှာ တပ်စွဲနားနေရတယ်လို့ အသိပေးပါတယ်။

◾️အရပ်သားနေထိုင်ရာတွေ ပစ်မှတ်ထားတိုက်
ခိုက်နေမှု ရပ်တန့်ဖို့ ကချင်လူ့အခွင့်အရေးအဖွဲ့ KHRW ပြော

အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်နေမှု လုပ်ရပ်တွေ ရပ်တန့်ဖို့လိုအပ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေး
ဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။ မေလ ၈ရက် ဖားကန့်မြို့နယ် တိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်က ပြည်သူနေထိုင်ရာနေရာတွေကိုပါ တိုက်လေယာဉ်နဲ့ဗုံးကြဲတာ၊ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်ခတ်တာ ပြုလုပ်ခဲ့တဲ့ ရုပ်သံတွေ ထွက်ပေါ်လာတဲ့အပေါ် အခုလို ပြောကြားတာဖြစ်ပြီး အဲဒီ လုပ်ရပ်တွေဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဖားကန့်မြို့နယ် လုံးခင်းဒေသကို စစ်ရေးလှုပ်ရှား ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ကနေ ၈ရက်နေ့အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် အထိနာခဲ့ပြီး သေဆုံးထိခိုက် ၂၀ဦးကျော်ရှိကာ လက်နက်တွေ သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

◾️မင်းအောင်လှိုင်ရဲ့စစ်တပိုင်းအစိုးရကို လုံး၀အ
သိအမှတ်မပြုဟု ရှမ်းကျောင်းသားသမဂ္ဂကြေညာ

အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး အစိုးရဟုသတ်မှတ်သော မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရကို လုံးဝအသိအမှတ်မပြုကြောင်း ရှမ်း(သျှမ်း)ကျောင်းသားသမဂ္ဂကထုတ်ပြန်ကြေ
ညာပါတယ်။ သျှမ်းကျောင်းသားသမဂ္ဂ နှစ်ပတ်
လည် ညီလာခံထုတ်ပြန်ကြေညာချက် ကို မေလ ၉ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ သုံးရက်ကြာကျင်းပခဲ့တဲ့ နှစ်ပတ်
လည် စုံညီအစည်းအဝေးမှာ လက်ရှိဖြစ်ပျက် နေသော နိုင်ငံရေး၊ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ပြီး ဆုံးဖြတ်ချက်၊ တောင်း
ဆိုချက်တွေ ချမျတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။ဆုံးဖြတ်ချက်တွေထဲမှာ စစ်အာဏာရှင်
စနစ်၊ နယ်ချဲ့ကျူးကျော်အရင်းရှင်စနစ်ကို အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ပြီး အဲဒီစနစ်တွေ ချုပ်ငြိမ်းရေး ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် နည်းမျိုးစုံဖြင့်အတိဒုက္ခရောက်နေကြသော အဖိနှိပ်ခံ ရှမ်းလူထုတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။ လက်ရှိသျှမ်းတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ တည်ဆောက်လုပ်ကိုင်နေသော ဒေသန္တရ အုပ်ချုပ်ရေးစနစ် (Local Goverance )များကို ထောက်ခံပြီး ပူးပေါင်းပါဝင်ကူညီသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

◾️ဗန်က ဂျပန်ဖိုက်တာကို နောက်ဆုံးအချီမှာ အလဲထိုပြီး ချန်ပီယံခါးပတ်ကာကွယ်

ဒီကနေ့မနက်က အမေရိကန်မှာ ထိုးသတ်ခဲ့တဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ပြိုင်ဘက်ဂျပန်ဖိုက်တာ တက်ဆူရိုကို နောက်ဆုံးအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂျိုရှုအာဗန်နဲ့ တက်ဆူရိုတိုင်ရာတို့ဟာ ဒီကနေ့ မနက်ပိုင်းက အမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်Newarkမြို့ရှိ Prudential Centerမှာ ကျင်းပတဲ့ UFC 328 ပြိုင်ပွဲရဲ့ ဒုခေါင်ပွဲအဖြစ် ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ပထမအချီမှာ တက်ဆူရိုဟာ ၎င်းအားသာတဲ့ ချုပ်ကွက်နဲ့ ဗန်ကို အနိုင်ယူဖို့ ကြိုူစားခဲ့ပေမယ့်လည်း ဗန်က နှစ်ကြိမ်လုံး ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒုတိယအချီပြီးခါနီးမှာတေ့ ဗန်ရဲ့ ညာထောက်လက်သီးချက်ကြောင့် တက်ဆူရို လဲကျခဲ့တဲ့အချိန် ပွဲကို အဆုံးသတ်ဖို့ ဗန် ကြိုးစားခဲ့ပေမယ့်လည်း ပွဲချိန်ပြည့်သွားလို့ တက်ဆူရို ကံကောင်းခဲ့ပါတယ်။တတိယအချီမှာတော့ ဗန်က အသာစီး ထိုးသတ်နိုင်ခဲ့ပြီး ဘယ်၊ ညာ လက်သီးတွဲလုံးတွေကြောင့် တက်ဆူရို လဲကျချိန် လည်ပင်းသိုင်းဖတ်ကာ ဂျူဂျစ်ဆုနည်းနဲ့ အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် တက်ဆူရိုက ပြန်ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗန်ရဲ့ လက်သီးချက်တွေကြောင့် တက်ဆူရိုရဲ့ မျက်နှာတစ်ခုလုံး ဖူးယောင်ခဲ့ပါတယ်။စတုတ္ထအချီတွေမှာတော့ တက်ဆူရိုဟာ ဗန်ကို ချုပ်ဖို့ ကြိုးစားပေမယ့်လည်း အားမပါနိုင်တော့ဘဲ ဗန်ရဲ့ ထိုးသတ်ချက်တွေသာ အလူးအလဲခံခဲ့ရပါတယ်။ နောက်ဆုံးအချီမှာတော့ဗန်ရဲ့ ဘယ်၊ညာ လက်သီး
ချက်တွေကြောင့် တက်ဆူရို ဒူးထောက်ကျခဲ့ချိန် ဒိုင်က ဆက်ပြိုင်ခွင့်မပေးတော့ဘဲ ဗန်ကို အနိုင်
ပေးခဲ့ပါတယ်။

◾️ပေါက်မြို့နယ်စစ်ကြောင်းထိုးလာတဲ့တပ်မ
(၉၉)ပါစစ်ကြောင်းကို တော်လှန်‌ရေးတပ်တွေ တိုက်ခိုက်
👍183🔥1
မကွေးတိုင်း၊ ပေါက်မြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့တပ်မ(၉၉)ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မေတာ်၊ ပခုက္ကူခရိုင်အမှတ် (၁၂)က ဒီကနေ့ မေလ၉ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်တပ်က ဗိုလ်မှူးစိုးသူရ ဦးဆောင်ပြီး တပ်မ(၉၉)နဲ့ ခမရ(၅၇၃၊ ၅၇၂၊ ၃၁၆တပ်ရင်းတွေက စုစုပေါင်းအင်အား ၅၀၀ကျော်ပါတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆိပ်ဖြူမြို့အခြေစိုက် အမှတ်(၂၂)ကာ
ကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကနေ စစ်
ကြောင်းထိုးဝင်လာတဲ့ စစ်ကြောင်းနဲ့ အခု မလ ၄ ရက်က ပေါက်မြို့နယ်တောင်ပိုင်းမှာ ၂နာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က လေးဦး သေဆုံးတယ်လို့ အသိပေးပါတယ်။ဒါ့အပြင် မေလ ၅ရက်က ပေါက်မြို့နယ် ပုသိမ်- မုံရွာလမ်းပိုင်းမှာလည်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ငါးဦးသေ
ဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

◾️ရန်ကုန်မြို့လယ် Night Run အ​ပြေးပြိုင်ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့ပြီး ပြည်သူတွေ အခက်ကြုံ

အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ Atom ဆက်သွယ်ရေးအော်ပရေတာက စီစဥ်ပြုလုပ်တဲ့ ရန်ကုန်မြို့လယ်ခေါင် Yangon Heritage Night Run မာရသွန်အပြေးပြိုင်ပွဲကြောင့် မေလ ၉ ရက် ည​နေပိုင်းမှာ ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြည်သူတွေ သွားလာရေး အခက်ကြုံခဲ့ရတယ်လို့ သိရပါတယ်။ အပျော်တမ်းအပြေးပြိုင်ပွဲကို Night Run လို့ အမည်ပေးထားပေမယ့် ပြိုင်ပွဲစတင်ချိန်က ညနေပိုင်းဖြစ်တာကြောင့် ညနေရုံးဆင်းချိန် အိမ်ပြန်တဲ့ အခြေခံပြည်သူတွေ ဒုက္ခရောက်ခဲ့ကြရတယ်လို့ ရုံးဝန်ထမ်းတချို့က ပြောပါတယ်။ ပြိုင်ပွဲကို မြို့တွင်းခြောက်မြို့နယ်အပါအဝင် ဆူး
လေဘုရားလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊​ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကမ်းနားလမ်းပိုင်းတို့မှာ ပြုလုပ်ခဲ့ပြီး ကြေညာချက်တစ်စုံတစ်ရာမရှိဘဲ အဲဒီလမ်းပိုင်းတွေ ပိတ်ခဲ့တာကြောင့် သွားလာသူတွေ ဒုက္ခရောက်ခဲ့တာလို့ သိရပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။ဒေသခံပြည်သူတွေဟာ "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
👍223🔥2