People's Spring
63.4K subscribers
65.6K photos
1.15K videos
7 files
2.85K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရုပ်သံ - ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်
29👍6🔥2🥰2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၈ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️မြန်မာ့အကျပ်အတည်းတိုးတက်မှု မရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေ စိတ်ပျက်

မြန်မာပြည်အကျပ်အတည်းကို ဖြေရှင်းရာမှာ တိုးတက်မှုမရှိတဲ့အပေါ် အာဆီယံခေါင်းဆောင်တွေအကြား စိတ်ပျက်မှုမြင့်တက်လာတယ်လို့ ဖိလစ်ပိုင်သမ္မတမာကို့စ်ဂျူနီယာက ပြောကြားလိုက်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလွဲလို့ ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ အားလုံးတက်ရောက်ကြတဲ့ အာဆီယံထိပ်သီးညီလာခံကို ဒီနေ့ မေလ ၈ရက်မှာ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးပြည်နယ် လာပူလာပူမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်သူ ဖိလစ်ပိုင်သမ္မတက အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက ဒီနေ့ တံခါးပိတ်အစည်းအဝေးကျင်းပကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ရှေ့ဆက်တိုးဖို့အတွက် အခုထက် ပိုမိုအားထုတ်ကြိုးပမ်းရမယ်ဆိုတာတွေကို ခေါင်းဆောင်တွေ အကြား သဘောတူညီခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိတာကိုလည်း ခေါင်းဆောင်က စိတ်ပျက်နေကြတယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ တဖက်မှာလည်း အာဆီယံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဆက်လက်ဖယ်ကြဥ်ထားဆဲဖြစ်ပေမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ သိပ်မကြာခင်ကာလမှာ စစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးကို အွန်လိုင်းကနေ တွေ့ဆုံဖို့ ဆုံးဖြတ်ထားကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

◾️မင်းတပ်မြို့ကို စစ်တပ်က လေကြောင်းကနေ မီးလောင်ဗုံး ကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မေလ ၈ရက် နေ့လယ်ပိုင်းမှာ မီးလောင်ဗုံးတွေအသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၈ရက် မနက် ၇နာရီလောက်မှာ စစ်တပ်က မင်းတပ်မြို့ အရှေ့ခြမ်းတနေရာကို လေကြောင်းက ၂ကြိမ်ဗုံးကြဲခဲ့ပြီးနောက် နေ့လယ် ၁၂နာရီ ၄၅ မိနစ်မှာ ထပ်မံ ဗုံးကြဲခဲ့တာပါ။ နေ့လယ်ပိုင်း လေကြောင်း တိုက်ခိုက်မှုမှာ မီးလောင်ဗုံးနဲ့အတူ ဖျက်အားပြင်းဗုံးတွေ သုံးပြီး ဗုံးကြဲသွားတာကြောင့် မွန်းလွဲ ၂နာရီအထိ မီးလောင်နေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။ မနက်ပိုင်းက ဗုံးကြဲခဲ့တဲ့နေရာကိုပဲ မီးလောင်ဗုံးထပ်ကြဲတာကြောင့် နေအိမ်တချို့ မီးလောင်ကာ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံက ဆိုပါတယ်။ နေ့လယ်ပိုင်း ထပ်မံလေကြောင်းတိုက်ခိုက်မှုဟာ စစ်တပ်က ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို ပစ်မှတ်ထားပြီး အထိအခိုက်များအောင် မီးလောင်ဗုံးတွေ၊ ဗုံးတွေ သုံးပြီး အခုလို တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပါတယ်။ စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု ထပ်မံ မပြုလုပ်မီ မင်းတပ်မြို့ပေါ်ကို ကင်းထောက်ဒရုန်း လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။ မနက် ၁၁နာရီလောက်မှာ ကင်းထောက်ဒရုန်း လာရောက်ပြီး တစ်နာရီခွဲလောက်အကြာမှာ ဗုံးကြဲတိုက်ခိုက်တာ ဆက်လက်လုပ်ဆောင်ခဲ့တာပါ။

◾️ဖားကန့်ဒေသ ၃ရက်ဆက်တိုက်ပွဲ စစ်တပ် ၂၀ ကျော် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ မေလ ၆ရက်ကနေ ဒီနေ့ မေလ ၈ရက်အထိ စစ်ရေး အခြေအနေကို ကချင်စစ်ရေး သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။ ၃ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးတယ်လို့လည်း ပြောပါတယ်။ ၃ရက်အတွင်းမှာ လက်နက်ကလည်း အလက် ၂၀ကျော်လောက်ရရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

◾️ဖားကန့်ကို စစ်တပ် လေကြောင်းဗုံးကြဲ

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်ဒေသ၊ လုံးခင်းကျေးရွာအုပ်စု၊ မလောင်ကျေးရွာက ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုထဲကို ဒီနေ့ မေလ ၈ရက် မနက် ၁၀နာရီ ၁၀မိနစ်နဲ့ ၁၀နာရီ ၁၈မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားပြီး နေ့လယ် ၁၂နာရီကျော်မှာ လုံးခင်းဂေါက်ကွင်းလမ်း၊ ကုဋေလမ်းဆုံအနီးကို ဗုံးထပ်ကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲက မှော်စီဆာ၊ လုံးခင်းနဲ့ ကုဋေရွာဘက်မှာ ဖြစ်နေပြီး ဗုံးကြဲသွားတာက တိုက်ပွဲနဲ့မဆိုင်တဲ့နေရာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်တာရှိတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် နေ့လယ်ပိုင်းလေကြောင်းတိုက်ခိုက်မှုမှာ စက်သုံးဆီဆိုင်နဲ့ နေအိမ်တွေကို ထိမှန်သွားပြီး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

◾️ဒေါ်နန်းခင်ထွေးမြင့် မကွယ်လွန်ဘူးလို့ နီးစပ်သူတွေ ပြော
👍156🔥3
အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ NLD အစိုးရလက်ထက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့က ပြောပါတယ်။ မေလ ၇ ရက် မနေ့က ​ဒေါ်နန်းခင်​ထွေးမြင့် ကွယ်လွန်ပြီဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေနဲ့ သတင်းဌာန အချို့ကရေးသားဖြန့်​ဝေခဲ့ပြီး ဒီ သတင်းဟာ အမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ အချို့က​ ပြောလာတာပါ။ ဒါ​ပေမဲ့ ​အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ​ဒေါ်နန်းခင်​​ထွေးမြင့်ဟာ လတ်တ​လောမှာ ခြေထောက်တွေနာနေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ဖြစ်​နေတယ်လို့ စုံစမ်းသိရပါတယ် ။ အာဏာသိမ်းစစ်အုပ်စု မတရားဖမ်းဆီးတာခံရပြီး ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံထားရတဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ​ မေလဆန်းမှာ ဘားအံဆေးရုံကို အရေးပေါ်အခြေအနေနဲ့ ၃ ရက်တက်ရောက်​ဆေးကုသမှုခံယူခဲ့ရပါ​သေးတယ်။ ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ အာရုံကြောဝေဒနာ ခံစားနေရပြီး ​​ခေါင်းမူးတာ၊ ခေါင်းကိုက်တဲ့​ဝေဒနာခံစား​နေရတယ်လို့ သူမရဲ့မိတ်​ဆွေအချို့က​ ပြောပါတယ်။ စစ်တပ်က ​ဒေါ်နန်းခင်​ထွေးမြင့်ကို ဘားအံ့​ဆေးရုံမှာ ၃ ရက်ပဲတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒေါ်နန်းခင်​ထွေးမြင့် ​ဆေးရုံမှာ တက်​ရောက်​နေတဲ့ ဗီဒီယို မှတ်တမ်းဟာ ​မေလဆန်းမှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ ရုပ်သံမှတ်တမ်း​ပေါက်ကြားခဲ့တဲ့အတွက် စစ်တပ်က ​ဆေးရုံနဲ့ ဌာနဆိုင်ရာဝန်ထမ်း​တွေကို စစ်​ဆေးခဲ့တယ်လို့ ကရင်​ဒေသတွင်းသတင်းဌာနဖြစ်တဲ့ KIC ကလည်း​ ဖော်ပြပါတယ်။

◾️ကနီမှာ စစ်တပ်သတင်းပေးမှုကြောင့် Starlinkအင်တာနက်အသုံးပြုမှု ပိတ်သိမ်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ဆီ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းတိုင်း၊ကနီမြို့နယ်အတွင်း စစ်တပ်က ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုမိုများလာတာကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရလို့ အခုလို ပိတ်သိမ်းရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မေလ ၇ ရက်က ကနီမြို့နယ်အတွင်းက ဆေးရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ဆေးရုံတက်ကုသနေသူ၂ဦး သေဆုံးပြီး ဒဏ်ရာရတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ယင်းမာပင်မြို့နယ်ဘက်ကနေ ကနီမြို့နယ်ဘက်ကို စစ်တပ်က စစ်ကြောင်း တွေဆက်တိုက်ထိုးနေတာမို့ လုံခြုံရေးအရ ပိတ်သိမ်းတာဖြစ်တယ်လို့လည်း‌ ဆိုပါတယ်။

◾️၁၀၂၇စစ်ဆင်ရေးက စစ်သုံ့ပန်း ၁၀၀ ဝန်းကျင်ကို TNLAပြန်လွှတ်ပေး

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲခဲ့တဲ့ ၁၀၂၇စစ်ဆင်ရေးအတွင်းက ဖမ်းမိခဲ့တဲ့ စစ်သုံပန်းတွေထဲက ၁၀၀လောက်ကို တအာင်းတပ်မတော်(TNLA)က စစ်တပ်ဆီ ပြန်လွှဲပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ ဒီနေ့ မေလ ၈ရက် မနက်အစောပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ကျောက်မဲမြို့နယ်မှာ စစ်တပ်က လက်ခံရယူခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်ဆီ ပြန်လွှဲပေးခဲ့တဲ့သူတွေထဲမှာ အရာရှိတွေလည်း ပါတယ်လို့ သိရပြီး အတည်တော့ မပြုနိုင်ဘူးလို့ ကျောက်မဲဒေသခံက ပြောပါတယ်။

◾️လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်း တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ထိခိုက်သေဆုံးသူတွေရှိပြီး လက်နက်နဲ့ခဲယမ်းတချို့ရတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ မေလ ၆ ရက် မနက် ၈နာရီဝန်းကျင်က လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းကျေးရွာလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်တပ်က ၂ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ MA- 3 သေနတ် တစ်လက်၊ MA ကျည်ဘောက်လေးခုနဲ့ကျည်တွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။ လက်ရှိစစ်ရေးအခြေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့လည်း ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ် ကြောင်းက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စစ်တပ်က လောင်းလုံးမြို့ပေါ်ကနေ မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေပြီး မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။

◾️ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ် တိုက်ခိုက်ခံရ
👍154🔥3
မကွေးတိုင်း၊ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် မိုင်းဆွဲခံရပြီး လေးဦးထက်မနည်း သေဆုံးတယ်လို့ ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂) ကလာတဲ့ စစ်တပ်စစ် ကြောင်းကို ပေါက်-ဆိပ်ဖြူ နဲ့ ပုသိမ်-မုံရွာလမ်းဆုံ အနီးမှာ မေလ ၆ ရက်က နင်းမိုင်း၊တိုက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ၊ပေါက်မြို့နယ် ပကဖနဲ့ ရပ်ကျေး ပကဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်မြေရှင်းလင်းမှုအတွင်း စစ်တပ်စစ်ကြောင်းထံက စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တာရှိတယ်လို့ ထုတ်ပြန်ပါတယ်။ အင်အား ၅၀၀ကျော်ပါတဲ့ ကပစ(၂၂)က စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်အတွင်းဝင်ရောက်သွားပြီးဖြစ်ကာ မြို့အနောက်ဘက်ခြမ်းရောက်နေပြီလို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

◾️အလင်းဝင်လာတဲ့စစ်သား ၂၀ဦးကျော်ရှိတယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ထုတ်ပြန်

တနင်္သာရီတိုင်းစစ်ဌာန၊မြိတ်ခရိုင် PDF တပ်ရင်းတွေထံ စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်နဲ့ အလင်းဝင်ရောက်ပြီး အဲဒီတပ်ရင်းက PDF တပ်ဖွဲ့တွေဆီ အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်ရှိပြီလို့ မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ပါတယ်။ မတ်လ ၆ရက်မှာ တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းအနောက်ကမ်းရွာ အခြေစိုက် ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦး အလင်းဝင်ရောက်လာမှု အသိပေးထုတ်ပြန်ရာမှာ ပြီးခဲ့တဲ့ ၅နှစ်ကျော်အတွင်း PDF တွေဆီကို အလင်းဝင်လာတဲ့ ခမရ(၅၆၁)တပ်ရင်းက တပ်သားအရေအတွက်ကို အသိပေးထားတာဖြစ်ပါတယ်။ ခမရ (၅၆၁)တပ်ရင်း အခြေစိုက် ညောင်ပင်ကွင်းရွာ၊ ခြောက်မိုင်ရွာ၊ ဘန်လောရွာအနီးမှာ စစ်တပ် စစ်ရေးလှုပ်ရှားမှုရှိလို့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အခြေအနေကိုလည်း မြိတ်ခရိုင် တပ်ရင်း(၂)က အသိပေးထားပါတယ်။

◾️ဂန့် ဂေါမြို့နယ် မြောက်ပိုင်း NUGအကျဉ်းထောင်က အကျဉ်းသား ၃ဦး ထွက်ပြေး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုး‌ရ NUG ကာကွယ်ရေးဝန်ကြီးဌာန MODလက်အောက်ခံ အကျဉ်းထောင်ကနေ စစ်သုံ့ပန်း၂ဦးနဲ့ ပြစ်မှု အကျဉ်းသား ၁ဦးတို့ ထွက်ပြေးသွားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။ မေလ ၇ရက် မနေ့က နေ့လယ်ပိုင်းမှာ ဂန့်ဂေါမြို့နယ် မြောက်ခြမ်းက အကျဉ်းသားတွေ ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်ကနေ အစောင့်တွေမသိဘဲ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ ထွက်ပြေးသွားတဲ့ သုံ့ပန်းနှစ်ဦးဟာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာ ၃ ရက်က ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းယူစဉ်မှာ အရှင်ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း ၁၇ဦးထဲက ဖြစ်တယ်လို့ သိရပါတယ်။ နောက်တစ်ဦးကတော့ ရွှေဘိုမြို့နယ်အတွင်းက လူသတ်မှုကျူးလွန်လို့ ဖမ်းဆီးထားတဲ့ တရားခံ ဖြစ်တယ်လို့ သိရပါတယ်။

◾️စစ်ကိုင်းမှာ စစ်တပ်စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရ

စစ်ကိုင်းမြို့နယ်က ကျေးရွာတွေ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မေလ ၈ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းအနီး၊ ကံတလူဘုရားဝန်းကျင်နဲ့ ကုန်းရွာတဝိုက်ကို စစ်တပ်က အင်အား ၁၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဓါးစာခံ အဖြစ် ပြည်သူ ၃၀ ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ စစ်ကိုင်းကင်းထောက်အဖွဲ့ဖြစ်တဲ့ GroundPress အဖွဲ့က ဆိုပါတယ်။ အလားတူ ဒီနေ့မှာပဲ စစ်ကိုင်းမြို့နယ်ကို မန္တလေးမြို့ကနေ စစ်တပ်ယာဥ်တန်းတွေ ဝင်ရောက်လာပြီး စစ်ကိုင်း တပ်မ(၃၃)ကတဆင့် မုံရွာ-မန္တလေးလမ်းအတိုင်း ချောင်းဦးနဲ့ မုံရွာမြို့ဘက် ဦးတည်သွားနေကြောင်း GroundPress မြေပြင်သတင်းက ဆိုပါတယ်။

◾️စစ်ကိုင်းတိုင်းက Proof of Life လှုပ်ရှားမှု

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးရွာ တစ်ရွာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက် အလုပ်သမားပြည်သူအဖွဲ့ဝင်တွေက Proof of Lifeလူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဒေသခံပြည်သူတွေက "Proof of Life" ၊ "အမေစုနဲ့အတူ နိုင်ငံရေး အကျဥ်းသားများ အားလုံး ချက်ချင်းလွှတ်" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
👍23🔥32
👍247🔥3
👍195💩3🔥1