People's Spring
63.5K subscribers
65.6K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ဘုတလင်သပိတ်၊ ရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းသပိတ်
41👍11🔥1🥰1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၇ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️ဖြူးနဲ့ထန်းတပင်အစပ်ရွာတွေကို စစ်တပ်ဗုံးကြဲ၊ ဒေသခံပြည်သူ ၆ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူး နဲ့ ထန်းတပင်မြို့နယ်အစပ်ကျေး
ရွာတွေကို စစ်တပ်က ဒီ​နေ့မှာ လေကြောင်း
ကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံပြည်သူ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ ပြောပါတယ်။ မေလ ၇ ရက် နေ့လယ် ၁၂ ခွဲအချိန်မှာ စစ်တပ်က ထန်းတပင်မြို့နယ် ဘွားအေစုကျေးရွာနဲ့ ဖြူးမြို့နယ် ရှားပင်ချောင်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ဘွားအေစုတစ်ရွာတည်းကို ​လေ​ကြောင်းက​နေ ၅ ကြိမ်ဗုံးကြဲခဲ့တာလို့​ဒေသခံအချို့က​ ပြောပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘွားအေစုကျေးရွာက ဒေသခံ ၆ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ ပြောပါတယ်။​ သေဆုံးသူ​တွေထဲမှာ က​လေးငယ် သုံးဦးပါဝင််တယ်လို့ သိရပါတယ်။

◾️မင်းပြားမြို့နယ်ကို စစ်တပ်က လေယာဉ်အုပ်စုလိုက် ဗုံးကြဲ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကို စစ်တပ်က ဒီနေ့ မေလ ၇ရက် မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာအနီးနဲ့ သစ်ပုတ်တောင်အနီးကို မွန်းလွဲ၂ နာရီခွဲကျော်အချိန်ကစလို့ ၃ နာရီခွဲကျော်အထိ လေယာဉ် ၈စီးနဲ့ ဗုံးလာကြဲတာလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂျက်ဖိုက်တာ ၆စီး၊ Y-12 ၂စီးနဲ့ ဗုံးပတ်ကြဲတာဖြစ်ပြီး ဒေသခံတွေဟာ ဗုံးခိုကျင်းထဲမှာ နာရီနဲ့ချီကြာ ပုန်းအောင်းနေခဲ့ရတယ်လို့ သိရပါတယ်။

◾️အာဆီယံထိပ်သီးညီလာခံ စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ခွင့်မရပြန်

ဖိလစ်ပိုင်နိုင်ငံ စီဘူးမှာ ကျင်းပပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာက လွဲလို့ ကျန်အဖွဲ့ဝင် ၁၀ နိုင်ငံက ခေါင်းဆောင်တွေအားလုံး တက်ရောက်ကြမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက မေလ ၆ ရက် မနေ့က အတည်ပြုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာဆီယံခေါင်းဆောင်တွေနဲ့ အထူးအစည်းအဝေးတစ်ကြိမ်သာ သွားရောက်တက်ခဲ့ဖူးပြီး အဲဒီနောက်ပိုင်း ၅ နှစ်ကျော်ကြာ အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရွေးကောက်ခံအရပ်သားအစိုးရပုံစံဖမ်းပြီး စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ကနေ သမ္မတရာထူးကို သူ့ကိုယ်သူ ပြန်ခန့်အပ်ပေမယ့် အာဆီယံကတော့ မြန်မာပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်မပြုသေးသလို ထိပ်သီးညီလာခံတက်ရောက်ခွင့်ကိုပါ ပိတ်ပင်ထားတာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တက်ရောက်ခွင့် မပြုတာက အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူ အင်ပီရီရယ်က ပြောပါတယ်။ မြန်မာနိုင်ငံအခြေအနေကြောင့် အာဆီယံခေါင်းဆောင်တွေက အခုလို ဆုံးဖြတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ ထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်တက်ရောက်ပါလိမ့်မယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

◾️မြန်မာ့အရေးအတွက်ပိုပြီးထိရောက်တဲ့ ဆောင်
ရွက်မှုမျိုးတွေကို အာဆီယံဥက္ကဋ္ဌဆီကနေ SAC-M တောင်းဆို

အာဆီယံခေါင်းဆောင်ဟောင်းတွေနဲ့ ကုလသမဂ္ဂ (UN) ကျွမ်းကျင်ပညာရှင်ဟောင်းတွေက အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပိုပြီး ထိရောက်တဲ့ ကိုင်တွယ် ဆောင်ရွက်မှုတွေ တွန်းအားပေး လုပ်ဆောင်ဖို့ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က မေလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ စီဘူမြို့မှာကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံမှာမြန်မာနဲ့ပတ်သက်ပြီး ပိုမိုထိရောက်တဲ့ အရေးယူ ကိုင်တွယ်မှုတွေ လုပ်ဆောင်ပေးဖို့ ထိုင်းနဲ့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်းတွေ၊ ဖိလစ်ပိုင် အထက်လွှတ်တော် အမတ်ဟောင်းနဲ့ တရားရေး ဝန်ကြီး လိုင်လာဒီ လီမာ၊ SAC-Mရဲ့ တခြားအဖွဲ့ဝင်တွေက လက်မှတ်ရေးထိုး တောင်းဆိုထားခဲ့ကြပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၅ နှစ်အကြာမှာတော့ အတုအယောင် ရွေး
ကောက်ပွဲ တစ်ခုနေတဆင့် သမ္မတ ရာထူးကို ရယူပြီးတဲ့နောက် အာဆီယံ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ ကြိုးစားနေကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

◾️ကပစ(၁၆)အနီးက စစ်တပ်စခန်းကုန်းတစ်ခုကို AAနဲ့မဟာမိတ်တွေ ထိုးစစ်ဆင်
👍193🔥1
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ(၁၆)ရဲ့ကာကင်းစခန်း ၆၆၆ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက သိမ်းယူပြီးတဲ့နောက် သုံးလကျော်အကြာမှာ နောက်ထပ်ကာကင်းစခန်းတစ်ခုကို ထပ်မံထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ၆၆၆ ပွိုင့်ကုန်းကို AA နဲ့မဟာမိတ်တပ်​တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာ သိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ရှေ့ကို ဆက်တိုးပြီး စစ်ရေးဖော်ဆောင်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ AAနဲ့ မဟာမိတ်တပ်တွေက စစ်တပ်ရဲ့ ၅၀၆ စခန်းကုန်းကို ဖိထိုးနေပြီး အဲ့ဒီနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာ တစ်ပတ်လောက်ရှိနေပြီလို့ သတင်းရင်းမြစ်က ဆိုပါတယ်။ စစ်တပ်က လေကြောင်းပစ်ကူ အဓိကပေးနေပြီး တိုက်ပွဲက ပြင်းထန်နေတယ်လို့ သူက ဆက်ရှင်းပြပါတယ်။ ကပစ(၁၆)အနီးမှာ စစ်တပ်ရဲ့ ၆၆၆ပွိုင့်ကုန်း၊ ၅၀၆ပွိုင့်ကုန်း၊၂‌၆၈ ပွိုင့်ကုန်း နဲ့ ၃၅၃ ပွိုင့်ကုန်းဆိုပြီး အဓိကကာကင်းစခန်းလေးခုရှိပါတယ်။ AAနဲ့ မဟာမိတ်တွက ၆၆၆ပွိုင့်ကုန်းကို ဆက်လက်ထိန်းချုပ်ထားပြီးတော့ ၅၀၆ပွိုင့်ကုန်းကို ထပ်မံထိုးစစ်ဆင်နေစဉ်မှာ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတာဖြစ်ပါတယ်။ ကပစ(၁၆)ဘက်ကို သွားတဲ့ တိုက်လေယာဉ်တွေကို မေလ ၁ရက်နောက်ပိုင်းကစလို့ နေ့စဉ် မြင်တွေ့နေရကြောင်း ပန်းတောင်းမြို့နယ်​ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်းကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

◾️စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ၇ဦးထက်မနည်းသေဆုံးတယ်လို့ စီးယင်းစစ်ဦးစီးချုပ်ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ၇ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက People’s Springကို ပြောပါတယ်။ မေလ ၆ရက် မနေ့က ဖလမ်းမြို့အုပ်ချုပ်ရေးယန္တရားတွေပြန်စဖို့ စစ်တပ်က စစ်ကိုင်းတိုင်း ကလေးမြို့ကနေ နိုင်ငံ့ဝန်ထမ်းတွေခေါ်ပြီး စစ်ယာဥ်တန်းနဲ့ တက်လာချိန်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဖလမ်းကို ဝန်ထမ်းတွေလိုက်ပို့တဲ့ စစ်တပ်ယာဥ်တန်းကို ခြုံခိုတိုက်ခိုက်တာ ဖြစ်ပြီး စစ်အုပ်စုဝန်ထမ်းတွေကို မထိခိုက်စေဘဲ နောက်ဆုံးမှ လာတဲ့ စစ်တပ်ယာဥ်ကိုပဲ ပစ်ခိုင်းခဲ့တာလို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ်က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း တပ်မ(၇၇)က ဗိုလ်ကြီး၊ ဗိုလ်တစ်ဦးနဲ့ တပ်သားသုံးဦးရဲ့အလောင်းနဲ့ လက်နက် လေးလက်အပါအဝင် ဖောကားတစ်စီးသိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။ နောက်ပြီး နောက်ထပ်ကားတစ်စီးလည်း ထိခိုက်မှုရှိခဲ့ပြီး စစ်တပ်ဘက်က အနည်းဆုံး ၇ ဦး၊ ၈ ဦး သေဆုံးတယ်လို့ ကိုထောင်းပူက ဆိုပါတယ်။

◾️ဖားကန့်‌ဒေသ လူနေရပ်ကွက်မှာ စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ ကလေးငယ်တစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။။ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာ ဖားကန့်ဒေသ လုံးခင်းကျေးရွာအုပ်စုက ဘုန်းကြီးကျောင်းအနီး မိုင်းပေါက်ကွဲတာလို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးတဲ့ ကလေးဟာ အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေးဖြစ်ပြီး မိုင်းပေါက်ကွဲတဲ့နေရာဟာ စစ်တပ်စစ်ကြောင်းတွေ ထိန်းချုပ်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ ဖားကန့်ဒေသမှာ ဧပြီ၂ ရက်ကစ
တင်ပြီး တိုက်ပွဲတွေဖြစ်ပွား​နေတာပါ။ လုံးခင်းကျေးရွာအုပ်စုကို စစ်တပ်က ထိန်းချုပ်ထားပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာလည်းဖြစ်ပါတယ်။

◾️KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ မေလ ၆ရက်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ အသက်အရွယ်ကြီးပြီဖြစ်သလို ကျန်းမာရေးမကောင်းဖြစ်နေတာ ကြာပြီလို့ ပြောပါတယ်။ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုဟာ ကျန်းမာရေးအားနည်းနေတဲ့ကြားက သတင်းဖြေကြားမှုတွေ ပြုလုပ်ပေးနေတာလို့ ပြောပြပါတယ်။ ကရင်သဘာ၀ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်(KESAN)ကလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒိုကွယ်လွန်မှုအပေါ် ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ထားပါတယ်။

◾️အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေလွတ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်နဲ့ DCI Group ပူးပေါင်းဆောင်ရွက်မှုကို JFM ရှုတ်ချ
👍181🔥1
မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ DCI Groupရဲ့ လုပ်ရပ် ကို ရှုတ်ချကြောင်း နဲ့ အမေရိကန်အပါအဝင်ပြည်ပနိုင်ငံများအနေနဲ့ စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ Justice For Myanmar - JFM က တောင်းဆိုလိုက်ပါတယ်။ စစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ DCI Group က အမေရိကန်ဒေါ်လာသုံးသန်းတန်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ရော်ဂျာစတုန်းကို အကြံပေးအတွက် ငှားရမ်းခဲ့တာကို ဧပြီ ၂၉ ရက်မှာ တင်သွင်းခဲ့တဲ့ အမေရိကန်နိုင်ငံ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းအရသိရတယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။ ရော်ဂျာစတုန်းက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်နေတဲ့ အတုအယောင် အရပ်သား အစိုးရ အမည်ခံ အဖွဲ့အစည်းကို အမေရိကန် အစိုးရနဲ့ ပြန်လည်သင့်မြတ်ပေးနိုင်အောင် ကူညီပေးဖို့ အဓိက တာဝန်ယူနိုင်ပြီး သူ့ရဲ့ဝန်ဆောင်မှုအတွက် စစ်တပ်ဆီကနေ တစ်လကို ဒေါ်လာ ၅၀၀၀၀ အထိရရှိမယ်လို့ သိရပါတယ်။ ၂၀၂၅ မှာချုပ်ဆိုခဲ့တဲ့ DCI Group နဲ့ စစ်တပ်ရဲ့ ကြားက သဘောတူစာချုပ်က အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ ရှောင်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး စစ်တပ်က သွေးစွန်းငွေတွေနဲ့ လော်ဘီတွေငှားတဲ့ လုပ်ရပ်အပါအဝင် ဟာကွက်‌ဖြစ်နေတဲ့ အရာတွေကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျ နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့ JFM ကတောင်းဆိုထားတာပါ။

◾️စစ်တပ်က မန္တလေးမှာ ယာဥ်ရပ်နားခတွေ တိုးမြှင့်ကောက်ခံနေ

မန္တလေးမြို့မှာ NLDအစိုးရလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေကို စစ်တပ်က တိုးမြှင့်ကောက်ခံနေပြီး စက်ဘီးကအစ ယာဥ်ရပ်နားခပေးနေရလို့ မြို့ခံတွေ အဆင်မပြေဖြစ်နေကြပါတယ်။ NLD အစိုးရလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခကောက်ခံမှုကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကောက်ခံခဲ့ရာမှာ ပြီးခဲ့တဲ့ ဧပြီကစပြီး မန္တလေးမြို့က အများပြည်သူဆိုင်ရာနေရာတွေမှာ ယာဉ်ရပ်နားခနှုန်းထားတွေကို အရင်ကထက် နှစ်ဆကျော် တိုးမြှင့်ကောက်ခံနေတာလို့ သိရပါတယ်။ ဒါ့အပြင် အရင်က အခမဲ့ရပ်နားခွင့်ရှိတဲ့ စက်ဘီးတွေကိုပါ ငွေကောက်ခံလာလို့ အဆင်မပြေဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ အရင်က မပေးခဲ့ရတဲ့ စက်ဘီးတွေပါမကျန် ရပ်နားခ ပေးနေရသလို ယာဥ်တွေကလည်း စည်ပင်မှာ ဘီးလှိမ့်ခွန်ဆောင်ပြီးသားကို ထပ်ပေးရတာလို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ တစ်နေရာမှာပေးပြီးလို့ နောက်တစ်နေရာမှာ ထပ်ရပ်ရင်လည်း ထပ်တောင်းနေတာကြောင့် တော်တော်အဆင်မပြေတာလို့ အဲဒီအမျိုးသမီးက ဆက်ပြောပါတယ်။ မန္တလေးစည်ပင်ရဲ့ကောက်ခံမှုအရ ဆိုင်ကယ် ၄၀၀ ကျပ်၊ ကား ၁၀၀၀ ကျပ် ကောက်ခံနေပြီး စက်ဘီးတွေကိုပါ တစ်စီး ၂၀၀ကျပ် ကောက်ခံနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

◾️စက်သုံးဆီချွေတာရေးနဲ့ မြန်မာပြည်သူတွေနဲ့အတူရှိကြောင်းပြသဖို့ နယ်သာလန်သံတမန် စက်ဘီးစီး ရုံးတက်

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့ ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ တစ်ခုခု လုပ်ပေးချင်ခဲ့မိတယ် လို့ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။ သူလုပ်ဆောင်တဲ့အရာက မပြောပလောက်ပေမယ့် စက်သုံးဆီကြောင့် အခက်အခဲကြုံနေရတဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိနေတာကို ပြသနိုင်တယ်လို့ ယုံကြည်ပြီး စက်သုံးဆီ‌လျော့ချဖို့ လုပ်ဆောင်ချက်တွေများလာရင် အကျိုးသက်ရောက်မှုများလာနိုင်တယ်လို့ ဆိုပါတယ်။ နယ်သာလန်နိုင်ငံမှာ ငါးမီတာဝန်းကျင်ဆိုရင် လူတိုင်းက ရုံးကိုစက်ဘီးနဲ့သွားကြပြီး သူကိုယ်တိုင်လည်း အဲဒီလိုပဲ လုပ်ဆောင်ခဲ့တာလို့ မစ္စတာ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။ မြန်မာနိုင်ငံကအဓိက လမ်းမတွေမှာ စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းမရှိတာကြောင့် လမ်းသွယ်တွေကနေပတ်သွားရတယ်လို့ သူ့အတွေ့အကြုံကိုလည်း မျှဝေထားပါတယ်။

◾️စစ်ကိုင်းတိုင်းက "Proof of Life" လှုပ်ရှားမှုတွေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုကို အတူတကွပြုလုပ်ခဲ့ကြပါတယ်။
ဆားလင်းကြီးပြည်သူတွေက "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန် ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" ၊ "Proof of Life" စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ပင်မသပိတ်က ဦးဆောင်ပြီး ဒေသခံတော်လှန်ပြည်သူ တွေနဲ့အတူ "Proof of Life" လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။
👍173🔥1
ယင်းမာပင်မြို့နယ်မှာလည်း ပြည်သူ့အားမာန်သပိတ်အဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ဒေါင်းသွေးနီ၊ အောင်လံလွှင့်မည်ရွှေရေကြည်နဲ့ ရွာပေါင်းစုံသပိတ်ကော်မတီတို့ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပါတယ်။
ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေနဲ့ တော်လှန်ပြည်သူတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်လျက် ကျန်းကျန်းမာမာ ရှိနေသေးကြောင်း သက်သေပြပေးဖို့ အလေးအနက် တောင်းဆိုခဲ့ပါတယ်။
စစ်အုပ်စုရဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ခြင်း လွှတ်ပေးဖို့ကိုလည်း တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာပြည်သူတွေအနေဖြင့်လည်း ပူးပေါင်းပါဝင် တောင်းဆိုပေးဖို့ ဘုတလင်သပိတ်အင်အားစုက တိုက်တွန်းခဲ့ပါတယ်။
👍20🥰3🔥1
👍162😢2😁1
11👍5