People's Spring
63.5K subscribers
65.6K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
😢47👎1🔥1
မန္တလေးမှာ ဒီချုပ်အစိုးရလက်ထက်ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေ စစ်တပ်က တိုးမြှင့်ကောက်ခံနေ

မေ-၇၊ ၂၀၂၆။မေရီ/People's Spring

မန္တလေးမြို့မှာ ဒီချုပ်ပါတီလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခတွေကို စစ်တပ်က တိုးမြှင့်ကောက်ခံနေပြီး စက်ဘီးကအစ ယာဥ်ရပ်နားခပေးနေရလို့ မြို့ခံတွေ အဆင်မပြေဖြစ်နေကြပါတယ်။

ဒိချုပ်အစိုးရလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ယာဥ်ရပ်နားခကောက်ခံမှုကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ကောက်ခံခဲ့ရာမှာ ပြီးခဲ့တဲ့ ဧပြီကစပြီး မန္တလေးမြို့က အများပြည်သူဆိုင်ရာနေရာတွေမှာ ယာဉ်ရပ်နားခနှုန်းထားတွေကို ယခင်ကထက် နှစ်ဆကျော် တိုးမြှင့်ကောက်ခံလာကြောင်း၊ ဒါ့အပြင် ယခင်က အခမဲ့ရပ်နားခွင့်ရှိတဲ့ စက်ဘီးတွေကိုပါ ငွေကောက်ခံလာလို့ အဆင်မပြေဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

" အရင်က စက်ဘီးမပေးရဘူး။ အခုစက်ဘီးတွေပါ ပေးနေရပြီ။ ပြီးတော့ ယာဥ်တွေက စည်ပင်မှာ ဘီးလှိမ့်ခွန်ဆောင်ပြီးသားကို ထပ်ပေးရတာ။ ပြီးတော့ တစ်နေရာမှာပေးပြီးလို့ နောက်တစ်နေရာမှာ ထပ်ရပ်ရင်လည်း ထပ်တောင်းတာ။ နေရာမတူဘူးတဲ့။ တော်တော်အဆင်မပြေတာ"လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မန္တလေးစည်ပင်ရဲ့ကောက်ခံမှုအရ ဆိုင်ကယ် ၄၀၀ ကျပ်၊ ကား ၁၀၀၀ ကျပ် ကောက်ခံနေပြီး ဒါ့အပြင် ယခင်က ကောက်ခံတာမရှိခဲ့တဲ့ စက်ဘီးတွေကိုပါ တစ်စီး ၂၀၀ကျပ်နဲ့ စတင်ကောက်ခံနေတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

အဲဒီလို ယာဥ်ရပ်နားခ ကောက်ခံမှုတွေကို ၂၀၁၉ ခုနှစ် ဒီချုပ်အစိုးရလက်ထက်က မန္တလေးမြို့အတွင်း အဓိကလမ်းမကြီးတွေမှာ ယာဉ်ရပ်နားခ ကောက်ခံခွင့်ပြုထားတဲ့ နေရာ ၇ခုကို မြို့နေပြည်သူလူထု သွားလာမှု အဆင်ပြေစေဖို့နဲ့ စိတ်အနှောင့်အယှက် မဖြစ်စေရေးအတွက် ဖျက်သိမ်းပေးခဲ့ဖူးပါတယ်။

မန္တလေးမြို့မှာ ယာဥ်ရပ်နားခတင်မကဘဲ စည်ပင်အခွန်အခတွေအများစုကို စစ်ကောင်စီက တိုးမြှင့် ကောက်ခံလိုက်တာဖြစ်ကြောင်း စည်ပင်ရဲ့ကြေညာချက်တွေအရ သိရပါတယ်။

စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ ဧပြီကစတဲ့၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ နေအိမ်ပစ္စည်းခွန်၊ အမှိုက်ခွန်၊ မီးခွန်များသာမက ရေဖိုးရေခ၊ လမ်းဘေးဈေးသည်များရဲ့ ဈေးကောက်၊ ဆိုင်ခန်းလခနဲ့ ကား/ဆိုင်ကယ် ရပ်နားခအထိ ကဏ္ဍစုံမှာ အခွန်တိုးမြှင့်ဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့အဝင်ဂိတ်များမှာ ကောက်ခံတဲ့ လမ်းအသုံးပြုခတွေကိုပါ တိုးမြှင့်မယ်လို့ သိရပါတယ်။
😡325👎2
(ယာဥ်ရပ်နားခ ကောက်ခံလေ့ရှိသည့် မန္တလေးဘူတာကြီးရှေ့အား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
😡29👎71
စက်သုံးဆီချွေတာရေးနဲ့ မြန်မာပြည်သူတွေနဲ့အတူရှိကြောင်းပြသဖို့ စက်ဘီးစီးရုံးတက်တဲ့ နယ်သာလန်သံတမန်

မေ-၇၊၂၀၂၆။တေဇ/People's Spring

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်။” လို့ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သူလုပ်ဆောင်တဲ့အရာက မပြောပလောက်ပေမယ့် စက်သုံးဆီကြောင့် အခက်အခဲကြုံနေရတဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိနေတာကို ပြသနိုင်တယ်လို့ ယုံကြည်ပြီး စက်သုံးဆီ‌လျော့ချဖို့ လုပ်ဆောင်ချက်တွေများလာရင် အကျိုးသက်ရောက်မှုများလာနိုင်တယ်လို့ ဆိုပါတယ်။

နယ်သာလန်နိုင်ငံမှာ ငါးမီတာဝန်းကျင်ဆိုရင် လူတိုင်းက ရုံးကိုစက်ဘီးနဲ့သွားကြပြီး သူကိုယ်တိုင်လည်း အဲဒီလိုပဲ လုပ်ဆောင်ခဲ့တာလို့ မစ္စတာ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

မြန်မာနိုင်ငံကအဓိက လမ်းမတွေမှာ စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းမရှိတာကြောင့် လမ်းသွယ်တွေကနေပတ်သွားရတယ်လို့ သူ့အတွေ့အကြုံကိုလည်း မျှဝေထားပါတယ်။

"စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။ ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တစ်ခု ဖြစ်နေပြီ။" လို့ မစ္စတာ၀င်းမ်ဗန်ဒွေါန် ကပြောပါတယ်။

အီရန်စစ်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ကာ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တတ်ခဲ့ပြီး စစ်တပ်ကစက်သုံးဆီလိုအပ်ချက်ကိုအကြောင်းပြကာ အကန့်အသတ်နဲ့သာရောင်းချပေးနေတာပါ။
👍398🔥3🥰2👏1😁1
ဓာတ်ပုံ - Embassy of the Netherlands in Myanmar
49👍13🔥2
အောက်တိုဘာကျောင်းတစ်လပိတ်အရေးတော်ပုံ ခေါင်းဆောင်ဟောင်း၊ ပထဝီဝင်ပညာရှင် ဆရာဦးလှထွန်းအောင် ကွယ်လွန်

မေ-၇၊ ၂၀၂၆။ဟာနာဆန်/People's Spring

အောက်တိုဘာ ကျောင်းတစ်လပိတ်အရေးတော်ပုံ ခေါင်းဆောင်ဟောင်း၊ ပထဝီဝင်ပညာရှင် ဆရာဦးလှထွန်းအောင် ကွယ်လွန်သွားကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ပထဝီဝင်ပါမောက္ခ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဆရာဦးလှထွန်းအောင်ဟာ မေလ ၅ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီကနေ့မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ပြီး အသိပေးခဲ့တာပါ။

ဆရာဦးလှ‌ထွန်းအောင်ဟာ ၁၉၅၃ ခုနှစ်က အောက်တိုဘာ ကျောင်းတစ်လပိတ်အရေးတော်ပုံအတွင်း ပါဝင်ခဲ့တဲ့ ကျောင်း‌သားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောင်းတလပိတ်ရေး သပိတ်မှောက်မှုကြောင့် ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ၃၀ ဦးထဲမှာ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဆရာဦးလှထွန်းအောင်ကို ကျောင်းသားထုအခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးအဖြစ်လည်းကောင်း၊ ပထဝီဝင်ပညာရပ်ဆိုင်ရာအတွက် များစွာအကျိုးပြုခဲ့တဲ့ ပညာရှင်တစ်ဦးအဖြစ်လည်းကောင်း အလေးအနက်ထား ဂုဏ်ပြုကြောင်း ဗကသများအဖွဲ့ချုပ်ရဲ့ သဂဏ်လွှာမှာ ဖော်ပြထားပါတယ်။
😢404👍1👎1🔥1
😢45🤮1
ကပစ(၁၆)အနီးက ပွိုင့်၅၀၆ စခန်းကုန်းကို
AAနဲ့မဟာမိတ်တွေ ထိုးစစ်ဆင်

​မေ-၆၊၂၀၂၆။ဇော်ရမ်း/People's Spring

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲမှာရှိတဲ့ ကပစ
(၁၆)ရဲ့ကာကင်းစခန်း ၆၆၆ပွိုင့်ကုန်းကို အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွကသိမ်းယူပြီးတဲ့နောက် သုံးလခန့်အကြာမှာ နောက်ထပ်ကာကင်းစခန်းတစ်ခုကို ထပ်မံထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

၆၆၆ ပွိုင့်ကုန်းကို AA နဲ့မဟာမိတ်တပ်​တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ရှေ့ကိုဆက်တိုးပြီး စစ်ရေးဖော်ဆောင်နေတာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

" ၅၀၆ စခန်းကုန်းကို ဖိထိုးနေတာ။ အဲ့ဒီနားမှာ ထိတွေ့တိုက်ပွဲက တစ်ပတ်လောက်ရှိနေပြီ။ စစ်တပ်က လေကြောင်းပစ်ကူ အဓိကပေးနေပြီး တိုက်ပွဲက ပြင်းထန်းနေတာပါ" လို့သူကပြောပါတယ်။

ကပစ(၁၆)အနီးမှာ၆၆၆ပွိုင့်ကုန်း၊၅၀၆ပွိုင့်ကုန်း၊၂‌၆၈ နဲ့ ၃၅၃ ပွိုင့်ကုန်းဆိုပြီးအဓိကကာကင်းစခန်း
လေးခုရှိပါတယ်။ AAနဲ့မဟာမိတ်တွက၆၆၆ပွိုင့်ကုန်းကိုဆက်လက်ထိန်းချုပ်ထားပြီးတော့ ၅၀၆
ပွိုင့်ကုန်းကို ထပ်မံထိုးစစ်ဆင်နေစဉ်မှာ စစ်တပ်ကလေကြောင်းကနေအပြင်းအထန်ခုခံနေတာဖြစ်ပါတယ်။

ကပစ(၁၆)ဘက်ကို သွားတဲ့ တိုက်လေယာဉ်တွေဟာ မေလ ၁ရက်နောက်ပိုင်းကနေ နေ့စဉ် မြင်တွေ့နေရတယ်လို့ ပန်းတောင်းမြို့နယ်က​ဒေသခံတွေကပြောပါတယ်။

ပန်းတောင်းမြို့ဟာရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်
စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ နေရာမှာရှိပါတယ်။ ၆၆၆ပွိုင့်ကုန်းစခန်းသိမ်း
တိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတွေကိုလည်း ဖမ်းမိခဲ့ပါတယ်။

ပန်းတောင်းမြို့က ကပစ(၁၆)အနီးနဲ့ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာမဟာမိတ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က မတ်လ ၂၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာBPLA
အပြင် ဧရာဝတီတိုင်းက PDFတပ်ရင်းအချို့နဲ့ အရှိုချင်းတော်လှန်ရေးတပ်တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ်နဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ ရွေး
ကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းက တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ပဲခူးတိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါ ထပ်မံ ဆုံးရှုံးနေသလို တိုက်ပွဲတွေက ကပစ(၁၆)အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်း
ကန်ကွဲရွာ၊ညောင်ကျိုးကျေးရွာပတ်ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်။

AAဟာ ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ မ​ကွေးတိုင်းအစပ် ၊ဧရာဝတီတိုင်းအစပ် ၊ပဲခူးတိုင်းအစပ်နဲ့ ကျန်ဒေသတွေမှာလည်းမဟာမိတ်​တွေနဲ့အတူ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေပါတယ်။
👍4812👏7🫡4🥰2😁2
အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေ ။
ဓါတ်ပုံ-AA Infodesk
🥰36👍148🫡5😁2🔥1
"အခုတက်လာတဲ့ အတုအယောင်အစိုးရ(အာဏာ
သိမ်းစစ်အုပ်စု)ပေါ့နော်။အတုအယောင်ဖြစ်တဲ့
ဒီစစ်အစိုးရက လူထုကို ပထမအနေနဲ့ အမျိုးမျိုး ဖိနှိပ်ညှင်းပမ်းပြီး နောက်ဆုံးကျ ပြန်လည်ချော့သိပ်တဲ့သဘော နဲ့ ခေါ်ယူစည်းရုံးသွားဖို့ သူ့ရဲ့ နည်းပရိယာယ်ကအဲဒီလို မျိုးရှိတဲ့အပေါ် လူထုအနေနဲ့ သတိထားပြီး ကြံ့ကြံ့ခံမယ်။ကြံ့ကြံ့ခံ မနေရင်တော့ဒီအတိုင်းပဲ ဆက်လက်ပြီးတော့ မျိုးဆက် တဆက်ပြီးတဆက် အဲဒီလိုပဲ ခံရမယ်လေ။ အဲဒါကြောင့်မို့ အခု ကြံ့ကြံ့ခံပြီး ဒီဟာကို သူတို့ ဘယ်လောက်ပဲ လုပ်လုပ် စုစုစည်းစည်းနဲ့ သူတို့ကိုတွန်းလှန်လို့ရတဲ့အထိ လုပ်ဆောင်သွားရမယ်လို့ပဲ ကျနော်အနေနဲ့ တော့ ဒီလိုပဲ လူထုကို တိုက်တွန်းချင်တယ်။"

"လက်ရှိသူတို့(စစ်တပ်)ရွေးကောက်ပွဲလုပ်ပြီးတက်
လာတဲ့ အစိုးရက စစ်အစိုးရပဲ။နောက်ပြီးကျွန်​တော်တို့ ပြည်သူကနေ ရွေးကောက်တဲ့ အစိုးရ လည်းမဟုတ်ဘူး။ ကျွန်​တော်တို့ ရွေးကောက်တဲ့ အစိုးရကပြီးခဲ့တဲ့ ၂၀၂၀မှာ ရွေးကောက်တဲ့အစိုးရက စစ်မှန်တဲ့ ကျွန်​တော်တို့ ရဲ့ အစိုးရ ဖြစ်တယ်။ အဲဒါကြောင့် ကျွန်​တော်တို့ အစိုးရရော ကျွန်​တော်တို့ အစိုးရနဲ့ ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေအားလုံး အကျဉ်းထောင်ထဲ ရောက်ရှိနေတဲ့လူတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျွန်​တော်တို့ ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးက ဒီစစ်အစိုးရ ပြုတ်ကျပြီးတော့မှ စစ်မှန်တဲ့ ကျွန်​တော်တို့ ရွေးကောက်တဲ့ အစိုးရ သူ့နေရာမှာ ပြန်လည်ရောက်ရှိ နိုင်ဖို့ကြိုးစားဖို့ကျွန်​​တော်တို့အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်"


KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူး
ကြီးစောကလယ်ဒိုဟာလူကြီးရောဂါနဲ့ ယ​နေ့( ​မေ
လ၆)မှာ လူကြီး​ရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ် ။ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကို လူထု​နွေဦးက ဧပြီ ၁၇ ရက်​နေ့မှာအင်တာဗျူးခဲ့ပါတယ် ။မကွယ်လွန်မီ သုံးပါတ်အလိုမှာ People's Spring နဲ့​မေးမြန်းခန်းမှကောက်နှုတ်ချက်ဖြစ်ပါတယ်။


https://www.ludunwayoo.com/interviews-mm/2026/04/17/154383/
😢33👍7🔥31
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားပြသပေးဖို့ ကနေဒါရောက် မြန်မာတွေ တောင်းဆိုဆန္ဒပြ

မေ-၇၊၂၀၂၆။ သုည/People's Spring

ကနေဒါနိုင်ငံ အော်တာဝါမြို့ရှိ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားပြသရေး "Proof of life" အတွက် ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို မေလ ၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို Embassy of Myanmar (အော်တာဝါ) နဲ့ Parliament Hill ရှေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်မင်းသား ခါရာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ကနေရောက်မြန်မာတွေက "Proof of Life" ၊ "Free Aung San Suu Kyi" ၊ "အမေစုနဲ့အတူ နိုင်ငံရေး အကျဥ်းသားများအားလုံး ချက်ချင်းလွှတ်" စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
👍4313🥰4😁2
ဓာတ်ပုံ - Leo Minthu
👍4117🥰3🔥1