People's Spring
63.6K subscribers
65.5K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
16👍10🔥2
အမေရိကန်ရဲ့ ပိတ်ဆို့မှုကနေလွတ်ဖို့ ကြိုးစားနေတဲ့ စစ်တပ်နဲ့ DCI Group ပူးပေါင်းဆောင်ရွက်မှုကို JFM ရှုတ်ချ

မေ-၇၊၂၀၂၆။တေဇ/People's Spring

မြန်မာစစ်တပ်အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးနေတဲ့ DCI Groupရဲ့ လုပ်ရပ် ကို ရှုတ်ချကြောင်း နဲ့ အမေရိကန်အပါအဝင်ပြည်ပနိုင်ငံများအနေနဲ့ စစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဆောင်ဖို့ Justice For Myanmar - JFM က တောင်းဆိုလိုက်ပါတယ်။

စစ်တပ်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ DCI Group က အမေရိကန်ဒေါ်လာသုံးသန်းတန်စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ ရော်ဂျာစတုန်းကို အကြံပေးအတွက် ငှားရမ်းခဲ့တာကို ဧပြီ ၂၉ ရက်မှာ တင်သွင်းခဲ့တဲ့ အမေရိကန်နိုင်ငံ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းအရသိရတယ်လို့ JFM ကထုတ်ပြန်ထားပါတယ်။

"ရော်ဂျာစတုန်းနဲ့ ညှဉ်းပန်းနှိပ်စက်သူတွေအတွက် လော်ဘီလုပ်ပေးနေတဲ့ DCI Group က တခြားအဖွဲ့သားတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့၊ ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံထားရတဲ့ စစ်အုပ်စုဆီကနေ အကျိုးအမြတ်တွေ ရရှိနေပါတယ်။" လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် ကပြောပါတယ်။

ရော်ဂျာစတုန်းကအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်နေတဲ့ အတုအယောင် အရပ်သား အစိုးရ အမည်ခံ အဖွဲ့အစည်းကို အမေရိကန် အစိုးရနဲ့ ပြန်လည်သင့်မြတ်ပေးနိုင်အောင် ကူညီပေးဖို့ အဓိက တာဝန်ယူနိုင်ပြီး သူ့ရဲ့ဝန်ဆောင်မှုအတွက် စစ်တပ်ဆီကနေ တစ်လကို ဒေါ်လာ ၅၀၀၀၀ အထိရရှိမယ်လို့ သိရပါတယ်။

ရော်ဂျာစတုန်းက အမေရိကန်ရွေးကောက်ပွဲမှာရုရှားစွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးရာမှာ စွက်ဖက်ဖို့ ကြိုးစားခဲ့တာ၊လွှတ်တော်ကြားနာမှုတွေမှာ လိမ်လည်ထွက်ဆိုတာ၊ တရားစီရင်မှုတွေကို နှောင့်ယှက်တာ၊ သက်သေတွေကိုခြိမ်းခြောက်တာဆိုတဲ့ရာဇဝတ်ပြစ်မှု ၇ ခုအတွက် ပြစ်မှုထင်
ရှားကြောင်းစစ်ဆေးတွေ့ရှိခဲ့တာ‌ကြောင့် ထောင်ဒဏ် လပေါင်း ၄၀ ချမှတ်ခံရပေမယ့် သမ္မတထရမ့်က အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။

ဝါရင့်ရီပတ်ဘလစ်ကန် ပါတီဝင်တဦးဖြစ်တဲ့
စတုန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ ကတည်းက ထရမ့်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ လော်ဘီ လောကမှာ လှည့်
စားတတ်တဲ့လူညစ်လို့ နာမည်ပြောင် ရထားတဲ့ စတုန်းဟာ ၂၀၁၆ ရွေးကောက်ပွဲ အစောပိုင်းကာလတွေတုန်းက ထရမ့်ရဲ့ မဲဆွယ်ရေး အကြံပေး တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့ပါတယ်။

"ရော်ဂျာစတုန်းဟာ ဒီနိုင်ငံတကာရာဇဝတ်ကောင်တွေနဲ့ စာချုပ်မှာ ပါဝင်လာခဲ့ပါပြီ။ ဒါဟာ စစ်အုပ်စုက တရားမဝင်သိမ်းပိုက်ထားပြီး စာသင်ကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို တိုက်ခိုက်မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ ငွေကြေးထောက်ပံ့ရာမှာ အသုံးပြုနေတဲ့၊ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ သဘာဝသယံဇာတကဏ္ဍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။" လို့ မရတနာမောင်က ထောက်ပြထားပါတယ်။

၂၀၂၅ မှာချုပ်ဆိုခဲ့တဲ့ DCI Group နဲ့ စစ်တပ်ရဲ့ ကြားက သဘောတူစာချုပ်က အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ ရှောင်ရှားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး စစ်တပ်က သွေးစွန်းငွေတွေနဲ့ လော်ဘီတွေငှားတဲ့ လုပ်ရပ်အပါအဝင် ဟာကွက်‌ဖြစ်နေတဲ့ အရာတွေကို အမေရိကန်၊ ကနေဒါ၊ ယူကေ၊ အီးယူနဲ့ ဩစတြေးလျ နိုင်ငံတွေအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုးလုပ်ဖို့ JFM ကတောင်းဆိုထားတာပါ။

‌စစ်တပ်က ၂၀၂၁ မှာ အာဏာသိမ်းခဲ့တာကြောင့် အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရတာပါ။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက မျက်နှာ
သာပေးမှုကို ရရှိဖို့ အာဏာရှင်တွေက လော်ဘီတွေ ငှားရမ်း အသုံးပြုတာဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အာဏာသိမ်းပြီး အစောပိုင်း ကာလတွေတုန်းက စစ်တပ်ဟာ Dickens & Madson ဆိုတဲ့ကနေဒါလော်ဘီကုမ္ပဏီကိုဒေါ်လာ ၂ သန်းနဲ့ ငှားရမ်းခဲ့ဖူးပါတယ်။
👍364🔥4🥰1
ဓာတ်ပုံ - JFM
🖕26🤮5🤬4🔥2😭1
ဖလမ်းမြို့လာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှု ဗိုလ်ကြီးအဆင့်အပါအဝင် ၇ဦးထက်မနည်းသေဆုံးဟု CDF-CDM စီးယင်းစစ်ဦးစီးချုပ်ပြော

မေ -၇၊၂၀၂၆။မိုမို/People's Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုလာတဲ့ စစ်တပ်ယာဥ်တန်းတိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအဆင့်အပါအဝင် ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(မေလ ၆ရက်)မှာ ဖလမ်းမြို့အုပ်ချုပ်ရေးယန္တရားတွေပြန်စဖို့ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ နိုင်ငံ့ဝန်ထမ်းတွေခေါ်ပြီး စစ်ယာဥ်တန်းနဲ့ တက်လာတဲ့အပေါ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

" ဖလမ်းကို အစိုးရဝန်ထမ်းတွေလိုက်ပို့တဲ့ စစ်တပ်ယာဥ်တန်းကို ခြုံခိုတိုက်ခိုက်တာ ဖြစ်တယ်။ပြည်သူလိုပြောရမလား။အစိုးရဝန်ထမ်းလို့ ပြောရမလား။တကယ်တမ်းတော့သူတို့ကလည်း ကျွန်တော်တို့ရန်သူပဲ။ကျွန်တော်ကတော့ အဲဒါကို မထိခိုက်အောင် နောက်ဆုံးမှလာတဲ့စစ်တပ်ယာဥ်ကိုပဲ ပစ်ခိုင်းခဲ့တယ်"လို့ ကိုထောင်းပူက တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အပေါ် ရှင်းပြပါတယ်။

တိုက်ခိုက်မှုအတွင်း တပ်မ(၇၇)က ဗိုလ်ကြီး၊ ဗိုလ်တစ်ဦးနဲ့ တပ်သားသုံးဦးရဲ့အလောင်းနဲ့ လက်နက် လေးလက်အပါအဝင် ဖောကားတစ်စီးသိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

"သူ့နောက်က ကားလည်းထိတယ်။ကားသမားကိုပဲမထိသွားတာ။အနည်းဆုံး ခုနှစ်ယောက် ရှစ်ယောက်သေတယ်"လို့ CDF-CDM စီးယင်းစစ်ဦးစီးချုပ်က ပြောပါတယ်။

အခု ၂၀၂၆ မတ်လကလည်း ဖလမ်းမြို့ကို ထိန်းချုပ်ဖို့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်က ဗိုလ်မှူးကြီးဝင်းမောင်မောင်ဟာ ကလေးနဲ့ တီးတိန်မြို့နယ် လမ်းဆုံမှာ မိုင်းထိပြီးသေဆုံးခဲ့တယ်လို့ CDF-CDM စီးယင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။

ဖလမ်းမြို့ကို ချင်းတော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ဧပြီက သိမ်းပိုက်ခဲ့ပြီး စစ်တပ်က ၂၀၂၅အောက်တိုဘာက တန်ပြန်ထိုးစစ်ဆင်လာကာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဆုတ်ခွာခဲ့ရပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် စစ်တပ်က ချင်းပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ မြို့တွေကိုပါ ထပ်မံထိုးစစ်ဆင်ဖို့အတွက် စစ်ကြောင်းတွေ စုဖွဲ့နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်ဒေသကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်း ချုပ်ထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးနဲ့ တီးတိန်မြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားပြီး ရိခေါ်ဒါရ် နဲ့ တွန်းဇံ မြို့နယ်ကို ချင်းတော်လှန်ရေးအဖွဲ့က သိမ်းပိုက်ထားပါတယ်။ ထန်တလန်မြို့ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေဆဲလို့ သိရပါတယ်။
27👏10👍9🥰3😁1
(တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ စစ်တပ်က ဗိုလ်ကြီးဇင်မျိုးထက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့)
👍33👏14😁3💩2👻2🥰1
တနင်္သာရီမှာ စစ်ကောင်စီတပ်သား ၂ဦး လက်နက်ယူလာပြီး KNUထံ အလင်းဝင်

မေ-၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီ တပ်သား ၂ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

မေလ ၆ရက်မှာ စစ်တပ်ရဲ့ ခမရ(၅၆၁)တပ်ရင်းက တပ်သား ၂ဦးဟာ KNUလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နဲ့ မဟာမိတ်တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲထံ ဘက်ပြောင်းခိုလှုံ အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သား ၂ဦးဟာ MA-1(၁)လက်၊MA-11(၁)လက်နဲ့ ကျည်တွေ ယူလာကြောင်း အသိပေးထားပါတယ်။

အရင်ကလည်း စစ်ကောင်စီတပ်သားတွေ KNLA တပ်မဟာ(၄)ဆီကို အလင်းဝင်ရောက်မှု ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၆ရက်က စစ်ကောင်စီရဲ့ ခလရ(၄၀၄)တပ်ရင်းက တပ်သား တဦး တပ်မဟာ(၄) တပ်ရင်း(၁၂)ဆီကို လက်နက်နဲ့ အလင်းဝင်ခဲ့သလို ဇန်နဝါရီ ၂၃ရက်မှာလည်း စစ်ကောင်စီ တပ်သား ၅ဦး လက်နက် ၆လက် ယူလာပြီး တပ်မဟာ(၄) တပ်ရင်း(၁၀) ထံ အလင်းဝင်ရောက်ခဲ့ပါတယ်။

KNUမှာ ခရိုင်နဲ့ တပ်မဟာ ၇ခုရှိရာဖြစ်ပြီး အခြားတပ်မဟာနယ်မြေတွေမှာလည်း စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့ ဖြစ်စေလက်နက်မဲ့ဖြစ်စေ အလင်းဝင်ရောက်မှုတွေရှိခဲ့ပါတယ်။ ဒီလို အလင်းဝင်ရာမှာ အဖွဲ့လိုက်အလင်း ဝင်ရောက်မှုတွေလည်း ရှိခဲ့ပါတယ်။

အလင်းဝင်လာသူ တပ်သားအများစုဟာ စစ်ကောင်စီ အဓမ္မ စစ်သား စုဆောင်းထားတဲ့ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်ကြောင်း KNUက အသိပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်အတွင်းက တပ်သားတွေ KNUနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေဆီရရာနည်းနဲ့ အလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။
👍344🥰3😁1
(အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၂ဦး။ ဓာတ်ပုံ - KNU)
👏27👍132🥰2😁1