People's Spring
63.7K subscribers
65.4K photos
1.15K videos
7 files
2.84K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ဓာတ်ပုံ - ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင်သပိတ်
🥰167🔥5👍2
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(မေလ ၅ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး PDFတွေ ပြတ်သားစွာ တိုက်ပွဲဝင်နေတယ်လို့ NUG ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးသမိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းပုံဖော်လာနိုင်ပြီဖြစ်ကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူ့အစိုးရ ပီသစွာ၊ ပြည်သူ့တော်လှန်ရေးကို ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ပြတ်ပြတ်သားသားတိုက်ပွဲဝင်နေကြောင်း NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားပါတယ်။ ဒီနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ ယာယီသမ္မတက မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲက အသက်နဲ့ ခန္ဓာပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကို အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့ ယာယီသမ္မတက မေတ္တာရပ်ခံပါတယ်။ ဒီနေ့အချိန်အထိ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအပေါင်းကို လေးနက်စွာ အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ထပ်မံပြောကြားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူလူထုရဲ့ ဝမ်းကြာတိုက်ထဲကနေ မွေးဖွား သန့်စင်လာတဲ့ ပြည်သူ့တပ်မတော်ဖြစ်ပြီး တော်လှန်ရေးခရီးကြမ်းတွေကိုလည်း အတူဖြတ်သန်းခဲ့ကြသလို နိုင်ငံရေးလောကဓံ အနိမ့်အမြင့်တွေကိုလည်း အတူတူဖြတ်သန်းကျော်ဖြတ်ခဲ့ကြပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။ လက်ရှိ အချိန်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေရတယ်လို့လည်း သတိပေးစကားပြောပါတယ်။

◾️ပြည်သူ့အာဏာ ပြည်သူ့ပြန်အပ်နိုင်ရေး စုစည်းညီညွတ်စွာတိုက်ပွဲဝင်ကြဖို့ NUG ဝန်ကြီးချုပ်တိုက်တွန်း

ပြည်သူ့အာဏာကို ပြည်သူ့ဆီ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းလိုက်ပါတယ်။ ဒီနေ့ ​မေလ ၅ရက်​မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားတိုက်တွန်းခဲ့တာပါ။ NUG ပြည်ထောင်စုဝန်ကြီးချုပ်က PDFရဲဘော်တွေကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း အပါအဝင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ စစ်ရေးရည်မှန်းချက်တွေနဲ့ပတ်သက်လို့ ထည့်သွင်းပြောကြားတယ်။ (၅)နှစ်တာကာလအတွင်းမှာ ညီနောင်မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)တို့ရဲ့ စစ်ဒေသအလိုက်ဟန်ချက်ညီတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ အရေးပါတဲ့ စစ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း​ ပြောပါတယ်။

◾️ဖားကန့်တိုက်ပွဲ စစ်တပ် တပ်ဖွဲ့ဝင်အချို့သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မှာ မေလ ၄ရက်က တကျော့ပြန်ဖြစ်ပွားတဲ့ မြေပြင်တိုက်ပွဲအတွင်း စစ်တပ် တပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့ KIA၊ KPDF သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ မေလ၄ရက် မနက်အစောပိုင်းက စတင်ပြီး အာဏာသိမ်းစစ်တပ်စခန်းတွေကို KIA၊ KPDFက တိုက်ခိုက်ခဲ့ပြီး တိုက်
ပွဲတွေ ပြင်းထန်နေတာပါ။ မနေ့က ဒီနေ့ မေလ ၅ရက် နှစ်ရက်စလုံး အနီးကပ်တိုက်ပွဲဖြစ်ပြီး စစ်တပ်က သေဆုံးတာ၊ ဖမ်းမိတာရော ၁၅ ဦးမက ရှိတယ်လို့ KIA၊ KPDF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ သေဆုံးသူအများစုဟာ စစ်မှုထမ်းသင်တန်းဆင်းတွေ အများဆုံးပါတယ်လို့လည်း သူက ဆိုပါတယ်။ အခြားသတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၃၀ဦးထက်မနည်းရှိတယ်လို့ ပြောပါတယ်။

◾️လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေး စစ်သား ၇ဦး သေဆုံး
14👍7🔥1
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က စစ်တပ်ရဲ့ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်တပ် တပ်သားတွေကို လိုက်လံချေမှုန်းရာ စစ်သား ၇ဦး သေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၈ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOFက ဒီနေ့ မေ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ လေးကေစခန်းသိမ်းတိုက်ပွဲက ထွက်ပြေးသွားတဲ့ စစ်တပ် တပ်သားတွေဆီက MA7 (၁)လက်၊ BA100 (၁)လက်၊ MA4 (၂)လက်၊ MA2 (၃) လက်၊ MA3 (၅)လက်၊ MA1 (၈) လက် စုစုပေါင်း (၂၀)လက်၊ 81mm သီး (၅၁) လုံးနဲ့ ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် လေးကေစခန်းက ဒုတပ်ရင်းမှူး အောင်ဇော်မိုးအပါအဝင် ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကို အထူးတိုင်းစစ်ဌာနရဲ့ စစ်သုံ့ပန်းထိန်းသိမ်းရေးစခန်း(၂)မှာ ဆေးဝါးကုသလျှက် စစ်သုံ့ပန်းဥပဒေအတိုင်း ထိန်းးသိမ်းထားရှိတယ်လို့လည်း အသိပေးထားပါတယ်။

◾️တောင်သာမှာ တော်လှန်ရေးရဲဘော်တွေ တိုက်ခိုက်ခံရပြီး ၁၁ဦး ကျဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က သံဘိုရွာမကျေးရွာကို လုံခြုံရေးယူဖို့သွားတဲ့ ကာကင်း ရဲဘော်တွေရဲ့ကား တိုက်ခိုက်ခံရပြီး ရဲဘော် ၁၁ဦး ကျဆုံးခဲ့တယ်လို့ ‌‌ ဖြစ်စဉ်ကို သိထားသူတွေက ပြောပါတယ်။ မေလ ၄ရက် မနေ့က မနက် ၉နာရီမှာ သံဘိုရွာမကျေးရွာကို တော်လှန်ရေးရဲဘော် ၁၅ဦးဝန်းကျင် ကားနဲ့သွားရောက်စဥ် စစ်တပ်ကင်းပုံးနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။ မနေ့က ညနေပိုင်းအထိ တော်လှန်ရေးရဲဘော် ၁၁ဦးကျဆုံးပြီး ပျောက်ဆုံးရဲဘော်တချို့လည်း ရှိတယ်လို့ သိရပါတယ်။ ပစ်ခတ်ခံရတဲ့ကားပေါ်မှာ မြင်းခြံခရိုင် တပ်ရင်း-၃(တောင်သာ)က ရဲဘော်တွေအများဆုံးပါဝင်ပြီး တိုက်နယ်ပကဖက ရဲဘော်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

◾️စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ၅ရက်ဆက် တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ချင်းမြောက်ပိုင်း တီးတိန်မြို့ကို PDF Zolandပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ ရှိနေချိန်မှာ စစ်တပ်က တီးတိန်မြို့ကို စစ်ဆင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတာပါ။ အဲဒီလို ကြိုးပမ်းလာလို့ မေလ ၁ရက်ကနေ ဒီနေ့ မေလ ၅ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကို ချင်းညီနောင်၊ ချင်းအမျိုးသားတပ်မတော် (NCA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေက ခုခံနေတာဖြစ်ပါတယ်။ စစ်တပ်စစ်ကြောင်းမတားနိုင်ဘူးဆိုရင်တော့ မြို့သိမ်းဖို့က ခက်သွားမယ်လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ တီးတိန်မြို့နဲ့ မိုင် (၂၀)အကွာလောက်ရောက်လာပြီလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

◾️ကျောက်တော်မြို့နယ်ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ဒေသခံတွေရဲ့အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ ကျောက်တော်မြို့နယ် ဒက်ဖြူကျေးရွာနဲ့ သံပုရာထောင့်ကျေးရွာအနီးကို စစ်တပ်က မေလ ၄ရက် မနေ့ မနက်ပိုင်းမှာ ဗုံးကြဲတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပြည်သူတွေက ဗုံးခိုကျင်းထဲ ရှောင်ခဲ့ကြပြီး ကျွဲတွေ၊ နွားတွေ သေဆုံးကုန်တယ်လို့ ရခိုင်ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာ သုံးစီး၊ Y12 တစ်စီးနဲ့ ဗုံးကြဲတာဖြစ်ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးတာလည်းရှိတယ်လို့ သိရပါတယ်။

◾️တော်လှန်ရေးပန်းတိုင် ရောက်ရေးဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
👍82🔥1
သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။ ဒီနေ့ မေလ ၅ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ဖွဲ့စည်းမှု ၅နှစ်ပြည့်မှာ တော်လှန်ပြည်သူတွေဆီ ဝန်ကြီးက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ရာ အခုလို ပြောကြားခဲ့တာပါ။ မြို့အချို့စွန့်လွှတ်ရတာနဲ့ မြေပြင်အခက်အခဲတွေ ရှိပေမယ့် လှေနံဓားထစ် စစ်ဗျူဟာတွေကို မသုံးဘဲ ရန်သူ့ အခြေအနေနဲ့ မိမိအင်အား အပေါ် မူတည်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ပြည်သူ့စစ် မဟာဗျူဟာတွေကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင်မဟာမိတ်အဖွဲ့တွေနဲ့ ပိုမိုခိုင်မာစွာလက်တွဲ တိုက်ပွဲဝင်မယ်လို့ ဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ တော်လှန်ပြည်သူတွေအနေနဲ့ လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ မိမိတို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်တွေနဲ့ တော်လှန်ရေးပန်းတိုင်ဆီ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြဖို့ NUG ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပါတယ်။ သူအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မြေပြင်ရှိ ရဲဘော်တွေနဲ့အတူ အမြဲတစေ အတူတကွ ရှိနေမှာဖြစ်ပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမှာဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

◾️မော်လူးမြို့ကို စစ်တပ်ပြန်ထိန်းချုပ်

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် မော်လူးမြို့အနီးမှာ ‌တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာသွားလို့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ သတင်းရရှိပါတယ်။ အင်းတော်မြို့ကို ဧပြီ ၃၀ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီးနောက် (၁၇)မိုင်အကွာက မော်လူးမြို့ဘက်ကို စစ်ကြောင်းတွေဝင်လာတာဖြစ်ပါတယ်။ အင်းတော်နဲ့မော်လူးမြို့ကြားမှာ မေလ ၃ရက်နဲ့ မေလ ၄ရက်က တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီနေ့ မေလ ၅ရက် မနက်မှာတော့ မော်လူးမြို့အတွင်းကို စစ်တပ်စစ်ကြောင်းတွေဝင်ရောက်သွားတာလို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ အရပ်သားတွေကို ဖမ်းဆီးလာပြီး လူသားတံတိုင်းအဖြစ် အသုံးချခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။ ပြည်သူလူထုအထိနာမှာစိုးလို့ ဆုတ်ခွာပေးခဲ့တာဖြစ်ပြီး အရပ်သားပြည်သူတွေနဲ့ဝေးတဲ့နေရာတွေမှာ ပြောက်ကျားစစ်နဲ့ တန်ပြန်တိုက်ခိုက်တာတွေရှိနေဦးမယ်လို့ သတိပေးပါတယ်။

◾️Kpay အကောင့်တွေဝယ်နေတာက ကျားဖြန့်နဲ့ဆက်စပ်နေကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော် ပြော

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။ အညာဒေသမှာ KBZ Pay အကောင့်တွေ လာရောက်ဝယ်ယူနေတာတွေနဲ့ပတ်သက်ပြီး CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပကဖအသံစာမျက်နှာကနေ ပြောပြခဲ့တာပါ။ သူ့ရဲ့ပြောကြားချက်အရ အညာဒေသမှာ မှတ်ပုံတင် နံပါတ်နဲ့ Face ID စနစ်(မျက်နှာမှတ်တမ်းတင် စနစ်)ကိုပါ အသုံးပြုပြီး KPay အကောင့်တစ်ခု ငါးသောင်းကျပ်နဲ့ လာဝယ်လို့ ဒေသခံတွေဟာ အစုလိုက်အပြုံလိုက် သွားရောင်းနေကြတယ်လို့ ပြောပါတယ်။ ပင်မစေခိုင်းသူက KPay အကောင့်တစ်ခု ကျပ် တစ်သိန်းပေးပြီး ဝယ်ယူရာမှာ ကြားခံပွဲစားက ကျပ် ၄ သောင်း၊ လူရှာပေးသူက ကျပ် ၁သောင်းနဲ့ မှတ်ပုံတင်ရှင်က ကျပ် ၅ သောင်း အသီးသီး ခွဲဝေကြောင်း၊ အကောင့်ဖွင့်၍ မရပါကလည်း မှတ်ပုံတင် ပိုင်ရှင်ကို ခရီးစရိတ်အဖြစ် ကျပ်တစ်သောင်း ပြန်ပေးကြောင်း သိရပါတယ်။ အဲဒီလိုဝယ်ယူနေတာတွေဟာ သမားရိုးကျလုပ်ငန်းမဟုတ်ဘဲ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်​ကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော်က ပြောပါတယ်။

◾️နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တော်လှန်ရေးတပ်တွေ တိုက်ခိုက်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိပြီး တစ်ဦးအရှင်ဖမ်းမိတယ်လို့ ဧရာညီနောင်စစ်ကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့က ဒီနေ့ မေလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။ နတ်တလင်းမြို့နယ်က ဘန့်ဘွေးကုန်းကျေးရွာမှာ အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း၊ လက်နက်ငယ်တွေအသုံးပြုပြီး ပြီးခဲ့တဲ့ ဧပြီ ၁၁ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တစ်နာခွဲကြာတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်က ၁၀ဦး သေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးပါတယ်။

◾️ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို PDFတိုက်ခိုက်
👍113🔥1
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ မေလ ၃ရက် မနက် ၁၁နာရီဝန်းကျင်က အင်အား ၂၀နီးပါးရှိတဲ့ မြို့လယ်ချောင်းဂိတ်စခန်း(မြို့ဝင်ဂိတ်စခန်း)ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ စစ်တပ်က ခုနစ်ဦး သေဆုံးပေမယ့် ဂိတ်စခန်းကို မရခဲ့ဘူးလို့ အသိပေးပါတယ်။

◾️ဆားလင်းကြီးမှာ Proof of Life လှုပ်ရှားမှုပြုလုပ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသက သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာရှိနေကြောင်း သက်သေပြပေးဖို့အတွက် "Proof of Life" လူထုလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက "ထောင်ဒဏ် လျှော့တာထက် သက်ရှိထင်ရှား ရှိ၊ မရှိ ကိုသာ သက်သေပြပေးပါ" ၊ "ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှား ရှိနေကြောင်း သက်သေပြရန်​ ဖြစ်ပါသည် ဓာတ်ပုံပြရန် မဟုတ်ပါ" စတဲ့စာသားတွေကို ကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
👍193🔥1
27👍7❤‍🔥2🥰2🔥1