People's Spring
60.5K subscribers
69.8K photos
1.2K videos
7 files
3K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရွှေဘိုအနောက်ခြမ်း လေကြောင်းတိုက်ခံရမှု အမျိုးသမီးတစ်ဦး သေဆုံး

ဧပြီ-၂၂၊ ၂၀၂၆။ ရှိန်း/People's Spring

စစ်ကိုင်းတိုင်း‌၊ ရွှေဘိုမြို့နယ် အနောက်ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့နယ် အနောက်ခြမ်းက ဆောင်နန်းအုပ်စု ဇင်ကြီးကုန်းတဲစုကို ဧပြီ ၂၁ရက် မနေ့ညပိုင်း ၁၁နာရီကျော်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေးကြိမ်လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခံရမှုကြောင့် ဇင်ကြီးကုန်းတဲစုမှာနေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရကာ ဆိတ် ၇ ကောင်နဲ့ နွားတွေလည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ကြဲတာက ၄လုံးကြဲတာ။ ၁လုံးက ဘယ်သူမှ မရှိတဲ့ သဲကျင်းထဲကျတာ။ ၃လုံးက အဲဒီတဲစုလေးကို ကျတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူမိသားစုဟာ ဆိတ်ကျောင်း၊ နွားကျောင်းတဲ့ မိသားစုဖြစ်ပြီး ဒေသခံပြည်သူတွေဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဧပြီလအတွင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို ဗုံးကြဲခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်း သံဃာတော် ၃ပါး၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ အခုအမျိုးသမီး အပါအဝင် စုစုပေါင်း၅ဦး သေဆုံးကာ သံဃာ ၇ပါးအပါအဝင် ပြည်သူဒါဇင်နဲ့ချီဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
🤬35👎5🥰2😁1🤮1
👍14👎2🔥1
သမ္မတဦးဝင်းမြင့် မိသားစုထံပြန်လည်ရောက်ရှိမှု ဝမ်းမြောက်ကြောင်း ဖက်ဒရယ်ဦးဆောင်ကောင်စီ သဝဏ်လွှာပို့

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး ကြိုးပမ်းမယ်လို့ ဖော်ပြ

ဧပြီ-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနဲ့အတူ ပြန်လည်ဆုံဆည်းနိုင်မှုအပေါ် ဝမ်းမြောက်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)က သဝဏ်လွှာ ပေးပို့ခဲ့ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေး ပြည်သူလူထုအားလုံးနဲ့အတူ အစွမ်းကုန် ဆက်လက်ကြိုးပမ်းမယ်လို့ ဖော်ပြပါတယ်။

“နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ခိုင်မာခြင်းတို့ကို ပိုင်ဆိုင်ကာ နိုင်ငံ့အကျိုး၊ နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးကို ဘေးအန္တရာယ်ကင်းစွာဖြင့် ဆက်လက်သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။” လို့လည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တည်းက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင်ဟာ ၅နှစ်ကျော်အကြာ ၂၀၂၆ ဧပြီ ၁၇ရက်မှာ မိသားစုထံ ပြန်လည်ရောက်ရှိခဲ့တဲ့ အပေါ် SCEFက ဒီကနေ့ ဧပြီ ၂၂ရက်မှာ ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့တာပါ။

SCEFဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ စုဖွဲ့ထားတာဖြစ်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ ပိုအားကောင်းတဲ့ စစ်ရေး နိုင်ငံရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုကလည်း အာဏာသိမ်းစစ်တပ်က ဖမ်းထားတဲ့ ပြည်သူလူထုရွေးကောက်ထားတဲ့ အစိုးရခေါင်းဆောင်တွေ၊ ပြည်သူတွေ လွတ်မြောက်ရေးအတွက် ပြည်သူတရပ်လုံးမှာ တာဝန်ရှိကြောင်း ဧပြီ ၁၇ရက်မှာ ပြောပြထားပါတယ်။

“အခု လက်ရှိ သူတို့ ရွေးကောက်ပွဲလုပ်ပြီး တက်လာတဲ့ အစိုးရက စစ်အစိုးရပဲ။ နောက်ပြီး ကျနော်တို့ ပြည်သူကနေ ရွေးကောက်တဲ့ အစိုးရ လည်းမဟုတ်ဘူး။ ကျနော်တို့ ရွေးကောက်တဲ့ အစိုးရက ပြီးခဲ့တဲ့ ၂၀၂၀မှာ ရွေးကောက်တဲ့အစိုးရက စစ်မှန်တဲ့ ကျနော်တို့ ရဲ့ အစိုးရ ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ အစိုးရရော ကျနော်တို့ အစိုးရနဲ့ ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေအားလုံး အကျဉ်းထောင်ထဲ ရောက်ရှိနေတဲ့လူတွေအားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့ ပြည်သူတရပ်လုံးမှာ တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတရပ်လုံးက ဒီစစ်အစိုးရ ပြုတ်ကျပြီးတော့မှ စစ်မှန်တဲ့ ကျနော်တို့ ရွေးကောက်တဲ့ အစိုးရ သူ့နေရာမှာ ပြန်လည်ရောက်ရှိ နိုင်ဖို့ ကြိုးစားဖို့ ကျနော်တို့ အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်”လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။
👍3515🥰2👏2😁2🔥1
(သမ္မတဦးဝင်းမြင့် ပြန်လွတ်မြောက်ပြီးနောက် မိသားစုဝင်တွေနဲ့အတူ တွေ့ရစဉ်။ ဓာတ်ပုံ - Htin Lin Oo)
52👍9🔥2🥰2😁1
၁၀၂၇စစ်ဆင်ရေးနဲ့ မြို့သိမ်းတိုက်ပွဲတွေမှာကျဆုံးခဲ့တဲ့ အမှတ်(၅၁၂)တပ်ရင်းက ရဲဘော် ၂၆ဦးအတွက် အလှူနဲ့အမျှဝေပေးမှုပြုလုပ်ပေး

ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring

၁၀၂၇ စစ်ဆင်ရေးနဲ့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်စစ်ဌာန ၊ အမှတ် (၅၁၂)တပ်ရင်းက ရဲဘော် ၂၆ဦးအတွက် အလှူနဲ့အမျှပေးဝေမှုကို မိခင်တပ်ရင်းက ပြုလုပ်ခဲ့ပါတယ်။

လွတ်မြောက်နယ်‌မြေတနေရာမှာ မြန်မာနှစ်ဆန်း၁ရက်နေ့(ဧပြီ ၁၇ရက်)က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြင်ဦးလွင်ခရိုင်စစ်ဌာန ၊အမှတ် (၅၁၂)တပ်ရင်းက ဧပြီ၂၁ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ကနေ ၂၀၂၅အတွင်း တိုက်ပွဲတွေမှာ ရဲဘော်၂၆ဦးကျဆုံးခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့မြို့သိမ်းတိုက်ပွဲမှာ ရဲဘော်သုံးဦး၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ ရဲဘော်တစ်ဦး၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ရဲဘော် လေးဦး၊ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲမှာ ရဲဘော်၁၂ဦး၊ မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေမှာ ရဲဘော် လေးဦးကျဆုံးခဲ့ပြီး တကောင်းမြို့သိမ်းတိုက်ပွဲနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ရဲဘော်နှစ်ဦးက ကျန်းမာရေးအခြေနေကြောင့်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ဆန်း၁ရက်ကပြုလုပ်ခဲ့တဲ့ အလှူမှာ ကျဆုံးသွားတဲ့ရဲဘော်တွေကိုရည်စူးပြီး ရဟန်းသံဃာ‌တော်တွေကို ဆွမ်းကပ်လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် မပြီးဆုံးသေးသော တော်လှန်ရေးခရီးကို အောင်မြင်သည်အထိ ဆက်လျှောက်သွားပါမယ်လို့လည်း ကတိပြုခဲ့ကြပါတယ်။

ပြင်ဦးလွင်ခရိုင်စစ်ဌာန ၊ အမှတ် (၅၁၂)တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)ရဲ့အစီအစဉ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဆီမှာ စစ်သင်တန်းတက်ခဲ့ပြီး MODရဲ့ ကွပ်ကဲမှုနဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲ ဆက်တိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
👍33🥰9🙏6😢42🔥1😁1
ဓာတ်ပုံ - အမှတ် (၅၁၂)တပ်ရင်း
44👍15😢4🥰2🔥1😁1🫡1
နာဂဒေသ နန်းယွန်းနဲ့ပန်ဆောင်မြို့မှာ လေပြင်းတိုက်ပြီး မိုးသီးကြွေလို့ ပျက်စီးမှုများ

ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People's Spring

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နဲ့
ပန်ဆောင်မြို့မှာ မိုးသက်လေပြင်းတိုက်ခတ်ပြီး
မိုးသီးတွေကြွေကျလို့ အဆောက်အအုံတွေနဲ့ စပါးကျီတွေပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။

ဧပြီ၂၀ရက် ညနေ ၅နာရီကနေ ၆နာရီခန့်အထိ လေပြင်းတိုက်ခတ်ပြီး ကြက်ဥအရွယ်ခန့်ရှိတဲ့မိုးသီးတွေလည်း ကြွေကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

" မိုးကအရင်ရက်တွေတုန်းကလည်းရွာတယ်။ လေးငါးရက်လောက်မိုးရပ်သွားလို့ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်မယ်လုပ်ခါမှ ထပ်ချတာ။ တော်တော်လေးအပျက်အစီးများတယ်။ ရှားပါးချိန်မှာဖြစ်တာဆိုတော့ အခြေအနေပိုဆိုးသွားတယ်"လို့ ပန်ဆောင်မြို့ခံတစ်ဦးက ပြောပါတယ်။

နန်းယွန်းမြို့နဲ့ပန်ဆောင်မြို့က ရုံးအဆောက်အအုံတွေ၊နေအိမ်တွေနဲ့ စပါးကျီတွေ ပျက်စီးသွားပြီး ထိခိုက်မှုအခြေအနေကို အသေးစိတ်စာရင်းပြုစုနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသဖြစ်ပြီး ကုန်စည်စီးဆင်းမှုလည်းနည်းပါးတာကြောင့် အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နွေအကုန်မိုးအကူးကာလများအတွင်း လေထုအတွင်းအပူချိန်ပြောင်းလဲမှုကြောင့် စိုက်ဆင်းလေပြင်းနဲ့ နေရာကွက် မိုးကြီးတာ၊ မိုးသီးကြွေကျတာတွေ ဖြစ်တတ်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

လက်ရှိကာလမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း (အထက်ပိုင်း)၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ရခိုင်ပြည်နယ်မှာ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
👍24😢93👎1🔥1
(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လေပြင်းနဲ့ မိုးသီးကြွေကျလို့ ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
😢30👍61👎1😱1
SCEFရပ်တည်ချက် ရည်မှန်းချက်အတိုင်း တစိုက်မတ်မတ်ချီတက်မယ်လို့ KNU တုံ့ပြန်

ဧပြီ-၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်အုပ်စုက ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးဆွေးနွေး
ကြဖို့ အလေးအနက်ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ခဲ့ရာ KNU အနေနဲ့ ရပ်တည်ချက် ရည်မှန်းချက်တွေ ထားရှိတဲ့အတိုင်း တစိုက်မတ်မတ် ဆက်လက်ချီတက်သွားမယ်လို့ တုန့်ပြန်လိုက်ပါတယ်။
စစ်အုပ်စုက ဇူလိုင် ၃၁ရက် နေ့အထိ ရက်သတ်မှတ်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဖိတ်ခေါ်ထားတဲ့ အပေါ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အဖွဲ့ဝင် KNUရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အခုလို ဖြေကြားခဲ့တာပါ။

" ကိုယ့်ရပ်တည်ချက်နဲ့ရည်မှန်းချက်ရှိထားတဲ့အတိုင်းတစိုက်မတ်မတ်ဆက်လက်ချီတက်သွားမယ်" လို့ ပဒိုစောတောနီးက ပြောပါတယ်။SCEF စုဖွဲ့မှု လုပ်ထားနိုင်ပြီး ရပ်တည်ချက်တွေ အသိပေးထားတဲ့ အခြေအနေမှာ စစ်ကောင်စီရဲ့ ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး သဘောထားမှတ်ချက်မေးမြန်းမှုအပေါ် ပဒိုစောတောနီးက အဖွဲ့ရဲ့ ရပ်တည်ချက်သဘောထားကို ဖြေကြားခဲ့တာပါ။

SCEFအဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်အုပ်စုက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ခေါ်တာအပေါ် အယုံအကြည်မရှိဟု ဧပြီ ၂၁ရက်က ပြောကြားထားပါတယ်။

" ကျနော်တို့ ရပ်တည်ချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်မှု မှန်သမျှ NCAက အစ ဒါကတော့ အယုံအကြည်တော့မရှိဘူးပေါ့။ကျနော်တို့ ဆွေးနွေးရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေးအခင်းအကျင်းဟာ အရင် အာဏာသိမ်းမှု မတိုင်ခင်အခင်းအကျင်းနဲ့ လုံး၀ မတူတော့ဟုလည်း ပြောပါတယ်။

" ဖြစ်တည်လာတဲ့ နိုင်ငံရေးအခင်းအကျင်းက အရင်လိုမဟုတ်တော့ဘူး။ ကျနော်တို့မှာလည်း နောက်ဆုံး SCEF စသဖြင့်ရှိလာတယ်။ ကျနော်တို့မှာ နိုင်ငံရေးရပ်တည်ချက်တွေအခိုင်အမာချထားတယ်။ ဒါက အဖွဲ့အစည်းတခုတည်းနဲ့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် CNF အနေနဲ့ပဲ ဖြစ်ဖြစ် အခြား မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သော်လည်းကောင်း တဖွဲ့ချင်း အဲဒီလို ပြောလို့ ရတာမျိုးမဟုတ်တော့ဘူးလို့ ကျနော်အဲဒီလိုပဲ ပြန်ပြောချင်တယ်”လို့ ဆလိုင်းထက်နီက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို နားမယောင်ဖို့ တွေဝေမနေကြဖို့လည်း ဆလိုင်းထက်နီက တိုက်တွန်းထားပါတယ်။

SCEF တာဝန်ရှိသူတွေကလည်း ဧပြီ ၁၁ရက်မှာ သတင်းစာ ရှင်းလင်းမှု ပြုလုပ်ခဲ့ရာ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက SCEF ဖွဲ့စည်းမှုဟာဖက်ဒရယ်နိုင်ငံသစ် ကို အတူတကွ တည်ဆောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။လူမျိုးတမျိုးက အခြားလူမျိုးတမျိုးကို နိုင်ငံထက်စီးနင်းလုပ်တဲ့ ပုံစံ မဖြစ်စေရဟုလည်း သူက ပြောပါတယ်။

" နေပြည်တော်မှာရှိတဲ့ တဗိုလ်တက်တဗိုလ်ဆင်းဖြစ်တဲ့ နေပြည်တော်က ခေါင်းဆောင်တွေက ပွင့်ပွင့်လင်းလင်း ပြောရရင်ဖက်ဒရယ်ကို ရှင်းရှင်းလင်းလင်း ပြောရရင် ဖက်ဒရယ်ကို မလိုချင်ဘူးလို့ပဲ ပြောရမှာပဲ။ ၂၀၀၈ အောက်ကနေ ဘယ်လိုမှ ဖက်ဒရယ် ဖြစ်လာလို့မရပါဘူး” လို့ ပဒိုစောတာဒိုမူးက ပြောါပတယ်။

ဒါကြောင့် ဖက်ဒရယ်ကိုသွားဖို့ ကိုယ်တိုင်ထုဆစ်ရမှာဖြစ်တာကြောင့် အခုဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် နဲ့ ဖွဲ့စည်းခဲ့တာလို့ အသိပေးပါတယ်။

" ထူးခြားတာက ဒီဟာသည်နိုင်ငံတည်ဆောက်မှု ဖြစ်သလို တဖက်မှာလည်း စစ်အာဏာရှင်တွေကို စစ်ရေးအရ ဖိအားပေး တိုက်ခိုက်သွားမှာဖြစ်သလို စစ်ရေးနဲ့ နိုင်ငံရေးယှဉ်တွဲပြီး သွားနိုင်မယ့် နိုင်ငံတည်ဆောက်မှု အင်စတီကျူးရှင်း ပုံစံအသစ်တမျိုးဖြစ်တယ်ဆိုတာလေးကိုတော့ပြန်ပြီး ဖြေကြားလိုပါတယ်”လို့ ပဒိုစောတာဒိုမူးက ပြောကြားထားပါတယ်။
👍449🥰4😁2
(KNU/KNLAက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
👍3710🥰3💩2😁1
မြိတ်မှာ ကိုရင်လေး လူမဆန်စွာရိုက်ခဲ့တဲ့ ဘုန်းကြီးကို ဖမ်းဆီးစစ်ဆေးနေ

ဧပြီ-၂၂၊၂၀၂၆။တေဇ/People's Spring

တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကျောက်ဖြူတောင်ကျေးရွာက ပဋိပတ္တိတောရကျောင်းတိုက်မှာ ကိုရင်လေးတစ်ပါးကို လူမဆန်စွာရိုက်နှက်ခဲ့တဲ့ ဘုန်းကြီးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကိုရင်လေးအမှုကူညီ‌ပေးနေတဲ့ ဆရာတော် ဦးသုနန္ဒက မိန့်ကြားပါတယ်။

ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီအမှုအတွက်ကူညီ‌ပေးနေတဲ့ ဦးသုနန္ဒကတောင်းဆိုထားပါတယ်။

"ခံဝန်လောက်နဲ့သာ ပြီးသွားရင် ဒီကိစ္စကို စတင်ပြီး ဖော်ထုတ်ပေးတဲ့ သံဃာ ရိုက်ကူးခဲ့တဲ့ ဒကာမ ။သူတို့ရဲ့ လုံခြုံရေး ဘယ်သူတာဝန်ယူမလဲ။ခံဝန်ထိုးပြီးတော့ တရားခံက အဲကျောင်းမှာရော ဆက်ပြီးနေလို့ရမယ်ထင်လား။ထိထိရောက်ရောက် အရေးယူပေးပါဆိုတာကိုရင်လေးတစ်ပါးထဲအတွက် တောင်းဆိုနေတာ မဟုတ်ဘူး။သာသနာတစ်ခုလုံး နောက်ပြီး လူသားတစ်ယောက်အနေနဲ့ ဘယ်သူမှ လက်မခံတဲ့အလုပ်မို့တောင်းဆို နေတာ"လို့ ဦးသုနန္ဒက ‌သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာရေးသားထားပါတယ်။

ကိုရင်လေးတစ်ပါးကို ဘုန်းကြီးတစ်ပါးက လူမဆန်စွာရိုက်နှက်နေတဲ့ ဗီဒီယိုရုပ်သံဖိုင်တစ်ခု မနေ့ည(ဧပြီ၂၁)က လူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့ပြီး ဦးသုနန္ဒက ကိုရင်လေးရိုက်ခဲ့တဲ့ ဘုန်းကြီးကို အရေးယူနိုင်ဖို့ ကူညီနေတာဖြစ်ပါတယ်။

ကိုရင်လေး လူမဆန်စွာရိုက်ခဲ့တဲ့ ဘုန်းကြီးဟာ မြိတ်မြို့ ၊ ကျောက်ဖြူတောင် ၊ ပဋိပတ္တိတောရကျောင်းက ဘုန်းကြီးဦးတေဇဖြစ်ပြီး လက်တလောမှာ ဖမ်းဆီးထားကာ သံဃာ့နာယက ဆရာတော်တွေနဲ့စစ်ဆေးနေတယ်လို့ သိရပါတယ်။

"ကိုရင်လေး ကျန်းမာပါတယ်။ ယခုချိန်ထိ တရားခံကိုလဲ လူဝတ်မလဲရသေးပါ"လို့ ဒီနေ့(ဧပြီ၂၂)နေ့လည်က ဦးသုနန္ဒက အသိပေးထားပါတယ်။

အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တနင်္သာရီတိုင်းက တိုင်းသံဃာ့နာယက ဆရာတော်ကြီးတွေ၊ မဟန တာဝန်ရှိ ဆရာတော်ကြီးတွေနဲ့ နေပြည်တော်က သာသနာရေးဆိုင်ရာအရာရှိတွေ အနေနဲ့ အလေးထားဆောင်ရွက်ပေးဖို့လည်း ဦးသုနန္ဒကတောင်းဆိုထားပါတယ်။

"လက်ရှိ ဖြစ်ပေါ်နေသော သာသနာရေးဆိုင်
ကိစ္စသည် နယ်မြို့ရဲ့ ရပ်ကျေးလေးမှာဖြစ်သော်လည်းကိစ္စ အရမ်းကြီးပါသည်။ရပ်/ကျေး သံဃာ့နာယက/ မြို့နယ်သံဃာ့နာယက/
ခရိုင် သာသနာရေး လောက်နဲ့ ဆုံးဖြတ်၍ မရပါ
။အထက်ညွှန်ကြားမှုဖြင့်သာ ဆောင်ရွက်၍ရနိုင်သော ကိစ္စမို့ အလေးတယူ အရေးယူဖို့
အမြန်ဆုံး ဆောင်ရွက်တော်မူကြ ဆောင်ရွက်ကြပါရန် အချိန်မှီ တိုက်တွန်းအပ်ပါတယ်။" လို့ ဦးသုနန္ဒက တောင်းဆိုထားပါတယ်။

ကိုရင်လေးတစ်ပါး ရိုက်နှက်လို့ တောင်းဆိုတာထက် လူ့အဖွဲ့အစည်းက လက်မခံနိုင်တဲ့ ကိစ္စဖြစ်တာကြောင့် ဥပဒေအရအရေးယူပေးဖို့လည်း တိုက်တွန်းထားပါတယ်။

အဲဒီဖြစ်ရပ်ဟာ သင်္ကြန်ကာလမှာဖြစ်ခဲ့တာဖြစ်ပြီး ကိုရင်လေးက ဖုန်းအသုံးပြုတာကြောင့် ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။

ကိုရင်လေး ရိုက်နှက်ခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး လူထုနွေဦးအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

လူမဆန်စွာ ရိုက်နှက်ခဲ့တဲ့အပေါ် ပြည်သူအများစုကလည်း ဝေဖန်ထားကြပြီး ပြစ်မှုကျူးလွန်သူကို ဥပဒေအရအရေးယူပေးဖို့ တောင်းဆိုထားကြပါတယ်။
👍3610😁3🤬1
(ကိုရင်လေးကို ရိုက်နှက်နေတဲ့ ဘုန်းကြီးကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab)
💩21👎102🤬2🤮2👏1😱1🖕1