People's Spring
62.6K subscribers
66.8K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
(မြင်းခြံမြို့နယ်က နဘူးအိုင်ရွာကို စစ်အုပ်စုက ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်ကလည်း စီးနင်းမီးရှို့ဖျက်ဆီးမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ)
🤬32👎2🔥2👏1😁1
ဖက်ဒရယ်ဦးဆောင်ကောင်စီဟာ ခေတ်အဆက်ဆက်တော်လှန်ရေးအတွေ့အကြုံတွေ သုံးသပ်ပြီး ဖွဲ့စည်းမှုဟု ချင်းညီနောင်စစ်ဦးစီးချုပ် ပြော

ဧပြီ− ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲကစည်းမှုဟာ ခေတ်ရေစီးကြောင်းအရ လိုအပ်ချက်အရ ဖွဲ့စည်းလာတဲ့ အစုအဖွဲ့လို့ မြင်ကြောင်း ချင်းညီနောင်စစ်ဦးစီးချုပ်ဖြစ်သူ PDF ဇိုလဲန်း စစ်ဦးစီးချုပ်ကိုဂိဒွန်က ပြောပါတယ်။

ဒီကနေ့ ဧပြီ ၄ရက်မှာ ကျင်းပတဲ့ ချင်းညီနောင်အတွက် ရန်ပုံငွေ ရှာဖွေပွဲ တော်လှန်ရေးခေါင်းဆောင်များနဲ့ စကား၀ိုင်းမှာ ချင်းညီနောင်စစ်ဦးစီးချုပ်က အခုလို ပြောပြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ K3C(KNU၊ KIO၊ KNPP၊ CNF) ခြောက်ဖွဲ့ ဦးဆောင်ပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ စတင်ဖွဲ့စည်းကြောင်း မတ်လ ၃၀ရက်မှာ ကြေညာခဲ့တဲ့အပေါ် ချင်းညီနောင် အနေနဲ့ ဖြစ်စေ ပုဂ္ဂိုလ်ရေးအမြင်ဖြစ်စေ သဘောထားမှတ်ချက်ပြောကြားပေးရန် မေးမြန်းမှုအား စစ်ဦးစီးချုပ်ကိုဂိဒွန်က အခုလို ပြောပြတာပါ။
နွေဦးတော်လှန်ရေးက နိုင်ငံရေးကြောင့်ဖြစ်လာတာဖြစ်လို့ အခု ဦးဆောင်ကော်မတီဟာ လိုအပ်ချက်အရ ခေတ်ရေစီးကြောင်းအရ နိုင်ငံရေးအရ ညှိနှိုင်းဖို့အတွက်လည်း လိုအပ်လာလို့ စုဖွဲ့ခဲ့တာလို့ မြင်ကြောင်း ပြောပါတယ်။

“ကျနော့်တဦးတည်းသော အမြင်အနေနဲ့တော့ ကောင်းပါတယ်လို့ ပြောလိုပါတယ်။ ဒါလိုအပ်ချက်အရ လူကြီးတွေကလည်း ခေါင်းဆောင်ကြီးတွေကလည်း အများကြီး စဉ်းစားပြီးမှ ခေတ်အဆက်ဆက် တော်လှန်ရေးမှာလည်း အတွေ့အကြုံတွေကို သုံးသပ်ပြီးမှ ခေတ်ရေစီးကြောင်းအရ ဖွဲ့စည်းလာတဲ့ အဖွဲ့အစည်းတခုလို့ မြင်ပါတယ်” လို့ ကိုဂိဒွန်က ပြောပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီကို ပြည်နယ်ယူနစ် EROများ၊ ပြည်သူကိုယ်စားပြုနဲ့ အမျိုးသမီးကိုယ်စားပြုမှု စတဲ့ မဏ္ဍိုင်ကြီး သုံးခုကို အခြေခံဖွဲ့စည်းမှုလို့ ကောင်စီခေါင်းဆောင်တွေက အသိပေးထားပါတယ်။

စတင်ဖွဲ့စည်းချိန်မှာ အခြေအနေနဲ့ စိန်ခေါ်မှု အမျိုးမျိုးကြောင့် စတင်ဆွေးခဲ့ကြတဲ့ အဖွဲ ၅ဖွဲ(NUG၊ KNU၊ KIO၊ KNPP၊ CNF) နဲ့ CRPH အားလုံး ခြောက်ဖွဲနဲ့ အစပြု တာထွက်ခဲ့တာဖြစ်ပြီး နှစ်လအတွင်း ပါဝင်သင့်သူတွေ ပါဝင်ဖို့ ကြိုးစားမယ်လို့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ခေါင်းဆောင်တဦးဖြစ်တဲ့ KNPP ဥက္ကဋ္ဌ ခူဦးရယ်က ပြောပြပါတယ်။

“မဏ္ဍိုင်သုံးခု စုံစုံလင်လင် မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တခုဆီမှာ ပါသင့်ပါထိုက် သူအားလုံး ပါမနေသေးတာကလည်း အချိန်နဲ့ စိန်ခေါ်မှုနဲ့ ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တိုရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံး ပြင်ဆင် ဖြည့်စွက်နိုင်ဖို ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို ခူဦးရယ်က ပြောပါတယ်။

စစ်ဦးစီးချုပ် ကိုဂိဒွန်က ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေတွေကို အသိပေးခဲ့သလို တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ပွတ်တိုက်မှုတွေနဲ့ ပတ်သက်ပြီးလည်း အမြင်သဘောထားတွေ အခုလို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ မဟာမိတ်ဆက်ဆံရေးကတော့ အထူးသဖြင့် ULA/AAနဲ့လည်းကောင်းမွန်တဲ့ မဟာမိတ် ဆက်ဆံရေး ရှိပါတယ်။ ကျနော်တို့ CB(ချင်းညီနောင်) အနေနဲ့ SRA(နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု) မှာလည်း ပူးပေါင်းပါဝင်တာမျိုးရှိပါတယ်။ ပြီးရင် တဖက်မှာလည်း တော်လှန်ရေး ဖခင်ကြီးလို့ ပြောလို့ရတဲ့ KIO/KIAနဲ့လည်း မြေပြင်တွေ့ဆုံတာမျိုးတွေ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေလည်းရှိပါတယ်။ ကျနော်တို့ ဆက်ပြီးမှလည်း ပိုပြီးမှ ခိုင်မာတဲ့ ဆက်ဆံရေး စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး အဲဒီလိုမျိုးတည်ဆောက်နိုင်ဖို့ ချင်းညီနောင်အနေနဲ့လည်း ကြိုးစားနေပါတယ်” လို့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

တော်လှန်ရေးတပ်အချင်းချင်း မြေပြင်ပွတ်တိုက်ခိုက်မှုတွေမှာ ဖြေရှင်းလို့ ရတဲ့ ပြဿနာတွေက ပြဿနာမဟုတ်ကြောင်း လည်း ပြောပြပါတယ်။ ပြဿနာတွေကို ရေရှည်အတွက် စဉ်းစားပြီးဖြေရှင်းနိုင်ကြမယ်လို့ ယူဆကြောင်း စစ်ဦးစီးချုပ်က ပြောပါတယ်။

“ကျနော်တို့အနေနဲ့လည်း ဒီဟာတွေကို သင်ခန်းစာယူပြီးမှ ကိုယ့်နဲ့ သက်ဆိုင်တဲ့နေရာတွေမှာလည်း ဒီလိုမဖြစ်အောင်။ ဒါကတော့ တော်လှန်ရေးဆိုတော့ ဒီလိုပြဿနာမျိုးစုံကို ကြုံရမှာပဲ။မထင်မှတ်တဲ့ ပြဿနာ မျိုးတွေလည်း ထပ်ပြီးမျ ကြုံရအုံးမှာပဲ။ ရန်သူဘက်က ဒီလို ဖြစ်နေအောင် လုံး၀ ကြိုးစားနေတဲ့အပိုင်းရှိတယ်။ အမျိုးမျိုး နည်းပေါင်းစုံနဲ့ ပေါ့နော် ကျနော်တို့ တော်လှန်သမားတွေအနေနဲ့လည်း နည်းလမ်းပေါင်းစုံနဲ့ အကောင်းဆုံးဖြစ်အောင် အဓိက ကျနော်တို့ လိုချင်နေတဲ့ တော်လှန်ရေးအဖွဲ့အချင်းချင်း ကို သွေးကွဲတာမျိုး သွေးထွက်သံယိုမှု မဖြစ်အောင် ပိုပြီးမှ စည်းလုံးအောင် ပိုပြီးမှ နားလည်မှု ရှိအောင် ဖြေရှင်းနိုင်ကြဖို့တော့ မျှော်လင့်ပါတယ်” လို့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

စစ်ဖြစ်နေချိန်ဖြစ်လို့ ပြည်သူတွေအနေနဲ့ ထောက်ပို့ပိုင်း ငွေကြေးပိုင်း အပါအဝင် တက်နိုင်တဲ့ဘက်က ပါဝင်ကြဖို့ အားကောင်းနေတဲ့ လူငယ်တွေ နီးစပ်ရာ တော်လှန်ရေးတပ်တွေမျာ တာဝန်ထမ်းဆောင်ကြဖို့ လည်း ကိုဂိဒွန်က တိုက်တွန်းပါတယ်။
👍448🥰4😁2
(ချင်းညီနောင်စစ်ဦးစီးချုပ်ဖြစ်သူ PDFဇိုလဲန်း စစ်ဦးစီးချုပ်ကိုဂိဒွန်။ ဓာတ်ပုံ − CJ)
👍4310🥰3🤮3👏2🫡1
အငှားယာဥ်နဲ့ ကုန်တင်ယာဥ်တွေ ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ ပြင်ဆင်နေရ

ဧပြီ-၃၊၂၀၂၆။ဟာနာဆန်/People's Spring

အငှားယာဉ်နဲ့ ကုန်တင်ယာဥ်တွေကို ကီလိုမီတာနဲ့တွက်ပြီးမှ ဆီရောင်းပေးမယ်ဆိုလို့ ကီလိုတိုင်းတဲ့စနစ်ပျက်နေတဲ့ယာဥ်တွေ အမြန်ပြင်ဆင်နေရကြောင်း သတင်းရရှိပါတယ်။

Taxiယာဉ်တွေ၊ သုံးဘီးယာဉ်တွေ၊ ကုန်တင်ယာဉ် တွေကို တစ်ပတ် ၃ရက် ဆီဖြည့်တင်းခွင့်ပေးထားခဲ့ရာမှာ မသမာမှုလုပ်နေတယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး အဆိုပါယာဉ်တွေကို မောင်းနှင်ခဲ့တဲ့ ခရီးအကွာအဝေးပေါ် မူတည်ကာ ဆီရောင်းချပေးတဲ့စနစ်ကို ဧပြီ ၃ရက်ကစပြီး ပြောင်းလဲလိုက်တာပါ။

စနစ်သစ်အရ ၅ ကီလိုမီတာမောင်းနှင်မှုအတွက် ၁ လီတာနှုန်းဖြင့်သာ ဆီဖြည့်တင်းခွင့်ပြုမှာဖြစ်ကြောင်း၊ ကီလိုမီတာ တိုင်းတာတဲ့စနစ် ပျက်စီးနေတဲ့ ယာဉ်တွေအနေနဲ့ အမြန်ဆုံး ပြင်ဆင်ထားရမှာဖြစ်ကြောင်း စက်သုံးဆီဆိုင်တွေက အသိပေးပါတယ်။

နောက်တစ်ကြိမ် ဆီဖြည့်ချိန်မှာ ကီလိုမီတာ တိုးတက်မှုမရှိပါက ဆီဖြည့်တင်းခွင့်ပြုမှာမဟုတ်ကြောင်း ဆီဆိုင်တွေက ဆိုပါတယ်။

အဲဒီ စနစ်သစ်ကြောင့် ယာဉ်ပိုင်ရှင်တွေဟာ ကီလိုမီတာတိုင်းတဲ့စနစ်ကို ပြန်လည်တပ်ဆင်နေရလို့ ယာဉ်ပြင်ဆင်စရိတ်ကုန်ကျမှုတွေရှိနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ခံ သုံးဘီးယာဉ်မောင်းတစ်ဦးက "မိုင်းလစ် (Mileage) ပျက်နေလို့ ပြင်ထားရတယ်။ အုံလိုက်လဲရမှာဆိုတော့ ခုနစ်သောင်းကျော်လောက် ကုန်ကျသွားတယ်"လို့ ပြောပါတယ်။

ဧပြီ ၃ရက် မတိုင်ခင်အထိ အငှားယာဉ်တွေကို တစ်ပတ် ၃ ကြိမ် (အင်ဂျင်အလိုက် ၉၀ မှ ၁၁၀ လီတာအထိ)၊ ကုန်တင်ယာဉ်တွေကို တစ်ပတ် ၂ ကြိမ် (အင်ဂျင်အလိုက် ၁၂၀ မှ ၂၅၀ လီတာအထိ) ဆီရောင်းချပေးနေတာဖြစ်ပါတယ်။ ကီလိုမီတာနဲ့တွက်ပြီး ရောင်းချပေးတဲ့စနစ် မနေ့ကမှစတင်တာဖြစ်တဲ့အတွက် သက်ရောက်မှုကိုတော့ မသိရသေးပါဘူး။

ယခုအခါ မော်တော်ယာဥ်တွေဟာ QR စနစ်၊ စုံမစနစ်နဲ့ စက်သုံးဆီဝယ်ယူနေရတာဖြစ်ပြီး အငှားယာဥ်တွေ ကုန်တင်ယာဥ်တွေဟာ နောက်ထပ်စနစ်တစ်ခုနဲ့ပါ ထပ်မံ ကန့်သတ်ခံရတာဖြစ်ပါတယ်။
😁2910👍5🤬5👎3🔥1
(စစ်ကောင်စီလက်အောက်ခံ ရဲတွေက ကုန်ကားတစ်စီးကို စစ်ဆေးနေစဉ်။ ဓာတ်ပုံ - CJ)
🔥17🤮5👍4🤣42👎2🖕2💩1
မြိုင်နဲ့ ပေါက်နယ်စပ်ကို စစ်တပ်တိုက်​လေယာဥ် ငါးစီးနဲ့ ဗုံးကြဲ PDF ၅ဦးကျဆုံး ၁၀ဦးဒဏ်ရာရ

ဧပြီ-၄၊၂၀၂၆။ရှိန်း/ People's Spring

စစ်တပ်က မကွေးတိုင်း၊မြိုင်နဲ့ ပေါက်နယ်စပ်ကို တိုက်လေယာဉ် ၅ စီးနဲ့ ဒီက​နေ့ည​နေမှာ ဗုံးကြဲ
ခဲ့တာ​ကြောင့် PDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ ​ဒေသခံ​တွေနဲ့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ်။

မြိုင်မှာ NUGအစိုးရ နဲ့ မကွေး ဖက်ဒရယ်ယူနစ်အစိုးရတို့အကြား သဘာဝသယံဇာတကိစ္စနဲ့ ပတ်သတ်ပြီးညှိုနှိုင်းရေး တချို့ပြုလုပ်နေချိန်မှာ စစ်တပ်ကဧပြီ ၄ ရက်ည​နေ ၂ နာရီခွဲဝန်းကျင်မှာ တိုက်လေယာဉ်၅ စီးနဲ့လေကြောင်းက​နေ၁၀ကြိမ်ထက်မနည်းဗုံးကြဲခဲ့တာလို့သိရပါတယ်။

"အောက်ခြေရဲဘော်တွေထိတာပေါ့။ကြဲတဲ့ နေရာက PDFတပ်ကရင်းတွေအင်အားချထားတဲ့ နေရာ လေ"လို့ဒေသခံတဦးကပြောပါတယ်။ကနဦးရရှိတဲ့သတင်းအရ PDF‌ ရဲ​ဘော်အချို့ထိခိုက်ကျဆုံးမှုရှိတယ်လို့အထက်ပါ​ဒေသခံက​ပြောပါတယ်။

ထပ်မံရရှိတဲ့သတင်း​တွေအရ PDF ၅ ဦးကျဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်တစ်ဦးက​ပြောပါတယ်။

စစ်တပ်က PDF တပ်ရင်း​တွေတပ်ချထားတဲ့​နေရာ​တွေကို တိုက်လယာဥ်​တွေနဲ့ ဗုံးလာကြဲတာဖြစ်ပြီး မ​ကွေးဖက်ဒရယ်ယူနစ်တပ်ဖွဲ့​တွေ​တော့ထိခိုက်မှုမရှိဘူးလို့ ​ရဲ​ဘော်တဦးက​ပြောပါတယ်။

မြိုင်နဲ့ ပေါက်နယ်စပ်မှာ အချင်းအချင်းညှိုနှိုင်းမှုပြုလုပ်​နေပြီး NUG ဘက်က PDF ခရိုင်တပ်ရင်းတွေက တပ်ဖွဲ့ဝင်​တွေ လုံခြုံ​ရေးအင်အားချထားစဉ် အခုလို စစ်တပ်က တိုက်လေယာဉ် တွေနဲ့ လာပြီး ဗုံးကြဲခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် အစိုးရတို့ ဧပြီ ၂ ရက် နဲ့ ၃ ရက် နှစ်ရက်တာ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှု​တွေမှာ​တော့ သဘောတူညီမှု ရရှိခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။

မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲအပြီး ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ကြီးကြပ်ရေးအဖွဲ့ ကို ပူးတွဲဖွဲ့စည်းဖို့၊ မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေး အဖွဲ့အစည်းတွေ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းတွေ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လျှစ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်နဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က ကိုယ်စားလှယ်တစ်ဦး တို့ ဦးဆောင်တဲ့ တာဝန်ရှိသူများ ပူးတွဲကာ မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမယ်လို့ အသိ​ပေးပါတယ်။

အဲဒီအဖွဲ့က ရေနံမြေ၊ ရေနံလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ်ဆောင်ရွက်သွားကြဖို့ အတည်ပြုဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ဒါ့အပြင် မကွေးဖက်ဒရယ်ယူနစ်မှာ ပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

မှတ်ချက်-သတင်းကို ဧပြီ ၄ ရက် ည​နေ ၅ နာရီ ၅၀ မိနစ်မှာထပ်မံဖြည့်စွက်ထားပါတယ်။
😡35🤬13👎4👏2😭2🎉1
စစ်တပ်ဗုံးကြဲပြီး​နောက်အပျက်အစီးများကို
တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့ ၊We love Myaing
🤬36👎3🎉3👏21😡1
■ရသစာတမ်းငယ်

“မနက်ဖြန် အဝါရောင်ပန်းတွေပွင့်ရင်”

◼️ချမ်းငြိမ်း

(၁)
လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်။ တိတ်ဆိတ်သော အိမ်ငယ်လေးထဲမှာ အဝါရောင်ပန်းတပွင့် အိပ်ပျော်နေပါသည်။ ဒါက ကျနော့်အထင်လည်း ဖြစ်နိုင်ပါသည်။ အရုဏ်မလာမီ အမှောင်သည် သိပ်သည်းလွန်းပါသည်။ လရောင်ပန်ထားသော ကမ္ဘာမြေသည် မကြည်လင်လှ။ မြူလွှာပါးပါးသည် မျက်ရည်ခိုးတွေများလားဟု ကျနော်ထင်မိသည်။ ဒီမြေပေါ်မှာ တိတ်ဆိတ်စွာ ငိုကြွေးသူတွေ များလှသည်။ အသံမထွက်ဘဲ ငိုတဲ့အခါ မျက်ရည်ပိုများသည်ဟု ကျနော်ထင် သည်။ တိတ်ဆိတ်သော အိမ်ငယ်လေးထဲက မျက်ရည်စွန်းထင်းနေသော ခေါင်းအုံထက်မှာ မပန်းဝါ ရှိသည်။ သူရော ငိုနေသလား။

(၂)
“ကျနော်သွားမှဖြစ်မယ် မပန်းဝါ”။ ကျနော့်အသံမှာ နှင်းတွေဝေနေသလား၊ ဒါမှမဟုတ် ခပ်ဝေးဝေးကအသံလို မှိန်ပြနေသလား။ မပန်းဝါသည် ကျနော့်အသံကြားနိုင်ပါသည်။ သို့တိုင် ခေါင်းမော့မလာ။ သူ့ဆံနွယ်မှ ရနံ့တချို့သည် ကျနော့် အသက်ရှူလမ်းကြောင်းမှတဆင့် ကျနော့်နှလုံးသားအတွင်း ဝင်ရောက် လာ၏။ “ဟုတ်တယ် သွားမှ ဖြစ်မယ်။”

သူမအသံမှာ တည်ငြိမ်လွန်းသည်ဟု ထင်ရသည်။ ထိုအခါမှ သူမနှင့် ကျနော်ကြားမှာ ကန္တာရတခု ခြားတော့မှာဖြစ်ကြောင်း၊ သို့မဟုတ် သူမနှင့် ကျနော့်ကြားမှာ ချောက်ကမ်းပါးတခု ခြားတော့မှာဖြစ်ကြောင်း သိလာပါသည်။ ဖေဖော်ဝါရီ ကန္တာရ၊ ဖေဖော်ဝါရီ ချောက်ကမ်းပါး။ ထို ကန္တာရနှင့် ချောက် ကမ်းပါးကို နွေဦးနဲ့ တံတားထိုးရပေမည်။

(၃)
မပန်းဝါနှင့် ကျနော် တွေ့ကြသည့်နေ့ဟာ ပူပြင်းခြောက်သယောင်းသော သာမန်နွေတနေ့သာ ဖြစ်ပါသည်။ ထူးထူးခြားခြားလည်း မရှိပါ။ မိုးလည်း အုံ့မနေပါ။ အပြင်မှာ ပန်းတွေလည်း ပွင့်မနေပါ။ သို့သော် အဲဒီနေ့မှာပဲ ကျနော့်ရင်ထဲမှာ အဝါရောင်သစ်ပင်လေးတပင် အမြစ်တွယ်ခဲ့ပါသည်။ ဒီနောက်တော့ ထိုအပင်လေးမှ အဝါရောင်ပန်းကလေးတပွင့် ပွင့်လာပါသည်။

“မပန်းဝါ” … ကျနော့်အသံကြောင့် သူမ နှုတ်ခမ်းတစုံအောက်က အဖြူရောင် ပုလဲကုံးလေးတွေ ပေါ်သည်အထိ တအံတဩနှင့် ကျနော့်ကို ကြည့်ပါသည်။ သူမကိုခေါ်ကြောင်း အလိုလို သိပုံရသွားပါသည်။ ကျနော့်ကို ပြုံးပြပါသည်။ ခေါင်းငုံ့မသွားပါ။ သူမ နားသယ်စပ်က ချွေးစလေးတွေကို ကျနော် ငေးမိပါသည်။ ဝိုင်စက်တွေ စွန်းထင်းနေသလို မပန်းဝါရဲ့ ဆံနွယ်တွေမှာ ရနံ့တချို့ရှိကြောင်း ကျနော် ကောင်းစွာသိခဲ့ပါသည်။ ယခုတိုင် ထိုရနံ့ကို ကျနော်မှတ်မိပါသေးသည်။ ကျနော် သူမကို မပန်းဝါ ဟု အမည်ပေးခဲ့ပါသည်။ ထိုအမည်သည် သူမကို ကျနော်တယောက်တည်းခေါ်သော အမည်ဖြစ်ပါသည်။ အမှန်ပြောရလျှင် မပန်းဝါသည် ကျနော် သတ်မှတ်သော အမျိုးသမီးတယောက်၏ လှပခြင်းမျိုးတို့ မရှိပါ။ သို့တိုင် မပန်းဝါသည် နှစ်လိုဖွယ်ကောင်းပါသည်။ “မပန်းဝါကို ကျနော်ချစ်တယ်။” မပန်းဝါသည် ကျနော်၏ တောင်းဆိုမှုကို နှုတ်နဲ့ရော မျက်ဝန်းနဲ့ရော ဒါမှမဟုတ် အခြားတနည်းနည်းနဲ့ပါ ဖြေခဲ့ပါသည်။ မပန်းဝါသည် ကျနော့်ကို အလွန်ချစ်ပါသည်။ ထိုအတိုင်း ကျနော်ထင်ပါသည်။ အသေအချာကို ပြောနိုင်ပါသည်။

(၄)
ချောင်းရိုးလေးဘေးတဘက်မှာ တောပန်းတွေ ဝေနေတယ် မပန်းဝါ။ အဝါရောင် ပန်းကလေးတွေပေါ့။ ကျနော် မပန်းဝါကို သတိရနေပါတယ်။ အခု ကျနော် သဘာဝတရားရဲ့ ဘာသာစကားကို တတ်ကျွမ်းနေခဲ့ပြီလေ။ ကျနော် ပန်းတွေနဲ့ စကားပြောတတ်နေပါပြီ။ ဒီအချိန် မပန်းဝါရဲ့ ပန်းခင်းလေးထဲ အဝါရောင်ပန်းကလေးတွေ ပွင့်နေလောက်ပြီပေါ့။ မပန်းဝါရော ပန်းတွေနဲ့ စကားပြောတတ်နေပြီလား။

သေနတ်သံတွေဟာ နတ်ဆိုးရဲ့ ဘာသာစကားတခုပဲ မပန်းဝါ။ အခု အဲဒီဘာသာစကားကိုလည်း ကျနော် တတ်ကျွမ်းနေပါပြီ။ ကျနော့်ရဲ့ သေနတ်လွယ်ကြိုးမှာ အဝါရောင်ပန်းတပွင့် ထိုးထားတယ် မပန်းဝါ။ ဒါက ကျနော် မပန်းဝါကို အမြဲသတိရနေကြောင်း သင်္ကေတ တခုပေါ့။

ခြေလက်ဗလာနဲ့ ထွက်လာခဲ့တဲ့ ကျနော့်မှာ သေနတ်တလက်ရှိနေခဲ့ပါပြီ။ တခါက ကဗျာတွေရေးတဲ့လက်ဟာ အခုသေနတ်ကြီးနဲ့ပေါ့ မပန်းဝါ။ ရယ်တော့ ရယ်ရသားပဲ မပန်းဝါ။ မတတ်နိုင်ဘူးလေ။ လူဆိုတာ ကိုယ်ချစ်တဲ့အရာတွေနဲ့ အဝေးကြီးမှာ နေရပြီး ကိုယ်မုန်းတဲ့ အရာတွေနဲ့တော့ အတူတူနေရတတ်တယ် မဟုတ်လား။

(၅)
သေနတ်သံတွေ ကြားနေရတယ် မပန်းဝါ။ ကျနော့်ရင်ဘတ်မှာ အနီရောင်ပန်းတပွင့် လာစိုက်နေတယ်။ အဲဒီပန်းပွင့်ကလေးကနေ အနီရောင် မျက်ရည်စက်တွေ တစက်စက်ထွက်နေတယ်။ ကျနော် နာကျင်တယ်လို့ မခံစားရတော့ပါဘူး။ ကျနော့် သေနတ်လွယ်ကြိုးကနေ လွင့်စင်သွားတဲ့ အဝါရောင်ပန်းကလေးဟာ ကျနော်နဲ့ ခပ်ဝေးဝေးမှာ ရှိနေတယ်။ ကျနော် မျက်လုံးတွေ လေးလံလာတယ် မပန်းဝါ။ ကျနော် ခဏလောက် အိပ်ပါရစေ။ ခဏလေးပါ။

ကျနော် ရနံ့တခုရတယ်။ ဟိုး ခပ်ဝေးဝေးက လွင့်ပျံ့လာတဲ့ ရနံ့မျိုး။ မပန်းဝါရဲ့ ဆံနွယ်တွေဆီမှာရှိတဲ့ ရနံ့မျိုး။ တဖြည်းဖြည်း နီးကပ်လာတယ်လို့ ကျနော်ခံစားရတယ်။ ကျနော့်မျက်လုံးတွေကို အားယူပြီး ဖွင့်ကြည့်လိုက်တယ်။ အမြင်တွေက မှုန်ဝါးနေတယ်။ နောက် တဖြည်းဖြည်း ကြည်လင်လာတယ်။ အဝါရောင် ဟုတ်တယ် အဝါရောင်ဝတ်စုံလေးနဲ့ ကျနော့်ကို ပြုံးကြည့်နေတဲ့ မပန်းဝါ။ သူမ ခေါင်းမှာလည်း အဝါရောင်
👍301
ပန်းကလေးတပွင့်ကို ဖြစ်သလို ထိုးထားတယ်။ မပန်းဝါ ကျနော့်ကို တခုခုပြောနေပုံရတယ်။ ဒါပေမယ့် ကျနော် မကြားရပါဘူး။ သူမအသံက နီးသွားလိုက် ဝေးသွားလိုက်။ နောက် တဖြည်းဖြည်း ပီသလာတယ်။ “အိမ်ပြန်ရောက်နေပြီပဲ အိပ်လိုက်ဦးနော်” တဲ့။ ကျနော် ဘေးဘီကို ကြည့်မိတယ်။
ဟုတ်ပါရဲ့ ကျနော်အိမ်ပြန်ရောက်နေတာပဲ။

ဘယ်လို ရောက်လာပါလိမ့်။ သူမအသံ ထပ်ကြားရတယ်။ “မနက်ဖြန် အဝါရောင်ပန်းတွေ အများကြီးပွင့်တော့မှာ” တဲ့။ ကျနော် မပန်းဝါကို စကားပြန်ပြောဖို့ ကြိုးစားကြည့်မိတယ်။ မရ။ ဒါကြောင့် ကျနော် မပန်းဝါကို ပြုံးပြလိုက်ပါတယ်။ ဟုတ်တယ် ကျနော် ပင်ပန်းနေပြီ။ အိပ်မှဖြစ်မယ်။ ခဏလောက်ပါပဲ မပန်းဝါ။ မနက်ဖြန် မပန်းဝါကို အဝါရောင်ပန်းတွေ ပန်ပေးရဦးမယ်လေ။

(၆)
တောတန်းလေးတနေရာက ဝါးကွပ်ပျစ်လေးပေါ်မှာ လူငယ်လေးတယောက် လဲလျောင်းနေသည်။ သူ့ရင်ဘက်က ဒဏ်ရာမှ ထွက်လာသော သွေးစက်တွေခြောက်နေပြီဖြစ်တာကြောင့် နာရီအတန်ကြာကပင် သူသေဆုံးခဲ့ကြောင်း သက်သေပြနေသည်။ သူ့ရင်ဘတ်ပေါ်မှာ အဝါရောင် တောပန်းပွင့်လေးတပွင့် တင်ထားသည်။ ဒဏ်ရာမှ သွေးတို့ဖြင့် နီစွေးနေသော အောက်ခံအရောင်ကြောင့် အဝါရောင်ပန်းကလေးသည် တောက်ပနေသည်။
သူ့မျက်နှာသည် ပြုံးလျက်။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ '​ချမ်းငြိမ်း'
ရေးဖွဲ့တဲ့ “​မနက်ဖြန် အဝါရောင်ပန်းတွေပွင့်ရင်”
ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
👍261
17👍13😢1
မန္တလေးမှာ အိုးဝေမောင်းသူတစ်ဦး ဓားနဲ့ တိုက်ခိုက်လုယက်ခံရပြီး အသက်အန္တရာယ် စိုးရိမ်ရ

​ဧပြီ-၄၊ ၂၀၂၆။မေရီ/People's Spring

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ရဲမွန်တောင်ရပ်ကွက်မှာ အိုးဝေသုံးဘီးယာဥ်တစ်စီး ဓားနဲ့ တိုက်ခိုက် လုယက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၄ ရက် မနက်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၇ လမ်းနဲ့ ၅၂ လမ်းထောင့်အနီးမှာ အိုးဝေမောင်းနှင်သူတစ်ဦးကို လူတစ်ဦးက ဓားနဲ့ တိုက်ခိုက်ကာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နီးစပ်သူအချို့က ပြောပါတယ်။

"အိုးဝေမောင်းသူ ဂုတ်၊ဝမ်းဗိုက် ဒဏ်ရာတွေရသွားတယ်။ စိုးရိမ်ရတယ်။ အိုးဝေဘီးတော့ ပါမသွားဘူး"လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

လုယက်မှုဖြစ်စဥ် အသေးစိတ်မသိရသေးဘဲ လုယက်သူဟာ တိုက်ခိုက်ပြီးနောက် ထွက်ပြေးသွားခဲ့လို့ ဖမ်းဆီးရမိခြင်းမရှိဘူးလို့ သိရပါတယ်။

​အခင်းဖြစ်ပွားရာ ရဲမွန်တောင်ရပ်ကွက်ဟာ ခြံဝန်းအကျယ်ကြီးများရှိပြီး လူနေကျဲပါးတဲ့အပြင် လမ်းအသွားအလာ ရှင်းလင်းတဲ့ နေရာများဖြစ်လို့ သတိပြုသွားလာသင့်ကြောင်း မြို့ခံတွေက ပြောပါတယ်။

​အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ မန္တလေးမြို့ပေါ်မှာတင် ဓါးပြတိုက်မှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး သုံးဘီးယာဥ်တွေပါ လုယက်ခံနေရတာဖြစ်ပါတယ်။ သုံးဘီးယာဥ်တွေကို ခရီးသည်အယောင်ဆောင်ကာ ငှားရမ်းပြီး လူပြတ်တဲ့နေရာရောက်မှ ရိုက်နှက်ကာ လုယက်တာတွေ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။
🤬33😱5🔥32👍2👎2
👍17🔥1
တိုက်ပွဲတွေမှာ ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ အရာရှိ စစ်သည် ၃၄၀ ကျော်ကို TNLA ဂုဏ်ပြု

ဧပြီ-၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူတွေနဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့တဲ့ တအာင်းတပ်မတော်(PSLF/TNLA) အရာရှိ၊ အရာခံတွေ ရဲဘော်တွေအတွက် ဂုဏ်ပြုပွဲ ကျင်းပခဲ့ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ဂုဏ်ပြုပွဲကို မတ်လ ၃၀ရက်က မန်တုံမြို့မှာ ကျင်းပခဲ့တာလို့ဆိုပါတယ်။ အခုလို ဂုဏ်ပြုပွဲ ကျင်းပတာဟာ တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များရဲ့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုတာ၊ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီတာ စတာတွေ အတွက် ရည်ရွယ်ကျင်းပခဲ့တာလို့ ဖော်ပြပါတယ်။

တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ အရာရှိ အရာခံ။ ရဲဘော် စုစုပေါင်း ၃၄၉ဦးရှိရာ ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်ခဲ့တယ်လို့ အသိပေးပါတယ်။

တအာင်းပြည်တည်ထောင်ရေးလုပ်ငန်းစဉ်မှာ အခက်အခဲများနဲ့ ကြီးမားတဲ့ အရင်းအနှီးများ ရင်ဆိုင်ခဲ့ရကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က အခမ်းအနား မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တော်လှန်ရေးကာလအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များအတွက် တွေ့ဆုံပွဲများ စီစဉ်ပေးခဲ့တဲ့ စစ်ဦးစီးဌာနအား ကျေးဇူးတင်ရှိကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့တဲ့အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအနေဖြင့် ပညာရေးနဲ့ နည်းပညာပိုင်းများတွင် ဆက်လက်သင်ယူ တိုးတက်ဖို့လိုကြောင်းပြောကြားကာ စိတ်ဓာတ်မကျဘဲ ကြံ့ကြံ့ခိုင်ခိုင်နေထိုင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

TNLA စစ်ဦးစီးချုပ် တားဟိုပလာန်ကလည်း တော်လှန်ရေးကာလအတွင်း အသက်နဲ့ ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များဟာ တအာင်းသူရဲကောင်းများဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးဒဏ်ရာရသူတွေရဲ့ ပေးဆပ်မှုတွေဟာ တအာင်းလူမျိုးတစ်မျိုးလုံးအတွက် ဖြစ်ကြောင်း စစ်ဦးစီးချုပ်က ပြောကြားပြီး အဲဒီ သူရဲကောင်းတွေကို ဆက်လက် ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့လည်း ပြောကြားခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

TNLAဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်ပြီး ညီနောင်မဟာမိတ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ စစ်ဆင်ရေး အပိုင်း(၁)နဲ့ (၂) အတွင်း မြို့နယ် ၁၂ခုနဲ့ စစ်ကောင်စီ တပ်စခန်းရာချီကို TNLAက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅ နှစ်လယ်ပိုင်းမှာ တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှု၊ စစ်ကောင်စီရဲ့ လေကြောင်း စစ်ဆင်ရေး မြေပြင်ထိုးစစ် စတာတွေကြောင့် နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့တွေကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တရုတ်ရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေး လုပ်ဆောင်ခဲ့ရပါတယ်။ ၂၀၂၅ အောက်တိုဘာ လကုန်ပိုင်း အပစ်ရပ်စဲရေး သဘောတူညီချက်အရ TNLA သိမ်းထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကို စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၂၆ ဖေဖော်ဝါရီမှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA)နဲ့ နယ်မြေဆိုင်ရာ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာဖြစ်ပွားခဲ့ရာ မတ်လမှာ MNDAAက ထိုးစစ်ဆင်ခဲ့လို့ ကွတ်ခိုင်မြို့ကိုလည်း TNLAက လက်လွှတ်ခဲ့ရပါတယ်။ ညီနောင်မဟာမိတ် အချင်းချင်းအပစ်ရပ်စဲရေး ဆွေးနွေးလုပ်ဆောင်နိုင်ခဲ့ပေမယ့် ကွတ်ခိုင်ကို MNDAAက ထိန်းချုပ်ခဲ့သလို မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းက TNLA တပ်စခန်းတွေကိုလည်း MNDAAက ဝင်ရောက်နေရာယူခဲ့ပါတယ်။

PSLF/TNLA အနေဖြင့် တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးဟူသော ရည်မှန်းချက်များကို ယနေ့တိုင် ဆက်လက်အကောင်အထည်ဖော် လျှောက်လှမ်းလျက်ရှိပြီး ယနေ့ရရှိထားသည့် အခြေအနေများဟာ ခေါင်းဆောင်များ၊ အရာရှိ၊ အရာခံများ၊ ရဲဘော်နဲ့ ရဲမေတွေရဲ့ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါများပေးဆပ်ကာ ဆောင်ရွက်ခဲ့တဲ့ စွန့်လွှတ်အနစ်နာခံမှုများရဲ့ ရလဒ်ဖြစ်ကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး အဲဒါကို မမေ့မလျော့ဖို့၊ အဲဒီလို အနစ်နာခံမှုများကို အခြေခံပြီး တအာင်းတစ်မျိုးသားလုံးရဲ့ မျှော်မှန်းချက်များ အကောင်အထည်ဖော်နိုင်ရေးဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
33👍8💩6🔥3🥰1
ဓာတ်ပုံ - PSLF/TNLA
👍34💩43🔥2🥰1
■ရုပ်ရှင်ခံစားမှု

အာဏာရှင်ရဲ့ကြောက်စိတ်

The Last King of Scotland (၂၀၀၆)

၁၉၇၀ ပြည့်လွန်နှစ်များမှာ စကော့တလန်သား ဆရာဝန်လေး နီကိုလပ်စ်ဟာ သူ့ရဲ့ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝကနေ ရုန်းထွက်ဖို့ ယူဂန်ဒါနိုင်ငံကို ပရဟိတဆရာဝန်အဖြစ် ထွက်လာခဲ့ပါတယ်။ သူရောက်ပြီး မကြာခင်မှာပဲ ဗိုလ်ချုပ်ကြီး အီဒီအာမင် က အာဏာသိမ်းလိုက်ပြီး တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမယ်လို့ ကတိပေးခဲ့ပါတယ်။

​တိုက်တိုက်ဆိုင်ဆိုင်ပဲ အီဒီအာမင် စီးနင်းလာတဲ့ ကားဟာ နွားတစ်ကောင်နဲ့ တိုက်မိပြီး အီဒီအာမင် ဒဏ်ရာရသွားပါတယ်။ နီကိုလပ်စ်က သူ့ကို ကုသပေးခဲ့ရုံတင်မကဘဲ အီဒီအာမင်ရဲ့ သေနတ်ကိုယူပြီး နာကျင်အော်ဟစ်နေတဲ့ နွားကို ပစ်သတ်လိုက်တဲ့ သတ္တိကို အီဒီအာမင်က သဘောကျသွားပါတယ်။ စကော့တလန်ကို အထင်ကြီးတဲ့ အီဒီအာမင်ဟာ နီကိုလပ်စ်ကို သူ့ရဲ့ "ကိုယ်ပိုင်ဆရာဝန်" အဖြစ် ခန့်အပ်ပြီး မြို့တော်ကန်ပါလာကို ခေါ်သွားပါတယ်။

နီကိုလပ်စ်ဟာ အစပိုင်းမှာ အီဒီအာမင်ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားလုံးတွေ၊ လက်ဆောင်ပေးတဲ့ ကားကောင်းတွေနဲ့ ခမ်းနားတဲ့ ပါတီပွဲတွေကြားမှာ နစ်မျောသွားပါတယ်။ သူဟာ အာဏာရှင်ရဲ့ ယုံကြည်ရဆုံးလူ ဖြစ်လာပြီး နိုင်ငံရေးအကြံပေးသလိုမျိုးအထိ နေရာပေးခံရပါတယ်။

​သူဟာ ယူဂန်ဒါကို ရောက်စမှာ လူသားချင်းစာနာထောက်ထားမှုနဲ့ လာတာလို့ ဆိုပေမဲ့၊ အီဒီအာမင်က သူ့ကို စည်းစိမ်ဥစ္စာတွေ၊ ကားကောင်းတွေ၊ ပါတီပွဲတွေနဲ့ မြှူဆွယ်တဲ့အခါမှာတော့ အလွယ်တကူပဲ သာယာသွားခဲ့ပါတယ်။ နီကိုလပ်စ်ဟာ အာဏာရှင်ရဲ့ ရက်စက်မှုတွေကို မျက်ကွယ်ပြုပြီး ကိုယ့်အတွက် အဆင်ပြေရင်ပြီးရောဆိုတဲ့ "အခွင့်အရေးသမား"စိတ်ဓာတ်ဖြစ်လာခဲ့တယ်။

ဒါ့အပြင် အိုင်တွေ့တိုင်း ခြေဆေးချင်တတ်ပြန်တဲ့ နီကိုလပ်စ်ဟာ ရာဇဝတ်အိုးကိုမှ တုတ်နဲ့သွားထိုးပြန်ပါတယ်။ အီဒီအာမင်ရဲ့ အပယ်ခံဇနီးသည် ကေးနဲ့ လူမှုရေးဖောက်ပြန်ခဲ့တာပါ။

နောက်ပိုင်းမှာတော့ နီကိုလပ်စ်ဟာ အီဒီအာမင်ရဲ့ ကြောက်စရာကောင်းတဲ့ ပုံစံအစစ်ကို မြင်လာရပါတယ်။ အီဒီအာမင်ဟာ သူ့ကို ဆန့်ကျင်တယ်လို့ သံသယရှိသူမှန်သမျှကို ရက်ရက်စက်စက် သတ်ဖြတ်ခိုင်းတာ၊ ဝန်ကြီးတွေကို အစည်းအဝေးခန်းထဲမှာတင် နှိပ်ကွပ်တာတွေကို တွေ့လာရပါတယ်။ နီကိုလပ်စ်က တိုင်းပြည်ကနေ ထွက်ပြေးဖို့ ကြိုးစားပေမဲ့ အီဒီအာမင်က သူ့နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းပြီး အကျပ်ကိုင်ထားပါတယ်။

ငါက နိုင်ငံရေးနဲ့ မဆိုင်ပါဘူး၊ ငါ့အလုပ် ငါလုပ်တာပဲ" ဆိုပြီး အာဏာရှင်စနစ်အောက်မှာ ပျော်မွေ့နေသူတွေဟာလည်း နောက်ဆုံးမှာတော့ အပြစ်မဲ့သူတွေ သေဆုံးမှုမှာ "လက်ပါးစေ" တွေ ဖြစ်သွားတတ်တယ်ဆိုတာကို နီကိုလပ်စ်က ဖော်ပြနေတာ ဖြစ်ပါတယ်။ နီကိုလပ်စ် အာဏာရှင်လက်ထဲကနေ ဘယ်လိုများ လွတ်မြောက်မလဲ။

အီဒီအာမင်အဖြစ် သရုပ်ဆောင်တဲ့ Forest Whitaker ရဲ့ သရုပ်ဆောင်ချက်ဟာ ဒီကားရဲ့ အသက်ပါ။ သူဟာ အီဒီအာမင်ကို ရယ်ရယ်မောမောနဲ့ ပျော်ပျော်နေတတ်တဲ့ လူကြီးတစ်ယောက်လို အစပိုင်းမှာ ပြသခဲ့ပေမဲ့၊ မျက်မှောင်တစ်ချက်ကြုတ်လိုက်ရုံနဲ့တင် ကြောက်စရာကောင်းတဲ့ ဘီလူးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံက ပီပြင်လွန်းပါတယ်။

ဇာတ်ကားထဲမှာမပါတဲ့ အီဒီအာမင်ရဲ့ လက်ကျန်ရက်တွေကတော့ ၁၉၇၉ ခုနှစ်မှာ တန်ဇန်းနီးယားတပ်မတော်နဲ့ ယူဂန်ဒါပြည်ပြေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အီဒီအာမင်ဟာ အာဏာကနေ ပြုတ်ကျပြီး တိုင်းပြည်က ထွက်ပြေးခဲ့ရပါတယ်။

သူဟာ လစ်ဗျားနိုင်ငံကို အရင်ပြေးခဲ့ရပြီး နောက်ဆုံးမှာ ဆော်ဒီအာရေဗျနိုင်ငံမှာ သွားရောက်ခိုလှုံခဲ့ရပါတယ်။ သူဟာ မိခင်နိုင်ငံ ယူဂန်ဒါကို ဘယ်တော့မှ ပြန်ခွင့်မရတော့ဘဲ ၂၀၀၃ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံမှာပဲ အထီးကျန်စွာနဲ့ ရောဂါဝေဒနာခံစားရင်း သေဆုံးသွားခဲ့ပါတယ်။

အီဒီအာမင်ကိုကြည့်ရင်း ကျွန်တော်တို့ဆီက စစ်ခေါင်းဆောင်ကို မြင်နေမိတယ်။ အီဒီအာမင်ဟာ သူ့ဘေးနားက ယုံကြည်ရတဲ့သူတွေကိုတောင် "ငါ့ကို လုပ်ကြံတော့မလား" ဆိုတဲ့ သံသယနဲ့ အမြဲစောင့်ကြည့်ပြီး သတ်ဖြတ်တတ်ပါတယ်။ မင်းအောင်လှိုင်ဟာလည်း သူ့ရဲ့ စစ်ဗိုလ်ချုပ်အချင်းချင်းအပေါ် မယုံကြည်မှုတွေကြောင့် ခဏခဏ ရာထူးကဖယ်ရှားတာတွေ လုပ်လေ့ရှိတာဟာ အာဏာရှင်တွေရဲ့ အထီးကျန်တဲ့ ကြောက်စိတ်ချင်း တူနေတာပါ။

​အီဒီအာမင်ဟာ သူ့ကို တစ်ယောက်ယောက်က အဆိပ်ခတ်သတ်မှာ၊ ဒါမှမဟုတ် သေနတ်နဲ့ပစ်သတ်မှာကို အမြဲစိုးရိမ်နေသူပါ။ ညစာစားပွဲတစ်ခုအပြီးမှာ အီဒီအာမင်ဟာ ဗိုက်ထဲကနေ ပြင်းထန်စွာ အောင့်လာပြီး အော်ဟစ်ညည်းညူပါတော့တယ်။ သူဟာ တကယ့်ကို သေအံဆဲဆဲ ဝေဒနာခံစားနေရသလို ပုံစံမျိုးနဲ့ ကုတင်ပေါ်မှာ လူးလိမ့်နေတာပါ။ သူ့ကို တစ်ယောက်ကအဆိပ်ခတ်လိုက်ပြီထင်နေတာ။ ဆရာဝန် နီကိုလပ်စ် ရောက်လာပြီး စစ်ဆေးတဲ့အခါမှာတော့ ဒါဟာ အဆိပ်ခတ်ခံရတာ မဟုတ်ဘဲ အစားအသောက် အလွန်အကျွံစားမိလို့ဖြစ်တဲ့ လေပွနေတာကို သိလိုက်ရပါတယ်။ သူ့ရဲ့ကြောက်စိတ်က လေပွတာကိုတောင် အဆိပ်ခတ်ခံရတယ်ထင်တာ။

စစ်ခေါင်းဆောင်ဟာ အခုဆိုရင် အသက် (၇၀) နီးပါး ရှိနေပြီဖြစ်သလို၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ခုခံတွန်းလှန်စစ်တွေ ကြုံတွေ့နေရတာ၊ စစ်မျက်နှာအသီးသီးမှာ ရှုံးနိမ့်နေတာတွေကြောင့် ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားနေရမှာ အသေအချာပါပဲ။
👍215🤣1
စစ်ခေါင်းဆောင်ကော အီဒီအာမင်လိုပဲ လုပ်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် ကောင်းကောင်းအိပ်ပျော်ပါရဲ့လား။ ပတ်ပတ်လည်က စစ်တပ်အသိုင်းအဝိုင်းကိုကော စိတ်ချပါရဲ့လား။ အထူးစိတ်ပူမိပါရဲ့။ ။
👍29😁31