People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.91K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ပြည်သူထောင်သောင်းချီ ဖမ်းဆီးသတ်ဖြတ်ပြီး သမ္မတရာထူးယူတဲ့ မင်းအောင်လှိုင်ကို ၀တပ် UWSAက ဂုဏ်ပြုတဲ့အပေါ် ပြည်သူတွေ ဝေဖန်

ဧပြီ−၃၊၂၀၂၆။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့တဲ့အေပါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ဝတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဦးညီရန်းက သဝဏ်လွှာပေးပို့တဲ့စာကို သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားရာမှာ ပြည်သူတွေက ဝင်ရောက်မှတ်ချက်ပြုနေကြတာ ဖြစ်ပါတယ်။

"အဟမ်း ..အဟမ်း ၊ တရုတ်ကြီးက ချက်ချင်းပဲ ပြောခိုင်းတာလား"လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

နောက်ထပ် ပြည်သူတစ်ဦးကလည်း "ကိုညီရန်းရေ ကယန်းဒေသမှာ ကျဆုံးသွားတဲ့ ၀ ရဲဘော် ၃၀ မျက်နှာလေးပြန်ထောက်ပါလားဗျာ"လို့ ရေးသားထားပါတယ်။

"သားကြီး ဒါတွေကိုမမေ့ကြေးနော် ငါတို့ကတော့သေထိမမေ့ဘူး မျိုးရိုးစဥ်ဆက်ပါလက်ဆင့်ကမ်းသွားဦးမှာ"လို့လည်း ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

"အာဏာသိမ်းကတည်းက ကြိုရေးထားတာဟ"လို့လည်း ရေးသားထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူဖို့ ကြိုးပမ်းနေတဲ့ အခုရက်ပိုင်းအတွင်းမှာလည်း ဒေသအနှံ့က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဝတပ်ဖွဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်ဟာ တပ်ချုပ်အဖြစ် တာဝန်ယူစဉ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံမှု၊ လူမှုစီးပွား တည်ငိမ်တိုးတက်ရေးကို များစွာ ကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတဲ့ အချက်အလက်အမှားတွေနဲ့ မင်းအောင်လှိုင်ကို ၀တပ်ဖွဲ့ UWSAက မြောက်ပင့်ခဲ့ပါတယ်။

ဒါ့အပြင် ၀တပ်ဖွဲ့က နိုင်ငံကနေ ခွဲထွက်တာ သီးခြားလွတ်လပ်ရေး ကြေညာတာ မရှိစေရ ဟုလည်း သဝဏ်လွှာမှာရေးသားထားပါတယ်။ဒါပေမဲ့ UWSA အုပ်ချုပ်တဲ့ ဒေသမှာ စစ်ကောင်စီတပ် နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး လက်ခံထားရှိခြင်း မရှိပါဘူး။

မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ တိုးတက်မှုနဲ့ တိုင်းရင်းသား ပြည်သူအားလုံး သာယာ၀ပြောမှုတို့ အမြန်ဆုံး ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ၀တပ် UWSAက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၅နှစ်တာအတွင်း အရပ်သား ပြည်သူ ထောင်သောင်းချီဖမ်းဆီး သတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပြည်သူလူထုနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်က ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာလည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူလူထုတွေရဲ့ နေအိမ်အဆောက်အအုံ ၁သိန်း ၂သောင်းကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အဓမ္မ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လူငယ်လူရွယ်တွေကို စစ်သားသစ်အဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုမှုတွေလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။
👍21🤬10🤮63🤣3💩2
(၂၀၂၃ လွတ်လပ်ရေးနေ့အခမ်းအနားမှာ သမ္မတအဆောင်အယောင်ရွှေစလွယ်နဲ့ စစ်ခေါင်းဆောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ - AP)
🖕34🤮9💩4👍1👎1🔥1🤣1😭1
အာဏာသိမ်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်က အရပ်သားနေအိမ် တစ်သိန်းကျော် မီးရှို့ဖျက်ဆီး

​ဧပြီ−၃၊ ၂၀၂၆/People's Spring

​အာဏာသိမ်းပြီးနောက်ပိုင်း (၅)နှစ်ကျော်ကာလအတွင်း စစ်တပ်နဲ့ ၎င်းရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း ၁ သိန်း ၂ သောင်းကျော် ပြာကျပျက်စီးခဲ့ရကြောင်း Data for Myanmar ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ မေလမှ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ကောက်ယူထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်စုစုပေါင်း ၁၂၅,၃၂၈ လုံး ရှိခဲ့​ကြောင်း၊ ယင်းအနက် ၁၂၁,၄၈၅ လုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ၎င်းတို့နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းများကြောင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း Data for Myanmarရဲ့ အစီရင်ခံစာက အသိပေးပါတယ်။

ဒေသအလိုက် ကြည့်မယ်ဆိုပါက စစ်ကိုင်းတိုင်းဟာ နေအိမ် ၇၈,၈၉၆ လုံးအထိ ဆုံးရှုံးခဲ့ရပြီး တစ်နိုင်ငံလုံး မီးလောင်ကျွမ်းမှုရဲ့ ၆၃ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးတွင် ရှိနေကြောင်း၊ ၎င်းနောက်မှာ မကွေးတိုင်းက ၁၈,၅၅၂ လုံးနဲ့ ဒုတိယအများဆုံးဖြစ်ကာ မန္တလေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ သိသိသာသာ မြင့်တက်နေတယ်လို့ Data for Myanmar က ဆိုပါတယ်။

ပြီးခဲ့သည့် ၃ လတာ ၂၀၂၅ ဒီဇင်ဘာမှ ၂၀၂၆ ဖေဖော်ဝါရီအတွင်း တိုင်းနဲ့ ပြည်နယ် ၆ ခုရှိ ကျေးရွာပေါင်း ၈၉ ရွာမှ နေအိမ် ၄,၇၄၈ လုံး ထပ်မံမီးရှို့ခံခဲ့ရကြောင်း၊ အထူးသဖြင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အိုင်မကျေးရွာ မှာ နေအိမ် ၅၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ၃ လတာအတွင်း ထိခိုက်မှုအများဆုံး ကျေးရွာအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Data for Myanmar ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ၂၀၂၅ ရွေးကောက်ပွဲကျင်းပဖို့ လျာထားတဲ့ ဒေသတွေမှာ လုံခြုံရေးတိုးမြှင့်ခဲ့သလို၊ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ကျေးရွာတွေမှာ "နယ်မြေရှင်းလင်းရေး" အကြောင်းပြကာ စစ်ကြောင်းထိုးပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကို မွှေနှောက်ယူဆောင်တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

​တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့များနဲ့ စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲတွေ ပိုမိုများပြားလာတာကလည်း မီးရှို့ဖျက်ဆီးခံရမှု အခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ်လို့ Data for Myanmar က ဆိုပါတယ်။

​ယခုထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ စစ်ကောင်စီဘက်က ကျူးလွန်တဲ့ မီးရှို့မှုတွေကိုသာ အဓိကထား ဖော်ပြထားခြင်းဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခြင်းနဲ့ အခြားအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ ထည့်သွင်းရေတွက်ထားခြင်း မရှိသေးဘူးလို့ Data for Myanmarက အသိပေးထားပါတယ်။
🤬21👍10👎2🔥1👏1🤣1
(မတ်လတတိယပတ်အတွင်းက မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ − CJ)
🤬36👎3👏32🤣1
ရန်ကုန်မှာ မီးပြတ်တဲ့နောက်ဆက်တွဲ YBS ခရီးသည်တွေ အခက်ကြုံ

ဧပြီ-၃၊၂၀၂၆။ရောင်နီ/People's Spring

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

စစ်တပ်လွှတ်တော်စတင်တဲ့ မတ်လလယ်မှာ လျှပ်စစ်မီးပေးချိန်တွေကန့်သတ်လိုက်တာဖြစ်ပြီး CNG ဆိုင်တွေက လျှပ်စစ်မီးရရှိချိန်မှသာ Gas ဖြည့်ပေးနိုင်တာကြောင့် ဒီအခက်အခဲကို ကြုံနေတာပါ။

စစ်တပ်ရဲ့ လျှပ်စစ်ဝန်ကြီးဌာနက ရန်ကုန်မြို့မှာ တစ်ရက် ရှစ်နာရီ အလှည့်ကျနဲ့မီးဖြတ်မယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာတော့ လျှပ်မီးဖြတ်တောက်ချိန်က သတ်မှတ်ထားတာထက် ပိုများနေတာပါ။

ပြီးခဲ့တဲ့ဧပြီ ၁ရက် နဲ့ ၂ရက်မှာဆိုရင် System Breakdown ဖြစ်တယ်အကြောင်းပြပြီး နေ့လည်ပိုင်းတွေမှာ တစ်နိုင်ငံလုံးမီးပြတ်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် ဧပြီ ၂ ရက်မှာ ရန်ကုန်မြို့က တချို့မြို့နယ်တွေက နာရီအနည်းငယ်သာ ရရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

စက်သုံးဆီပြဿနာတွေကြောင့် မတ်လကစတင်ပြီး YBS စီးနင်းသူတွေ ပိုမိုများပြားလာပြီး လက်ရှိမှာတော့ YBS ယာဉ်လိုင်းတွေက Gas မရလို့ အစီးရေအပြည့် မပြေးဆွဲနိုင်တာကြောင့် ခရီးသည်တွေ က အခက်အခဲတွေပိုကြုံနေရတာပါ။

YBS ယာဉ်လိုင်းအချို့က အစီးရေအပြည့်မပြေးဆွဲနိုင်တာကြောင့် ကားဂိတ်‌တွေမှာ အချိန်အကြာကြီးစောင့်ရသလို ရုံးဆင်း ရုံးတတ်ချိန်တွေမှာလည်း ခရီးသည်တွေ ရတဲ့ကားတွေကို အလုအယက်စီးနေကြရတာပါ။

“အရင်ဆို ကျွန်တော်တို့ သာကေတဘက်ကို လှိုင်ကနေ အလုပ်ပြန်ဖို့ ကားအကြာကြီး မစောင့်ရဘူး။ အခုက လိုင်းကားတွေက တော်တော်နဲ့ မလာတော့ ကားစီးဖို့ကို ၁ နာရီနီးပါးလောက် စောင့်ရတယ်။ လာတော့လဲ ကားလိုင်းက တစ်စီးထဲဆိုတော့ ခရီးသည်တွေကို ပြည့်ကြပ်နေအောင် မနည်းတက်စီးရပါတယ်။ အဓိကကတော့ လိုင်းကားတွေ CNG ရဖို့ တန်းစီနေရလို့ အစီးရေအပြည့် မထွက်နိုင်တာလို့ သိရပါတယ်။ အခုက မီးတွေက ပျက်နေတော့ CNG Gas ဆိုင်တွေက Gas ကို အလွယ်တကူ မရောင်းပေးနိုင်တာပါ။ လူတွေမှာ တနေ့တနေ့ ဆီတန်းစီရ၊ Gas တန်းစီရနဲ့ ဘာမှကို အလုပ်လုပ်လို့ မရပါဘူး။ ကုမ္ပဏီက ဖယ်ရီတွေ အရင်ပေးပေမယ့် ခုက စုံ၊ မ စနစ်ကြောင့် ဖယ်ရီလည်း မစီစဉ်နိုင်တော့ဘူး။ ဘာမှမလုပ်တတ်တဲ့ လူတစ်ယောက် တိုင်းပြည်အုပ်ချုပ်နေတော့ တတိုင်းပြည်လုံး ဒုက္ခရောက်ရတာပါပဲ” လို့ ရန်ကုန်မြို့နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

“အခု မီးက တော်တော်ပျက်နေတော့ Gas ဆိုင်မှာ Gas တစ်ခါဖြည့်ကို အကြာကြီး တန်းစီရပါတယ်။ အလုံကမ်းနားလမ်းမှာဆို ဆီတန်းစီတာရော Gas တန်းစီတာရောကြောင့် ကားလမ်းတွေလည်း ပြည့်ကျပ်နေပါတယ်။ လိုင်းကားတွေဆိုလည်း Gas ဆိုင်မှာတင် အချိန်ကုန်နေတော့ မှတ်တိုင်တွေမှာ လူတွေလည်း ပုံနေပါတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ဖို့တောင် အားလုံးမှာ ဒုက္ခကြုံနေရပါတယ်” လို့ ရန်ကုန်မြို့တွင်း CNG Gas လိုင်းနဲ့ မောင်းနှင်တဲ့ အဌားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
👍305🔥2🤬1😢1
(ရန်ကုန်မြို့မြင်ကွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - PS)
🔥17👍61😁1🤔1😱1
(ရန်ကုန်မြို့မြင်ကွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ - PS)
🔥17👍74😱1