People's Spring
62.6K subscribers
66.7K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
🖕27💩4🤬1😭1
■အ​တွေးအမြင်

ဘာကြောင့် မြန်မာစစ်အာဏာရှင် သမ္မတရာထူးကို ဖက်တွယ်တာလဲ

-ငြိမ်းငြိမ်းပြည့်​ရေးသားသည်။

မင်းအောင်လှိုင်ဟာ စစ်အုပ်စိုးမှုကို စွန့်လွှတ်ချင်လွန်းလို့ သမ္မတရာထူးကို လိုချင်နေတာ မဟုတ်ပါဘူး။ စစ်အရင်းရှင်အုပ်စုအနေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အကျပ်အတည်းကြီးထဲကနေ သူတို့ရဲ့ ကြီးစိုးခြယ်လှယ်ရေးစနစ်ကို ကယ်ဆယ်ဖို့ ကြိုးစားနေလို့သာ လိုချင်နေတာပါ။ အဓိကပြောရရင်တော့ သူဟာ သူ့ကိုယ်သူ ကယ်တင်ဖို့အတွက် ဒီရာထူးကို လိုအပ်နေတာပါ။

ရာထူးကနေ ဆင်းပေးလိုက်ရတာနဲ့ သူရဲ့
impunity (ပြစ်မှုတွေအတွက် အ​ရေးယူဒဏ်ခတ်မခံရဘဲ ကင်းလွတ်ခွင့်ရနေမှု)ကို ဆုံးရှုံးသွားမှာကို သူ ကြောက်ရွံ့နေသလို၊ အဲဒီလို ဆုံးရှုံးသွားတာနဲ့အမျှ တာဝန်ခံရမှုတွေနဲ့ ရင်ဆိုင်ရမှာကိုလည်း သူ ထိတ်လန့်နေပါတယ်။ ဒါ့အပြင် စစ်တပ်အင်စတီကျူးရှင်းအနေနဲ့ အဆုံးအဖြတ်ပေးရမယ့် အချိန်တခုရောက်လာရင် သူ့ကို ဝန်ထုပ်ဝန်ပိုးတခုလို့ သဘောထားပြီး သူတို့ရဲ့အာဏာနဲ့အင်ပျူနတီကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူ့ကို ဖယ်ရှားပစ်မှာကိုလည်း စိုးရိမ်နေပါတယ်။ ဒါကြောင့်မို့လို့ သူက အဓိကကျတဲ့ ရာထူးနေရာ ခွဲဝေမှုတွေကို သူစိတ်တိုင်းကျ ပုံဖော်ထိန်းချုပ်ပြီး၊ အာဏာရဲ့အမြင့်ဆုံးနေရာတွေမှာ သူ့သစ္စာခံတွေကိုချည်း နေရာချထားဖို့ ကြိုးစားနေတာပါ။

မင်းအောင်လှိုင်၊ စစ်တပ်အင်စတီကျူးရှင်းနဲ့ သူတို့ကိုဝန်းရံထားတဲ့ စစ်အရင်းရှင်အုပ်စုတွေအားလုံးဟာ သူတို့ရဲ့ အမိန့်ပေးကွပ်ကဲမှု၊ နယ်မြေ၊ တရား
ဝင်မှု၊ အရင်းအမြစ်နှိုက်ထုတ်ယူမှု၊ အခွင့်ထူးခံမှု၊ ဓနဥစ္စာစည်းစိမ်နဲ့ အင်ပျူနတီတွေ အစစအရာရာ တိုက်စားခံရပြီး ပြိုကျပျက်စီးသွားမယ့် အန္တရာယ်ကို ထိတ်လန့်နေကြပါတယ်။ သူတို့ ရှာဖွေနေတာဟာစစ်အာဏာရှင်အုပ်စိုးမှုကနေလွတ်မြောက်
ရေး ထွက်ပေါက်ရှာနေတာ မဟုတ်ဘဲ၊ အာဏာကို လက်မလွှတ်ရဘဲ သူတို့ရဲ့ကျဆင်းလာနေမှုကို အရှိန်လျှော့ပစ်နိုင်မယ့် လမ်းကြောင်းတခုကိုသာ ရှာဖွေနေကြတာပါ။

တကယ်တော့ အခုသူတို့ ဖန်တီးကပြနေတာဟာ အသွင်ကူးပြောင်းရေးမဟုတ်ပါဘူး၊ အသွင်ကူး
ပြောင်းရေး လုပ်နေသယောင် ဟန်ပြလုပ်နေတာသာဖြစ်ပါတယ်။နိုင်ထက်စီးနင်းလုပ်တာ၊ လုယက်
ခေါင်းပုံဖြတ်တာနဲ့ အင်ပျူနတီတွေ ပြည့်နှက်နေတဲ့ စနစ်ဟောင်းကြီးအတွက် အခွံသစ်တခု သက်
သက်ပါပဲ။

မင်းအောင်လှိုင်အတွက် သမ္မတရာထူးဆိုတာ ကြားနေ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရာထူးတခု မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေးအရ အကာအ
ကွယ်ယူမယ့် ခံတပ် (ဝါ) နိုင်ငံရေးကတုတ်ကျင်း တခုပါ။ ပြစ်ဒဏ်​တွေကကင်းလွတ်ခွင့်ရ​နေတာကို ကာကွယ်ဖို့၊ ပြိုင်ဘက်တွေကို ထိန်းချုပ်ဖို့၊သူ့အာ
ဏာကို ပိုခိုင်မာစေဖို့၊ စစ်တပ်ရဲ့ကြီးစိုးခြယ်လှယ်မှုကို နိုင်ငံတော်အုပ်ချုပ်ရေးစနစ်အဖြစ် အသွင်ပြောင်း သက်ဆိုးရှည်စေဖို့ တမင်သက်သက် ဒီဇိုင်းထုတ်ထားတဲ့ အခွံတခုပါပဲ။ ဗြောင်ကျကျ အကြမ်းဖက်တဲ့ စစ်အုပ်စိုးမှုထက်စာရင် သမ္မတရာထူးက နိုင်ငံရေးအရ ပိုအလှည့်အပြောင်းလုပ်လို့ လွယ်ကူသလို၊ ပိုရောင်းပန်းလှပြီး နိုင်ငံရေးအရ ပိုအသုံးတည့်ပါတယ်။ တကယ်တော့ သူ
ဒီရာထူးကို လှမ်းဆွဲနေတဲ့ အခုအချိန်ကာလမှာ မြန်မာစစ်တပ်သော်လည်းကောင်း မင်းအောင်လှိုင်သော်လည်းကောင်းဟာ အင်အားရှိနေလို့ မဟုတ်ပါဘူး။ စစ်အုပ်စိုးမှုကြီး သမိုင်းဝင် ကျရှုံးနေတဲ့ အခြေအနေဆိုးထဲကနေ လှမ်းဆွဲနေတာပါ။

●UCC နဲ့ ကြီးစိုးခြယ်လှယ်မှုကို နိုင်ငံရေးအရ ခဝါချခြင်း

ဒီစီမံကိန်းရဲ့ အထင်ရှားဆုံး အင်စတီကျူးရှင်းဆိုင်ရာ သက်သေတခုကတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ (UCC) ဥပဒေသစ်ပါ။၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကပြဋ္ဌာန်းခဲ့ပြီးယာယီသမ္မတအနေနဲ့ မင်းအောင်
လှိုင်ကိုယ်တိုင် လက်မှတ်ထိုးထားပါတယ်။ ဒီဥပဒေက အခမ်းအနားပြ အကြံပေးအဖွဲ့တခုကို ဖန်တီးလိုက်လို့အရေးပါနေတာမဟုတ်ဘဲ၊ သီးခြားစီရပ်တည်ရမယ့် အဓိကမဏ္ဍိုင်တွေအပေါ်မှာ သမ္မ
တရာထူးရဲ့ (ထိုမှတဆင့် စစ်တပ်ရဲ့) နိုင်ငံရေးအရ ခြယ်လှယ်လွှမ်းမိုးနိုင်စွမ်းကို ချဲ့ထွင်လိုက်လို့ အရေးပါနေတာပါ။

ဒီဥပဒေအရ သမ္မတကို ကောင်စီဖွဲ့စည်းဖို့၊ အဖွဲ့ဝင်တွေခန့်အပ်ဖို့၊ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး သတ်မှတ်ဖို့၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းဖို့နဲ့ ကောင်စီရုံးကို သမ္မတရုံးအောက်မှာထားရှိဖို့ အာဏာပေးထားပါတယ်။ကောင်စီရဲ့လုပ်ပိုင်ခွင့်နယ်ပယ်ဟာ ပြည်
ထောင်စုလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ
တကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးရေးရာတွေနဲ့ ဥပဒေပြုရေးရာတွေအထိ ကျယ်ပြန့်ပါတယ်။ အဲဒါတွေဟာ သာမန်ဘေးဖယ်ထားလို့ရတဲ့ ကိစ္စရပ်တွေ မဟုတ်ပါဘူး။ စစ်အုပ်စိုးမှုကို စုစည်းဖို့၊ ကာကွယ်ဖို့နဲ့ တရားဝင်မှုဖန်တီးဖို့ အဓိကကျတဲ့ နယ်
ပယ်တွေပါ။ အခုလို ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုဟာ အကြံပေးရုံသက်သက် လုပ်မှာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စကားလုံးတွေကို သုံးနှုန်းထားရင်းနဲ့ပဲ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေအပေါ် ကြီးကြပ်ကွပ်
ကဲဖို့ အာဏာရှင်ရဲ့ သမ္မတရာထူးကို တရားဝင်ယန္တရားတခု အပ်နှင်းလိုက်တာပါပဲ။
💩13👍6👎32🤬1
ဒီအာဏာကိုကျင့်သုံးရာမှာအုပ်ချုပ်ရေးနဲ့ တရား
စီရင်ရေးအာဏာတွေကို ထိပါးကျူးကျော်ခြင်းမရှိဘဲ လုပ်ဆောင်မယ်ဆိုတဲ့ ဥပဒေရဲ့ အခိုင်အမာဆိုထားမှုကတောင် နိုင်ငံရေးအရ အတော်လေး ဖော်
ပြနေပါတယ်။ဒီလိုငြင်းဆိုချက်ဟာဖွဲ့စည်းပုံအခြေ
ခံဥပဒေကို အသုံးချပြီး အကာအကွယ်ယူထားတဲ့ မျက်လှည့်ပြကွက်တခုပါပဲ။ သီးခြားစီခွဲထားရမယ့်နယ်ပယ်တွေအထိလွှမ်းမိုးစွက်ဖက်နိုင်အောင် သမ္မတရာထူးကိုတပ်ဆင်ပေးနေတယ်ဆိုတဲ့ ဝေဖန်ကန့်ကွက်စရာရှိတာတွေကို သူတို့ ကြိုတင် ငြင်းကွယ်နေတာပါ။ ဒီသဘောအရ ကြည့်ရင်၊ ဒီဥပဒေဟာ ရိုးရှင်းတဲ့ အာဏာသိမ်းယူမှုတခုထက် ပိုပါတယ်။ စစ်တပ်ကရေးဆွဲခဲ့ပြီး ပြည်သူတွေက
လက်မခံတဲ့၊ စစ်ကျွန်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ တရားဝင်တည်ဆောက်ပုံကိုတောင်မှ စစ်အုပ်စုကိုယ်တိုင်က အကြိမ်ကြိမ် လိုရာစွဲ ကျူးလွန်ချဲ့ထွင်နေရင်း၊ တဖက်မှာ အဲဒီဥပဒေကို သစ္စာ
စောင့်သိနေသယောင် ဟန်ပြဖို့ ကြိုးစားနေတာကို ပြသနေပါတယ်။

လက်တလော အသစ်တက်လာတဲ့ တပ်ချုပ်ကလည်း ဒီစစ်ကျွန်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်လို့ ကြွေးကြော်ပြန်ပါတယ်။စစ်အုပ်စုဆီကထွက်လာတဲ့ UCCရဲ့ အဓိကရည်ရွယ်ချက်ကလည်း အာဏာခွဲဝေကျင့်သုံးရေး မဟုတ်နေပြန်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်
ရာ စကားလုံးတွေရဲ့ နောက်ကွယ်မှာ အာဏာခြယ်
လှယ်ထိန်းချုပ်မှုကို စနစ်တကျ ဗဟိုချုပ်ကိုင်ဖို့ပါပဲ။

ဒါကြောင့်မို့လို့ အာဏာရှင်ရဲ့ သမ္မတရာထူးဆီ ရွှေ့လာမှုဟာ ကာကွယ်ရေးဦးစီးချုပ်ရာထူးထက် ပိုအရေးပါနေတာပါ။ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုကို စစ်တန်းလျားတွေ၊ ဒါမှမဟုတ်ရိုင်းစိုင်းကြမ်း
တမ်းတဲ့ စစ်ကောင်စီယန္တရားကနေပဲ ကျင့်သုံးနေမယ့်အစား၊ နိုင်ငံတော်ယန္တရားကနေတဆင့် ပြန်လည်ဖြန့်ဝေနိုင်တဲ့ ပိုမြင့်မားတဲ့ ရာထူးတခုကို ပေးထားပါတယ်။ အာဏာရှင်ရဲ့ ဩဇာအာဏာကို ဗြောင်ကျကျမဖြစ်စေဘဲ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပိုအံဝင်ခွင်ကျဖြစ်စေပြီး အိမ်နီးချင်းတွေ၊ သံတ
မန်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အသွင်ကူးပြောင်းရေးပွဲစားတွေ နားလည်လက်ခံနိုင်အောင် ဖန်တီးပေးပါတယ်။ စစ်အုပ်စု အခု တည်ဆောက်နေတာဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မဟုတ်ပါဘူး၊ အကျပ်အတည်းကာလမှာ စစ်အုပ်စိုးမှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် နောက်ထပ် ယန္တရားတခုကို ဖန်တီးနေတာသာ ဖြစ်ပါတယ်။

●သမ္မတရာထူးကို မင်းအောင်လှိုင်ရဲ့ အကာ
အကွယ်ဒိုင်းလွှားအဖြစ် အသုံးချခြင်း

မင်းအောင်လှိုင်က အာဏာကို ဘေးကင်းကင်းနဲ့ စွန့်လွှတ်နိုင်စွမ်း မရှိတဲ့အတွက် သမ္မတရာထူးကို ဖက်တွယ်ထားပါတယ်။ သူဟာ စစ်အုပ်စိုးမှုရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်နေရုံတင်မကဘဲ အဲဒီရာဇဝတ်မှုတွေကို အဓိက ဖန်တီးသူ၊ အဓိက ကျူးလွန်သူ ဖြစ်နေတာပါ။ ဒီလိုအခြေ
အနေမျိုးမှာ သူဟာ သူ့အတွက် ကျန်ရှိနေတဲ့ တခုတည်းသော အကာအကွယ်အဖြစ်အာဏာကို ဖက်
တွယ်ထားတယ်ဆိုတာ သူ့ရဲ့ လုပ်ရပ်တွေက ရှင်း
ရှင်းလင်းလင်း ပြသနေပါတယ်။

သူ့အတွက်တော့ ရာထူးဆိုတာ အုပ်ချုပ်ဖို့သက်
သက် မဟုတ်ပါဘူး၊ အကာအကွယ်တခုလည်း ဖြစ်ပါတယ်။ ရာထူးပြုတ်သွားပြီဆိုတာနဲ့ သူ့ကို ကာကွယ်ပေးထားတဲ့ အင်စတီကျူးရှင်းတွေ၊ ခေါင်းပုံဖြတ်ရယူထားတဲ့ သူ့မိသားစုရဲ့ဓနဥစ္စာစည်းစိမ်တွေ၊ သူ့ကိုဝန်းရံထားတဲ့ အခွင့်ထူးခံကွန်
ရက်ကြီးတွေ အပေါ်မှာ သူ ထိန်းချုပ်နိုင်စွမ်းပါ ဆုံးရှုံးသွားမှာပါ။ ဒါက အာဏာရှိစဉ်က အချိန်ဆွဲထားခဲ့တဲ့ အရေးယူခံရမှုတွေနဲ့ ပိုပြီး ရင်ဆိုင်လာရမယ်ဆိုတဲ့ သဘောပါပဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးက သူ့အတွက် ကာလကြာရှည် ကာကွယ်ရေးတံတိုင်းကြီး ဖြစ်ခဲ့ပါတယ်။ ဒီရာထူးက သူ့ကို အထက်
အောက်အဆင့်ဆင့်စနစ်၊ လက်နက်ကိုင်အင်အားနဲ့ တာဝန်ခံရမှုတွေကိုအမိန့်နာခံမှုဆိုတဲ့အရာအောက်
မှာ မြှုပ်နှံထားနိုင်တဲ့ ကွပ်ကဲမှုကွင်းဆက်တခုကို ပေးထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရာထူးက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အစုလိုက်
အပြုံလိုက် အကြမ်းဖက်ဖိနှိပ်မှုတွေနဲ့ ကွပ်ကဲမှုတာဝန်တွေမှာ အထင်ရှားဆုံး သွေးစွန်းနေတဲ့ ရာထူးလည်း ဖြစ်နေပါတယ်။

သမ္မတရာထူးကတော့ အကာအကွယ်အတွက် နောက်ထပ်လမ်းကြောင်းတခုပေးနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ စကားလုံးတွေနဲ့ ဖုံးကွယ်ထားတဲ့ ပိုမြင့်မားတဲ့ ရာထူးတခုပါပဲ။ အဓိကရည်ရွယ်ချက်က သူ့ ရာထူးသက်တမ်းကို ဆွဲဆန့်ဖို့သက်သက် မဟုတ်ပါဘူး။ သူ့ရဲ့ ပြစ်မှုတွေအတွက် ဒဏ်ခတ်မခံရဘဲ လွတ်နေမှုကို နာမည်တမျိုးနဲ့ ဆက်လက်ထိန်းသိမ်းဖို့ ကြံစည်တာ ဖြစ်ပါတယ်။

ဒါကသူ့ကိုအင်စတီကျူးရှင်းအတွင်းက အန္တရာယ်
တွေကနေလည်းကာကွယ်ပေးပါတယ်။တပ်ချုပ်ရာထူးကို စွန့်လွှတ်လိုက်တာနဲ့ သူ့ကို ထောက်တိုင်လုပ်ပေးထားတဲ့ အထက်အောက်အဆင့်ဆင့်အ
ပေါ် တိုက်ရိုက်ထိန်းချုပ်မှုတွေ ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ တပ်မှူးသစ်တွေက သူတို့ရဲ့ ကိုယ်ပိုင်အာဏာအခြေခံတွေ တည်ဆောက်လာနိုင်ပါတယ်။ အရာရှိတွေက သူ့ရဲ့ကျရှုံးမှုတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ကြိုးစားလာနိုင်ပါတယ်။ အတွင်းပိုင်းက အုပ်စုကွဲတွေကလည်း စစ်တပ်အနေနဲ့ သူ့ကို ဖယ်ထုတ်လိုက်ရင် ပိုလွယ်လွယ်ကူကူ ရှင်သန်နိုင်မယ်လို့ ဆုံးဖြတ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ၊သမ္မတရာထူးက ပြင်ပအ
💩152👎2🤬1
ရေးယူမှုတွေကနေတင်မကဘဲ အတွင်းပိုင်းကနေ ဖယ်ရှားခံရမယ့် အန္တရာယ်ကနေပါ အကာအကွယ်ပေးမယ့် ဒိုင်းလွှားတခု ဖြစ်လာပါတယ်။

ဒါ့အပြင် အဲဒီရာထူးက လုပ်ကြံဖန်တီးထားတဲ့ တ
ရားဝင်မှုအတွက် နောက်ထပ် လမ်းကြောင်းတခုကိုလည်း ပေးစွမ်းနိုင်ပါတယ်။စစ်အုပ်စုရဲ့ အတု
အယောင်လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်အုပ်စုက အမည်စာရင်းတင်သွင်းတဲ့ သမ္မတ တယောက်အနေနဲ့ ပေါ်ထွက်လာမယ့်အစား၊ မင်းအောင်လှိုင်ဟာ စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်ကနေတဆင့် အမည်စာရင်းတင်သွင်းခံရတဲ့ “ရွေး
ကောက်ခံ” သမ္မတတယောက်အဖြစ် ပုံဖော်ခံရဖို့ အသေအချာ ရည်ရွယ်ထားပုံရပါတယ်။ အဓိကရည်ရွယ်ချက်က ဒီမိုကရေစီအသွင်ကူးပြောင်းရေး မဟုတ်ပါဘူး၊ နိုင်ငံရေးအရ ခဝါချဖို့သက်
သက်ပါပဲ။ အရင်အတိုင်းဖြစ်တဲ့ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်
ရာ ဇာတ်ညွှန်းသစ်တခုကို ဖန်တီးလိုက်တာပါပဲ။

ဒီရှုထောင့်ကနေကြည့်ရင်၊ ဒီရာထူးဟာ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်သက်သက် မဟုတ်ပါဘူး။ဘေးကင်း
လုံခြုံစွာ အာဏာကို မစွန့်လွှတ်နိုင်သလို၊ သူတိုက်
ရိုက်မကွပ်ကဲတော့တဲ့အချိန်မှာ သူ့ကို ကာကွယ်ပေးမယ့် အနီးအနားက အင်စတီကျူးရှင်းကိုလည်း မယုံကြည်နိုင်တဲ့ အာဏာရူးတယောက်ရဲ့ ရှင်သန်ရေး ယန္တရားတခုသာ ဖြစ်ပါတယ်။

●အင်စတီကျူးရှင်းနဲ့ စနစ်အဆောက်အအုံဆိုင်ရာ အကျပ်အတည်းဆိုက်နေတဲ့ စစ်တပ်

ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ပုဂ္ဂိုလ်ရေး မလုံခြုံမှုဆိုတာ ပြဿနာရဲ့ အလွှာတခု သက်သက်ပါပဲ။ သမ္မတရာထူး အရေးပါနေရတာက စစ်တပ်အင်စတီကျူးရှင်းအနေနဲ့ သူတို့ကိုယ်တိုင် အကျပ်
အတည်းဆီတွန်းပို့ခဲ့တဲ့ ဖိနှိပ်တဲ့ အုပ်စိုးရေးစနစ်ကို ကယ်တင်ဖို့ ကြိုးစားနေလို့ပါ။

မြန်မာစစ်တပ်ဟာ ကံမကောင်းလို့ မတည်ငြိမ်မှုတွေကြား ပိတ်မိနေတဲ့ ကြားနေအင်စတီကျူးရှင်းတခု မဟုတ်ပါဘူး။ စစ်တပ်ဟာ သူကိုယ်တိုင် ကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ ပြည်သူလူထုအပေါ် ကြီး
စိုးမှုတွေ၊ နိုင်ထက်စီးနင်း ဖိနှိပ်မှုတွေနဲ့ စစ်ဆင်နွှဲမှုတွေကနေတဆင့် အကျပ်အတည်းတွေကို ထပ်ခါတလဲလဲ ဖန်တီးခဲ့တဲ့ တရားခံပါ။ စစ်မှန်တဲ့ နိုင်ငံ
ရေးဖြေရှင်းမှုမျိုး ဖြစ်လာနိုင်တဲ့ လူမှုရေးနဲ့ နိုင်ငံ
ရေးအခြေခံအုတ်မြစ်တွေကိုဖျက်ဆီးရင်းနဲ့တောင်မှ၊ သူ့ကိုယ်သူ “နိုင်ငံတော်ကို ကာကွယ်စောင့်
ရှောက်သူ” အဖြစ် ကာလကြာရှည် မဏ္ဍပ်တိုင် တက်ခဲ့သေးပြန်ပါတယ်။ စစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ပိုလုပ်လာခဲ့တယ်၊ လက်နက်
ကိုင်ပဋိပက္ခတွေကို ပိုနက်ရှိုင်းစေခဲ့တယ်၊ ဖက်ဒရယ် ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ လွတ်မြောက်ရေးအပြောင်းအလဲမှန်သမျှကို ဟန့်တားရင်းနဲ့ “ပြည်ထောင်စုကိုကာကွယ်နေတာပါ” လို့ အကြောင်းပြခဲ့ပါတယ်။ လက်ရှိ အကျပ်အတည်းဆိုတာဟာ ပြင်ပလူတွေက ညီညွတ်နေတဲ့စစ်အုပ်
စိုးမှုစနစ်တခုအပေါ် တမင်သက်သက်ဖိအားပေးလို့ ဖြစ်လာတာမဟုတ်ပါဘူး။ စစ်အုပ်စိုးမှုကိုယ်
တိုင် ကျူးလွန်ခဲ့တာတွေ စုပုံလာတဲ့ ရလဒ်ပါပဲ။

၂၀၂၁ အာဏာသိမ်းမှုက စစ်တပ်အင်စတီကျူးရှင်းရဲ့ အဲဒီရှေ့နောက်မညီ ဆန့်ကျင်ဘက်ဖြစ်မှုတွေကို ပိုပြီး သိသာလာစေပါတယ်။ အလုံးစုံ ထိန်း
ချုပ်နိုင်ဖို့ ကြိုးစားရင်းနဲ့ စစ်တပ်ဟာ အရင်က သူတို့ရဲ့ ကြီးစိုးမှုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ယန္တရားတွေကိုပါ သူ့လက်နဲ့ရေးသမျှ သူ့ခြေနဲ့ပြန်ဖျက်ဆီးမိရက်သား ဖြစ်သွားတယ်။ အရင်က သူတို့တည်
ဆောက်ထားခဲ့တဲ့ တရားဝင်မှု အကြွင်းအကျန်လေးတွေကိုပါ ရိုက်ချိုးပစ်လိုက်သလို ဖြစ်သွားတယ်။ အရင်ကရှိခဲ့တဲ့ ညှိနှိုင်းမှုတွေ၊ အကြောက်တရားနဲ့ အုပ်စိုးရေးလမ်းကြောင်းတွေကိုပါ ဖြတ်တောက်လိုက်ပါတယ်။သူတို့ဟာပြည်သူလူထုအ
ပေါ် ကျူးကျော်သိမ်းပိုက်ထားတဲ့တပ်ဖွဲ့တခုမျှသာဆိုတာကိုပိုပြီးဗြောင်ကျကျ ပြသလိုက်တာပါပဲ။

ဒါဟာ နိုင်ငံရေးနဲ့စစ်ရေးသက်သက် အကျပ်အ
တည်းတင် မဟုတ်ပါဘူး။ အင်စတီကျူးရှင်းဆိုင်ရာ အကျပ်အတည်းလည်း ဖြစ်ပါတယ်။ ၂၀၂၁ နောက်ပိုင်း စစ်ပွဲတွေကြောင့် အရင်တုန်းက စစ်အုပ်ချုပ်ရေးကို တည်ငြိမ်စေခဲ့တဲ့ အခွင့်ထူးခံပေးတာတွေ၊ ဓနဥစ္စာစည်းစိမ်ရှာဖွေခွင့် ပေးတာတွေနဲ့ ဗဟိုနဲ့နယ်စပ်ဒေသတွေကို ကွပ်ကဲခဲ့တဲ့ လမ်းကြောင်းဟောင်းတွေ အားလုံး ကျဉ်းမြောင်းသွားခဲ့ပါတယ်။မေးခွန်းကထိပ်ဆုံးရာထူးကို ဘယ်
သူယူသလဲဆိုတာ သက်သက်မဟုတ်တော့ပါဘူး။
စနစ်အဆောက်အအုံဟောင်းကြီးက ဟာလာဟင်း
လင်းဖြစ်လွန်း၊ ကုန်ကျစရိတ်ကြီးလွန်း၊မတည်ငြိမ်
လွန်း၊ ဂုဏ်သိက္ခာကျဆင်းလွန်းနေချိန်မှာ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုကို ဘယ်လို ဆက်ပြီး ထိန်း
သိမ်းမလဲဆိုတာက အဓိကဖြစ်လာပါတယ်။

အဲဒီအကျပ်အတည်းဟာ စစ်အုပ်စိုးမှု ပြန်လည်အသက်သွင်းရေးအထိပါ ပိုပြီး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နေပါတယ်။ နိုင်ထက်စီးနင်းအုပ်ချုပ်တဲ့ စနစ်တွေဟာ အင်အားသုံးရုံသက်
သက်နဲ့ ရှင်သန်နိုင်တာ မဟုတ်ပါဘူး။ ပုံမှန်နာခံမှုရှိဖို့၊ ကြားခံကွန်ရက်တွေ၊ သဘောတရားအယူဝါဒပိုင်းဆိုင်ရာ အကာအကွယ်တွေနဲ့အုပ်စိုးမှုကို ဆက်
ပြီးလည်ပတ်နိုင်စေမယ့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အစီ
🔥106🤬3💯1
အစဉ်တွေ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ စစ်အုပ်စုအတွက် အဲဒီ အုတ်မြစ်အခြေခံတွေဟာလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားပါပြီ။
၂၀၂၁ အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ တော်လှန်ခုခံမှုတွေက နယ်စပ်ဒေသတွေမှာတင် ရပ်မနေတော့ပါဘူး။ စစ်တပ်ရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုတွေကြောင့်၊ အစုလိုက်အပြုံလိုက် ဆန္ဒပြမှုတွေကနေ အလယ်ပိုင်းမြေပြန့်ဒေသအပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်ခုခံမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါက ဘာလို့အရေးကြီးလဲဆိုတော့၊ စစ်တပ်နဲ့ သူတို့ လူသူတပ်သားအင်
အားစုဆောင်းခဲ့တဲ့၊ ဗမာဗုဒ္ဓအမျိုးသားရေးတရား
ဝင်မှုကို ရယူခဲ့တဲ့၊အာဏာတည်မြဲဖို့လူမှုရေးအခြေ
ခံအဖြစ်သုံးခဲ့တဲ့ လူမှုနယ်ပယ်တွေအကြားက သ
မိုင်းဝင် အဆက်အသွယ်ပြတ်တောက်သွားတာကို ပြနေလို့ပါပဲ။

အခု ပြိုကျပျက်စီးနေတာက နယ်မြေထိန်းချုပ်မှုတင် မကပါဘူး၊ အရင်က စစ်အုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းစေခဲ့တဲ့ လူမှုရေးနဲ့ အယူ
ဝါဒရေးရာ အုတ်မြစ်အခြေခံတွေပါ ပြိုကျနေတာပါ။ကြမ်းတမ်းတဲ့ စစ်မှုထမ်းဥပဒေကို အတင်း
အဓမ္မ သွတ်သွင်းလာတာက ဒီပြိုကျပျက်စီးမှုကို အထင်အရှား ပြနေပါတယ်။ ဒါက စစ်အုပ်ချုပ်ရေးကို ကာလကြာရှည် လည်ပတ်စေခဲ့တဲ့ လမ်း
ကြောင်းတွေထဲက အက်ကွဲကြောင်းတွေကို ပြနေတာပါ၊ လူသစ်စုဆောင်းနေကျ လမ်းကြောင်းတွေ၊ အခွင့်ထူးခံကွန်ရက်တွေ၊ သဘောတရားရေးရာ အလေ့အထတွေနဲ့ စစ်ပွဲနဲ့ စစ်အာဏာရှင်စနစ်ရဲ့ လူမှုကုန်ကျစရိတ်တွေကို စုပ်ယူထမ်းပိုးလည်ပတ်ပေးခဲ့တဲ့ အိမ်ထောင်စုတွေရဲ့လုပ်အားတွေ အစစအရာရာပါပဲ။ အဲဒီလမ်းကြောင်းတွေ အက်
ကွဲသွားတဲ့အခါ အုပ်စိုးသူဟာ တရားဝင်မှုကိုသာမက နိုင်ထက်စီးနင်းအုပ်ချုပ်ရေးကို ပြန်လည်အသက်သွင်းတဲ့ ယန္တရားရဲ့ တစိတ်တပိုင်းကိုပါ ဆုံးရှုံးသွားရပါတယ်။

ဒါကြောင့်မို့လို့ စစ်အုပ်စုရဲ့ အနေအထား အားနည်းလာတာနဲ့အမျှ အကြမ်းဖက်မှုတွေ ပိုမိုပြင်းထန်လာပါတယ်။ အုပ်ချုပ်မှုပုံစံဟောင်းတွေ ကျရှုံးလာရင်း ဖိနှိပ်မှုတွေ ပိုကျယ်ပြန့်လာတယ်။ စစ်မှု
ထမ်းခိုင်းတာဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိတာကို ပြတာမဟုတ်ဘဲ အားနည်းချက်ကို ပြနေတာပါ။ ကွပ်ကဲမှုတွေ ပိုမိုမလုံခြုံလာတဲ့အတွက် အကြမ်းဖက်မှုတွေ ကျယ်ပြန့်လာပါတယ်။
သမ္မတရာထူးကလည်း ဒီယုတ္တိဗေဒထဲမှာပဲ ပါဝင်ပါတယ်။ ဒါဟာ ဖိနှိပ်မှုတွေကနေ ရုန်းထွက်တာမဟုတ်ဘဲ၊ ဖိနှိပ်မှုတွေပတ်ပတ်လည်က ပိုမာ
ကျောတဲ့ နောက်ထပ် အခွံတခုသာ ဖြစ်ပါတယ်။ ပြီးတော့ အဲဒါက အမြဲတမ်း အရေးပေါ်အုပ်ချုပ်နေရတဲ့ပုံစံမျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုံစံနဲ့ ဖုံးကွယ်ထားရင်း၊ စစ်တပ်ရဲ့ အာဏာကို ပြန်လည်ခွဲဝေပြီး ဆက်ထိန်းထားဖို့ ကြိုးစားနိုင်မယ့် ယန္တရားတခုလည်ပတ်ဖို့ ကြံစည်နေတာဖြစ်ပါတယ်။

●စစ်-အရင်းရှင် အုပ်စု

ဒါက လူတယောက်တည်းရဲ့ အကြောက်တရား (သို့မဟုတ်) အင်စတီကျူးရှင်းတခုရဲ့ အကျပ်
အတည်းအကြောင်း သက်သက် မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ရှင်သန်ရပ်တည်နိုင်ဖို့ ကြိုးစားနေတဲ့ အုပ်စိုးသူအုပ်စုတစုရဲ့ ဇာတ်လမ်းပါ။
မင်းအောင်လှိုင်ရဲ့ ရပ်တည်ချက်က ဗိုလ်ချုပ်တွေ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ ခရိုနီတွေ၊ ကန်ထရိုက်တာတွေ၊ သယံဇာတထုတ်ယူတဲ့ အရင်းရှင်တွေ၊ နယ်စပ်ကုန်သွယ်ရေးပွဲစားတွေ၊ မြေယာသိမ်းဆည်းသူတွေနဲ့ အာဏာရှင်စနစ်ရဲ့တည်ငြိမ်မှုအပေါ် မှီခိုထုတ်ယူစားသောက်တဲ့ ကပ်ပါးလူတန်းစားအလွှာတွေပါဝင်တဲ့ စစ်အရင်းရှင်အုပ်စုရဲ့ အကျိုးစီးပွားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ဒီအုပ်စုက နိုင်ငံတော်ဆီကနေ အကျိုး
အမြတ်ရယူရုံတင် မဟုတ်ပါဘူး၊ နိုင်ငံတော်ယန္တ
ရားကနေတဆင့် ဒီအုပ်စုကို ဖွဲ့စည်းထားတာပါ။ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ လက်ဝါးကြီး
အုပ်ခွင့်ရတာ၊ နိုင်ထက်စီးနင်း အကာအကွယ်ပေးတာ၊ သိမ်းပိုက်တာနဲ့ လက်နက်ကိုင်အခွင့်ထူးတွေရဲ့ ရလဒ်ပါပဲ။ သူတို့က ဖိနှိပ်မှုနဲ့ စစ်ပွဲတွေကြားထဲကနေတောင်မှ ကြွယ်ဝမှုတွေကို စုဆောင်းနေခဲ့တာ မဟုတ်ဘဲ၊ အဲဒီ ဖိနှိပ်မှုတွေ စစ်ပွဲတွေကနေတဆင့်ကို ကြွယ်ဝမှုတွေကို စုဆောင်းနေတာပါ။

၂၀၂၁နောက်ပိုင်းစစ်အုပ်စိုးမှုကိုဆန့်ကျင်တဲ့ တော်
လှန်ရေးက အဲဒီစစ်အရင်းရှင်စနစ်ဆက်လက်ထိန်း
သိမ်းဖို့ ပိုခက်ခဲသွားစေခဲ့တယ်။ စစ်အုပ်စုရဲ့ ခရိုနီတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပြည်
သူလူထုရဲ့ သပိတ်မှောက်မှုကိုလည်း ခံနေရပါတယ်။ ဒါပေမယ့် အခု စစ်အစိုးရ ရင်ဆိုင်နေရတဲ့ ဖိအားတွေဟာ တော်လှန်ခုခံမှုတခုတည်းရဲ့ ရလဒ် မဟုတ်ပါဘူး။အဲဒါဟာ စစ်တပ်ရဲ့ကိုယ်ပိုင် အုပ်စိုးမှုဆိုး ရလဒ်လည်းဖြစ်ပါတယ်၊လွဲမှားတဲ့ စီးပွား
ရေး စီမံခန့်ခွဲမှုတွေ၊ ကျယ်ပြန့်လာတဲ့ စစ်ပွဲတွေ၊ ဖိနှိပ်မှုတွေ၊ ပြီးတော့ အရင်က အရင်းအမြစ်ထုတ်
ယူမှုနဲ့ အခွင့်ထူးခံစနစ်တွေ မှီခိုနေရတဲ့ လူမှုအ
ခြေအနေတွေအပေါ် ခေါင်းပုံဖြတ် ဖျက်ဆီးပစ်တာတွေကြောင့်ပါ။ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားကြပါတယ်။ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှုအလွဲတွေကြောင့် ငွေကြေးတန်ဖိုးတွေ ထိုးကျသွားပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကလည်း ပိုပြီး လက်ရှောင်လာကြတယ်။ နယ်စပ်ဒေသနဲ့ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေကနေ ခေါင်း
👎122🤬2
ပုံဖြတ်ယူနိုင်တဲ့ စစ်အစိုးရရဲ့ ခေါင်းပုံဖြတ်နိုင်စွမ်းကလည်းအားနည်းသွားပါတယ်။စစ်အုပ်စုအတွက် ပြဿနာက အရင်းအမြစ်တွေ နည်းသွားတာ သက်သက်မဟုတ်ပါဘူး။အရင်ကရှိခဲ့တဲ့ အရင်းအ
မြစ်ထုတ်ယူမှုနဲ့ အခွင့်ထူးခံစနစ်ကို ပြန်ဖန်တီးဖို့ ပိုခက်လာတာပါ။

အဲဒီ ဖိအားကို ဒီစနစ်အပေါ် ကာလကြာရှည် မှီခိုနေခဲ့တဲ့ စစ်အရင်းရှင်အုပ်စုတခုလုံးက ခံစားနေရပါတယ်။ ဒီအုပ်စုကို ရှင်းရှင်းလင်းလင်း နာမည်တပ်ရပါမယ်။ ဒါဟာ ရိုးရှင်းတဲ့ ကြားနေ အီလိအုပ်စု သက်သက် မဟုတ်ပါဘူး။ အဲဒါဟာ စစ်ရေးကွပ်ကဲမှုနဲ့ အရင်းကို ပေါင်းစပ်ထားတဲ့ ခေါင်းပုံ
ဖြတ်မဟာမိတ်အဖွဲ့ပါ။ သူတို့ရဲ့ အကျိုးအမြတ်တွေဆိုတာ မတရားသဖြင့် ငြင်းပယ်ခံထားရတဲ့ အခွင့်အရေးတွေ၊ ဖိနှိပ်ခံထားရတဲ့ သမဂ္ဂတွေ၊ သိမ်းဆည်းခံရတဲ့ မြေယာတွေ၊ စစ်ရေးအရ လွှမ်း
မိုးထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ၊ သယံ
ဇာတထုတ်ယူခွင့်တွေ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ စာချုပ်တွေကို အသုံးချပြီး အလုပ်သမားတွေနဲ့ အရာရာဆုံးရှုံးထားတဲ့ လူတန်းစားတွေကို အမြဲ
တမ်း လက်အောက်ခံအဖြစ် သွတ်သွင်းထားမှုတွေအပေါ်မှာ မှီခိုနေပါတယ်။

ဒီလို မတရားသဖြင့် ခေါင်းပုံဖြတ် ချမ်းသာကြွယ်
ဝမှုစုဆောင်းတာကို လုံခြုံစေတဲ့ နိုင်ငံရေး-စီးပွား
ရေးယန္တရားကို ကာကွယ်ပေးဖို့ကြိုးစားတဲ့ သမ္မတရာထူးဟာ အရေးပါနေတာပါ။ ဒါက ချမ်းသာကြွယ်ဝမှုကို အီလိအလွှာမှာ စုပုံ ထိန်းသိမ်းထားပြီး၊ အကျပ်အတည်းရဲ့ ကုန်ကျစရိတ်တွေကိုတော့ အောက်ခြေလူတန်းစားတွေဆီကို တွန်းချမယ့် မဟာဗျူဟာရဲ့ တစိတ်တပိုင်းပါပဲ။ စစ်ပွဲ၊ငွေကြေး
ဖောင်းပွမှု၊ နေရပ်စွန့်ခွာရမှု၊ အတင်းအဓမ္မ စစ်မှု
ထမ်းလူသစ်စုဆောင်းခံရမှု၊ အကြွေး၊ အိုးအိမ်စွန့်ခွာရမှုနဲ့ လူမှုပျက်စီးယိုယွင်းမှုတွေကို သာမန်ပြည်သူတွေကပဲ အများစု ခံစားနေရပါတယ်။ တချိန်တည်းမှာပဲ အုပ်စိုးသူအုပ်စုကတော့ သူတို့ရဲ့ အခွင့်ထူးတွေကို မပျက်မစီး ဆက်ထိန်းထားဖို့ ကြိုးစားနေပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကို အောက်ခြေကို ဘုံပိုင် ခွဲဝေပေးလိုက်ပြီး၊ အကာ
အကွယ်ပေးမှုတွေကိုတော့ အထက်ပိုင်းအတွက် ပုဂ္ဂလိကပိုင် လုပ်ထားတာပါ။

ဒါဟာ အာဏာရှင်စနစ်သက်သက် မကပါဘူး။ လက်နက်ကိုင်အင်အားနဲ့ ဖွဲ့စည်းကာကွယ်ထားတဲ့ လူတန်းစား အုပ်စိုးရေးစနစ်ပါ။ ဒါကြောင့်မို့လို့ သမ္မတရာထူးဆိုတာ ပုဂ္ဂိုလ်ရေး ရှင်သန်ရေး (သို့မဟုတ်) အင်စတီကျူးရှင်း ပြန်လည်ဒီဇိုင်းထုတ်ရေးသက်သက် မကတော့ပါဘူး။ စစ်တပ်ရဲ့ ကြီးစိုးခြယ်လှယ်မှုနဲ့ ကာလကြာရှည် လုံခြုံအောင် တည်ဆောက်ထားတဲ့ ခေါင်းပုံဖြတ်လူမှုစနစ်ကြီးကို ကာကွယ်ဖို့လည်း ဖြစ်နေပါတယ်။

●အသွင်ကူးပြောင်းရေး မဟုတ်ဘဲ အုပ်စိုးမှုကို ခဝါချပြီး ပြန်လည်ဖွဲ့စည်းမှု

အရေးအကြီးဆုံးက မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ကယ်တင်ဖို့ ကြိုးစားနေတာပါပဲ။ မင်းအောင်
လှိုင်က အရေးပါတဲ့နယ်ပယ်တိုင်းမှာ နောက်ကျော
မလုံမှုတွေ ခံစားနေရတာကြောင့် သမ္မတရာထူးကို ဖက်တွယ်ထားပါတယ်။ဖက်ဆစ်စစ်တပ်ဟလည်း
အင်စတီကျူးရှင်းတခုအနေနဲ့ သူ့ကိုယ်သူ ကယ်
တင်ဖို့ ကြိုးစားနေပါတယ်။ သူတို့ဟာ ကွပ်ကဲမှု၊ နယ်မြေ၊ တပ်တွင်းစည်းလုံးညီညွတ်မှု၊ တရားဝင်မှု၊ အရင်းအမြစ်တွေနဲ့ အုပ်စိုးမှုကို ပြန်လည်သက်
ဝင်စေနိုင်စွမ်းတွေ ထပ်ပြီး တိုက်စားခံရမှာကို ရင်
ဆိုင်နေရပါတယ်။ ပြီးတော့ စစ်အရင်းရှင်အုပ်စုကလည်း သူ့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးထားတဲ့ စနစ်ကို ကယ်တင်ဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှု၊ အခွင့်ထူးခံမှု၊ အရင်း
အမြစ်ထုတ်ယူမှုနဲ့ ပြစ်မှုတွေအတွက် အ​ရေးယူဒဏ်ခတ်မခံရဘဲကင်းလွတ်ခွင့်ရနေမှုတွေကို ကာ
လကြာရှည် လုံခြုံစေခဲ့တဲ့ လူတန်းစားအုပ်ချုပ်ရေးယန္တရားကြီး အားနည်းသွားမှာကို ကြောက်နေကြပါတယ်။ ဒီအကျပ်အတည်းတွေကို ပေါင်းစပ်ထားတာကတော့ အာဏာကိုမစွန့်လွှတ်ဘဲ ဆုံးရှုံးကျဆင်းမှုကိုဟန့်တားဖို့ လိုအပ်ချက် တူညီနေကြတာကြောင့်ပါ။

အဲဒါက အာဏာရှင်ရဲ့ သမ္မတရာထူးနဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်စုက အခုလက်ရှိ ဖန်တီးကပြနေတဲ့ အတုအယောင် အသွင်ကူးပြောင်းရေးရဲ့ စစ်မှန်တဲ့အဓိပ္ပာယ်ပါပဲ။ ဒါဟာ စစ်တပ်ရဲ့ ကြီးစိုးမှုကနေ ခြေတလှမ်း ဆုတ်ခွာတာမဟုတ်ဘဲ ပုံစံသစ်တခုနဲ့ သူတို့ကိုယ်သူတို့ကယ်တင်ဖို့ ကြိုးပမ်းချက်ဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က စစ်အုပ်စိုးမှုကို ဖျက်သိမ်းဖို့မဟုတ်ဘဲ ပြန်လည်ထုပ်ပိုးဖို့၊ နိုင်ငံ
တော်ကို ဒီမိုကရေစီအသွင်ပြောင်းဖို့ မဟုတ်ဘဲ ထိန်းချုပ်မှုကို ပြန်လည်ဖွဲ့စည်းဖို့ပါ။ အာဏာကို စွန့်လွှတ်ဖို့ မဟုတ်ဘဲ ပိုရောင်းပန်းလှတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအခွံတခုနဲ့ ခဝါချပြီးအကာအကွယ်
ပေးဖို့ပါ။

မင်းအောင်လှိုင်ဟာ တရားဝင်မှုအစစ်ကို နာလန်ပြန်မထူနိုင်၊ ပြန်မရနိုင်ပါဘူး။ ဖိနှိပ်မှုတွေကနေတဆင့် သဘောတူညီချက်ကို သူ မဖန်တီးနိုင်ဘူး။ ဒါပေမယ့် သူက တရားဝင်မှုရဲ့ အသွင်အပြင်ကို ဖန်တီးဖို့တော့ ကြိုးစားနိုင်ပါတယ်။ ဒီနေရာမှာ သမ္မတတွေ၊ လွှတ်တော်တွေ၊ အစိုးရအဖွဲ့တွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ ရွေးကောက်ပွဲတွေနဲ့ ဇာတ်တိုက်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေး ယန္တရားတွေအဖြစ် မဟုတ်ဘဲ နိုင်ငံရေးဇာတ်ခုံအဖြစ် အသုံးဝင်လာပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်ဟာ ကြီးစိုးခြယ်လှယ်မှုကို နိုင်ငံရေးအရ ခဝါချဖို့ပါပဲ။
🤮124👎3🤬1
ဒါကြောင့်မို့လို့ အသွင်ကူးပြောင်းရေး ဆိုတဲ့ စကားလုံးကို ပယ်ချရပါမယ်။ ဘယ်လို အမှန်တကယ် အာဏာလွှဲပြောင်းမှုမှလည်း ဖြစ်မနေပါဘူး။ အခု ပုံမှန်အခြေအနေတရပ်လို ဖန်တီးနေတာဟာ ကြီးစိုးခြယ်လှယ်မှုပါပဲ။ ဒီကြီးစိုးခြယ်လှယ်မှုကို ဥပဒေ ပုံစံ အသစ်တခုပေးတယ်၊ လုပ်ထုံးလုပ်
နည်းသစ်တွေနဲ့ ထုပ်ပိုးတယ်၊ ပြီးတော့ အသွင်ကူးပြောင်းရေးအဖြစ် ဈေးကွက်တင်ရောင်းချတာပါ။ မင်းအောင်လှိုင်အတွက် ပုဂ္ဂိုလ်ရေး အကာ
အကွယ်၊ စစ်တပ်အတွက် အင်စတီကျူးရှင်းဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှုနဲ့ စစ်အရင်းရှင်အုပ်စုအတွက် လူတန်းစား ကာအကွယ်ဆိုတဲ့ ရှင်သန်ရပ်တည်ရေး ပုံစံသုံးမျိုးကို တပြိုင်နက်တည်း စုစည်းပေးထားတဲ့အတွက် သမ္မတရာထူးဟာ နိုင်ငံရေးအရ အရေးပါနေတာပါ။ ဒါ့အပြင် ဘယ်သူမှ ဒီအခင်းအကျင်းကို သဘောထားအလယ်
အလတ်ကျင့်သုံမှုလို့လည်း အထင်မလွဲသင့်ပါဘူး။ အခု စစ်အုပ်စု ရှာဖွေနေတာက ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သို့မဟုတ် အာဏာရှင်အုပ်ချုပ်ရေးကနေ ထွက်ခွာရေး မဟုတ်ပါဘူး။

အချုပ်အခြာအာဏာပိုင် မျက်နှာဖုံးအသစ်တခုအောက်မှာ စစ်အရင်းရှင်အုပ်စိုးမှုကို ပြန်လည်ဖွဲ့စည်းရုံပါ။ အဓိက ယုတ္တိဗေဒက အတူတူပါပဲ၊ အထက်မှာ ပြစ်မှုတွေအတွက် ဒဏ်ခတ်မခံရဘဲ လွတ်နေမှု၊ အောက်မှာ ဖိနှိပ်မှု၊ အထက်မှာ အခွင့်
ထူးခံမှု၊ အောက်မှာ ပျက်စီးဆုံးရှုံးမှု၊ အထက်မှာ အခမ်းအနားတွေ၊ အောက်မှာ နိုင်ထက်စီးနင်းအုပ်ချုပ်မှုတွေပါ။ မင်းအောင်လှိုင်ဟာ စစ်အုပ်ချုပ်ရေးကို စွန့်လွှတ်ဖို့ သမ္မတရာထူးကို ဖက်တွယ်နေတာ မဟုတ်ပါဘူး။ စစ်အုပ်စိုးမှုက သူ့အကျပ်အတည်းကနေ လွတ်မြောက်ပြီး ပုံစံသစ်နဲ့ ပြန်လည်ပေါ်ပေါက်လာဖို့နဲ့ သူ့ကို တည်ဆောက်ခဲ့သူတွေကို (အထူးသဖြင့် သူ့ကိုယ်သူ) ဆက်ပြီး ကာကွယ်နိုင်ဖို့အတွက် ဒီရာထူးကို ဖက်တွယ်နေတာ ဖြစ်ပါတယ်။ ။

(​ဆောင်းပါးရှင် ငြိမ်းငြိမ်းပြည့်ဟာ သတင်း
ထောက်၊ အရပ်ဘက်အခွင့်အရေးနဲ့ လူမှုတရားမျှတရေး ရပ်တည်လှုပ်ရှားသူတဦး ဖြစ်ပါတယ်။)
👍10🔥10💯2🤬1
💩14🖕14🔥2😭2
သမ္မတရာထူးယူဖို့ ပြင်နေတဲ့ မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အင်ဒိုနီးရှားမှာ တရားစွဲမယ်

ဧပြီ-၃၊ ၂၀၂၆။ People’s Spring

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ အစိုးရရှေ့နေ့ရုံးသို့ လာမယ့် ဧပြီ ၆ရက်မှာ တင်သွင်းသွားမယ်လို့ သိရပါတယ်။

အတုအယောင်ရွေးကောက်ပွဲတွေအပြီး သမ္မတရာထူးရယူဖို့ ပြင်ဆင်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကနေ ရှင်သန်လွတ်မြောက်လာသူ Yasmin Ullahနဲ့ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်း မာဇူကီဒါရုစမန်၊ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးမူစလင်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ Busyro Muqoddasတို့အပါအဝင် ထင်ရှားကျော်ကြားသူ(၁၀)ဦးတို့က တရားစွဲဆိုမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတာဝန်ခံမှုအဖွဲ့ MAP(Myanmar Accountability Project)အပါအဝင် အဖွဲ့အစည်း သုံးခုက ပူးတွဲထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာနေချိန်မှာပဲ အခုလို လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာတာဟာ ထူးခြားတဲ့ တိုက်ဆိုင်မှုဖြစ်တယ်လို့ MAP အဖွဲ့ ဒါရိုက်တာ ခရစ်ဂန်းနက်စ်က ပြောပါတယ်။ ဒီလိုအဆင့်မရှိတဲ့ အာဏာရှင်က သူ့ကိုယ်သူ သမ္မတပါလို့ ရာထူးတပ်နေရင်း ပြည်သူလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တရားဥပဒေစိုးမိုးရေးအပေါ်မှာ ဘယ်လောက်တောင်ပြောင်ပြောင်တင်းတင်း စော်ကားပြုမှုနေသလဲဆိုတာ ပြသနေတာပဲဖြစ်ပါတယ်လို့ ခရစ်ဂန်းနက်စ်က ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဂျာကာတာ အစိုးရရှေ့နေရုံးမှာ တရားစွဲဆိုခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အခြေခံမူအရ တိုင်ကြားထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ ခြေလျင်တပ်မဌာနချုပ်တွေရဲ့ အမည်တွေကို အတိအကျဖော်ပြထားတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လူမျိုးတုံးသတ်ဖြတ်တဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြထားတဲ့အပြင် စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ အမိန့်ပေးစေခိုင်းမှုနဲ့ ကွပ်ကဲမှုတို့ကိုပါ ခြေရာခံတင်ပြထားတယ်လို့ ဆိုပါတယ်။

တရားလိုတစ်ဦးဖြစ်တဲ့ Yasmin Ullah ဟာ သူမကိုယ်တိုင်၊ သူမရဲ့ မိသားစု၊ သူမရဲ့လူမှုအသိုင်းအဝိုင်းနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားတွေကို တင်ပြသွားမယ်လို့ သိရပါတယ်။

Yasmin Ullahက အကာအကွယ်မဲ့နေတဲ့ မူစလင်တွေအပေါ် ဆက်လက်ကျူးလွန်နေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ကမ္ဘာပေါ်ရှိ မူစလင်လူဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနေ့အထိ လက်နက်မဲ့အရပ်သား သိန်းပေါင်းများစွာအပေါ် ဒီလူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေကြတယ်လို့ Yasmin Ullahက ပြောပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ပြီး မြန်မာစစ်အာဏာရှင်စနစ်ကို တာဝန်ခံခိုင်းဖို့ တောင်းဆိုတိုက်တွန်းသလို အာဏာသိမ်းစစ်တပ်ဟာ ဒေသတွင်းအတွက် အရှက်ရစရာဖြစ်လာပြီး ဒီလူမျိုးတုံးသတ်ဖြတ်မှုလို အကြီးလေးဆုံးဖြစ်တဲ့ ရာဇဝတ်မှုမျိုးအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခြင်းကို အဆုံးသတ်ရမယ်ဆိုတဲ့ အားပြင်းတဲ့ သတင်းစကားကိုလည်း ပါးနိုင်လိမ့်မယ်လို့ Yasmin Ullahက ဆက်ပြောပါတယ်။
👏295😁3🥰2
(၂၀၂၃ လွတ်လပ်ရေးနေ့အခမ်းအနားမှာ သမ္မတအဆောင်အယောင်ရွှေစလွယ်နဲ့ စစ်ခေါင်းဆောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ - AP)
🖕31💩8🤨2😭2🔥1🍌1
■အ​တွေးအမြင်

သမ္မတအတုကြီး ​ပေးဆပ်ရမယ့်သမိုင်း​ကြွေး​

ဗြိစ္ဆာ/People's Spring

အာဏာသိမ်းစစ်အုပ်စုရဲ့ အစီအစဥ်နဲ့ပဲ ထုတ်လွှင့်နေတဲ့ The Mask Singer ဆိုတဲ့ ရုပ်သံအစီအစဥ်တစ်ခုရှိပါတယ်။ ပြိုင်ပွဲဝင်တွေဟာ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ ထူးခြားဆန်းပြားတဲ့ မျက်နှာဖုံးနဲ့ ဝတ်စုံ (Masks) တွေကို ဝတ်ဆင်ထားရပါတယ်။ သူတို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို မိသားစုဝင်တွေနဲ့ အနီးကပ်လူအနည်းငယ်ကလွဲရင် ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရပါတယ်။

ပြိုင်ပွဲဝင်တွေဟာ စင်ပေါ်မှာ သီချင်းဆိုကြရပါတယ်။ သူတို့ စကားပြောတဲ့အခါမှာလည်း ဘယ်သူလဲဆိုတာ မသိအောင် အသံကို စက်နဲ့ ပြောင်း
လဲထားလေ့ ရှိပါတယ်။ ဒိုင်တွေနဲ့ ပရိသတ်တွေက ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းရတာပါ။

ဒီအစီအစဉ်ရဲ့ စိတ်လှုပ်ရှားရဆုံးအပိုင်းရှိပါတယ်။ မျက်နှာဖုံးချွတ်ခြင်းပါ။ရှုံးနိမ့်သွားတဲ့ ပြိုင်ပွဲဝင်ဟာ စင်ပေါ်မှာ အားလုံးရဲ့ ရှေ့မှောက်မှာ မျက်
နှာဖုံးကို ချွတ် (Unmask) ပြရပါတယ်။အဲဒီအခါမှသာ သူဟာ နာမည်ကြီး အဆိုတော်လား၊ သရုပ်
ဆောင်လား၊ အားကစားသမားလား ဒါမှမဟုတ် တခြား နယ်ပယ်က လူသိများသူလားဆိုတာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မနေ့ညကပဲ ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူဟာ The Mask Singer အဆိုပြိုင်ပွဲနဲ့ပတ်သက်ပြီး Post တစ်ခုတင်ခဲ့ပါတယ်။ သူဟာ ရွှေသမင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး ပျော်ရွှင်ခဲ့ရတဲ့အကြောင်း ဖျော်ဖြေပွဲမှာ Mask ချွတ်ထားတဲ့ ဓာတ်ပုံတွေနဲ့တကွ တင်ခဲ့တာပါ။ အမှန်တော့ အေးမြတ်သူ ရက်မှားတင်မိပုံရပါတယ်။ ဒီကနေ့ သော
ကြာညမှ အေးမြတ်သူ Mask ချွတ်ရမယ့်အစီအ
စဥ်ကို လွှင့်မှာပါ။ Post ကို Schedule(အချိန်နဲ့ကြိုတင်ထား)ဆွဲတင်တာ လွဲသွားပုံရပါတယ်။ ဒါမှမဟုတ် လွဲတင်တယ်ထင်ပြီး လူမှုကွန်ယက်မှာပွဲဆူ​အောင်ရည်ရွယ်လုပ်တာလားဆိုတာလည်း သူတို့အုပ်စုပဲ သိပါတယ်။

အစီအစဥ် မလာသေးခင် Mask ချွတ်လိုက်တော့ ပွက်လောရိုက်ပါလေရော။ အေးမြတ်သူလည်း အဆိုပါပို့စ်ကို ပြန်ဖျက်သွားပေမဲ့ မမီတော့ပါဘူး။ သတင်းက ပျံ့သွားခဲ့ပါပြီ။ အစီအစဥ် မပြရသေးခင်မှာပဲ ဘယ်သူလဲဆိုတာ ကြိုသိသွားကြလို့ ပရိသတ်တွေအတွက်တော့ 'Surprise' မဖြစ်တော့ပါဘူး။ ဒီဖြစ်စဥ်ကို ကြည့်ပြီး ကျွန်တော်တို့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က ဇာတ်လိုက်မင်းသားကြီးကို ပြေးမြင်မိပါတယ်။

ဒီ​နေ့ခင်း သမ္မတရာထူးကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရယူလိုက်ကြောင်း စစ်တပ်ရဲ့ လွှတ်တော်က ကြေညာခဲ့ပါတယ်။ ဘယ်သူမှ ရင်မခုန် စိတ်မလှုပ်ရှားကြပါဘူး။ အေးမြတ်သူဟာ ရုပ်သံမှာ တကယ်မျက်နှာဖုံး ချွတ်မပြရသေးခင် သူ့ Post တစ်ခုကြောင့် ကြိုပေါက်သွားသလိုပဲ၊ စစ်ခေါင်းဆောင်ရဲ့ သမ္မတဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကလည်း ကြိုတင်ပေါက်ကြားနေခဲ့တာ ကြာခဲ့ပါပြီ။ အာဏာမသိမ်းခင်ကတည်းက မင်း​အောင်လှိုင်သမ္မတရူး​နေတာကို နိုင်ငံ​ရေးစိတ်ဝင်စားသူတိုင်းသိကြပါတယ်။

အေးမြတ်သူက "Schedule" လွဲပြီး တင်မိတာဆိုရင်၊ စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့ "Power Schedule" အတိုင်း သမ္မတလုပ်ဖို့ တစ်နိုင်ငံလုံးကိုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အေးမြတ်သူက 'ရွှေသမင်' ဝတ်စုံဝတ်ပြီး ဒိုင်တွေကို လှည့်စားသလိုပဲ၊ ကျွန်တော်တို့ စစ်ခေါင်းဆောင်ကြီးကလည်း 'အာဏာမမက်ပါဘူး၊ သမ္မတလုပ်ဖို့ စိတ်မဝင်စားပါဘူး' ဆိုတဲ့ ဝတ်စုံကြီးကိုဝတ်ပြီး တိုင်း
ပြည်နဲ့ နိုင်ငံတကာကို လှည့်စားခဲ့ပါသေးတယ်။

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းကာလတလျှောက် သွားလေရာပွဲတိုင်းပွဲတိုင်း၊ အာဏာသိမ်းရခြင်း အကြောင်းရင်းကို ရှင်းပြတိုင်း ပွဲနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် "မဲလိမ်မဲခိုးမှုကြောင့် တာဝန်ယူရခြင်းဖြစ်သည်" လို့ အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက "မဲလိမ်မဲခိုး" ဆိုတဲ့ စကားလုံးနဲ့ အသုံးအနှုန်းတွေကို အကြိမ်ပေါင်း ရာ​ထောင်ချီပြီး သုံးစွဲခဲ့တာပါ။ မလွှဲမရှောင်သာ နိုင်ငံ့အကျိုးအတွက် တာဝန်ယူခဲ့ရသယောင် အမြဲလိုလို ပြောဆိုခဲ့ပါတယ်။

သူ့ကို သမ္မတလုပ်မလားမေးရင်လည်း နိုင်ငံ့ဝန်
ထမ်းမို့ မလုပ်ချင်သယောင်ယောင်၊ အများကဝိုင်းတောင်းဆိုကြသယောင်​ယောင် ဂိုက်ဖမ်းလေ့ရှိတယ်။ ၂၀၂၁ ဇန်နဝါရီလထဲက အာဏာမသိမ်းမီက စစ်ခေါင်းဆောင်ဟာ သူ့ကိုသမ္မတနေရာပေးဖို့ တောင်းဆိုခဲ့ဖူးပြီး သဘောမတူခဲ့လို့ အာဏာသိမ်းခဲ့တယ်ဆိုတဲ့သတင်းတွေကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ငါးနှစ်ကျော်အကြာမှာတော့ အဲဒီသတင်းဟာ မှန်ကန်ကြောင်း ဒီကနေ့(ဧပြီ ၃)မှာအထင်အရှား သက်သေပြလိုက်
ပြီဖြစ်ပါတယ်။

The Mask Singer အစီအစဥ်ဟာ အစီအစဥ်ပေါက်ကြားရင် လျော်ကြေးပေးရတာမို့ အေးမြတ်သူလည်း လျော်ကြေးပေးရမှာပါ။အာဏာသိမ်းခေါင်းဆောင်ကြီးကော စစ်ဝတ်စုံ မျက်နှာဖုံးကိုမချွတ်ခင်ကတည်းက နိုင်ငံ၊ပြည်သူနဲ့စစ်တပ်အ​ပေါ်ကျူးလွန်ထားတဲ့ာရာဇဝတ်မှု​တွေအတွက်
သူလည်း လျော်ရမှာပါ။ သမ္မတအတုကြီးက ဘာတွေများ လျော်ရမှာပါလဲ။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မှတ်တမ်းတွေကအရ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီကနေ့ သူ သမ္မတဖြစ်တဲ့ ၂၀၂၆ ခုနှစ် ဧပြီ ၃ ရက်အထိ ၅ နှစ်ကျော်ကာလအတွင်း အရပ်သား ပြည်သူပေါင်း ၇၉၆၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
👍147
လက်တွေ့မြေပြင်မှာ တိုက်ပွဲပြင်းထန်မှုနဲ့ ဆက်သွယ်ရေး ခက်ခဲမှုတွေကြောင့် ဒီအရေအတွက်ထက် အဆပေါင်းများစွာ ပိုမိုများပြားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ စုစုပေါင်း ၃၀၇၅၅ ဦးရှိပြီး ၂၂၂၄၉ ဦးဟာ ထိန်းသိမ်းခံထားရဆဲပါ။ စုစုပေါင်း သေဒဏ်ကျခံထားရသူ ၁၇၆ ဦး ရှိနေပါတယ်။

ဒါတင်မကသေးပါဘူး။ ၂၀၂၆ ခုနှစ်၊ ဖေဖော်
ဝါရီလကုန်အထိ စစ်အာဏာသိမ်း ငါးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁၂၅,၃၂၈ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။ ဒါလည်း မြေပြင်မှာ ဒီစာရင်းထက် ပိုဦးမှာပါ။

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေ၊ တိုက်ပွဲတွေကြောင့် နိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း လေးသန်းကျော်ရှိနေပြီဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UN OCHA Myanmar)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အထက်ပါအချက်အလက်တွေဟာ ဒီငါးနှစ်အတွင်းပဲ ရှိပါသေးတယ်။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတွေအပါအဝင် စစ်တပ်ရဲ့ မတရားမှုတွေအတွက် လျော်ကြေး ပြန်ပေးရဦးမှာဖြစ်ပါတယ်။

အေးမြတ်သူကတော့ မျက်နှာဖုံးကြိုချွတ်မိလို့ ရုပ်သံလိုင်းကို ငွေကြေးနဲ့ လျော်ကြေးပေးရုံ ရှိပါလိမ့်မယ်။ ဒါပေမဲ့ 'မဲလိမ်မဲခိုး' ဆိုတဲ့ စွပ်စွဲချက် မျက်နှာဖုံးကို ၅ နှစ်ကြာစွပ်ထားပြီး တစ်နိုင်ငံလုံးကိုဖျက်ဆီးခဲ့ကာ သမ္မတအင်္ကျီ လဲဝတ်လိုက်တဲ့ စစ်ခေါင်းဆောင်အတွက်ကတော့ လျော်ကြေးဟာ ငွေကြေးနဲ့ မလုံလောက်တော့ပါဘူး။ သေဆုံးသွားတဲ့ ပြည်သူ ထောင်​​ပေါင်းများစွာရဲ့ အသက်တွေ၊လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေ၊ ပြာကျသွားတဲ့ အိမ်ခြေ တစ်သိန်းကျော်နဲ့ လေးသန်းကျော်သော စစ်ဘေးရှောင်တွေရဲ့ ဘဝတွေ၊တစ်နိုင်ငံလုံးကိုဆင်းရဲတွင်းထဲဆွဲချခဲ့တဲ့ရာဇဝတ်
မှု​တွေ ဟာ သမ္မတသစ်ကြီး ပေးရမယ့် 'သမိုင်းကြွေး လျော်ကြေးတွေ' ပဲဖြစ်ပါတော့တယ်။ ။
👍294
🖕36🤮6🤬2💩2😭1
အာဏာသိမ်း​ခေါင်း​ဆောင်ကို စစ်တပ်လွှတ်​တော်ကသမ္မတအဖြစ်ခန့်အပ်

ဧပြီ-၃၊ ၂၀၂၆။ သော်မွန်/People’s Spring

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဒီနေ့ ဧပြီ ၃ရက်မှာ နိုင်ငံတော်သမ္မတအဖြစ် စစ်တပ်ကြီးစိုးတဲ့ ပြည်ထောင်စုလွှတ်တော်က ခန့်အပ်လိုက်ပါတယ်။

“မြန်မာ့သမိုင်းမှာတော့ တကယ့်ကို အရှက်ရစရာ အခိုက်အတန့်အဖြစ် မှတ်တမ်းဝင်သွားမှာပါ။ စစ်ရာဇဝတ်ကောင်တွေက ပြည်သူ့ခေါင်းဆောင်တွေကို ထောင်သွင်းအကျဉ်းချပြီး အိမ်ဦးခန်းတက်ထိုင်ကြတာကို ပြည်သူက လုံးဝလက်မခံသလို NUG နဲ့တကွ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ဒါကိုအဆုံးသတ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်”လို့ အမျိုးသားညီညွတ်
ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဖြစ်လာတဲ့အပေါ် မှတ်ချက်ပြုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က မဲလိမ်မဲခိုးမှုတွေ ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အရပ်သားအစိုးရ လွှတ်တော်ခေါ်ယူမယ့်နေ့မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေက လွတ်လပ်ပြီး တရားမျှတတယ်လို့ ထုတ်ပြန်ခဲ့ကြသလို ကမ္ဘာ့နိုင်ငံတွေက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ခေါင်းဆောင်တွေကို အသိအမှတ်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူအများစု ရွေးချယ်တင်မြှောက်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ကတော့ အာဏာသိမ်းအပြီး ၅နှစ်ကျော်အကြာမှာ သူစိတ်ကြိုက်ဖန်တီးထားတဲ့ လွှတ်တော်ကနေ နိုင်ငံတော်သမ္မတကို ရယူခဲ့ပါပြီ။ ဒီနေ့မှာ စစ်တပ်ကြီးစိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က မင်းအောင်လှိုင်ကို ထောက်ခံမဲ ၄၂၉ မဲနဲ့ သမ္မတ၊ စစ်ခေါင်းဆောင်ရဲ့အနီးကပ်အကြံပေးလူယုံ ညိုစောကို ၁၂၆ မဲနဲ့ ဒုတိယသမ္မတ(၁)၊ ပြည်ခိုင်ဖြိုးအမတ် နန်းနီနီအေးကို ၂၉ မဲနဲ့ ဒုတိယသမ္မတ(၂)အဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရရှိတဲ့ မဲအရေအတွက်ဟာ ၂၀၁၁ စစ်တပိုင်းအစိုးရ သမ္မတဦးသိန်းစိန်ထက်ရော၊ အရပ်သားအစိုးရ သမ္မတတွေဖြစ်တဲ့ ဦးထင်ကျော်၊ ဦးဝင်းမြင့်တို့ထက်လည်း ထောက်ခံမဲ ပိုမိုရရှိတာ တွေ့ရပါတယ်။ အဲဒီရလဒ်ကပဲ လွှတ်တော်ကို စစ်ခေါင်းဆောင်က ဘယ်လောက်လွှမ်းမိုးချုပ်ကိုင်ထားသလဲဆိုတာ မြင်သာစေပါတယ်။

“မဲစာရင်းမှားလို့၊ ဒီမိုကရေစီ မသွေဖီအောင်လို့ အာဏာထိန်းခဲ့ရတာပါ ဆိုတဲ့စစ်ခေါင်းဆောင်ရဲ့ အရှက်သိက္ခာ ကင်းမဲ့နေတဲ့ အခင်းအကျင်းပါပဲ။ စစ်ခေါင်းဆောင်ရဲ့ အရေခွံပြောင်း စာမျက်နှာမှာလည်း စစ်ရာဇဝတ်မှုတွေနဲ့ပဲ ဆက်ပြည့်နေလိမ့်မယ် ထင်ပါတယ်”လို့ CDM တပ်မတော်သားအရာရှိ ကိုနောင်ရိုးက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထုဘက် ကူးပြောင်းရပ်တည်ခဲ့တဲ့ CDM တပ်မတော်သားအရာရှိ ကိုညီသုတကလည်း အာဏာသိမ်းစကတည်းက သမ္မတတက်လုပ်ချင်လို့ အာဏာသိမ်းတယ်ဆိုတာ ပိုထင်ရှားသွားတယ်လို့ မှတ်ချက်ပြုပါတယ်။

“လက်ရှိမှာလည်း စစ်တပ်ကို ခါးပိုက်ဆောင်တပ်ဖြစ်အောင် သူ့လူယုံတွေကိုပဲ နေရာပေးထားတာကြောင့် သူ့ကိုအာဏာရှင်သမ္မတလို့ပဲ သတ်မှတ်ရမှာပါ”လို့ ကိုညီသုတက ပြောပါတယ်။

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်တပ်ဟာ နေ့စဥ်ရက်ဆက် နိုင်ငံတဝန်း ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံသတ်ဖြတ်မှု ထောင်ချီ ပြုကျင့်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ Data for Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း ၁၂၁,၄၈၅ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ နေ့စဥ် လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ကျူးလွန်နေရင်းကနေ ပြည်သူ့ဆန္ဒမပါဘဲ ပြုလုပ်သွားတဲ့ အတုအယောင်ရွေးကောက်ပွဲ၊ အဲဒီကတဆင့် အတုအယောင်လွှတ်တော်၊ လက်ရှိမှာတော့ အတုအယောင်အုပ်ချုပ်ရေး၊ အတုအယောင် သမ္မတကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လုပ်သွားတာလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောပါတယ်။

“ဒါတွေကို ပြည်သူက ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းအရင်းမရှိပါဘူး။ ပိုဆိုးတာက စစ်ရာဇဝတ်ကောင်ဖြစ်နေတယ်။ ဝရမ်းထုတ်ခံထားရသူလည်း ဖြစ်နေတယ်။ ပြည်သူတွေကတော့ ရှက်ကြမယ်၊ ရွံကြ၊ မုန်းကြမယ်။ ဒါလည်းပဲ သေချာပါတယ်။ နောက် ပြည်သူကို လှည့်ဖျား နောက်ထပ် နည်းအမျိုးမျိုးနဲ့ ကြံစည်နေကြပါလိမ့်မယ်။ ဒါတွေကို ပြည်သူလူထုက နားယောင်သွားမှာ၊​လက်ခံသွားမှာ မဟုတ်ဘူးလို့လည်း အပြည့်အဝယုံကြည်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အခုလို သမ္မတလုပ်ချင်တဲ့အတွက် မတရားမှုမျိုးစုံ၊ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်ခဲ့တာဖြစ်ပြီး သူ့လိုလူ သမ္မတဖြစ်လာတာက နိုင်ငံရဲ့အနာဂတ် အများကြီး ပိုဆိုးသွားနိုင်တဲ့ အနေအထားရှိတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက သုံးသပ်ပါတယ်။
👍14💩105🔥1😭1
“ဒီလိုမျိုး ကိုယ်ကျိုးစီးပွား၊ စစ်တပ်ရဲ့အကျိုးစီးပွား အတ္တအင်မတန်ကြီးတဲ့သူက နိုင်ငံရဲ့ အရေးကြီးတဲ့ သမ္မတလို နေရာမျိုးကို ရယူထားမယ်ဆိုရင် ကျွန်မတို့နိုင်ငံရဲ့အနာဂတ်က ဆိုးသထက် ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်။ ပြည်သူတွေဆိုရင် အခုဆိုရင် ငွေစျေးကလည်း အင်မတန်ကျဆင်းပြီး ကုန်စျေးနှုန်းကလည်း အရမ်းတက်တယ်၊ စီးပွားရေးကလည်း ကြပ်တည်းတယ်”လို့ သူမက ဆိုပါတယ်။ ဆက်လက်ပြီး “ကျွန်မတို့နိုင်ငံမှာ ဒီအာဏာရှင်စနစ်ရှိနေသမျှ၊ စစ်သားတွေက နိုင်ငံရေးမှာ ပတ်သက်နေသမျှ၊ ခြယ်လှယ်နေသမျှတော့ ကျွန်မတို့နိုင်ငံအခြေအနေက ပိုပြီးထူးခြားလာမှာမဟုတ်ဘူး၊ ပိုပြီး ဆိုးဖို့ပဲရှိတယ်ဆိုတာ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်ခေါင်းဆောင်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုမှန်သမျှအတွက် သူကိုယ်တိုင် တာဝန်ခံရမှာဖြစ်ပြီး သူ့သမိုင်းနဲ့အတူ ထပ်ချပ်မကွာ လိုက်နေမှာဖြစ်တယ်လို့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကလည်း အာဏာသိမ်းမှုကအစ အတုအယောင်ရွေးကောက်ပွဲ၊ အတုအယောင်လွှတ်တော်၊ အတုအယောင်သမ္မတ စတာတွေက ကြိုတင်ကြံစည်းထားတဲ့ နိုင်ငံတော်သစ္စာဖောက်မှုဖြစ်ပြီး ဒီလို သစ္စာဖောက်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင်အပါအဝင် သူ့ရဲ့ နောက်လိုက်တွေအားလုံးဟာ ပြည်သူလူထုကနေ စီရင်တဲ့ တရားစီရင်မှုကို သေချာပေါက် ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“နစ်နာခဲ့ကြရတဲ့ ပြည်သူတွေ၊ ကျဆုံးခဲ့ကြရတဲ့ ပြည်သူတွေ၊ မတရားသတ်ဖြတ် ဖမ်းဆီးခံခဲ့ကြရတဲ့ ပြည်သူတွေ အားလုံးရဲ့ အသက်တွေ၊ ဝိဉာဥ်တွေ ဒါတွေကို အသုံးချပြီးမှ သမ္မတဖြစ်လာတာဖြစ်တဲ့အတွက် ကျွန်တော်တို့က ဘယ်လောက်ပဲ သမ္မတဖြစ်ဖြစ်၊ ကာကွယ်ရေးဦးစီးချုပ်ပဲ ဖြစ်ဖြစ် နွေဦးတော်လှန်ရေးအစ မှာ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေအတိုင်း ကျွန်တော်တို့ တော်လှန်ရေးရော၊​လုပ်ဆောင်ချက်တွေ အားလုံး မမှိတ်မသုန်နဲ့ ဆက်ပြီး လုပ်ဆောင်နေဦးမှာဖြစ်ပါတယ်”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ ခေါင်းစဥ်ပြောင်းပြီး (စစ်အာဏာရှင်အဖြစ်ကနေ) အရှင်ထွက်ထွက်ဖို့ ကြိုးစားတဲ့ လုပ်ဆောင်ချက်လို့ မြင်ကြောင်း ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုပါတယ်။

မန္တလေးဒေသက နိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်တဲ့ ကိုဌေးက မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ အာဏာရရေးကိုသာ အစဥ်တစိုက် လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်က လက်နက်အားကိုး အတင်းအဓမ္မအာဏာ ဓားပြတိုက်ခဲ့ကာ လက်ရှိမှာတော့ အာဏာကို လိမ်ယူဖို့ လုပ်ဆောင်လာတာလို့ သုံးသပ်ပါတယ်။

“၂၀၂၁ တုန်းက အာဏာကို ဗြောင်ဓားပြတိုက်ယူခဲ့တာ၊ အခုတော့ အာဏာကို မျက်နှာပြောင်ကျပြီး လိမ်ပြီးယူတာ၊ ပြည်သူတွေက သိတယ်ဆိုပေမယ့် လက်နက်ကိုင်ထားတော့ ဘာမှ လုပ်မရတဲ့ အနေအထားဖြစ်တာပေါ့”လို့ ကိုဌေးက ပြောပါတယ်။

မင်းအောင်လှိုင်တို့ စစ်အုပ်စုက ယူနီဖောင်းပြောင်းလဲပေမယ့်လည်း ပြည်သူလူထုအပေါ် နှိပ်စက်ဖိနှိပ်မှုက ပြောင်းလဲမှာမဟုတ်ဘဲ နေပြည်တော်မှာ သမ္မတဖြစ်ဖို့ လုပ်ဆောင်နေချိန်မှာပဲ မန္တလေးတိုင်း မြင်းခြံနယ်ထဲမှာ ပြည်သူလူထု နေအိမ် ၇၀၀ လောက်ကို စစ်အုပ်စုက မီးရှိုးဖျက်ဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။

“ဒါက နိုင်ငံရေးအပြောင်းအလဲလုပ်ဖို့တွေ၊ အခြားဟာတွေ လုပ်ဖို့တွေ ရည်ရွယ်တာမဟုတ်ဘဲ အာဏာကို ဆက်လက်ရယူထားရေး၊ အာဏာကို ဆက်လက်ကိုင်စွဲထားရေးအတွက် ကလိမ်ကကျစ်ကျတာပေါ့”လို့ ကိုဌေးက ပြောပါတယ်။
👍22🤮84😁2💩1🤣1😭1
🖕36🤮83💩3🔥2🤣2👎1😭1
■အ​တွေးအမြင်

လာဘ်တိတ်တဲ့သမ္မတ

ယောနသံ/People's Spring

နိုင်ငံတော်ရဲ့အာဏာအမြင့်ဆုံး သမ္မတကို နေပြည်
တော်က စစ်တပ်လွှတ်တော်က ယခုလေးတင် ရွေးချယ်လိုက်ပါတယ်။ဒါပေမယ့်ဘယ်ပြည်သူကမှ စိတ်မဝင်စားပါဘူး။ မလုပ်ရဲတာဘာမှမရှိဘူးဆိုပြီးတော့ အာဏာသိမ်းပြီး လူ​သောင်းချီသတ်ခဲ့တဲ့ ရာဇဝတ်ကောင်တစ်ကောင် သမ္မတဖြစ်လာတာက နိုင်ငံတောင်လာဘ်တိတ်တယ်လို့ ရန်ကုန်မြို့မှာ စက်သုံးဆီတန်းစီနေရတဲ့ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ နိုင်ငံတော်အာ
ဏာကိုသိမ်းယူပြီးတဲ့နောက်ပိုင်း ၅နှစ်​ကျော်အ
တွင်း အရပ်သား ​ထောင်​သောင်းချီသတ်ဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ် စစ်တပ်လွှတ်တော်က ဒီနေ့ (ဧပြီလ ၃ရက်)နေ့ နေ့ခင်းပိုင်းမှာ တင်မြှောက်လိုက်တာပါ။

ရန်ကုန်မြို့က တက္ကစီယာဉ်မောင်းကြီးဟာဗိုလ်
ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ပြီဆိုတဲ့ သတင်းကြားကြားချင်းပဲ "သမ္မတတဲ့လား။ ထွီ " ဆိုပြီး ပြောလည်းပြောရင်း တံတွေးပါထွေးပစ်
လိုက်တာပါ။ ဒါကနိုင်ငံတော်ရဲ့အဓိပတိနေရာကို ရွေးချယ်တဲ့နေ့မှာ အခြေခံလူတန်းစားဘဝထဲက ပြည်သူတွေရဲ့တုံ့ပြန်မှုများစွာထဲက တစ်ခုပါ။

ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်ဈေးထဲက ဈေးသည်တစ်ဦးကတော့ "သတင်းကြားရတာ သေချင်စော်တောင်နံတယ်"လို့အသံကျယ်ကျယ်ပြောပါတယ်။ ဒီဈေးတစ်ဈေးလုံးမှာ ရှိသူတွေဟာ တခြားဒေသကပြည်သူတွေလိုပဲ စစ်ခေါင်းဆောင်မင်းအောင်
လှိုင်ကို ရွံရှာမုန်းတီးသူတွေချည်းမို့လို့ အခုလိုအာဘောင်အာရင်းသန်သန်၊ ယုံကြည်ချက်ရှိရှိပြောရဲ
တာလို့ ဆိုပါတယ်။

"အနူလက်နဲ့ရွှေခွက်ကိုနှိုက်တာ"လို့သူကဆက်ပြောပါတယ်။

ဒီအခြေအနေတွေအတွက် မေးခွန်းတစ်ခုရှိလာပါတယ်။ တွက်ချက်ဖြေဆိုစရာ မလိုပါဘူး။ ပြီးခဲ့တဲ့၅နှစ်အတွင်း ပြည်သူတွေကိုယ်တိုင် မျက်မြင်တွေ့ရှိ၊ရင်ဆိုင်ခဲ့ရတဲ့ ‌သွေးစွန်းသော နေ့စွဲတွေအကြောင်း ပြန်စဉ်းစားလိုက်တာနဲ့ အဖြေက အော်တိုထွက်လာပါလိမ့်မယ်။

သမ္မတရူးရူးတဲ့စစ်ခေါင်းဆောင်က ၂၀၂၀
ရွေးကောက်ပွဲအောင် NLDပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို လက်နက်အားကိုးနဲ့ဖမ်းဆီးပြီး ၂၀၂၁ဖေဖော်ဝါရီလ၁ရက်နေ့မှာအာ
ဏာသိမ်းပါတယ်။ မသိမ်းခင်ရက်ပိုင်းအလိုမှာ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ လူထုကို ‌ခြိမ်းခြောက်ခဲ့ပါတယ်။ ၂၀၁၆-‌‌၂၀‌၂၀ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မောင်းနှင်မှုနဲ့ ဒီမိုကရေစီအရသာကိုစားသုံးခွင့်ရခဲ့တဲ့လူထုက " သိမ်းချင်ရင် အမှိုက်သိမ်း"ဆိုပြီး သတ္တိရှိရှိလှောင်ပြောင်ခဲ့တယ်။သမိုင်းတစ်
လျှောက်အလှောင်ပြောင်ခံရဆုံးစစ်ခေါင်းဆောင်
အဖြစ် ရှက်ရမ်းရမ်းလာပြီး သူမလုပ်ရဲတာဘာမှမရှိဘူးဆိုပြီး ထုတ်ပြောလာတဲ့အထိ နိုင်ငံရေးပြိုင်
ဖက်တွေနဲ့ ပြည်သူလူထုအ‌ပေါ် ရန်လိုခဲ့ပါတယ်။

အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာပဲ သူ့ကိုတော်လှန်ဆန့်ကျင်တဲ့ လူထုထဲက အသက် ၁၉နှစ်အရွယ်မြသွဲ့သွဲ့ခိုင်ဆိုတဲ့ မိန်းကလေးငယ်ကို သူ့အမိန့်နဲ့ ပစ်သတ်ခဲ့ပါတယ်။ လူငယ်ထုက သတ္တိ
ရှိရှိ ဦးဆောင်တဲ့ ‌နွေဦးတော်လှန်ရေးထဲက ပထမဆုံးသွေးမြေကျမှုကို ကျူးလွန်ပြီးတဲ့နောက်ပိုင်း ရပ်တန့်မရတော့အောင် မိုက်လုံးဆက်ကြီးခဲ့ပါတယ်။ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲပြီး ‌ကလေးငယ်တွေကို သတ်ဖြတ်ခဲ့တယ်။

ကန့်ဘလူမြို့နယ်က ပဇီကြီးရွာကို ဗုံးကြဲပြီး လူ
၁၈၀နီးပါးကို မိနစ်ပိုင်းအတွင်းသတ်ဖြတ်ခဲ့တယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း၊ ကချင်၊ကရင်၊ချင်း၊ ရခိုင်ပြည်နယ်တွေမှာ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်။ ရုပ်အလောင်းကိုခေါင်းဖြတ်ပြီး ခြံစည်းရိုးတိုင်မှာ စိုက်ပစ်ခဲ့တဲ့အထိ သူဦးဆောင်တဲ့စစ်တပ်က မိုက်ရူးရဲဆန်ခဲ့တယ်။

သမ္မတနေရာကိုမယူခင် တစ်လခန့်အတွင်းမှာပဲ လူ ၃၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြန်ပါတယ်။မြင်သာတဲ့ အဲ့ဒီအကြမ်းဖက်သတ်ဖြတ်မှုတွေကို ဒီမှာ ကြည့်
ပါ။မတ်လ ၁ ရက်နေ့မှာ မင်းတုန်းမြို့နယ်က အများပြည်သူ စုဝေးရာနေရာကုန်ကားစခန်းကိုဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့တယ်။အရပ်သား၂၀ကျော် သေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်။ မတ်လ မတ်လ ၅ ရက်မနက်မှာ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကြောင်းတွေဝင်စီးနင်းပြီးဒေသခံ (၃၀) ဝန်းကျင်ကို သတ်ဖြတ်ခဲ့တယ်။မတ်လ ၈ ရက်နေ့မှာအမ်းမြို့နယ်က အကျဉ်းစခန်းကို ဗုံးကြဲပြီး စစ်သုံ့ပန်း ၁၁၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

မတ်လ ၂၀ရက်မှာ ကသာမြို့နယ်က ဘုန်းကြီး
ကျောင်းကို ဗုံးကြဲပြီး သံဃာတော်အချို့အပါ
အဝင် ၈၀ခန့်ကို သတ်ဖြတ်ခဲ့ပြန်ပါတယ်။ သေ
ဆုံးသူတွေထဲမှာ ကလေးငယ်တွေ၊ သူကြီး ရွယ်အိုတွေနဲ့ အမျိုးသမီးတွေ၊ သံဃာတော်တွေလည်းပါဝင်ပါတယ်။ သမ္မတ‌ထိုင်ခုံပေါ် ဒီနေ့ ခွမတက်ခင် မတ်လ ၃၀ရက်နေ့ကပဲ စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်၊ ငပယင်းရွာဆေးခန်းကို ဗုံးကြဲလို့ အ
ရပ်သား ၇ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီထဲမှာ မိခင်ဝမ်းကနေ မွေးဖွားခါစ နီတာရဲကလေးငယ်တစ်ဦး ပါပါတယ်။
👍2711🔥1
ဒါတွေက အကြမ်းဖက်သတ်ဖြတ်မှုတွေသာဖြစ်ပြီး သူ အာဏာလုထားတဲ့ ၅နှစ်အတွင်း နိုင်ငံစီးပွား
ရေးရေးက ဒလိမ့်ခေါက်ကွေး ကျသွားပါတယ်။ ဆန်ကြမ်းတစ်ပြည် ငါးထောင်၊ ကြက်ဦးတစ်လုံး ငါးရာ၊ ဆီတစ်လီတာ ငါးထောင်နီးပါးနဲ့ လူထုဟာ အငတ်ဘေးဆိုက်တော့မယ့် ကမ်းပါးစွန်းမှာ ရပ်
နေကြရပါပြီ။ သူ့ကိုကာကွယ်ဖို့စစ်မှုထမ်းဥပဒေကို ထုတ်သုံးပြီး သိန်းချီတဲ့လူငယ်တွေကို စစ်မြေ
ပြင်ဆီ ပို့ခဲ့ပါတယ်။ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုတွေကို ငှက်ပျောသီးအခွံနွှာသလိုလွယ်လွယ်လေးကျူးလွန်နေပါတယ်။ ကိုဗစ်ကပ်ရောဂါ၊ မိုးခါမုန်
တိုင်း‌ဘေး၊ စစ်ကိုင်းငလျင်ဘေးတွေကိုအကြောင်း
ပြပြီး ပြည်သူတွေကို ဆင်းရဲတွင်း နက်သထက်နက်စေခဲ့ပါတယ်။

အခုတော့ သူရှင်ဆိုရှင်သေ ဆိုသေတိုက်ပုံဝတ်၊ ခေါင်းပေါင်း‌ပေါင်း ပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့ စစ်တပ်လွှတ်တော်က တစ်ဆင့် ဒီနေ့မှာတော့ နိုင်ငံတော်ရဲ့၁၁ဦးမြောက်သမ္မတဘွဲ့ခံ လိုက်ပါပြီ။ နေပြည်တော်မှာသူပွဲခံနေစဉ်မှာပဲ ဖားကန့်မြို့ကို ဗုံးကြဲနေပါတယ်။စစ်တပ်ရဲ့အဓိပတိတပ်ချုပ်အ
နေနဲ့ သူ့ကိုယ်သူရာထူပေးပြီး ငါးနှစ်ကြာ လူသတ်ပွဲကျင်းပခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်သမ္မတထိုင်ခုံပေါ်ခွတက်လာတဲ့ ဒီနေ့ကစပြီး ပြည်သူလူထုအပေါ် ဘယ်လိုအကြမ်းဖက်သတ်ဖြတ်မလဲဆိုတာ နိုင်ငံရေးပိတ်ကားပေါ် ဆက်လက်မြင်တွေ့ရတော့မှာပါ။

နေပူပူထဲ ဆီတန်းစီနေရတဲ့ ရန်ကုန်မြို့က တက္ကစီရင်မောင်းကြီးကတော့ "အဲ့ဒီကောင် လာဘ်တိတ်တဲ့ သမ္မတ" လို့ ဒေါသတကြီးပြောရင်း တစ်ဦးတည်း ခပ်တိုးတိုးကျိန်ဆဲနေပါတယ်။ ။
22👍14🔥1
ဓါတ်ပုံ-Getty Images
🖕296💩5🔥2🤮2🤣2😭1
ပြည်သူထောင်သောင်းချီ ဖမ်းဆီးသတ်ဖြတ်ပြီး သမ္မတရာထူးယူတဲ့ မင်းအောင်လှိုင်ကို ၀တပ် UWSAက ဂုဏ်ပြုတဲ့အပေါ် ပြည်သူတွေ ဝေဖန်

ဧပြီ−၃၊၂၀၂၆။ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့တဲ့အေပါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။ ဝတပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဦးညီရန်းက သဝဏ်လွှာပေးပို့တဲ့စာကို သူရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားရာမှာ ပြည်သူတွေက ဝင်ရောက်မှတ်ချက်ပြုနေကြတာ ဖြစ်ပါတယ်။

"အဟမ်း ..အဟမ်း ၊ တရုတ်ကြီးက ချက်ချင်းပဲ ပြောခိုင်းတာလား"လို့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

နောက်ထပ် ပြည်သူတစ်ဦးကလည်း "ကိုညီရန်းရေ ကယန်းဒေသမှာ ကျဆုံးသွားတဲ့ ၀ ရဲဘော် ၃၀ မျက်နှာလေးပြန်ထောက်ပါလားဗျာ"လို့ ရေးသားထားပါတယ်။

"သားကြီး ဒါတွေကိုမမေ့ကြေးနော် ငါတို့ကတော့သေထိမမေ့ဘူး မျိုးရိုးစဥ်ဆက်ပါလက်ဆင့်ကမ်းသွားဦးမှာ"လို့လည်း ပြည်သူတစ်ဦးက မှတ်ချက်ရေးသားထားပါတယ်။

"အာဏာသိမ်းကတည်းက ကြိုရေးထားတာဟ"လို့လည်း ရေးသားထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတရာထူးရယူဖို့ ကြိုးပမ်းနေတဲ့ အခုရက်ပိုင်းအတွင်းမှာလည်း ဒေသအနှံ့က ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဝတပ်ဖွဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မင်းအောင်လှိုင်ဟာ တပ်ချုပ်အဖြစ် တာဝန်ယူစဉ် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံမှု၊ လူမှုစီးပွား တည်ငိမ်တိုးတက်ရေးကို များစွာ ကြိုးပမ်းအားထုတ်ခဲ့တယ်ဆိုတဲ့ အချက်အလက်အမှားတွေနဲ့ မင်းအောင်လှိုင်ကို ၀တပ်ဖွဲ့ UWSAက မြောက်ပင့်ခဲ့ပါတယ်။

ဒါ့အပြင် ၀တပ်ဖွဲ့က နိုင်ငံကနေ ခွဲထွက်တာ သီးခြားလွတ်လပ်ရေး ကြေညာတာ မရှိစေရ ဟုလည်း သဝဏ်လွှာမှာရေးသားထားပါတယ်။ဒါပေမဲ့ UWSA အုပ်ချုပ်တဲ့ ဒေသမှာ စစ်ကောင်စီတပ် နဲ့ စစ်ကောင်စီ အုပ်ချုပ်ရေး လက်ခံထားရှိခြင်း မရှိပါဘူး။

မင်းအောင်လှိုင်ရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံတည်ငြိမ်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ လျင်မြန်စွာ တိုးတက်မှုနဲ့ တိုင်းရင်းသား ပြည်သူအားလုံး သာယာ၀ပြောမှုတို့ အမြန်ဆုံး ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ၀တပ် UWSAက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၅နှစ်တာအတွင်း အရပ်သား ပြည်သူ ထောင်သောင်းချီဖမ်းဆီး သတ်ဖြတ်တာ၊ လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပြည်သူလူထုနေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်က ဟန်ပြလုပ်တဲ့ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာလည်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ တပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူလူထုတွေရဲ့ နေအိမ်အဆောက်အအုံ ၁သိန်း ၂သောင်းကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ အဓမ္မ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လူငယ်လူရွယ်တွေကို စစ်သားသစ်အဖြစ် စုဆောင်းကာ ရှေ့တန်းစစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုမှုတွေလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။
👍21🤬10🤮63🤣3💩2
(၂၀၂၃ လွတ်လပ်ရေးနေ့အခမ်းအနားမှာ သမ္မတအဆောင်အယောင်ရွှေစလွယ်နဲ့ စစ်ခေါင်းဆောင်ကို တွေ့ရစဥ်။ ဓာတ်ပုံ - AP)
🖕34🤮9💩4👍1👎1🔥1🤣1😭1