People's Spring
62.7K subscribers
66.6K photos
1.17K videos
7 files
2.9K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
သံတွဲမှာ စစ်တပ်က တိုက်လေယာဉ်အုပ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ဦးပါဝင်တဲ့ စစ်ရှောင်မိသားစုဝင် ၄ဦးသေဆုံး

စစ်ကောင်စီ တပ်ချုပ်သစ်လက်ထက်မှာ မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ်ဟု AA ထုတ်ပြန်

ဧပြီ ၁၊ ၂၀၂၆။ People’s Spring

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို တိုက်လေယာဉ် ၄စီးနဲ့ လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သလို ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘော တစ်စီးကလည်း လက်နက်ကြီးအချို့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီဟာ အရင်က သူတို့ရဲ့ တပ်စခန်းနေရာဖြစ်တဲ့ ခလရ(၅၅)တပ်ရင်းအနီး ဝန်းကျင်ကို ဗုံးကြဲခဲ့ရာ အနီးအနားမှာ စစ်ရှောင်နေတဲ့ မိသားစုလိုက် သေဆုံးခဲ့ရသလို ကလေး ၂ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်တွင် မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရသော ပထမဆုံးဖြစ်ရပ်ဖြစ်သည်” လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်နေလို့ သေဆုံးခဲ့ကြရသူတွေ ရဲ့ မိသားစု၊ ဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း AAက ဖော်ပြပြီး ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း အာရက္ခပြည်ကို ဂျက်တိုက်လေယာဉ် သုံးစီး (သုံးစီးအထက်) နဲ့ ကင်းထောက်လေယာဉ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမို သူရဲဘောကြောင်စွာ၊ အောက်တန်းကျစွာ ပြင်းပြင်းထန်ထန် ပြုလုပ်လာလို့ ပြည်သူတွေ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန် အထူးသတိပြုဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ မတ် ၂၉ရက်ကလည်း AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ပလက်၀မြို့နယ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပလက်၀မြို့နယ် ကြောင်ချောင်းရွာက ကလေး ၄ဦး အပါ၀အင် ပြည်သူ ၇ဦးသေဆုံးကာ ကလေးငယ် ၂ဦး အပါအဝင် ၄ဦး ဒဏ်ရာရခဲ့ပါတယ်။
🤬332👍2👎1🔥1😁1
🤬28😢8👎1🔥1
“ဒီနေ့ဘာဖြစ်ခဲ့လဲ”

ဒီနေ့(ဧပြီ ၁ ရက်) တစ်ရက်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ သတင်း​​တွေထဲက ထူးခြားတဲ့ သတင်းတွေကို People’s Spring က စုစည်းဖော်ပြလိုက်ပါတယ်။

◾️သံတွဲမှာ စစ်တပ်က တိုက်လေယာဉ်အုပ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၂ဦးပါဝင်တဲ့ စစ်ရှောင်မိသားစုဝင် ၄ဦး သေဆုံး

ရက္ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ကို စစ်ကောင်စီက တိုက်လေယာဉ် ၄စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး အပါအဝင် အပြစ်မဲ့အရပ်သား (၄)ဦးရှိတဲ့ မိသားစုတစ်စုလုံး သေဆုံးပြီး ကလေးငယ်နစ်ဦးနဲ့ ကိုယ်ဝန်ဆောင် ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၁ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီဟာ သံတွဲမြို့နယ်ကို တိုက်လေယာဉ် ၄စီးနဲ့ လေကြောင်းက ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့သလို ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘော တစ်စီးကလည်း လက်နက်ကြီးအချို့ တချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီဟာ အရင်က သူတို့ရဲ့ တပ်စခန်းနေရာဖြစ်တဲ့ ခလရ(၅၅)တပ်ရင်းအနီး ဝန်းကျင်ကို ဗုံးကြဲခဲ့ရာ အနီးအနားမှာ စစ်ရှောင်နေတဲ့ မိသားစုလိုက် သေဆုံးခဲ့ရသလို ကလေး ၂ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်မှာ မိသားစုလိုက် စစ်ရာဇဝတ်မှု ကျူးလွန်သတ်ဖြတ်ခံရတဲ့ ပထမဆုံးဖြစ်ရပ်ဖြစ်တယ် လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

◾️မင်းတပ်မြို့ကို စစ်တပ် ဗုံးကြဲလို့ကလေးငယ် အပါအဝင် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့တနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် အရပ်သားပြည်သူအချို့ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ မတ် ၃၁ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံး ၂လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မင်းတပ်မြို့နယ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။ အရင်ကလည်း စစ်တပ်ဟာ မင်းတပ်မြို့နယ်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

◾️မင်းအောင်လှိုင်သမ္မတရာထူးယူမယ့်ကိစ္စ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော် အမတ်များ ကန့်ကွက်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာအစိုးရသစ်ရဲ့ သမ္မတအဖြစ် ခန့်အပ်ဖို့ စစ်တပ်ရဲ့ ကြံစည်နေမှုကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လွှတ်တော် အမတ်တွေက ကန့်ကွက် ရှုတ်ချခဲ့ကြပါတယ်။ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က စစ်တပ်ရဲ့လွှတ်တော်အသစ်မှာ မင်းအောင်လှိုင်ကို ဒုတိယ သမ္မတ တစ်ဦးအဖြစ် မဲပေးရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နောက်တစ်ဆင့် အနေနဲ့ မင်းအောင်လှိုင်ကို သမ္မတအဖြစ် တင်မြှောက်နိုင်ဖို့ လမ်းပွင့်သွားစေတဲ့ အခင်းအကျင်းလို့လည်း ဆိုနိုင်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဘဝတုန်းက ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဖိနှိပ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ချိုးနှိမ်ခဲ့တဲ့ မင်းအောင်လှိုင်သာ သမ္မတ ဖြစ်လာရင် မြန်မာပြည်သူတွေဟာ တူညီတဲ့ အခြေအနေတွေကိုပဲ ဆက်လက် ကြုံတွေ့ ခံစားနေရလိမ့်မယ်လို့ APHRက သတိပေးခဲ့ပါတယ်။

◾️ဖက်ဒရယ်ဦးဆောင်ကောင်စီကို ကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခု ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ ပါဝင်တဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ ဖွဲ့စည်းကြောင်းကို မတ်လ ၃၀ရက်မှာ ကြေညာခဲ့ရာ အဲဒီလို ဖွဲ့စည်းမှုကို ကြိုဆိုကြောင်း သဘောထား ဖော်ပြခဲ့ကြတာပါ။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အနေနဲ့ ချမှတ်ထားသော စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားရေး၊ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုကို အပြီးတိုင်အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေအား အပြီးတိုင်ဖျက်သိမ်းရေး နဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ရေးစတဲ့ နိုင်ငံရေးဦးတည်ချက် (၆) ရပ်ဟာ CDM ဝန်ထမ်းတွေရဲ့ ခိုင်မာသော ရပ်တည်ချက်၊ မျှော်မှန်းချက်တွေနဲ့ ထပ်တူကျလျက်ရှိဟု ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အထူးသဖြင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ အကြား “မျှဝေသုံးစွဲသော အချုပ်အခြာ အာဏာနဲ့ စုပေါင်းခေါင်းဆောင်မှု မူဝါဒများအပေါ် အခြေခံခြင်းဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဆီသို့ လျှောက်လှမ်းရာမှာ ခိုင်မာကောင်းမွန်သော အုတ်မြစ်တစ်ခု ဖြစ်လာမယ်လို့ ရှုမြင်ကြောင်း ဖော်ပြထားပါတယ်။
🔥93👍3🥰1
◾️ဖက်ဒရယ်ဦးဆောင်ကောင်စီကို နိုင်ငံတကာက ထောက်ခံဖို့ SAC-M တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလိုက်တဲ့ စစ်ရေးမဟာမိတ်အစုအဖွဲ့သစ် ဖက်ဒရယ်ဦးဆောင်ကောင်စီ(SCEF)ကို နိုင်ငံတကာ အသိုက်အဝန်းက ထောက်ခံပေးကြဖို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)က တိုက်တွန်းလိုက်ပါတယ်။ NUG နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)တို့က အင်အားကြီးလူမျိုးစု လက်နက်ကိုင်တပ်တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA)တို့နဲ့အတူ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ (SCEF)လို့ နာမည်ပေးထားတဲ့ တပ်ပေါင်းစု ဖွဲ့စည်းကြောင်း ကြေညာအပြီး SAC-Mက အဲဒီ မဟာမိတ်အစုအဖွဲ့သစ်ကို နိုင်ငံတကာက ထောက်ခံရပ်တည်ပေးဖို့ ဆော်ဩလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဒီအရွေ့ဟာ မြန်မာစစ်တပ်ကို အစဉ်အဆက် ဆန့်ကျင်တော်လှန်ခဲ့တဲ့ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အာဏာသိမ်းမှုအပြီး စတင်ပေါ်ပေါက်လာတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေကြားမှာ အထင်ရှားဆုံး တရားဝင် ပေါင်းစည်းမှုလို့လည်း ရှုမြင်ခံခဲ့ရပါတယ်။ SCEF ထွက်ပေါ်လာချိန်ဟာ အချိန်ကိုက်မှုအရ အထူးကောင်းမွန်သလို သိသာထင်ရှားတဲ့တိုးတက်မှု တစ်ခုလည်း ဖြစ်တယ်လို့ SAC-Mရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ယန်ဟီးလီက ပြောပါတယ်။

◾️အမေရိကန်ဝါရင့်သံတမန်တစ်ဦး မြန်မာ့လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ ဖြစ်လာ

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ(Special Rapporteur)အဖြစ် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌ အဆိုပြုခဲ့တဲ့ အမေရိကန်နိုင်ငံသူ မစ္စစ်ကယ်လီအန်းကို မတ်လ ၃၁ရက် မနေ့က အတည်ပြုခန့်အပ်လိုက်ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အထူးအစီရင်ခံစာတင်သွင်းသူ ၇ ဦးမြောက်ဖြစ်လာတဲ့ မစ္စစ်ကယ်လီအန်းဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေနယ်ပယ်မှာ ကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ကုလလူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌက မစ္စစ်ကယ်လီအန်းကို အဆိုပြုခဲ့ရာမှာ သူမရဲ့ ကျွမ်းကျင်မှု၊ လုပ်ပိုင်ခွင့်နယ်ပယ်မှာ အတွေ့အကြုံရှိမှု၊ လွတ်လပ်မှု၊ သမာသမတ်ကျမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနဲ့ မျှတစွာ ရှုမြင်နိုင်စွမ်းရှိမှုတွေကြောင့်လို့ ဆိုထားပါတယ်။ အသက် ၅၇ နှစ်အရွယ် အထူးအစီရင်ခံစာတင်သွင်းသူအသစ် မစ္စစ်ကယ်လီအန်းက မစ္စတာတွမ်းအန်ဒရူးစ်နေရာကို ဆက်ခံမှာဖြစ်ပြီး သူမဟာ မြန်မာ့လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အားပေးထောက်ခံမှုကို ရရှိထားပါတယ်။ မစ္စစ်ကယ်လီအန်းဟာ အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်ပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအရေးကိစ္စတွေမှာ အထူးကျွမ်းကျင်သူဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန်လွှတ်တော်၊ နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေ အများအပြားမှာ အကြီးတန်းမူဝါဒပိုင်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

◾️မြစ်ဆုံစီမံကိန်းအပြီးဖျက်သိမ်းဖို့ ကချင်လူ့အခွင့်အရေးကွန်ရက် တောင်းဆို

မြစ်ဆုံရေကာတာ စီမံကိန်းအပြီးတိုင်ဖျက်သိမ်းဖို့ အပါအဝင် အချက် ၃ချက်ကို ကချင်ပြည်နယ်လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကွန်ရက်က ဒီနေ့ ဧပြီ ၁ရက်မှာ တောင်းဆိုလိုက်ပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ဖို့ လုပ်ဆောင်လာခြင်းအပေါ် ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)အပါအဝင် အဖွဲ့ ၆ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကွန်ရက်က ဒီနေ့မှာ သဘောထား ထုတ်ပြန်လိုက်တာပါ။ ကွန်ရက်ရဲ့တောင်းဆိုချက်တွေကတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒတွေကို အပြည့်အဝ လေးစားလိုက်နာဖို့၊ စီမံကိန်းကို ကန့်ကွက်တဲ့ ပြည်သူတွေအပေါ် အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်နေမှုတွေကို ချက်ချင်း ရပ်တန့်ဖို့၊ ဒေသခံပြည်သူတွေနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် မြစ်ဆုံရေကာတာ စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းဖို့ တို့ ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းက လူထုအားလုံးကို အကျိုးပြုမယ့် စီမံကိန်းမဟုတ်တဲ့အတွက်ကြောင့် ပြည်သူလူထုအားလုံး ဆက်လက်ပြီး အတူတကွ ကန့်ကွက်ကြဖို့ ပြောလိုကြောင်း ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

◾️စစ်တပ်ဂိတ်စခန်းကို KNUပူးပေါင်းတပ် စီးနင်းတိုက်ခိုက်
👍10🔥52🥰1
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေက စစ်တပ်ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်က သာယာကုန်းနဲ့ ခြံကြီးရွာကြား မီးရထားလမ်း (၁၄၆) တံတားမှာ အခြေချတဲ့ စစ်တပ်ဂိတ်စခန်းကို မတ်လ ၃၁ရက် မနေ့ညက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မနေ့ည ၁၀နာရီခွဲမှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး လက်နက်ငယ် ၆လက်နဲ့ ကျည်တွေသိမ်းရခဲ့ကြောင်း အသိပေးပါတယ်။ သေဆုံးသူတွေထဲမှာ အရာရှိ တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးမှာ တော်လှန်ရေးပူးပေါင်းတပ်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဖော်ပြပါတယ်။

◾️သရက်ချောင်းမြို့က စစ်ကောင်စီ တပ်ရင်းဌာနချုပ် ၂ခုနဲ့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့က စစ် ကောင်စီရဲ့ တပ်ဌာနချုပ် ၂ခုဖြစ်တဲ့ ခမရ (၄၀၃) တပ်ရင်း၊(၄၀၅)တပ်ရင်း၊ရဲစခန်းနဲ့ မြို့‌တော်ခန်းမတို့အား ၆ရက်ဆက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း PDF ထားဝယ်ခရိုင် တပ်ရင်း(၂) T5 Wings ဒရုန်းတပ်ဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန် အသိပေးပါတယ်။ မတ်လ ၂၄ရက်ကနေ မတ်လ ၃၁ရက်အထိ စစ်ကောင်စီတပ်စွဲရာနေရာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု အခြေအနေတွေကို အသိပေးထားတာဖြစ်ပါတယ်။ ဒရုန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်အခြေအနေကို ဖော်ပြမထားလို့ အခြေအနေတွေ မေးမြန်းနိုင်ဖို့ T5 Wings ဒရုန်းတပ်ဖွဲ့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။ ဒရုန်းတိုက်ခိုက်မှုတွေကို ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့၊ ဒေါင်းညီ‌ နောင်စစ်ကြောင်း PBDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

◾️စစ်တပ်ကပြန်ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်မှာ စစ်မှုထမ်းစတင် ခေါ်ယူ

စစ်တပ်က ပြန်လည်ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်မှုထမ်းဖို့ လူဦးရေ ၁,၅၀၀ တောင်းထားပြီး ကျေးရွာတွေအလိုက် စတင်လူတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မတ္တရာတမြို့နယ်လုံးအနေနဲ့ ဧပြီလအတွက် စစ်မှုထမ်းရန် လူဦးရေ ၁.၅၀၀ စစ်တပ်က တောင်းထားပြီး ကျေးရွာတွေအတွင်းလည်း စစ်မှုထမ်းဖို့ လော်စပီကာတွေနဲ့လိုက်လံ အော်ဟစ် သတိပေးနေတယ်လို့ သိရပါတယ်။ ‌မတ္တရာမြို့နယ်မှာ ကျေးရွာငယ်တစ်ရွာကို ၅ဦးနဲ့ ကျေးရွာအကြီးဖြစ်ပါက ၁၀ဦးကနေ ၁၅ဦးအထိ စစ်မှုထမ်းဖို့လူ တောင်းထားတယ်လို့ သိရပါတယ်။

◾️ချောက်မြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်ကို PDF တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းမှာ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်က ကျေးရွားသုံးရွာ မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ တလုံးသွေးရွာ၊ ပြရွာနဲ့ ကန်တောက်ကျောင်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ် ၁၅၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။ မတ်လ ၂၁ရက်ကစတင်ပြီး ကျေးရွာ ၁၀ရွာလောက်ကို စစ်တပ်က စစ်ကြောင်းထိုးခဲ့ရာ တပတ်ကြာမြင့်ခဲ့ပြီး တလုံးသွေးရွာ၊ ပြရွာနဲ့ ကန်တောက်ကျောင်းရွာတွေက ပြည်သူလူထုနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။ သလုံးသွေးရွာက နေအိမ် ၂၄ အိမ်၊ ပြရွာက နေအိမ် ၁၀၀ကျော် နဲ့ စာသင်ကျောင်းဆောင်ကြီးတစ်ဆောင်၊ ကန်တောက်ကျောင်းရွာက နေအိမ်၂၀ကို မီးရှို့ဖျက်စီးခဲ့ကြောင်း PDF မကွေးခရိုင် တပ်ရင်း(၃)က အသိပေးပါတယ်။

◾️စလင်းမှာ စစ်သားနဲ့ ရဲတွေကို ဒေါင်းညီနောင်ပြောက်ကျားတပ် တိုက်ခိုက်

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်အုပ်စုကို တိုက်ခိုက်ရာ သုံးဦးသေပြီး ခဲယမ်းအချို့ရတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒီနေ့ မနက် ၈ နာရီခန့်က စစ်တပ်နဲ့ရဲ အင်အား ၃၀ခန့်နဲ့ တပ်စွဲထားတဲ့ လင်းဇင်းတိုက်နယ်ရဲစခန်းက ထွက်လာတဲ့ ရဲနဲ့စစ်သားတွေကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုက စလင်း-ကံပြား လမ်းပိုင်းပေါ်ကနေ ဖြတ်သန်းတဲ့ ပြည်သူတွေရဲ့ သစ်ကား၊ဝါးကား၊ကုန်ကားတွေကို အတင်းအဓ္ဓမ ငွေကြေးကောက်ခံတာတွေ နေ့စဉ်လုပ်နေလို့ ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲတစ်ဦး မျက်မြင်သေဆုံးပြီး ဒဏ်ရာရသွားတဲ့ စစ်သားနှစ်ဦးဟာလည်း စလင်းဆေးရုံမှာ သေဆုံးတယ်လို့ ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

◾️မိုးကုတ်မှာ ကျောက်တောင်ပြိုကျလို့ ရေပိုက်လိုင်းတွေ ပျက်စီး၊ မြို့ပေါ်ရပ်ကွက်အချို့ ရေအခက်အခဲရှိနိုင်
14👍5🔥3
မန္တလေးတိုင်း၊ ​မိုးကုတ်မြို့၊ ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းရေပေးဝေနေတဲ့ အဓိကပိုက်လိုင်းတွေ ပျက်စီးသွားတာကြောင့် မြို့ပေါ်ရပ်ကွက်တွေ ၄ရက်လောက် ရေအခက်အခဲရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ မိုးကုတ်မြို့မှာ ဧပြီ ၁ ရက် မနက်ပိုင်းက ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းသို့ ရေသွယ်တန်းပေးထားတဲ့ ၆လက်မနဲ့ ၄ လက်မ ရေပိုက်လိုင်းများအပြင် အခြားဆက်စပ်ပစ္စည်းများပါ ပျက်စီးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။ ​လက်ရှိမှာ မြို့နယ်စည်ပင်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ရေကော်မတီတွေ ပူးပေါင်းကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။မိုးကုတ်မြို့မှာ ရေအရင်းအမြစ်ထွက်တဲ့နေရာတွေကိုပါ ကျောက်တူးကြသူတွေရှိနေတာကြောင့် ရေရရှိရေး အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

◾️နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်တပ်ရဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေမသုံးစွဲကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာလည်း စစ်ဘေးရှောင်တွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ သောက်ရေ သုံးရေရရှိဖို့ ရေတွင်းတူးဖော်ဖို့အတွက် အလှူရှင်ကိုယ်စား ရွှေဘိုမြို့နယ်သပိတ်အင်အားစုက သွားရောက် ကူညီလှူဒါန်းခဲ့ပါတယ်။
ဝက်လက်မြို့နယ် ရှားကွဲကျေးရွာနဲ့ ငါးကြင်းအိုင် ကျေးရွာမှ ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရတာ အချိန်ကြာမြင့်လာတာကြောင့် ဝက်လက်လူထုသပိတ်ဦးဆောင်ကော်မတီက ဆန်တွေ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။
ဝက်လက်ဒေသက စစ်ရှောင်ပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရသော အချိန်ကြာမြင့်လာသောကြောင့် နေထိုင်စရာအခက်အခဲ၊ စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဝက်လက်လူထုသပိတ်က ဆိုပါတယ်။
14👍6🔥3🙏1
👍13🔥9