People's Spring
62.7K subscribers
66.5K photos
1.17K videos
7 files
2.89K links
People's Spring ကို အတွေ့အကြုံရင့် သတင်းသမားတွေက စုစည်းတင်ဆက်နေတာဖြစ်ပါတယ်။

Facebook >> https://www.facebook.com/LuduNwayOo
Youtube >> https://www.youtube.com/@peoplespring
Website >> https://www.ludunwayoo.com/
Download Telegram
ရဲဘော်တွေက အမေတစ်ယောက်လို ချစ်ရတဲ့အတွက် ချစ်စနိုးနဲ့ မာမီ (ဝါ)မာမီ​ရွှေမန်းလို့လည်းခေါ်ကြပါတယ်။

“၂၀၂၂ ကစပြီး ချက်ပြုတ်ရေးတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့အပေါ်ကို သားတစ်ယောက်လို ဂရုစိုက်တယ်ဗျာ။ အဲ့တော့ ရဲဘော်တွေကနေပြီးတော့ နာမည်တစ်ခုပေးခဲ့တာပေါ့ဗျာ ကိုယ့်အမေလိုမျိုးဆိုတော့ အဲ့ချိန်ကစပြီး မာမီဆိုပြီးတပ်ခေါ်ခဲ့တာ “ လို့ ရဲဘော်တစ်ဦးက ​ဒေါ်စန္ဒာကို ရဲ​ဘော်​တွေက မာမီလို့အမည်​ပေးဖြစ်ပုံကိုပြောပါတယ်။

စကားပြောပွင့်လင်းပြီး ဒုတ်ထိုးအိုးပေါက်ပြောတတ်သလို အသံကျယ်ကျယ်ပြောတတ်တာကလည်း ရဲဘော်တွေချစ်ရတဲ့ မာမီရဲ့ ပုံစံတစ်ခုပါ။

မာမီ ( ခ ) ဒေါ်စန္ဒာ ဟာ ကော်ဘရာစစ်ကြောင်း တပ်ခွဲ( ၄ )မှာ တာဝန်ထမ်းနေတဲ့ ရဲဘော်တစ်ဦးလည်းဖြစ်ပါတယ်။ဒါအပြင်တပ်ခွဲ (၄)သာမက ရဲဘော်တွေအားလုံးအတွက် စားနပ်ရိက္ခာ အဆင်
ပြေစေဖို့ ချက်ပြုတ်ရေးတာဝန် စားဖို တာဝန်ကိုပါ သူထမ်းဆောင်ပါတယ်။ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ ကော်ဘရာ စစ်ကြောင်းက ရဲဘော်တွေအပြင်တခြားပူးပေါင်းစစ်ကြောင်းက ရဲဘော်တွေအ
တွက်ပါ မာမီတို့ အဖွဲ့ကမငြီးမညူထမင်း၊ဟင်းချက်ပြုတ်ပေးပါတယ်။


https://www.ludunwayoo.com/feature-mm/2026/03/26/152370/
😢396👍5🤮1
ဟားခါးမှာ လူငယ် ၃ဦးကို သတ်ဖြတ်ပြီး အလောင်းအနီးသေနတ်ထား ဓာတ်ပုံရိုက်ဖြန့်ဝေတဲ့ စစ်တပ်လုပ်ရပ် CDFရှုတ်ချ

မတ်-၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဟားခါးမြို့က လူငယ် ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းဘေး လက်နက်တွေချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်တဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ထုတ်ပြန်ပါတယ်။

မတ်လ ၂၃ရက်က မိသားစုကိစ္စနဲ့ မြို့အပြင် ထွက်လာတဲ့ ဟားခါးမြို့က လူငယ် ၃ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းမှု မပြုဘဲ ရိုက်နှက်သတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။

ဟားခါး GTI ကျောင်းအောက်ရှိ စစ်ကောင်စီရဲ့ လွှတ်တော်ဥက္ကဌသစ် ဦးကောလ်လျန်ထန်းရဲ့ နေအိမ်ဘေးမှာ စစ်ကောင်စီတပ်က လူငယ် ၃ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး သတ်ဖြတ်ထားတဲ့ အလောင်းအနီး ရိုင်ဖယ်သေနတ်ကို တမင်အကွက်ဆင်ချထားပြီး ဓာတ်ပုံရိုက်ကာ ဆိုရှယ်မီဒီယာ‌‌ပေါ် တင်ထားခြင်းဖြစ်ကြောင်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။

သေဆုံးသွားသော လူငယ်တွေရဲ့ မိသားစုများနဲ့အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြထားပါတယ်။

" အပြစ်မဲ့ပြည်သူကို အတုအယောင်လက်နက်ကိုင်အဖြစ်ဖန်တီးရန် ကြိုးပမ်းခြင်းဖြစ်သည့်အတွက် အလွန်အမင်း ယုတ်မာသော လိမ်လည်လှည့်ဖြားမှုဖြစ်ပြီး အမှန်တရားကို ဖုံးကွယ်လိုသည့် အကြမ်းဖက် အာဏာရှင်များ၏ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားစွာဖော်ပြနေပါသည်"လို့ ထုတ်ပြန်ထားပါတယ်။

လူထုအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေကို ရှုတ်ချကန့်ကွက်ကြောင်း၊ ကျူးလွန်သူတွေ တာဝန်ယူရမှာ ဖြစ်ကြောင်း CDF ဟားခါးက သတိပေးပါတယ်။

ဒါ့အပြင် ‎ဟားခါးမြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူလူထု၊ အထူးသဖြင့် လူငယ်တွေ အားလုံးအနေနဲ့ ‎စစ်ကောင်စီရဲ့ မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများကို အလေးအနက် သတိပြုကြဖို့ သတိပေးပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ မိမိကိုယ်တိုင် ပါဝင်သင့်ပြီဖြစ်ကြောင်း CDF ဟားခါးက တိုက်တွန်းခဲ့ပါတယ်။

CDF ဟားခါးဟာ အခုလို သတိပေးကန့်ကွက်မှုတွေ ထုတ်ပြန်ပြီးတိုင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်လေ့ရှိပါတယ်။ စစ်တပ် ရွေးကောက်ပွဲ ကျင်းပစဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီး စစ်တပ်က ချင်းပြည်နယ် လွှတ်တော်ခေါ်ယူစဉ်ကာလတွေမှာလည်း CDFဟားခါးဟာ ဟားခါးမြို့က စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ခဲ့ပါတယ်။
👍26🤬19😢2🥴21🤣1
(ဟားခါးမြို့ကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
👍23🥴1
👍276
ဟုမ္မလင်းမှာ မိုးသက်လေပြင်းကြောင့် သစ်ပင်ပိပြီး ခရီးသွားအမျိုးသားတစ်ဦး သေဆုံး
မတ်-၂၉၊၂၀၂၆။ဇော်ရမ်း/People's Spring
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ မတ်လ ၂၈ ရက် ညနေပိုင်းက မိုးကြီးပြီးလေပြင်းကျချိန် သစ်ပင်လဲကျပိမိလို့ ခရီးသွား အမျိုးသားတစ်ဦးသေဆုံးခဲ့‌ပါတယ်။
ညနေ ၄နာရီခန့်က စတင်ပြီး မိုးရွာပြီး လေပြင်းတိုက်ခတ်နေချိန် ပင်ခုတ်ကျေးရွာလမ်းပေါ် သစ်ပင်လဲကျပြီး သစ်ပင်ပိလို့ ဆိုင်ကယ်စီးအမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
" ခေါင်းကို ထိသွားတာ။ ဆေးခန်းပို့တာလည်း မရလိုက်ဘူး။သူက နယ်ဝေးကလာတာဗျ။ ဘယ်ကမှန်းတောင်မသိရသေးဘူး"
လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က ညနေပိုင်းမှာ ဟုမ္မလင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်အချို့မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ်ခဲ့ပါတယ်။
ဖားကန့်ဒေသမှာလည်း မတ်လ ၂၈ရက်ညနေပိုင်း မိုးကြီးပြီးလေပြင်းကျလို့ နေအိမ်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီကစပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ရန်ကုန်နဲ့ တနင်္သာ ရီတိုင်း၊ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ နေပြည်တော်မှာ မိုးသက်လေပြင်းကျပြီး မိုးသီးတွေလည်းကြွေလို့ နေအိမ်ပျက်စီးတာတွေ၊ သီးနဲ့စိုက်ခင်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
နိုင်ငံအနှံ့မှာ နွေရာသီကာလ လေထုမတည်ငြိမ်နဲ့ဖြစ်စဥ်ကြောင့် နေရာကွက် မိုးကြီးတာတွေ၊ လေပြင်းတိုက်ခတ်တာတွေ၊ မိုးသီးကြွေတာတွေဖြစ်ပွားနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သတိပေးချက်တွေရှိနေပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် အရပ်သားအစိုးရလက်ထက် နှစ်စဉ်နွေရာသီရောက်တိုင်း လေပြင်းဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွေကို စီမံချက်နဲ့လုပ်ဆောင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာတော့ အဲ့ဒီလိုစီမံချက်တွေမတွေ့ရတော့ဘဲ နွေရာသီကာလလေပြင်းဘေးအန္တရာယ်ကို ပိုမိုကြုံတွေ့နေရတာဖြစ်ပါတယ်။
😢31😱53🔥1😁1
👍20🔥3
အင်းစိန်ဆေးရုံမှာ ဆေးကုသနေတဲ့ နိုင်ကျဥ်းအပါအဝင် အကျဉ်းသားနှစ်ဦးကို မြို့နယ်ရဲမှူးက ရိုက်နှက်

​မတ်-၂၉၊၂၀၂၆။ဟာနာဆန်/People's Spring

​ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ နာတာရှည် ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနဲ့ အခြားအကျဉ်းသားတစ်ဦးကို မြို့နယ်ရဲမှူးသိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

အင်းစိန်ဆေးရုံက အကျဥ်းသား ဆေးကုသဆောင် Guard Wardမှာ ပုဒ်မ ၅၀(စျ)နဲ့ ထောင်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံနေရပြီး ခါးနာနဲ့ အာရုံ
ကြောညပ်ဝေဒနာကြောင့် မတ်လ ၁၂ ရက်ကစပြီး ဆေးကုသမှုခံယူနေရတဲ့ နိုင်ကျဥ်းတဦးဆီကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ရောက်ရှိလာခဲ့ကြောင်း နိုင်ကျဥ်း​တွေနဲ့ နီးစပ်သူအချို့က​ပြောပါတယ်။

​သိန်းဝင်းက နိုင်ကျဥ်အား ဘယ်ကလဲလို့ မေးမြန်းရာ ရန်ကုန်ကလို့ ဖြေလို့ဆိုပြီး ဆဲဆိုကြိမ်းမောင်းကာ မျက်နှာကို ရိုက်နှက်တာ၊ နာတာရှည် ဝေဒနာခံစားနေရတဲ့ ခါးကို ကန်ကျောက်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ရဲမှူးဟာ နာတာရှည် ခါးနာဝေဒနာ ခံစားနေရတဲ့ အခြားအကျဥ်းသားတစ်ဦးကိုလည်း ထပ်
မံရိုက်နှက် ကန်ကျောက်ခဲတာ​ကြောင့် အဆိုပါနိုင်ကျဥ်းဟာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တဲ့ အခြေအနေအထိဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ကျူးလွန်သူ ရဲမှူးသိန်းဝင်းက "မင်းတို့ ဘာကောင်ဖြစ်ဖြစ် ဂုတ်ချိုးသတ်လို့ရတယ်"ဟု ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အပြင် လူနာရဲ့ အဝတ်အစား၊ အစားအသောက်နဲ့ ဆေးဝါးတွေကိုပါ သိမ်းဆည်းဖို့အမိန့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒါ့အပြင် လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ စားစရာတွေ လာရောက်ပို့ဆောင်ပေးတဲ့ မိသားစုဝင်တွေကိုလည်း လာရောက်ခြင်းမပြုဖို့ ပိတ်ပင်ခဲ့တာကြောင့် လူနာတွေအတွက် ကြီးမားတဲ့ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရပါတယ်။

၎င်းနိုင်ငံရေးအကျဥ်းသားဟာ ဆေးရုံမှာ ဆေးကုသမှုခံယူစဉ် စည်းကမ်းဖောက်ဖျက်မှု မရှိဘဲ ကောင်းမွန်စွာ နေထိုင်ခဲ့တာကို Guard Ward ရှိ ဝန်ထမ်းများ သိရှိကြောင်း နိုင်ကျဥ်းအချို့က​ပြောပါတယ် ။

ဒါ့ကြောင့် အင်းစိန်မြို့နယ် ရဲမှူးသိန်းဝင်းရဲ့ လူ့အခွင့်အရေး ပြင်းထန်စွာ ချိုးဖောက်မှု၊ အာဏာအလွဲသုံးစားလုပ်မှုနဲ့ ဥပဒေမဲ့ ပြုမူမှုတွေအပေါ် ထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးသို့ စာပေးပို့တိုင်ကြားထားကြောင်း သိရှိရပါတယ်။
🤬39👎8🤣41
အင်းစိန်ဆေးရုံ ကုသဆောင်ကိုတွေ့ရပုံ ( ပုံဟောင်း။ ။ဓာတ်ပုံ - Google Map
👎21😢5🤣3
သုံးလအတွင်း စစ်တပ်လက်ချက်ကြောင် ကျောက်ကြီး ဒေသခံ ၄၀ နီးပါးသေဆုံး

■စစ်ရှောင်ပြည်သူ ​ခြောက်ထောင်ကျော်အတွက် အ​ရေး​ပေါ်အကူ​အညီ​တွေလိုအပ်​နေ

မတ်-၂၉၊၂၀၂၆။ဒလပန်း/People's Spring

၂၀၂၆ ခုနှစ်ကစပြီး သုံးလအတွင်း ကရင်အမျိုး
သားအစည်းအရုံး KNU တပ်မဟာ ၃နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၃၅ ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်ကြီးမြို့နယ်၊ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြား
ရေးလုပ်ငန်းကော်မတီက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ကပြည်သူလူထုအပေါ် ​လေ​ကြောင်းကဗုံးကြဲသလို ၊မြေပြင်က​နေလည်း လက်နက်ကြီးနဲ့ပစ်ခတ်အကြမ်းဖက်မှု​တွေပိုလုပ်လာတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

"စစ်ကောင်စီဘက်ကအခုဆိုရင်တော့စစ်
ကြောင်းထိုးလာတယ်။ ဦးတည်တဲ့ ကျေးရွာတွေအပေါ်မှာတော့ ပစ်ခတ်တယ်။ ဒရုန်းနဲ့ပစ်တယ် ဟောင်ဝင်ဇာနဲ့ပစ်တယ်။ လေယာဥ်နဲ့ပစ်တယ်။ အဲ့လိုမျိုးမထင်ရင်မထင်သလို ရွာထဲပစ်ချရင်ပစ်ချတာပဲ။ပြည်သူလူထုအနေနဲ့ကတော့ လုံခြုံမှုတော့မရှိဘူး "လို့ကျောက်ကြီးမြို့နယ်၊ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်စပိုင်းကစပြီး စစ်တပ်က ကျောက်ကြီးမြို့နယ်အတွင်းကို မုန်း၊ နတ်သံကွင်းနဲ့ ညောင်လေးပင်မြို့နယ် ရေ
တွင်းကုန်းဘက်က ဦးတည်စစ်ကြောင်းထိုးတာတွေလုပ်ခဲ့ပါတယ်။

မတ််လ၁၉ရက်မှာနတ်သံကွင်းကစစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ဒရုန်းနဲ့ ဖိုးတကျေးရွာတွင်းကိုသုံးကြိမ် ကြဲခဲ့တဲ့အတွက် ဦးအောင်ကို၊ဦးနေဦး၊ဦးနိုင်လေး၊ ဦးတင်ဝင်း၊ဦးအောင်ကျော်မျိုး၊ဦးနိုင်မျိုးဝင်းတို့ရဲ့ နေအိမ်(၆)လုံး ထိမှန် ပျက်စီး ခဲ့ရပါတယ်။

ဒါအပြင် ရွှေတဲစုကျေးရွာအတွင်းကို ဒရုန်းနဲ့ (၆)ကြိမ် ထပ်မံလာရောက်ကျဲချခဲ့ရာဒေါ်အေးမာကြည်၊ဦးမောင်လှ၊ဦးကျော်အောင်၊ ဦးအီဘမှိုင်၊ ဒေါ်မာယာဘီ၊ဦးကော်ဘီ၊ဦးကျော်ငွေ နဲ့ ဦးထိန်ဝင်း တို့ရဲ့ နေအိမ် ရှစ်လုံး ထိမှန်ပျက်စီးခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီလို အရပ်သားပြည်သူတွေအပေါ် စစ်တပ်ရဲ့ တိုက်မှုတွေကြောင့် ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၁၃ ရွာက အိမ်ခြေ ၁၂၂၇ လုံး လူဦးရေ ၅၈၇၀ ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့သူတွေအတွက် ဆေးဝါးနဲ့ စာနပ်ရိက္ခာ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ စစ်​ဘေး​ရှောင်​တွေကိုကူညီသူတွေက ​ပြောပါတယ်။

"အခုဆိုရင် ကလေးသူငယ် သက်ကြီးရွယ်အိုတွေဆို ဒီရာသီဥတုက တအားပူပြင်းတယ်။ ပြီးတော့ နေရာထိုင်ခင်းကလည်းပြောရမယ်ဆိုရင်ကိုယ့်အိမ်ကိုယ့်ရာလိုမနေရတော့အခုဆိုရင်အစသဖြင့်လို
အပ်ချက်တွေကတော့ စားနပ်ရိက္ခာ ဆေးဝါး ပြောမယ်ဆိုရင် စားဝတ်နေရေးပေါ့ အဲ့တာတွေကတော့ အရေးကြီးလိုအပ်ချက်တွေပေါ့"လို ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီရဲ့ တာဝန်ရှိသူကပြောပါတယ်။
🤬36😢125🤣3
ကျောက်ကြီးမြို့နယ်အတွင်းက စစ်ရှောင်ပြည်သူများ။ ဓာတ်ပုံ - KNU
😢434👎3🤣3🤬1
ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင် ညီညွတ်ရင် ချင်းပြည်မှာ စစ်တပ် ကင်းစင်နေလောက်ပြီလို့ CDFဟားခါး တာဝန်ရှိသူပြော

မတ်-၂၉၊၂၀၂၆။ ထားမြတ်/People’s Spring

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်တို့သာ ညီညွတ်ခဲ့ရင် ချင်းပြည်မှာ စစ်ကောင်စီကင်းစင်နေလောက်ပြီလို့ယူဆကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး အတွင်းရေးမှူး ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။

လတ်တလော ချင်းပြည်အတွင်း စစ်ရေးအခြေအနေတွေကို မေးမြန်းရာမှာ ချင်းညီညွတ်ရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အခြေအနေကို အခုလိုပြောပြတာပါ။

" ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင် ညီညွတ်ဖို့က တော်တော်အရေးကြီးပါတယ်။ အဲဒီလိုမျိုး ညီညီညွတ်ညွတ် သွားမယ်ဆိုရင် ကျနော်တို့ ချင်းပြည်မှာဆိုရင် စကစ ကင်းစင်တာ ကြာလှပြီထင်ပါတယ်ဗျ။ ဒီလိုမျိုး ညီညွတ်ဖို့ လက်နက်ကိုင်အတွက် အရေးကြီးသလို ပြည်သူတွေအတွက်လည်း တော်တော် အရေးကြီးပါတယ်ဗျ။ ဒါကြောင့် ညီညီညွတ်ညွတ်သွားနိုင်ဖို့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ကို ကျနော်တို့ ကြိုးစားနေပါတယ်"လို့ ဆလိုင်းဇကျုံးလျန်က ပြောပါတယ်။

CDF ဟားခါးအနေနဲ့လည်း ချင်းမြောက်ပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီကို ချင်းတော်လှန်ရေးတပ်တွေနဲ့အတူ တိုက်ခိုက်နေကြောင်းလည်း ပြောပါတယ်။ စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းနယ်မြေဒေသတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေရာ ဖလမ်းတိုက်ပွဲမှာ CDF ဟားခါးလည်းပါဝင်တိုက်ခိုက်နေကြောင်း ပြောပြတာဖြစ်ပါတယ်။

ဖလမ်းအခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီကလည်း ဖလမ်းမှာ စစ်ကောင်စီက လေကြောင်းက တိုက်တာ ကလေးမြို့ဘက်ကနေ စစ်အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေကြောင်း ပြောပြပါတယ်။

စစ်ကောင်စီတပ်ထိုးစစ်ကို ချင်းပြည်ကောင်စီနဲ့ ချင်းညီနောင်အဖွဲ့တွေ အတူတကွ ခုခံတိုက်ခိုက်နေတယ်လို့လည်း ပြောပါတယ်။

" လောလောဆယ် စစ်ကြောင်း လေးကြောင်း ပုံစံနဲ့ ဖလမ်းဘက်ကို ဝင်လာတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ လက်ရှိကတော့ ထိတွေ့မှုတွေ ပြင်းပြင်းထန်ထန်တော့ မရှိသေးဘူး ဒါပေမဲ့ နေ့တိုင်းတော့ အသေးစား ပစ်ခတ်မှုတွေရှိတယ်။ နောက်ပြီးတော့ ဒရုန်းနဲ့ သူတို့ဘက်ကနေ ကျွန်တော်တို့ဘက်ကို တိုက်တယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့ဘက်ကို ထိုးဖောက်လို့မရအောင် ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်။ စစ်ကြောင်းကတော့ လေးကြောင်းဖြစ်ပြီးတော့ ဖလမ်းအနီးတဝိုက် ၁၃ မိုင်၊ ၁၅ မိုင် နောက်ပြီးတော့ မိုင် ၂၀ အကွာအဝေးတွေမှာ ရှိပါတယ်။ စစ်ကြောင်းက ဖလမ်းနဲ့ နီးပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့ဘက်ကနေ ထိုးလို့မရတဲ့ အခြေအနေမျိုးမှာရှိတယ်။ ကျွန်တော်တို့ ချင်းကာကွယ်ရေး ချင်းလဲန်းကောင်စီဘက်ကပဲ ဖြစ်ဖြစ် ချင်းညီနောင်ဘက်ကပဲ ဖြစ်ဖြစ် အတက်နိုင်ဆုံး ကာကွယ်နေတဲ့ အခြေအနေမှာရှိပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ချင်းတမျိုးသားလုံးညီညွတ်ရေး နဲ့ပတ်သက်ပြီး မေးမြန်းရာ ဆလိုင်းတင်မီက ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ဘုံရန်သူကို တိုက်ခိုက်ဖို့ဖြစ်ပြီး ဖလမ်းမြို့နယ်ထဲမှာ ချင်းလဲန်းကောင်စီဘက်က ရဲဘော်တွေ၊ ချင်းညီနောင်က ရဲဘော်တွေ ရှေ့တန်းမှာစည်းစည်းလုံးလုံးနဲ့ ဘုံရန်သူကို တိုက်နေတယ်လို့ အသိပေးပါတယ်။

" ဒီဟာတွေက တဖြည်းဖြည်းချင်း ချင်းရဲ့စည်းလုံးညီညွတ်မှုတွေ ဖြစ်စေ မှာပါ။ နောက်ပြီးတော့ တဖက်ကလည်း ပထမဆုံးအရေးကြီးတာက ဘုံရန်သူကို ပထမအရင် ခုခံကာကွယ်မောင်းထုတ်နိုင်မှ ချင်းအမျိုးသားရေး စည်းလုံးညီညွတ်မှုတွေက နောက်ပိုင်းဆိုရင် တဖြည်းဖြည်းလာမှာ ဖြစ်ပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

ဘုံရန်သူကိုကာကွယ်ပြီး ချင်းပြည်မှာ သိမ်းစရာရှိတဲ့မြို့တွေကို သိမ်းနိုင်ဖို့ ဆက်လုပ်သွားရမယ်လို့လည်း ဆလိုင်းတင်မီက ပြောပါတယ်။

လက်ရှိမှာ ချင်းပြည်နယ် မြို့နယ် ၉ခုအနက် ၆မြို့နယ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ချင်းတောင်ပိုင်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ချင်းမြောက်ပိုင်းက တွန်းဇံ၊ ဖလမ်း မြို့နယ်တွေကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး ပလက်၀မြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့နယ်တွေမှာဆိုရင်လည်း စစ်ကောင်စီဟာ မြို့ပေါ် လောက်သာ ထိန်းချုပ်ထားနိုင်ပြီး မြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထိန်းချုပ်လှုပ်ရှားနေတာဖြစ်ပါတယ်။
48👍21🥰6💩1
36👏16👍5🥰2😁1💩1
( ချင်းတော်လှန်ရေးတပ်တွေ စုပေါင်းခုခံနေတဲ့ ဖလမ်းတိုက်ပွဲမှာ စစ်ကောင်စီထံက သိမ်းရခဲ့တဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - CMD)
34👏13👍4😁1🐳1🫡1
မန္တလေးမှာ စည်ပင်အခွန်အခတွေ တိုးမြှင့် ကောက်ဖို့ စစ်ကောင်စီ စီစဥ်

မတ်-၂၉၊၂၀၂၆။မေရီ/People's Spring

စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ လာမယ့် ဧပြီကစပြီး မြို့တွင်းရှိ အခွန်အခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံမယ်လို့ ကြေညာပါတယ်။

စည်ပင်ရဲ့ ထုတ်ပြန်ချက်အရ လာမယ့်ဧပြီမှာစတင်မယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ နေအိမ်ပစ္စည်းခွန်၊ အမှိုက်ခွန်၊ မီးခွန်များသာမက ရေဖိုးရေခ၊ လမ်းဘေးဈေးသည်များရဲ့ ဈေးကောက်၊ ဆိုင်ခန်းလခနဲ့ ကား/ဆိုင်ကယ် ရပ်နားခအထိ ကဏ္ဍစုံမှာ အခွန်တိုးမြှင့်ဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ ဒါ့အပြင် မြို့အဝင်ဂိတ်များမှာ ကောက်ခံတဲ့ လမ်းအသုံးပြုခတွေကိုပါ တိုးမြှင့်မယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တပ်အာဏာသိမ်းထားလို့ တိုင်းပြည်စီးပွားရေးကျဆင်းနေချိန် ကုန်စျေးနှုန်းများကြီးမြင့်နေတဲ့အပြင် စက်သုံးဆီရှားပါးမှုကြောင့်ပါ ပိုမိုကျပ်တည်းလာတာကြောင့် စည်ပင်ရဲ့အခွန်အခတိုးမယ့်ကြေညာချက်ကို ပြည်သူတွေ ဝေဖန်နေကြပါတယ်။

"အရင်က စျေးကောက်က တစ်ရက် ၇၀၀ပဲ။ အခုနှစ်ထောင်ဖြစ်သွားတယ်။ ဒါတောင်ကိုယ့်အိမ်ရှေ့တင်ဖွင့်တာနော်။ ဆီတွေကရှား ကုန်စျေးနှုန်းတွေကတက် လူတွေမှအဆင်မပြေပါဘူးဆိုတာကို တက်တာ။ ခုဆိုင်ကို အိမ်ရှေ့မရောင်းတော့ဘူး"လို့ မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုက ကုန်စိမ်းစျေးသည်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်နေချိန်မှာ ယခုကဲ့သို့ မြို့ပြပြည်သူတွေဆီကနေ
နည်းမျိုးစုံနဲ့ ငွေညှစ်ကာ စစ်စရိတ်ဖြည့်တင်းဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများက ထောက်ပြထားပါတယ်။
🤬469👎3
18🤬11👍3🔥2👎1
(မန္တလေးမြို့တွင်း တနေရာကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
21👍6🔥2
■ရသစာတမ်းငယ်

‘ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ’

◼️ LOON NYI

(၁)
အရေးပေါ် ကိစ္စတခုနဲ့ တနေကုန် ခရီးသွားရတယ်။ အမြန်ပြင်ဆင်ရတော့ အချိတ်အဆက်တွေက သိပ်မမိ။ ရန်သူ့နေရာနဲ့ ကွင်းရမယ့်ရွာမှာ ကိုယ်တွေရောက်ခါနီးလေး လေယာဉ်နဲ့ပစ်နေလို့ ပြန်ထပ်ပြီးအဝေးနေ ဝိုက်ပြီး ပြန်ကွင်းရတော့ အချိန်တွေက တော်တော်နှောင်းရော။ မစီးတာကြာတဲ့ ကတ္တရာလမ်းမကြီးပေါ် ခပ်ကြာကြာလေးစီးရချိန်မှာ ဗိုက်ပူက အပေါ်ကတဝဲဝဲနဲ့။ ဒီလိုနဲ့ မြို့နယ်သုံးလေးခုလောက် ဖြတ်လိုက် ကွင်းလိုက် မိုးချုပ် မှောင်ရော။ ပိုဆိုးတာက ညနေမှောင်မှောင်မှာ မြစ်ကြီးဖြတ်ကူးရတာပဲ။

ညရောက်ပြီဆိုတော့ ဇက်မောင်းတဲ့ ဆရာသမားတွေက အရက်နံ့က လေးတထောင်းထောင်းနဲ့ ကောင်းနေကြပြီ။ အရင်ကတော့ အဲ့ဒီနေရာတွေမှာ နေ့ဘက် ကူးဖူးတယ်။ ရန်သူနဲ့လည်းနီးနေတော့ ခုလည်း မဖြစ်မနေဆိုတော့ ညဘက်ကြီး ကူးလိုက်ရတာပဲ။

လာကြိုသူတွေ၊ လှေသမားတွေနဲ့ ကျနော် စထွက်ကတည်းက ကွိုင်နေပြီ။ ဆိုင်ကယ်နှစ်စင်း လူခြောက်ယောက် ပစ္စည်းတွေရယ် “ရေဝင်လွယ်တာမြင်နေရတဲ့ ဒီလှေလေးနဲ့ ဖြစ်ပါ့မလား”လို့ ကျနော် မေးတယ်။ ဒီဘဲတွေကလည်း မလျှော့ဘူး “အရင်ကဆို ကျနော်တို့ဒီလှေနဲ့ ဒီလိုပဲ ကူးနေကြ”တဲ့။ “အရင်က ဘယ်လောက်တင်သလဲ ဆိုတော့ “လူသုံးယောက် ဆိုင်ကယ်နှစ်စီး ကူးတာပဲဗျာ”တဲ့။
“ဟ ခုက လူခြောက်‌ယောက် ဆိုင်ကယ်သုံးစီး ပိုများနေတယ်”ပြောတော့
“ရတယ်၊ နိုင်တယ် လာစမ်းပါ”တဲ့။

ဒီမြစ်ရေစီးကြမ်းပုံနဲ့ လှေပေါ်စထိုင်ကတည်းက ကျနော်ကတော့ တွေးရင်းနဲ့ လန့်နေပြီ။ ပဲ့ကိုင်စက်‌မောင်းမယ့်သူကလည်း မောင်းနေကြမဟုတ်တန်ရာဆိုတာလည်း ကိုယ်ကမြင်နေရတာပေါ့။

(၂)
ဒီဖက်ဆိပ်ကမ်းကနေ လှေစထွက်တော့ ည နေ ၆ နာရီ ၅၀။

ပဲ့ကိုင်နဲ့ လှေဦးကနှစ်ယောက်က အသက်ငယ်ငယ်နဲ့ ခပ်ရဲရဲလူတွေလို့ထင်ရတယ်၊ သူတို့ပြောဆိုကြပုံတွေအရပေါ့။ စက်လှေစထွက်ပြီး ခဏကြာတော့ ပဲ့ကိုင်သမားက “လှော်တက်ပါလာလား”လို့ လှေဦးကသူကိုမေးတယ်။ ဟိုကလည်း မပါလာဘူးဆိုတာကို ရယ်ရယ်မောမောနဲ့ဖြေတယ်။ အေး ကောင်းရော “တခုခုဆို ဘယ်လိုလုပ်မလဲ မသိဘူး ”ဆိုပြီး စိတ်ထဲ တွေးနေတာပဲ။

စထွက်ကတည်းက ရေလမ်းရွေးတာ စပြီးလွဲလာတယ်လို့ ကိုယ်တော့ မြင်မိတာပဲ။ ဘာလို့ဆို အရင်သွားနေကျလမ်းလည်းမဟုတ်၊ လှေက အထွက်မှာတင် လှိုင်းလုံးတွေကြားမှာ လူးနေ‌တာလေ။ လှေနံရံတွေဆီကနေ ရေတွေကျော်ဖြတ်လာတာကို အမှောင်ထဲမှာ မြင်နေရတယ်။ မြစ်ရေတွေက လူပေါ်ကို လာစင်နေတော့ ပိုသတိထားမိလာတာမျိုးပဲ။ နည်းနည်းတော့လွဲနေပြီဆိုတာလည်း အကျိုးအကြောင်းဆက်စပ်ပြီး သိလာနေတယ်။

"ဟိတ်လူ ကျနော်တို့လှေထဲ ရေတွေဝင်နေတယ်”လို့ ကျနော်သတိပေးလိုက်သေးတယ် “ရေနည်းနည်းတော့ ဝင်မှာပေါ့ သိပ်လန့်မနေပါနဲ့ဗျာ”လို့လည်း ကျနော့်ကိုပြန်ပြောတယ်။ ဒါပေမယ့် ကျနော်တော့ ဆက်ပြီး တွေးနေတာပဲ။ ပစ္စည်းကလည်းများ လူကလည်း သာမန်ထက်ပိုများ၊ ပြီးတော့ ရေဝင်များတဲ့အခါ ရေအလေးချိန်နဲ့ဆိုရင်တော့ အတော်ဆိုးမှာပဲလို့ မတွေးရဲစရာကိုပါ ရဲရဲကြီး တွေးမိလာတယ်။

(၃)
ညအမှောင်ထဲ ကောင်းကင်ပေါ်က ကြယ်တွေကတော့ ထင်းထင်းကြီးမြင်နေရပြီ ဆိုပေမယ့် ကောင်းကင်ပေါ်ကို ကောင်းကောင်းမကြည့်ရဲဘူး။
စထွက်ပြီး ဆယ်မိနစ်လောက်ကြာတော့ ကိုယ့်လှေက ရှေ့မတိုးတော့သလိုမျိုး ငြိမ်လာတယ်။ ရေစီးသန်လို့ စက်အမြန်နှုန်းလျှော့တယ်လို့ပဲ တွေးမိလိုက်သေးတယ်။ ဒါပေမယ့် နည်းနည်းကြာလာတော့ သိသိသာသာကြီး ရပ်သွားတယ်။ အဲ့အချိန်မှာ ပဲ့ကိုင်က စက်ကို ဖြတ်ခနဲရပ်လိုက်တယ်။ သူ့ပါးစပ်ကလည်း လှမ်းအော်သေးတယ်။ "ဆီပါ -ဆီပါ" ဆိုတဲ့အသံလည်း ကျယ်ကျယ်လောင်လောင်ထွက်လာတယ်။ ကျနော်ကတော့ ကိုယ့်သိမှုအတွေးနဲ့ကိုယ်ပဲ။ “ဟ သွားပြီဟေ။ ဆီကုန်သွားလို့ စက်ဆီအပိုပါခဲ့လား” လို့ မေးတာထင်ပြီး ကိုယ်လည်း ကိုယ့်အထင်ကို ပြန်မေးကြည့်တယ်။ ဘာလို့ဆို တက်နဲ့လှော်စရာကလည်း လှော်တက်ပါမလာတာလည်း သိထားတာကိုး။ အဲ့ဒီအချိန်မှာ စက်ကရပ်သွားပြီ။

လှေကလည်း ဆက်မသွားတော့ဘူး။
"ဆီပြတ်တာ မဟုတ်ဘူး သောင်မှာ လှေဦးစိုက်နေတာ၊ ရေတိမ်ပိုင်းရောက်သွားတာ”တဲ့
ဪ အဲ့ဒါကို ဆီပါလို့ ခေါ်တာလို့ပဲ ကိုယ်တော့နားလည်လိုက်တယ်။

အဲ့တာနဲ့ သောင်မှာကပ်ပြီး ရေနက်ပိုင်းထပ်ရှာပြီး ဆက်မောင်းသွားဖို့ လုပ်ကြတယ်။ ဒါပေမယ့် ‌ကိုယ့်ခန္ဓာကိုယ်အောက်ပိုင်းက အေးနေပြီဆိုတာကို သတိထားမိလာတယ်။ သေချာကြည့်မှ ဖင်ထိုင်လိုက်လာတဲ့ ကြမ်းပြင်ထိ လှေထဲမှာရေတွေရောက်နေတာ၊ အဲ့တာနဲ့ ကျနော့်ဂျင်းဘောင်း‌ဘီတွေပါ ရေကစိုနေပြီး အေးနေတာလို့သိလိုက်တယ်။

ဒါနဲ့ ဟိတ်လူတွေ ရေခပ်ထုတ်ဖို့လုပ်ပါဦးဆိုတော့ ရပါတယ်၊ ရောက်တော့မှာလို့ တခါပြောသေးတယ်။ ရောက်ဖို့ ဘယ်လောက် လိုသေးသလဲလို့ မေးတော့ ဒီသောင်ကနေ အောက်ကိုထိုးချရင် ရောက်ပြီတဲ့။ ပြောပြချက်ကတော့ မဝံ့မရဲ ဝမ်းသာစရာပဲ။

ကျနော်တော့ အတော်လန့်တာထက်ကို ပိုလာရာကနေ ကမ်းစပ်ကပ်တာနဲ့ ပြေးပြီးနေခဲ့ချင်လောက်အောင်ကို စဉ်းစားမိတယ်။ သောင်ထွန်းနေတဲ့ ကမ်းစပ်ကိုကပ်ရင် ပြေးမယ်၊ အဲ့အနားမှာတညလုံး ထိုင်စောင့်ကြမယ်။ မနက်ကျမှ စိတ်ချရတဲ့လှေသမားကိုချိတ်ဆက်ပြီး လာကြိုခိုင်းမယ်လို့ အမျိုးမျိုး စဉ်းစားနေမိတယ်။ဒါပေမယ့် ကိုယ့်ရဲဘော် နှစ်ယောက်လည်း ကျန်သေးတယ်။ ကိုယ် စီးလာတဲ့ ပဲ့ကိုင်ကိုတော့ မယုံရဲဘူး။ ဒါပေမယ့် ဒါကိုတော့
👍236🤮1
ကျော်ဖြတ်မှ ဖြစ်မယ်ဆိုတာနဲ့ ဆက်ပြီးလိုက်ခဲ့ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ပဲ့ကိုင်ကို တထစ်ချ မယုံချင်သေးဘူး။ ကျနော့်မှာ လူတိုင်းကို လုံးဝ လွယ်လွယ် ယုံကြည်တာမျိုးလည်း အားမသာဘူး။ ခုလို အပြောအဆိုနဲ့ လုပ်ရပ်တွေပါ မြင်နေရတဲ့ သောင်စိုက်နေတဲ့ လှေထဲမှာတော့ ပိုဆိုးတာပေါ့လေ။ ထားပါ။

ဒီလိုနဲ့ “လှေထဲကရေတွေကို ခပ်ထုတ်လိုက်ပါဦးလား”လို့ ကျနော်ပြောလိုက်ပေမယ့်
"ရပါတယ် ရောက်တော့မှာ" ဆိုတာကိုပဲ ပဲ့ကိုင်က ထပ်ပြောသေးတယ်။

လှေဝမ်းဗိုက်မှာ လိုက်လာတဲ့ ကိုယ့်ရဲဘော်က "ရေက လှေပေါ်မှာကို ကျနော့်ခြေမျက်စိမြုပ်နေပြီလို့ပြောမှ၊ ရေခပ်ထုတ်ဖို့ကို သဘောတူသွားတယ်။ လှေဦးကလူက ဆင်းပြီး ခပ်ထုတ်တယ်။ ခုနှစ်မိနစ်လောက် ဆက်တိုက် ရေခပ်ထုတ်တာတောင် လှေထဲကရေက လျော့သွားတယ်လို့ မထင်မိဘူး။ “ရေကလျော့မသွားဘူးနော်၊ ဗိုက်များပေါက်နေသလား”လို့ ကိုယ့်ရဲဘော်ကလည်း ပြောလိုက်မိသေးတယ်။

အဲ့ဒီအချိန်မှ ပဲ့ကိုင်က ဆင်းလာပြီး လှေကိုစောင်းငဲ့ပြီး ရေကိုပတ်ထုတ်တယ်။ အဲ့ဒီမှာတင် ဆယ်မိနစ်လောက်ကြာသွားတယ်။ ခင်ဗျားတို့အဆင်မပြေရင် နောက်တစင်းထပ်ခေါ်ပြီး ခွဲတင်ကြရင် ပိုအဆင်ပြေမယ် ကျနော်အကြံပြုသေးတယ်။ ဒါပေမယ့် လက်မခံဘူး။ ရတယ် ရွေ့မယ်ပေါ့။

အဲ့ဒီမှာ လရောင်က မှောင်နေတယ်။ သဲသောင်တွေပေါ်မှာ တံငါအိမ်တချို့ရဲ့ မီးရောင်တွေက ပျောက်ကြား ပြောက်ကျားနဲ့။ ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ။ ကြယ်ကလေးတွေ မှိတ်တုပ်မှိတ်တုပ် လင်းပုံဟာ ဒီနေ့မှ ပိုအားကိုးစရာလိုပါပဲ။

လှေသာ ရေထဲမှာ တကယ် နစ်မြုပ်သွားရင် ငါတို့သေကြမှာပဲပေါ့။ ဘာမဟုတ်တဲ့အရာတဲ့ သေသွားကြမှာပဲပေါ့။ အဲ့သလို ဘာမဟုတ်တဲ့ဆိုပေမယ့် ဖြစ်နိုင်ချေအရာရာကိုတွေးရင်း အဆုံးထိရောက်ဖို့ လိုက်လာလိုက်ရတယ်။ မြို့ပြ‌မှာ ပြောက်ကျားသဘောမျိုးနေခဲ့တုန်းကစိတ်ကို ပြန်ရောက်လာလေ နှလုံးခုန်နှုန်းတွေ ပိုမြန်လာ‌ လေလေပဲ။ အချိန်တွေ မြန်မြန်ကုန်သွားပါစေ၊ ကမ်းမြန်မြန်ကပ်ပါစေလို့ တွေးရင်းလိုက်လာတယ်။

(၄)
အညာဆောင်းညရဲ့ ခပ်မှောင်မှောင်နဲ့ မြစ်ပြင်ထဲ။
သေနိုင်တာပဲ သေသွားရင် မသေခင် လို့ တွေးမိချိန်မှာ ကိုယ်ချစ်ခဲ့တဲ့သူ၊ ကိုယ့်ကိုယ်ချစ်ကြတဲ့ ပတ်သက်ရာကို ပြန်တွေးလိုက်မိသေးတယ်။ စိတ်သက်သာ ရလိုရငြား။

လှေဆိပ်ကပ်တော့ ည ၇:၄၈။

ကမ်းစပ်ရောက်တော့ ကျနော်တို့စီးလာတဲ့လှေထဲကရေတွေကိုကြည့်ပြီး လှေသမားတွေကို လှေရှင်တွေက ဆူပါလေရော။ “မင်းတို့ဧည့်သည်တွေကို ဒီလိုမလုပ်ရဘူးလေကွာ။ မသေဘဲ ရောက်လာလို့ တော်သေးတာ။”လို့ တတွတ်တွတ်နဲ့ ဒေါသတကြီးပြောနေရှာတယ်။ သူပြောမှ ကိုယ်လည်း စိတ်ပူနေတဲ့ ဒေါသအလုံးကြီးကျသွားတယ်။ ဒီလိုကောင်တွေနဲ့ အတူမသေတော့ဘဲ ကမ်းစပ်ရောက်လာခဲ့လို့။

အညာဒေသတနေရာ

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ '​Loon Nyi'ရေးဖွဲ့တဲ့ “​ငါမသေသေးဘူး ရေကူးတတ်တယ်လို့ ပြောချင်ပေမယ့် ရေကူးတတ်လည်း ရေနစ်တတ်တဲ့မြစ်ပြင်ကျယ်ထဲမှာ" ရသစာတမ်းငယ်ကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)
🥰18👍96🤮1
👍24🤮2