PayZillion
154 subscribers
32 photos
5 videos
1 file
30 links
Decoding the Payments Ecosystem
About Payments, Fintech, and Banking

https://payzillion.com
Download Telegram
💳 Digital Wallet vs Banking App vs Card ဘာကို သုံးရမလဲ

ဒီနေ့ခေတ်မှာ digital wallet တွေ၊ internet/mobile banking app တွေနဲ့ ငွေပေးချေမှုကတ်တွေ အစရှိသဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်း အမျိုးမျိုးပေါ်လာတာမို့ ကိုယ်နဲ့ ဘယ်ငွေပေးချေမှုနည်းလမ်းက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ စဉ်းစားစရာ၊ ရွေးချယ်စရာ ဖြစ်လာပါတယ်။ အကောင်းဆုံးအဖြေကတော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ငွေကြေးသုံးစွဲပုံနဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

၁) လူတိုင်းအတွက် Digital Wallet App
ပထမဆုံးအနေနဲ့ ကိုယ်က ဒီဂျစ်တယ်ငွေပေးချေမှုကို စတင်အသုံးပြုမယ့်သူဖြစ်စေ၊ ဘဏ်နဲ့ အနည်းငယ်ဝေးတဲ့ နေရာဒေသမှာ နေထိုင်တဲ့သူဖြစ်စေ ဆိုရင်တော့ digital wallet တစ်မျိုးမျိုးကို စတင် အသုံးပြုတာ အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ - KBZ Pay လို၊ WavePay လို၊ AYA Pay လို wallet တစ်မျိုးမျိုးကို စတင်အသုံးပြုကြည့်ပါ။ Digital wallet အများစုမှာ P2P လို့ခေါ်တဲ့ အချင်းချင်း ‌ငွေလွှဲလို့ရတာ၊ ငွေလွှဲလက်ခံတာ၊ အေးဂျင့်ကနေတစ်ဆင့် ငွေထုတ်တာတွေလုပ်လို့ရတာမို့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ အချင်းချင်း ငွေလွှဲဖို့ရာ အဆင်ပြေလွယ်ကူစေပါတယ်။ ဒါ့အပြင် ATM ကနေ ငွေထုတ်လို့ရနိုင်ပါတယ်။ ပြီးတော့ အင်တာနက်မှာ စျေးဝယ်တဲ့အခါ ငွေပေးချေတာ၊ ဖုန်းဘေလ်ဖြည့်တာ၊ မီတာဆောင်တာ၊ အင်တာနက်နဲ့ ရုပ်သံလိုင်းတွေအတွက် လစဉ်ကြေးပေးသွင်းတာ၊ အာမခံပရီမီယံကြေး ပေးသွင်းတာ အစရှိသဖြင့် ငွေပေးချေမှု အများစုအတွက် အလွယ်တကူပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Digital wallet တွေ အသုံးပြုတဲ့အခါ လူအများစုအတွက် အဆင်ပြေစေတာ တစ်ခုက ဘဏ်ငွေစာရင်းအကောင့် မရှိလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းက စပြီး မြန်မာပြည်မှာ MMQR ဆိုတဲ့ QR Standard ကလည်း စပြီး အသက်ဝင်လာပြီမို့ wallet တစ်မျိုး ကိုယ့်ဆီမှာရှိထားရင် wallet နဲ့ ငွေပေးချေမှု လက်ခံနိုင်တဲ့ စျေးဆိုင်တိုင်းမှာ ငွေပေးချေလို့ရလာပါပြီ။ အရင်လို ထွက်သမျှ wallet တွေ အကုန်လုံး ဖုန်းထဲ ထည့်ထားစရာ မလိုတော့ပါဘူး။ ကိုယ်အဆင်အပြေဆုံးဖြစ်မယ့် wallet တစ်ခု၊ နှစ်ခုလောက် ဖုန်းထဲ ထည့်ထားရင် နေရာတော်တော်များများမှာ ငွေပေးချေလို့ရမှာ ဖြစ်ပါတယ်။

၂) ဘဏ်စာရင်းရှိသူတိုင်းအတွက် Debit Card
အကယ်၍ ကိုယ်က ဘဏ်ငွေစာရင်းအကောင့်ရှိတာဖြစ်စေ၊ မြို့ကြီးတွေမှာ နေထိုင်တာဖြစ်စေ ဆိုရင်တော့ debit card ကို လျှောက်ထား အသုံးပြုသင့်ပါတယ်။ ဒီနေ့ခေတ်မှာ မြို့ပေါ်က စျေးဆိုင်ကြီးတော်တော်များများနဲ့ စားသောက်ဆိုင်ကြီးများမှာ ကတ်နဲ့ ငွေပေးချေတာကို လက်ခံကြတာမို့ debit card ရှိထားရင် အရင်လို ငွေသားတစ်ထပ်ကြီး သယ်မနေရတာ့ဘဲ နေရာတော်တော်များများမှာ အလွယ်တကူ ‌ငွေပေးချေနိုင်စေမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခါးပိုက်နှိုက်ခံရမှာကိုလည်း စိတ်ပူစရာမလိုတော့ပါ။ အကယ်၍ ကတ်ပျောက်သွားခဲ့ရင်တောင် ဘဏ်ကို ဖုန်းဆက်ပြီးဖြစ်စေ၊ mobile banking app ကနေ ဖြစ်စေ ကတ်ကို အခြားသူတွေ အသုံးပြုလို့ မရအောင် စီမံလို့ရပါတယ်။

ကတ်ကိုင်ဆောင်တဲ့အခါမှာလည်း ကိုယ်က ပြည်တွင်းမှာပဲ အသုံးပြုမှာဆို MPU debit card ကို အသုံးပြုနိုင်သလို၊ နိုင်ငံခြား ငွေပေးချေမှုတွေ ပြုလုပ်ချင်တာဆိုရင်တော့ JCB၊ UPI၊ Mastercard အစရှိသဖြင့် လျှောက်ထား အသုံးပြုနိုင်ပါတယ်။ နောက်ပြီး နိုင်ငံတစ်ကာ ecommerce ဝဘ်ဆိုဒ်တွေကနေ စျေးဝယ်ချင်တဲ့သူတွေအတွက်လည်း ငွေပေးချေဖို့ အသုံးပြုနိုင်တာမို့ အများကြီး အဆင်ပြေလွယ်ကူစေမှာ ဖြစ်ပါတယ်။

၃) ဘဏ်ငွေစာရင်းကို ထိန်းချုပ်ဖို့အတွက် Banking App
နောက်ထပ်တစ်ခုကတော့ Internet/Mobile banking တွေကို လျှောက်ထားအသုံးပြုတာပါ။ ကိုယ်က ဘဏ်စာရင်းအကောင့် ရှိထားတဲ့သူဆိုရင် internet banking နဲ့ mobile banking ကို မဖြစ်မနေ လျှောက်ထား အသုံးပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းထဲမှာ သက်ဆိုင်ရာဘဏ်ရဲ့ mobile banking app ရှိထားရုံနဲ့ မိမိဘဏ်ငွေစာရင်ထဲက ငွေအဝင်အထွက် အားလုံးကို ဘယ်အချိန်ဖြစ်ဖြစ် စစ်ဆေးကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နိုင်တာကြောင့် ငွေကြေးစီမံခန့်ခွဲဖို့အတွက် လွယ်ကူသွားစေပါတယ်။ နောက်ပြီး မိသားစုတွေ၊ မိတ်တွေတွေကိုလည်း အလွယ်တကူ ငွေလွှဲလို့၊ ငွေလွှဲလက်ခံလို့ ရနိုင်မှာဖြစ်ပါတယ်။ ပြီးတော့ digital wallet တွေမှာလိုပဲ ဖုန်းငွေဖြည့်တာတွေ၊ လစဉ်ကြေးပေးဆောင်တာတွေကိုလည်း အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
၄) အသုံးစားရိတ် ထိန်းချုပ်ဖို့တွက် Prepaid Card
နောက်တစ်ခုကတော့ Prepaid card ပါ။ Prepaid card ကိုတော့ ဘယ်လိုလူတွေအတွက် သင့်တော်မလဲဆိုရင် debit card လို ဘဏ်ငွေစုစာရင်းအကောင့်ထဲက ငွေကို တိုက်ရိုက်မသုံးချင်တဲ့သူတွေ၊ ငွေကြေးအသုံးစရိတ်ကို limit ကန့်သတ်ပြီး အသုံးပြုလိုသူတွေနဲ့ ဘဏ်ငွေစာရင်းအကောင့် မရှိသူတွေအတွက် သင့်တော်ပါတယ်။ Debit card မှာဆိုရင် ဘဏ်ငွေစာရင်းအကောင့်ထဲက ငွေကို တိုက်ရိုက်သုံးစွဲတာဖြစ်လို့ အကယ်၍ ကတ်ပျောက်သွားတာမျိုးဖြစ်ခဲ့ရင်၊ အချိန်မီ ကတ်ကိုလည်း မပိတ်နိုင်ခဲ့ရင် ကိုယ့်ရဲ့ ဘဏ်အကောင့်ထဲက ငွေတွေ ဆုံးရှုံးနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ Prepaid card မှာတော့ ကြိုတင်ငွေဖြည့်ထားသလောက်ပဲ အသုံးပြုနိုင်တဲ့ ကတ်အမျိုးအစားဖြစ်တာမို့ ကတ်ပျောက်ဆုံးမှုကြောင့် ဆုံးရှုံးမှုဖြစ်ခဲ့ရင်တောင် ကတ်ထဲမှာ ငွေဖြည့်ထားသလောက်ပဲ ဆုံးရှုံးမှာဖြစ်ပါတယ်။
Prepaid card ရဲ့ နောက်ထပ် အသုံးဝင်ပုံတစ်ခုက ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်ချင်တဲ့သူတွေအနေနဲ့ prepaid card ထဲကို လစဉ်ဘယ်လောက်သုံးမယ်ဆိုပြီး ကိုယ်အသုံးပြုမယ့် ပမာဏပဲ ထည့်ထားပြီး အသုံးပြုတဲ့အခါ debit card မှာလို ဘဏ်ငွေစာရင်းထဲမှာ ထည့်ထားသမျှ အသုံးမပြုဖြစ်တော့ဘဲ ငွေကို ပိုပြီး ချွေတာသုံးစွဲနိုင်ဖို့ အထောက်အကူ ဖြစ်စေတာပါ။

၅) စျေးဝယ်ရတာ၊ ခရီးသွားရတာ ကြိုက်သူတွေအတွက် Credit Card
နောက်ဆုံးတစ်ခုကတော့ credit card ပါ။ Credit card ကတော့ မကြာခဏ ခရီးထွက်လေ့ရှိသူတွေ၊ အွန်လိုင်းမှာ စျေးဝယ်ရတာကို ကြိုက်နှစ်သက်သူတွေ၊ Reward Point တွေ၊ Cashback တွေ၊ ကတ်အတွက် အထူးခံစားခွင့်တွေ လိုချင်တဲ့သူတွေ၊ Credit History တည်ဆောက်လိုသူတွေအတွက် ဖြစ်ပါတယ်။ ပြည်တွင်းသီးသန့် အသုံးပြုတဲ့ MPU ကတ်ဖြစ်စေ၊ နိုင်ငံတကာ အသုံးပြုလို့ရတဲ့ Visa၊ Mastercard၊ UPI၊ JCB အစရှိသဖြင့် ကိုယ်နှစ်သက်ရာကို ကိုင်ဆောင်နိုင်ပါတယ်။

Credit Card တွေမှာ အားသာချက်အနေနဲ့ ဘဏ်ကပေးထားတဲ့ အကြွေးဝယ်ခွင့်သတ်မှတ်ချက် (Credit Limit) ပေါ်မူတည်ပြီး အသုံးပြုရတဲ့ ကတ်ဖြစ်လို့ ကတ်မတော်တဆပျောက်ဆုံးလို့ဖြစ်စေ၊ လိမ်လည်မှု (Fraud) တစ်ခုခုဖြစ်စေ ကြုံရတဲ့အခါမျိုးမှာ ကိုယ့်အိတ်ကပ်ထဲက ငွေကို တိုက်ရိုက်ဆုံးရှုံးတာ မဟုတ်လို့ အခြားသော ကတ်အမျိုးအစားတွေထက် စိတ်ချမ်းသာရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ့်ပိုက်ဆံမဟုတ်လို့ ဖြစ်ချင်တာဖြစ်ပါစေဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ အငြင်းပွားမှုတွေ၊ Fraud တွေ ဖြစ်တဲ့အခါမျိုးမှာ ကိုယ့်ဘက်က မှန်နေရင် လုံးဝ ဆုံးရှုံးစရာမရှိပါ။ ယာယီအားဖြင့် ကိုယ့်အိတ်ထဲက ငွေကို စိုက်ထားပြီး လိမ်လည်ခံရတဲ့ ငွေကို ပြန်ရဖို့ စောင့်ရတာထက်၊ ဘဏ်ကငွေနဲ့ စောင့်ရတာက ပိုပြီး စိတ်သက်သာမယ်မလား။

နောက်ထပ် အားသာချက်တစ်ခုက credit card ဆိုတဲ့အတိုင်း အသုံးပြုသမျှဟာ ဘဏ်ကငွေနဲ့ ဝယ်တာဖြစ်ပြီး ကိုယ်က လကုန်လို့ စာရင်းရှင်းတမ်းရတော့မှ ငွေပြန်သွင်းရမှာဖြစ်ပါတယ်။ ကိုယ်သုံးထားသမျှကို အချိန်မှန် အပြည့်အဝ ငွေပြန်သွင်းနေသ၍ နှစ်စဉ်ကြေးတစ်ခုကလွဲပြီး ဘဏ်ကို ဘာအဖိုးအခမှ ပေးစရာမလိုဘဲ အမြဲတမ်း အသုံးပြုနိုင်စေမှာမို့ တစ်ခုခုအသုံးပြုစရာရှိရင် လကုန်လစာထုတ်ရက်မှ ဝယ်မယ်ဆိုပြီး စောင့်နေစရာ မလိုတော့ပဲ ဝယ်ယူဖို့ အဆင်ပြေစေပါတယ်။ သတိပြုရမှာက credit card ကို အသုံးပြုတဲ့အခါမှာ အချိန်မှန် ကိုယ်အသုံးပြုထားသမျှကို အပြည့်အဝ ငွေပြန်သွင်းဖို့နဲ့ ကိုယ်ပြန်ဆပ်နိုင်တဲ့ ပမာဏကိုပဲ ချင့်ချိန်သုံးစွဲမယ်ဆိုရင် ရပါပြီ။

ဒီလောက်ဆိုရင်တော့ ကိုယ်နဲ့ ကိုက်ညီမယ့် ငွေပေးချေမှုနည်းစနစ်ကို ရွေးချယ်ဖို့ လွယ်ကူသွားလောက်ပါပြီ။ နောက်ဆုံးအနေနဲ့ အရေးကြီးတာတစ်ခုက ကိုယ်က ဘယ်နည်းလမ်းကို ရွေးချယ်အသုံးပြုဖြစ်ဖြစ် လုံခြုံရေးကို ဦးစားပေးရမှာပါ။ ဒီဂျစ်တယ်ငွေပေးချေမှုနည်းစနစ်တွေ၊ app တွေကို အသုံးပြုရာမှာ PIN၊ Password တွေ သေချာသတ်မှတ်ထားဖို့၊ Face login တွေ၊ Fingerprint login တွေ သတ်မှတ်ထားဖို့နဲ့၊ PIN Number တွေ၊ Password တွေ၊ ကတ်နံပါတ်တွေ၊ CVV တွေကို လုံခြုံအောင်ထားဖို့၊ Two-Factor Authentication သုံးဖို့၊ Transaction History တွေကို ပုံမှန်စစ်ဆေးဖို့ စတာတွေက အခြေခံလုပ်ဆောင်ရမယ့် လုံခြုံရေးလိုအပ်ချက်တွေ ဖြစ်တာမို့ မမေ့မလျော့ဘဲ သေချာဂရုတစိုက် လုံခြုံအောင်လုပ်ဆောင်ဖို လိုအပ်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
❤2
Your FREE payments lab is launching soon. Get ready to experiment. 🧪

The Card Payments Simulator is coming to PayZillion.com!

Simulate real-world ATM, POS, and E-commerce transaction scenarios. Then, instantly dive deep into the complete backend record—from high-level transaction logs to the raw, decoded ISO 8583 messages.

It's the ultimate FREE tool for learning how payments really flow.

#Payments #Fintech #ISO8583 #PaymentsTech #ComingSoon
❤4🥰1
This media is not supported in your browser
VIEW IN TELEGRAM
Here’s a quick look of PayZillion FREE Card Payments Simulator! 💳

Watch how an ATM transaction actually happens 👀

#Payments #Fintech #ISO8583 #PaymentsTech #ComingSoon
❤3👍2🥰1
Media is too big
VIEW IN TELEGRAM
Ever wonder what happens behind the scenes when you swipe your card? 💳

FREE payment simulator dropping soon - see ATM, POS & e-commerce in action!

Coming very soon 👀

#Fintech #Payments #CardPayments #ISO8583 #ATM #POS #Ecommerce
❤2👏2
၂၀၂၅ ခုနှစ် ကုန်ဖို့ တစ်လခွဲပဲလိုတော့တာဆိုတော့ နှစ်မကုန်ခင် "Payments Made Simple" လို့ အမည်ပေးထားတဲ့ 40-day series လေးကို တစ်နေ့တစ်ပုဒ်ရေးပြီး တင်ပေးဖို့ စီစဉ်ထားပါတယ်။ Page မှာရော website မှာရော မနက်ဖြန်ကနေစပြီး တင်ပေးပါမယ်။ အရင် content တွေကနေ ထူခြားတာကတော့ ဒီတစ်ခါမှာ digital dayments တွေအကြောင်းကို ထိထိမိမိနဲ့ တိုတိုရှင်းရှင်းနဲ့ ရေးပေးထားမှာ ဖြစ်ပါတယ်။

နောက်ထပ် update သတင်းနှစ်ခုပေးဖို့ ရှိတာကတော့ Educational Card Payments Simulator ကို launch လုပ်ဖို့ရယ်၊ Card Payment Professional စာအုပ်ကို 2nd edition ထုတ်ပေးဖို့ရယ်ပါ။ ဒီနှစ်ခုလည်း ၂၀၂၅ မကုန်ခင် ရပါမယ်။

Simulator က educational simulator ဖြစ်ပါတယ်။ Simulator ကို သုံးပြီး ATM ၊ POS ၊ Ecommerce terminal/app တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို system point of view ကနေရော end-user တစ်ယောက်လိုပါ experience လုပ်လို့ရမှာပါ။ End-to-end transaction flow တွေ၊ authorization transaction record တွေနဲ့ back-end log (ISO 8583) တွေကို transaction တစ်ခုချင်းစီအလိုက် နောက်ကွယ်က သက်ဆိုင်ရာ system တွေမှာ စစ်ရသလို experience ရအောင် စီစဉ်ထားပါတယ်။ Simulator က အားလုံးကို totally FREE ပေးသုံးပါမယ်။

Card Payments Professional စာအုပ်အတွက်ကတော့ 1st edition တုန်းက ထုတ်ပေးလိုက်တဲ့အချိန်တုန်းက ထပ်ထည့်ချင်တဲ့ content တွေ ရှိသေးသလို၊ မူလ content outline မှာ ထည့်ထားပေမယ့် စိတ်တိုင်းမကျလို့ ချန်ထားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ ဒီတစ်ခါမှာ စာအုပ်ကို ပိုပြီး ပြည့်စုံအောင်၊ ပိုပြီး အသုံးဝင်အောင် restructure နဲ့ upgrade သေချာ လုပ်ပေးထားပါတယ်။ စာအုပ်က 2nd edition မှာလည်း e-book ပဲရဦးမှာဖြစ်ပြီး ၄၈,၀၀၀ ကျပ် (12 USD) နဲ့ ရောင်းပေးပါမယ်။ အထူးအစီအစဉ်အနေနဲ့ 1st edition မှာ ဝယ်ယူထားသူတိုင်းကို 2nd edition မှာ အခမဲ့ email ကနေ စာအုပ်ပို့ပေးဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီအတွက် ဘာမှလုပ်ဖို့မလို့ပါဘူး။ အရင်ဝယ်တုန်းက order မှာပါတဲ့ email အတိုင်းပဲ ပို့ပေးမှာဖြစ်လို့ စာအုပ် ready ဖြစ်တာနဲ့ email ရပါလိမ့်မယ်။ အခုမှ ဝယ်မယ့်သူတွေကတော့ 2nd edition ထွက်တဲ့အခါကျ ကြေညာပေးပါမယ်။
❤4
Day 1 - Digital Payment အားလုံးအတွက် အရေးကြီးအင်္ဂါရပ်-၅-ချက်

ကတ် (card) ၊ QR ၊ wallet နဲ့ ဘယ် digital payment မှာမဆို အရေးကြီးတဲ့ အင်္ဂါရပ်-၅-ချက် ရှိပါတယ်။ အဲ့ဒီထဲက တစ်ခုခု မပြည့်စုံတာနဲ့ ငွေပေးချေမှု လုပ်ဆောင်နိုင်မှာ မဟုတ်ပါ။

(၁) A valid payment instrument
ငွေပေးချေဖို့အတွက် အမှန်တကယ် အသုံးပြုနိုင်တဲ့ ကတ်အချက်အလက် (card details) ၊ wallet balance ၊ ဘဏ်အကောင့် (bank account) အစရှိသဖြင့် payment instrument တစ်ခုခုရှိရပါမယ်။

(၂) A channel to capture the request
ငွေပေးချေမှုဆိုင်ရာ အချက်အလက် (payment data) တွေကို ရယူပို့ဆောင်ဖို့အတွက် POS terminal ၊ QR scanner ၊ mobile app ၊ e-commerce website/app အစရှိသဖြင့် channel တစ်ခုခု လိုအပ်ပါတယ်။

(၃) A processor to route the transaction
ရရှိထားတဲ့ အချက်အလက်တွေကို စစ်ဆေးပြီး သက်ဆိုင်ရာစနစ်ဆီကို ပို့ဆောင်ပေးမယ့် ဘဏ် (bank) ၊ payment gateway ၊ payment switch အစရှိသဖြင့် လိုအပ်ပါတယ်။

(၄) A decision from the payer’s side
ကတ်ထုတ်ဝေသူ (issuer) ၊ wallet provider အစရှိတဲ့ သက်ဆိုင်ရာစနစ်တွေကနေ ငွေပေးချေမှုကို "လက်ခံတယ်" (approve) သို့မဟုတ် "ငြင်းပယ်တယ်" (decline) ဆိုပြီး အတည်ပြု ဆုံးဖြတ်ပေးရပါတယ်။

(၅) A settlement path
ငွေပေးချေမှု အောင်မြင်ပြီးနောက်မှာတော့ ကုန်သည် (merchant) အတွက် အမှန်တစ်ကယ် ငွေကြေးလက်ခံရရှိနိုင်ဖို့ ညွှန်ကြားချက် (instructions) တွေ ထားရှိလုပ်ဆောင်ပေးရပါတယ်။

ဒီအင်္ဂါရပ်-၅-ချက်ကို သိထားမယ်ဆိုရင် ဘယ်ငွေပေးချေမှုနည်းလမ်းအတွက်မဆို payment flow တစ်ခုလုံး ဘယ်လိုအလုပ်လုပ်သွားသလဲဆိုတာကို အလွယ်တကူ သဘော‌ပေါက်နိုင်ပါလိမ့်မယ်။

ဒီ post ကတော့ 40-day “Payments Made Simple” series ရဲ့ day 1 အတွက် ဖြစ်ပါတယ်။ အခုလိုပဲ payment ဆိုင်ရာ အကြောင်းအရာတွေကို တိုတိုရှင်းရှင်းနဲ့ လက်တွေ့အသုံးဝင်အောင် တစ်နေ့တစ်ပုဒ် တင်ပေးသွားပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤6
Day 2 - ဒီဂျစ်တယ်ငွေပေးချေမှုတွေရဲ့ Money Movement သဘောတရား

ဒီဂျစ်တယ်ငွေပေးချေမှုတွေ ပြုလုပ်တဲ့အခါ သာမန်အားဖြင့် ငွေပေးချေလိုက်တာနဲ့ ချက်ချင်း ပြီးသွားတယ်လို့ ထင်ရပါတယ်။ တကယ်တမ်းကျတော့ ကတ်နဲ့ tap လုပ်လိုက်တာ၊ QR scan ဖတ်လိုက်တာ၊ payment button ကို နှိပ်လိုက်တာနဲ့ ငွေက ကုန်သည် (merchant) ဆီကို ချက်ချင်း ရွှေ့ပြောင်းသွားတာ မဟုတ်ပါဘူး။

ငွေပေးချေမှု transaction တိုင်းမှာ အသုံးပြုလိုက်တဲ့ ငွေပေးချေမှုနည်းလမ်း (POS terminal ၊ QR/wallet app ၊ ecommerce website/app အစရှိသဖြင့်) ကနေ အချက်အလက်တွေကို payment processor ဆီ ပို့လိုက်ပါတယ်။ Processor က စစ်ဆေးပြီး ငွေပေးချေသူရဲ့ဘဏ် သို့မဟုတ် သက်ဆိုင်ရာ provider ဆီကို ဆက်ပြီး ပေးပို့လိုက်ပါတယ်။ အဲ့ဒီမှာ သက်ဆိုင်ရာဘဏ် ၊ provider တို့က ငွေပေးချေသူမှာ လက်ကျန်ငွေ လုံလောက်မှုရှိမရှိ၊ ပေးချေခွင့်ရှိမရှိ စစ်ဆေးဆုံးဖြတ်ပြီး "လက်ခံတယ်" (approve) သို့မဟုတ် "ငြင်းပယ်တယ်" (decline) ဆိုပြီး အကြောင်းပြန်ပါတယ်။ အသုံးပြုသူ end-user တစ်ယောက်အနေနဲ့ ဒီအဆင့်ထိပဲ မြင်နိုင်မှာပါ။

အဲ့ဒီအဆင့်ပြီးလို့ နာရီပိုင်း (သို့မဟုတ်) နောက်ရက်မှာမှ settlement လို့ခေါ်တဲ့ အမှန်တကယ် ငွေကြေးလွှဲပြောင်းပေးတဲ့ အဆင့်ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲ့ဒီတော့မှ ကုန်သည် (merchant) ရဲ့ အကောင့်ထဲကို ငွေဝင်မှာ ဖြစ်ပါတယ်။ ကုန်သည် (merchant) နဲ့ ချိတ်ဆက်ထားတဲ့ service provider ၊ အသုံးပြုထားတဲ့ ငွေပေးချေမှု နည်းလမ်းပေါ် မူတည်ပြီး တစ်ရက်၊ နှစ်ရက်၊ တစ်ပတ် အစရှိသဖြင့် စောင့်ဆိုင်းပြီးမှ ငွေဝင်မှာ ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်း ပြောရရင် ချက်ချင်းပြီးသွားတဲ့အပိုင်းက authorization လို့ခေါ်တဲ့ ငွေပေးချေမှု ခွင့်ပြုပေးခြင်း သက်သက်သာဖြစ်ပြီး၊ အမှန်တစ်ကယ် ငွေကြေးလွှဲပြောင်းရရှိမှု အပိုင်းကတော့ settlement လုပ်ဆောင်ပြီးမှ ရရှိမှာ ပြီးစီးမှာ ဖြစ်ပါတယ်။

“Payments Made Simple” 40-day series day 2 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤3
Day 3 - Wallet Balance နဲ့ Bank Balance တွေရဲ့ မတူညီမှု

Wallet အကောင့်တွေနဲ့ ဘဏ်အကောင့်တွေဟာ အကောင့်ထဲမှာ ငွေသိမ်းဆည်းထားနိုင်တာမှာ တူညီပေမယ့် အလုပ်လုပ်ပုံခြင်းတော့ လုံးဝ မတူပါဘူး။

Bank Balance ဆိုတာ သက်ဆိုင်ရာ ဘဏ်ရဲ့ငွေစာရင်းအကောင့်မှာ အပ်နှံထားတဲ့ ငွေကြေးဖြစ်ပါတယ်။ ဘဏ်ငွေစာရင်းအကောင့်နဲ့ ချိတ်ဆက်ထားတဲ့ internet banking ၊ mobile banking တို့ကနေ ငွေပေးချေလိုက်လိုက်တဲ့အခါ ဘဏ်က အပ်နှံထားတဲ့အကောင့်ရဲ့ လက်ကျန်ငွေကို တိုက်ရိုက်စစ်ဆေးပြီး "လက်ခံတယ်" (approve) သို့မဟုတ် "ငြင်းပယ်တယ်" (decline) ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။

Wallet Balance ဆိုတာကတော့ wallet ဝန်ဆောင်မှုပေးသူ (wallet provider) ရဲ့ စနစ်ထဲမှာ သိမ်းဆည်းထားတဲ့တန်ဖိုး (stored value) သာ ဖြစ်ပါတယ်။ ကြိုတင်ဖြည့်သွင်းထားတဲ့ငွေ သို့မဟုတ် အခြားငွေကြေး source တစ်ခုခုနဲ့ ချိတ်ဆက်ထားတာ ဖြစ်နိုင်ပါတယ်။ Wallet တွေဟာ ငွေပေးချေမှု (transaction) တွေကို အတည်ပြုတဲ့အခါ ဘဏ်လက်ကျန်ငွေကို မကြည့်ဘဲ သူတို့ wallet စနစ်ထဲက လက်ကျန်ငွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်ပါတယ်။

ဒါကြောင့် wallet နဲ့ ငွေပေးချေရတဲ့အခါ ပိုမိုမြန်ဆန်ပြီး ရိုးရှင်းနေတာ ဖြစ်ပါတယ်။ စစ်ဆေးရမယ့် အဆင့်တွေ ပိုနည်းပြီး အရာအားလုံးက wallet system တစ်ခုတည်း အတွင်းပဲ ပြီးသွားလို့ပါ။ ဒါပေမယ့် wallet တွေမှာ ဘဏ်အကောင့်တွေနဲ့ မတူတဲ့ ငွေကြေးပမာဏ ကန့်သတ်ချက် (limits) တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ရှိတတ်ပါတယ်။ Wallet ထဲမှာ ထည့်သွင်းနိုင်တဲ့ ငွေကြေးပမာဏ ကန့်သတ်ချက်ရှိတာ၊ အသုံးပြုခွင့် limit မှာ သတ်မှတ်ချက် ပိုရှိနေတာမျိုးပေါ့။

အခုပြောထားတဲ့ သဘောတရားတွေကို သိထားမယ်ဆိုရင် မတူညီတဲ့ ငွေပေးချေမှုနည်းလမ်းတွေရဲ့ သဘောသဘာဝနဲ့ payment flow တွေကို ပိုပြီး နာလည်နိုင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

“Payments Made Simple” 40-day series day 3 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤2🥰1
Day 4 - ဘဏ်၊ Payment Provider နဲ့ Aggregator တွေ ဘာကွာသလဲ

ဘဏ်တွေ၊ payment provider တွေနဲ့ aggregator တွေဟာ ငွေပေးချေမှုလုပ်ငန်းစဉ်မှာ အတူတကွ ပါဝင်ကြရပေမယ့် သူတို့ရဲ့ လုပ်ဆောင်ပုံတွေ မတူညီကြပါဘူး။

ဘဏ်တွေကတော့ အသုံးပြုသူတွေရဲ့ ငွေကြေးကို အမှန်တကယ် ထိန်းသိမ်းထားရသူ၊ ဘဏ်ကောင့်တွေကို စီမံခန့်ခွဲသူ ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ငွေကြေးကို အမှန်တကယ် ထိန်းချုပ်ထားတာ ဘဏ်တွေ ဖြစ်ပါတယ်။

Payment provider (gateway, PSPs, QR operator, wallet operators) တွေကတော့ merchant သို့မဟုတ် app တွေနဲ့ ဘဏ်စနစ်တွေကို ချိတ်ဆက်ပေးဖို့၊ ငွေပေးချေမှုဆိုင်ရာ အချက်အလက်တွေ ဖလှယ်ပေးဖို့ အစရှိသဖြင့် လုပ်ဆောင်ကြပါတယ်။

Aggregator တွေကတော့ payment provider ထဲမှာပါဝင်ပြီး merchant တွေအတွက် payment service အမျိုးမျိုးကို တစ်နေရာတည်းမှာ စုစည်းချိတ်ဆက်နိုင်ဖို့ စနစ်ထောက်ပံ့ ပေးထားတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Merchant တွေအနေနဲ့ ဘဏ်တွေ၊ payment provider တွေ အများကြီးကို တစ်ခုချင်း ချိတ်ဆက်နေစရာမလိုဘဲ aggregator ကို ချိတ်ဆက်လိုက်တာနဲ့ မတူညီတဲ့ ငွေပေးချေမှုနည်းလမ်းတွေကို လက်ခံနိုင်မှာ ဖြစ်ပါတယ်။ Integration နဲ့ onboarding လုပ်ရာမှာ single point of connection ကိုပဲ ချိတ်ဆက်ဖို့ လိုအပ်တော့မှာဖြစ်လို့ အချိန်ကုန်၊ ငွေကုန် သက်သာသွားစေပါတယ်။

ဒီလောက်ဆိုရင်တော့ payment ecosystem တွေထဲမှာ ဘယ်သူက ဘာတာဝန်ယူထားရသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်သွားပါပြီ။

“Payments Made Simple” 40-day series day 4 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤1👍1
Day 5 - ဒီဂျစ်တယ်ငွေပေးချေမှုတိုင်းရဲ့ အဆင့်-၅-ဆင့်

ကတ်၊ QR ၊ wallet ဘယ်ငွေပေးချေမှုနည်းလမ်းမဆို သဘောတရားအားဖြင့် ငွေပေးချေမှုလုပ်ဆောင်တဲ့အခါမှာ အခုပြောပြမယ့် အဆင့်တွေအတိုင်းပဲ အလုပ်လုပ်ပါတယ်။

အဆင့် (၁) - Capture
POS စက်မှာ ကတ်ကို tap လုပ်တာ၊ QR ကုဒ်ကို scan ဖတ်တာ၊ payment ခလုတ်နှိပ်လိုက်တာ အစရှိသဖြင့် ပြုလုပ်ပြီး ဝယ်ယူသူဆီက ငွေပေးချေမယ့် အချက်အလက်တွေ ရယူပါတယ်။

အဆင့် (၂) - Route
Payment Processor ၊ gateway ၊ switch တို့ကနေတဆင့် ရရှိလာတဲ့ အချက်အလက်တွေကို ကတ်ထုတ်ပေးထားတဲ့ဘဏ်၊ wallet provider အစရှိတဲ့ သက်ဆိုင်ရာဆီကို ပို့ပေးလိုက်ပါတယ်။

အဆင့် (၃) - Decide
ငွေပေးချေသူ (payer’s side) ရဲ့ စနစ်ကနေပြီး လက်ကျန်ငွေ၊ အသုံးပြုခွင့် ကန့်သတ်ချက်နဲ့ သံသယဖြစ်စရာ fraud ဖြစ်နိုင်ခြေရှိမရှိ စစ်ဆေးပြီး ‌ငွေပေးချေမှုကို လက်ခံမယ်၊ လက်မခံဘူး ဆုံးဖြတ်ပေးပါတယ်။

အဆင့် (၄) - Confirm
အဲ့ဒီ ဆုံးဖြတ်ချက်ကို merchant ဆီကို ချက်ချင်း ပြန်ပို့ပေးလိုက်ပါတယ်။ ငွေပေးချေသူအတွက် ပေးချေတာ အောင်မြင်ခဲ့ရင် ဒီအဆင့်မှာ merchant ဆီကနေ ဝန်ဆောင်မှု ရရှိမှာ ဖြစ်ပါတယ်။

အဆင့် (၅) - Settle
Merchant အနေနဲ့ အမှန်တကယ်‌ ငွေလက်ခံရရှိဖို့ကတော့ settlement ပြုလုပ်ပြီး စာရင်းရှင်းပြီးတဲ့ အခါမှာမှ ချိတ်ဆက်ထားတဲ့ payment provider ဆီကနေ လက်ခံရရှိမှာပါ။

ဒီဂျစ်တယ်ငွေပေးချေမှုနည်းစနစ်တိုင်းလိုလိုမှာ ဒီအဆင့်သဘောတရားတွေအတိုင်း လုပ်ဆောင်တာမို့ အခုအဆင့်တွေနဲ့ သဘောတရားကို သိထားရင် စနစ်တိုင်းကို လွယ်ကူစွာ နားလည်နိုင်ပါလိမ့်မယ်။

“Payments Made Simple” 40-day series day 5 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤1👍1
Day 6 - Online နဲ့ In-Store Payments ရဲ့ မတူကွဲပြားပုံ

Online ဖြစ်တဲ့ အင်တာနက်ပေါ်မှာ စျေးဝယ်တာနဲ့ in-store ဖြစ်တဲ့ စျေးဆိုင်မှာ စျေးဝယ်တာတွေမှာ ငွေပေးချေတဲ့အခါ တူသလိုလိုနဲ့ ခြားနားနေတဲ့ နောက်ကွယ်က လုပ်ဆောင်ပုံတွေကို သိထားဖို့ လိုပါတယ်။

စျေးဆိုင်မှာ ကတ်ကို tap လုပ်တာ၊ QR scan ဖတ်တာမျိုးတွေမှာ POS terminal လိုမျိုး physical device ကို အသုံးပြုပါတယ်။ အဲ့ဒီ POS စက်ကနေ card data အစရှိသဖြင့် လိုအပ်တဲ့ အချက်အလက်တွေကို စစ်ဆေးပါတယ်။ အဲ့ဒီနောက် encrypt လုပ်ပြီး acquirer ရဲ့ စနစ်ကနေတဆင့် issuer ဆီကို သက်ဆိုင်ရာ ကွန်ရက်ကနေ အသုံးပြုခွင့် တောင်းခံလိုက်ပါတယ်။ ဝယ်ယူသူကိုယ်တိုင် ဆိုင်မှာရှိနေတာ ဖြစ်တဲ့အတွက် လုပ်ဆောင်ရတာ ရိုးရိုးရှင်းရှင်းပါပဲ။

အင်တာနက်ပေါ်မှာ စျေးဝယ်တာကျတော့ ecommerce website နဲ့ app တွေကနေတဆင့် card ၊ wallet အချက်အလက် စတာတွေကို ရယူပြီး လုပ်ဆောင်ရပါတယ်။ ငွေပေးချေသူက ဆိုင်မှာ လူကိုယ်တိုင်ရှိနေတာ မဟုတ်တဲ့အတွက် ဆုံးရှုံးနိုင်ခြေ risk နည်းစေဖို့ OTP ၊ 3D Secure နဲ့ device check တာလို အတည်ပြုနည်းလမ်းတွေကို ထပ်ဆောင်း အသုံးပြုကြရပါတယ်။ Online စနစ်တွေဖြစ်လို့ IP address ၊ browser အမျိုးအစားနဲ့ transaction patterns တွေကိုပါ ထည့်သွင်းစစ်ဆေးလေ့ ရှိကြပါတယ်။

နောက်အဆင့်မှာတော့ online ပဲဖြစ်ဖြစ် in-store ပဲဖြစ်ဖြစ် ငွေပေးချေမှုကို issuer ၊ wallet provider အစရှိတဲ့ payer’s side မှ provider ကနေပြီး အသုံးပြုခွင့်ပြုတယ်၊ မပြုဘူးဆိုတဲ့ဆုံးဖြတ်ချက် ချပေးခြင်း authorization ကို လုပ်ပါတယ်။ Authorization ရလဒ်ပေါ်မူတည်ပြီး merchant ဆီကို ငွေကြေးလွှဲပြောင်းပေးဖို့ လုပ်ဆောင်ရတဲ့ clearing နဲ့ settlement process ကို လုပ်ဆောင်ပါတယ်။ ဒီအဆင့်တွေမှာတော့ online ပဲ ဖြစ်ဖြစ် in-store ပဲ ဖြစ်ဖြစ် အတူတူပါပဲ။

“Payments Made Simple” 40-day series day 6 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤1
Day 7 - Clearing နဲ့ Settlement က အတူတူပဲလား

ငွေပေးချေမှုနဲ့ ပတ်သတ်လာရင် clearing နဲ့ settlement ကို အတူတွဲပြီး ပြောကြလေ့ရှိပေမယ့် တစ်ခုတည်း မဟုတ်ပါဘူး၊ clearing ပြီးမှ settlement လုပ်ရတာ ဖြစ်ပါတယ်။

Clearing ဆိုတာကတော့ ဘဏ်တွေ သို့မဟုတ် payment provider တွေကြားမှာ ‌transaction ဆိုင်ရာ၊ ငွေပေးချေမှုဆိုင်ရာ အချက်အလက် data တွေကို ဖလှယ်တဲ့ အဆင့်ဖြစ်ပါတယ်။ ငွေပမာဏ၊ အချိန်၊ merchant ရဲ့ အချက်အလက်၊ ဝန်ဆောင်ခတွေနဲ့ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်ပေးရမယ်ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။ ဒီအဆင့်မှာ ငွေကြေးလွှဲပြောင်းမှု မဖြစ်သေးပါဘူး။ အချက်အလက်ဖြစ်တဲ့ data တွေပဲ ဖလှယ်မှာ ဖြစ်ပါတယ်။

Settlement ဆိုတာကတော့ အဲ့ဒီ clearing ကနေ ရလာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး အဖွဲ့အစည်းတွေကြားမှာ အမှန်တကယ် ငွေကြေး လွှဲပြောင်းပေးတဲ့အဆင့် ဖြစ်ပါတယ်။ Merchant နဲ့ သက်ဆိုင်ရာ party တွေအနေနဲ့ ဒီအဆင့်ရောက်မှသာ ကိုယ့်အကောင့်ထဲကို ငွေအမှန်တကယ် ရောက်ရှိမှာ ဖြစ်ပါတယ်။
အလွယ်ပြောရရင် clearing ဆိုတာ ကျသင့်ငွေစာရင်း bill နဲ့ သဘောတရားတူညီပြီး၊ settlement ကတော့ အဲ့ဒီ bill အတွက် ငွေအမှန်တကယ် ပေးချေခြင်း၊ ရရှိခြင်း သဘောတရားနဲ့ ဆင်တူပါတယ်။

ငွေပေးချေတဲ့အခါ အသုံးပြုသူ end-user တွေအနေနဲ့ authorization အဖြေကိုပဲ ချက်ချင်း မြင်တွေ့ရမှာပါ။ clearing နဲ့ settlement လုပ်ငန်းစဉ်တွေ အတွက်ကတော့ မြင်နိုင်သိနိုင်မှာ မဟုတ်ပါဘူး။ ငွေပေးချေမှု အောင်မြင်ပြီးတော့မှ နောက်ကွယ်မှာ ဆက်လက်လုပ်‌ဆောင်တဲ့ process တွေ ဖြစ်တာမို့ပါ။ ဒီအချက်ကို နားလည်ထားမယ်ဆိုရင် merchant တွေဆီကို ငွေစာရင်းရှင်းပေးခြင်းနဲ့ အကြောင်းအရာတွေကို ကိုင်တွယ်ရတဲ့အခါမှာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။

“Payments Made Simple” 40-day series day 7 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
🥰2❤1
Day 8 – Payments Failure အများစုဟာ ဒီအချက်တွေကြောင့်ပါ

ငွေပေးချေမှု အများစုမှာ failed ဖြစ်စေတဲ့ အကြောင်းအရင်းက ယေဘုယျအားဖြင့် နည်းနည်းပဲ ရှိတာပါ။

(၁) လက်ကျန်ငွေ မလုံလောက်တာ
(၂) PIN နဲ့ OTP တွေ မှားရိုက်မိတာ
(၃) ကတ်နံပါတ်၊ CVV နဲ့ expiry တွေ မှားရိုက်မိတာ၊ ကတ်သက်တမ်းကုန်နေတာ
(၄) လက်ကျန်ငွေရှိသော်လည်း daily/weekly/monthly နဲ့ transaction limit ပြည့်နေတာ
(၅) System တွေကြား connection ပြုတ်နေတာ၊ network ပြဿနာရှိနေတာ
(၆) ကတ် ၊ wallet နဲ့ payment အကောင့်တွေ locked/blocked ဖြစ်နေတာ
(၇) Fraud rule တွေ၊ risk setting တွေနဲ့ ငြိနေတာ၊ သံသယဖြစ်ခံရတာ
(၈) Merchant နဲ့ terminal setup တွေ၊ configuration တွေ မှားယွင်းနေတာ

များသောအားဖြင့် ဒီအကြောင်းအရာတွေကြောင့်ပဲ ဖြစ်လေ့ရှိပါတယ်။ ငွေပေးချေမှုတွေကို စစ်ဆေးရတဲ့အခါ ဒီအချက်တွေကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ ဒါဆို ပြဿနာတော်တော်များများမှာ technical detailed အထိ စစ်ဖို့မလိုအပ်တော့ဘဲ customer service နဲ့ 1st level support မှာတင် အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မယ်။

“Payments Made Simple” 40-day series day 8 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤3
Day 9 - တူသလိုလိုနဲ့ ကွဲပြားတဲ့ Void ၊ Refund နဲ့ Reversal တွေအကြောင်း

Void ၊ Refund နဲ့ Reversal transaction အမျိုးအစားတွေ အားလုံးက ငွေပေးချေသူ customer ကို ငွေပြန်ပေးတာချင်း အတူတူပေမယ့် အသုံးပြုရတဲ့ အခြေအနေတွေ မတူညီပါဘူး။

Void transaction အမျိုးအစားကတော့ ငွေပေးချေမှု transaction တစ်ခုအတွက် settled မလုပ်ရသေးတဲ့ အခြေအနေမှာ cancel ပြန်လုပ်တာ ဖြစ်ပါတယ်။ ငွေပေးချေမှု လုပ်ဆောင်တဲ့နေ့နဲ့ void က တစ်ရက်တည်း ဖြစ်လေ့ရှိပြီး settlement လုပ်ပြီးသွားရင်တော့ void ကို အသုံးပြုလို့ မရတော့ပါ။

Refund ကတော့ merchant တွေအနေနဲ့ settlement ပြုလုပ်ပြီး ငွေလက်ခံရရှိပြီးတဲ့ အခြေအနေမှာ အသုံးပြုပါတယ်။ Merchant အနေနဲ့ ပိုက်ဆံကို လက်ခံရရှိပြီး ဖြစ်တဲ့အတွက် void လုပ်လို့မရတော့ပါ။ Refund transaction ကိုသုံးပြီး ငွေပြန်အမ်းပေးရမှာ ဖြစ်ပါတယ်။ Settlement ပြီးမှ refund လုပ်ပေးနိုင်တာဖြစ်တဲ့အတွက် void လိုမျိုး ချက်ချင်းမရဘဲ အချိန်ပိုကြာလေ့ရှိပါတယ်။

Reversal ကတော့ အကြောင်းတစ်ခုခုကြောင့် customer ကို ဝန်ဆောင်မှုလည်း မပေးနိုင်တဲ့ အခြေအနေမှာ ငွေပေးချေမှု authorization ကို ပြန်လည်ပြင်ဆင်တဲ့ transaction အမျိုးအစား ဖြစ်ပါတယ်။ များသောအားဖြင့် timeout နဲ့ system failure တွေ ဖြစ်တဲ့အခါတွေမှာ reversal transaction ကို အသုံးပြုပြီး ငွေပေးချေသူဆီက authorized လုပ်ထားတဲ့ငွေကို release ပြန်လုပ်ပေးပါတယ်။ Void နဲ့ မတူတာက void မှာ transaction ကို manual cancel လုပ်ပေးတာဖြစ်ပြီး၊ reversal မှာတော့ အလိုအလျောက် release လုပ်ပေးတာ ဖြစ်ပါတယ်။

“Payments Made Simple” 40-day series day 9 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
👍2
Day 10 - Card ၊ Wallet နဲ့ QR Payment များ အကြောင်း

ကတ်နဲ့ ငွေပေးချေတဲ့အခါ merchant အတွက် ကတ်လက်ခံနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ acquirer နဲ့ ကွန်ရက်ပံ့ပိုးပေးသူ card network တွေကနေတဆင့် ကတ်ထုတ်ဝေသူ issuer ဆီ အချက်အလက်တွေ ပို့ဆောင်ပေးပါတယ်။ Issuer ကနေပြီး balance ၊ limits နဲ့ risk အစရှိတာတွေကို စစ်ဆေးပြီး transaction ကို ခွင့်ပြုပေးပါတယ်။

Wallet နဲ့ ငွေပေးချေတာမှာတော့ အကောင့်နံပါတ် ဖုန်းနံပါတ်သုံးပြီး peer-to-peer ငွေပေးချေတာ၊ ငွေပေးချေသူနဲ့ merchant ကြား တူညီတဲ့ wallet provider ကိုပဲ အသုံးပြုလို့ရတဲ့ wallet-specific QR သုံးပြီး ငွေပေးချေတာ၊ မတူညီတဲ့ wallet provider တွေကြား ချိတ်ဆက်ပြီး interoperate လုပ်နိုင်တဲ့ QR standard (ဥပမာ - MMQR) သုံးပြီး ငွေပေးချေတာ အစရှိသဖြင့် ပေးချေကြပါတယ်။

နောက်တစ်ပိုင်းမှာတော့ transaction flow တွေအကြောင်းကို ဆက်ပြီးတော့ ပြောပါမယ်။

“Payments Made Simple” 40-day series day 10 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤2
Day 11 - ကတ်၊ Wallet နဲ့ MMQR Transaction Flow စီးဆင်းပုံ

ငွေပေးချေမှုနည်းလမ်းတိုင်းမှာ ပုံမှန်အားဖြင့် request ၊ routing ၊ approval နဲ့ posting ဆိုတဲ့ အဆင့်တွေကို လုပ်ဆောင်ကြရပါတယ်။ ဒီတစ်ခါတော့ ကတ်နဲ့ QR payment တွေအတွက် ယေဘုယျ transaction flow ကို မျှဝေပေးပါမယ်။

(၁) Card Payment Flow

🔁 Cardholder (Tap/Insert/Swipe) → Merchant POS → Acquirer → Card Network → Issuer


ကတ်နဲ့ ငွေပေးချေတဲ့အခါမှာ merchant POS စက်ကနေပြီး transaction request ကို acquirer ဆီ ပို့ပေးပါတယ်။ အဲ့ဒီနောက် acquirer ကနေ card network ကိုဖြတ်ပြီး issuer ဆီ ပို့ပေးလိုက်ပါတယ်။ Issuer က ရရှိလာတဲ့ အချက်အလက်တွေကို စစ်ဆေးပြီး အသုံးပြုခွင့်ပြုမယ်၊ မပြုဘူးဆိုတာ ချက်ချင်း respond ပြန်ပေးပါတယ်။ ငွေပေးချေမှု အောင်မြင်ခဲ့ရင် cardholder က ဝယ်ယူတဲ့ပစ္စည်း ရပါပြီ။ Merchant အတွက် ငွေကတော့ clearing နဲ့ settlement တွေပြီးမှ ရမှာဖြစ်ပါတယ်။

(၂) QR Payment Flow

🔁 Merchant POS (Display QR) → Payer App (Scan & Pay) → Issuer → National QR Switch → Acquirer → Merchant POS (Notify)


National QR Switch (ဥပမာ - MMQR) လို မတူညီတဲ့ provider တွေကြား interoperate လုပ်နိုင်တဲ့ network အသုံးပြုထားတဲ့ wallet နဲ့ QR ငွေ‌ပေးချေမှုတွေမှာတော့ ပထမဆုံး အဆင့်အနေနဲ့ merchant POS ကနေ QR code ကို ထုတ်ပြီး customer ကို ပြပါတယ်။ Customer က wallet သို့မဟုတ် payment app ကနေ scan ဖတ်ပြီး ငွေပေးချေပါတယ်။ အဲ့ဒီမှာ issuer (wallet/payment app provider) ကနေ အသုံးပြုခွင့်ပြုမယ်၊ မပြုဘူး ဆုံးဖြတ်ပေးပါတယ်။ အဲ့ဒီ ဆုံးဖြတ်ချက် response ကို national QR switch ကနေတစ်ဆင့် acquirer ဆီ၊ acquirer ကနေတစ်ဆင့် merchant POS ဆီကို notify ပြန်လုပ်ပေးပါတယ်။ ဒါဆိုရင်တော့ customer အတွက် ငွေပေးချေခြင်း ပြီးဆုံးပါပြီ။ ကတ်နဲ့ငွေပေးချေတာမှာလိုပဲ merchant အတွက် ငွေကတော့ clearing နဲ့ settlement တွေပြီးမှ ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ သိထားရမှာက အသုံးပြုတဲ့ network ကွန်ရက်၊ channel (ATM, POS, Ecommerce) နဲ့ payment service provider တွေအပေါ်မူတည်ပြီး transaction flow ဟာ အမြဲတမ်း တစ်သမတ်တည်း ဖြစ်နေမှာ မဟုတ်ပါဘူး။ ယေဘုယျ သဘောတရားကို သိထားခြင်းဖြင့် မတူညီတဲ့ ချိတ်ဆက်လုပ်ဆောင်မှုတွေကို ကိုင်တွယ်တဲ့အခါမှာ အလွယ်တကူနားလည်နိုင်ဖို့ အထောက်အကူဖြစ်ပါလိမ့်မယ်။

“Payments Made Simple” 40 day series - day 11 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤3
Day 12 - Issuer ၊ Acquirer နဲ့ Payment Scheme ဆိုတာ

ဒီတစ်ခါတော့ ငွေပေးချေမှုတိုင်းမှာ အဓိက ပါဝင်သူတွေဖြစ်တဲ့ issuer ၊ acquirer နဲ့ payment scheme တွေ အကြောင်းကို ဆက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Issuer သို့မဟုတ် payer’s payment service provider ကတော့ ကတ်၊ wallet ၊ mobile အစရှိသဖြင့် ငွေပေးချေမှုအတွက် အသုံးပြုတဲ့ payment instruments တွေ provide လုပ်ပေးထားတဲ့ ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်ပါတယ်။ ငွေပေးချေမှု transaction တိုင်းမှာ အသုံးပြုနိုင်တဲ့ balance ငွေပမာဏ၊ ကန့်သတ်မှု limits တွေနဲ့၊ fraud rules တွေ၊ account status တွေပေါ်မူတည်ပြီး approve သို့မဟုတ် decline လုပ်ပေးပါတယ်။

Acquirer သို့မဟုတ် payee’s payment service provider ကတော့ merchant အတွက် ငွေပေးချေမှု လက်ခံနိုင်စေဖို့ ဝန်ဆောင်မှုပေးတဲ့ ဘဏ် သို့မဟုတ် ငွေကြေးအဖွဲ့အစည်း ဖြစ်ပါတယ်။ POS စက်၊ online နဲ့ mobile channel အစရှိတာတွေကနေ ငွေပေးချေမှု transaction တွေကို လက်ခံရယူပြီး ချိတ်ဆက်ထားတဲ့ ကွန်ရက်ဖြစ်တဲ့ payment scheme ဆီကို ပို့ဆောင်ပေးပါတယ်။

Payment scheme ကတော့ issuer နဲ့ acquirer တွေကြားမှာ transaction တွေ လုပ်ဆောင်နိုင်စေဖို့ infrastructure နဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေကို ချပေးတဲ့၊ ချိတ်ဆက်ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ Issuer နဲ့ acquirer တွေကြား ငွေစာရင်းရှင်းနိုင်ဖို့ clearing ကိုလည်း လုပ်ဆောင်ပေးပါတယ်။

“Payments Made Simple” 40 day series - day 12 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤1🥰1
Day 13 - ငွေပေးချေမှု အောင်မြင်ပြီးနောက် Merchant တွေ ပိုက်ဆံဘယ်လိုရသလဲ

Digital payment တွေနဲ့ ငွေပေးချေတဲ့အခါမှာ customer က ငွေရှင်းလိုက်တာနဲ့ merchant က ချက်ချင်း ပိုက်ဆံမရပါဘူး။ ဖြတ်သန်းရတဲ့ အဆင့်တွေရှိပါတယ်။

(၁) Payment Capture အဆင့်
POS စက်၊ ecommerce app အစရှိသဖြင့် payment channel တွေကနေ transaction data ကို ရယူပြီး acquirer ဆီ ပို့ပါတယ်။ ပြီးတော့ ချိတ်ဆက်ထားတဲ့ payment network ကနေတစ်ဆင့် issuer ဆီကို ပို့ပေးပါတယ်။

(၂) Authorization အဆင့်
Customer အနေနဲ့ ငွေပေးချေနိုင်စွမ်းနဲ့ ငွေပေးချေခွင့် ရှိ၊ မရှိကို issuer က စစ်ဆေးပါတယ်။ ပြီးတော့ "Approved" သို့မဟုတ် "Declined" ဆိုပြီး ချက်ချင်း respond ပြန်ပေးပါတယ်။

(၃) Batch Submission နဲ့ Clearing အဆင့်
"Approved" ဖြစ်ခဲ့တဲ့ transaction တွေအတွက် transaction amount ၊ ငွေပေးချေတဲ့အချိန် အစရှိသဖြင့် transaction data တွေကို submission နဲ့ clearing လုပ်ပါတယ်။

(၄) Settlement အဆင့်
အဲ့ဒီနောက်မှာတော့ issuer ဘက်ကနေ merchant အကောင့်ထဲကို ငွေအမှန်တစ်ကယ် ရွေ့လျားရောက်ရှိတဲ့ အဆင့်ဖြစ်ပါတယ်။ Merchant အနေနဲ့ ဝန်ဆောင်ခတွေ နှုတ်ယူထားပြီး ကျန်ရှိတဲ့ ငွေပမာဏကို သက်ဆိုင်ရာ ချိတ်ဆက်ထားတဲ့ acquirer ဆီကနေ လက်ခံရှိရှိမှာ ဖြစ်ပါတယ်။

“Payments Made Simple” 40 day series - day 13 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤1
Day 14 – Digital Wallet တွေ ငွေဖြည့်တာ၊ ငွေထုတ်တာ

ငွေဖြည့်ခြင်း (Adding money)
- Digital wallet တွေကို ငွေဖြည့်တဲ့အခါ နည်းလမ်း ၃-မျိုးနဲ့ ငွေဖြည့်လို့ရပါတယ်။ ပထမဆုံးနည်းလမ်းက နီးစပ်ရာ wallet agent သို့မဟုတ် အခြားသူတစ်ယောက်ရဲ့ wallet balance ကနေ ငွေထည့်ပေးတာ ဖြစ်ပါတယ်။ နောက်တစ်နည်းက wallet ထဲကို ခွင့်ပြုထားတဲ့ ဘဏ်အကောင့်ကနေ ငွေလွှဲပြီး ထည့်တာဖြစ်ပါတယ်။ နောက်တစ်နည်းက debit ကတ်၊ credit ကတ် အစရှိတဲ့ ကတ်တွေကနေ top-up လုပ်ပြီး ငွေထည့်တာ ဖြစ်ပါတယ်။

ငွေထုတ်ခြင်း (Withdrawing money)
- Wallet တွေကနေ ငွေထုတ်ဖို့မှာလည်း နည်းလမ်း ၃-မျိုးနဲ့ ထုတ်လို့ရပါတယ်။ ပထမဆုံးနည်းလမ်းက နီးစပ်ရာ wallet agent ကနေ ငွေထုတ်တာပါ။ ‌နောက်တစ်နည်းက အဲ့ဒီ wallet နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်ရဲ့ ATM မှာ ငွေထုတ်တာပါ။ ‌နောက်တစ်နည်းကတော့ wallet နဲ့ ချိတ်ဆက်ထားတဲ့ ဘဏ်အကောင့်ထဲကို ငွေလွှဲထည့်တာပါ။ Wallet agent ဆီမှာ ငွေထုတ်တာနဲ့ ATM မှာ ငွေထုတ်တာတွေမှာ ငွေသားထုတ်ယူနိုင်မှာပေမယ့်၊ ဘဏ်အကောင့်ထဲကို ငွေလွှဲထည့်မယ်ဆိုရင်တော့ digital money အနေနဲ့ပဲရမှာပါ။ ဒါပေမယ့် ဘဏ်အကောင့်ထဲကို ငွေရောက်သွားတာဖြစ်တဲ့အတွက် ဘဏ်မှာ ငွေသွားထုတ်လို့ရသလို အဲ့ဒီ ဘဏ်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ ATM တွေမှာလည်း debit ကတ်နဲ့ ငွေသားအလွယ်တကူ ထုတ်ယူလို့ရပါတယ်။

“Payments Made Simple” 40 day series - day 14 အတွက် ဖြစ်ပါတယ်။ Payments ဆိုင်ရာ အကြောင်းအရာတွေကို လက်တွေ့ကျကျ တိုတိုရှင်းရှင်းနဲ့ တစ်နေ့တစ်ပုဒ် ဆက်ပြီး တင်ပေးပါမယ်။

#40DaysOfPayments #PaymentsMadeSimple
#Payments #FinTech #DigitalPayments #FinancialServices
❤2