PayZillion
154 subscribers
32 photos
5 videos
1 file
30 links
Decoding the Payments Ecosystem
About Payments, Fintech, and Banking

https://payzillion.com
Download Telegram
MPU အကြောင်း၊ MPU ကဒ်တွေအကြောင်း

Myanmar Payment Union (MPU) ကို ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ MPU ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ National Payment Switch (NPS) အနေနဲ့ ကဒ်ကွန်ရက် (Card Network) ကို ထောက်ပံ့ပေးတာပါ။ MPU ကြောင့် မြန်မာပြည်တွင်းဘဏ်တွေက ထုတ်ဝေတဲ့ ကဒ်တွေဟာ မတူညီတဲ့ ဘဏ်တွေရဲ့ ATM ၊ POS စက်တွေ၊ E-commerce website နဲ့ app တွေမှာ အသုံးပြုငွေပေးချေလို့ရတာ ဖြစ်ပါတယ်။ MPU လို National Payment Switch သာ မရှိခဲ့ရင် ပြည်တွင်းဘဏ်ကဒ်တွေဟာ သက်ဆိုင်ရာ ကဒ်ထုတ်ဝေထားတဲ့ ဘဏ်ရဲ့ စက်တွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး Interoperability လို့ခေါ်တဲ့ မတူညီတဲ့ ဘဏ်တွေ၊ စနစ်တွေမှာ အသုံးပြုနိုင်မှာ မဟုတ်ပါ။

💳 About MPU Card
MPU ဟာ ၂၀၁၃ခုနှစ်မှာ နိုင်ငံတကာကဒ်ကွန်ရက်တွေဖြစ်တဲ့ UPI ၊ JCB တို့နဲ့ Card Network level collaboration တွေပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတကာက UPI နဲ့ JCB ကဒ်တွေကို MPU ကွန်ရက်မှာ စတင်လက်ခံနိုင်လာပါတယ်။ MPU ဟာ ၂၀၁၅ ခုနှစ်မှာ Public Company အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာပဲ 2C2P ရဲ့ စနစ်ထောက်ပံ့မှုနဲ့ MPU ကဒ်တွေအတွက် ပြည်တွင်း အွန်လိုင်းငွေပေးချေမှု e-commerce ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ပြည်တွင်းကဒ်စနစ်တွေအတွက် ကဒ်ကွန်ရက်တစ်ခုအဖြစ် စတင်ခဲ့တဲ့ MPU ဟာ ၂၀၁၆ ခုနှစ်မှာတော့ နိုင်ငံတကာကို ယူဆောင်အသုံးပြုနိုင်တဲ့ MPU-UnionPay Co-Brand Card တွေ၊ MPU-JCB Co-Brand Card တွေလည်း ဘဏ်တွေကို ထုတ်ဝေနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ Mastercard နဲ့ ပူးပေါင်းထုတ်ဝေတဲ့ MPU-Mastercard Co-Brand Card တွေလည်း ထွက်လာခဲ့ပါတယ်။ ကဒ်ကွန်ရက်အချင်းချင်း ပူးပေါင်းလုပ်ဆောင်မှုကြောင့် ပြည်တွင်းဘဏ်တွေက ထုတ်ဝေတဲ့ MPU Co-Brand Card တွေဟာ နိုင်ငံတကာကို ယူဆောင်သွားလို့ရလာပြီး UPI ၊ JCB ၊ Mastercard လက်ခံတဲ့ ATM တွေ၊ POS စက်တွေနဲ့ e-commerce စနစ်တွေမှာ အသုံးပြုလို့ရလာပါတယ်။

ဘဏ်တွေက MPU ကဒ်တွေထုတ်ဝေရာမှာ ပြည်တွင်းမှာပဲ အသုံးပြုနိုင်တဲ့ MPU သီးသန့်ကဒ်တွေ ထုတ်ဝေကြသလို၊ နိုင်ငံတကာကို ယူဆောင်သွားလို့ရတဲ့ MPU Co-Brand ကဒ်တွေရော ထုတ်ဝေကြပါတယ်။ MPU brand အောက်မှာ Credit Card နဲ့ Debit Card ဆိုပြီး ကဒ်အမျိုးအစား နှစ်မျိုး ထုတ်ဝေကြပါတယ်။ အဲ့ဒါကြောင့် ဘဏ်တွေမှာ ကဒ်လျှောက်ထားတဲ့အခါ ကိုယ်အသုံးပြုချင်တဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး လျှောက်ထားသင့်ပါတယ်။ ပြည်တွင်းမှာပဲ သီးသန့်အသုံးပြုချင်တာဆိုရင် MPU သီးသန့်ကဒ် ကိုင်ဆောင်ဖို့ အဆင်ပြေပါတယ်။ နိုင်ငံခြားကို ယူသွားပြီး အသုံးပြုမှာဆိုရင် အိမ်နီးချင်းအာရှနိုင်ငံတွေပဲ သွားမှာဆိုရင် ဘယ် MPU Co-Brand Card ကိုမဆို ကိုင်ဆောင်နိုင်ပြီး အနောက်နိုင်ငံတွေအထိ သွားမှာဆိုရင်တော့ MPU-Mastercard (Co-Brand) က ပိုပြီး အဆင်ပြေနိုင်ပါတယ်။ (ဒီနေရာမှာ Visa Card တွေကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ နိုင်ငံတကာအတိုင်းအတာမှာ ဘယ်ကိုရောက်ရောက် အသုံးပြုနိုင်ဖို့ သေချာတာမို့ပါ။ Visa ကဒ်ကတော့ MPU နဲ့ Co-Brand မထုတ်ထားသေးပါ။ ဘဏ်တွေက သူတို့အစီအစဉ်နဲ့သူတို့ ထုတ်ဝေကြပါတယ်။) နောက်ပြီး ကဒ်လျှောက်ထားရာမှာ Credit Card တွေမှာဆို Card ရဲ့ level နဲ့ brand အမျိုးအစားပေါ်မူတည်ပြီး Travel Perks နဲ့ Reward တွေခံစားခွင့်ရှိတာမို့ နိုင်ငံခြားမကြာခဏထွက်တတ်တဲ့သူဆိုရင် Debit Card အသုံးပြုတာထက် Credit Card လျှောက်ထားအသုံးပြုတာက ပိုအဆင်ပြေနိုင်ပါတယ်။ Credit Card တွေမှာလည်း Platinum တို့ Diamond ကဒ်တို့ ကိုင်ဆောင်မယ်ဆို အကျိုးခံစားခွင့်တွေ အများဆုံးရမှာဖြစ်ပါတယ်။ (ကဒ်အတွက် နှစ်စဉ်ကြေးလဲ အများဆုံး ပေးရမှာပါနော်။)
MPU Card ကိုင်ဆောင်ရာမှာ ATM နဲ့ POS စက်တွေမှာ အသုံးပြုနိင်ဖို့အတွက် ကဒ် activate လုပ်ပြီးတာနဲ့ စတင်အသုံးပြုနိုင်မှာပေမယ့် ပြည်တွင်း e-commerce စျေးဝယ်ရာမှာ အသုံးပြုဖို့အတွက်တော့ သီးသန့်လျှောက်ထားဖို့လိုပါတယ်။ အချို့ဘဏ်တွေမှာတေ့ ကဒ်လျှောက်တာနဲ့ တစ်ခါတည်း e-commerce အသုံးပြုနိုင်အောင် စီစဉ်ပေးလိုက်တာရှိနိုင်ပေမယ့် များသောအားဖြင့် ကိုယ်တိုင်လျှောက်ထားရပါမယ်။ လျှောက်ထားရမယ့် Link ကတော့ https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check ဖြစ်ပါတယ်။ လျှောက်ထားတဲ့အခါ သက်ဆိုင်ရာဘဏ်တွေက application ကို စစ်ဆေးပြီး manual approval ပေးမှာဖြစ်လို့ ရက်အနည်းငယ်စောင့်ရတာမျိုးရှိမှာပါ။ အကယ်၍ ကိုယ့်ရဲ့ MPU ကဒ်က KBZ BANK သို့မဟုတ် AYA Bank က ထုတ်ဝေထားတာဆိုရင်တော့ KBZ နဲ့ AYA ရဲ့ ကိုယ်ပိုင် e-commerce application portal ကနေ လျှောက်ထားရမှာပါ။ အဲ့ဒါဆိုရင်တော့ MPU portal မှာလို အချိန်မစောင့်ရဘဲ ချက်ချင်း (Real-Time) စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားရမယ့် Link တွေကတော့ KBZ Bank ဆိုရင် https://mpu-ecommerce.kbzbank.com ဖြစ်ပြီး AYA Bank ဆိုရင် https://card.ayabank.com ဖြစ်ပါတယ်။ ဘဏ်ရဲ့ application portal ဆိုပေမယ့် MPU ရဲ့ ecommerce စနစ်ဆီကို ချိတ်ဆက်ထားပြီး Email ၊ OTP နဲ့ လျှောက်ထားသူရဲ့ အချက်အလက်တွေကို system နဲ့ auto verify လုပ်ပြီး approval ပေးတာမို့ ချက်ချင်းရတာဖြစ်ပါတယ်။ MPU Co-Brand ကဒ်တွေအတွက် ပြည်တွင်းမှာ e-commerce အသုံးပြုနိုင်ဖို့ သီးသန့်လျှောက်ရပေမယ့် UPI ၊ JCB ၊ Mastercard လို နိုင်ငံတကာ ငွေပေးချေမှုကွန်ရက်နဲ့ အသုံးပြုမယ့် International e-commerce အသုံးပြုနိုင်ဖို့အတွက်တော့ သီးသန့်လျှောက်ထားစရာမလိုပါ။ ကဒ်လက်ထဲရောက်ပြီး activation ပြုလုပ်ပြီးတာနဲ့ international e-commerce ready ဖြစ်ပါတယ်။

MPU Debit Card တွေနဲ့ ပြည်တွင်း ATM မှာ ငွေထုတ်မယ်ဆိုရင် တစ်ရက်မှာ အများဆုံး ၁၀သိန်းထိ ထုတ်ယူလို့ရပါတယ်။ ပြည်တွင်း POS စက်နဲ့ e-commerce စျေးဝယ်တာတွေမှာဆိုရင် တစ်ရက်မှာ အများဆုံး သိန်း၅၀အထိ အသုံးပြုနိုင်ပါတယ်။ Inter Bank Fund Transfer အတွက်ကတော့ အများဆုံး သိန်းတစ်ရာအထိ ငွေလွှဲနိုင်ပါတယ်။ ဒါကယျေဘုယျအားဖြင့် ပြည်တွင်းမှာ အသုံးပြုနိုင်တဲ့ (Limit) သတ်မှတ်ချက်တွေ ဖြစ်ပြီး အချို့ဘဏ်တွေမှာ ပိုပြီး ကန့်သတ်ထားတာတွေ ရှိနိုင်ပါတယ်။ နိုင်ငံတကာက ATM နဲ့ POS စက်တွေမှာဆိုရင်တော့ သက်ဆိုင်ရာဘဏ်အလိုက် သတ်မှတ်ချက်တွေ မတူညီကြပါ။ ဘဏ်အလိုက် Oversea Transaction Fee တွေ၊ Fx Mark Up Fee တွေလည်း ပေးရမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ MPU အကြောင်း၊ MPU ကဒ်တွေ အကြောင်း၊ ကန့်သတ်ချက် (Limit) တွေကို ရှင်းရှင်းလင်းလင်း သိသွားလောက်ပါပြီ။ အဆင်ပြေကြမယ်လို့ ယုံကြည်ပါတယ်။ ငွေပေးချေမှုတွေအကြောင်း သိစရာတွေဖတ်ဖို့အတွက် Payment Essentials စာအုပ်ကို https://payzillion.com/payment-essentials မှာ အခမဲ့ download ရယူနိုင်ပါပြီ။ မကြာခင်မှာ Card Payment စနစ်တွေအကြောင်း အသေးစိတ်ရေးထားမယ့် Card Payments Professional စာအုပ်လည်း ထွက်လာဖို့ရှိပါကြောင်းလည်း သတင်းကောင်းပေးပါတယ်။
💳 Card Number တွက်ချက်ဖို့ အသုံးပြုတဲ့ Luhn Algorithm

Luhn Algorithm ကို Hans Peter Luhn ဆိုတဲ့ IBM ပညာရှင်က တီထွင်ခဲ့တာဖြစ်ပြီး ဘဏ်ကဒ်နံပါတ် (Card Number) တွေ တွက်ချက်ဖို့အတွက် စစ်ဆေးဖို့အတွက် အသုံးပြုကြပါတယ်။

Card Number Checker နဲ့ စမ်းပြီး တွက်ကြည့်ချင်တယ်ဆိုရင် ဒီမှာ သွားပြီး စမ်းကြည့်လို့ရပါပြီ။
https://payzillion.com/card-number-checker-luhn-algorithm

Luhn Algorithm နဲ့ Card Number မှန်၊ မမှန် တွက်ချက်ပေးတဲ့ Calculator ဖြစ်ပါတယ်။ Text box ထဲမှာ မိမိစစ်ချင်တဲ့ card number ကို ရိုက်ထည့်ပြီး “Validate” button ကို နှိပ်လိုက်တာနဲ့ မှန်၊ မမှန် တွက်နိုင်ပါတယ်။

ကဒ်နံပါတ်မှန်တယ်ဆိုရင် “The card number is valid.” ဆိုပြီး အစိမ်းရောင်နဲ့ result ပြပါမယ်။ နံပါတ်မှားခဲ့ရင် “The card number is invalid.” ဆိုပြီး အနီရောင်နဲ့ ပြပါမယ်။

လောလောဆယ် Calculator ရဲ့ logic မှာ Card Brand ခွဲဖို့ မထည့်ထားပါဘူး။ အဲ့ဒါကြောင့် MPU card ၊ Visa ၊ Mastercard ၊ JCB ၊ UPI အစရှိသဖြင့်တော့ ကဒ်အမျိုးအစားခွဲ မပေးပါဘူး။ ကဒ်နံပါတ် မှန်၊ မမှန်ပဲ တွက်ချက် အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။

နောက်ရက်ကျမှ Luhn Algorithm အကြောင်းနဲ့ တွက်ချက်နည်းကိုလည်း အသေးစိတ်ထပ်ရေးပေးပါမယ်။ Calculator ကိုလည်း Card Brand ပါ ခွဲထုတ်ပေးနိုင်အောင် ပြန် update လုပ်ပေးထားပါ့မယ်။
2
💳 Card Number Checker Tool ကို update လုပ်‌ပေးထားပါတယ်

Latest update မှာ Card Number မှန်၊ မမှန် စစ်ပေးနိုင်တဲ့အပြင် Card Brand တွေကိုပါ ခွဲခြားပေးနိုင်ပါပြီ။ MPU အပါအဝင် JCB ၊ UPI ၊ Visa ၊ Mastercard ၊ American Express ၊ Diners Club အစရှိတဲ့ Major Card Brand တွေကို ခွဲခြားပေးနိုင်ပါတယ်။

စမ်းသပ်ရအဆင်ပြေအောင် Test Card Number တွေပါ update လုပ်ပြီး ရေးပေးထားပါတယ်။

ဒီမှာ စမ်းသပ်လို့ရပါပြီ...
https://payzillion.com/card-number-checker-luhn-algorithm
💳 Card Payment စနစ်တွေကြား ဘယ်လိုဆက်သွယ်ကြသလဲ

Card Payments စနစ်တွေ တစ်ခုနဲ့တစ်ခု ဆက်သွယ်ဖို့အတွက် ISO 8583 ကို စံသတ်မှတ်ချက် (Messaging Standard) အဖြစ် အသုံးပြုပါတယ်။ ဆိုင်တစ်ဆိုင်မှာ ကဒ်နဲ့ ငွေရှင်းတယ်ဆိုပါစို့။ ကဒ်ကို စက်ထဲထည့်ပြီး ငွေချေလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ငွေပေးချေမှု ပြီးသွားပါတယ်။ အဲ့ဒီလို ဖြစ်ဖို့အတွက် Acquirer ကနေ Card Network ၊ Card Network ကနေ Card Issuer ကို ဆက်သွယ်ဖို့ရာ ISO 8583 ရဲ့ သတ်မှတ်ချက်တွေအတိုင်း အချင်းချင်း ဆက်သွယ်ပြီး အလုပ်လုပ်တာဖြစ်ပါတယ်။ ကဒ်အချက်အလက်၊ ငွေပမာဏ၊ သုံးစွဲတဲ့အချိန် စတဲ့အရာတွေကို ဘဏ်ဆီပို့ပေးပြီး ဘဏ်က ခွင့်ပြုမလား၊ ငြင်းမလားဆိုတာကို ပြန်ဖြေပေးပါတယ်။ ISO 8583 ကို Transaction Process မှာပါဝင်တဲ့ စက်တွေ၊ စနစ်တွေက လိုက်နာပြီး အသုံးပြုကြတာမို့ မတူညီတဲ့ စက်၊ စနစ်တွေဖြစ်ပေမယ့် အပြန်အလှန်ဆက်သွယ်နိုင်တာဖြစ်ပါတယ်။

ISO 8583 မှာ version ၃ခုရှိပြီး ၁၉၈၇ မှာ version 0 ၊ ၁၉၉၃ မှာ version 1 နဲ့ ၂၀၀၃ မှာ version 2 ဆိုပြီး ထွက်ထားပါတယ်။ လက်ရှိ Card Payments Industry မှာ အသုံးအများဆုံးနဲ့ တွင်ကျယ်စွာ အသုံးပြုနေကြတာကတော့ ISO 8583 version 0 ပဲ ဖြစ်ပါတယ်။ ISO 8583 Message တွေရဲ့ တည်ဆောက်ပုံကို ပြောရရင်တော့ ISO 8583 Message တွေမှာ ဒေတာပို့တဲ့အခါ အဓိကအားဖြင့် အစိတ်အပိုင်း ၃ခု ပါဝင်ပါတယ်။

၁။ Message Type Indicator (MTI): MTI ကတော့ Message အမျိုးအစားကို ဖော်ပြတာပါ။ MTI မှာ နံပါတ်၄လုံး ပါဝင်ပြီး ပထမဆုံးနံပါတ်က အသုံးISO 8583 message ရဲ့ version ကို ဖော်ပြပါတယ်။ ဒုတိယနံပါတ်ကတော့ Message ရဲ့ လုပ်‌ဆောင်ချက်ကို ဖော်ပြပေးပြီး၊ တတိယနံပါတ်ကတော့ Request လုပ်တာလား၊ Response ပြန်တာလားဆိုတာကို ဖော်ပြပါတယ်။ စတုတ္တနံပါတ်ကတော့ Message ရဲ့ လာရာ (Source) ကို ဖော်ပြပါတယ်၊ Acquirer ကနေ လာသလား၊ Issuer ကနေလာသလား အစရှိသဖြင့်ပေါ့။
ဥပမာ – MTI 0200 ဆိုရင် အဓိပ္ပာယ်က ပထမဆုံး 0 က ISO 8583 version 0 (1987) ကို ကိုယ်စားပြုပါတယ်။ ဒုတိယနံပါတ် 2 က Financial သုံးစွဲမှုတစ်ခုခုလုပ်မယ့် message ဖြစ်တယ်လို့ ပြောပါတယ်။ တတိယနံပါတ် 0 ကတော့ Request လုပ်တာပါလို့ ပြောပါတယ်။ စတုတ္ထနံပါတ် 0 ကတော့ Acquirer ဆီကနေ လာတာလို့ ပြောပါတယ်။

၂။ Bitmap: Bitmap ကတော့ ပို့လိုက်တဲ့ message မှာ ဘယ်ဒေတာအချက်အလက်တွေ (Data Elements) ပါမယ်ဆိုတာကို ဖော်ပြပါတယ်။

၃။ Data Elements: Data Elements (DE) တွေကတော့ ကဒ်နံပါတ်၊ အသုံးပြုတဲ့ ငွေပမာဏ၊ ငွေပေးချေတဲ့အချိန် အစရှိသဖြင့် Transaction နဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပါတယ်။

ဒီနေရာမှာ ကဒ်စနစ်ကို ကိုင်တွယ်နေရသူတွေဖြစ်ဖြစ်၊ သာမာန်အသုံးပြုသူတွေအဖြစ်ဖြစ် သိထားသင့်တာကတော့ DE 39 ဖြစ်တဲ့ response code တွေပါ။ Response code ဆိုတာကတော့ အသုံးပြုလိုက်တဲ့ Transaction ကို သက်ဆိုင်ရာ Issuer ဖြစ်စေ၊ Acquirer ဖြစ်စေ၊ Card Network ကဖြစ်စေ အသုံးပြုခွင့်ပြုမယ်၊ မပြုဘူးဆိုတာကို အကြောင်းပြန်ရာမှာအသုံးပြုတဲ့ code ဖြစ်ပါတယ်။
များသောအားဖြင့် တွေ့ရတတ်တဲ့ Response code တွေနဲ့ ဖြေရှင်းနည်းတွေကတော့…

🔎00 – Approved: အသုံးပြုခွင့်ပြုပါတယ်
🔎05 – Do Not Honor: အသုံးပြုခွင့်မပေးပါ (သက်ဆိုင်ရာ ကဒ်ထုတ်ပေးထားတဲ့ Issuer နဲ့ စစ်ဆေးပါ)
🔎14 – Invalid Card Number: ကဒ်နံပါတ်မှားယွင်းနေပါတယ် (Card Present transaction တွေမှာဆို ကဒ်ထုတ်ပေးတဲ့ process မှာ တစ်ခုခုပြဿနာရှိတာ ဖြစ်နိုင်တယ်၊ Issuer နဲ့ စစ်ပါ။ Card Not Present ဖြစ်တဲ့ e-commerce transaction တွေမှာဆို ကဒ်နံပါတ် မှားရိုက်မိတာကြောင့် ဖြစ်နိုင်တယ်၊ ကဒ်နံပါတ်မှန်အောင် ပြန်ရိုက်ထည့်ကြည့်ပါ)
🔎51 – Insufficient Funds: ငွေမလုံလောက်ပါ (အကောင့်ထဲ ငွေဖြည့်ပါ)
🔎54 – Expired Card: ကဒ်သက်တမ်းကုန်နေပါတယ် (Issuer နဲ့ ဆက်သွယ်ပြီး ကဒ်အသစ် ထုတ်ပါ၊ e-commerce မှာဆို expiry date မှားရိုက်မိရင်လည်း ဖြစ်တတ်ပါတယ်၊ expired မဖြစ်သေးရင် date အမှန်နဲ့ ပြန်သုံးကြည့်ပါ)
🔎55 – Incorrect PIN: PIN နံပါတ်မှားနေပါတယ် (PIN နံပါတ် အမှန်နဲ့ ပြန်သုံးကြည့်ပါ၊ PIN မေ့သွားတာဆိုရင် ဘဏ်ကို ဆက်သွယ်ပြီး အသစ်ပြောင်းပါ)
🔎59 – Suspected Fraud: လိမ်လည်မှုလုပ်နေသလား သံသယရှိတယ် (ဘဏ်ကိုဆက်သွယ်ပြီး အကြောင်းရင်းကို စစ်ဆေးပါ)
🔎75 – PIN Tries Exceeded: သတ်မှတ်ထားသော PIN မှားခွင့် အကြိမ်ရေထက် ကျော်သွားပါပြီ (ဘဏ်ကိုဆက်သွယ်ပြီး PIN Lock ဖြည်ခိုင်းပါ၊ PIN မေ့သွားတာဆိုရင် အသစ်ပြောင်းပါ)

ဆက်ပြီးတော့ ISO 8583 Message ရဲ့ တည်ဆောက်ပုံကို လေ့လာနိုင်အောင် နမူနာ (Sample Message) တစ်ခုကိုပါ ဖော်ပြပေးလိုက်ပါတယ်။ နားလည်လွယ်မယ်လို့ ထင်ပါတယ်။ ATM မှာ ငွေထုတ်တဲ့ Transaction အတွက် ပို့တဲ့ message ဖြစ်ပါတယ်။
MTI: 0200
Bitmap: F238000108A18010
DE 2: Primary Account Number: [Card Number]
DE 3: Processing Code: 010000
DE 4: Transaction Amount: 000005000000
DE 7: Transmission Date and Time: 0323154040
DE 11: System Trace Audit Number: 654321
DE 12: Local Transaction Time: 164040
DE 13: Local Transaction Date: 0323
DE 18: Merchant Category Code: 6011
DE 22: Point of Service Entry Mode: 021
DE 32: Acquiring Institution ID Code:12345678
DE 37: Retrieval Reference Number: XYZ987654321
DE 41: Card Acceptor Terminal ID: ATM00123
DE 49: Currency Code: 104

ဒီလောက်ဆိုရင်တော့ ISO 8583 message အကြောင်းနဲ့ သဘောတရားကို သိသွားလောက်ပါပြီ။ လက်ရှိအချိန်အထိ Visa ၊ Mastercard အပါအဝင် Major Card Brand တွေမှာ ISO 8583 ကို အသုံးပြုပါတယ်။ မြန်မာပြည်က Card Network ဖြစ်တဲ့ MPU မှာလည်း ISO 8583 ကိုပဲ Messaging Standard အဖြစ်သုံးပါတယ်။ အဲ့ဒါကြောင့် ISO 8583 Message တွေကို နားလည်ထားရင် ကဒ်အသုံးပြုသူ (User) တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ ကဒ်စနစ်တွေနဲ့ ထိတွေ့လုပ်ကိုင်ရတဲ့ Software Engineer တွေဖြစ်ဖြစ်၊ Payment Service Provider တွေနဲ့ ဘဏ်တွေမှာ အလုပ်လုပ်ရတဲ့ Professional တွေအတွက်ပဲဖြစ်ဖြစ် အများကြီး အကျိုးရှိမှာပါ။ ISO 8583 အကြောင်းကို စိတ်ဝင်စားသူတွေအတွက် မကြာခင်ထွက်လာမယ့် Card Payments Professional စာအုပ်ထဲမှာလည်း အသေးစိတ်ရေးထားတာ ပါလာပါလိမ့်မယ်။
💳 Card Payments Professional စာအုပ်

ကဒ်အသုံးပြုသူတစ်ယောက်အနေနဲ့ ငွေပေးချေမှု ကဒ်တွေ ဘယ်လိုအလုပ်လုပ်သလဲ သိချင်ပါသလား။ ATM ၊ POS နဲ့ E-commerce System တွေ အလုပ်လုပ်ပုံကို စိတ်ဝင်စားတာလား။ မိမိတို့ဆိုင်မှာနဲ့ E-commerce App တွေမှာ ငွေပေးချေမှုတွေ လက်ခံလိုပါသလား။ Bank တွေ၊ Payment Solution ကုမ္ပဏီတွေနဲ့ Fintech တွေမှာ ပရော်ဖက်ရှင်နယ်တစ်ယောက်အဖြစ် ထိထိရောက်ရောက် လုပ်ကိုင်လိုပါသလား။

မကြာခင်မှာ အားလုံးစိတ်ဝင်စားနေတဲ့ "Card Payments Professional" စာအုပ်ထွက်လာပါတော့မယ်။

စာအုပ်ထဲမှာ...
ငွေပေးချေမှုကဒ်တွေရဲ့ သမိုင်းကြောင်း၊ နည်းပညာနဲ့ အလုပ်လုပ်ပုံ သဘောတရားတွေ
Card Management System ၊ Payment Switch ၊ Payment Gateway အပါအဝင် ဆက်စပ်စနစ်တွေရဲ့ အလုပ်လုပ်ပုံတွေ
Authorization ၊ Clearing ၊ Settlement အစရှိသဖြင့် ငွေပေးချေမှုရဲ့ End-to-End သဘောတရားတွေ
EMV ၊ PCI DSS ၊ 3D Secure ၊ Tokenization နဲ့ Fraud Detection လုပ်နည်း၊ ကာကွယ်နည်းတွေ
ကဒ်စနစ်ရဲ့ ဘာသာစကားဖြစ်တဲ့ ISO 8583 Messaging Standard အကြောင်းနဲ့ Message ဖတ်ရှုနည်းတွေ
အငြင်းပွားမှု Dispute နဲ့ Chargeback တွေ ကိုင်တွယ်ဖို့အတွက် သိထားရမယ့် နည်းဗျူဟာတွေ
Payment System တွေရဲ့ Performance တွက်ချက်နည်းနဲ့ Optimize လုပ်နည်းတွေ
Ever Changing ဖြစ်‌နေတဲ့ Payments Industry မှာ အမြဲမျက်ခြေမပြတ်ဖို့ မဖြစ်မနေ သိထားရမယ့် အကြောင်းအရာများစွာ
အစရှိသဖြင့် Card Payments Professional တစ်ယောက်ရဲ့ လမ်းခရီးမှာ အသုံးတည့်မယ့် အကြောင်းအရာတွေကို Case Studies များစွာနဲ့ ပြည့်ပြည့်စုံစုံ ရေးထားပါတယ်။

ဒီစာအုပ်က Card Payments Domain နဲ့ ထိတွေ့ အလုပ်လုပ်ကိုင်နေကြသူ ပရော်ဖက်ရှင်နယ်တွေအတွက်သာ မဟုတ်ပါဘူး၊ ငွေပေးချေမှုကို မိမိတို့ဆိုင်မှာ POS နဲ့လက်ခံမယ့် Merchant တွေ၊ Online မှာ E-commerce အနေနဲ့ လက်ခံမယ့် Merchant တွေသာမက နေ့စဉ်လူမှုဘဝမှာ ကဒ်အသုံးပြုငွေချေကြတဲ့ End User တွေအတွက်ပါ စိတ်ဝင်စားစရာကောင်းအောင်၊ အသုံးတည့်အောင် စာမျက်နှာ ၃၀၀ကျော်နဲ့ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်။

လောလောဆယ်မှာ eBook အနေနဲ့ အရင်ဆုံးထွက်ပါမယ်။ မနက်ဖြန် မတ်လ ၂၄ ရက်နေ့မှာ Pre-Order စတင်ပြီး ဖွင့်ပေးပါ့မယ်။
1👍1
အားလုံးစောင့်မျှော်နေကြတဲ့ Card Payments Professional eBook ကို Pre-Order မှာယူလို့ရပါပြီ...

Card Payments Professional တစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ ဦးတည်ရေးသားထားတဲ့ စာအုပ်အနေနဲ့ဆိုရင် ဒီစာအုပ်က မြန်မာပြည်မှာ ပထမဆုံးနဲ့ အပြည့်စုံဆုံး ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ Card Payments Industry အကြောင်း၊ သိထားရမယ့် နည်းပညာနဲ့၊ စနစ်တွေအကြောင်းကို စာမျက်နှာ ၃၀၀ကျော်နဲ့ ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ Case Studies များစွာနဲ့ ရေးသားထားပါတယ်။

စာအုပ်ထဲမှာဘာတွေပါမလဲဆိုတော့…
ငွေပေးချေမှုကဒ်တွေရဲ့ သမိုင်းကြောင်း၊ နည်းပညာနဲ့ အလုပ်လုပ်ပုံ သဘောတရားတွေ
Card Management System ၊ Payment Switch ၊ Payment Gateway အပါအဝင် ဆက်စပ်စနစ်တွေရဲ့ အလုပ်လုပ်ပုံတွေ
Authorization ၊ Clearing ၊ Settlement အစရှိသဖြင့် ငွေပေးချေမှုရဲ့ End-to-End သဘောတရားတွေ
EMV ၊ PCI DSS ၊ 3D Secure ၊ Tokenization နဲ့ Fraud Detection လုပ်နည်း၊ ကာကွယ်နည်းတွေ
ကဒ်စနစ်ရဲ့ ဘာသာစကားဖြစ်တဲ့ ISO 8583 Messaging Standard အကြောင်းနဲ့ Message ဖတ်ရှုနည်းတွေ
အငြင်းပွားမှု Dispute နဲ့ Chargeback တွေ ကိုင်တွယ်ဖို့အတွက် သိထားရမယ့် နည်းဗျူဟာတွေ
Payment System တွေရဲ့ Performance တွက်ချက်နည်းနဲ့ Optimize လုပ်နည်းတွေ
Ever Changing ဖြစ်‌နေတဲ့ Payments Industry မှာ အမြဲမျက်ခြေမပြတ်ဖို့ မဖြစ်မနေ သိထားရမယ့် အကြောင်းအရာများစွာ
အစရှိသဖြင့် Card Payments Professional တစ်ယောက်ရဲ့ လမ်းခရီးမှာ အသုံးတည့်မယ့် အကြောင်းအရာတွေကို Case Studies များစွာနဲ့ ပြည့်ပြည့်စုံစုံ ရေးထားပါတယ်။

ဘယ်သူတွေဖတ်သင့်သလဲဆိုတော့…
နေ့စဉ်အသုံးပြုနေရတဲ့ ကဒ်စနစ်တွေအကြောင်း ရှင်းရှင်းလင်းလင်း သိထားလိုသူတွေ
မိမိတို့ဆိုင်မှာနဲ့ E-commerce စနစ်တွေမှာ ကဒ်ဖြင့် ငွေပေးချေမှု လက်ခံလိုသူတွေ
Payment Service Provider တွေ ၊ Fintech နဲ့ နိုင်ငံတကာဘဏ်တွေမှာ အလုပ်လုပ်လိုသူတွေ
Card Payments Industry မှာ ပရော်ဖက်ရှင်နယ်လမ်းကြောင်းကို လျှောက်လှမ်းနေသူတွေ ဖတ်သင့်ပါတယ်။

ယခုစာအုပ်အတွက် သတ်မှတ်စျေးနှုန်းကတော့ 19.98 USD ဖြစ်ပါတယ်။
Pre-Order မှာယူသူတွေအတွက် အထူးလျှော့စျေး 9.99 USD ပဲ ကျသင့်ပါမယ်။ မတ်လ ၂၉ရက်နေ့အထိ 9.99 USD နဲ့ Pre-Order မှာယူနိုင်ပါတယ်။ အဲ့ဒါပြီးရင်တော့ အခုလို Discount မရတော့ပါဘူး။

Pre-Order မှာယူသူတွေအတွက် နောက်ထပ် အထူးအစီအစဉ်တစ်ခုကတော့ Card Payments Professional စာအုပ်ကို Printed Version အနေနဲ့ ထုတ်ဝေတဲ့အခါမှာ အခမဲ့မေတ္တာလက်ဆောင်အနေနဲ့ ရယူနိုင်မှာဖြစ်ပါတယ်။

eBook ထွက်ရှိမယ့်နေ့ကတော့ ဧပြီလ ၁၀ရက်နေ့ ဖြစ်ပါတယ်။ Pre-order မှာယူသူများကို အဲ့ဒီနေ့မှာ email ကနေ eBook တွေ ပို့ပေးမှာ ဖြစ်ပါတယ်။
1
Card Payments Professional (eBook) စာအုပ် Pre-Order မှာယူရမယ့်နေရာကတော့...

https://payzillion.com/product/cardpaymentsprofessional-ebook-preorder/

ငွေပေးချေမှုအတွက်ကတော့ Card Payments စာအုပ်ဖြစ်တာမို့ စာအုပ်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် နိုင်ငံတကာ Card Payments တွေဖြစ်တဲ့ Visa ၊ Mastercard တွေနဲ့ ငွေပေးချေနိုင်အောင် စီစဉ်ထားပါတယ်။ Payment Processing လုပ်ဖို့အတွက် အသုံးပြုထားတာကတော့ Stripe Payment Gateway ပဲ ဖြစ်ပါတယ်။ အကယ်၍ Local Payments တွေနဲ့ပဲ ငွေချေချင်တယ်ဆိုရင်လည်း Checkout လုပ်တဲ့အခါမှာ KBZPay QR ၊ KBZ Bank Account နဲ့ AYA Bank Account တွေကနေ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ငွေချေလို့ရအောင် စီစဉ်ပေးထားပါတယ်။
1
💳 နိုင်ငံတကာသုံး Visa ၊ Mastercard တွေ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ ဘယ်လိုအလုပ်လုပ်သလဲ

အွန်လိုင်းမှာ ကဒ်တွေနဲ့ ငွေချေတဲ့အခါ 3D Secure လို့ ခေါ်တဲ့နည်းပညာကို အသုံးပြုကြပါတယ်။ တော်တော်များများ နားလည်ထားတာကတော့ အွန်လိုင်းမှာ ကဒ်နဲ့ငွေချေတဲ့အခါ လုံခြုံမှုအတွက် OTP code ကို အသုံးပြုပြီး စျေးဝယ်ရတယ်ဆိုတာပါ။ အဲ့ဒါ 3D Secure နည်းပညာကို အသုံးပြုထားလို့ပါ။

3D Secure ဆိုတာကတော့ E-commerce စျေးဝယ်တာတွေမှာ ကဒ်အသုံးပြုငွေပေးချေမှုတွေအတွက် လုံခြုံရေးနည်းပညာဖြစ်ပါတယ်။ Visa ၊ Mastercard ၊ JCB ၊ UPI လို major card brand တွေအားလုံးက 3D Secure နည်းပညာရဲ့ စံသတ်မှတ်ချက်အတိုင်း အလုပ်လုပ်ပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတကာသုံးငွေပေးချေမှု ကဒ်တွေမှာ E-commerce Payment အတွက် အသုံးပြုထားတဲ့ နည်းပညာ၊ လုပ်ဆောင်ပုံနဲ့ စနစ်တည်ဆောက်မှုတွေက အတူတူပဲဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ စျေးဝယ်သူ (Cardholder) က E-commerce App မှာ Checkout လုပ်တဲ့အခါ ကဒ်နံပါတ်၊ Expiry Date နဲ့ CVV တွေကို ရိုက်ထည့်ရပါတယ်။ အဲ့ဒီနောက် ကဒ်ထုတ်ဝေသူ (Issuer) က အသုံးပြုသူရဲ့ ဖုန်း သို့မဟုတ် email ကို OTP (One-Time Password) ကို ပို့ပေးပါတယ်။ အသုံးပြုသူအနေနဲ့ OTP code ကို E-commerce App ထဲမှာ မှန်ကန်စွာရိုက်ထည့်ပေးနိုင်တော့မှ ငွေပေးချေမှု အောင်မြင်မှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးခဲ့တာကတော့ ပုံမှန် နိုင်ငံတကာသုံးငွေပေးချေကဒ်တွေရဲ့ E-commerce ငွေပေးချေမှုတစ်ခုမှာ အလုပ်လုပ်ပုံပါ။

အခုနောက်ပိုင်းမှာ 3D Secure နည်းပညာမှာ အရင်လို အမြဲတမ်း OTP ရိုက်ထည့်‌ပေးစရာမလိုတော့တဲ့ Frictionless နည်းပညာကို အသုံးပြုလာကြပါပြီ။ လူအများစုစိတ်ထဲမှာတေ့ OTP မလိုတော့ဘူးဆိုရင် ကဒ်တွေက လုံခြုံပါတော့မလားဆိုပြီး စိုးရိမ်သွားကြမှာပါပဲ။ အရင်လို OTP တွေ ရိုက်ထည့်နေစရာ မလိုတော့ဘဲ ကဒ်နံပါတ်၊ Expiry Date နဲ့ CVV ကို မှန်ကန်စွာဖြည့်ပေးလိုက်တာနဲ့ ငွေပေးချေမှုအောင်မြင်မှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ငွေပေးချေမှု တစ်ခုမှာ အဆင့်တွေ အများကြီးနဲ့ အသုံးပြုသူတွေကို အချိန်ကုန်၊ အလုပ်ရှုပ်အောင် မလုပ်တော့ပါဘူး။ လွယ်ကူသွားအောင် အဆင့်တွေ့ လျှော့ချပေးလိုက်တာ ဖြစ်ပါတယ်။

နားလည်လွယ်အောင် ပြောရရင် 3DS Frictionless နည်းပညာက 3DS OTP နည်းပညာကို အဆင့်မြှင့်လိုက်တဲ့ ပိုပြီး အဆင့်မြင့်သွားတဲ့ လုံခြုံရေးနည်းပညာပါ။ အဲ့ဒါကို Risk-Based Authentication (RBA) လုပ်တယ်လို့ ခေါ်ပါတယ်။ အသုံးပြုသူအတွက် မလိုအပ်တဲ့ အဆင့်တွေကို ဖြုတ်လိုက်ပြီး Issuer တွေ၊ Acquirer တွေနဲ့ Card Network တွေဘက်မှာတော့ စစ်‌ဆေးတဲ့ အလုပ်တွေ ပိုလုပ်ပေးထားတာပါ။ အသုံးပြုသူရဲ့ အချက်အလက်၊ သုံးစွဲမှုပုံစံ၊ တည်နေရာ အစရှိသဖြင့် အချက်အလက်တွေပေါ် အခြေခံပြီး နောက်ကွယ်မှာ ကဒ်ပိုင်ရှင်က အသုံးပြုနေသလား၊ အခြားတစ်ယောက်ယောက်က ခိုးယူအသုံးပြုနေတာ ဖြစ်နိုင်သလားဆိုတာကို တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး Cardholder မှန်ကန်ကြောင်း အတည်ပြုနိုင်တော့မှ ငွေပေးချေမှု လုပ်ဆောင်ခွင့်ပြုတာပါ။

အကယ်၍ သံသယရှိစရာ အခြေအနေတစ်ခုခုကို တွေ့ရှိရတယ်ဆိုရင် 3D Secure Flow အဟောင်းကို Downgrade ဆင်းပြီး OTP တောင်းတာမျိုးဖြစ်စေ၊ အခြားနည်းလမ်းတစ်ခုခုနဲ့ အတည်ပြုဖို့ Verification လုပ်တာမျိုးဖြစ်စေ၊ အသုံးပြုမှုကို ငြင်းပယ်လိုက်တာ (Reject) ဖြစ်စေ ဖြစ်သွားမှာပါ။ နောက်ပြီး နိုင်ငံတကာငွေပေးချေကဒ်တွေမှာ သုံးစွဲသူတွေအပေါ် အပြည့်အဝ ကာကွယ်ပေးထားလို့ တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ရင်တောင် Dispute case ဖွင့်ပြီး ငွေပြန်တောင်းလို့ရပါတယ်။ ကိုယ်ဘက်ကသာ မှန်ပါစေ၊ ငွေကြေးဆုံးရှံးနိုင်ခြေ အလွန်နည်းပါတယ်။

အဲ့ဒီတော့ ခြုံငုံပြောရရင် OTP နဲ့ ငွေပေးချေမှု နည်းပညာသည် 3D Secure version 1 ဖြစ်ပါတယ်။ Frictionless Authentication လုပ်ပေးတဲ့၊ OTP မလိုတော့တဲ့ နည်းပညာကတော့ 3D Secure version 2 ဖြစ်ပါတယ်။ 3DS2 မှာ တော့ OTP ထက် Risk-Based Authentication ပုံစံနဲ့ အလုပ်လုပ်ပါတယ်။ ဒီလောက်ဆိုရင်တော့ Visa ၊ Mastercard ၊ JCB ၊ CUP လို နိုင်ငံတကာငွေပေးချေကဒ်တွေမှာ E-commerce ‌ငွေပေးချေမှုတွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သဘောတရားအားဖြင့် သိသွားလောက်ပါပြီ။ ကဒ်ကိုင်ဆောင်သူတွေ နားလည်လွယ်မဲ့ပုံစံနဲ့ ရေးထားတာမို့ အသေးစိတ်နောက်ကွယ်က အလုပ်လုပ်ပုံတွေတော့ မထည့်ထားပါဘူး။ အသုံးပြုသူတစ်ယောက်အနေနဲ့ ပါဝင်ပတ်သတ်ရတဲ့ အပိုင်းလေးကိုပဲ ဆွဲထုတ်ပြီး ရေးပါတယ်။ နောက်ရက်ကျရင်တော့ ပြည်တွင်းထုတ် MPU ကဒ်တွေမှာရော 3D Secure စနစ်ကိုပဲ အသုံးပြုထားသလား၊ အသုံးပြုထားတယ်ဆိုရင် ငွေပေးချေတဲ့အခါမှာ နိုင်ငံတကာသုံးကဒ်တွေနဲ့ ဘာလို့မတူဘူးလဲဆိုတာကို ဆက်ပြီးရေးပေးပါမယ်။
1👍1
1
💳 MPU ကဒ်တွေဟာ အွန်လိုင်းမှာ စျေးဝယ်တဲ့အခါ နိုင်ငံတကာသုံး ငွေပေးချေကဒ်တွေနဲ့ မတူပါဘူး

မနေ့က နိုင်ငံတကာငွေပေးချေကဒ်တွေရဲ့ E-commerce စနစ်တွေမှာ အသုံးပြုထားတဲ့ လုံခြုံရေး Standard ဖြစ်တဲ့ 3D Secure ရဲ့ အလုပ်လုပ်ပုံကို ပြောခဲ့ပါတယ်။ ဒီနေ့ MPU ကဒ်တွေရဲ့ အလုပ်လုပ်ပုံကို ဆက်ပြောပေးပါမယ်။ MPU က လက်ရှိအချိန်မှာ နိုင်ငံတကာမှာ စံသတ်မှတ်အသုံးပြုနေကြတဲ့ 3D Secure Protocol အတိုင်း တည်ဆောက်ထားတာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် MPU ကဒ်တွေလက်ခံဖို့အတွက် e-commerce စနစ်တွေ ချိတ်ဆက်ရာမှာရော၊ ကဒ်အသုံးပြု ငွေပေးချေရာမှာပါ Visa ၊ Mastercard တွေလို နိုင်ငံတကာငွေပေးချေကဒ်တွေနဲ့ မတူပါဘူး။

သာမာန်အားဖြင့် Visa ၊ Mastercard ပဲ သုံးသုံး MPU ကဒ်ပဲသုံးသုံး အွန်လိုင်းမှာ ငွေချေတဲ့အခါ ဖုန်း သို့မဟုတ် အီးမေးလ်ကနေ OTP ကုဒ်ရပါတယ်။ အသုံးပြုသူက E-commerce app မှာ OTP ကို ရိုက်ထည့်ပေးတာ မှန်သွားရင် ငွေပေးချေမှု အောင်မြင်ပါတယ်။ အတူတူပါပဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ဖုန်းထဲမှာ အရင်သုံးထားဖူးတဲ့ အွန်လိုင်းငွေပေးချေမှုတွေရဲ့ OTP အဝင်တွေကို ပြန်စစ်ကြည့်ပါ။ Visa ၊ Mastercard လို ကဒ်တွေနဲ့ ငွေချေတဲ့အခါမှာ OTP ကုဒ်ကို ကဒ်ထုတ်ပေးထားတဲ့ ဘဏ်ကနေ ပို့ပေးတာဖြစ်ပါတယ်။ Card Network တွေကနေ ပို့ပေးတာ မဟုတ်ပါ။ MPU ကဒ်ရဲ့ OTP တွေကိုတော့ MPU ကနေ တိုက်ရိုက်ပို့ပေးတာပါ။ ဒီနေရာမှာ မြင်နိုင်တာက နိုင်ငံတကာသုံးငွေ‌ပေးချေမှု ကဒ်တွေမှာ OTP verification အတွက် ကဒ်ထုတ်ပေးသူ Issuer က တာဝန်ယူထားရတာဖြစ်ပြီး၊ MPU ကဒ်တွေအတွက်ကတော့ OTP verification အတွက် MPU ကိုယ်တိုင်က စစ်ဆေးအတည်ပြုပေးထားတာကို တွေ့ရမှာပါ။

ဒါပေမယ့် မြန်မာဘဏ်တွေက ထုတ်ပေးထားတဲ့ JCB ၊ UPI ကဒ်တွေနဲ့ အသုံးပြုတဲ့အခါမှာလည်း နိုင်ငံတကာသုံးကဒ်တွေဖြစ်ပေမယ့် OTP ကို MPU က ပို့ပေးတာပဲ မဟုတ်ဘူးလား။ အဲ့ဒါဆို JCB ၊ UPI ကဒ်တွေကရော MPU လိုပဲ နိုင်ငံတကာ စံသတ်မှတ်အသုံးပြုထားတဲ့ 3D Secure Protocol ကို အသုံးမပြုထားလို့လားလို့ ထင်မိစရာပါပဲ။ အဲ့ဒါဘာကြောင့်လဲဆိုတော့ အဲ့ဒီကဒ်တွေက ပြည်တွင်းက MPU ကဒ်လက်ခံတဲ့ e-commerce app တွေမှာဆိုရင် MPU Card Network ကနေ processing လုပ်တာမို့ MPU ရဲ့ အလုပ်လုပ်ပုံအတိုင်းသွားပါတယ်။ JCB ၊ UPI Card Network ကို ဖြတ်သန်းပြီး အသုံးပြုတဲ့ နိုင်ငံတကာ e-commerce app တွေမှာဆိုရင်တော့ နိုင်ငံတကာမှာ စံသတ်မှတ်အသုံးပြုတဲ့ 3D Secure Protocol အတိုင်းပဲ အလုပ်လုပ်ပါတယ်။ အဲ့ဒီ MPU-JCB / MPU-UPI Co-Brand ကဒ်တွေနဲ့ နိုင်ငံခြား e-commerce app တွေမှာ အသုံးပြုတဲ့အခါမှာ OTP ကို Issuer ဆီကနေ ပို့ပေးမှာဖြစ်ပြီး၊ ပြည်တွင်းမှာ app တွေမှာ အသုံးပြုတဲ့အခါမှာတော့ MPU ကနေ OTP ကို လက်ခံရရှိမှာပါ။ ဒါက နားလည်လွယ်အောင် ပြောတာပါ။ ပိုပြီး တိတိကျကျပြောရရင် ပြည်တွင်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားကပဲဖြစ်ဖြစ် MPU Card Brand Logo ကို မြင်ပြီး ငွေချေတာဆိုရင် MPU ရဲ့ပုံစံအတိုင်း အလုပ်လုပ်ပါတယ်၊ JCB ၊ UPI Card Brand Logo ကို မြင်ပြီး ငွေချေတာဆိုရင် နိုင်ငံတကာ စံသတ်မှတ်ထားတဲ့ 3D Secure Protocol အတိုင်း အလုပ်လုပ်ပါမယ်။ ဒါကို ဘာလို့ ထပ်ပြောနေသလဲဆိုတော့ ပြည်တွင်းက e-commerce ကုန်သည်တွေမှာ MPU ကဒ်လက်ခံတဲ့ ကုန်သည်တွေရှိသလို၊ JCB ၊ UPI ကဒ်ကို MPU Network ကို မဖြတ်ဘဲ JCB ၊ UPI Card Network တွေနဲ့ ငွေပေးချေမှုလက်ခံတဲ့ ကုန်သည်တွေလည်းရှိတာမို့လို့ ဖြစ်ပါတယ်။

နောက်တစ်ခုက MPU ရဲ့ e-commerce စနစ်မှာ ကဒ်အသုံးပြုသူတွေဟာ အွန်လိုင်းမှာ စျေးဝယ်နိုင်ဖို့ရာ MPU ကဒ်တွေကို MPU ရဲ့ e-commerce portal မှာ လျှောက်ထားပြီးမှ အသုံးပြုရပါတယ်။ နိုင်ငံတကာသုံးကဒ်တွေမှာတော့ အဲ့ဒီလို e-commerce အသုံးပြုဖို့ သီးသန့် လျှောက်ထားစရာမလိုဘဲ အသုံးပြုနိုင်ပါတယ်။ အဲ့ဒီအကြောင်းကို “MPU အကြောင်း၊ MPU ကဒ်တွေအကြောင်း” ခေါင်းစဉ်နဲ့ ရေးပေးထားတာရှိပါတယ်။ “https://payzillion.com/about-myanmar-payment-union-mpu” မှာ ဖတ်လို့ရပါတယ်။ နောက်ထပ် MPU နဲ့ နိုင်ငံခြားကဒ်တွေနဲ မတူညီတာတစ်ခုကတော့ MPU မှာ Frictionless Authentication ပုံစံနဲ့ အလုပ်လုပ်တာ မရှိသေးပါဘူး။ E-commerce ငွေပေးချေမှုတိုင်းအတွက် OTP ကို မဖြစ်မနေ အသုံးပြုရပါတယ်။
👍1
ဒါဆိုရင်တော့ MPU ကဒ်တွေနဲ့ အခြားကဒ်တွေ အွန်လိုင်မှာစျေးဝယ်တဲ့အခါ အလုပ်လုပ်ပုံ ကွာခြားတာကို ရှင်းရှင်းလင်းလင်း ဖြစ်သွားလောက်ပါပြီ။ MPU ကဒ်တွေနဲ့ နိုင်ငံခြားကဒ်တွေ အလုပ်လုပ်ပုံမတူညီတာကြောင့်၊ နိုင်ငံတကာသုံး 3D Secure Protocol ကို အသုံးမပြုထားတာကြောင့် MPU ဟာ လုံခြုံမှုမရှိဘူး၊ မကောင်းဘူးလို့တော့ မထင်စေချင်ပါဘူး။ MPU ရဲ့ e-commerce စနစ်မှာလည်း သူ့ဟာနဲ့သူ အားသာချက်တွေရှိပြီး သုံးစွဲသူတွေ အဆင်ပြေပြေ အွန်လိုင်းမှာ စျေးဝယ်နိုင်အောင် စနစ်ကို ထောက်ပံ့ပေးထားနိုင်တာကို မေ့မထားသင့်ပါဘူး။ မတူကွဲပြားမှုတွေကို ပြောပြတာက စနစ်တွေကို လက်တွေ့ ကိုင်တွယ်ထိတွေ့ရတဲ့အခါ မတူတာကို မတူဘူးလို့ပဲ သိထားမှ အကောင်းဆုံး အသုံးပြုနိုင်၊ ကိုင်တွယ်ထိန်းချုပ်နိုင်မှာမို့လို့ ဖြစ်ပါတယ်။ ကဒ်ကိုင်ဆောင်သူတွေ နားလည်လွယ်မဲ့ပုံစံနဲ့ ရေးထားတာမို့ ကဒ်အသုံးပြုသူတွေနဲ့ ပတ်သတ်တဲ့ အပိုင်းလေးကိုပဲ ရေးပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။
2
Secured နဲ့ Unsecured Credit Card တွေရဲ့ ကွာခြားချက်

Credit card တွေကို အဓိကအားဖြင့် Secured Credit Card နဲ့ Unsecured Credit Card ဆိုပြီး နှစ်မျိုးခွဲပါတယ်။ Secured Card လျှောက်ထားတဲ့အခါ ဘဏ်စာရင်းအကောင့်တစ်ခုဖွင့်ပြီး ငွေပမာဏတစ်ခုကို အာမခံငွေ security deposit အနေနဲ့ ထားရပါတယ်။ အဲ့ဒီငွေကို သတ်မှတ်ကာတစ်ခုအထိ အသုံးမပြုဘဲ ထည့်ထားပေးရပါတယ်။ ဒီတော့ ဘဏ်အတွက် ငွေကြေးဆုံးရှုံးနိုင်မှု credit risk နည်းသွားတဲ့အတွက် ဘဏ်ကလည်း ကဒ်ကို အလွယ်တကူ ထုတ်ပေးပါလိမ့်မယ်။

Unsecured Card ဆိုတာကတော့ ဘဏ်စုငွေထည့်ပေးထားဖို့ မလိုအပ်ဘဲ ကိုယ့်ရဲ့ ဝင်ငွေ income နဲ့ အကြွေးရယူထားမှု၊ သုံးစွဲထားမှုမှတ်တမ်း credit history တွေကိုကြည့်ပြီး ဘဏ်က ကဒ်ထုတ်ပေးတာ ဖြစ်ပါတယ်။ ကဒ်ရဖို့အတွက် ဘဏ်က သတ်မှတ်ထားတဲ့ ဝင်ငွေတစ်ခု ရှိရပါမယ်။ ဝင်ငွေလမ်းကြောင်းနဲ့ အထောက်အထား ပြနိုင်ရပါမယ်။ Credit history ကောင်းကောင်းလည်း ရှိရပါမယ်။ အဲ့ဒီအချက်အလက်တွေပေါ်မူတည်ပြီး ဘဏ်က ကဒ်ကို ထုတ်ပေးပါတယ်။
1