PayZillion
154 subscribers
32 photos
5 videos
1 file
30 links
Decoding the Payments Ecosystem
About Payments, Fintech, and Banking

https://payzillion.com
Download Telegram
Photo Credit: www.freepik.com
Payment Card တစ်ခုရဲ့ ဖွဲ့စည်းပုံ Layout နဲ့ လုပ်ဆောင်ချက်များ

- ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်လာပါတယ်။ ကဒ်တွေကို ဆိုင်တွေမှာ၊ အွန်လိုင်းမှာ၊ ATM စက်တွေမှာ အသုံးပြုနေကြပြီး Credit Card၊ Debit Card၊ Prepaid Card စတဲ့ အမျိုးအစားတွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ ငွေပေးချေမှုကဒ်တစ်ခုရဲ့ ဖွဲ့စည်းပုံ (Layout) နဲ့ လုပ်ဆောင်ချက် (Functionality) တွေကို ပြောပြသွားမှာပါ။ ငွေပေးချေမှုကဒ်တစ်ခု မှာ ပါဝင်တဲ့ အစိတ်အပိုင်း တစ်ခုချင်းစီမှာ သီးခြား လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ကဒ်ရဲ့ အရှေ့ဘက်၊ အနောက်ဘက်၊ နည်းပညာပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကို အောက်မှာ ခွဲပြီး ရှင်းပြထားပါတယ်။

ကဒ်ရှေ့ဘက် (Front Side)
၁) ကဒ်နံပါတ် (Card Number)

- ကဒ်ရဲ့ အဓိကအချက်အလက်ဖြစ်ပြီး များသောအားဖြင့် နံပါတ် ၁၆ လုံး ပါတဲ့ ဂဏန်းတွဲပါ။ ဒီဂဏန်းတွေမှာ ရှေ့ဆုံးက ဂဏန်း၆လုံး သို့မဟုတ် ၈လုံးဟာ BIN (Bank Identification Number) ဖြစ်ပြီး ထုတ်ဝေတဲ့ ကဒ်အမျိုးစားနဲ့ဘဏ်ကို ခွဲခြား သတ်မှတ်ဖို့ အသုံးပြုပါတယ်။ ဥပမာ - မြန်မာပြည်မှာ ထုတ်ဝေတဲ့ MPU ကဒ်တွေမှာဆိုရင် 95 နဲ့ စပါတယ်။ နိုင်ငံတကာသုံး ငွေပေးချေမှုကဒ်တွေမှာဆိုရင် လည်း ယေဘုယျအားဖြင့် 4 နဲ့စရင် Visa ၊ 5 နဲ့စရင် Mastercard ၊ 3 နဲ့ စရင် JCB ၊ 6 နဲ့ စရင် UPI ဆိုပြီး ခွဲခြားလို့ရပါတယ်။ ကဒ်နံပတ်ပေါ်မူတည်ပြီးတော့ card brand ကိုသာမကဘဲ ဘယ်ဘဏ်ကထုတ်တာလဲ၊ credit card လား၊ debit card လား၊ credit card မှာဆိုရင် entry level card လား၊ VIP ကဒ်လား၊ plastic card လား၊ virtual card လား အစရှိသဖြင့်အထိ ခွဲခြားလို့ရနိုင်ပါတယ်။

၂) ကဒ်ကိုင်ဆောင်သူရဲ့ နာမည် (Cardholder Name)

- ကဒ်ကိုင်ဆောင်သူရဲ့ နာမည်ကို ဖော်ပြထားပြီး ဒါက ကဒ်ကို ဘယ်သူပိုင်လဲဆိုတာ ခွဲခြားဖို့ အသုံးပြုပါတယ်။ ကုမ္ပဏီတွေအတွက် ထုတ်ဝေပေးထားတဲ့ corporate ကဒ်တွေမှာဆို ကဒ်ကိုင်ဆောင်သူနာမည်အပြင် ကုမ္ပဏီနာမည်ကိုပါ ရိုက်နှိပ်ထားတာ မျိုးလည်းရှိနိုင်ပါတယ်။ အချို့ကဒ်များမှာတော့ ထုတ်ဝေတဲ့ issuer နဲ့ ရည်ရွယ်ချက် ပေါ်မူတည်ပြီး နာမည်မရိုက်နှိပ်ပဲ ထုတ်ဝေတာမျိုးလည်း ရှိနိုင်ပါတယ်။

၃) ကဒ်သက်တမ်း (Expiration Date)

- ကဒ်ကို ဘယ်အချိန်ထိ သုံးလို့ရမလဲဆိုတာကို Month နဲ့ Year (MM/YY သို့မဟုတ် MM/YYYY) ပုံစံနဲ့ ဖော်ပြထားပါတယ်။ (ဥပမာ - 03/28 သို့ 03/2028)။ ကဒ်လုံခြုံရေးအတွက် အရေးကြီးအချက်အလက်ဖြစ်ပြီး သက်တမ်းကုန်တဲ့အထိပဲ ကဒ်ကို အသုံးပြုလို့ရမှာပါ။ ကဒ်ထုတ်ဝေတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကဒ်သက်တမ်းကို ၂နှစ်၊ ၃နှစ်၊ ၅နှစ် အစရှိသဖြင့် ထုတ်ဝေကြပါတယ်။

၄) ကဒ်ကွန်ရက် အမှတ်တံဆိပ် (Card Network Logo)
- MPU ၊ Visa ၊ Mastercard ၊ JCB ၊ UnionPay လို ကဒ်ကွန်ရက်ရဲ့ လိုဂိုကို ဖော်ပြထားပြီး ဒါက ကဒ်ကို ဘယ်ကဒ်ကွန်ရက်က ထောက်ပံ့ပေးထားသလဲဆိုတာ ပြပါတယ်။ ကဒ်ကွန်ရက်ကို ဖော်ပြတာမှာ ကွန်ရက်တစ်မျိုးတည်းမှာပဲ အသုံးပြုနိုင်တဲ့ ကဒ် (Single-Branded Card) ဆိုရင် ကွန်ရက်လိုဂိုတစ်မျိုးပဲပါမှာပါ။ ကွန်ရက် တစ်မျိုးတက်ပိုပြီး အသုံးပြုနိုင်တဲ့ကဒ် (Co-Branded သို့မဟုတ် Dual-Branded Card) တွေမှာတော့ အသုံးပြုနိုင်တဲ့ ကွန်ရက်လိုဂို တစ်မျိုးထက်ပိုပြီး ရိုက်နှိပ်ထားတာ တွေ့ရမှာပါ။ ဥပမာ - မြန်မာပြည်က ဘဏ်တွေမှာဆို MPU နဲ့ JCB ၊ MPU နဲ့ UPI ဆိုပြီး Co-Branded အနေနဲ့ရော၊ Single branded ကဒ် အနေနဲ့ပါ ထုတ်ဝေကြပါတယ်။

၅။ EMV Chip (Smart Chip)

- ကဒ်ရဲ့ အဓိက နည်းပညာအစိတ်အပိုင်းဖြစ်ပြီး ဒေတာသိမ်းဆည်းဖို့ အသုံးပြုတဲ့ Microchip ပါ။ ယေဘုယျအားဖြင့် EMV စံနှုန်းနဲ့ ဖန်တီးထားပြီး ငွေပေးချေမှုမှာ Authentication နဲ့ Encryption တွေ လုပ်ဆောင်ဖို့ အသုံးပြုပါတယ်။

ကဒ်နောက်ဘက် (Back Side)
၆။ Magnetic Stripe

- ကဒ်ရဲ့ နောက်ဘက်မှာ အနက်ရောင် အစင်းကြောင်းတစ်ခု ပါပါတယ်။ ဒါက ကဒ်အချက်အလက်တွေကို သံလိုက်နည်းနဲ့ သိမ်းဆည်းထားတာပါ။ ဒီဘက်ခေတ်မှာ EMV Chip နည်းပညာကို အဓိကသုံးပြီး Magnetic Stripe ကိုတော့ အရန်အနေနဲ့ပဲ ထည့်ထားတာများပါတယ်။

၇။ CVV ကုဒ် (Card Verification Value)

- ကဒ်နောက်ဘက်မှာ ဂဏန်း ၃ လုံး ဒါမှမဟုတ် ၄ လုံး ရိုက်နှိပ်ထားတာ ပါပါတယ်။ (ဥပမာ - 123 သို့မဟုတ် 1234)။ အဲ့ဒါကို CVV လို့ခေါ်ပြီး Chip ဒါမှမဟုတ် Magnetic Stripe ထဲမှာ မသိမ်းထားဘဲ ကဒ်ပေါ်မှာပဲ ရိုက်နှိပ်ထားပြီး အွန်လိုင်းမှာ ငွေပေးချေတဲ့အခါ လုံခြုံရေးအတွက် အသုံးပြုရတဲ့ လျှိုဝှက်ကုဒ်ဖြစ်ပါတယ်။ အခြားသူတွေကို ပေးမသိရ၊ မပြရပါ။

၈။ လက်မှတ်စာကြောင်း (Signature Strip)

- ကဒ်ကိုင်ဆောင်သူရဲ့ လက်မှတ်ထိုးဖို့ နေရာတစ်ခု ပါတယ်။ ဒါက ဆိုင်တွေမှာ ငွေပေးချေတဲ့အခါ အထောက်အထား စစ်ဆေးဖို့ အသုံးပြုပါတယ်။

၉။ ဘဏ်ဆက်သွယ်ရန် အချက်အလက် (Bank Contact Info)

- ကဒ်ထုတ်ပေးတဲ့ ဘဏ်ရဲ့ ဖုန်းနံပါတ် ဒါမှမဟုတ် ဝက်ဘ်ဆိုက်ကို ဖော်ပြထားပြီး ပြဿနာရှိရင် ဆက်သွယ်ဖို့ အသုံးပြုရမှာပါ။

၁၀။ NFC Antenna (Contactless Capability)
2
- တချို့ကဒ်တွေမှာ NFC (Near Field Communication) Antenna ထည့်သွင်းထားပြီး Contactless ငွေပေးချေမှုကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက ရေဒီယိုလှိုင်းနဲ့ ဒေတာပို့လွှတ်တာမို့ POS စက်မှာ ကပ်လိုက်ရုံ၊ တို့ထိရုံနဲ့ ငွေပေးချေလို့ရပါတယ်။ POS စက်ရဲ့ ကဒ်ဖတ်တဲ့နေရာကို chip ထည့်ပေးစရာ မလိုတော့ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

- ငွေပေးချေမှုကဒ်တစ်ခုရဲ့ ဖွဲ့စည်းပုံဟာ ရိုးရှင်းပေမယ့် နောက်ကွယ်မှာ နည်းပညာ ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ၊ တည်ဆောက်မှုတွေ အများကြီး ပါဝင်ပါတယ်။ EMV Chip၊ NFC၊ CVV လို အချက်တွေက ကဒ်ကို လုံခြုံပြီး အသုံးပြုရ လွယ်ကူစေတဲ့ အဓိကအရာတွေ ဖြစ်ပါတယ်။ ငွေပေးချေမှုကဒ်တွေရဲ့ ပုံစံနဲ့ လုပ်ဆောင်ချက်ကို သိထားရင် ကဒ်တွေကို လုံခြုံစွာ အသုံးပြုနိုင်ဖို့နဲ့ ဆုံးရှုံးမှုတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အထောက်အကူပြုမှာပါ။
1
Card Payment Transaction တစ်ခုရဲ့ နောက်ကွယ်က အလုပ်လုပ်ပုံ

- ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်နဲ့ ငွေပေးချေတာဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ATM မှာ ၊ Supermarket က POS စက်မှာ ၊ အွန်လိုင်း E-commerce ပလက်ဖောင်းတွေမှာ ကဒ်နဲ့ငွေချေတဲ့အခါ နောက်ကွယ်မှာ ဘယ်လို လုပ်ငန်းစဉ်တွေ လည်ပတ်နေလဲဆိုတာကို သိထားရင် ဒီစနစ်ရဲ့ အလုပ်လုပ်ပုံ ကို ပိုနားလည်လာမှာပါ။

အဆင့် ၁။ ။ ကဒ်ကိုင်ဆောင်သူက ATM၊ POS စက် ဒါမှမဟုတ် E-commerce ပလက်ဖောင်းတွေမှာ ငွေပေးချေမှုကို စတင်ခြင်း ဖြစ်ပါတယ်။ ကဒ်ကိုင်ဆောင်သူက သူတို့ရဲ့ ကဒ်ကို အသုံးပြုပြီး ငွေပေးချေဖို့ လုပ်တဲ့အခါ ဒီလုပ်ငန်းစဉ် စတင်ပါတယ်။ ATM မှာဆိုရင် ကဒ်ကို စက်ထဲ ထည့်ပြီး PIN ရိုက်ပြီး ငွေထုတ်တာ ဒါမှမဟုတ် ငွေလွှဲတာမျိုး‌ပေါ့။ POS စက်မှာဆိုရင် စတိုးဆိုင်က POS စက် မှာ ကဒ်ကိုထည့်ပြီး ငွေပေးတာ ၊ Contactless နည်းနဲ့ တို့ထိ (Touch) လုပ်ပြီး ငွေပေးချေတာမျိုး ဖြစ်ပါတယ်။ E-commerce မှာဆိုရင်လည်း ဝက်ဘ်ဆိုက် ဒါမှမဟုတ် app ထဲမှာ ကဒ်နံပါတ်၊ ကဒ်သက်တမ်းနဲ့ CVV ကုဒ်တွေကို ရိုက်ထည့်ပြီး ငွေပေးချေတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ငွေပမာဏနဲ့ ကဒ်အချက်အလက်တွေကို စနစ်ထဲ စတင်ထည့်သွင်းပြီး ငွေပေးချေဖို့ စတင်လိုက်ပါတယ်။

အဆင့် ၂။ ။ငွေပေးချေမှု စတင်လိုက်တာနဲ့ ATM စက်၊ POS device သို့မဟုတ် ecommerce app ကနေပြီး နောက်တစ်ဆင့်အတွက် ကဒ်လက်ခံဘဏ်ဖြစ်တဲ့ (Acquirer) ရဲ့ Payment Switch ဆီကို ငွေပေးချေမှုနဲ့ ပတ်သတ်တဲ့အချက်အလက် တွေကို လုံခြုံစွာ ပေးပို့လိုက်ပါတယ်။

အဆင့် ၃။ ။အဲ့ဒီနောက်မှာတော့ ကဒ်လက်ခံဘဏ် (Acquirer) က ရထားတဲ့ အချက်အလက်ဒေတာတွေကို ကဒ်ကွန်ရက် (Card Network) ဆီကို ဆက်ပြီးပို့ပေး (Route) လိုက်ပါတယ်။ ဥပမာ - MPU ၊ Visa ၊ Mastercard ၊ JCB ၊ UPI အစရှိတဲ့ သက်ဆိုင်ရာ ကဒ်ကွန်ရက်ဆီကို ပို့ပေးလိုက်တာပါ။

အဆင့် ၄။ ။ဒီအဆင့်မှာတော့ ကဒ်ကွန်ရက်တွေအနေနဲ့ လိုအပ်တဲ့ ဒေတာတွေကို စစ်ဆေးပြီး သက်ဆိုင်ရာ ကဒ်ထုတ်ပေးထားတဲ့ဘဏ် (Issuer) ဆီကို ဒေတာတွေ ဆက်ပြီး ပို့ပေးလိုက်ပါတယ်။

အဆင့် ၅။ ။ကဒ်ထုတ်ပေးထားတဲ့ဘဏ် သို့မဟုတ် အဖွဲ့အစည်း (Issuer) ဆီမှာတော့ ကဒ်နဲ့ပတ်သတ်တဲ့ ဒေတာတွေ အားလုံးရှိပါတယ်။ အဲ့ဒါကြောင့် ကဒ်လက်ခံသူ (Acquirer) ဆီကနေ ကဒ်ကွန်ရက် (Card Network) ကိုဖြတ်ပြီး Issuer ရဲ့ Payment Switch ဆီ ရောက်လာတဲ့ အချက်အလက်တွေကို မှန်ကန်မှုရှိမရှိ စစ်ဆေးခြင်း (Authentication) နဲ့ Transaction လုပ်ဆောင်ရန် ခွင့်ပြုခြင်း (Authorization) လုပ်ငန်းစဉ်တွေ လုပ်ပေးပါတယ်။ ဒီအဆင့်မှာ အကောင့်ထဲ ငွေလုံလောက်မှုရှိရဲ့လား၊ ကဒ်က အစစ်အမှန်ဖြစ်ရဲ့လား၊ ခိုးယူသုံးစွဲခံနေရသလားနဲ့ Fraud အဖြစ် သံသယ ရှိမရှိကို စစ်ဆေးပါတယ်။ အဲ့ဒီနောက်မှာတော့ Issuer ဘဏ်ကနေ "Approved" ဒါမှမဟုတ် "Declined" ဆိုတဲ့ တုံ့ပြန်ချက်ကို ကဒ်ကွန်ရက်ကနေ တဆင့် ကဒ်လက်ခံဘဏ်ရဲ့ Payment Switch ဆီကို ပြန်ပို့ပေးပါတယ်။

အဆင့် ၆။ ။ ဒီအဆင့်မှာတော့ ကဒ်ထုတ်ပေးတဲ့ Issuer ရဲ့ ATM မှာဆိုရင် ငွေထွက်လာတာ၊ POS မှာဆိုရင် ဖြတ်ပိုင်း (Receipt) ထွက်လာတာ၊ E-commerce မှာဆိုရင် ဝက်ဘ်ဆိုက် ဒါမှမဟုတ် app မှာ "ငွေပေးချေမှု အောင်မြင်ပါတယ်" ဆိုတဲ့ အသိပေးချက် ပြတာမျိုး ဖြစ်မှာပါ။ ဒီအခါမှာ သုံးစွဲသူက ဝန်ဆောင်မှု ရရှိပြီး ငွေပေးချေမှု လုပ်ငန်းစဉ် ပြီးစီးပါတယ်။ ဒီလုပ်ငန်းစဉ် အားလုံးဟာ စက္ကန့်ပိုင်းပဲ ကြာမှာမို့ ချက်ခြင်း ပြီးစီးသွားသလို ထင်ရပေမယ့် နောက်ကွယ်မှာတော့ အခုပြောထားသလို အဆင့်ဆင့် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

- ဒီလောက်ဆိုရင်တော့ ကဒ်ဖြင့်ငွေပေးချေမှု လုပ်တဲ့အခါ နောက်ကွယ်မှာ ဘယ်လို အဆင့်ဆင့် အလုပ်လုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖြစ်သွားလောက်ပါပြီ။ ဒီနေရာမှာ သိထားရမှာက အခုဖော်ပြပေးခဲ့တာက Card Payment Transaction တစ်ခုရဲ့ ယေဘုယျလုပ်ဆောင်ပုံဖြစ်ပါတယ်။ အကယ်၍များ ကဒ်ထုတ်ဝေသူ (Issuer) နဲ့ ကဒ်လက်ခံသူ (Acquirer) က အဖွဲ့အစည်းတစ်ခုတည်းဖြစ်မယ်ဆိုရင် လုပ်ဆောင်ပုံ အဆင့် ပိုနည်းသွားတာမျိုး ဖြစ်နိုင်သလို၊ ပါဝင်ပတ်သတ်ရတဲ့ stakeholder အနည်းအများပေါ်မူတည်ပြီး လုပ်ဆောင်ရတဲ့ အဆင့်တွေပိုများသွားတာမျိုးလည်း ရှိမှာပါ။ ဥပမာ Payment Service Provider တွေ ပါဝင်လာတာမျိုးပေါ့။ နောက်ပြီး ဒီနေရာမှာ Card Payment မှသာ မဟုတ်ပါဘူး၊ အခြား internet banking/mobile banking နဲ့ mobile wallet တွေ၊ အခြား ငွေပေးချေမှုနည်းစနစ်တွေဟာလည်း အတိအကျမဟုတ်ပေမယ့် အလားတူပုံစံတွေ အဆင့်တွေနဲ့ပဲ လုပ်ဆောင်တယ်ဆိုတာ ကို သဘောပေါက်ထားမယ်ဆိုရင် ဘယ်လိုငွေပေးချေမှုနည်းစနစ်မျိုးကိုမဆို သဘော တရားကို နားလည်နိုင်မှာ ဖြစ်ပါတယ်။
1
Payment Security အတွက် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ

- ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှုကဒ်တွေဟာ နေ့စဉ်ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဆိုင်တွေမှာ၊ အွန်လိုင်းမှာ၊ ATM စက်တွေမှာ အသုံးပြုနေကြပါတယ်။ ဒါပေမယ့် ဒီကဒ်တွေရဲ့ အချက်အလက်တွေ ပေါက်ကြားတာ၊ ခိုးယူခံရတာမျိုး ဖြစ်လာနိုင်တာမို့ လုံခြုံရေးက အဓိက စိုးရိမ်စရာတစ်ခု ဖြစ်လာပါတယ်။ အဲ့ဒါကြောင့် ငွေပေးချေမှု လုံခြုံရေးအကြောင်းနဲ့ ကဒ်အချက် အလက်တွေကို ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။

- ငွေပေးချေမှု လုံခြုံရေး (Payment Security) ဆိုတာ ကဒ်ကိုင်ဆောင်သူရဲ့ အချက်အလက် (ကဒ်နံပါတ်၊ CVV၊ PIN စတဲ့ ဒေတာ) တွေ ခိုးယူမှု၊ လိမ်လည်မှု (Scam)နဲ့ အလွဲသုံးမှု (Fraud) တွေကနေ ကာကွယ်ဖို့ အသုံးပြုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ နည်းပညာပိုင်း နည်းစနစ်ပိုင်းတွေ၊ ဘဏ်တွေရဲ့ မူဝါဒတွေ၊ သုံးစွဲသူတွေရဲ့ သတိထားမှုတွေနဲ့ ပေါင်းစပ်ကာကွယ်ရပါတယ်။

- နည်းပညာပိုင်းဆိုင်ရာ ကာကွယ်မှုတွေအနေနဲ့ Magnetic Stripe မသုံးဘဲ EMV Chip ကိုပဲ အသုံးပြုတာ၊ ကဒ်နံပါတ်အစား Tokenization နည်းနဲ့ အစားထိုးပြီး ငွေပေးချေမှုလုပ်ဆောင်တာ၊ အွန်လိုင်းငွေပေးချေမှုတွေအတွက် 3D Secure နည်းပညာကိုပဲ အသုံးပြုတာ၊ အချက်အလက်ဒေတာတွေကို အလွယ်တကူ ဖတ်လို့မရအောင် Encryption နည်းပညာနဲ့ ကာကွယ်ပေးတာ၊ PCI DSS ရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ compliance ဖြစ်အောင် အမြဲတမ်းလိုက်နာဆောင်ရွက်တာ အစရှိသဖြင့် ပါဝင်ပါတယ်။

- သုံးစွဲသူ (Cardholder) တွေ ဘက်က ကာကွယ်နည်းတွေအနေနဲ့ကတော့ ကိုယ့်ရဲ့ ကဒ်နံပါတ်၊ PIN နဲ့ CVV တွေကို လျှို့ဝှက်ထားရပါမယ်။ ကဒ်နံပါတ်၊ PIN နဲ့ CVV ကုဒ်တွေကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ ကဒ်နံပါတ်၊ PIN နံပါတ်နဲ့ CVV တွေကို ကဒ်ပေါ်မှာဖြစ်စေ တစ်နေရာမှာဖြစ်စေ ရေးမှတ်မထားပါနဲ့။ ပြီးတော့ ကဒ်ဖြင့် ငွေ‌ပေးချေတာကို ယုံကြည်စိတ်ချရတဲ့ နေရာတွေ၊ ဆိုင်တွေမှာပဲ အသုံးပြုပါ။ ဆိုင်တွေမှာ ကဒ်သုံးတဲ့အါ POS စက်က ယုံကြည်ရတဲ့နေရာ ဟုတ်မဟုတ်၊ အခြားသူတစ်ယောက်က မိမိ PIN ရိုက်ထည့်နေတာကို ချောင်းကြည့်နေသလား ဂရုစိုက်ပါ။ အွန်လိုင်းမှာ ငွေချေတဲ့အခါ ဝဘ်ဆိုဒ်လိပ်စာ (Website Address) မှာ HTTPS နဲ့ စတဲ့ ဝက်ဘ်ဆိုက်တွေမှာပဲ ငွေပေးချေပါ။ HTTPS မဖြစ်ဘဲ HTTP နဲ့ စတဲ့ ဝဘ်ဆိုဒ်တွေမှာ လုံးဝ အသုံးမပြုသင့်ပါ။

- နောက်ပြီး အွန်လိုင်းမှာ စျေးဝယ်ဖို့အတွက်ပဲ ကဒ်ကိုလိုအပ်တာဆိုရင် Physical ပလတ်စတစ်ကဒ်တွေအစား Virtual ကဒ်ကို စဉ်းစားပါ။ ပြီးတော့ အကောင့်ကို ပုံမှန်စစ်ဆေးပါ။ ဘဏ်ရဲ့ မိုဘိုင်း App ဒါမှမဟုတ် SMS အသိပေးချက်နဲ့ bank transaction statement ၊ credit card statement တွေ ကနေ သင့်အကောင့်မှာ ထူးထူးဆန်းဆန်း ငွေပေးချေမှု ရှိမရှိ ပုံမှန်စစ်ဆေးပါ။ တစ်ခုခု ပုံမှန်မဟုတ်တာ တွေ့ရရင် ဘဏ်ကို ချက်ချင်း အကြောင်းကြားပါ။

- Phishing နဲ့ social engineering တွေကိုလည်း သတိထားရပါမယ်။ Phishing ဆိုတာ တစ်စုံတစ်ယောက်က အစစ်အမှန်လို့ထင်ရတဲ့ အချက်အလက်တွေကို ပြောပြပြီး သို့မဟုတ် ပြပေးပြီး ကိုယ့်ကို ယုံကြည်လာအောင်လုပ်ပြီးတော့မှ ကိုယ့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေ လိမ်ပြီး တောင်းယူတာမျိုးကို ပြောတာပါ။ အီးမေးလ်၊ ဖုန်းကနေ ကဒ်အချက်အလက် တောင်းတဲ့ လိမ်လည်မှုမျိုးတွေကို သတိထားပါ။ ကိုယ့်ရဲ့ ကဒ်နံပတ်အပြည့်အစုံနဲ့ Expiry Date ၊ CVV ၊ PIN နဲ့ OTP လိုအရာမျိုးတွေကို အခြားသူတွေကို မပြောရ မပြရပါဘူး။ ကဒ်ထုတ်ပေးတဲ့ ဘဏ်ကမေးရင်တောင် လုံးဝ မပြောပြသင့်ပါ။

- ဒီလောက်ဆိုရင်တော့ Card Payment ကို အသုံးပြုတဲ့အခါ လုံခြုံမှုရှိစေဖို့ စိတ်ချရဖို့ အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို သိသွားလောက်ပါပြီ။ ကာကွယ်မှုဆိုရာမှာ ကဒ်ထုတ်ဝေသူ (Issuer) တွေရော၊ ကဒ်လက်ခံသူ (Acquirer) တွေရော၊ ငွေပေးချေမှု လက်ခံသူ (Merchant) တွေရော၊ ကဒ်အသုံးပြုသူ (Cardholder) တွေရော၊ ငွေပေးချေမှုမှာ ပါဝင်ပတ်သတ်ရသူအားလုံးက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တွေ၊ သတိထားရမှာတွေကို လိုက်နာလုပ်ဆောင်ဖို့လိုပါတယ်။ အဲ့ဒါမှပဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်မှာပါ။ ကြိုတင်ကာကွယ်တာက ဖြစ်လာမှ ဖြေရှင်း ရတာထက် အမြဲတမ်း ပိုကောင်းပါတယ်။
1
Card Payment မှာဖြစ်တတ်တဲ့ Dispute နဲ့ Chargeback တွေအကြောင်း

- ကဒ်နဲ့ ငွေပေးချေတာဟာ နေရာတော်တော်များများမှာ အလွယ်တကူ အသုံးပြု နိုင်လာပြီး ငွေပေးချေမှုကို လွယ်ကူစေပါတယ်။ ဒါပေမယ့် တခါတလေမှာ ပြဿနာ တွေလည်း ဖြစ်ပေါ်လာတတ်ပါတယ်။ အွန်လိုင်းမှာ စျေးဝယ်ထားတာ အိမ်ကို ပစ္စည်းမရောက်လာတာ၊ စတိုးဆိုင်မှာ စျေးဝယ်တာ အမှန်တကယ် ကျသင့်ငွေထက် ကိုယ့်ရဲ့ကဒ်ထဲက ငွေပိုဖြတ်သွားတာ၊ ATM စက်မှာ ငွေထုတ်တာ စက်ထဲက ငွေမထွက်လာဘဲ အကောင့်ထဲက ငွေဖြတ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအခါမှာ "အငြင်းပွားခြင်း" (Dispute) နဲ့ "ငွေပြန်တောင်းခြင်း" (Chargeback) ဆိုတဲ့ လုပ်ငန်းစဉ်တွေက ကဒ်အသုံးပြုသူတွေရဲ့ ကာကွယ်ပေးပါတယ်။

- Dispute ဆိုတာ ကဒ်ကိုင်ဆောင်သူက သူတို့ရဲ့ အကောင့်ထဲ၊ ကဒ်ထဲက ငွေပေးချေမှုတစ်ခုခုကို သူတို့မသိပါ၊ အသုံးမပြုထားပါ၊ သို့မဟုတ် ကဒ်ထဲကနေ မှားယွင်းတဲ့ ငွေပမာဏ ဖြတ်သွားပါတယ်၊ သို့မဟုတ် ‌ငွေပေးချေပြီးသော်လည်း ရယူလိုတဲ့ ဝန်ဆောင်မှုကို မရရှိခဲ့ပါ အစရှိသဖြင့် ဘဏ်ကို အကြောင်းကြားပြီး စစ်ဆေးပေးဖို့ တောင်းဆိုတာပါ။
Chargeback ဆိုတာကတော့ အငြင်းပွားမှု Dispute Case တစ်ခုကို စစ်ဆေးပြီးတဲ့ အခါမှာ သက်ဆိုင်ရာဘဏ်က ဆိုင်ရှင် ဒါမှမဟုတ် ဝန်ဆောင်မှုပေးသူဆီက ငွေကို ပြန်လည်ရယူပြီး ကဒ်ကိုင်ဆောင်သူရဲ့ အကောင့်ထဲကို ပြန်ထည့်ပေးတဲ့ လုပ်ငန်းစဉ်ပါ။

- အင်တာနက်ကနေ စျေးဝယ်ရာမှာဖြစ်စေ၊ ဆိုင်မှာလူကိုယ်တိုင် ကဒ်နဲ့ ငွေချေတာ ဖြစ်စေ၊ ATM စက်မှာ ငွေထုတ်တာဖြစ်စေ အစရှိသဖြင့် လုပ်ဆောင်ရာမှာ အမှားအယွင်းရှိလာခဲ့ရင် Dispute နဲ့ Chargeback လုပ်ငန်းစဉ်တွေအတွက် သက်ဆိုင်ရာဘဏ်ကို ဆက်သွယ်လုပ်ဆောင်လို့ရပါတယ်။

- အငြင်းပွားမှု Dispute တွေ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတော့ အွန်လိုင်း ecommerce ဝဘ်ဆိုဒ် သို့မဟုတ် app ကနေ စျေးဝယ်တဲ့အခါမှာ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းက ငွေချေထားပေမယ့် ပို့မပေးတာ၊ ပို့ပေးသော်လည်း ပစ္စည်းက ဝဘ်ဆိုဒ်မှာ ဖော်ပြထားချက်အတိုင်း မဟုတ်ဘဲ မတူညီတဲ့ ပစ္စည်းဖြစ်နေတာ၊ ဝယ်ယူတဲ့အချိန်မှာ ဖော်ပြထားတဲ့ အရည်အသွေးကွာလတီတွေအတိုင်း မပြည့်မှီတာ၊ ကိုယ့်ဆီ ရောက်လာတဲ့အခါမှာ ပျက်စီးနေတာ၊ ဒါမှမဟုတ် ကိုယ်မသိလိုက်ဘဲ ကိုယ့်ရဲ့ ကဒ်ထဲကနေ ငွေဖြတ်ခံထားရတာမျိုး အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။

- စတိုးဆိုင်၊ စားသောက်ဆိုင်၊ စူပါမားကတ်တွေမှာ စျေးဝယ်တဲ့အခါမှာဆိုရင်လည်း မမှန်ကန်တဲ့ ငွေပမာဏ ကောက်ခံရတာ၊ ကိုယ်က တစ်ကြိမ်ပဲ ငွေချေပေမယ့် ကဒ်ထဲကနေ တစ်ကြိမ်ထက်ပိုပြီး ငွေဖြတ်သွားတာမျိုး၊ ငွေပေးချေပြီးသော်လည်း ဝန်ဆောင်မှု မရရှိခဲ့တာမျိုး အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။

- ATM စက်မှာဆိုရင်လည်း ငွေထုတ်ရာမှာ ငွေမထွက်လာဘဲ အကောင့်ကနေ ငွေဖြတ်ခံရတာ၊ ကိုယ်ထုတ်လိုက်တဲ့ ငွေပမာဏအတိုင်း မထွက်လာဘဲ လျော့နည်း နေတာ အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။
အဲ့ဒီလိုမျိုးဖြစ်လာခဲ့ရင် မိမိကဒ်ထဲ၊ အကောင့်ထဲကို ငွေပြန်ရဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ဒီဟာက အွန်လိုင်း ecommerce ကနေ စျေးဝယ်ရာ မှာဖြစ်စေ၊ ဆိုင်မှာလူကိုယ်တိုင် စျေးဝယ်ရာမှာ ဖြစ်စေ၊ ATM စက်မှာဖြစ်စေ လုပ်ဆောင်ရမယ့် အခြေခံသဘောတရားက အတူတူပါပဲ။

- အပေါ်မှာ ပြောခဲ့သလို အငြင်းပွားမှု Dispute များ ဖြစ်ပေါ်လာခဲ့ရင် ကဒ်သုံးစွဲသူတွေအနေနဲ့ ကဒ်ထုတ်ပေးတဲ့ ဘဏ် (Issuer) ဆီကို အကြောင်းကြားပြီး Case ဖွင့်ရပါမယ်။ ဒီနေရာမှာ တစ်ခုရှိတာက အွန်လိုင်းမှာ စျေးဝယ်တာမျိုးမှာ ကဒ်အသုံးပြုသူတွေအနေနဲ့ Issuer ဆီ အကြောင်းမကြားခင်မှာ ကိုယ်ဝယ်ယူထားတဲ့ ရောင်းချသူထံ အရင်ဆက်သွယ်ပြီးမှ အကျိုးအကြောင်းကို မေးသင့်ပါတယ်၊ ဖြေရှင်းချက်တောင်းရပါမယ်။ အဲ့ဒီလို ဆက်သွယ်ကြည့်လို့ အဆင်မပြေမှသာ Issuer ဆီကို တိုင်ကြားသင့်တာပါ။ ရောင်းချသူဆီ အရင်ဆုံး ဆက်သွယ်ခြင်းအားဖြင့် Issuer ဆီ Case ဖွင့်ပြီး ရှင်းတာထက် အကျိုးအကြောင်းနဲ့ ဖြေရှင်းချက်ကို ပိုပြီး မြန်မြန်ရနိုင်ချေများပါတယ်။

- အငြင်းပွားမှုတစ်ခုဖြစ်လာရင် Dispute ကို တိုင်ကြားဖို့အတွက် ယေဘုယျအားဖြင့် လိုအပ်မှာတွေကတော့ Transaction ID ၊ Date ၊ Amount အစရှိသဖြင့် ငွေပေးချေမှု အသေးစိတ် အချက်အလက်တွေ၊ ပြဿနာဖြစ်ရတဲ့ အကြောင်းအရင်း (ဥပမာ - ပစ္စည်းမရောက်တာ၊ ATM မှာ ငွေမထွက်လာတာ)၊ နောက်ပြီး သက်သေအနေနဲ့ ငွေပေးချေမှု ဖြတ်ပိုင်း (Pay slip)၊ နောက် ဆိုင်မှာငွေပေးချေတာနဲ့ ATM မှာ ဖြစ်တဲ့ Case တွေမှာဆိုရင် ဆိုင်နာမည်နဲ့ ဖြစ်ပွားရာနေရာ၊ Ecommerce အတွက်ဆိုရင် ecommerce ဝဘ်ဆိုဒ် သိုမဟုတ် app ရဲ့ အမည်နဲ့ ငွေပေးချေမှု အထောက်အထား အစရှိတာတွေကို တင်ပြပေးဖို့ လိုအပ်ပါမယ်။
1
- အငြင်းပွားမှု Dispute ကို တင်သွင်းလိုက်တာနဲ့ ဘဏ်က လက်ခံပြီး Transaction နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို စစ်ဆေးပါတယ်။ အွန်လိုင်း ecommerce အတွက်ဆိုရင် ဆိုင်ဘက်ကနေ ပစ္စည်းပို့ဆောင်မှု မှတ်တမ်းတွေကို တောင်းယူပြီး စစ်ပါတယ်။ ပြင်ပက ဆိုင်တွေအတက်ဆိုရင်လည်း POS စက်က အချက်အလက် တွေနဲ့ ဆိုင်ရှင်ရဲ့ မှတ်တမ်းအချက်အလက်တွေ စစ်ပါတယ်။ ATM မှာဆိုရင်လည်း ATM စက်ရဲ့ Log File တွေ၊ အကောင့်မှတ်တမ်းတွေ အစရှိသဖြင့် စစ်ပါတယ်။ အထောက်အထားတောင်းယူ စစ်ဆေးတယ်ဆိုရာမှာ Issuer အနေနဲ့ Card Network ကနေတစ်ဆင့် Case ဖွင့်ပြီး Acquirer ဆီကို တောင်းခံရတာပါ။ acquirer အနေနဲ့လည်း သက်ဆိုင်ရာ Merchant တွေဆီကို လိုအပ်တဲ့ အ‌ထောက်အထား တောင်းယူပြီးမှ Card Network ကနေတစ်ဆင့် Issuer ဆီကို Compelling Evidence လို့ခေါ်တဲ့ ခိုင်လုံတဲ့ အထောက်အထားပြပြီး ခုခံတာ သို့မဟုတ် Case ကို လက်ခံပြီး ကဒ်အသုံးပြုသူကို ငွေပြန်ပေးဖို့ လက်ခံမယ်လို့ အကြောင်းပြန်ပေးမှာပါ။ အဲ့ဒါကြောင့်လည်း ပြဿနာတစ်စုံတစ်ခုရှိလာရင် Issuer ဆီမှာ တစ်ခါတည်း တိုင်ကြားတာထက် ရောင်းချသူဆီ အရင်ဆုံးဆက်သွယ်သင့်တယ်လို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။ မလိုအပ်ဘဲ လုပ်ဆောင်ရမယ့် Process တွေများပြီး အချိန်မကြာ ရအောင်ဖြစ်ပါတယ်။

- အဲ့ဒီနောက်မှာတော့ ဘဏ်က ရထားတဲ့ အထောက်အထား အချက်အလက်တွေအရ ကဒ်သုံးစွဲသူဘက်မှန်ခဲ့ရင် Chargeback ကို အတည်ပြုပြီး အကောင့်ထဲကို ငွေပြန်ထည့်ပေးမှာပါ။ ကဒ်သုံးစွဲသူဘက်က မှားယွင်းတာ သို့မဟုတ် ‌ရောင်းချသူရဲ့ Return & Refund Policy တွေအရ ရောင်းချသူဘက်က မှန်ကန်တယ်လို့ အဖြေထွက်လာရင်တော့ အငြင်းပွားမှု Dispute ကို ပယ်ချပြီး ငွေကို ပြန်မပေးပါဘူး။ ဒါကတော့ Dispute နဲ့ Chargeback ရဲ့ လုပ်ဆောင်ပုံ သဘောတရား ဖြစ်ပါတယ်။

- ကဒ်ကိုင်ဆောင်သူအနေနဲ့ကတော့ တစ်ခုခုဖြစ်လာခဲ့ရင် Dispute အနေနဲ့ Case ဖွင့်ဖို့ Chargeback လုပ်ပေဖို့ ငွေပြန်ပေးဖို့ တောင်းဆိုဖို့ အခွင့်အရေးတွေ ရှိပါတယ်။ ဒီနေရာမှာ ကဒ်ကွန်ရက် (MPU ၊ Visa ၊ Mastercard) နဲ့ သက်ဆိုင်ရာ ဘဏ်တွေရဲ့ မူဝါဒပေါ် မူတည်ပြီး တောင်းဆိုရမှာဖြစ်ပါတယ်။

- ဘယ်လိုပဲဖြစ်ဖြစ်ပါ။ Dispute တွေ Chargeback တွေ Case ဖွင့်ပြီး ငွေပြန်တောင်း ရတာ အလုပ်ရှုပ်ပါတယ်။ ငွေပြန်ရခဲ့ရင်တောင် ချက်ချင်းမရပါ။ Case ရဲ့ ရှုပ်ထွေးမှုနဲ့ Issuer ဘဏ်ရဲ့ ပေါ်လစီပေါ်မူတည်ပြီး တစ်ပတ်ဖြစ်စေ၊ တစ်လဖြစ်စေ၊ အဲ့ဒီထက်ပိုပြီး ကြာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းဝယ်မယ်ဆိုရင် ယုံကြည်ရတဲ့ ဝက်ဘ်ဆိုက်တွေ App တွေ မှာပဲ ဝယ်ပါ၊ ပို့ဆောင်မှု အထောက်အထား (Delivery Evidence) ကို သိမ်းထားပါ။ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ POS မှာ ငွေရှင်းတဲ့အခါတွေမှာလည်း Pay Slip ဖြတ်ပိုင်းကို သိမ်းထားပြီး ငွေပမာဏ မှန်၊ မမှန် ပုံမှန် စစ်ဆေးပေးပါ။ ATM ကနေ ငွေမထွက်ရင် အချိန်နဲ့ နေရာကို မှတ်ထားပြီး ဘဏ်ကို အမြန်ဆုံး အကြောင်းကြားပါ။ အကယ်၍ Case တစ်ခုခုဖြစ်လာခဲ့ရင်လည်း Dispute နဲ့ Chargeback သည် ကဒ်သုံးစွဲသူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးဖြစ်တာမို့ တစ်ခုခုဖြစ်လာခဲ့ရင် တွေဝေမနေဘဲ ဖြေရှင်းချက်ကို ရဖို့ မဖြစ်မနေ တိုင်ကြားသင့်ပါတယ်။
1
Photo Credit: www.freepik.com
Card Payment Fee တွေ ဘာလို့ ကောက်တာလဲ

- ဒစ်ဂျစ်တယ်ခေတ်မှာ ကဒ်နဲ့ ငွေပေးချေတာဟာ လူတိုင်းအတွက် အဆင်ပြေလွယ်ကူ စေပါတယ်။ ငွေသားအထပ်လိုက်၊ အထုပ်လိုက်ပိုက်ပြီး စျေးဝယ်ရတဲ့ဒုက္ခကနေလည်း ကင်းဝေးသွားစေပါတယ်။ ဒါပေမယ့် ကဒ်ဖြင့်ငွေပေးချေမှုစနစ်တစ်ခုလုံး လည်ပတ် နိုင်ဖို့အတွက်၊ ထောက်ပံ့ပေးနိုင်ဖို့အတွက် ပေးရမယ့် တန်ကြေး (Fee) တွေလည်း ရှိပါတယ်။ နည်းပညာပေါ် အခြေခံတည်ဆောက်ထားတာမို့ ဝန်ဆောင်မှုပေးရတဲ့ Issuer တွေ၊ Acquirer တွေ၊ Service Provider တွေနဲ့ Card Network တွေဘက်မှာ ကုန်ကျစရိတ်တွေရှိနေပြီး System တွေ လည်ပတ်နိုင်ဖို့အတွက် Fee တွေ ကောက်ခံကြရပါတယ်။ အဲ့ဒီ Fee တွေ ဘယ်လို အလုပ်လုပ်လဲ၊ ဘယ်သူတွေက ဘယ်လို ပေးဆောင်ရလဲဆိုတာကို နားလည်ထားရင် Payment Ecosystem အကြောင်း ပိုပြီး သဘောပေါက်လာမှာပါ။

ကဒ်လက်ခံသူ Merchant က ပေးရတဲ့ Merchant Discount Rate (MDR)

- ပထမဆုံး Merchant Discount Rate (MDR) ကို ပြောပါမယ်။ ဆိုင်ရှင် သို့မဟုတ် ရောင်းချသူဘက်ကနေ ကဒ်လက်ခံဖို့ စနစ်ထောက်ပံ့ပေးထားတဲ့ Acquirer ဘဏ်ဘက်ကို ပေးရတဲ့ အခကြေးငွေဖြစ်ပါတယ်။ ဒီနေရာမှာ ဆိုင်ရှင်ဆိုတာ ပြင်ပမှာဖွင့်ထားတဲ့ ဆိုင်ဖြစ်နိုင်သလို Online မှာ ရောင်းချတဲ့ Ecommerce ဝဘ်ဆိုဒ်တွေ App တွေလည်း ပါဝင်ပါတယ်။ MDR Fee ဆိုတာက Transaction တစ်ကြောင်းတိုင်းမှာ အဲ့ဒီ Transaction ရဲ့ ရာခိုင်နှုန်းပမာဏတစ်ခုဖြစ်စေ၊ ပုံသေသတ်မှတ်ထားတဲ့ Fixed Fee တစ်ခုကိုဖြစ်စေ ပေးရတာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ ရာခိုင်နှုန်း % နဲ့ ကောက်ခံကြပါတယ်။ ရောင်းချလိုက်တဲ့ ငွေပမာဏရဲ့ ၂% - ၃% အစရှိသဖြင့် ရာခိုင်နှုန်းတစ်ခုကို ဆိုင်ရှင်ကနေ Acquirer ဘဏ်ကို ပေးရတာဖြစ်ပါတယ်။

- ဒီနေရာမှာ အသုံးပြုတဲ့ ကဒ်ဟာ Credit ကဒ်လား၊ Debit ကဒ်လား၊ ပြည်တွင်းသုံး MPU ကဒ်လား၊ Visa ၊ Mastercard လို နိုင်ငံတကာသုံး ကဒ်အမျိုးအစားလားပေါ် မူတည်ပြီး ပေးရမယ့် MDR Rate က ကွာခြားချက်ရှိမှာပါ။ နောက်ပြီး ဆိုင်ရဲ့ရောင်းအားနဲ့ Acquiring ဘဏ်ဘက်နဲ့ ညှိနှိုင်းထားနိုင်မှုပေါ်မူတည်ပြီး MDR Rate က အနည်းအများ ကွာခြားချက်ရှိနိုင်ပါတယ်။ ဆိုင်က ရောင်းအားလည်း ကောင်းမယ်၊ ဘဏ်နဲ့လည်း သေချာညှိနှိုင်းထားနိုင်မယ်ဆိုရင် MDR Rate နည်းနည်းပဲ ပေးရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

- MDR Rate နဲ့ ပတ်သတ်ရင် အချို့ဆိုင်တွေက သတ်မှတ်စျေးနှုန်းအတိုင်း ငွေသားနဲ့ဝယ်သည်ဖြစ်စေ၊ ကဒ်နဲ့ ဝယ်သည်ဖြစ်စေ စျေးနှုန်းအတူတူပဲ ရောင်းချတာ ရှိသလို၊ အချို့ဆိုင်တွေမှာ ကဒ်နဲ့ ဝယ်သူတွေဆီက ကဒ်အသုံးပြုခဆိုပြီး အပိုငွေ (Surcharge) တွေ ကောက်ခံကြတာမျိုးလည်းရှိပါတယ်။

ကဒ်ကိုင်ဆောင်သူက ပေးရတဲ့ Cardholder Fee

- ကဒ်ကိုင်ဆောင်သူ Cardholder Fee ကနေ Issuer ဆီကို တိုက်ရိုက်ပေးဆောင်ရတဲ့ အခကြေးငွေ (Cardholder Fee) တွေလည်း ရှိပါတယ်။ ကဒ်အသုံးပြုသူတွေအနေနဲ့ ကဒ်လျှောက်ထားခ ဆိုပြီး ပေးရတတ်ပါတယ်၊ ပြီးတော့ နှစ်စဉ်ကြေးဆိုပြီး Annual Fee တွေ ပေးရပါတယ်။ Debit ကဒ် Credit ကဒ် Prepaid ကဒ် အစရှိသဖြင့် အသုံးပြုတဲ့ ကဒ်အမျိုးအစားပေါ်မူတည်ပြီး ကောက်ခံကြ၊ ပေးကြရပါတယ်။ ကဒ်အသုံးပြုတဲ့အခါမှာလည်း ATM မှာငွေထုတ်တဲ့အခါ အထူးသဖြင့် Credit Card နဲ့ ငွေထုတ်ယူတဲ့အခါမှာ Cash Advance Fee ဆိုပြီး ငွေထုတ်ယူခ ကောက်ခံ တတ်ပါတယ်။ ကဒ်ထုတ်ပေးတဲ့ဘဏ် မဟုတ်တဲ့ မတူညီတဲ့ Card Acquirer ဘဏ်ရဲ့ ATM မှာ ငွေထုတ်တဲ့အခါမှာလည်း ငွေထုတ်ခ ပေးရပါတယ်။ ‌နောက်ပြီး ATM ကနေ ငွေလွှဲတဲ့အခါမှာလည်း ငွေလွှဲခ Balance Transfer Fee ကို ကောက်ခံကြပါတယ်။
မတူညီတဲ့ ငွေကြေး (Currency) တွေ လဲလှယ်အသုံးပြုရတဲ့ Cross Currency အသုံးပြုတဲ့ Transaction တွေမှာဆိုရင်လည်း FX Markup Fee တွေ၊ Foreign Transaction Fee တွေ ကောက်ခံကြပါတယ်။ Credit ကဒ်တွေမှာဆို အကြွေးဝယ် ကဒ်ဖြစ်တာမို့ အတိုး (Interest) ပေးကြရပါတယ်။ နောက်ပြီး Credit Card တွေမှာ ကိုယ်သုံးစွဲထားတဲ့ ငွေကို အပြည့်ပြန်မဆပ်ခဲ့ရင် နောက်ကြကြေး (Late Fee) တွေ ဒဏ်ကြေး (Penalty Fee) တွေလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအခကြေးငွေတွေဟာ ဘဏ်က ကဒ်ကိုင်ဆောင်သူတွေကို Credit Card နဲ့ အကြွေးတွေချပေးနိုင်ဖို့၊ နောက်ပြီး Reward တွေ၊ Cashback တွေ ပေးနိုင်ဖို့နဲ့ စနစ်တွေလည်ပတ်နိုင်ဖို့၊ ကုန်ကျစရိတ်တွေအတွက်နဲ့ အသုံးပြုသူတွေက ငွေပြန်မဆပ်နိုင်ခဲ့ရင် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုကို ကာကွယ်စေဖို့ အတွက် ကောက်ခံ ရတာ ဖြစ်ပါတယ်။

Acquirer က Issuer ကို ပေးရတဲ့ Interchange Fee

- Interchange Fee ကတော့ ကဒ်ထုတ်ပေးတဲ့ ဘဏ်ကို ကဒ်လက်ခံဘဏ်က ပေးရတဲ့ အခကြေးငွေ ဖြစ်ပြီး ငွေပေးချေမှု တစ်ခုချင်းစီရဲ့ သေးငယ်တဲ့ ရာခိုင်နှုန်း % တစ်ခုကို ပေးရမှာပါ။ Interchange Fee ရဲ့ ရည်ရွယ်ချက်က ကဒ်ကိုင်ဆောင်သူတွေကို Cashback၊ Reward Points လို ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့ ဘဏ်ရဲ့ ကုန်ကျစရိတ်ကို အထောက်အပံ့ပေးနိုင်ဖို့ပါ။
1
ဘဏ်တွေက ပေးရတဲ့ Card Network Fee

- Card Network Fee ဆိုတာလည်း ရှိပါတယ်။ အဲ့ဒါကတော့ ဘဏ်တွေကနေ Visa၊ Mastercard လို ကဒ်ကွန်ရက်တွေကို ပေးရတဲ့ အခကြေးငွေ ဖြစ်ပြီး ကဒ်ကွန်ရက်တွေအနေနဲ့ ငွေပေးချေမှု စနစ်ကို ထိန်းကျောင်းဖို့နဲ့ လုံခြုံရေးနည်းပညာ တွေ ထောက်ပံ့ပေးဖို့၊ စနစ်လည်ပတ်စေဖို့ အသုံးပြုပါတယ်။ Card network တွေဟာ ငွေပေးချေမှု လုပ်ငန်းစဉ်ကို ချောမွေ့စေပြီး မတူညီတဲ့ ဘဏ်တွေကြား ချိတ်ဆက်ပြီး Transaction ပြုလုပ်နိုင်စေဖို့ ဆောင်ရွက်ပေးတာမို့ Card Network Fee ကလည်း Payment Ecosystem မှာ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။

- ခြုံငုံပြောရရင် ကဒ်ဖြင့်ငွေပေးချေမှု (Card Payment) မှာ အကျိုးကျေးဇူးတွေနဲ့ စိန်ခေါ်မှုတွေ နှစ်မျိုးလုံး ရှိပါတယ်။ အကျိုးကျေးဇူးအနေနဲ့ ငွေသားမသုံးဘဲ ငွေပေးချေလို့ရတာ၊ လုံခြုံရေး အာမခံချက်ရှိတာ၊ စီးပွားရေး လည်ပတ်မှု ပိုမို မြန်ဆန်လာတာတွေ ပါဝင်ပါတယ်။ စိန်ခေါ်မှုအနေနဲ့ ဆိုင်ရှင်တွေအတွက် MDR Rate ပေးဆောင်ရတာကြောင့် အမြတ်ဝင်ငွေနည်းသွားတာ၊ ကဒ်ကိုင်ဆောင်သူတွေအဖို့ Surcharge ပေးရတာတွေ ဖြစ်လာနိုင်ပါတယ်။

- ဘယ်လိုပဲဖြစ်ဖြစ်ပါ ကဒ်ဖြင့်ငွေပေးချေမှုမှာ ပေးဆောင်ရတဲ့ အခကြေးငွေတွေဟာ Payment Ecosystem လည်ပတ်နိုင်စေဖို့နဲ့ Ecosystem မှာ ပါဝင်တဲ့ Stakeholder တိုင်းအတွက် အပြန်အလှန် အကျိုးပြုနိုင်ဖို့၊ နည်းပညာကို ပံ့ပိုးပေးနိုင်ဖို့၊ Payment Security အတွက် လုံခြုံရေးတွေ အဆင့်မြှင့်နိုင်ဖို့ အထောက်အကူ ပေးနေတာကို နားလည်ထားရပါမယ်။ ဒီလောက်ဆိုရင်တော့ ကဒ်အသုံးပြုတဲ့အခါ ပေးရတဲ့ Fee တွေနဲ့ အဲ့ဒါတွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာကို နားလည်လာပြီး အရင်ထက် ပိုပြီး စိတ်ချလက်ချ Card payment တွေကို အသုံးပြုနိုင်လာမှာပါ။
1
MMQR အပါအဝင် အခြားသော Alternative Payment နည်းလမ်းတွေအကြောင်း

- ဒစ်ဂျစ်တယ်ခေတ်မှာ ငွေပေးချေမှု နည်းလမ်းတွေ အမျိုးမျိုး ပေါ်ထွက်လာပြီး မြန်မာနိုင်ငံမှာလည်း ကဒ်တွေအပြင် အခြားရွေးချယ်စရာ နည်းလမ်းတွေ အများကြီးရှိလာပါတယ်။ အသုံးအများဆုံးကတော့ Internet /Mobile Banking တွေနဲ့ Digital Wallet တွေ pay app တွေ ဖြစ်ပါတယ်။

Direct Carrier Billing ဆိုတာ

- Direct Carrier Billing (DCB) ဆိုတာကတော မိုဘိုင်းဖုန်းသုံးသူတွေအတွက် ငွေပေးချေနည်းတစ်ခုဖြစ်ပြီး၊ ဝယ်ယူတဲ့ ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုရဲ့ ကျသင့်ငွေကို ဖုန်းဘေလ်ကနေတစ်ဆင့် ငွေပေးချေတာဖြစ်ပါတယ်။ ဒီစနစ်ဟာ မြန်မာပြည်မှာ လူတွေသိပ်သတိမထားမိဘဲ အသုံးပြုမိနေကြတဲ့ ငွေပေးချေမှုပုံစံ ဖြစ်ပါတယ်။ ဥပမာ - Atom ဖြစ်စေ၊ Ooredoo ဖြစ်စေ ဖုန်းဘေလ်နဲ့ ဝန်‌ဆောင်မှုကို လူတိုင်းဝယ်ဖူးမှာပါ။ ဖုန်း Subscription Plan တစ်ခုခုကိုဖြစ်စေ၊ Digital Good တစ်ခုခုကိုဖြစ်စေ ဝယ်ယူတဲ့အခါ ဖုန်းဘေယ်ထဲက အလိုအလျှောက် ငွေဖြတ်သွား တာဟာ DCB နည်းနဲ့ ငွေပေးချေလိုက်လို့ ဖြစ်ပါတယ်။

Internet Banking ၊ Mobile Banking ဆိုတာ

- Internet banking၊ mobile Banking ဆိုတာကတော့ မြန်မာပြည်မှာ ဘဏ်တွေကနေ ပေးထားတဲ့ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ KBZ iBanking ၊ KBZ mBanking ၊ AYA iBanking AYA mBanking တို့လို service တွေဖြစ်ပါတယ်။ Internet Banking ဆိုတာ ဘဏ်ရဲ့ ဝက်ဘ်ဆိုက်ကနေ အကောင့်ထဲ ဝင်ပြီး ငွေလွှဲတာ၊ ဖုန်းငွေဖြည့်တာ၊ လျှပ်စစ်မီတာ၊ အင်တာနက်လစဉ်ကြေးနဲ့ အခြားတော့ Bill တွေ ပေးဆောင်တာမျိုးတွေ လုပ်လို့ရတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ Digital Good တွေ လည်းဝယ်ယူလို့ရပါတယ်။ ပြီးတော့ အကောင့်လက်ကျန်ငွေ စစ်တာ၊ သုံးစွဲမှုစာရင်း ထုတ်ကြည့်တာတွေလည်း လုပ်ပေးနိုင်ပါတယ်။

- Mobile Banking ကလည်း အလားတူပဲ ဘဏ်တွေက ထုတ်ပေးထားတဲ့ mobile app တွေကနေ internet banking မှာလိုပဲ ဘဏ်ဝန်ဆောင်မှုတွေကို သုံးစွဲတာပါ။ ဒီစနစ်တွေမှာ ဘဏ်အကောင့်ကို တိုက်ရိုက်ချိတ်ဆက်ထားပြီး ဘဏ်ရဲ့ Core Banking System နဲ့ အလုပ်လုပ်တာမို့ ငွေလွှဲတာ၊ ဘေလ်ပေးတာ၊ အကောင့်စီမံတာတွေ အပြည့်အဝ လုပ်လို့ရပါတယ်။ ဒီစနစ်မှာ အဓိက အားနည်းချက်ကတော့ မြန်မာပြည် မှာ ဘဏ်အကောင့်ရှိသူ နည်းသေးတာမို့ ဒီဝန်ဆောင်မှုတွေက မြို့ကြီးတွေမှာ ပိုအသုံးပြုကြပြီး လူတိုင်းလက်ထဲကိုရောက်နိုင်၊ သုံးနိုင်တဲ့ အနေအထားရောက်ဖို့ တော်တော်လိုပါသေးတယ်။

Digital Wallet ၊ Pay App ဆိုတာ

- Digital Wallets လို Mobile Payments တွေကတော့ မြန်မာပြည်မှာ လူသုံးအများဆုံး နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Financial Inclusion လို့ခေါ်တဲ့ လူတိုင်းလက်ထဲ ငွေပေးချေမှုနည်းစနစ် ရောက်ရှိဖို့ရာအတွက် Mobile Wallet တွေကို အားကိုးရမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ မိုဘိုင်း App တစ်ခုထဲမှာ သုံးစွဲသူတွေအနေနဲ့ ငွေဖြည့်ထားနိုင်တဲ့ Mobile Wallet အကောင့်ကို အသုံးပြုပြီး ငွေသိမ်းတာ၊ ပေးချေတာ၊ လက်ခံတာ၊ လွှဲပေးတာတွေ လုပ်နိုင်တဲ့ စနစ်ပါ။ မြန်မာပြည်မှာ Wave Money ၊ KBZPay ၊ AYA Pay ၊ UABPay ၊ OK$ ၊ A+၊ MoMoney တို့လို ဝန်ဆောင်မှုတွေက Digital Wallet နဲ့ Mobile Payment နည်းလမ်းတွေဖြစ်ပါတယ်။

- ဒီနည်းစနစ်မှာ အဓိကအားဖြင့် QR Code ကို scan ဖတ်ပြီး ငွေပေးချေကြပါတယ်။ ချက်ချင်း (Real-time) ငွေလွှဲနိုင်ပြီး ဆိုင်တွေမှာ ငွေပေးချေတာအပြင် အကောင့်မရှိသေးသူတွေကို ငွေလွှဲလို့ရပါတယ်။ ပြီးတော့ Mobile Banking ၊ Internet Banking တွေမှာလိုပဲ Bill ပေးဆောင်တာတွေအပြင် သုံးစွဲသူ အချင်းချင်း (Peer-to-Peer) ငွေလွှဲတာ၊ လက်ခံတာတွေလည်း ရပါတယ်။ Digital Good တွေ ဝယ်ယူလို့လည်း ရပါတယ်။ အဲ့ဒါကြောင့်မို့ ဆိုင်တွေမှာ စျေးဝယ်တာအပြင်၊ မိသားစုတွေ သူငယ်ချင်းတွေကို ငွေပို့တာ၊ ဖုန်းဘေလ် ဖြည့်တာတွေမှာ လူတိုင်းအတွက် အဆင်ပြေစေပါတယ်။ Internet Banking တွေ၊ Mobile Banking တွေထက် အားသာချက်တစ်ခုကတော့ ဘဏ်အကောင့်မရှိသူတွေလည်း အလွယ် တကူ အကောင့်ဖွင့်နိုင်အောင်၊ သုံးလို့ရအောင် ဒီဇိုင်းထုတ်ထားတာမို့ မြို့ကြီးတွေ သာမက ကျေးလက်အထိ လူတန်းစားတိုင်း လက်ထဲမှာ ပျံ့နှံ့ သုံးစွဲကြပါတယ်။

- မြန်မာပြည်က Digital wallet တွေမှာ အားနည်းချက်တစ်ခုတော့ရှိပါတယ်။ အဲ့ဒါက ဘာလဲဆိုရင် မြန်မာပြည်မှာ Wallet Payment App တွေ အများကြီး ရှိလာပေမယ့် အချင်းချင်း အတူတူတကွ ချိတ်ဆက်ပြီး အလုပ်မလုပ်နိုင်တာပါ။ ဆိုလိုတာက KBZPay အကောင့်ထဲမှာ ငွေထည့်ထားရင် KBZPay အကောင့်ပိုင်ရှင် သို့မဟုတ် KBZPay Merchant ဆီကိုပဲ ငွေပေးလို့ရပါတယ်။ KBZPay ကနေ AYA Pay ကိုင်ဆောင်သူကို ငွေပေးချေလို့၊ ငွေလွှဲလို့ မရပါ။ အဲ့ဒီအားနည်းချက်ကြောင့် လူတိုင်းရဲ့ လက်ထဲမှာ၊ ဖုန်းတွေထဲမှာ Wallet App တွေ အကုန်ထည့်ထားရမလို ဖြစ်သွားပါတယ်။ အဲ့ဒီလို ထည့်ထားရုံနဲ့ မပြေလည်ဘဲ ကိုယ်အသုံးပြုမယ့် Wallet App ထဲကို ငွေတွေလိုက်ထည့်နေရပါသေးတယ်။ ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ အဲ့ဒီပြဿနာတွေအတွက် MMQR ပေါ်လာတာမို့ ဖြေရှင်းဖို့လမ်းစပေါ်လာပြီလို့ ပြောလို့ရပါတယ်။
👍1
MMQR ဆိုတာ

- MyanmarPay လို့ခေါ်တဲ့ MMQR (Myanmar Quick Response) ကို မကြာသေးခင်က မိတ်ဆက် (Launch) လုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုအတွက် National QR Standard တစ်ခု ဖြစ်ပါတယ်။ MMQR ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထိန်းကျောင်းမှုနဲ့ စတင်ခဲ့ပြီး ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်အသုံးပြုလို့ရပါပြီ။ ဒီနေရာမှာ MMQR နဲ့ ပတ်သတ်ပြီး လူအများ နားလည်မှု လွဲနေတာလေးရှိပါတယ်။ MMQR ပေါ်လာတာကြောင့် ငွေကြေးဖောင်းပွလာမယ်၊ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ စျေးကွက်ထဲကို ငွေကြေးတွေ အမြောက်အမြား ဝင်လာမယ်လို့ စိုးရိမ်ကြပါတယ်။

- အမှန်တော့ MMQR နဲ့ လည်ပတ်မယ့် ငွေကြေးအားလုံးဟာ လက်ရှိ Mobile Wallet ၊ Mobile Pay ထဲက ငွေတွေပဲ လည်ပတ်မှာပါ။ MMQR သည် Wallet/Pay App တစ်ခုမဟုတ်သလို သူ့ဆီမှာ ငွေကြေးသိမ်းဆည်းတာ၊ ထုတ်ဝေတာ ပြုလုပ်လို့ မရပါဘူ။ အတိအကျပြောရရင် MMQR သည် လက်ရှိ ပြည်တွင်း Card Payments တွေအတွက် ကျွန်တော်တို့ အသုံးပြုနေတဲ့ MPU လိုပဲ Digital Payment Switch တစ်ခုသာ ဖြစ်ပါတယ်။ MPU (Myanmar Payment Union) ဟာ မြန်မာနိုင်ငံဘဏ်တွေတစ်ခုနဲ့ တစ်ခုကြား ထုတ်ဝေထားတဲ့ ကဒ်တစ်ခုနှင့်တစ်ခုကြား ချိတ်ဆက်ပြီး ငွေချေလို့ရအောင်၊ အသုံးပြုနိုင်အောင် လိုက်နာရမယ့် Rule တွေ Regulation တွေနဲ့၊ Routing/Switching တွေလုပ်ပေးတဲ့ ကြားခံ Card Network တစ်ခု ဖြစ်ပါတယ်။ MMQR သည်လည်း အလားတူပဲ မြန်မာပြည်မှာ အသုံးပြုကြတဲ့ ဘဏ်တွေနဲ့ ငွေကြေးအဖွဲ့အစည်းတွေက ထုတ်ထားတဲ့ Mobile Payment Solutoin တွေဖြစ်တဲ့ Wave Money ၊ KBZPay ၊ AYA Pay တို့လို Pay App တွေ Wallet တွေကြား Interoperability လို့ခေါ်တဲ့ အချင်းချင်း ချိတ်ဆက်ပြီး အလုပ်လုပ်နိုင် အောင် Standardize Solution တစ်ခုကို ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ MMQR မှာ ငွေကြေးထုတ်ဝေခြင်း၊ ငွေကြေးသိမ်းဆည်းခြင်း၊ အဲ့ဒီလိုလုပ်ဆောင်ချက်တွေ လောလောဆယ်မရှိသလို၊ အနာဂတ်မှာလည်း ရှိလာနိုင်မှာ မဟုတ်ပါ။ MMQR လို လုပ်ဆောင်ချက်တူတဲ့ Solution တွေကို လေ့လာကြည့်လို့ရပါတယ်၊ အိမ်နီးချင်းနိုင်ငံ တွေမှာဆို ထိုင်းမှာဆို Thai QR ၊ စင်ကာပူမှာဆို SGQR ၊ မလေးရှားမှာဆို DuitNow QR လိုမျိုး Solution တွေက မတူတဲ့ QR ငွေပေးချေမှုတွေအကြား Interoperability ဖြစ်ဖို့၊ မတူညီတဲ့ App တစ်ခုခုနဲ့တစ်ခု System တစ်ခုနဲ့ တစ်ခုကြား ငွေပေး၊ ငွေယူ လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးထားတဲ့ Solution တွေဖြစ်ပါတယ်။

- MMQR ပေါ်လာတဲ့အတွက် မြင်သာမှုအရှိဆုံး အကျိုးကျေးဇူးကတော့ Mobile Wallet ၊ Mobile Payment တွေကြားမှာ တရားမျှတတဲ့ ယှဉ်ပြိုင်မှု Fair Competition ဖြစ်လာမှာဖြစ်ပါတယ်။ အရင်လို လူသုံးအများဆုံး App တွေကပဲ စျေးကွက်မှာ ဦးဆောင်နေတာမျိုး တွင်ကျယ်နေတာမျိုး မဖြစ်တော့ပါဘူး။ မြန်မာပြည်မှာ လူတိုင်းငြင်းလို့မရတာက KBZPay နဲ့ WavePay က လူသုံးအတွင်ကျယ်ဆုံး ဖြစ်ပါတယ်။ တစ်နေရာရာမှာ စျေးဝယ်မယ်ဆို စျေးဆိုင်တွေမှာ အများစုလက်ခံတာက KBZPay ဖြစ်ပါတယ်။ MMQR ကြောင့် နောက်ပိုင်းမှာ ကိုယ့်ဖုန်းထဲမှာ မိမိအဆင်ပြေရာ Mobile Pay App ထည့်ထားလို့ ရလာမှာ ဖြစ်ပါတယ်။ လက်ခံသူဘက်က KBZPay Merchant ဖြစ်စေ၊ AYA Pay Merchant ဖြစ်စေ၊ CB Pay Merchant ဖြစ်စေ အရေးမကြီးတော့သလို ကိုယ့်ဖုန်းထဲမှာလည်း Wallet Pay App တစ်ခုရှိထားတာနဲ့ မည်သည့် Merchant ကိုမဆို လွယ်ကူစွာ ငွေပေးချေလို့ရလာမှာဖြစ်ပါတယ်။

- MMQR စနစ်ရှိလာတာကြောင့် နောက်ပိုင်းမှာ မတူညီတဲ့ Wallet Pay App အသုံးပြုသူအချင်းချင်းကြားမှာလည်း အပြန်အလှန် Peer-to-Peer ငွေလွှဲလို့ရလာ ပါလိမ့်မယ်။ ပြီးတော့ ဒေသတွင်း မတူညီတဲ့ နိုင်ငံတကာ ငွေပေးချေမှုစနစ်တွေနဲ့လည်း ချိတ်ဆက်ပြီး Financial Transactions တွေ ပြုလုပ်လာနိုင်ဖို့လည်း မျှော်လင့်ထားလို့ ရပါတယ်။ လောလောဆယ်တော့ MMQR စနစ်စတင်ကာစဖြစ်တာမို့ စနစ် တည်ငြိမ်ပြီး Mature ဖြစ်လာဖို့ အချိန်တစ်ခုပေးပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ MMQR ဟာက Digital Payment Switch သက်သက်ပဲ ဖြစ်တာမို့ ငွေကြေးဖောင်းပွ မှုကိုတော့ တိုက်ရိုက်ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။

- ဒီလောက်ဆိုရင်တော့ MMQR အပါအဝင် Digital Wallet တွေ၊ Mobile Banking/Internet Banking တွေနဲ့ မိုဘိုင်းဖုန်းဘေလ်နဲ့ Direct Carrier Billing တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာနဲ့ အားသာချက်၊ အားနည်းချက်၊ ရေရှည်မှာ ဖြစ်ပေါ် လာနိုင်မယ့် အလားအလားတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်လောက်ပါပြီ။
1
Open Loop နဲ့ Closed Loop ငွေပေးချေမှုစနစ်တွေရဲ့ အလုပ်လုပ်ပုံ

- ငွေပေးချေမှုအကြောင်းကို သဘောတရားကို သိပြီဆိုရင်တော့ Open Loop နဲ့ Closed Loop ဆိုတဲ့ ငွေပေးချေမှုပုံစံ (Payment Models) တွေအကြောင်းနဲ့ ဒီနှစ်ခုရဲ့ ကွဲပြားမှု၊ ဘယ်လို အလုပ်လုပ်သလဲ၊ ဘယ်လိုအသုံးပြုသလဲ ဆိုတာကိုဆက်ပြီး ပြောပြပေးပါမယ်။

- Open Loop Payment Model ကတော့ ပါဝင်သူ (Stakeholder) တွေ အများကြီးနဲ့ ချိတ်ဆက်ထားတဲ့ စနစ်ပုံစံ ဖြစ်ပါတယ်။ ဒီမော်ဒယ်မှာ ငွေပေးချေမှုကို ဘဏ်တွေ၊ ငွေပေးချေမှု ကွန်ရက်တွေ၊ ဆိုင်တွေ၊ ဝန်ဆောင်မှုပေးသူတွေ အများကြီးကြား လုပ်ဆောင်နိုင်ပါတယ်။ ဒီစနစ်ရဲ့ အဓိက အားသာချက်က နေရာအများစုမှာ တွေ့ရ၊ အသုံးပြုလို့ရတာပါ။ ဥပမာ အနေနဲ့ Visa နဲ့ Mastercard လို ကဒ်ကွန်ရက်တွေက Open Loop payment model အမျိုးအစားဖြစ်ပါတယ်။ ဒီလို payment model အသုံးပြုထားတဲ့ စနစ်တွေက ကမ္ဘာတစ်ဝှမ်းက ဆိုင်တွေမှာ ငွေပေးချေလို့ရအောင် ချိတ်ဆက်ပေးထားပြီး ဘဏ်မတူညီတဲ့ အကောင့်တွေကြား ငွေပေးချေမှု၊ လွှဲပြောင်းမှုကို လုပ်ဆောင်ပေးပါတယ်။

- Closed Loop Payment Model ကတော့ ငွေပေးချေမှုနဲ့ ဝန်ဆောင်မှုတွေကို တစ်ခုတည်းသော ဝန်ဆောင်မှုပေးသူရဲ့ ကွန်ရက်စနစ်ထဲမှာပဲ လုပ်ဆောင်ပြီး ပြင်ပက အဖွဲ့အစည်းတွေ၊ စနစ်တွေနဲ့ ချိတ်ဆက်မထားပါဘူး။ ဒီစနစ်ရဲ့ အားသာချက်က ရိုးရှင်းပြီး မြန်ဆန်မှုရှိတာပါ။ ဥပမာအနေနဲ့ နိုင်ငံတကာမှာဆို Starbucks မှာ mobile app ထဲကြိုတင်‌ငွေဖြည့်ထားပြီး အသုံးပြုတာမျိုးနဲ့ မြန်မာပြည်မှာဆို closed loop ပုံစံနဲ့ နီးနီးစပ်စပ် သဘောတရားတူပြီး လူအများသိတာဆိုရင် City Mart Supermarket တွေမှာ အသုံးပြုတဲ့ City Rewards point လို အမျိုးအစား ဖြစ်ပါတယ်။ သူ့ရဲ့ စနစ်ထဲမှာ အကောင့်ဖွင့်ထားသူတွေပဲ အသုံးပြုနိုင်ပြီး အခြား ပြင်ပစနစ်တွေနဲ့ ချိတ်ဆက်မထားပါဘူး။ သတ်မှတ်ထားတဲ့ သူ့ရဲ့ closed loop စနစ်ထဲ မှာပဲ အသုံးပြုလို့ရပါတယ်။

- Open loop ပုံစံနဲ့ ရပ်တည်တဲ့ payment system တွေဟာ လူအများအသုံးပြုနိုင်ဖို့ကို ဦးတည်ပါတယ်။ ပါဝင်သူ stakeholder တွေ၊ စနစ် (System) တွေ အများကြီးနဲ ချိတ်ဆက်လုပ်ဆောင်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ လူအများကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါတယ်။ အားနည်းချက်အနေနဲ့ အပြောင်းအလဲတစ်ခုခု ပြုလုပ်ရတဲ့ အခါတွေမှာ ချိတ်ဆက်ထားတဲ့ ပါဝင်သူ (End-party) တွေများတာမို့ ပြောင်းလွယ် ပြင်လွယ်မဖြစ်ဘဲ စနစ်လည်ပတ်မှုအပေါ် ထိခိုက်မှုမဖြစ်အောင် စနစ်တကျ ထိန်းချုပ်ကြရပါတယ်။ Closed Loop ပုံစံနဲ့ ရပ်တည်နေတဲ့ payment system တွေကတော့ ပါဝင်သူ stakeholder တွေ အများကြီး မရှိဘဲ ကိုယ်ပိုင်ကွန်ရက်နဲ့ စနစ်ထဲမှာပဲ ငွေပေးချေမှုကို လုပ်ဆောင်စေပါတယ်။ အကျိုးကျေးဇူးအနေနဲ့ စနစ်ကို လိုအပ်သလို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး ရိုးရှင်းတာပါပဲ။ အားနည်းချက် အနေနဲ့ကတော့ ဒီစနစ်ဟာ open loop စနစ်တွေလို လူအများကြား ကျယ်ကျယ်ပြန့်ပြန် အသုံးပြုဖို့ထက် သတ်မှတ်ထားတဲ့ လူအုပ်စုနဲ့ အသင်းအဖွဲ့တွေ အတွက်ပဲ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
1
ATM တစ်လုံး ဘယ်လိုတည်ဆောက်ထားသလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ

ATM ဆိုတာ Automated Teller Machine ကို အတိုကောက် ခေါ်တာဖြစ်ပြီး ငွေထုတ်စက်လို့လည်း အလွယ်ခေါ်ကြပါတယ်။ ဒါပေမယ့် ATM စက် တွေရဲ့ လုပ်နိုင်စွမ်းက ငွေထုတ်ပေးတာထက် အများကြီး ပိုပါတယ်။ အသုံးပြုတဲ့ ATM အမျိုးအစားနဲ့ ဝန်‌ဆောင်မှုပေးတဲ့ ဘဏ်အပေါ်မူတည်ပြီး ငွေထုတ်တာအပြင်၊ ငွေလွှဲတာ၊ ငွေသွင်းတာ၊ ဘဏ်စာအုပ် update လုပ်တာ၊ ဘေလ်ဆောင်တာအပြင် အခြားသော အဆင့်မြင့် ဘဏ်ဝန်ဆောင်မှုတွေကိုပါ လုပ်ဆောင်လို့ရနိုင်ပါတယ်။

ATM တွေဟာ တစ်ကယ်တမ်းမှာ ကွန်ပျူတာ၊ ပရင်တာ၊ ငွေရေစက်နဲ့ မီးခံသေတ္တာတို့ကို ပေါင်းစပ်ထားတဲ့စက်လို့ပဲ ပြောရမှာပါ။ ယေဘုယျအားဖြင့် ATM တစ်လုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကို ပြောရရင်

၁) ကဒ်ဖတ်စက် (Card Reader)
ဘဏ်ကဒ်ကို ထည့်ရတဲ့ နေရာဖြစ်ပါတယ်။ ဒီ Card Reader က ဘဏ်ကဒ်ထဲက Magnetic Stripe သို့မဟုတ် Chip ကနေ အချက်အလက်တွေကို ဖတ်ပြီး ဘဏ်စနစ်နဲ့ ချိတ်ဆက်ပေးပါတယ်။

၂) Keypad
ဘဏ်ကဒ်ရဲ့ PIN (Personal Identification Number) ကို ရိုက်ထည့်ရတဲ့ Numeric Keypad ဖြစ်ပါတယ်။ PIN အပြင် Transaction အမျိုးအစားပေါ်မူတည်ပြီး ငွေပမာဏ၊ အကောင့်နံပတ်နဲ့ အခြားသော သက်ဆိုင်ရာ အချက်အလက်တွေ ရိုက်ထည့်ဖို့ အသုံးပြုပါတယ်။

၃) မော်နီတာ (Display Screen)
အသုံးပြုသူတွေကို လုပ်ဆောင်ချက်တွေကို ပြသဖို့အတွက် သုံးပါတယ်။ Touch screen ဒါမှမဟုတ် ပုံမှန် screen လည်း ဖြစ်နိုင်ပါတယ်။

၄) ငွေရေစက်၊ ငွေထုတ်စက် (Cash Dispenser)
ငွေထုတ်ယူတဲ့အခါမှာ ဒီအစိတ်အပိုင်းက ငွေတွေကို ထုတ်ပေးပါတယ်။ Vault လို့ခေါ်တဲ့ မီးခံသေတ္တာ၊ ငွေစက္ကူတွေ သိမ်းဆည်းထားနိုင်တဲ့ cassette box တွေပါဝင်ပြီး၊ ငွေတွေကို တိကျစွာ ရေတွက်ပေး၊ ထုတ်ပေးနိုင်ပါတယ်။

၅) Receipt Printer
ငွေထုတ်တာ၊ လက်ကျန်ငွေစစ်တာနဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ရယူပြီးတဲ့အခါမှာ အသုံးပြုသူက တောင်းဆိုတဲ့အခါ ပြေစာထုတ်ပေးဖို့ အသုံးပြုပါတယ်။

၆) ကွန်ပျူတာအစိတ်အပိုင်းတွေ
ပုံမှန်ကွန်ပျူတာတွေမှာလိုပဲ CPU ၊ RAM ၊ Storage ၊ Power Supply နဲ့ ATM Host/Payment Switch ကို ချိတ်ဆက်နိုင်ဖို့အတွက် Communication Module တွေ ပါဝင်ပါတယ်။

၇) Security Features တွေ
ATM စက်တွေမှာ လုံခြုံရေးအတွက် ကင်မရာတွေနဲ့ PIN ကို ကာကွယ်ပေးတဲ့ encryption module တွေလည်း ပါဝင်ပါတယ်။

ပုံမှန် ATM Transaction တစ်ခုရဲ့ လုပ်ဆောင်ပုံကတော့
၁) ပထမဆုံးသုံးစွဲသူက ကဒ်ထည်လိုက်ရင် မြန်မာစာ၊ အင်္ဂလိပ်စာ အစရှိသဖြင့် သုံးစွဲမယ့် ဘာသာစကားကို ရွေးချယ်ခိုင်းပါမယ်။
၂) ပြီးတော့ PIN တောင်းပါမယ်။
၃) ငွေထုတ်မယ်၊ ငွေလွှဲမယ်၊ Mini Statement ကြည့်မယ် အစရှိသဖြင့် အသုံးပြုချင်တဲ့ ဝန်ဆောင်မှုကို ရွေးချယ်ပေးရပါမယ်။
၄) ငွေထုတ်မှာဆို ထုတ်ယူချင်တဲ့ ငွေပမာဏကို keypad ကနေ ရိုက်ထည့်ပေးရပါမယ်။
၅) အဲ့ဒီနောက်မှာ ATM ကနေ ATM Host/Card Issuer ကို ဆက်သွယ်ပြီး အချက်အလက်တွေကို message ပို့ပေးလိုက်ပါတယ်။
၆) Card Issuer ကနေ ATM ကနေ ပို့ပေးထားတဲ့ PIN မှန်သလား၊ Fraud အနေနဲ့ သံသယရှိသလား၊ အကောင့်ထဲမှာ ငွေရှိသလား အစရှိသဖြင့် စစ်ဆေးပါမယ်။
၇) စစ်ဆေးမှုရလဒ်ကို Issuer ကနေ ATM ဆီကို message ပြန်ပို့လိုက်ပါတယ်။ ငွေထုတ်ပေးပါ၊ ငွေထုတ်မပေးပါနဲ့၊ ကဒ်ကို သိမ်းယူပါ အစရှိသဖြင့် ပြန်ပို့ပေးပါတယ်။
၈) ငွေထုတ်ပေးဖို့ response message ရခဲ့ရင် ATM ရဲ့ cash dispenser ကနေ ငွေထုတ်ပေးပါတယ်။
၉) ကဒ်အသုံးပြုသူက ‌receipt ထုတ်ပေးဖို့ တောင်းဆိုရင် receipt printer ကနေ ပြေစာထုတ်ပေးပါတယ်။
၁၀) စက်ကနေ ကဒ်ပြန်ထွက်လာပါတယ်။ ဒါကတော့ ATM Transaction တစ်ခုရဲ့ ယျေဘုယျ လုပ်ဆောင်ပုံ အဆင့်တွေ ဖြစ်ပါတယ်။

ATM တွေမှာ ငွေထုတ်တဲ့အခါ အချို့ ATM တွေက ကဒ်အရင် ပြန်ထွက်လာပါတယ်။ ပြီးတော့မှ ငွေထွက်ပါတယ်။ ရည်ရွယ်ချက်က ငွေထွက်လာတဲ့အခါ ကဒ်ကို မေ့မကျန်ခဲ့အောင် အရင်ပြန်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီတော့ နောက်ထပ် ဝန်ဆောင်မှုတွေကို အသုံးပြုချင်သေးရင် ကဒ်ကို စက်ထဲ ပြန်ထည့်ရပါတယ်။ အဲ့ဒါကြောင့် အချို့ ATM တွေမှာတော့ ငွေကို အရင်ထုတ်ပေးပြီးမှ ကဒ်ထုတ်ပေးပါတယ်။ ကဒ်ပြန်ထည့်စရာမလိုတော့တာမို့ ဝန်ဆောင်မှုတွေကို ဆက်ပြီး အသုံးမယ့်သူတွေအတွက် အဆင်ပြေသွားနိုင်ပေမယ့် အဲ့ဒီလို ATM တွေမှာ မကြာခဏ ဖြစ်တတ်တာကတော့ အသုံးပြုသူတွေက ကဒ်မေ့ကျန်ခဲ့တာပါပဲ။ အဲ့ဒါကြောင့် ငွေအရင်ထွက်တဲ့ ATM တွေမှာ အသုံးပြုတဲ့အခါ ကဒ်မေ့ကျန်ခဲ့ရအောင် သတိထားဖို့လိုပါတယ်။

ဒီလောက်ဆိုရင်တော့ ATM မျိုးကွဲတွေအကြောင်း၊ ATM တစ်လုံးမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေကြောင်း၊ ATM Transaction တစ်ခု အလုပ်လုပ်ပုံနဲ့ သတိထားသင့်တဲ့ အချက်တွေကို သိသွားလောက်ပါပြီ။ ပြောရမယ်ဆိုရင် ATM တစ်လုံးဟာ ဘဏ်ဝန်ထမ်း (Bank Teller) တစ်ယောက် ဝန်ဆောင်မှုပေးနိုင်တာ အားလုံးနီးပါး လုပ်ပေးနိုင်ပါတယ်။ ၂၄နာရီ တစ်နှစ်ပတ်လုံး မနားတမ်း ဝန်ဆောင်မှုပေးနိုင်တာကြောင့် ပုံမှန် ဘဏ်ဝန်ထမ်းတစ်ယောက်ထက် အားသာသွားတယ်လို့တောင် ဆိုရမှာပါ။ (စက်ပျက်တာ၊ ငွေကုန်တာတော့ ဖြစ်တတ်ပေမယ့်လို့ပေါ့။)
1