Freedom Fighter Info
372 subscribers
75 photos
1 video
44 files
208 links
Download Telegram
“လေးမျက်နှာနှင့်အတူ ဒိုင်ယာလောခ့်ယဉ်ကျေးမှုအရွေ့မှာ ပါဝင်လိုက်ပါ။”
(လုပ်အားပေးများဖိတ်ခေါ်ခြင်း)
________________________________
ပြီးခဲ့သည့် တော်လှန်ရေးငါးနှစ်တာကာလတွင် အရပ်ဘက်ရပ်ဝန်းများ ကျဉ်းမြောင်းလာခြင်း၊ မီဒီယာများ ဝါဒဖြန့်ချိရေးဆန်လာခြင်း၊ ဆိုရှယ်မီဒီယာယဉ်ကျေးမှုအရ သည်းခံနိုင်စွမ်းနည်းပြီး အကွဲအဟများခြင်းတို့ကြောင့် ဒိိုငယာလောခ့်ရပ်ဝန်းများ ရှားပါးလာသည်။ သို့ဖြစ်ရာ အကျိုးဆက်အနေနှင့် မတူညီသောရှုထောင့်များမှ ကျေကျေလည်လည် နားလည်သုံးသပ်၍ ဆုံးဖြတ်ချက်ချမှတ်ဖို့ ခက်ခဲလာသလို ညှိနှိုင်းဖြေရှင်းမှုအလေ့အထများလည်း အားနည်းလာကာ တဖက်သားအပေါ် အင်အားသုံးဖိနှိပ်သည့်၊​ သို့မဟုတ် စွပ်စွဲတိုက်ခိုက်သည့် ဓလေ့များ ပိုမိုအားကောင်းလာလျက်ရှိနေသည်။
ဤကဲ့သို့ စစ်ဝါဒခေါင်းထောင်လာမှုကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် Freedom Fighter Myanmar အဖွဲ့အနေဖြင့် လေးမျက်နှာစကားဝိုင်းအစီအစဉ်ကို ၂၀၂၂ ဇန်နဝါရီမှ စတင်ကာ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ပါသည်။ မည်သူမဆို မည်သည့်ရပ်တည်ချက်အမြင်ရှိပါစေ၊ မိမိတို့၏ အတွေးအမြင်၊ ခံစားချက်များကို လွတ်လပ်စွာ မျှဝေနိုင်သည့် ဒိုင်ယာလောခ့်ရပ်ဝန်းတခုအဖြစ် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ရလဒ်အားဖြင့် လေးမျက်နှာသည် ဆိုရှယ်မီဒီယာနှင့် ပင်မရေစီကြောင်းမီီဒယာများတွင် ပါဝင်ဆွေးနွေးရန် ခက်ခဲသော ကွဲပြားသည့်အမြင်ရှိသူများ ဆုံတွေ့ရာ ဒိုင်ယာလောခ့်ရပ်ဝန်းအဖြစ် ထွက်ပေါ်လာကာ ပြည်သူများ၏ အသံကို အပြန်အလှန်ဖလှယ်ပြီး အနာဂတ်လူ့အဖွဲ့အစည်းအတွက် ဆင်ခြင်တွေးတောမှုများကို ပြုလုပ်နိုင်ခဲ့ပါသည်။
ယခုအခါ လေးမျက်နှာစကားဝိုင်း ဆွေးနွေးမှုများကို ပြည်သူအများသို့ ပိုမိုအားကောင်းစွာ ပျံနှံ့ရောက်ရှိစေဖို့အတွက် အလုပ်အဖွဲ့အား တိုးချဲ့ရန် စီစဉ်ထားပါသည်။ သို့ဖြစ်၍ အဆိုပါ အလုပ်အဖွဲ့အတွက် အောက်ဖော်ပြပါ လုပ်အားပေးနေရာများကို ဖိတ်ခေါ်လိုပါသည်။
၁။ Content Writer (လူဦးရေ ၁-၂)
Content Writer သည် လေးမျက်နှာဆွေးနွေးချက်များကို နားထောင်လေ့လာကာ အများပြည်သူ သိရှိသင့်သည့်အကြောင်းအရာများကို ကောက်နုတ်ခြင်း၊ ဆောင်းပါးမှတ်တမ်းရေးသားခြင်းများ ပြုလုပ်ရန်ဖြစ်သည်။ တဖက်တွင်လည်း ဒိုင်ယာလောခ့်ယဉ်ကျေးမှု အားကောင်းစေရန် ပညာပေးဆောင်းပါးများကို တီထွင်ဆန်းသစ်စွာ ရေးသားရန် ဖြစ်သည်။ ဒိုင်ယာလောခ့်၊ ပဋိပက္ခဖြေရှင်းရေးနှင့် လူမှုနိုင်ငံရေး စသည့်နယ်ပယ်များကို စိတ်ဝင်စားလေ့လာသူ၊ သို့မဟုတ် ဆက်လက်လုပ်ဆောင်လိုသူဖြစ်ပြီး စာရေးကောင်းသူဖြစ်ရမည်။
၂။ Video Creator (လူဦးရေ ၁)
Video Creator သည် လေးမျက်နှာဆွေးနွေးချက်များကို လူအများစိတ်ဝင်စားစေမည့် ဗီဒီယိုဇာတ်လမ်းအတိုများအဖြစ် ဖြန့်ဝေနိုင်ရန် ဖြစ်သည်။ ရုပ်သံတည်းဖြတ်ခြင်း ၊ Graphic Design ၊ ​ Animation ပြုလုပ်ခြင်း များကို ရင်းနှီးကျွမ်းဝင်ကာ ဆိုရှယ်မီဒီယာပလတ်ဖောင်းများ(ဥပမာ TikTok, Instagram, YouTube)နှင့် ထိတွေ့ရင်းနှီးမှုရှိရမည်။
📌လုပ်အားပေးကာလ - ဧပြီ - ဇွန် ၂၀၂၆
📌ခံစားခွင့်များ
▪️လိုအပ်ပါက Internet Allowance စီစဉ်ခြင်းမှလွဲပြီး တခြားသော ငွေကြေးခံစားခွင့်မရှိပါ။
▪️Freedom Fighter မှဖွင့်လှစ်လျက်ရှိသည့် သင်တန်းများတွင် ဝင်ရောက်လေ့လာနိုင်သည်။
▪️စိတ်ဆန္ဒရှိပါက လုပ်အားပေးကာလပြီးမြောက်သည့်အချိန်တွင် Freedom Fighter အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ပါသည်။
📌ဘယ်လိုလူတွေ လျှောက်ထားသင့်သလဲ
▪️ဒိုင်ယာလောခ့်ရပ်ဝန်း၊​ယဉ်ကျေးမှုများ၏ အရေးပါမှုကို လက်ခံယုံကြည်သူ
▪️လူမှုနိုင်ငံရေးအခြေအနေနှင့် အတွေးအမြင်သစ်များကို အတွင်းကျကျ လေ့လာလိုသူ
▪️တပါတ်လျှင် မိမိအချိန် ၅ - ၁၀ နာရီ ခန့်ကို အများအကျိုးအတွက် အသုံးပြုလိုသူ
📌လျှောက်ထားလိုပါက -
မိမိအကြောင်း မိတ်ဆက်၊ လေးမျက်နှာသို့ လျှောက်ထားလိုသည့် ရည်ရွယ်ချက်၊ မိမိအနေဖြင့် မည်သို့ ပံ့ပိုးပါဝင်နိုင်မည် စသည့်အကြောင်းအရာများကို PDF ဖိုင်ဖြင့် A4 (နှစ်မျက်နှာ) ထက်မကျော်ဘဲ ရေးသားကာ fourcorners.mm@proton.me သို့ မတ်လ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့နိုင်ပါသည်။
#volunteer #contentwriter #videocreator
#fourcorners #dialogue
"အလင်းခေတ် မဂ္ဂဇင်း"
အတွဲ (၂) အမှတ် (၂)
ထွက်ပြီ
________________________________
တဖက်တွင် ကိုယ်တိုင်ကုလားဖန်ထိုး ကိုယ့်ဖဲကိုယ်ချိုးပြီးလျှင် ရာထူးဌာနန္တရအမျိုးမျိုးရယူကာ အောင်နိုင်သူအပြုံးများဆင်မြန်း၍ ဆင်စွယ်နန်းတော်ထက် အရောင်အသွေးစုံ ဝတ်ရုံများဖြင့် ခေါင်းပေါင်းစတို့ တလူလူလွင့်လျက်ရှိ၏။ တဖက်တွင်မူ ခွင့်သာတုန်းက မရုန်းကြဘဲ ဗုန်းရဖို့သာ လုံးပန်းခဲ့ကြသော ပေါ်ပြူလစ်အပေါင်း ဇွန်းသူရဲကောင်းတို့သည် အရှုံးရလဒ်အား မျက်ဝါးထင်ထင်တွေ့ကာမှ ခြေမကိုင်မိလက်မကိုင်မိဖြစ်၍ ကူပါကယ်ပါဝိုင်းပါဝန်းပါဟု အရပ်ကို တစာစာအော်နေရ၏။ ထိုဖက်နှစ်ဖက်၏ ကြားမှာကား ပြည်သူဟူသော မြေစာမြက်တို့ခမျာ နလန်မထူနိုင်လောက်အောင်ပင် ဖွာလန်ကျဲကာဖြင့် ဒုက္ခတွင်းဆုံး ကျလျက်ရှိနေလေ၏။ ဤသည်ကား မြန်မာပြည်၏ ပစက္ခမြင်ကွင်းတည်း။
အလင်းခေတ်အား ထိုပကတိအခြေအနေများပေါ်၌ ပဏ္ဏပ်ရိုက်ထားခြင်းဖြစ်လေရာ ဤမဂ္ဂဇင်းထဲတွင် လူအများ လက်သင့်ခံဖို့ခက်ခဲနိုင်သော ခါးသီးအမှန်တရားများစွာ ထုနှင့်ထည်နှင့် ပေါင်းစပ်ပါဝင်နေ၏။ ထို့ပြင် ၎င်းအမှန်တရားများပေါ် အခြေတည်၍ လက်ရှိကျရောက်ခံစားနေရသော အမှောင်ထုငရဲခန်းများမှ လွတ်မြောက်နိုင်ရန်အတွက် မည်သို့မည်ပုံကြိုးစားရုန်းကန်ကြမလဲဆိုသည့် အဖြေများကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ ရှာဖွေတင်ပြထား၏။ သို့ဖြစ်၍ ဖြီးလုံးဖြန်းလုံး လှန့်လုံးဟန့်လုံးများ မိုးလုံးပြည့်နေသည့် ဆိုရှယ်မီဒီယာထက်က လော်ဘီဆယ်လီများ၏ မစားရဝခမန်းအရေးအသားများကို စိတ်ပျက်ငြီးငွေ့ကာ တကယ့်မြေပြင် အခြေအနေမှန်ကိုသိလိုပြီး လက်တွေ့ကျအလုပ်ဖြစ်နိုင်သော တော်လှန်ရေးနည်းလမ်းများအား ရှာဖွေလိုသူများ အတွက် အလင်းခေတ်မဂ္ဂဇင်းက အတိုင်းအတာတခုအထိ ကူညီပေးနိုင်မည်ဟု ယုံကြည်ပါ၏။
_________________________________
▪️စာအုပ်အမည် - “အလင်းခေတ်” မဂ္ဂဇင်း အတွဲ (၂)၊ အမှတ် (၂)
▪️စာမျက်နှာ - ၁၁၉
▪️တန်ဖိုး - အခမဲ့
▪️ထုတ်ဝေသည့်ခုနှစ် - ၂၀၂၆ ခုနှစ် ဧပြီလ
📌မဂ္ဂဇင်း Download ရယူရန် -
https://freedomfightermm.org/publis.../alinkhit-vol2-issue2/
#alinkhit_magazine
#volume_2_issue_2
ကလောင်စွမ်းဖြင့် အလင်းခေတ်အား တည်ဆောက်ပါ။
အလင်းခေတ်မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၁) အတွက် စာမူများဖိတ်ခေါ်ခြင်း
________________
“နှုတ်တရာ၊ စာတလုံး” ဟုဆိုကြသကဲ့သို့ အပြောချည်းသာ များနေခြင်းထက် စာကောင်းတစ်ခုက ပို၍ အစွမ်းထက်သည်။ ဘဝအတွက် အပြောင်းအလဲကို ဖော်ဆောင်နိုင်သည့် အတွေးအမြင်တို့ကို ဖြန့်ကျက် ပံ့ပိုးနိုင်သည်။ စိတ်အနာများ သက်သာစေရန် ကုစားနိုင်သော အာဟာရ ဓာတ်စာများလည်း ဖြစ်သည်။ စုံလင်သော အရသာအမျိုးမျိုးကို နှစ်သက်ကြသည့် မြန်မာ့လူအဖွဲ့အစည်းသည် ဤနှစ်ကာလများ၌ ခါးသီးမှု ဟူသည့် တမျိုးတည်းသော အရာကိုသာ ကြိတ်မှိတ်မျိုချလျက် နေကြရသည်။ ထို့ကြောင့် ချိုချဉ်ငံစပ် အရသာများကို တောင့်တနေမည်မှာ ဧကန်ဖြစ်ပေမည်။ မိတ်ဆွေ၏ စိတ်စေတနာ၊ လေ့လာဆည်းပူးမှု၊ ဘဝအတွေ့အကြုံများနှင့် လူထုကို ပံ့ပိုးပေးလိုသော သတင်းစကားများဖြင့် ဖန်တီးမည့် စာပေအနုပညာသည် စာဖတ်သူများ ငံ့တလင့်လင့် တောင့်တနေသော အရသာကောင်းကို ပေးစွမ်းမည့် ဟင်းကောင်းတစ်ခွက် ဖြစ်နိုင်သည်မို့ တတ်စွမ်းသော ကလောင်ခွန်အားဖြင့် ပါဝင်အားဖြည့်ပေးရန်အတွက် လှိုက်လှဲစွာ ဖိတ်ခေါ်လိုက် ရပါသည်။
(၅) အုပ်မြောက် မဂ္ဂဇင်းအဖြစ် ထွက်ရှိမည့် အလင်းခေတ် မဂ္ဂဇင်း အတွဲ (၃)၊ အမှတ် (၁) တွင် အောက်ပါ အကြောင်းအရာများကို ဦးစားပေးဖော်ပြသွားမည်ဖြစ်၍ စာမူပေးပို့သူများအနေနှင့် ထိုအကြောင်းအရာများ အပေါ်အခြေတည်ကာ (ကိုယ်ပိုင်ရေး/ဘာသာပြန်) ကဗျာ၊ အက်ဆေး၊ ဆောင်းပါး၊ ဝတ္ထုတို စသဖြင့် မိမိအားသန်ရာကဏ္ဍအလိုက်ရေးသားပေးပို့နိုင်ပါသည်။
မြန်မာ့လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာ ရရှိရေးအတွက် ဆွေးနွေးအကြံပြုချက်များ
စီးပွားရေး၊ ပညာရေး၊ ဘာသာရေးကဏ္ဍများ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးသို့ ရှေးရှုရန် လူမှုဓလေ့၊ လူမှုစနစ် ဝေဖန်ဆန်းစစ်မှုများ
အရပ်ဘက်အဖွဲ့အစည်း(စီအက်စ်အို၊ မီဒီယာ၊ အကယ်ဒမစ်)များ ပြည်သူလူထုနှင့် နီးကပ်ယုံကြည်မှုရရှိစေရန် ဝေဖန်အကြံပြုချက်များ
ပြည်သူများ ကိုယ်ထူကိုယ်ထ ပါဝင်နိုင်သည့် ကွန်မြူနတီလုပ်ဆောင်ချက်များ
ပြည်သူများနှင့် လူငယ်များ တွေ့ကြုံခံစားနေရသည့် လူမှုဒုက္ခများနှင့် ရုန်းကန်လှုပ်ရှားဆောင်ရွက်နေမှုများ
မြန်မာ့လူ့အဖွဲ့အစည်း၏ လက်ရှိအကျပ်အတည်းများကိုဖြေရှင်းဖို့နှင့် ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်ဖို့အတွက် အလုပ်မဖြစ် အကျိုးရလဒ်နည်းပါးသည့် အတွေးအမြင်အဟောင်း များအစား ဖောက်ထွက်ဆန်းသစ်သည့်အမြင်များ၊
စာမူပေးပို့ရန် -
alinkhit.mm@protonmail.com
#စာမူဖိတ်ခေါ်ခြင်း
#အလင်းခေတ်
#freedom_fighter_myanmar
“မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲ စီးရီး
________________________
တော်လှန်ရေး သို့မဟုတ် လူ့အဖွဲ့အစည်းတခုအခား အခြေအမြစ်ကနေ ပြောင်းလဲဖို့ဆိုလျှင် လက်နက် သို့မဟုတ် ပြင်ပအင်အားများက စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ မိမိတို့ကိုယ်တွင်းမှ စွမ်းအားများကို အထိရောက်ဆုံး တည်ဆောက်သုံးစွဲခြင်း(Power Within) နှင့် ပါတ်ဝန်းကျင်မှ စွမ်းအားများနှင့် မျှဝေလုပ်ဆောင်ခြင်း (Power With) အပေါ် အခြေခံဆောင်ရွက်မှသာလျှင် ရေရှည်တည်တံ့သည့် အပြောင်းအလဲများအား ဖော်ဆောင်နိုင်မည်ဖြစ်ပေသည်။
ပြီးခဲ့သည့် နွေဦးတော်လှန်ရေး ငါးနှစ်တာကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက လူပုဂ္ဂိုလ် သို့မဟုတ် အစုအဖွဲ့အသီးသီးသည် မိမိတို့အတွင်းကို ဆင်ခြင်ပြောင်းလဲခြင်းထက် အခြားတဖက်ကို ပြောင်းလဲရန် သို့မဟုတ် ချေမှုန်းရန်၊ ပြင်ပအထောက်အပံ့များရရှိရန်သာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့် ပေးဆပ်မှုများလှသော်လည်း လူ့အဖွဲ့အစည်းအတွက် ထိရောက်သော အရွေ့များဖြစ်နိုင်သည့် အခွင့်အရေးများစွာကို လက်လွှတ်ခဲ့ရသည်။
ယခုအခါ ပြည်သူများအနေဖြင့် ဆူလွယ်နပ်လွယ် ရေတိုနည်းလမ်းများမှာ အလုပ်မဖြစ်နိုင်ကြောင်း သိမြင်လာကာ ရေရှည်ခိုင်မာသည့် တော်လှန်ရေးလမ်းစဉ်ကို တောင့်တရှာဖွေနေကြပါသည်။
အဆိုပါလိုလားချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် Freedom Fighter အနေဖြင့် “မိမိမှစ တော်လှန်ခြင်း” လူထုဟောပြောပွဲစီးရီးကို မေလ ၁၇ ရက်နေ့မှ စတင်ကာ တနင်္ဂနွေညစဉ် ပုံမှန်ပြုလုပ်သွားမည်ဖြစ်သည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။
“မိမိမှစတော်လှန်ခြင်း” ဟောပြောပွဲ၌ ပြည်သူတဦးချင်းစီအတွက် လူ့အဖွဲ့အစည်းပြောင်းလဲမှုတွင် ပါဝင်နိုင်ဖို့ အကြံပြုချက်များပါရှိမည်ဖြစ်သလို မြန်မာလူ့အဖွဲ့အစည်း ငြိမ်းချမ်းတိုးတက်ဖို့အတွက် နိုင်ငံရေးနှင့် လူမှုရေးအဆောက်အအုံများအား မည်သို့ ပြောင်းလဲထူထောင်သင့်သည်ဆိုသည့်အကြောင်းအရာများလည်း လေ့လာရမည်ဖြစ်ပါသည်။ သီအိုရီ အခြေခံအား မိမိတို့၏ လက်ရှိဘဝနှင့် အပြန်အလှန် ချိတ်ဆက်၍ အပြောင်းအလဲကို အနီးဆုံးမှတဆင့် စတင်နိုင်ဖို့ ရည်ရွယ်ပါသည်။ ဟောပြောပွဲကို လူတိုင်းတက်ရောက်ပါဝင်နိုင်ပြီး ဆွေးနွေးချက်မှတ်တမ်းများကိုလည်း အများပြည်သူထံ ပြန်လည်ဝေမျှသွားမည်ဖြစ်ပါသည်။
ဟောပြောပွဲအချက်အလက်အသေးစိတ်ကို အောက်ပါ Telegram Channel တွင် ဝေမျှသွားမည်ဖြစ်သည့်အတွက် Follow and Subscribe လုပ်ထားပေးဖို့ တိုက်တွန်းပါသည်။
https://t.me/revolutionfromwithin
“မိမိမှစ အပြောင်းအလဲကို ဖန်တီးပါ”
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin
“အပြောင်းအလဲကို သင်ဖော်ဆောင်နိုင်ပါတယ်”
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၁)
___________________________
ဒီနေ့ခေတ်မှာ လူမှုအပြောင်းအလဲတွေ ဖော်ဆောင်ဖို့အတွက် အကြီးမားဆုံးအခက်အခဲဟာ အာဏာရှင်တွေက စွမ်းအားကြီး လက်နက်နဲ့ နည်းပညာတွေပိုင်ဆိုင်နေခြင်း မဟုတ်ပါဘူး။ တကယ့်အတားအဆီးကတော့ ပြည်သူတဦးချင်းစီက မိမိတို့မှာ ပြောင်းလဲနိုင်စွမ်း (Agency) ရှိတယ်လို့ ယုံကြည်ချက်မရှိတော့ဘဲ အစွမ်းအစမဲ့တဲ့ ခံစားချက်တွေနောက်မှာ ပိတ်မိသွားခြင်းဖြစ်ပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးငါးနှစ်တာကာလမှာလည်း ပြည်သူတွေဟာ မျှော်လင့်ချက်အမှားနဲ့ လူမှုစီးပွားအခြေအနေအရပ်ရပ်ကြောင့် စိတ်ပျက်အားလျော့မှုတွေ များပြားလာပါတယ်။
ဒီလိုမျိုးအခြေအနေမှာ မိမိကိုယ်ကို ပြန်လည်တည်ဆောက်ပြီး ရေရှည်တည်တံ့တဲ့ လမ်းစဉ်တရပ်ကို ဘယ်လိုရှာဖွေနိုင်မလဲ။
ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ ပြောင်းလဲသက်ရောက်နိုင်စွမ်းနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ဘယ်လို ပြန်လည်ရှာဖွေကြမလဲ။
အပြောင်းအလဲတခုမှာ မိမိတို့ကိုယ်တိုင် ဘယ်လိုပါဝင်နိုင်မလဲ စတဲ့အကြောင်းအရာတွေကို အကြမ်းမဖက် လှုပ်ရှားမှုနယ်ပယ်က ခေါင်းဆောင်အသီးသီးရဲ့ အယူအဆတွေနဲ့ နှိုင်းယှဉ်ကာ ဆန်းစစ်ဆွေးနွေးသွားမယ် ဖြစ်ပါတယ်။
နေ့ရက် - မေလ ၁၇ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin
အကြမ်းမဖက်လမ်းစဉ်အကြောင်း ထိတွေ့လေ့လာချင်ပါသလား
ရေရှည်တည်တံ့တဲ့ အပြောင်းအလဲလမ်းစဉ်တရပ်မှာ မိမိကိုယ်တိုင် တက်ကြွစွာ ပါဝင်လိုပါသလား။
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေတွေအပေါ် Freedom Fighter အဖွဲ့ဝင်တွေရဲ့ သုံးသပ်စဉ်းစားမှုတွေကို တိုက်ရိုက်မေးမြန်းဆွေးနွေးလိုပါသလား။
FFM ရဲ့ “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲစီးရီးကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ပထမဆုံး ဟောပြောပွဲအနေနဲ့ မနက်ဖြန် “အပြောင်းအလဲကို သင်ဖော်ဆောင်နိုင်ပါတယ်” ခေါင်းစဉ်နဲ့ မိမိတို့ကိုယ်စီရဲ့ ပြောင်းလဲသက်ရောက်နိုင်စွမ်းနဲ့ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်နိုင်မလဲကို ဆွေးနွေးသွားမှာပါ။
Freedom Fighter ရဲ့ အလယ်အလတ် အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားလိုသူတွေ၊ သင်တန်းသားဟောင်းတွေနဲ့ တခြားသော မိတ်ဟောင်းမိတ်သစ်အားလုံးကို ဖိတ်ကြားလိုက်ပါတယ်။
ဟောပြောပွဲအကြောင်းအသေးစိတ်ကို https://t.me/revolutionfromwithin ကနေ လေ့လာနိုင်ပါတယ်။
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin
Channel photo updated
ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက်
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၂)
______________________
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အကြာဆုံးနိုင်ငံဖြစ်ပါတယ်။ ဒီလိုမျိုး စစ်ပွဲတွေကြောင့် လက်နက်ကိုင်အစုအဖွဲ့များစွာ ထွက်ပေါ်လာစေခဲ့သလို သာမာန်အရပ်သားပြည်သူတွေရဲ့ စီးပွားရေး၊ ပညာရေး အဝဝလည်း ဒုက္ခမျိုးစုံရောက်ရှိခဲ့ပါတယ်။ အခုဆိုရင်လည်း စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးဟာ လူငယ်လူရွယ်တွေကို စစ်မှုထမ်းအတင်းအကြပ်ဆွဲပြီး ပြည်တွင်းစစ်သံသရာကို ဆွဲဆန့်နေကြပြန်ပါတယ်။
တဖက်မှာလည်း ငြိမ်းချမ်းရေးဆိုတာဟာ ဒီလိုမျိုး လက်နက်ကိုင်တွေ စားကျက်လုတဲ့အဆင့်မှာသာ လမ်းဆုံးသွားလေ့ရှိပြီး တဖန် အဝေမတည့်တဲ့အခါ သွေးချောင်းစီးကြပြန်တာကြောင့် ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို ပြည်သူတွေအနေနဲ့ အယုံအကြည်နည်းပါးလာပါတယ်။
ဒါကြောင့် ဒီအပတ် မိမိမှစတော်လှန်ခြင်းဟောပြောစီးရီးမှာတော့ -
ဒီလိုအခြေအနေမျိုးမှာ လူ့အဖွဲ့အစည်းအခြေကနေ ပါဝင်နိုင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဆိုတာ ဘယ်လိုဖြစ်မလဲ၊
ပြည်သူတဦးချင်းစီအနေနဲ့ မြန်မာပြည်အစစ်အမှန်ငြိမ်းချမ်းဖို့ ဘယ်လိုပါဝင်နိုင်မလဲ
စတဲ့အကြောင်းအရာတွေကို Freedom Fighter အဖွဲ့ရဲ့ အယူအဆတွေအပေါ် အခြေခံပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။
နေ့ရက် - မေလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီးကတော့ မိမိတဦးချင်းစီ ပြောင်းလဲမှုကနေ ပါတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်တဲ့ အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားပါဝင်ဆောင်ရွက်လိုသူတွေအတွက် Freedom Fighter အဖွဲ့နဲ့ တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်တဲ့ အစီအစဉ်တခုဖြစ်ပါတယ်။
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin
Freedom Fighter တို့အတွက် ရက်သတ္တပတ်
__________________________
Freedom Fighter Myanmar (FFM) အဖွဲ့အနေနဲ့ လုပ်ဆောင်ချက်တွေ အများကြီးရှိနေပေမယ့် ခြုံငုံလိုက်မယ်ဆိုရင်တော့ တခုပဲရှိပါတယ်။ အဲဒါကတော့ လူ့အဖွဲ့အစည်းအတွင်း လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသလောက် ပါဝင်လုပ်ဆောင်ချင်သူ (Freedom Fighters) တွေအတွက် လိုအပ်တဲ့ ချိတ်ဆက်မှုတွေ၊​ အသိပညာနဲ့ အရင်းအမြစ်ပံ့ပိုးမှုတွေကို လက်လှမ်းမီစေတဲ့ ဂေဟစနစ်တခုထွက်ပေါ်လာဖို့ပါ။
တဖက်မှာလည်း Freedom Fighter တွေအနေနဲ့ မိမိတို့ရဲ့ အရည်အချင်းကို ပြုစုပျိုးထောင်ရင်း ပတ်ဝန်းကျင်မှာရှိတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်ပဲ လာမယ့်တပတ်အတွက် ဒီလိုမျိုးလှုပ်ရှားပါဝင်နိုင်တဲ့ အစီအစဉ်တွေကို ပြုစုပြီး မျှဝေပေးလိုက်ပါတယ်။ နေ့ရက်နဲ့အချိန်တွေကို သေချာလေးမှတ်ထားပြီး ပါဝင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
__________________________
၁။ အလင်းခေတ်မဂ္ဂဇင်း ထုတ်ဝေမိတ်ဆက်ပွဲ (ချင်းမိုင်မြို့)​
အချိန် - မေလ ၂၃ (ထိုင်းအချိန် မနက် ၁၀-၁၂)
ဒါကတော့ ချင်းမိုင်မြို့မှာရောက်ရှိနေတဲ့လူတွေအတွက် ဖြစ်ပါတယ်။ FFM ကနေ မကြာသေးခင်က ထုတ်ဝေထားတဲ့ အလင်းခေတ်မဂ္ဂဇင်းကို ဖတ်ရှုရမယ့်အပြင် စာရေးသူတွေ၊ တည်းဖြတ်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံမေးမြန်းဆွေးနွေးရမှာဖြစ်တော့ ချင်းမိုင်မြို့မှာရှိနေတယ်ဆိုရင် မပျက်တမ်းသွားရောက်ဖို့ အကြံပြုလိုက်ပါတယ်။
Event Post - https://www.facebook.com/share/14dtmFwZSDY/
Register Link - https://forms.gle/F6tnLsQgiv3gSKkV6
__________________________
၂။ ငြိမ်းချမ်းရေးအတွက် အခြေခံလိုအပ်ချက် (အွန်လိုင်း)
အချိန် - မေလ ၂၄ တနင်္ဂနွေနေ့ (မြန်မာချိန် ညနေ ၇-၈)
ဒါကတော့ Freedom Fighter Myanmar ကနေ စီစဉ်နေတဲ့ “မိမိမှစ တော်လှန်ခြင်း” ဟောပြောပွဲစီးရီးထဲက ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုမျိုး လမ်းကြောင်းရှာဖွေနိုင်မလဲ။ သာမန်ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုးပါဝင်နိုင်မလဲ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုမျိုး အခြေခံလိုအပ်ချက်တွေကို တည်ဆောက်ဖြည့်ဆည်းရမလဲဆိုတဲ့အကြောင်းကို ဆွေးနွေးသွားမှာပါ။ ငြိမ်းချမ်းရေးအကြောင်း စိတ်ဝင်စားသူတွေ၊ ပါဝင်ဆောင်ရွက်လိုသူတွေအနေနဲ့ တက်ရောက်ဖို့ တိုက်တွန်းပါတယ်။
လေ့လာရန် - https://t.me/revolutionfromwithin
__________________________
၃။ Freedom Fighter Myanmar Graduation Ceremony
အချိန် - မေလ ၂၆ အင်္ဂါနေ့ (မြန်မာချိန် ညနေ ၇-၈)
ဒီ Graduation Ceremony မှာတော့ အကြမ်းမဖက်လမ်းစဉ် အခြေခံနားလည်မှုသင်တန်း (အပါတ်စဉ် ၅) နှင့် ဒီမိုကရေစီကို လေ့လာခြင်းသင်တန်း (အပါတ်စဉ် ၃) ကို အောင်မြင်စွာပြီးစီးသွားတဲ့ သင်တန်းသားတွေကို အသိအမှတ်ပြု ဂုဏ်ပြုသွားမှာဖြစ်ပါတယ်။ သင်တန်းသားတွေရဲ့ ဆန်းသစ်တဲ့အိုင်ဒီယာတွေကို မြည်းစမ်းခွင့်ရမှာဖြစ်တဲ့အတွက် FFM ရဲ့ Alumni နဲ့တခြားသော မိတ်ဟောင်းမိတ်သစ်များအနေနဲ့ တက်ရောက်ချီးမြှင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
ဆက်သွယ်ရန် - Judson (Telegram @TZChit)
__________________________
၄။ ပညာရေးအကျပ်အတည်း ဘယ်လိုလမ်းကြောင်းရှာမလဲ (လေးမျက်နှာစကားဝိုင်း - အွန်လိုင်း)
အချိန် - မေလ ၂၇ ဗုဒ္ဓဟူးနေ့ (မြန်မာချိန် ညနေ ၇-၈)
လေးမျက်နှာစကားဝိုင်းကတော့ မည်သူမဆို လွတ်လပ်စွာပါဝင်ဆွေးနွေးနိုင်တဲ့ ဒိုင်ယာလော့ရပ်ဝန်းဖြစ်တယ်ဆိုတာကို လူအများကတော့ သိရှိပြီးဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အကျပ်အတည်းဖြစ်နေတဲ့ ပညာရေးအခြေအနေတွေအပေါ် ရင်ဖွင့်ဖလှယ်ပြီး စဉ်းစားချက်အသစ်တွေထွက်လာဖို့ လေးမျက်နှာမှာ ဆွေးနွေးသွားကြမှာပါ။ ပညာရေးနဲ့ လူငယ်အရေးစိတ်ဝင်စားသူတွေ တက်ရောက်သင့်တဲ့ စကားဝိုင်းတခုပါ။
လေ့လာရန် - (Telegram @FourCornersDialogue)
__________________________
၅။ မိုင်းကင်းစင်သော အနာဂတ်အတွက် ဖန်တီးမှုဆိုင်ရာ အိုင်ဒီယာများ (စာစီစာကုံးပြိုင်ပွဲ)
ဖောင်ပိတ်ချိန် - မေလ ၂၉ ရက် သောကြာနေ့
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေကျေမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ Mine Free Myanmar အဖွဲ့ကလုပ်တဲ့ ဒီစာစီစာကုံးပြိုင်ပွဲမှာ မြေမြှပ်မိုင်းကြောင့် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူအများ စာနာသိရှိလာဖို့၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေနဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုရပ်တန့်ဖို့ ၊ ထိခိုက်နစ်နာရတဲ့လူတွေကို ကုစားဖို့စတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ပါဝင်ဖို့ အသိပေးနှိုးဆော်အပ်ပါတယ်။
လေ့လာရန် - https://www.facebook.com/share/p/1Cqs1HCHvD/
#freedom_fighter_myanmar
Forwarded from Revolution from Within
ရပ်တန့်ခြင်းကို ဘာကြောင့်လိုအပ်တာလဲ။​
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီး (၃)
_______________________
ပြီးခဲ့တဲ့ငါးနှစ် နွေဦးတော်လှန်ရေးမှာ မီဒီယာ၊ ပညာရှင်နဲ့ တခြားသော သြဇာလွှမ်းမိုးသူတွေဟာ တော်လှန်ရေးမှာ မရပ်တန့်သူ၊ မနားတမ်းလုပ်ဆောင်သူတွေကိုသာ ရှာဖွေပြီး သူရဲကောင်းအဖြစ် မီးမောင်းထိုး ဇာတ်ကြောင်းဖော်ဆောင်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးကနေ အနားယူသွားတဲ့လူတွေကိုတော့ တော်လှန်ရေးနဲ့ မဆိုင်သူတွေသဖွယ် ချောင်ထိုးထားပြီး သတင်းအမှောင်ချထားလေ့ရှိပါတယ်။

တခါ CDM ၊ ကျောင်းမတက် သပိတ်၊ လူမှုရေးပြစ်ဒါဏ် စတဲ့လူထုလှုပ်ရှားမှုတွေမှာဆိုရင်လည်း အချိန်အခါနဲ့ အတိုင်းအဆ ချင့်ချိန်မှု အားနည်းခဲ့တဲ့အပြင် လိုအပ်တာထက်ကျော်လွန်နေတဲ့အခါမျိုးမှာတောင် ရပ်တန့်ပြီး ပြန်လည်သုံးသပ်ဆင်ခြင်ဖို့ အင်မတန်ဝန်လေးကြပါတယ်။ နောက်ဆုံး ပြည်သူလူထုက လက်တွေ့မကျတာတွေကို သိမြင်ပြီး ပြောင်းလဲလုပ်ဆောင်ကြတဲ့အခါမှာတောင် ဆော်သြကြခဲ့တဲ့သူတွေဟာ အဲဒီအပေါ် ပြန်လည်ဆင်ခြင်မှုမရှိဘဲ မေ့ချင်ယောင်ဆောင်လေ့ရှိပါတယ်။
ဒါတွေကို ခြုံငုံကြည့်ရင် မြန်မာ့လူအဖွဲ့အစည်းမှာ ရပ်တန့်ခြင်းကို မကောင်းတဲ့အရာ၊ အားနည်းချက်၊ ပျော့ညံ့မှုအဖြစ် ရှုမြင်ပြီး ဘယ်လောက်ပဲရှေ့လမ်းခရီးဟာ မသေချာမှုတွေရှိပါစေ၊ ဆက်လက်လုပ်ဆောင်ဖို့သာ လိုတယ်ဆိုတဲ့ အတွေးအခေါ်တွေ အားကောင်းနေတာကို တွေ့နိုင်ပါတယ်။ မတော်လို့ရပ်တန့်ခဲ့ရင်တောင် ဒါက ရှက်စရာ၊ သိမ်ငယ်စရာအဖြစ် ဖုံးဖိထားဖို့ လူ့အဖွဲ့အစည်းက အားသန်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး တရားသေဆုပ်ကိုင်မှုအားကောင်းတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ရပ်တန့်ခြင်းအလေ့အထကို ဘာကြောင့်လိုအပ်တာလဲ။
လှုပ်ရှားမှု နှင့် ရပ်တန့်ခြင်းကို ဘယ်လို ချိန်ညှိလုပ်ဆောင်နိုင်မလဲ။
စတဲ့အကြောင်းအရာတွေကို အခုအပါတ် မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

နေ့ရက် - မေလ ၃၁ ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၇ နာရီ မှ ၈ နာရီ
Zoom Meeting Link - https://us02web.zoom.us/j/88212061893
Meeting ID: 882 1206 1893 (Password မလိုပါ)
အလင်းခေတ် Writing Workshop
____________________________
ယနေ့ခေတ်သည် Social Media များ အလွန်အားကောင်းနေသောကာလဖြစ်ရကား စူးစမ်းလိုသမျှအရာရာတိုင်း မိမိတို့လက်တကမ်းအကွာတွင်ရှိနေပြီဟု ဆိုနိုင်သော်လည်း တကယ့်လက်တွေ့တွင်မူ ပြည်သူလူထုအဖို့ စနစ်တကျလေ့လာထားမှုမရှိသော၊ တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့နေသော၊ အဂတိတရားများဖုံးလွှမ်းနေသော အလွန်အကျူးချီးမွမ်းမှုများ၊ အမနာပစကားများ၊ ရုန့်ရင်းကြမ်းတမ်းဆဲဆို‌မှုများကိုသာ နေ့စဉ်စားသုံးနေရလေ၏။ သို့ဖြစ်ရာ အဆိုပါ အမှိုက်သရိုက်များဖုံးကွယ်ထားမှုကြောင့် လူထု၏အမြင်အာရုံမှာ တဖြည်းဖြည်းဝေဝါးသွားပြီး ပကတိ အမှန်တရားနှင့် ဝေးသထက်ဝေးကွာလာလေ၏။ ထို့အပြင် ဤကဲ့သို့အမှန်ကိုမမြင်နိုင်ခြင်းကြောင့် တဦးနှင့်တဦးအကြား အာဃာတများသာ တိုးပွားလာပြီး ပဋိပက္ခမီးလျှံများ ပို၍ပြင်းထန်စွာ တောက်လောင်လာလေတော့၏။
စာရေးခြင်းသည် ဤသို့သော ဖောင်စီးရင်းရေငတ်နေသည့်အကျပ်အတည်းမှ လွတ်မြောက်နိုင်ရန်အတွက် အထူးလိုအပ်ချက်တခုဖြစ်ပေ၏။ စာရေးခြင်းဟုဆိုရာတွင် ပြည်သူလူထု၏ ဉာဏ်ပညာအတွက် အထောက်အပံ့ဖြစ်သည့် စနစ်တကျလေ့လာထားသော၊ ဓမ္မဓိဋ္ဌာန်ကျသော၊ အမှန်တရားနှင့်ကိုက်ညီသော သုတစာပေများလိုအပ်သလို ပြည်သူလူထု၏ ချစ်ခြင်းမေတ္တာအတွက် အာဟာရဓာတ်ဖြစ်သည့် နှလုံးသားချင်းနီးစပ်စေနိုင်သော၊ ဘဝအသိကိုလေးနက်စေနိုင်သော ရသစာပေများလည်း လိုအပ်၏။ ယင်းကဲ့သို့ သုတ၊ ရသ စာကောင်းပေမွန်များ ကျယ်ပြန့်အားကောင်းလာမှသာ လူထု၏အမြင်အာရုံလည်း ပြန်လည်ကြည်လင်လာစေမည်ဖြစ်၏။ ပိတ်ဆို့မှု အမျိုးမျိုးကြောင့် ထွက်ပေါ်မလာနိုင်သည့်အသံများကိုလည်း ရှင်းလင်းပြတ်သားစွာ ကြားသိလာစေနိုင်မည်ဖြစ်၏။ ဤသို့ဖြင့် အမှန်တရားအခြေခံကာ အချင်းချင်းကြားမှ ပဋိပက္ခမီးလျှံများကို တဖြည်းဖြည်းငြိမ်းအေးလာစေနိုင်၏။
သို့ဖြစ်၍ စာရေးခြင်း၏ ဤသို့သောအကျိုးကျေးဇူးများကိုရှုမျှော်ကာ Freedom Fighter အနေနှင့် လူထုအကျိုးပြု သုတ၊ ရသ စာကောင်းပေမွန်များ ဖြစ်ထွန်းပြန့်ပွားရေးအတွက် အလင်းခေတ် Writing Workshop ကို စီစဉ်လိုက်ရခြင်းဖြစ်၏။
အမှန်တကယ် စာရေးခြင်းဟူသည် လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သော ပညာရပ်ဖြစ်၏။ အကြောင်းအရာအမျိုးမျိုးအပေါ် စကားလုံးများ၊ ဝါကျများသုံး၍ နေ့စဉ်ပြောဆိုနေကြသော်လည်း စာရွက်ပေါ်တွင် အဓိပ္ပာယ်ထိမိသောစကားလုံးတလုံး၊ တိကျကောင်းမွန်သောဝါကျတကြောင်းရေးဖို့ဆိုလျှင်မူ သာမန်လူတယောက်အတွက် ချွေးဒီးဒီးကျရလောက်၏။ ထို့အပြင် စာရေးခြင်းဟူသည် ဂဏန်းသင်္ချာသင်သကဲ့သို့ ပုံသေနည်းအသေမှတ်၍မရသည်ဖြစ်ရာ မိမိ၏ ဖန်တီးနိုင်စွမ်းများစွာလိုအပ်၏။ သို့သော်လည်း စာရေးခြင်းတွင် ဤသို့ပုံသေနည်းဖော်မြူလာအတိအကျမရှိစေကာမူ အခြေခံလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ စာကောင်းတပုဒ်တွင်ရှိရမည့် ကြန်အင်လက္ခဏာများတော့ရှိပေရာ ဤ Workshop တွင် ထိုအချက်များကို အဓိကထားဆွေးနွေး၍ လက်တွေ့ရေးသားလေ့ကျင့်နိုင်ရန် စီစဉ်ထား၏။ စာရေးခြင်းကို ဝါသနာပါသော်လည်း မည်သို့မည်ပုံ ရေးသားရမည်ကို အခက်ကြုံနေကြသော ကလောင်လက်သင်များအတွက် ဤWorkshopသည် အတိုင်းအတာတခုထိ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါ၏။
“ကလောင်စွမ်းဖြင့် လူ့အဖွဲ့အစည်းအား တည်ဆောက်ပါ။”
အချိန် - အပတ်စဉ် အင်္ဂါနေ့ ညနေ ၇ နာရီမှ ၉ နာရီ (မြန်မာချိန်)
စတင်မည့်နေ့ - ဇွန်လ ၉ ရက်နေ့
ကြာချိန် - ၆ ပတ်
ဖောင်ပိတ်ချိန် - ဇွန်လ ၆ ရက်နေ့ (စနေနေ့)
လျှောက်ထားရန် - https://forms.gle/NAAkDzfy9teLTYWe9

#alinkhit
#writing #workshop
#freedom_fighter_myanmar
ဗုဒ္ဓဝါဒမှ မဇ္ဈိမပဋိပဒါ
မိမိမှစတော်လှန်ခြင်း ဟောပြောပွဲစီးရီး (၄)
________________
မြန်မာ့လူ့အဖွဲအစည်းတွင် မဇ္ဈိမပဋိပဒါဟူသည်ကို အလယ်အလတ်လမ်းစဉ်ဟု အကြမ်းဖျင်းအားဖြင့် နားလည်ထားကြသည်။ သို့ရာတွင် မည်သို့အားဖြင့် အလယ်အလတ်လမ်းစဉ်ဖြစ်သည်ကိုမူကား ဆွေးနွေးသုံးသပ်မှုများ နည်းပါးနေပါသေးသည်။ ထို့အပြင် ဤမဇ္ဈိမပဋိပဒါအယူအဆသည် လောကုတ္တရာရေး (တနည်း) သံသရာမှ လွတ်မြောက်ရာအရေးအတွက်သာ အသုံးပြုရမည့် လမ်းစဉ်လော၊ လောကီရေး (တနည်း) လူ့အဖွဲ့အစည်း၏ တိုးတက်သာယာဝပြောရေး၊ လူပုဂ္ဂိုလ်တဦးချင်းစီ၏ ဘဝနေထိုင်ရေးတွင်ပါ အသုံးပြုနိုင်သည့် လမ်းစဉ်လောဟူသည့် အငြင်းအခုံများလည်း ရှိနေပါသည်။
မဇ္ဈိမပဋိပဒါဟူသည် အကျင့်တရားအရ အလယ်အလတ်ကျင့်သုံးခြင်းလော၊ အယူအဆအရ အလယ်အလတ်ကျင့်သုံးခြင်းလော၊ မည်သည့်အရာကိုမဆို ကြားချကာ ကြားနေဝါဒကျင့်သုံးခြင်းပေလော စသည့် အလယ်အလတ်လမ်းစဉ်နှင့် ပတ်သက်သည့် မကျေလည်စရာ မေးခွန်းများမှာလည်း စဉ်းစားဖွယ်ရာဖြစ်သည်။ ထို့အပြင် အလယ်အလတ်၏ ဆန့်ကျင်ဘက်ဖြစ်သော အစွန်းရောက်ခြင်း၏ သဘောကိုလည်း ဆန်းစစ်ရန်လိုအပ်ပါသည်။
ဤမိမိမှစ ဟောပြောပွဲစီးရီး (၄) တွင် ဗုဒ္ဓဘာသာ၏ မဇ္ဈိမပဋိပဒါအယူအဆကို အဓိပ္ပာယ်ဖွင့်ဆိုကာ၊ အလယ်အလတ်လမ်းစဉ်ကို ကျွန်ုပ်တို့ တဦးချင်းစီ၏ နေ့စဉ်ဘဝနှင့် အခြားသော လူမှုနယ်ပယ်များတွင် မည်သို့လက်တွေ့ အသုံးချနိုင်ကြောင်းများကို ဆန်းစစ်ဆွေးနွေးသွားမည် ဖြစ်ပါသည်။
နေ့ရက် - ဇွန်လ ၇ ရက်နေ့ တနင်္ဂနွေနေ့
အချိန် - ညနေ ၇ နာရီ မှ ၈ နာရီ (မြန်မာချိန်)
တက်ရောက်ရန် - Meeting Link ကို အောက်ပါ Channel တွင်မျှဝေသွားမည်ဖြစ်သည်။
https://t.me/revolutionfromwithin
မိမိမှစ တော်လှန်ခြင်း ဟောပြောပွဲ စီးရီးကတော့ မိမိတဦးချင်းစီ ပြောင်းလဲမှုကနေ ပါတ်ဝန်းကျင်ကို ပြောင်းလဲစေနိုင်တဲ့ အကြမ်းမဖက်လမ်းစဉ်အကြောင်း စိတ်ဝင်စားပါဝင်ဆောင်ရွက်လိုသူတွေအတွက် Freedom Fighter အဖွဲ့နဲ့ တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်တဲ့ အစီအစဉ်တခုဖြစ်ပါတယ်။
#မိမိမှစတော်လှန်ခြင်း #LectureSeries
#Revolutionfromwithin