Education Channel 🇲🇲🇲🇲🇲🇲🇲🇲🇲🇲
17.7K subscribers
3.83K photos
91 videos
1.2K files
509 links
You can discuss educational knowledge, taste and feelings. https://www.youtube.com/@educationchannel2019
Download Telegram
Grade သတ်မှတ်ချက်မှတ်တမ်းတွေနဲ့ အတန်းကူး ပြောင်းသွားမှာဖြစ်ပြီး Grade 12 ရဲ့ ပညာသင်နှစ်အကုန် နဲ့ အဆင့်မြင့်ပညာကို ဘယ်လိုကူးပြောင်း တက်ရောက်ရ မယ်ဆိုတာကိုတော့ အပေါ်မှာ ပြောခဲ့သလို ပညာရေး Network အားလုံးနဲ့ အသက်မွေးဝမ်းကျောင်းအလုပ် အကိုင်အခွင့်အလမ်းအားလုံး အသင့်ဖြစ်တဲ့အချိန် နောက် ၂ နှစ်လောက်အတွင်းမှာ နိုင်ငံတော်ကနေ ပြည်သူကို ချပြ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

#စာတော်_စာညံ့နဲ့ခွဲမှာလား_ပြန်ပြောင်းလို့ရသလား

G 10 ဟာ အရင်စနစ်ဟောင်း အဋ္ဌမတန်းအောင်မြင်သူ တွေ ကူးပြောင်းတက်ရောက်ရမဲ့အတန်းဖြစ်ပြီး၊ အခု စာသင်နှစ်ဟာ G 10 သင်ရိုးသစ် စပြောင်းတဲ့နှစ်လည်း ဖြစ်ပါတယ်။ အထက်မှာဆိုခဲ့သလို ဘာသာတွဲ (၄) ခုထဲ က ကိုက်ညီသင့်လျော်ရာအတွဲကို ရွေးချယ်တက်ရောက် ကြရမှာဖြစ်ပြီး အဲဒီဘာသာတွဲအတိုင်း G10, G 11, G 12 သုံးနှစ်တက်ရောက်ရပါလိမ့်မယ်။ ဆိုတော့ …

သင်ရိုးဝင်ဘာသာတွဲတွေကို သေချာလေ့လာစေချင်ပါ တယ်။ ဥပမာ၊ STEAMS 1 ဆိုရင် (၇) ဘာသာလို့ ဆိုပေမဲ့ ဘာသာအမျိုးအစားအရဆိုရင် (၉) ဘာသာရှိနေမှာပါ။

ပြန်ပြောင်းဖို့ဆိုတာ ကျောင်းသားအခြေအနေအရ ထည့်သွင်းစဉ်းစားသင့်ပေမဲ့ အစကတည်းက ကိုယ်နဲ့ အလိုက်ဖက်ဆုံး၊ အသင့်တော်ဆုံးကို ရွေးချယ်နိုင်ရင် ပိုကောင်းမယ်လို့ ယူဆပါတယ်။
…….
ဒါက အမေးအများဆုံး၊ အရေးအကြီးဆုံးလို့ယူဆလို့ရနိုင် တဲ့ မေးခွန်းတွေကို အတိုဆုံး၊ အနီးစပ်ဆုံး ကျွန်တော့် အနေနဲ့ ရှင်းပြတတ်သလောက် ရှင်းပြခဲ့တာတွေပါ။ အကျယ်တဝင့်လေ့လာလိုသူတွေအတွက် စာအုပ်တွေ၊ Link တွေကို ကျွန်တော် Photo Caption တွေနဲ့ Comment မှာ ပေးထားပါတယ်။

နောက်.. ဒီထက်ပိုပြီး စိတ်ဝင်စားတဲ့သူတွေ သိသင့်တဲ့ အချက်တချို့ရှိပါသေးတယ်။ ဒီပြောင်းလဲမှုဖြစ်စဉ်ရဲ့ အရေးပါတဲ့ နောက်ခံသမိုင်းပါ။ ဒီတစ်ခါ ပညာရေး ပြောင်းလဲတယ်ဆိုတာ နှစ်ရှည်စီမံကိန်းပါ။ လိုအပ်ချက် အချို့အနည်းငယ်ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါက Running အချိန်မှာ Evaluation လုပ်ပြီး တစ်ခုချင်း ပြန်ပြင်သွားကြရမှာဖြစ်ပါတယ်။

#ဘာလို့ပြောင်းရသလဲ

ကျွန်တော်တို့ တော်တော်နောက်ကျကျန်ခဲ့လို့ပါ။ သိသာ တဲ့အချက်က ကျွန်တော်တို့ဆီက အခြေခံပညာအထက် တန်း ပြီးမြောက်ခြင်းကို တခြားနိုင်ငံတော်တော်များများ က အသိအမှတ်မပြုပါဘူး။ နောက်တစ်ချက်က ရမှတ် ကောင်းကို ဦးတည်ခဲ့တဲ့စနစ်ဟောင်းကြောင့် မလိုလား အပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရခဲ့ပါတယ်။ အဆိုးဆုံးက ၂၁ရာစုနဲ့ လိုက်ဖက်ညီမဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒါတွေကြောင့် ပြောင်းရခြင်းပေါ့။

နောက်တစ်ချက်က Child Centered Approach (or) Learner Centered Approach (or) Student Centered Centered Approach ခေါ်တဲ့ သင်ယူသူဗဟိုပြုစနစ်နဲ့ သွားဖို့ အသေအချာဦးတည်ထားတာဖြစ်ပါတယ်။ အရင်ကရှိခဲ့တဲ့ ဆရာက ဦးဆောင်တဲ့စနစ်ကို ဖယ်ရှား အစားထိုးပြီး ကျောင်းသားကို တတ်မြောက်စေမှာပါ။

အဲဒီနောက် ရလဒ်အဖြစ် လက်တွေ့ဘဝနဲ့ဆက်စပ်ပြီး လက်တွေ့ဘဝထဲမှာ ထိထိရောက်ရောက်အသုံးချနိုင်မဲ့ သင်ရိုးတွေနဲ့ လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ် သွားမှာဖြစ်ပါတယ်။ ဘက်စုံမျှတ သိမြင်တတ်သူတွေပေါ့။

#ပြောင်းလဲမှုနောက်ခံသမိုင်း

အရင်က မရှိခဲ့ဖူးတဲ့ ပညာရေးအတွက် မိခင်ဥပဒေ Mother Law “အမျိုးသားပညာရေးဥပဒေ” ကို ၂၀၁၄ ခုနှစ်မှာ ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။ ၂၀၁၅ မှာ ပြင်ဆင်တဲ့ ဥပဒေ ဆက်လက်ပြဋ္ဌာန်းခဲ့ပါတယ်။

နောက် CESR (Comprehensive Education Sector Review) ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်း ကို အကောင်အထည်ဖော်ပြီး ရရှိတဲ့ အချက်အလက်တွေကို အခြေခံလို့ Reform လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆောင်းပါးက အဲဒီ Reform ရဲ့ လုပ်ငန်း စဉ်တွေထဲက Curriculum အပိုင်းပေါ့။ အဲဒီလုပ်ငန်းတွေ အတွက် ပညာရေးဝန်းကြီးဌာနအပါအဝင် နိုင်ငံတော် အဆင့် ဌာနတွေနဲ့အတူ ADB, JICA, EYE Project (Equipping Youth for Employment) စတဲ့ အဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။

#ထိရောက်မှု

ဒီပြောင်းလဲမှု အလဟဿမဖြစ်ဘဲ ထိရောက်အကျိုးရှိဖို့ ထိန်းညှိထားတဲ့ဟန်ချက်တွေရှိပါတယ်။ 21st Century Skills (5 Cs), CPD, ITPR, Bloom’s Taxonomy နဲ့ အခြားသော အညွှန်းဘောင်တွေဖြစ်ပါတယ်။

ဆရာ့စွမ်းရည် ထက်မြက်နေစေဖို့ “စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး” CPD (Continuing Professional Development) ကို ကျောင်းတွေမှာ လစဉ် Module ၈ခုနဲ့ လုပ်ဆောင်ပါ လိမ့်မယ်။ ဒါမှ ဆရာတွေ အစွမ်းထက်နေမှာပါ။

ဘာသာရပ်တိုင်း၊ သင်ခန်းစာတိုင်းကို 21st Century Skills တွေဖြစ်တဲ့ 5 Cs (Collaboration, Communication, Critical Thinking and Problem Solving, Creative and Innovation, Citizenship) နဲ့ ချိတ်ဆက်မိအောင် သင်ကြားပေးကြပါလိမ့်မယ်။

သင်ကြားမှုအဆင့်တိုင်းဟာ စောစောကပြောခဲ့သလို Student Centered Approach နဲ့သွားမှာဖြစ်ပြီး သင်ခန်းစာတိုင်းမှာ တတ်မြောက်မှုကို ဦးတည်ထားတဲ့ Introduction, Teaching and Practice, Review ဆိုတဲ့ (I T P R) ဆိုတဲ့ Process က တောက်လျှောက်ပါဝင်မှာ ဖြစ်ပါတယ်။
1
ဘာသာရပ်တိုင်းရဲ့ သင်ခန်းစာတိုင်းဟာ လက်ရှိကမ္ဘာ့ ပညာရေးလောကမှာ စံမီနေသေးတဲ့ Bloom’s Taxonomy သတ်မှတ်ချက်အတိုင်း Cognitive Domain, Affective Domain, Psychomotor Domain ဆိုတဲ့ (သုတအခြေပြု, စိတ်ခံစားမှုအခြေပြု, လှုပ်ရှားသက်ဝင်မှု အခြေပြု) စံနှုန်းတွေကို Lower Order ကနေ Higher Order အထိ အသုံးချ၊ ဖန်တီး နိုင်တဲ့အဆင့်အထိ ချိတ်ဆက်သင်ကြားပေးသွားမဲ့ စနစ်ဖြစ်ပါတယ်။

ကျွန်တော်လေ့လာရသလောက်.. ဆရာနဲ့ ကျောင်းသား တကယ်လိုက်ဖက်ညီသွားတဲ့ အချိန်ရောက်ပြီဆိုရင်တော့ One school, one product အဆင့်ထိ ရည်မှန်းထား တယ်လို့ဆိုပါတယ်။ ပညာရေးဟာ Economic Based ဖြစ်ရမယ်လို့ ဆိုထားပါတယ်။

အဲဒီအတွက် အရင်ကရှိခဲ့ဖူးတဲ့ ပညာရေးတြိဂံအစား ပညာရေးဆဋ္ဌဂံနဲ့ ပြောင်းလဲဆောင်ရွက်နေပြီဖြစ်ပါတယ်။ (နိုင်ငံတော်၊ ဆရာ၊ မိဘ၊ ကျောင်းသား၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ) ပါဝင်မှာ ဖြစ်ပါတယ်။ ပြိုင်တူတွန်းတဲ့သဘောပေါ့လေ။

ဒီစာကို ဖြေရှင်းချက်လေးတစ်ခုနဲ့ နိဂုံးချုပ်ပါရစေ။ တခြားတော့မဟုတ်ဘူး။ သင်ရိုးသစ်မှာ အင်္ဂလိပ်စာကို သင်ကြားတဲ့အခါ English to English နဲ့ပဲသင်ရမှာလား ဆိုတဲ့ အချက်ပါ။ ကျွန်တော်တို့က English ကို Second Language အနေနဲ့ သင်ကြရတာဖြစ်ပါတယ်။ ဒါကြောင့် E to E ပြောဆိုသင်ကြားလို့ သင်ကြား/သင်ယူသူနှစ်ဖက် အဆင်ပြေရင်တော့ ဆိုဖွယ်ရာမရှိပေါ့လေ။ သို့သော် သိတ် လိုအပ်ရင် #မိခင်ဘာသာနဲ့ ရှင်းလင်းသင်ကြားရမယ်လို့ ဆရာလက်စွဲမှာအတိအလင်းဖော်ပြထားပါတယ်။ တိုင်းရင်းသားဘာသာစကားကိုတောင် စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုခွင့်ရှိတယ်လို့လည်း ဆိုထားပါသေးတယ်။ ဒီအတွက် ဘာသာစကား အတား အဆီးတစ်ခုအဖြစ် မြင်နေဖို့မလိုတာကို ရှင်းလင်းချင်တာ ဖြစ်ပါတယ်။

သင့် ဓား တိုနေလျှင် ဓားအရှည် မရှာပါနဲ့၊ ရှေ့တစ်လှမ်း တိုးခုတ်ပါ… ဆိုတာ မမေ့သင့်ဘူးပေါ့။

ပြောင်းလဲခဲ့သော ပညာရေးရည်မှန်းချက်ဖော်ဆောင်မှု များကို ပြိုင်တူတွန်းလျက် ၂၁ ရာစုမှာ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်ကြပါစေ။ ။
__
..ကေအို..
(Teacher Ko Oo)
၁၁၊ ဇူလိုင်လ၊ ၂၀၂၀။ ညနေ ၃:၁၀
ရှမ်းတောင်ကျေးလက်