RFA Burmese
✔
64.2K subscribers
4.89K photos
4.34K videos
1 file
9.28K links
📧 burweb@rfa.org

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
မလေးရှားကို တရားမဝင် ဝင်ရောက်အလုပ်ရှာဖို့ ကြိုးစားတဲ့ မြန်မာတွေ ဖမ်းဆီးခံရ
~~~
■ မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ပြီး အလုပ်ရှာဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၂၄ ယောက်ကို ထိုင်း-မလေးရှားနယ်စပ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် ဟတ်ရိုင်မြို့မှာ လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ ဒေသဆိုင်ရာရဲတပ်ဖွဲ့က ထရပ်ကားတစ်စင်းကို စစ်ဆေးချိန် မြန်မာ သုံးယောက်ကို ဖမ်းဆီးမိခဲ့ပြီး သူတို့ကို ခေါ်ဆောင်လာတဲ့ အသက် ၇ဝ အရွယ် ထိုင်းလူမျိုး ယာဉ်မောင်းကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ကားပေါ်မှာ လိုက်ပါလာသူတွေကို မလေးရှားနိုင်ငံကို ပို့ဆောင်ရာမှာ ကူညီဖို့လာတဲ့ မြန်မာတစ်ယောက်ကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဟတ်ရိုင်မြို့ထဲက တန်းလျားတစ်ခုမှာ တရားမဝင် နေထိုင်ပြီး မလေးရှားကို သွားဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ကို ထပ်မံစုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းလူမျိုးယာဉ်မောင်းကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံဖြတ်ကျော်ပြီး လူမှောင်ခိုကူးတဲ့ ကွန်ရက်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
______
၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က ထိုင်း-မလေးရှားနယ်စပ် Sungai Kolok မြို့မှာ ထိုင်းရဲတွေက ထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူတွေကို စစ်ဆေးနေစဉ်။(Photo : AFP)
#ထိုင်း #မလေးရှား #ဖမ်းဆီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
မဏိပူရ်မှာ ဖမ်းခံထားရတဲ့ ချင်းလူမျိုးတွေ မီဇိုရမ်ထောင်ကို လွှဲပြောင်းနိုင်ဖို့ တောင်းဆို
~~~
■ အိန္ဒိယနိုင်ငံ မဏိပူရ်ထောင်မှာ ဖမ်းဆီးခံနေရတဲ့ ချင်းလူမျိုးတွေကို မိဇိုရမ်ထောင်ကို လွှဲပြောင်းနိုင်ဖို့ Central Young Mizo Association (CYMA) အဖွဲ့က မီဇိုရမ် ပြည်ထဲရေးဝန်ကြီးကို တောင်းဆိုခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးနဲ့ ချင်းလူငယ်အဖွဲ့တစ်ခုဖြစ်တဲ့ Central Young Mizo Association (CYMA) အဖွဲ့က တာဝန်ရှိသူတွေ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ ချင်းလူမျိုးတွေအတွက် တောင်းဆိုခဲ့ကြတာပါ။

ဒီဆောင်ရွက်မှုဟာ အိန္ဒိယနိုင်ငံရောက် တော်လှန်ရေးအင်အားစုတွေ ဝိုင်းဝန်းကြိုးပမ်းမှုရဲ့ အကြီးမားဆုံး အောင်မြင်မှုရလဒ်ဖြစ်တယ်လို့ India for Myanmar တာဝန်ခံ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

“ချက်ချင်းလွှတ်ပေးဖို့ကို မတွန်းနိုင်တဲ့အခါကျတော့ ထောင်ပြောင်းပေးဖို့ကို ကျွန်တော်တို့ မီဇိုရမ်အစိုးရတွေ မီဇိုရမ်လူမှုအဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုကို လုပ်ခဲ့တာပေါ့နော်။ အခုတရားဝင်အနေနဲ့ သူတို့ Action ယူပြီးလုပ်တာ ပထမဆုံးအကြိမ်ပါပဲ။ ရလဒ်ကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်"

ပြည်ထဲရေးဝန်ကြီးက ရဲတပ်ဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး မီဇိုရမ်ပြည်နယ်ထောင်ကို လွှဲပြောင်းပေးနိုင်ဖို့ နည်းလမ်းရှာဖွေပေးမယ့်အကြောင်း တုံ့ပြန့်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မဏိပူရ်ပြည်နယ်ကို မြန်မာနိုင်ငံက ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည်ထဲက ဖမ်းဆီးခံထားရတဲ့ ချင်းလူမျိုး ၁၀၀ ကျော်ရှိပြီး စစ်ကောင်စီထံ လွှဲပြောင်းပေးမှာကိုလည်း မိသားစုဝင်တွေက စိုးရိမ်နေကြတာပါ။

မီဇိုရမ်ပြည်နယ် အစိုးရရဲ့စာရင်းအရ မြန်မာဘက်က ခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် သုံးသောင်းသုံးထောင်ကျော် (၃၃,၉၆၁) ရှိတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ချင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စာရင်းအရတော့ မြန်မာဘက်ကနေ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ခုနစ်သောင်းဝန်းကျင် ရှိနေပါတယ်။
____
၂ဝ၂၃ ခုနှစ်က တွေ့မြင်ရသည့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အကျဉ်းထောင်မျက်နှာစာ မြင်ကွင်း။ (Photo : Citizen Photo)
#မဏိပူရ် #ချင်း # မိဇိုရမ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီ သီရိလင်္ကာအိုင်တီပညာရှင်တွေ ပစ်မှတ်ထား လူကုန်ကူးခံနေရ
~~~
■ သီရိလင်္ကာနိုင်ငံသား အိုင်တီပညာရှင်တွေကို ယူအေအီးနိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆီကို လူကုန်ကူးမှုတိုးမြင့်လာတဲ့အကြောင်း သီရိလင်္ကာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

လေ့လာစုံစမ်းမှုတွေအရ လူကုန်ကူးသူတွေဟာ သီရိလင်္ကာနိုင်ငံသား အိုင်တီပညာရှင်တွေကို ပစ်မှတ်ထားပြီး လစာကောင်းတဲ့ နည်းပညာ အလုပ်အကိုင်တွေရမယ်လို့ ဖြားယောင်းသွေးဆောင်ခေါ်ယူလေ့ရှိတယ်လို့ နိုဝင်ဘာလအစောပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စိတ်ဝင်စားသူတွေကို အလုပ်အင်တာဗျူးဖြေရမယ်လို့ အကြောင်းပြပြီး ဒူဘိုင်းကို ခေါ်သွားပြီးနောက် မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ကြောင်း၊ အဲဒီနောက် အင်တာနက်ကနေတစ်ဆင့် ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းစေခံကြရတဲ့အကြောင်း Sri Lakan Guardian သတင်းမှာ မနေ့က ဖော်ပြပါတယ်။

ဒီလိုစေခိုင်းခံရသူတွေဟာ ဖိနှိပ်အနိုင်ကျင့်တာတွေနဲ့ကြုံရတဲ့အပြင် လျှပ်စစ်နဲ့အတို့ခံရတာလိုမျိုး နှိပ်စက်ညှဉ်းပန်းတာတွေကို ခံကြရတယ်လို့လည်း ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံသားတွေအနေနဲ့ ပြည်ပကို တရားမဝင်လမ်းကြောင်းတွေကနေ သွားရင် အန္တရာယ်ရှိရုံတင်မကဘဲ သီရီလင်္ကာမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ခွင့်ဥပဒေကိုပါ ချိုးဖောက်ရာရောက်တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။

ဒါကြောင့် အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့ တရားဝင်လမ်းကြောင်းကပဲ သွားကြဖို့နဲ့ အလည်အပတ်ဗီဇာနဲ့ သွားပြီး အလုပ်ရှာတာမျိုး မလုပ်ကြဖို့ သီရိလင်္ကာလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက သတိပေးထားပါတယ်။
______
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ထိုင်း - မြန်မာ နယ်စပ်၊ တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးရှိ တရားမဝင် ကျားဖြန့်လုပ်ငန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့စဉ်။ (Photo : Telegram/ People Media)
#သီရိလင်္ကာ #အွန်လိုင်းငွေလိမ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…
သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၃၀၀ နီးပါး သေဆုံး
~~~
■ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့အထိ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး တစ်ထောင့်သုံးရာနီးပါး (၁၂၇၀ ဦး) သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

AAPP ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ နိုင်ဝင်ဘာလ ၁၂ ရက်နေ့အထိ အမျိုးသမီး ၅၆၀ ဦး သေဆုံးခဲ့ရပြီး ၂၀၂၃ ခုနှစ်မှာ ၄၀၂ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၂၁၃ ဦးနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအထိ ၉၅ ဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။


စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှု မအောင်မြင်ကြောင်း GSCB ထုတ်ပြန်
~~~
■ စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ဖို့ သန်းခေါင်စာရင်းကောက်ယူတာဟာ မအောင်မြင်ခဲ့ဘဲ နိုင်ငံရေးအရ ထွက်ပေါက် ရှာနိုင်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ပညာရေးဝန်ထမ်းတွေဟာ အပြသဘော တာဝန်ကျေ ကောက်ယူခဲ့ကြကြောင်းတွေ့ရသလို ကောက်ယူတဲ့ အချက်အလက်တွေဟာလည်း ခိုင်မာမှန်ကန်မှုမရှိတာကို တွေ့နိုင်တယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူဖို့ကြိုစားချိန်ဟာ မြို့နယ်ပေါင်း ၃၃၀ ‌မှာ ၂၃၃ မြို့နယ်ထက်မနည်းမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက ရေကြီးမှုကြောင့် ပြည်သူတစ်သန်းကျော်အထိ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံတွေ့နေရချိန် ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
___
မုံရွာမြို့တွင် သန်းခေါင်စာရင်းကောက်ယူနေသူတချို့အား ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က တွေ့ရစဥ်။ (Photo : Myanmar Military)
Media is too big
VIEW IN TELEGRAM
ထရမ့်လက်ထက် မြန်မာကိုဆက်လက်ထောက်ခံအားပေးဖို့ NUG မျှော်လင့်
~~~
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်မှာ မြန်မာ့အရေး ဆက်လက်ကူညီပံ့ပိုးဖို့ NUG အစိုးရနဲ့ တက်ကြွလှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။ မြန်မာ့အရေးပါဝင်ပတ်သက်နေတဲ့ တရုတ်ကို ဖိအားပေးဖို့လည်း လိုလားနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် စောဖိုးခွားတင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
မနက်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၁၃ ရက်)
~~~
■ နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် ဗုံးကြဲခံရပြီး ၁၁ ဦး သေဆုံး၊
■ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၁၃၀၀ နီးပါး သေဆုံး၊
■ မဏိပူရ်မှာ ဖမ်းဆီးခံထားရတဲ့ ချင်းလူမျိုးတွေ မီဇိုရမ်ထောင်ကို လွှဲပြောင်းနိုင်ဖို့ တောင်းဆို၊
■ အင်းလေးက ရေဘေးသင့်အိမ် တစ်ရာခန့်ကို လူမှုကူညီရေးအသင်းတွေ ပြုပြင်ပေး၊
■ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီ သီရိလင်္ကာအိုင်တီပညာရှင်တွေ ပစ်မှတ်ထား လူကုန်ကူးခံနေရ၊
■ မလေးရှားကို တရားမဝင် ဝင်ရောက်အလုပ်ရှာဖို့ ကြိုးစားတဲ့ မြန်မာတွေ ဖမ်းဆီးခံရ၊
■ ထိုင်း-မြန်မာနယ်စပ်မှာ အထောက်အထားမဲ့ တရုတ်နဲ့လာအိုနိုင်ငံသားတွေကို ဖမ်းဆီးမိ၊
____________
#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
Media is too big
VIEW IN TELEGRAM
ရခိုင်က တစ်ကျော့ပြန်တိုက်ပွဲတွေနဲ့အတူ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး မျှော်လင့်ချက်
~~~
■ အာရက္ခတပ်တော် (AA) ဟာ ၁၀၂၇ စစ်ဆင်ရေး တစ်ကျော့ပြန်တိုက်ပွဲမှာ ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့ ဒီနေ့မှာ တိုက်ပွဲတွေပြန်ဖြစ်တာ တစ်နှစ် ပြည့်ပြီး AA က မြို့နယ် ၁၀ မြို့နယ်ကို သိမ်းထားပါပြီ။

တစ်ပြည်နယ်လုံးကို AA က ထိန်းချုပ်လိုက်နိုင်ပြီဆိုရင် ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလားအလာ ဘယ်လိုရှိလာနိုင်ပါသလဲ။ RFA သတင်းထောက် မဝေမာထွန်း တင်ပြပါမယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Live stream started
Live stream finished (15 minutes)
ဟားခါးတိုက်ပွဲမှာ စစ်ရဟတ်ယာဥ်တစ်စင်းကို ပစ်ခတ်နိုင်ခဲ့ကြောင်း CDF ထုတ်ပြန်
~~~
■ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ လေးလအတွင်း စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်း အမြီးပိုင်း ပျက်စီးသည်အထိ ပစ်ခတ်နိုင်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ် ငါးဆယ်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF-Hakha) က နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ကနေ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ လေးလအတွင်း စစ်ရေးအခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီကာလအတွင်းမှာ ရဲ ၁၃ ဦးနဲ့ စစ်ကောင်စီတပ်သား လေးဦး၊ စုစုပေါင်း ၁၇ ဦး CDF-Hakha ထံ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲလေးလအတွင်း စစ်ကောင်စီတပ်သား ၅၃ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရတယ်လို့လည်း CDF-Hakha က ဖော်ပြပါတယ်။

CDF-Hakha ကတော့ ဟားခါးမြို့နယ်မှာရှိနေတဲ့ စစ်ကောင်စီတပ်အင်အားတွေကို ထန်တလန်မြို့နယ်ဘက်က တိုက်ပွဲတွေကို သွားရောက် စစ်ကူမပေးနိုင်အောင် ရက်ပေါင်း ၈၂ ရက်ကြာ တားဆီးပိတ်ဆို့နိုင်ခဲ့တယ်လို့ ပြောပါတယ်။
---------------

Photo: Facebook/ Chinland Defense Force-Hakha

#ဟားခါး #စစ်ရဟတ်ယာဥ် #CDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ဥသျှစ်ပင်မှာ စစ်မှုထမ်းဖို့ လူနှစ်ဆယ်ခန့် ဖမ်းဆီးစုဆောင်းခံရ
~~~
■ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က လမ်းသွားလမ်းလာ လူငယ် အမျိုးသား နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းတက်ဖို့အတွက် ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဥသျှစ်ပင်မြို့အထွက် ပုသိမ်-မုံရွာလမ်းဆုံမှာ စစ်ကောင်စီတပ်နဲ့ အာဏာပိုင်တွေ လမ်းသွားလမ်းလာ ဆိုင်ကယ်တွေကို စစ်ဆေးရာကတစ်ဆင့် ဖမ်းဆီးခဲ့တာလို့ ဥသျှစ်ပင်မြို့ခံတစ်ဦးက ပြောပါတယ်။

"ဥသျှစ်ပင်လမ်းဆုံမှာ ဖမ်းတာ၊ ဒီကရဲတောင် သိပ်မပါဘူး။ ဒကစ (ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) နဲ့ မြို့နယ်အဆင့်က ပါတယ်။ ဆိုင်ကယ်တွေကို တားပြီး ဦးထုပ်ပါလား၊ လိုင်စင်ပါလား မေးပြီးတော့ သူတို့ သဘောကျတဲ့သူ၊ အသက်မီတဲ့သူဆိုရင် စစ်မှုထမ်းဖို့ တစ်ခါတည်း ဆွဲတော့တာ။ အယောက်နှစ်ဆယ် လောက်ပါသွားတယ်"

ဖမ်းဆီးထားသူတွေကို ဥသျှစ်ပင်မြို့အနီး ပုသိမ်-မုံရွာလမ်းမပေါ်မှာရှိတဲ့ အမြောက်တပ်ထဲကို ခေါ်ဆောင်သွားပြီး စစ်သင်တန်းပို့နိုင်ဖို့အတွက် ကျန်းမာရေးစစ်ဆေးတာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ ဝန်းကျင် လူငယ်အမျိုးသားတွေဖြစ်ပြီး ဥသျှစ်ပင်မြို့ပေါ်နဲ့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း ဥသျှစ်ပင်မြို့နဲ့ အနီးတစ်ဝိုက်ရွာတွေက လူငယ် သုံးဆယ်ခန့်ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အပတ်စဥ် (၃) စစ်မှုထမ်းသင်တန်းအတွက် လိုက်လံဖမ်းဆီး စုဆောင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
---------------

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင်းတစ်နေရာကို ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း တွေ့ရစဉ်။ (Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#ဥသျှစ်ပင် #စစ်မှုထမ်း #ဖမ်းဆီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ပွင့်ဖြူမှာ စစ်ကြောင်းထိုး၊ ဗုံးကြဲတာကြောင့် ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးနေရ
~~~
■ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျွဲခြံနဲ့ လယ်မရွာဘက်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၉ ရက်နေ့စပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို နိုဝင်ဘာလ ၁၂ နေ့မှာလည်း လေကြောင်းနဲ့ပါ တိုက်ခိုက်လာတာကြောင့် လူနှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပွင့်ဖြူဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-35 နဲ့ သုံးမိုင်ပေါက်လမ်းခွဲကို သုံးလုံး၊ ကျွဲခြံနဲ့ လယ်မရွာဘက်ကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းက ထုတ်ပြန်ပါတယ်။

လေကြောင်းကနေ တိုက်ခိုက်တာအပြင် နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတာလို့ ကျွဲခြံရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

“ယာထဲမှာ အလုပ်လုပ်နေတဲ့အချိန် ရဟတ်ယာဉ်နဲ့ အပေါ်ကနေ လာပစ်သွားတာ၊ ငါးလုံးလောက်ရှိတယ်ဗျ။ တစ်သက်လုံး တစ်ခါမှ အဲဒီလိုရဟတ်ယဉ်နဲ့ ဗုံးတွေ ကြဲချသွားတာ မမြင်ဖူးသေးဘူး၊ တော်တော် ကြောက်စရာကောင်းတယ်။ ထိလိုက်လို့ကတော့ အသေပဲ။ ဒါကြောင့်လည်း အဲဒီနားက ရွာသားတွေ ထွက်ပြေးကြတာပေါ့ဗျာ။ တချို့က တောထဲပြေးတယ်၊ တချို့က နီးစပ်တဲ့ဘုန်းကြီးကျောင်းတွေကို ပြေးကြတယ်”

ပွင့်ဖြူမြိုနယ်မှာ လေကြောင်းတိုက်ခိုက်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကျွဲခြံနဲ့ လယ်မရွာတွေဘက်ကိုတော့ စစ်ကောင်စီတပ်က မဲဇလီရွာမှာ အထိုင်ချတပ်စွဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတာကြောင့် အနီးတစ်၀ိုက်ရွာတွေမှာ ကျင်းပမဲ့ ကထိန်ပွဲတွေလည်း ရပ်နားထားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပွင့်ဖြူမြို့နယ်မှာ စစ်ရေးတင်းမာနေတာကြောင့် ပုသိမ်-မုံရွာလမ်းပိုင်းမှာရှိတဲ့ သုံးမိုင်ပေါက်လမ်းခွဲ၊ ငါးမိုင်ပေါက်လမ်းခွဲ၊ ဝန်လိုရွာ၊ ခိုနန်းရွာ လမ်းတွေကို အသုံးမပြုကြဖို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
-----------------

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်မှ လာရောက် ဗုံးကြဲသွားသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ရစဉ်။ (Screenshot: မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force - Pwintbyu) - Reel Video)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#ပွင့်ဖြူ #ဗုံးကြဲ #စစ်ကြောင်းထိုး #လွတ်လပ်တဲ့အာရှအသံ #rfaburmese
ပုလဲမြို့ပေါ်မှာ သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေ
~~~
■ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက် ဒီနေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့်လည်း ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ပုလဲမြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပုလဲမြို့ပေါ်က စစ်တပ်အခြေစိုက်နေရာတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်မှုတွေ ရှိနေတာကြောင့် တိုက်ပွဲဆက်လက် ပြင်းထန်နေတာပါ။

နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း ပုလဲမြို့ပေါ်ကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ သုံးကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပုလဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက်တင် Mi-35 နဲ့ ကြဲနေတာ။ စစ်ကောင်စီဘက်က မြေပြင်ကနေလည်း လက်နက်ကြီးနဲ့ပစ်တယ်။ ဒါပေမဲ့ အခြေအနေဘယ်လောက်ဆိုးတယ်ဆိုတာကိုတော့ ပြောလို့မရဘူး။ ဖုန်းရော၊ အင်တာနက်ရော အဲဒီဘက်မှာ တော်တော်လေး ခက်ခဲနေတယ်။ ဒေသခံတွေလည်း ထိခိုက်သေဆုံးတာများတယ်”

စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ပုလဲဒေသခံတချို့ ထိခိုက်သေဆုံးတာတွေ ရှိပေမဲ့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် အရေအတွက်ကို အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာလ ၅ ရက်နေ့ကတော့ ပုလဲမြို့နယ် အိုင်းမရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်ဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_________

တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပုလဲဒေသခံများကို ၂၀၂၄ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

#တိုက်ပွဲ #ပြင်းထန် #ပုလဲ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အရေးယူပေးဖို့ အလုပ်သမား ရာချီ ဆန္ဒပြတောင်းဆို
~~~
■ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန်က ပန်းပုထုတ်လုပ်တဲ့ စက်ရုံ ချားရစ်ခ် (CHARIS COMPANY LLMITED ) မှာ အမျိုးသမီးအလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကို လက်မခံ ကြောင်းနဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးရေးအတွက်ပါ အလုပ်သမားနှစ်ရာကျော်က ဆန္ဒပြတောင်းဆိုနေကြပါတယ်။

စက်ရုံကပေးရမဲ့ ဆုကြေးကို မပေးနိုင်တာကြောင့် အချိန်ပိုမဆင်းနိုင်ဘူးဆိုပြီး ပြန်ကြတဲ့ အလုပ်သမားတွေထဲက အမျိုးသမီး နှစ်ဦးကို တရုတ်နိုင်ငံသား စက်ရုံ ဒါရိုက်တာက ကိုယ်ထိလက်ရောက်ကျူးလွန်တာကနေ စပြီး အလုပ်သမား ၁၃ ဦးအထိ အလုပ်ထုတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မအိက ပြောပါတယ်။

“တရုတ်နိုင်ငံသား ဒါရိုက်တာက အလုပ်သမားတွေကို လိုက်ပြီးတော့ ဆွဲလားရမ်းလားလုပ်တယ်ပေါ့နော်။ အလုပ်သမားတွေက လက်မခံတော့ အမျိုးသမီး အလုပ်သမား နှစ်ယောက်ကို ဆောင့်တွန်းလိုက်တာ ဖင်ထိုင် လျက် လဲကျသွားတယ်တဲ့။ သူတို့ နှစ်ယောက်အပါအဝင် တခြားအလုပ်သမားတွေကိုပါ လက်မှတ်ထိုးပြီး အလုပ်ထုတ်တာ”

ဒါကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့ တရုတ်နိုင်ငံသားကို အလုပ်ထုတ်ပေးဖို့အပါအဝင် တောင်းဆိုချက် ၁၇ ချက်ကို နို၀င်ဘာ ၆ ရက်နေ့မှာ နေ့စားအလုပ်သမားတွေအပါအဝင် အလုပ်သမား ငါးရာ နီးပါးက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။ ဒီနေ့မှာတော့ အလုပ်သမား နှစ်ရာဝန်းကျင်ဟာ စက်ရုံပြင်ပကနေ ဆက်ပြီးတောင်းဆိုဆန္ဒပြနေကြပါတယ်။

ဒီပြဿနာကို ဖြေရှင်းပေးဖို့ဆိုပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ နယ်မြေ ပိုင်ရဲတွေ လာခဲ့ပေမဲ့ ရဲစခန်းမှာ အမှုသွားဖွင့်ပြီး စက်ရုံကိုတရားစွဲဖို့ပဲ ပြောသွားတယ်လို့ အလုပ်သမားတွေရဲ့ ပြောပြချက်ကို မအိက ပြန်ပြောပြပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အလုပ်သမားတွေကို တရားစွဲမယ် ဆိုပြီး စက်ရုံထဲမှာ ကြေညာစာကပ်ထားတယ်လို့လည်း သူက ပြောပါတယ်။

အခုအခြေအနေကို ဒီစက်ရုံကနေ ထုတ်လုပ်ပေးနေတဲ့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေက အမြန်ဆုံး ဖြေရှင်းပေး နိုင်ဖို့ အလုပ်သမားတွေက FGWM ကို အကူညီတောင်းလာတာဖြစ်လို့ ကုန်အမှတ်တံဆိပ်ကုမ္ပဏီတွေကို ဆက်သွယ်ဖို့ ကြိုးစားနေတဲ့အပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကိုလည်း တိုင်စာပို့ထား တယ်လို့ ပြောပါတယ်။

အခုအခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေဆိုပါဘူး။

_________

ဆန္ဒပြတောင်းဆိုနေကြသည့် CHARIS စက်ရုံမှ အလုပ်သမားများအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က တွေ့စဉ်။ (Citizen Photo)

#ကိုယ်ထိလက်ရောက်ကျူးလွန် #အလုပ်သမား #ဆန္ဒပြ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
မူဆယ် မန့်ဝိန်းနယ်စပ်ဂိတ် ပိတ်ထားလို့ ကားအစီး သုံးရာခန့် ပိတ်မိနေ
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာရှိတဲ့ မန့်ဝိန်း တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ဖွင့်ထားပေးပေမဲ့ မြန်မာဘက်အခြမ်းမှာ စစ်ကောင်စီ အာဏာပိုင်တွေက ပိတ်ထားတာကြောင့် နိုဝင်ဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်းအထိ ကားအစီးရေ သုံးရာထက်မနည်း ပိတ်မိနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

မူဆယ်နယ်စပ် ဆင်ဖြူဂိတ်ကနေ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို တရုတ်နိုင်ငံဘက်က အခုရက်ပိုင်းမှာ ပိတ်လိုက်ထားလိုက်တာပါ။

အဲဒီနောက် မန့်ဝိန်းဂိတ်ကနေပဲ ကုန်ပစ္စည်းတွေ သယ်ကြဖို့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တရုတ်နိုင်ငံဘက်က ခွင့်ပြုခဲ့ပေမဲ့ မြန်မာဘက်က ဂိတ်ကိုဆက်ပိတ်ထားတဲ့တွက် ကုန်စိမ်းတင်ကားတွေ ပိတ်မိနေတာလို့ နယ်စပ်ကုန်သည် တစ်ဦးက RFA ကို ပြောပါတယ်။

“တရုတ်က မန့်ဝိန်းဂိတ်ကို ဖွင့်ပေးတယ်ဗျ။ မြန်မာဘက်မှာကြတော့ ပိတ်ထားတာ။ ၁၁ ရက်နေ့ ညနေပိုင်း ကစပြီး ပိတ်လိုက်တာ။ ကုန်စိမ်းသယ်တဲ့ ကုန်သည်တွေ အတော်လေး ဒုက္ခရောက်ကုန်တယ်။ ဘယ်နေ့ဖွင့် ပေးမယ်ဆိုတာ မသိရဘူး”

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲ ဝင်လာမဲ့ ကုန်ကားတွေ ပိတ်မိနေတာဖြစ်ပြီး အများစုက အာလူး၊ ကြက်သွန်နဲ့ ဟင်သီးဟင်းရွက်တွေ တင်ဆောင်ထားတဲ့ ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မူဆယ်နယ်စပ် မြန်မာအာဏာပိုင်တွေနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားပြီး နှစ်နိုင်ငံကုန်သွယ်မှုတွေ ရပ်တန့်နေပါတယ်။

မူဆယ်မြို့ကတော့ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး ဆင်ဖြူ၊ မန့်ဝိန်းနဲ့ နန်းတော် နယ်စပ်ဂိတ်တွေ ကနေ နှစ်နိုင်ငံ လူဝင်လူထွက်နဲ့ တစ်ပိုင်တစ်နိုင် ကုန်သွယ်မှုတွေ ဆက်ရှိနေတာ ဖြစ်ပါတယ်။
_________

တရုတ်-မြန်မာနယ်စပ် မူဆယ် (မန့်ဝိန်း) ဂိတ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တွေ့ရစဉ်။ (Screenshot: Citizen Video)

#ရှမ်းပြည်နယ် #တရုတ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
နေ့လယ်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၁၃ ရက်)
~~~
■ ဟားခါးမှာ စစ်ရဟတ်ယာဥ်တစ်စင်းကို ပစ်ခတ်နိုင်ခဲ့ကြောင်း CDF ထုတ်ပြန်
■ ပုလဲမှာ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
■ ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ၄၉၀ ခန့် သေဆုံး
■ ရွှေဘိုမှာ စစ်ကြောင်းဝင်လာချိန် လူငါးဦး သတ်ဖြတ်ခံရ
■ ပွင့်ဖြူမှာ စစ်ကြောင်းထိုး၊ ဗုံးကြဲလို့ ဒေသခံနှစ်ထောင်နီးပါး ထွက်ပြေးရ
■ ဥသျှစ်ပင်မှာ လူနှစ်ဆယ်ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးစုဆောင်းခံရ
■ မူဆယ် မန့်ဝိန်းဂိတ်ကို စစ်ကောင်စီ ပိတ်ထားလို့ ကုန်သည်တွေ အခက်တွေ့
■ ကိုယ်ထိလက်ရောက်ကျူးလွန်သူကို အရေးယူပေးဖို့ အလုပ်သမား ရာချီ ဆန္ဒပြတောင်းဆို

#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese pinned a video
ရွှေဘိုမှာ စစ်ကြောင်းဝင်လာချိန် ဒေသခံ ငါးဦး သတ်ဖြတ်ခံရ
~~~
■ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်က ၁၁ ရက်အကြာ စစ်ကြောင်းထိုးချိန် ဒေသခံ ငါးဦး သတ်ဖြတ်ခံရပြီး ရုပ်အလောင်းတွေကို စစ်ကြောင်းမရှိတော့ချိန်မှ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြောပါတယ်။

အင်အား ၁၃၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ရွှေဘိုမြို့ အနောက်ဘက်က အိုးဘိုနဲ့ ချီပါရွာတွေကို အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုမြို့ကို စစ်ကြောင်းပြန်ဆုတ်သွားချိန်မှပဲ သတ်ဖြတ်ခံရတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာလို့ ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းပြန်ခေါက်ပြီး နောက်ရက် နယ်မြေရှင်းလင်းရေးတွေ လုပ်တော့တွေ့တာ။ အိုးဘိုရွာရဲ့ အနောက်ဘက် မူးဘောင်ပေါ်မှာ အလောင်းက လေးလောင်း တစ်နေရာရယ်၊ တစ်လောင်း တစ်နေရာရယ် ငါးလောင်းပေါ့ဗျာ။ ခေါင်းတွေကတော့ ရှာမရဘူးဗျ။ အကုန်လုံးကို ပုတ်နေပါပြီ။ ဒါပေမဲ့ တော်လှန်ရေး အဖွဲ့အစည်းထဲကတော့ မဟုတ်ဘူးဗျ။ ကျားမကို ခွဲလို့ မရဘူး။ ဖြစ်နိုင်ချေက ယောကျ်ားတွေချည်းပဲ ဖြစ်နိုင်တယ်။ အလောင်းတွေက ကောက်လို့မရတော့ အဲ့နေရာမှာပဲ ဆီလောင်းပြီး မီးသင်္ဂြိုဟ်လိုက်ရတယ်”

အိုးဘိုရွာမှာ စစ်ကောင်စီစစ်ကြောင်း နှစ်ရက်ဝင်ရောက်ပြီးနောက် အောက်တိုဘာလ ၃၀ ရက်နေ့ ချီပါရွာဘက်ကို အထွက်မှာ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

စစ်ကြောင်းဟာ ချီပါရွာမှာ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဝင်ရောက်တပ်စွဲခဲ့ပြီး အဲဒီအတောအတွင်း ကာကွယ်ရေးအဖွဲ့တွေနဲ့ နှစ်ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို ချီပါ (မြောက်) ရွာက နေအိမ်သုံးလုံး မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ အောက်တိုဘာလအထိ ဆယ်လအတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် လူပေါင်း ၄၄၄ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲက ၁၂၉ ဦးဟာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_________

ရွှေဘိုမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ (Citizen Photo)

#စစ်ကိုင်းတိုင်း #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…
ဧည့်သည် မျှော်နေတဲ့ ချောင်းသာကမ်းခြေ
~~~
■ ဧရာဝတီတိုင်း၊ ချောင်းသာမြို့မှာရှိတဲ့ ချောင်းသာကမ်းခြေကို နိုဝင်ဘာ ၁၁ ရက်နေ့က မြင်တွေ့ရတာပါ။

အဲဒီကမ်းခြေဟာ ရုံးပိတ်ရက်တွေမှာသာ လာရောက်အပန်းဖြေသူတွေနဲ့ စည်ကားလေ့ရှိပေမဲ့ ပုံမှန်
ရက်တွေမှာတော့ ဧည့်သည်မရှိဘဲ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

တိုက်ပွဲတွေဖြစ်ပြီးနောက် ငပလီကမ်းခြေ ပိတ်သွားတာကြောင့် ချောင်းသာကို လာရောက်အပန်းဖြေသူတွေ အရင်ကထက် ပိုများတယ်လို့ ပြောပါတယ်။

ဒါကြောင့် ချောင်းသာကမ်းခြေက ဟိုတယ်လုပ်ငန်းတွေ၊ အလှဓာတ်ပုံရိုက်သူတွေ၊ ကမ်းခြေဈေးသည်တွေနဲ့ စက်လှေသမား စတဲ့ ကမ်းခြေကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းနေရသူတွေက ဧည့်သည်တွေကို မျှော်နေကြတာ ဖြစ်ပါတယ်။
_________

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

#ချောင်းသာ #ဧရာဝတီတိုင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese