RFA Burmese
55.6K subscribers
3.35K photos
3.33K videos
1 file
7.25K links
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
Media is too big
VIEW IN TELEGRAM
"မြန်မာပြည်က လူငယ်များ"
"တစ်သောင်းကျော်ထဲက တစ်ယောက်"

~~~
■ အမေရိကန်ပြည်ထောင်စုမှာ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ လုံခြုံရေးပညာသင်ယူခွင့် ရခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံးလူမျိုးစုတွေထဲက တစ်ခုဖြစ်တဲ့ မရမာကြီးလူမျိုး လူငယ်တစ်ယောက် အကြောင်းကို မခက်မာ တင်ပြထားပါတယ်။
ပုဂ္ဂလိကဘဏ်နဲ့ ဗဟိုဘဏ်တာဝန်ရှိသူတချို့ အရေးယူခံရ
~~~
■ အိမ်ရာချေးငွေကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် သတ်မှတ်ချက်ထက် ကျော်လွန်ထုတ်ချေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဂ္ဂလိကဘဏ် ခုနစ်ခုနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာ၀တီဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။

အဲဒီဘဏ်တွေဟာ အိမ်ရာချေးငွေ ဗဟိုဘဏ်သတ်မှတ်ချက်ထက် အနည်းဆုံး ၀ ဒသမ ၃၉ ရာခိုင်နှုန်းနဲ့ အများဆုံး ၁၆ ဒသမ ၃၄ ရာခိုင်နှုန်းအထိ အသီးသီးထုတ်ချေးပေးခဲ့တာလို့ ဆိုပါတယ်။

အခုလို ထုတ်ချေးခဲ့တဲ့ ဘဏ်တွေကို ဗဟိုဘဏ်ရဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ-၁၅၄ အရ ထိရောက်တဲ့ ဒဏ်ကြေးပေးဆောင်စေမယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ ရေးယူခံရတဲ့ ပုဂ္ဂလိကဘဏ်တွေကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

ပုဂ္ဂလိကဘဏ်တွေကို စစ်ဆေးကြီးကြပ်မှုအားနည်းတဲ့ ဗဟိုဘဏ်ကတာဝန်ရှိသူတွေကိုလည်း စိစစ်အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပြည်တွင်းစီးပွားရေး တည်ငြိမ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါ်လာ ငွေလဲနှုန်း၊ ပို့ကုန်သွင်းကုန် ရငွေကိစ္စ၊ ဟွန်ဒီငွေလွှဲလုပ်ငန်း စတဲ့လုပ်ငန်းတွေကို အဆင့်ဆင့်တင်းကျပ်တာနဲ့ အရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

ဇွန်လ ၄ ရက်နေ့ကလည်း တရားမဝင် ဒီဂျစ်တယ် ငွေကြေးရောင်းဝယ်တာနဲ့ နိုင်ငံခြားငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ လူလေးဆယ်နီးပါးကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေတွေနဲ့ အရေးယူခဲ့ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ပါတယ်။
_________

ရန်ကုန်မြို့၊ ဗဟိုဘဏ်ရှေ့တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (AFP Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
သံဃာတော်တွေ သပိတ်မှောက်ကံဆောင်တဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာ
~~~
■ ပဲခူးတိုင်း၊ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လှုပ်ရှားမှုမှာ ဇူလိုင်လ ၁ ရက်နေ့က မကွေးတိုင်း၊ ပေါက်မြို့နယ်က သံဃာတော်တွေ ပါဝင်လာတာကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်လာတဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာပါပြီ။

ပေါက်မြို့နယ်က သံဃာတော်တွေဟာ သပိတ်မှောက်ကံဆောင်တာ အပါအဝင် ဝန်းရံတဲ့ပြည်သူတွေနဲ့အတူ စီတန်းလှည့်လည်တာတွေကို မနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပစ်သတ်ခံရပြီး ငါးရက်မြောက်နေ့ဖြစ်တဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ချောင်းဦးမြို့နယ်က သံဃာတော်တချို့က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၁၀ ခု၊. မကွေးတိုင်းက မြို့နယ် သုံးခုနဲ့ တနင်္သာရီတိုင်းက မြို့နယ်တစ်ခုတို့ ပါဝင်လာတာပါ။

ပတ္တနိက္ကုဇ္ဇန ကံဆောင်နိုင်တဲ့ အချက်ရှစ်ချက်ရှိပြီး အဲဒီအထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်ကျေးဇူးကို ကဲ့ရဲ့ပြောဆိုတာ၊ သံဃာချင်း ဂိုဏ်းကွဲအောင်ပြုလုပ်တာ၊ သံဃာကို ဆဲဆိုတာ၊ အကျိုးမဲ့ဖြစ်အောင်လုပ်တာ၊ နေမြဲကျောင်းကန်မှာ မနေနိုင်အောင်လုပ်တာ၊ သံဃာတွေကို လာဘ်မရအောင်လုပ်တာ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီရှစ်ချက်ထဲက တစ်ခုခုကို ကျူးလွန်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေဆီက ဘယ်အလှူ၀တ္ထုကိုမှ လက်မခံတော့ဘဲ တခြားသံဃာထုကိုလည်း ဒီသတင်းစကားပို့ထားတာကို သပိတ်မှောက်ကံဆောင်တာလို့ အခုလှုပ်ရှားမှုမှာ ပါဝင်တဲ့ သံဃာတော်တွေက ပြောပါတယ်။

သံဃာတော်တွေ ကံဆောင်သပိတ်မှောက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

ဒီကံဆောင်သပိတ်မှောက်မှုမှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
----------------

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်မှ သံဃာတော်များ ကံဆောင်သပိတ် ပြုလုပ်ခဲ့ကြစဉ်။ (Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန်...
ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် လေးဦးဒဏ်ရာရ
~~~
■ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် သမင်အင်းကုန်းရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူလေးဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် ခလရ -၂၆၄ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ သမင်အင်းကုန်းရွာခံ အသက် ၄၆ နှစ်အရွယ် ဦးချစ်ကို၊ အသက် ၇၂ နှစ်အရွယ် ဦးမျိုးမြင့်နဲ့ နောက်ထပ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာလည်း ခလရ-၂၆၄ က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် သမင်အင်းကုန်းရွာထဲကို ထပ်မံကျရောက်ပေါက်ကွဲလို့ အသက် ၄၈ နှစ်အရွယ် ဒေါ်တင်ဌေး ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။

လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်မှုအပြင် ရွာကနေအိမ်တချို့လည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကတော့ ကျောက်ကြီးမြို့နယ် သဲကုန်းရွာက အသက် ၅၃ နှစ်အရွယ် ဒေါ်မိုးမိုးကို စစ်ကောင်စီတပ် ခမရ (၆၀) က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ဇွန်လ ၂၈ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ (KNU) ဗဟိုက ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_________

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျောက်ကြီးမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
မြစ်ကြီးနား ရေကြီးမှု စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲ
~~~
■ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ ဧရာ၀တီမြစ်ရေဟာ ဇူလိုင်လ ၂ ရက် ဒီနေ့မှာလည်း စိုးရိမ်ရေအမှတ်အထက်မှာ ဆက်ရှိနေပြီး ရေးကြီးရေလျှံမှုကြောင့် ပိတ်မိနေသူတွေလည်း ဒီနေ့အထိ ရှိနေသေးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ဇူလိုင်လ ၁ ရက် မနေ့ညကစလို့ မြစ်ရေတဖြည်းဖြည်း ပြန်ကျနေပေမယ့် ရေဘေးကြားပိတ်မိနေသူတွေကို ဒီနေ့မနက်မှာလည်း ဆက်လက်ကယ်ထုတ်ပေးနေရတယ်လို့ မြစ်ကြီးနားမြို့က ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“အခုလောလောဆယ်တော့ ကျနေတယ်။ တချို့တစ်ဝက်ကလည်း ဖုန်းတွေတော့ ဆက်နေတုန်းပဲ ကယ်ထုတ်ပေးဖို့အတွက်။ ရေဘေးဒုက္ခသည်တွေက လောလောဆယ်တော့ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေနေကြတယ်။ သူတို့အတွက်တော့ အစားအသောက်အကူအညီ တွေလိုအပ်နေတယ်။ မိုးကတော့ ဆက်တိုက်ရွာနေဆဲပဲ။ အခုလည်း စီတာပူဘက်မှာတွေက ကယ်ထုတ်ပေးဖို့ ဖုန်းတွေတောက်လျှောက် ဆက်နေတယ်”

ဧရာ၀တီမြစ်ရေဟာ ဒီနေ့မနက် ၇ နာရီခွဲ အချိန်အထိ စိုးရိမ်ရေမှတ်အထက် လေးပေးအကျော်မှာ ဆက်ရှိနေပြီး တစ်နာရီကို ၄ လက်မ နှုန်းနဲ့ ရေပြန်ကျနေတယ်လို့ ကချင်ပြည်နယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) ဦးစီးအရာရှိ နိုင်လင်းထွေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဇူလိုင်လ ၁ ရက် မနေ့ကည ၉ နာရီခွဲအချိန်အထိ ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ခြောက်ပေအကျော်မှာ ရှိခဲ့တာဖြစ်ပါတယ်။

မြစ်ကြီးနားမှာ မြစ်ရေကျနေပြီဖြစ်ပေမယ့် ဧရာဝတီအောက်ပိုင်းက ဗန်းမော်၊ ကသာ၊ ထီးချိုင့်၊ စစ်ကိုင်း၊ မန္တလေး အထိ အနိမ့်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေ ကြိုတင်ပြောင်းရွှေ့ကြဖို့ ကချင်ပြည်နယ် မိုး/ဇလ ဦးစီးအရာရှိက အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင် ၂ ရက်နေ့ထုတ် သတင်းစာမှာတော့ မြစ်ကြီးနားမြို့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ရေဘေးဒုက္ခသည်စခန်း သုံးဆယ်အထိ ဖွင့်လှစ်ထားပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဧရာဝတီမြစ်၊ မေခမြစ်နဲ့ ချောင်းတချို့ ရေကြီးရေလျှံတာကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်း၊ ဖားကန့်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်က အနိမ့်ပိုင်းရပ်ကွက်တွေက လူတစ်သောင်းထက်မနည်း ရေဘေးကြုံနေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောထားပါတယ်။
_________

မြစ်ကြီးနားမြို့တွင် ‌ရေကြီးနေမှုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
ရခိုင်သတင်းသမားတွေ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမှု BNI ကန့်ကွက်
~~~
■ ရခိုင်ပြည်နယ် အခြေစိုက် Development Media Group (DMG) သတင်းဌာန သတင်းထောက်နဲ့ ရုံးဝန်ထမ်းတို့ကို စစ်ကောင်စီက ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ နိုင်ငံတကာ မြန်မာ့သတင်း (BNI) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးပြီး မတရားတဲ့ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ နိုင်ငံတကာ BNI ရဲ့ မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဇော်က ပြောပါတယ်။

"သတင်းသမားတွေ သတင်းအလုပ်လုပ်တဲ့အပေါ် ရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဖမ်းဆီးမှု၊ အသုံးပြုတဲ့ဥပဒေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေဟာ တရားမျှတမှု လုံး၀မရှိဘူး"

DMG သတင်းထောက် ကိုထက်အောင်နဲ့ ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်တွေမြို့နယ် တရားရုံးကနေ ဇွန်လ ၂၈ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ငါးနှစ်စီ အမိန့်ချမှတ်ခဲ့တာပါ။

သူတို့နှစ်ဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၆၅ နဲ့ အမှုဖွင့်ထားခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂ (က) နဲ့ ပြောင်းလဲ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် DMG သတင်းဌာနက အယ်ဒီတာတွေနဲ့ သတင်းထောက်တွေ အပါအဝင် ဝန်ထမ်း ၁၈ ဦးကိုလည်း စစ်ကောင်စီက ဖမ်း၀ရမ်း ထုတ်ထားတာဟာ သတင်းမီဒီယာတွေရဲ့ ရပ်တည်မှု၊ သတင်းရယူပိုင်ခွင့်နဲ့ ပြည်သူတွေရဲ့ သတင်းရပိုင်ခွင့်တွေကို တားမြစ်ဖို့အတွက် လုပ်ဆောင်ထားတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်နယ်သာမက တစ်နိုင်ငံလုံးမှာ သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှု၊ သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့နဲ့ ဖမ်းဆီးထားတဲ့ သတင်းသမားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ BNI က တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့နေရာမှာ တတိယမြောက် အဆိုးဝါးဆုံးနိုင်ငံလို့ နယူးယောက်မြို့အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ဖော်ပြထားပြီး သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုလည်း ဖြစ်နေပါတယ်။
----------------

စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် သတင်းသွားယူနေချိန် ဖမ်းဆီးခံလိုက်ရသည့် DMG သတင်းထောက် ကိုထက်အောင်ကို တွေ့ရစဉ်။ (Photo: Facebook/ Htet Aung)

RFA Burmese Website တွင် ဖတ်ရှုရန်…
မတူပီမြို့သိမ်းတိုက်ပွဲမှာ လေယာဉ်ပစ်သေနတ်တွေ ရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးအဖွဲ့တွေပြော
~~~
■ ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲမှာ 14.5 ZPU လေယာဉ်ပစ် စက်သေနတ်ကြီးနှစ်လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် အမြောက်အမြားကို သိမ်းဆည်းရရှိတယ်လို့ PDF Zoland က ဇူလိုင်လ ၁ ရက်နေ့မှာ ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဆင်နွှဲတဲ့ ဒီတိုက်ပွဲအတွင်း မတူပီအခြေစိုက် စစ်ဗျူဟာစခန်း၊ ခမရ (၃၀၄) နဲ့ ခလရ (၁၄၀) တို့ကနေ ဟောင်ဝပ်ဇာအမြောက်၊ လေယာဉ်ပစ်စစ်သေနတ်တွေ အပါအဝင် လက်နက်အမြောက်အမြားနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုတာပါတယ်။

အခုသိမ်းဆည်းရမိခဲ့တဲ့ လေယာဉ်ပစ်စက်သေနတ်ဟာ ရဟတ်ယာဉ်တွေနဲ့ အနိမ့်ပျံ တိုက်လေယာဉ်တွေကို ထိထိရောက်ရောက် ပစ်ချနိုင်စွမ်းရှိတယ်လို့ အမည်မဖော်လိုတဲ့ CDM ဗိုလ်ကြီးတစ်ဦးက RFA ကို ပြောပါတယ်။

“14.5 ZPU က ရဟတ်ယာဉ်တွေ ပစ်လို့ရမယ်။ အနိမ့်ပျံ တိုက်လေယာဉ်တွေကိုလည်း ပစ်လို့ရတယ်။ ပစ်မှတ်ကို ကြိုပြီးပစ်ရတာဆိုတော့ ထိရောက်မှု ကောင်းတယ်။ ဟိုဘက် (စစ်ကောင်စီတပ်) က လေယာဉ်တွေကို ပြန်ပစ်လို့ရတော့ 14.5 ZPU ရတာ အကျိုးသက်ရောက်မှု ရှိတယ်”

ချင်းညီနောင်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဟာ စစ်ကောင်စီရဲ့ ခမရ (၃၀၄) တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့သလို ချင်းပြည်နယ်တောင်ပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ မတူပီ အခြေစိုက် စစ်ဗျူဟာနဲ့ ခလရ (၁၄၀) တပ်ရင်းတွေကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာပါ။

မတူပီမြို့နယ်မှာ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ စတဲ့မြို့ သုံးမြို့ရှိပြီး လိုင်လင်းပီနဲ့ ရေဇွာမြို့တွေကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်မှာ သိမ်းပိုက်ခဲ့ပါတယ်။
--------------

PDF Zoland သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်၏ 14.5 ZPU လေယာဉ်ပစ် စက်သေနတ်ကြီးနှစ်လက်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ PDF Zoland)

RFA Burmese Website တွင် ဖတ်ရှုရန်…
အာဏာသိမ်းကာလ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၉၀၀ နီးပါးရှိလာ
~~~
■ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၈၅၃ ဦးအထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

“သံတိုင်နောက်မှ ပြန်လမ်းမဲ့သူများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေထဲ စစ်ကြောရေးစခန်းတွေထဲမှာ သေဆုံးသူ ၁၃၁ ဦး၊ အကျဉ်းထောင်တွေထဲ သေဆုံးသူ ၉၇ ဦးနဲ့ ရဲစခန်းတွေမှာ ဖမ်းဆီးခံထားရစဉ်သေဆုံးသူ ၃၀ ဦး စုစုပေါင်း ၂၅၈ ဦးပါဝင်ပါတယ်။ ကျန်သူတွေကတော့ နေရာဒေသအသီးသီးမှာ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် သေဆုံးခဲ့ရသူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်ပြီး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်သားပြည်သူတွေကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးပြီး ရဲစခန်း၊ စစ်ကြောရေးစခန်းနဲ့ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ပြီး ရုပ်၊ စိတ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေကို လူ့ဂုဏ်သိက္ခာမငဲ့ကွက်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးမေးမြန်းလို့ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေကိုလည်း စစ်အုပ်စုက တာဝန်ယူ၊ တာဝန်ခံမှုမရှိဘူးလို့ AAPP က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူ။

AAPP ရဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ စာရင်းတွေအရ လူပေါင်းကိုးထောင်ကျော် (၉၂၃၂ ဦး) ဟာ လူငယ်သင်တန်းကျောင်းတွေနဲ့ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရပြီး အာဏာပိုင်တွေရဲ့ နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်မှုကို ခံနေရကာ သတင်းအစန ပျောက်ဆုံးနေသူတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ အကျဉ်းထောင်နဲ့ အချုပ်ထောင် စုစုပေါင်း ထောင် ငါးဆယ်ရှိပြီး အဲဒီထောင်တွေအားလုံးမှာ နိုင်ငံရေးအကျဉ်းသားတွေကို ချုပ်နှောင်ထားတယ်လို့ AAPP က ပြောပါတယ်။
_________

မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဆန္ဒပြမှု၌ ပစ်ခတ်နှိမ်နင်းမှုကြောင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးခဲ့သည့် ကိုယိန်းဘောမ်ကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က သုသာန်သို့ ပို့ဆောင်စဉ်။ (Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ဟန့်တားဖို့ လုပ်ဆောင်နေကြောင်း စင်ကာပူအစိုးရပြော
~~~
■ မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် သေစေနိုင်လောက်တဲ့ အင်အားအသုံးပြုမှုကို စင်ကာပူနိုင်ငံအနေနဲ့ ဆန့်ကျင်တဲ့ဘက်က အခိုင်အမာရပ်တည်နေပြီး မြန်မာနိုင်ငံထံ လက်နက်စီးဆင်းရောက်ရှိမှုကိုလည်း ဟန့်တားဖို့ ဆောင်ရွက်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ ဇွန်လ ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမေးမြန်းမှုကို တုံ့ပြန်တဲ့အနေနဲ့ စင်ကာပူ နိုင်ငံရေးခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ကို ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံကို စစ်လက်နက်တွေ လွှဲပြောင်းမှုကို ဟန့်တားဖို့နဲ့ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ပစ္စည်းတွေ လွှဲပြောင်းတာကို ပိတ်ပင်ဖို့က စင်ကာပူရဲ့ မူဝါဒဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ တရားဝင်ကုန်သွယ်မှုကို စင်ကာပူအစိုးရက ပိတ်ပင်ဖို့ ရည်ရွယ်ချယ်မရှိဘူးလို့ ဖော်ပြပါတယ်။ မစ္စတာ တွမ်အင်ဒရူးရဲ့ တွေ့ရှိချက်တွေဟာလည်း စင်ကာပူနိုင်ငံရဲ့ မူဝါဒ အကျိုးသက်ရောက်မှုကို ထင်ရှားစေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာနိုင်တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုတွေကို စောင့်ကြည့်ဖို့အတွက် စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ (MAS) အနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ စင်ကာပူဘဏ္ဍာရေးဌာနတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဖော်ပြပါတယ်။

စင်ကာပူ ဘဏ္ဍာရေးဌာနတွေဟာ မြန်မာနိုင်ငံကို လက်နက်လွှဲပြောင်းမှုနဲ့ ရောင်းချမှုတွေ ပါဝင်တဲ့ ဘယ်လိုလွှဲပြောင်းမှုတွေကိုမှ လွယ်ကူစေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မစ္စတာ တွမ်အင်ဒရူးရဲ့ ဇွန် ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီအတွက် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရရှိဖို့ နိုင်ငံခြားဘဏ်တွေက ဆောင်ရွက်ပေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီအစီရင်ခံစာမှာတော့ စင်ကာပူအခြေစိုက်လုပ်ငန်းတွေကို သူ့အစိုးရက ကန့်သတ်ထားတဲ့အတွက် အဲဒီနေရာမှာ ထိုင်းလုပ်ငန်းတွေက အစားထိုးဝင်ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။
---------------

ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Handout / Free Burma Rangers / AFP)

RFA Burmese Website တွင် ဖတ်ရှုရန်…
ဖားကန့်မှာ ရေကြီးရေလျှံမှုကြောင့် လူနှစ်ထောင်ကျော် ရေဘေးသင့်
~~~
■ ကချင်ပြည်နယ် ဖားကန့်မြို့မှာ မိုးများပြီး ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းကစလို့ ဥရုချောင်းရေ မြင့်တက်လာတဲ့အတွက် ဖားကန့်မြို့ အနိမ့်ပိုင်းနေရာတွေ ရေဝင်နစ်မြုပ်နေပြီး လူ ၂၅၀၀ ခန့် ရေဘေးကြုံနေရတယ် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒီနေ့မနက်မှာ ရေအနည်းအငယ်ပြန်ကျပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

“မူလရေကြီးတာထက် တစ်ပေလောက်လျော့သွားပြီ။ အခုက ရေတန့်နေတယ်။ ဖားကန့်မြို့ပေါ် လေးရပ်ကွက်က အိမ်ခြေ ငါးရာလောက် ရေမြုပ်နေတယ်။ လတ်တလောတော့ ကယ်ဆယ်ရေးတွေတော့ လုပ်နေတာပေါ့။ လှေအင်အားနည်းတော့ တချို့သက်ကြီးရွယ်အိုတွေတော့ ဆွဲထုတ်ပြီးတော့ တချို့မိသားစုတွေကိုတော့ အခုလောလောဆယ် နဂိုနေရာမှာပဲ ထားတုန်းရှိသေးတယ်”

လက်ရှိ ရေဝင်နစ်မြုပ်နေတဲ့ ငှက်ပျောတော၊ မရှိကထောင်၊ အေးမြသာယာနဲ့ မြို့မ ရပ်ကွက်တွေမှာ နှစ်စဉ် ရေကြီးရေလျှံမှုဖြစ်ပြီး ဒီနှစ်မှာတော့ ရုတ်တရက် ရေမြင့်တက်လာတာကြောင့် ပြောင်းရွှေ့ချိန်မရလိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် မနေ့က ညနေပိုင်းကစလို့ ဖားကန့်မြို့ကို စက်သုံးဆီတင်ယာဉ်တွေ မဝင်တော့တဲ့အတွက် စက်သုံးဆီပြတ်လပ်မှုနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့က အခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဖားကန့်မြို့အပြင် ကချင်ပြည်နယ်က မြစ်ကြီးနား၊ ချီဖွေ၊ ၀ိုင်းမော်၊ တနိုင်းနဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုကြောင့် လူတစ်သောင်းထက်မနည်း ရေဘေးကြုံနေရပါတယ်။
_________

ဖားကန့်မြို့တွင် မိုးများပြီး ဥရုချောင်းရေ မြင့်တက်လာတဲ့အတွက် ရေကြီးရေလျှံဖြစ်နေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန်…
မတ္တရာမှာ တပ်စခန်းရှစ်ခုကို သိမ်းပိုက်ရရှိကြောင်း မန္တလေး PDF ပြော
~~~
■ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) အဖြစ်ဆင်နွှဲနေတဲ့ မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် အပါအဝင် တပ်စခန်းပေါင်း ရှစ်ခုကိုသိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်သား ခြောက်ဆယ်ကျော်ကိုလည်း ဖမ်းမိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဇူလိုင်လ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မတ္တရာမြို့နယ်အတွင်းက အမှတ်-၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်၊ မြေနီတောင် တပ်စခန်းတွေကို အပြီးသတ် သိမ်းပိုက်ရှိခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၆၄ ဦးနဲ့ တပ်မိသားစုဝင် ၁၁၇ ဦးခန့် ဖမ်းဆီးရမိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ဆက်စပ်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိတယ်လို့ မန္တလေး PDF က ပြောပါတယ်။

မတ္တရာမြို့နယ်ထဲမှာ မန္တလေး PDF၊ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေဆက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

မတ္တရာမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် အရပ်သားတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲအဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
_________

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဓာတ်ပုံ)

RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
နေ့လယ်ခင်းသတင်း (၂၀၂၄ ဇူလိုင် ၂ ရက်)
~~~
■ မြန်မာပြည်ကို လက်နက်တင်ပို့မှု ဟန့်တားမယ်လို့ စင်ကာပူအစိုးရပြော
■ ပုဂ္ဂလိကဘဏ်နဲ့ ဗဟိုဘဏ် တာဝန်ရှိသူတချို့ အရေးယူခံရ
■ သံဃာတော်တွေ သပိတ်မှောက်ကံဆောင်တဲ့ မြို့နယ် ၁၄ ခုအထိ ရှိလာ
■ မြစ်ကြီးနားမြို့ စိုးရိမ်ရေမှတ်အထက် ဆက်ရှိနေဆဲ
■ ရခိုင်သတင်းသမားတွေ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရမှု BNI ကန့်ကွက်
■ ကျောက်ကြီးမှာ လက်နက်ကြီးကြောင့် လေးဦး ဒဏ်ရာရ
စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးမူ အားနည်းလာကြောင်း ANP ဝေဖန်
~~~
■ ရခိုင်ပြည်နယ်မှာ အင်အားအကြီးဆုံးနဲ့ လူထုထောက်ခံမှု အများဆုံးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပြန်လည်မှတ်ပုံတင်ခွင့်အပေါ် ငြင်းပယ်လိုက်တာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရေးမူ အားနည်းလာတာကို ပြသလိုက်တာပဲလို့ ရခိုင်အမျိုးသားပါတီ (ANP) က ဒီနေ့ ဝေဖန် ပြောဆို လိုက်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ငြင်းပယ်လိုက်တဲ့အပေါ် ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူက အခုလို တုံ့ပြန်ဝေဖန်လိုက်တာပါ။

“နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာမယ်ဆိုတဲ့ လမ်းစဉ်နဲ့ဖွဲ့စည်းထားတာပါ။ အခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တရားဝင်လျှောက်ထားမှု အပေါ်မှာ ငြင်းပယ်တယ်၊ ပယ်ဖျက်တယ်ဆိုတော့ အစိုးရကိုယ်တိုင်ရော၊ UEC ကိုယ်တိုင်ကပါ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို အာရုံစိုက်မှုနည်းသွားပြီလို့မြင်တယ်”

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ - ၇ ပါ ပြဌာန်းချက်တွေနဲ့ ညီညွတ်မှုမရှိတာကြောင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ် လိုက်တာလို့ မနေ့က ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ မှာတော့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရား အသင်းအဖြစ် ကြေညာခြင်းခံရတဲ့ အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် အကြမ်း ဖက်လုပ်ရပ်တွေကို ကျူးလွန်တယ်လို့ နိုင်ငံတော်က သတ်မှတ်တဲ့ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာ ခြင်းခံရတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ဒီအဖွဲ့အစည်းဝင်တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်သွယ်တာ ဒါမှမဟုတ် အားပေးကူညီခြင်းပြုတဲ့ အဖွဲ့အစည်းစတဲ့ သူတွေကို နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပါတီမှတ်ပုံခွင့်လျှောက်ထားခဲ့စဉ်က လူ ၂၅ ဦးရဲ့ ကိုယ်ရေး အချက်အလက်အသေးစိတ်ကို တင်ပြခဲ့ရပြီး အဲဒီအထဲက တစ်စုံတစ်ဦးက သူတို့ သတ်မှတ်ချက်နဲ့ ငြိစွန်းမှုရှိခဲ့ရင်တောင် ပြန်လည် အကြောင်းပြန်ရမှာ ဖြစ်ပေမဲ့ အခုတော့ အကြောင်းပြန်မှု တစ်စုံတစ်ရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ပါ အချက်အလက်တွေဟာ အကြောင်းပြချက်တစ်ခုသာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး အရင်ကရှိနေတဲ့ပါတီတွေကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာပါ။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၄၇ ကို ခွင့်ပြုထားပြီး နိုင်ငံရေးပါတီ ၈၀ ကျော်ကို ပယ်ဖျက်ကြောင်း ဝက်ဆိုက်မှာ ကြေညာထားပါတယ်။

အခုပါတီကို တရားဝင်မှတ်ပုံတင်ခွင့်မရပေမဲ့ ပါတီကို တရားဝင်အသိအမှတ်ပြုသည်ဖြစ်စေ၊ အသိအမှတ် မပြုသည်ဖြစ်စေ ပါတီကတော့ ဆက်လက်ရှိနေဦးမယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) က ပြောပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
RFA Burmese pinned a video
မိုးကုတ်တိုက်ပွဲမှာ စစ်သုံ့ပန်း ၁၅ ဦးနဲ့ လက်နက်လေးဆယ်ကျော် ရရှိကြောင်း TNLA ထုတ်ပြန်
~~~
■ မန္တလေးတိုင်း မိုးကုတ်မြို့နယ်က တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်း ၁၅ ဦးဖမ်းမိခဲ့ပြီး လက်နက်မျိုးစုံ လေးဆယ်ကျော် သိမ်းဆည်းရမိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာတော့ ခြေမှုန်းရေးရိုင်ဖယ်တွေနဲ့ လက်နက်ကြီးတွေ ပါဝင်ပါတယ်။

လက်ရှိမှာ မိုးကုတ်မြို့ အနောက်ခြမ်းက ရွှေမြဝင်း၊ ဒေါ်နန်းကြည်တောင်၊ ပန်းသပြေတောင်နဲ့ ရွှေသာယာစတဲ့ စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။

မိုးကုတ်မြို့ အနောက်ခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း နေအိမ်အများအပြား ထိခိုက်ပျက်စီးတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

"အနောက်ဘက်ခြမ်းကို သိမ်းလိုက်နိုင်ပြီဆိုတာ မနေ့ညကပိုင်းမှ သိရတာ။ အနောက်ခြမ်းကလည်း အိမ်ဆိုအကောင်းတစ်လုံးမှ မကျန်ခဲ့တော့ဘူး။ အကုန်လေကြောင်းကနေ အပစ်ခံထားရလို့ ပျက်စီးကုန်ပြီ"

စစ်ကောင်စီကတော့ မိုးကုတ်မြို့အရှေ့ခြမ်းက ဒေသခံတွေကို ဝင်ထွက်သွားလာခွင့်တွေ ပိတ်ထားတာကြောင့် မြို့ထဲမှာ ဒေသခံတွေ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ အဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
ကျောက်မဲနဲ့ သီပေါမှာ လက်နက်ကြီးကြောင့် သုံးဦးသေ၊ ငါးဦးဒဏ်ရာရ
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ ဇူလိုင်လ ၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ကျောက်မဲမြို့ ရပ်ကွက် (၈) ထဲကို ကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ သီပေါမြို့ စံဖိတ်ကွက်သစ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက တစ်ကျော့ပြန်တိုက်ပွဲအတွင်း လေကြောင်းနဲ့လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၂၅ ဦးသေဆုံးပြီး ၃၇ ဦးဒဏ်ရာရတဲ့အပြင် နေအိမ် ငါးဆယ်နီးပါး ထိခိုက်ပျက်စီးတယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဇွန်လ ၂၅ ရက်နေ့ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ အပြင် မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ မတ္တရာမြို့နယ်တွေမှာ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ အဖြစ် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
နိုင်ငံကူးလက်မှတ် အမျိုးအစားပေါင်းစုံနဲ့ ချုပ်ကိုင်ခံထားရတဲ့ မြန်မာပြည်သူများ
~~~
■ မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းမှာ စစ်အာဏာသိမ်းထားလို့ ခက်ခဲနေသလို၊ ပြည်ပကိုထွက်ပေါက် ရှာတဲ့အခါမှာလည်း နိုင်ငံကူးလက်မှတ် အမျိုးအစားပေါင်းစုံနဲ့ ချုပ်ကိုင်ခံထားရပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မထက်ထက်အိန္ဒြာအောင် တင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
ရခိုင်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ငါးဆယ်ခန့် သေဆုံး
~~~
■ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရတာတွေလည်း နေ့စဉ် တိုးနေပါတယ်။ RFA က ပြုစုထားတဲ့ စာရင်းတွေအရ ဇွန်လအတွင်း အရပ်သား ငါးဆယ်နီးပါး သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရခဲ့ပါတယ်။ မဂျူလိုင်မျိုး တင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
ရခိုင်မှာ တစ်လအတွင်း အရပ်သားငါးဆယ်ခန့်သေဆုံး
နိုင်ငံတစ်ဝန်း စာသင်ကျောင်း တစ်သောင်းကျော် ပိတ်ထားရ
~~~
■ ကျောင်းတွေဖွင့်ပြီး ကျောင်းသားတွေ အေးအေးချမ်းချမ်း ပညာသင်ကြားနေတယ်လို့ စစ်ကောင်စီက နှစ်တိုင်း ဝါဒဖြန့်နေပေမဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်းမှာ ကျောင်းပေါင်း တစ်သောင်းသုံးထောင်ကျော် ပိတ်ထားရပါတယ်။ ကျောင်းသား လေးသန်းခန့်လည်း ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။ မယဉ်မျိုးသူ တင်ပြထားပါတယ်။

https://www.rfa.org/burmese/program_2/ten-thousand-schools-closed-07022024034151.html
Media is too big
VIEW IN TELEGRAM
တိုက်ပွဲတွေကြောင့် စာသင်ကျောင်း တစ်သောင်းကျော် ပိတ်ထားရ