RFA Burmese
55.6K subscribers
3.35K photos
3.33K videos
1 file
7.25K links
လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။
Download Telegram
Media is too big
VIEW IN TELEGRAM
နေ့လယ်ခင်းသတင်း (၂၀၂၄ ဇွန် ၁၄ ရက်)
~~~

■ မြန်အောင်မှာ VPN ဆော့ဖ်ဝဲတွေ့လို့ လူနှစ်ဆယ်ခန့် ဒဏ်ရိုက်ခံရ
■ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်ပြုလုပ်မည်
■ ဝိုင်းမော်က တပ်စခန်းနှစ်ခုကို KIA ထပ်မံသိမ်းယူ
■ တနင်္သာရီမှာ စစ်ဘေးဒုက္ခသည် လေးထောင်ကျော်တိုးလာ
■ မတူပီမြို့ ရဲစခန်းနဲ့ ‌ထွေအုပ်ရုံးကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ
■ မလေးရှားမှာ ချင်းဒုက္ခသည်စာသင်ကျောင်း စီးနင်းခံရ
____________
Media is too big
VIEW IN TELEGRAM
ရန်ကုန်လမ်းမပေါ်က အခမဲ့ ဆံသ
Media is too big
VIEW IN TELEGRAM
အာဏာရှင် ဆန့်ကျင်တဲ့ LGBT တွေ ဖိနှိပ်ခံနေရ
မတ္တရာမြို့နယ် တောပုရွာ စီးနင်းပစ်ခတ်ခံရမှုကြောင့် ဒေသခံတစ်ဦး သေဆုံး
~~~

■ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောပုရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ရွာထဲ ဝင်ရောက်ပစ်ခတ်စီးနင်းစဥ် သေနတ်ကျည်ဆန်ထိမှန်ခဲ့တဲ့ အမျိုးသားတစ်ဦး ဆေးကုသနေမှုခံယူနေရင်း ဇွန်လ ၁၄ ရက် ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၀ အရွယ် အမျိုးသားဖြစ်ပြီး ဇွန် ၁၂ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းက ရွာကိုဝင်ရောက်စီးနင်းစဥ် ပစ်ခတ်တဲ့သေနတ်ကျည် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီနောက် အပြင်းအထန်ဒဏ်ရာရပြီး ဆေးကုသနေစဥ်မှာပဲ သေဆုံးသွားတာလို့ လုံခြုံရေးအမည်မဖော်လိုတဲ့ မတ္တရာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တောပုရွာထဲ ဝင်လာတဲ့စစ်ကြောင်းက ပစ်တာ။ ဗိုက်မှန်လို့ ဆေးကုနေတာ။ ဒါပေမဲ့ ထိတာပြင်းထန်တော့ ဒီမနက်မှာပဲ ဆုံးသွားတယ်။ စစ်ကြောင်းကတော့ အခုမရှိတော့ဘူး”

တောပုရွာထဲကို အင်အားတစ်ရာနီးပါးပါတဲ့ စစ်ကောင်စီတပ်သားတွေက ကားလေးစီးနဲ့ရောက်လာပြီး တောပုရွာအပါအဝင် ရှင်လှ (တောင်) နဲ့ ရှင်လှ (အလယ်) ရွာတွေကိုလည်း စီးနင်းခဲ့တာပါ။ စစ်ကောင်စီတပ် စီးနင်းထားစဥ် ရှင်လှ (တောင်) ရွာမှာ နေအိမ်လေးလုံးနဲ့ နွားစာတဲ နှစ်လုံး၊ ရှင်လှ (အလယ်) ရွာမှာ နေအိမ်ခြောက်လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန် ၁၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ငါးထောင်ကျော် (၅,၂၇၆ ဦး) သေဆုံးခဲ့ပါတယ်။
_____

RFA Burmese Website တွင် ဖတ်ရှုရန်…
RFA Burmese pinned a video
နွားထိုးကြီးမြို့နယ် ပဲခင်းကြီးရွာက နေအိမ် ခြောက်ဆယ်ခန့် မီးရှို့ခံရ
~~~
■ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ပဲခင်းကြီးရွာကို ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ခြောက်ဆယ်ခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပဲခင်းကြီးရွာနဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကျောက်တန်းရွာကနေ အင်အား ရှစ်ဆယ်ခန့်နဲ့ ရွာကိုဝင်ရောက်မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခင်းကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က ကျောက်တန်းကနေ နှစ်ဖွဲ့ဖြန့်ထွက်တာ။ ရွာကို မနက်အစောကြီးဝင်ပြီး မီးရှို့တာ။ ဒီဘက်မှာ စစ်ကြောင်းထိုးတယ်ဆိုကတည်းက ရွာမှာ လူမရှိတော့ဘူးလေ။ စစ်ကြောင်းက ညရှစ်နာရီလောက်မှ ရွာကနေထွက်တာ။ သူတို့က တစ်ရွာပြီးတစ်ရွာ ဝင်ထွက် ရှို့နေတာ"

စစ်ကြောင်းကြောင့် အိမ်ခြေ သုံးရာကျော်ရှိတဲ့ ပဲခင်းကြီးရွာခံ တစ်ထောင်ကျော်ဟာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်ကစပြီး ရွာမှာမနေတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။

ဇွန်လ ၅ ရက်နေ့ကစလို့ နွားထိုးကြီးမြို့နယ်ကရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းခွဲ ဝင်ရောက်စီးနင်းနေပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ နွားထိုးကြီးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကြောင်းတွေဝင်လာစဉ် ဒေသခံတွေ အသတ်ခံရတာရှိနေပြီး ရွာကိုးရွာထက်မနည်း မီးရှို့ခံရတယ်လို့ ဆိုပါတယ်။ အဲဒီရွာတွေက ပျက်စီးသွားနေ အိမ်နေအရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လက်ရှိမှာတော့ စစ်ကြောင်းတွေကြောင့် ရွာ ၁၃ ရွာခန့်က ဒေသခံ ခြောက်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုတာမရှိပါဘူး။

ဇွန်လ ၁၀ ရက်ကလည်း နွားထိုးကြီးမြို့နယ် ကုကုန်းရွာကို စစ်ကောင်စီတပ်က စီးနင်းမီးရှို့ခဲ့လို့ နေအိမ် ၆၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar ရဲ့ စာရင်းတွေအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
----------------

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း (အရှေ့) ရွာကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် အဆောက်အအုံနှင့် ကားများအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Photo)

RFA Burmese Website တွင် ဖတ်ရှုရန် .....
ဘုတလင်မှာ လေကြောင်းနဲ့ဗုံးကြဲလို့ ဇနီးမောင်နှံနှစ်ဦး သေဆုံး
~~~

■ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ညောင်ကုန်းရွာအနီးကို စစ်ကောင်စီတပ်က ဇွန် ၁၃ ရက်နေ့ ညပိုင်းမှာ ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေက အသက် ၅၀ အရွယ် ဦးမင်းငြိမ်းနဲ့ သူရဲ့ဇနီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်စန်းစန်းဌေးတို့ဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ဂျက်တိုက်လေယာဥ်နဲ့ ပေါင် နှစ်ရာဗုံးနှစ်လုံး ကြဲချတာခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ညနေပိုင်းမှာ ရွာပေါ်ကို စစ်တပ်ရဲ့ဒရုန်း ဝဲတယ်။ အဲဒါနဲ့ ရွာတွေကနေ ထွက်ပြေးတဲ့အချိန် ဂျက်ဖိုက်တာ ရောက်လာပြီး ဗုံးကြဲတာပေါ့နော်။ အဲဒါ လမ်းရဲ့ ၁၅ ပေလောက်အကွာမှာ ဗုံးကျတယ်။ အမျိုးသားကဆိုရင် ဦးခေါင်းတောင် ပြန်ရှာမတွေ့တော့ဘူး”

သေဆုံးသူ ဇနီးမောင်နှံမှာ သားသုံးဦးနဲ့ သမီးတစ်ဦး ကျန်ရစ်တယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့မတ်လ ၂၀ ရက်နေ့ကလည်း ဘုတလင်မြို့နယ် ဝက်လူးအိုင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက် ၇၅ နှစ်အရွယ် အဖွားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးပြီး ၃၈၆၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
_____
RFA Burmese Website တွင် ဖတ်ရှုရန်…
ကားလမ်းတွေ ဖျက်ဆီးခံရပြီးနောက် ကွတ်ခိုင်နဲ့နမ္မတူမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်
~~~

■ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ သန္နီနဲ့ နမ္မတူမြို့ကို သွားတဲ့ကားလမ်းတွေကို စစ်ကောင်စီက စက်ယန္တရားတွေသုံးပြီး ဖျက်ဆီးဖြတ်တောက်လိုက်တဲ့နောက်မှာ မေလ ၁၄ ရက် ဒီနေ့ကစလို့ အခြေခံစားကုန်တွေနဲ့ လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားတဲ့ သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်မြို့တွေကိုသွားတဲ့ လားရှိုး- သိန္နီ လမ်းပိုင်းတချို့ကို ဇွန် ၁၃ ရက်နေ့မှာ မြေတူးစက်တွေအသုံးပြုပြီး နေရာ သုံးနေရာခန့် ဖျက်ဆီးဖြတ်တောက်လိုက်တာပါ။

TNLA တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ သီပေါ-နမ္မတူ လမ်းပိုင်းကိုတော့ ၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက်နေ့ ညနေပိုင်းမှာ ဖြတ်တောက်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဆန်တစ်အိတ်ကို ကျပ်ငါးသောင်းကျော်အထိ စျေးနှုန်းမြင့်တက်သွားပြီး ဒေသခံတွေ အလုအယက်ဝယ်နေကြတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“မနေ့က လမ်းစပိတ်လိုက်တော့ လူတွေကစိုးရိမ်ပြီး ဆန်၊ ဆီတွေ အလုအယက် ဝယ်နေကြတာ။ အရင် တစ်သိန်း နှစ်သောင်းလောက်ရှိတဲ့ ၈၈၁ ဆန်အိတ်က ဒီနေ့မနက်ပိုင်းမှာ တစ်သိန်းခုနစ်သောင်းလောက် ဖြစ်သွားတာ။ ညနေပိုင်းဆို ဈေးကတစ်မျိုး ဖြစ်မယ်ထင်တယ်။ အကုန်တက်တာ ဈေးက”

နမ္မတူမြို့နယ်အတွင်းမှာလည်း ဇွန်လ ၁၃ ရက်နေ့ကစပြီး စက်သုံးဆီအပါအဝင် စားသောက်ကုန်တွေ ဈေးနှုန်းတွေ မြင့်တက်သွားတယ်လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ္စည်းတွေ ထပ်မဝင်နိုင်တော့ဘူးဆိုပြီး ကလေးစားတဲ့ တစ်ရာတန်မုန့်က သုံးရာလောက် ဖြစ်သွားတာ။ ဓာတ်ဆီဈေးက ၃၆၀၀ ကနေ ၄၀၀၀ ဖြစ်သွားပြီ။ ဆန်၊ ဆီဈေးတွေလည်း အကုန်တက်တယ်။ စက်သုံးဆီကတော့ အကန့်အသတ်နဲ့ပဲ ရောင်းပေးတော့တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။ TNLA ဘက်ကတော့ စစ်ကောင်စီတပ်ရဲ့ဒီလုပ်ရပ်ဟာ ရန်စတဲ့လုပ်ရပ်လို့ တုံ့ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက မြို့ပေါင်း ၁၆ မြို့ကို TNLA၊ MNDAA နဲ့ AA တပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး အခုရက်ပိုင်းမှာတော့ ဒေသအတွင်း စစ်ရေးအခြေတွေ ပြန်လည်တင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_____

RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ LGBT တွေ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရဆဲ
~~~
■ ကမ္ဘာတစ်ဝန်းမှာ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) အသိုင်းအဝန်း ပိုကျယ်ပြန့်လာပြီး သူတို့ရဲ့ အခွင့်အရေးတွေကို တန်ဖိုးထား လက်ခံလာကြပေမဲ့ မြန်မာပြည်မှာတော့ LGBT အရေးကို ရှေ့တန်းတင်လို့ မရသလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ LGBT တွေဟာလည်း ပုံစံမျိုးစုံနဲ့ ဖိနှိပ်ခံနေရဆဲဖြစ်ပါတယ်။ ကိုရဲခေါင်မြင့်မောင် တင်ပြထားပါတယ်။
____________

RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
ရန်ကုန်မြို့လယ်က ပရဟိတဆံသဆရာများ
~~~

■ မြန်မာငွေတန်ဖိုးကျပြီး အစစအရာရာ စျေးကြီးနေတဲ့အချိန်မှာ ဆံပင်ညှပ်ခတွေလည်း စျေးကြီးနေပါတယ်။ ဒီလိုကာလထဲမှာ ရန်ကုန်မြို့မှာ Myanmar Barber Academy (MBA) ဆိုတဲ့သင်တန်းကျောင်းက အခမဲ့ညှပ်ပေးနေတာ တစ်နှစ်ကျော်ရှိနေပါပြီ။ ဒီအကြောင်းကို RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
ရှမ်းမြောက်က မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ရာမြို့လမ်းတွေကို စစ်ကောင်စီ ဖျက်ဆီးဖြတ်တောက်
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်ထားတဲ့မြို့တွေကိုသွားလာတဲ့ လမ်းပိုင်းတွေကို စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ဖျက်ဆီးဖြတ်တောက်လိုက်ပါတယ်။ ဒါဟာ ဟိုင်ဂင်သဘောတူညီ ချက်ကို စစ်ကောင်စီက ချိုးဖောက်လိုက်တာဖြစ်ပြီး လိုအပ်ရင်တုံ့ပြန်သွားမယ်လို့ TNLA တပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် မသဇင်လှိုင် တင်ပြထားပါတယ်။
____________

RFA Burmese Website တွင် ဖတ်ရှုရန်…
မောင်တောမှာ နောက်ထပ် စစ်ကောင်စီစခန်းလေးခုကို AA သိမ်းပိုက်
~~~
■ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နောက်ထပ် စစ်ကောင်စီတပ်စခန်း လေးခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်ကျန်စခန်းအားလုံး အပြီးသတ်သိမ်းပိုက်ရေး AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဇွန်လ ၁၃ ရက်နေ့က မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်းတွေအပြင် နခခ (၄) တပ်ရင်းဌာနချုပ်နဲ့ အလယ်သံကျော်စခန်းတွေကို ဇွန်လ ၁၀ ရက်နေ့တွေမှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဋ္ဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော် သေဆုံးခဲ့သလို လက်နက်ခဲယမ်း အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်သုံ့ပန်းအချို့လည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းအရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။

ဇွန်လ ပထမပတ်ကလည်း မောင်တောမြို့နယ်က တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင် နခခ (၆) စခန်းနဲ့ နခခ (၉) စခန်းတွေကို AA သိမ်းပိုက်ထားတာကြောင့် ဒီလအတွင်း မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းပေါင်း ဆယ်ခုအထိ သိမ်းယူထားတာဖြစ်ပါတယ်။

စခန်းတွေ သိမ်းယူခံရတဲ့အခြေအနေအပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

AA ကတော့ မောင်တော၊ အမ်းနဲ့ သံတွဲမြို့တွေက စစ်ကောင်စီစခန်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့နယ် ဆယ်ခုကို AA က သိမ်းယူထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
မြန်မာစစ်တပ်ကျူးလွန်မှုတွေကို အိန္ဒိယ အားပေးကူညီနေကြောင်း JFM ထုတ်ပြန်
~~~
■ အိန္ဒိယအစိုးရ အများစုပိုင်ဆိုင်တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်တန်းတွေ ပံ့ပိုးနေပြီး လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးကူညီနေတယ်လို့ Justice for Myanmar (JFM) က ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီလုပ်ငန်းတွေဟာ လတ်တလော စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချတာတွေအပြင် မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်လိုတဲ့ ဆန္ဒရှိနေတာ တွေ့ရတယ်လို့လည်း JFM က ဖော်ထုတ်ထားပါတယ်။

အဲဒီနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန စီမံဆောင်ရွက်နေတဲ့ လုပ်ငန်း ၁၆ ခုအထိ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလုပ်ငန်းတွေထဲက BrahMos Aerospace Private Limited၊ Garden Reach Shipbuilders and Engineers Limited၊ BEML Limited၊ Hindustan Shipyards Limited၊ Yantra India Limited၊ Mazagon Dock Shipbuilders Limited စတဲ့ လုပ်ငန်း ခြောက်ခုကို ဖော်ပြထားပါတယ်။

အဲဒီလုပ်ငန်းတွေဟာ စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ ဒုံးကျည်တွေ၊ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ၊ အမြောက်ပြောင်းတွေ တင်ပို့ရောင်းချထားသလို၊ ဆက်လက်တင်ပို့ဖို့လည်း သဘောတူစာချုပ် ချုပ်ဆိုထားတဲ့အကြောင်းလည်း JFM ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို တတိယမြောက် လက်နက်အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်ပြီး အိန္ဒိယမူဝါဒရေးရာသုတေသနအဖွဲ့ (Vivekananda International Foundation) ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အိန္ဒိယရဲ့လက်နက်တင်ပို့မှု ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံကို ရောက်ရှိကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဆီ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချနေတာအားလုံး ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်း အားလုံးကိုလည်း ရပ်ဆိုင်းဖို့ အိန္ဒိယနိုင်ငံကို JFM က တောင်းဆိုထားပါတယ်။

JFM ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့သဘောထားကိုသိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီကတော့ ဇွန်လ ၁၁ ရက်နေ့ကပဲ နေပြည်တော်မှာ မြန်မာ-အိန္ဒိယ တပ်အရာရှိတွေရဲ့ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အိန္ဒိယတပ်မတော်က တွဲဖက်ထောက်လှမ်းရေးညွှန်ကြားမှူးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
မြန်မာဟာ ကမ္ဘာမှာ အကြမ်းဖက်မှု အများဆုံးနိုင်ငံဖြစ်နေကြောင်း သုတေသနအဖွဲ့ပြော
~~~
■ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အကြမ်းဖက်မှုအများဆုံးနေရာဖြစ်ကြောင်း စစ်မြေပြင်ဆိုင်ရာသတင်းအချက်အလက်တွေထုတ်ပြန်တဲ့ ACLED သုတေသနအဖွဲ့က ပြောလိုက်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းပဋိပက္ခတွေကြောင့် အနည်းဆုံး အရပ်သား ၈၀၀၀ အပါအဝင် လူ ငါးသောင်း သေဆုံးပြီး ၂ သန်း ၃ သိန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီး ၇ လ ကြာတဲ့အထိ မြန်မာနိုင်ငံမှာ သွေးထွက်သံယို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ ဆိုပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက နိုင်ငံ့စီးပွားရေးကို ဆိုးရွားလာစေပြီး ဆင်းရဲမွဲတေမှုတွေလည်း တိုးလာနေတယ်လို့ ACLED ရဲ့ အစီရင်ခံစာထဲမှာ ပါရှိပါတယ်။ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် စီးပွားရေးအကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့ပြီး ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၂၀ ခုနှစ် မတ်လနဲ့ နှိုင်းယှဉ်ရင် နှစ်ဆ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့အဆိုအရ မြန်မာနိုင်ငံရဲ့လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရကြောင်း၊ စစ်တပ်က ပဋိပက္ခဖြစ်ပွားရာဒေသတွေကို ဝင်ရောက်ခွင့် ဆက်လက်ကန့်သတ်ထားတာကြောင့် ကျေးလက်နေလူထုဟာ ငတ်မွတ်မှုအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ဆိုပါတယ်။

ပိုပြီးဆိုးရွားတာက နိုင်ငံတစ်ဝန်းက အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ ရေလမ်းတွေကို စစ်တပ်က ပိတ်ဆို့ထားပြီး အကူအညီလိုအပ်နေတဲ့ ပြည်သူ ၁၇ သန်းကျော်ထံ အကူညီပေးရေးလုပ်သားတွေ မရောက်အောင် ထားဆီးထားတယ်လို့လည်း ဖော်ပြထားပါတယ်။

ACLED ဟာ လွတ်လပ်သော နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ပဋိပက္ခဆိုင်ရာအချက်အလက်တွေကို လေ့လာစုဆောင်းနေတဲ့ အဖွဲ့ ဖြစ်ပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
တိုက်ပွဲတွေရပ်ပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ ကချင်အထူးဒေသ ၁ ခေါင်းဆောင် တိုက်တွန်း
~~~
■ ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးကြဖို့ ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်က ဇွန်လ ၁၄ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

တိုက်ပွဲတွေ ဆက်ဖြစ်နေရင် နှစ်ဘက်စလုံး နစ်နာဆုံးရှုံးမှုမဲ့အပြင် တိုင်းရင်းသားပြည်သူတွေ ပျက်စီးဖို့၊ တိုင်းပြည်နဲ့ လူမျိုးတွေ ထိခိုက်ဆုံးရှုံးအောင်လုပ်ဖို့နဲ့ တိုင်းပြည်ကို အမုန်းတရားဖြစ်နေတဲ့သူတွေအတွက် လမ်းခင်းပေးသလို ဖြစ်စေတယ်လို့လည်း ကချင်နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်း လက်မှတ်ရေးထိုးပြီး ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဓိက နိုင်ငံရေးအရ ဆွေးနွေးစေ့စပ် ဖြေရှင်းဖို့ လိုအပ်ပြီး ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ငြိမ်းချမ်းရေးနယ်မြေဒေသဖြစ်တဲ့ ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်နဲ့ ဆဒုံး ဒေသတွေဟာ နှစ်ပေါင်းသုံးဆယ်ကျော် နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းမှုရယူပြီး ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး တိုးတက်အောင် တည်ဆောက်နေတဲ့နေရာ ပြန်လည်ပျက်စီးမှာကို မလိုလားဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ အားကောင်းသလို နယ်စပ်ကုန်သွယ်ရေးမြို့လည်းဖြစ်တဲ့ ကချင်အထူးဒေသ ၁ နယ်မြေထဲက ကန်ပိုက်တီမြို့အနီးကို KIA ထိုးစစ်တွေ နီးကပ်လာချိန်မှာ အခုလိုကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဇွန်လ ၁၁ ရက်နေ့ကပဲ ဆဒုံးမြို့က စစ်ကောင်စီဌာနချုပ်တစ်ခုလုံးကို KIA က သိမ်းပိုက်ခဲ့ပြီး အဲဒီစခန်းသိမ်းတိုက်ပွဲတွေအတွင်း ပြည်သူ့စစ်အဖွဲ့တွေကလည်း သူတို့ အထိုင်ချတဲ့ စခန်းတွေကို စွန့်ခွာသွားကြပြီလို့ KIA ပြန်‌ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောထားပါတယ်။ ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ကြေညာချက်နဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာပြီး လွယ်ဂျယ်၊ ဆွမ်ပရာဘွမ်၊ ဆင်ဘို၊ ဒေါ့ဖုန်းယန်နဲ့ ဆဒုံးမြို့တွေ အပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၁၂၀ ကျော်ကို KIA က သိမ်းယူထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီကို အရေးယူပေးဖို့ ILO ညီလာခံမှာ တောင်းဆို
~~~
■ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) က ပြဌာန်းထားတဲ့အချက်တွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကို အရေးယူပေးဖို့ ILO ညီလာခံမှာတက်ရောက်နေတဲ့ မြန်မာကိုယ်စားလှယ်တွေက တင်ပြတောင်းဆိုထားကြပါတယ်။ မ၀ေမာထွန်က တင်ပြထားပါတယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
ဒေသတွင်း ရာဇဝတ်ကွန်ရက်တွေမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ပါဝင်နေကြောင်း JFM ထုတ်ပြန်
~~~
■ ထိုင်းမြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာစစ်တပ်ရဲ့ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ အင်တာနက် လိမ်လဲမှု၊ လူကုန်ကူးမှုနဲ့ အခြား ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်နေပြီး တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေ အထိ စီးပွားရေးဆက်နွယ်မှုတွေ ရှိနေတဲ့အကြောင်း Justice for Myanmar အဖွဲ့က အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ထားပါတယ်။ ဒီအကြောင်းကို RFA အင်္ဂလိပ်ပိုင်းက လေ့လာစုံစမ်းပြီး ရေးသားထားတဲ့ သတင်းဆောင်းပါးကို ကိုရဲခေါင်မြင့်မောင်က ဆက်ပြီး ပြောပြပါမယ်။
RFA Burmese Website တွင် ဖတ်ရှုရန်…
Media is too big
VIEW IN TELEGRAM
တရုတ်လုပ် ဒရုန်းယာဉ်တွေကို တိုက်ခိုက်ရေးအတွက် စစ်ကောင်စီ စတင်အသုံးပြုလာ
~~~
■ အခုတစ်ပတ်မှာ မြန်မာစစ်တပ်ဟာ သူတို့တိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို အတုယူပြီး ဒရုန်းယာဉ်တွေကို တိုက်ခိုက်ရေးမှာ တန်ပြန် အသုံးပြုလာတဲ့အကြောင်း ရိုက်တာရဲ့ ဆောင်းပါးနဲ့ စစ်ကောင်စီအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ အမှန်တကယ် ထိရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို သုံးသပ်ထားတဲ့ Fulcrum စာစောင်က ဆောင်းပါးတွေကို တင်ပြထားပါတယ်။
ရွှေဘိုမြို့မှာ ဒေသခံ လူငယ်သုံးဦး ဖမ်းဆီးခံရ
~~~
■ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အမှတ် (၁၀) ရပ်ကွက်မှာ ဇွန်လ ၁၄ ရက်နေ့ညပိုင်းက လူငယ်အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေဟာ အမှတ် (၁၀) ရပ်ကွက်အတွင်း လူဦးရေစာရင်း ကောက်ယူပြီး လူငယ်တွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ လတ်တလောမသိရသေးဘူးလို့ ရွှေဘိုမြို့ခံ ကိုဥဩက RFA ကို ပြောပါတယ်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီတပ် အင်အား နှစ်ဆယ်လောက်ပါတယ်။ အမှတ် (၁၀) ရပ်ကွက်က ဦးအောင်ဇေယျရုပ်တုရှိတဲ့နေရာမှာ လူငယ်တွေကို ဖမ်းသွားတာ။ သူတို့က ဆီပေးမယ်၊ ဆန်ပေးမယ်ဆိုပြီး လူဦးရေစာရင်း လိုက်ကောက်နေတော့ လူငယ်တွေက ကြောက်ပြီးထွက်ပြေးကြတာ။ အဲဒါကို ဖမ်းလိုက်တာပေါ့ "

အဲဒီလူငယ်တွေကို ရွှေဘိုအခြေစိုက် ခလရ (၄၂) တပ်ရင်းထဲ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေဟာ ရွှေဘိုမြို့ပေါ်က လူစည်ကားတဲ့ ဈေးနဲ့ လမ်းမတွေမှာ ပြည်သူတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၁၄ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၂၆,၈၆၅ ဦး ဖမ်းဆီးခံခဲ့ပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
နတ်မောက်မြို့နယ် ဖက်တောရေရွာမှာ နေအိမ် လေးဆယ်ခန့် မီးရှို့ခံရ
~~~
■ မကွေးတိုင်း၊ နတ်မောက်မြို့နယ် ဖက်တောရေရွာကို ဇွန်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် လေးဆယ်ခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားခုနစ်ဆယ်ကျော်ပါ စစ်ကြောင်းဟာ နတ်မောက်မြို့နယ်အတွင်းက ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် ဝင်ရောက်စီးနင်းနေတာလို့ ဆိုပါတယ်။

အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစု (OPRF-PLA) တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ နယ်မြေရှင်းလင်းရေးပုံစံနဲ့ ရွာတွေကို၀င်ရောက်ပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတာလို့ RFA ကို ပြောပါတယ်။

"လတ်တလောမှာတော့ တိုက်ပွဲတွေဖြစ်နေတာလည်း ရှိတယ်။ လူတွေကိုဖမ်းတယ်၊ ပြီးရင် သတ်ပစ်တယ်။ နေအိမ်တွေကို မီးရှို့တယ်။ ရွာတိုင်းကို ဝင်စီးနင်းနေတဲ့ သဘောပေါ့။ ဒီမနက်မှာတော့ ပန်းညိုရွာကို စစ်ကြောင်းဝင်ရောက် စီးနင်းနေပါတယ်"

ဖက်တောရေရွာမှာ နေအိမ်တွေအပြင် တောင်ယာတဲတွေပါ မီးရှို့ခံရတာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

ဇွန်လ ၈ ရက်နေ့ကလည်း မြို့သစ်မြို့နယ် ကွင်းကြီး ကျေးရွာအနီးမှာ အသက် ၃၃ နှစ်အရွယ် ကိုညိုလုံးနဲ့ အသက် ၂၈ နှစ်အရွယ် ကိုမြင့်ဇော်ဦးတို့ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုအခြေအနေတွေကို မှတ်တမ်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ နေအိမ်ပေါင်း ကိုးသောင်းနီးပါး (၈၈,၃၇၃ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…
ပေါင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
~~~
■ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်းလေးကျေးရွာအုပ်ချုပ်ရေးမှူး ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းရဲ့နေအိမ်ထဲကို အမည်မသိရသေးတဲ့လူငယ်နှစ်ဦး ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဦးချစ်ဝင်းဟာ သေနတ်ဒဏ်ရာသုံးချက်နဲ့ နေရာမှာတင် သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ပေါင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

" ပစ်ခတ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်။ မျက်နှာအဝတ်အမည်းစည်းထားတဲ့ လူနှစ်ဦးက လာပစ်သွားတာလို့ သိထားပါတယ်။ အုပ်ချုပ်ရေးမှူးရဲ့ ဖုန်းနှစ်လုံးနဲ့ ပိုက်ဆံအိတ်လည်း ယူသွားကြတယ်"

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ မွန်ပြည်နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်တာ မရှိသသေးသလို RFA အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးနောက်ပိုင်း ထန်းပင်ချောင်းလေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ဒေသခံတွေကို စစ်ဆေးမေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

RFA က ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး လေးလအတွင်း နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ၈၃ ဦးအထိ သတ်ဖြတ်ခံထားရပါတယ်။

_________
RFA Burmese Website တွင် ဖတ်ရှုရန်…