Pakokku city & University News
751 subscribers
487 photos
4 videos
67 links
Download Telegram
နတ်ရေကန်ဗျူဟာစခန်း ကျလုနီးပါးဖြစ်၍ ရွေးတုအစိုးရစစ်တပ်က ဂျက်ဖိုက်တာ ၅ စင်းဖြင့် ဗုံးကြဲခုခံနေရ

ဧရာဝတီတိုင်းမ်
မေ ၂၇ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ ဗျူဟာမြောက် အရေးပါသော "နတ်ရေကန်ဗျူဟာစခန်း" ကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် မြေပြင်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး ရွေးတုအစိုးရတပ် အကြီးအကျယ် အထိနာနေကြောင်း သိရသည်။

တည်းဖြတ်/ထုတ်လုပ် - ဧရာဝတီတိုင်းမ်
#Ayeyarwaddy_Times #fbreels #reelsfb #reelsvideo #fbreelsvideo #facebookreels #reelsfacebook #news #atimesreels #newsreels
👍3
ညောင်ဦးခရိုင် ငါ့သရောက်နယ်မြေတွင် အင်အား ၃၀၀ ခန့်ရှိသည့် စစ်အုပ်စု စစ်ကြောင်းပျက်သည်အထိ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံး(ရုပ်/သံ)

မေ ၂၇၊ ၂၀၂၆

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်နယ်မြေမှာ အင်အား ၃၀၀ပါ စစ်အုပ်စုစစ်ကြောင်းကို အနီးကပ် တိုက်ခိုက်ရာ စစ်သားနဲ့ပျူစောထီး ၂၁ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ တာဝန်ခံကိုဇီးက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ရက်နေ့ မနက်ပိုင်းက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ကြိုးစားနေတဲ့ စစ်အုပ်စုစစ်ကြောင်းကို ဖလန်ကန်ကျေးရွာအနီးမှာ တော်လှန်ရေးတပ်တွေက စတင်တိုက်ခိုက်ခဲ့တာကြောင့် ၂​ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုစစ်ကြောင်းဟာ ငါ့သရောက်နယ်မြေအတွင်း နေရာ ၃ ခုခွဲဝင်ရောက်လာတဲ့အတွက် တော်လှန်ရေးတပ်တွေကလက်ဦးမှုရယူပြီး အနီးကပ် ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်က စစ်ကြောင်းတစ်ခုလုံးပျက်ပြီး သေဆုံးသူနဲ့ ထိခိုက်သေဆုံး​သူအများအပြားရှိခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုတပ်သား ၂၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်အထိရှိခဲ့ပြီး အဲဒီလိုထိခိုက်သေဆုံးသူတွေထဲ တချို့ကို ချောဆွဲထားတဲ့အရပ်သားကားတွေနဲ့တင်ဆောင်ကာ ညောင်ဦးနဲ့ ကျောက်ပန်းတောင်းမှာရှိတဲ့ဆေးရုံတွေကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံ-ဘီလူး)နဲ့အတူ ညောင်ဦးခရိုင် တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး၊ Popa Production and Guerrila Force (PPGF)၊ People Democratic Army(PDA)၊ ငါ့သရောက်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံကြီးအဖွဲ့) နဲ့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ပျောက်ကျားတပ်) တို့က အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

Video-ပေးပို့
👍4
ပခုက္ကူမှာ စစ်တပ်က ပေါ်တာဆွဲကြမ်းနေလို့ လူသွားလူလာနည်းပါးနေ

မေ ၂၅၊ ၂၀၂၆။ဟာနာဆန်/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာကြမ်းနေလို့ လူသွားလူလာနည်းပါးနေကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလလယ်ကစပြီး ပခုက္ကူမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်ဟာ နေ့ခင်းကြောင်တောင်မှာ လူငယ်၊လူရွယ်တွေကို ပေါ်တာဆွဲနေလို့ အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

"အသက်နဲ့လည်း မဆိုင်ဘူး။ လေးဆယ်ကျော်လည်း ဆွဲနေတာ။ မြင်မြင်သမျှ ဆွဲတဲ့သဘောဖြစ်နေတယ်"လို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ အရေအတွက်ကိုတော့ အတိအကျမသိရပါဘူး။

စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် မြို့ပေါ်နေလူငယ်တွေလည်း အပြင်မထွက်ရဲတော့ကြောင်း၊ ဒါ့အပြင် ဒေသတွင်းကျေးရွာတွေကပါ မြို့ပေါ်တက်စျေးလာဝယ်တာတွေ မရှိတော့တာကြောင့် အရောင်းအဝယ်တွေပါ ကျဆင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အခုတော့မြို့ပေါ်မှာ ခြောက်သွေ့နေတယ်။အသွားအလာတွေနည်းတယ်"လို့ ပခုက္ကူနယ်အခြေစိုက် Cobra One တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

မြို့ပေါ်မှာ ပေါ်တာဆွဲလို့ လူနည်းနေပေမဲ့ စစ်တပ်ကတော့ သီဟိုဠ်ရှင်ဘုရားပွဲကို ဇာတ်ပွဲတွေနဲ့အတူ မနေ့ညကစတင်ကာ ကျင်းပနေပြီး စမ်းရေမိုးအပါအဝင် ဇာတ်အဖွဲ့ ၃ ဖွဲဲ့ ပါဝင်တယ်လို့ သိရပါတယ်။

အလားတူ ပခုက္ကူမြို့နယ်၊ မြစ်ခြေဒေသမှာလည်း စစ်တပ်စစ်ကြောင်းထိုးနေလို့ ကျေးရွာအများအပြားက ပြည်သူတွေ တိမ်းရှောင်နေရပြီး ပြည်သူ ၅ ဦးထက်မနည်း သတ်ဖြတ်ခံထားရကာ ကျေးရွာ၇ ရွာထက်မနည်းလည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

(လူသွားလူလာကျဲပါးနေသော ပခုက္ကူမြို့တွင်းတနေရာကို တွေ့ရစဥ်။ ဓါတ်ပုံ-Cj)
အခုထက်ထိလည်း အသိတရားမရကြဘူး စစ်တပ်ကိုထောက်ခံကောင်းတုန်း။သူတို့အဘတပ်က ပေါ်တင်ကို ပေါ်တာဆွဲနေပြီ။တစ်ခုပြောပြမယ် နိုင်ငံရေးမကောင်းတော့ ဘယ်နေရာဖြစ်ဖြစ်မအေးချမ်းတာအမှန်။ဒါပေမဲ့ လွတ်မြောက်နယ်မြေတွေမှာ လေကြောင်းကကြောက်ရတယ်။ စစ်ကြောင်းက ကြိုသတင်းရရှောင်လို့ရတယ်။အခုစကစရဲ့ မြို့ပေါ်က လူတွေပေါ်တာကျ ဘယ်လိုရှောင်ပါ့။ ပြောပြီးပြီပဲ ကြ က်ခြံထဲက ကြ က်တွေလို တစ်ကောင်ချင်းဖြုတ်ထုတ်ခံနေရတာ။ ဒီကောင်တွေ ဇာတ်မသိမ်းမချင်း ခံကြပေါ့။အခုမြို့ပေါ်လမ်းတွေဆိုနေ့ခင်းကြောင်တောင်တောင် လူတွေရှင်းလို့ ဟိုက ေယာကျ်ားလေးသောဘာသောမရွေးဘူး အကုန်ဆွဲနေတာ။ ဒါတောင်နယုန်ပွဲလို ပွဲတွေနဲ့ လူတွေကို ထောင်ဖမ်းနေသေးတာ။ အခုထိစစ်တပ်မှနိတယ်ထင်နေရင်တော့ ဘာမှမပြောလိုတော့ပါဘူး။
👍3
မေးပေးဦး စစ်တပ်ကကောင်တွေကို နိုင်နေတယ်လည်းပြောသေး။ပေါ်တာတွေအတင်းဆွဲပြီး ပြည်သူကိုဘာလို့ဒုက္ခပေးနေကြတာလဲလို့
👍4
ပခုက္ကူမြို့ပေါ်မှာ ယောကျာ်းလေးတွေသာမက မိန်းကလေးတွေပါ ပေါ်တာဆွဲခံရ၊
အရင်လို လာဘ်ထိုးလို့မရလို့ လူငယ်အများစု အပြင်မထွက်ရဲ ဖြစ်နေတယ်လို့ဆို

‌အီသာရမ်/MFP၊ မေ- ၂၈

မကွေးတိုင်း ပခုက္ကူမြို့ပေါ်မှာ စစ်အုပ်စုက ယောကျာ်းလေးတွေသာမက အလုပ်သွားအလုပ်ပြန် မိန်းကလေးတွေကိုပါ ပေါ်တာဆွဲကာ အဓမ္မ စစ်သားသစ် စုဆောင်းနေတာကြောင့် လူငယ်တွေ အပြင်ထွက်ဖို့ စိုးရိမ်နေကြတယ်လို့ ဒေသခံလူငယ်တွေက MFP ကို ပြောပါတယ်။

မေလဒုတိယပတ်လောက်ကစပြီး ပခုက္ကူမြို့လယ်ခေါင်မှာ ညနေ ၅ နာရီဝန်းကျင်မှာ ကင်းပတ်တဲ့ စစ်အုပ်စုတွေက အလုပ်သွားအလုပ်ပြန် လူငယ်အမျိုးသား၊ အမျိုးသမီးတွေကို ပေါ်တာဆွဲနေတာဖြစ်တယ်လို့ ပခုက္ကူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“မြို့အလယ်မှာကို ဆွဲနေလို့ ညနေ အလုပ်သွားအလုပ်ပြန် မိန်းကလေးတွေတောင် ခက်နေတာ၊မြိုင်လမ်းဆို နေ့ခင်းတောင် လူသိပ်မရှိဘူး၊ပါသွားပြီဆိုရင် ပိုက်ဆံပေးလည်းမရတော့ဘူး” လို့ သူကဆိုပါတယ်။

ပခုက္ကူမြို့မှာ နှစ်ပတ်အတွင်း အမျိုးသား၊အမျိုးသမီး (၁၀)ယောက်ထက်မနည်း ပေါ်တာဆွဲခံထားရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဒါ့ကြောင့် လူငယ်တွေအများစုဟာ ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ရဲကြဘူးလို့ လည်း လူငယ်တစ်ဦးက ဆိုပါတယ်။

မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ကလည်း ပခုက္ကူမြို့ (၇)လမ်းက နေအိမ်‌ရှေ့မှာ ထိုင်နေတဲ့ လူငယ်တွေကို ကင်းပတ်ထွက်လာတဲ့ စစ်အုပ်စုက ကားနဲ့ အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့ပြီး ပခုက္ကူမြို့အထိုင်တပ်တွေနေရာကို စစ်သားစုဆောင်းဖို့အတွက် ခေါ်ဆောင်သွားတာလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။

ပခုက္ကူမြို့ပေါ်မှာ မကြာခင်ကာလအတွင်း နယုန်လပွဲတော်အဖြစ် ဘုရားပွဲကျင်းပဖို့ရှိပြီး အဲဒီပွဲတော်ရက်မှာ လူငယ်တွေ ပေါ်တာဆွဲခံရပြီး အဓမ္မ စစ်သားသစ် စုဆောင်းခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ပခုက္ကူမြို့ပေါ်မှာ ပေါ်တာဆွဲနေသလို တဖက်ကလည်း ပခုက္ကူမြို့အထိုင်တပ် တပ်မ ၁၀၁ ကနေ မြစ်ခြေတိုက်နယ်အတွင်း မြို့ပေါ်စျေးဆိုင်ခန်းတွေ အပါအဝင် ကျေးရွာ (၁၀)ရွာထက်မနည်းကို စစ်ကြောင်းထိုး ဝင်ရောက် မွှေနှောက်ပြီး မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းက မြစ်ခြေနယ် ကျေးရွာတွေနဲ့ မြို့ပေါ်က ဒေသခံပြည်သူ ၇ ယောက်ခန့်ကို သတ်ဖြတ်သွားခဲ့ပြီး စစ်အုပ်စုရန်ကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး နှစ်နှစ်ကျော်အတွင်း စစ်အုပ်စုရဲ့ နိုင်ငံတဝန်းက ပေါ်တာဆွဲခံရသူတွေ အပါဝင် စစ်သားသစ်စုဆောင်းခံရတဲ့ စစ်မှုထမ်းသင်တန်းသားဦးရေ တစ်သိန်းကျော်ရှိနေပြီး လစဉ် စစ်မှုထမ်းသင်တန်းသား (၄၈၀၀) ဝန်းကျင် စုဆောင်းရရှိတယ်လို့ စစ်အုပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ထုတ်ပြန်နေတဲ့ MDSI အဖွဲ့ကဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#မကွေး #ပခုက္ကူ #ပေါ်တာဆွဲ
👍1
မြစ်ခြေမြို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး နေအိမ် အများအပြား မီးလောင်ပြာကျ၊ စစ်ကြောင်းက ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာ ၁၀ ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်၊ မေ ၂၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး နေအိမ် အများအပြား မီးလောင်ပြာကျကာ စစ်ကြောင်းက ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာ ၁၀ ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး မြစ်ခြေမြို့ပေါ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ရပ်ကွက်မှ နေအိမ်များကို ယခုချိန်ထိ မီးရှို့ဖျက်ဆီးနေပြီး နေအိမ်အများအပြား မီးလောင်ပြာကျနိုင်ကြောင်း၊ ထို့ပြင် မြို့ပေါ် နေအိမ်များကို မီးဝင်ငြိမ်းရန် သွားရောက်သည့် ပြည်သူများကိုလည်း စစ်တပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်နေကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် တပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် မြစ်ခြေမြို့ကို ဦးတည် စစ်ကြောင်းထိုးလာကာ လမ်းတောက်လျောက်ရှိ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် လက်ပန်ကျွန်းရွာ ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာနှင့် ထနောင်းကုန်းရွာ တို့မှ နေအိမ် အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

"အခု မီးဝင်ငြိမ်းမို့ သွားကြည့်တာကို စစ်ခွေးတွေက သေနတ်နဲ့ လိုက်ပစ်လို့ အကုန်ပြန်ပြေးခဲ့ရတယ်။ အခုစစ်ခွေး အင်အားက ၅၀၀ လောက်ရှိတယ်။ ညောင်ဦးဘက်ကလာတဲ့ စစ်ခွေးတွေက ပြန်သွားတယ်။ အခုလက်ရှိ ကျန်နေတာက ပခုက္ကူ ၁၀၁ ကလာတဲ့ စစ်ခွေးတွေနဲ့ အောင်သာရွာက ပျူစောထီးတွေ ကျန်နေတာ မြစ်ခြေမြို့ထဲ နေရာတော်တော်များမှာ စစ်ခွေးတွေ ကင်းပုန်းဝပ်ထားတယ်။ စစ်ခွေးတွေ မီးရှို့နေတာ နေအိမ် တော်တော်များ မီးလောင်ပျက်စီးနိုင်တယ်။ အခုထိရှို့နေတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် မြစ်ခြေမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးတဝိုက် ကျေးရွာများမှ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာများနှင့် မိုးကာများ လိုအပ်နေကြောင်း သိရသည်။
👍1
မြစ်ခြေနဲ့ ပခုက္ကူက ဘာမှမဝေးဘူးနော။ ဒီနယ်ကသူတွေကလည်း ညီအကိုမောင်နှမတွေလိုပါပဲ။အခုချိန် သူတို့ဆီစကစက စစ်ကြောင်းထိုးမိးရှို့နေချိန် အတူရှိနေကြောင်းပြပေးပါ။ကျွန်တော်တို့အညာသူအညာသားတွေက တကယ်ရိုးပါတယ်။ ကိုယ်ချင်းစာတရားဆိုတာ အသိတရားရှိသူတွေဆီမှာပဲရှိပါတယ်။
4🤬3
စစ်တပ် အင်အား ၈၀ ကျော်ဖြင့် တပ်စွဲထားသော ခမရ ၄၃၃ ကျောက်လုံးကြီး ဗျူဟာကာကင်းစခန်းကို KNU နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

ရန်ကုန်၊ မေ ၃၀

ကရင်အမျိုးသားအစည်းအရုံး (K.N.U)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ် -ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခမရ (၄၃၃) တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ဗျူဟာကာကင်းအဖြစ် ပြန် လည်ဝင်ရောက်တပ်စွဲထားသော "လယ်ဖဒို (ကျောက်လုံးကြီး)" တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။

မေလ ၁၉ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန်မှစတင်၍ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တနင်္သာ ရီချောင်းမကြီးနဘေးရှိ ကျောက်လုံးကြီးကျေးရွာအတွင်း နှစ်ပေါင်း ၂၀ ကျော် အခြေချတပ်စွဲထားသော အဆိုပါကျောက်လုံးကြီးတပ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက အပြင်းအထန် တိုက် ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းနောက် ၁၀ ရက်အကြာ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် အဆိုပါ "လယ်ဖဒို (ကျောက်လုံးကြီး)" စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစခန်းသည် စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ် ဌာနချုပ်၊ အမှတ် ၂ ဗျူဟာလက်အောက်ခံတပ်များက နှစ်ပေါင်း ၂၀ ကျော်ကြာ အခြေပြုတပ်စွဲခဲ့သည့် စခန်းကြီးတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ နှင့် တော်လှန် ရေးမဟာ မိတ်ပူးပေါင်းတပ်များက စစ်ကောင်စီ၏ "အောင်သာဝရစခန်း" ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့စဉ်အတွင်း ထိုကျောက်လုံးကြီးစစ်ဗျူဟာစခန်းသည် စခန်းကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်း၊ သို့သော် လည်း နောက်ပိုင်းတွင် အဆိုပါစခန်း၌ စစ်ကောင်စီ၏ ခမရ ၄၃၃ တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် စစ်ရေးဗျူဟာကာကင်းတစ်ခုအနေ ဖြင့် ပြန်လည်ဝင်ရောက်ကာ အခြေပြုတပ်စွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
👍1
ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး အာရက္ခအမျိုး သားတော်လှန်ရေးကြီး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေပြီဟု AA က ကြေညာ

ရန်ကုန်၊ မေ ၃၀

ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အခြေအနေသို့ ရောက်ရှိနေပြီး အာရက္ခအမျိုး သားတော်လှန်ရေးကြီး ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေပြီဖြစ်ကြောင်း AA က ယမန်နေ့ မေလ ၂၉ ရက်နေ့ ညပိုင်း တရားဝင် ထုတ်ပြန်ကြေညာသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အာရက္ခပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်မာစွာလက်တွဲလျက် အာရက္ခအမျိုးသားတော်လှန်ရေးကြီးတစ်ခုကို မရုပ်မနား၊ တစိုက်မတ်မတ် ဆင်နွှဲလျက်ရှိကြောင်း၊ လက်ရှိအချိန်ကာလတွင် အာရက္ခတစ်ပြည်လုံးနီးပါးအား သိမ်းပိုက်ထိန်းချုပ်ထားနိုင်သော အနေအထားသို့ ရောက်ရှိလျက်ရှိပြီး တစ်မျိုးသားလုံး၏ မျှော်မှန်းချက်မှာ ရာနှုန်းပြည့်အောင်မြင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ထုတ် ပြန်ကြေညာလာခြင်းဖြစ်သည်။

ထိုသို့ အောင်မြင်မှုများရရှိလာခြင်းသည် အာရက္ခစစ်သည်တော်တို့၏ အသက်၊ ဘဝ၊ ခန္ဓာ၊ သွေး၊ ချွေးပေါင်းများစွာကို နေ့တိုင်းစွန့်လွှတ်အနစ်နာခံမှု၊ စီးဆင်းတိုက်ပွဲဝင်ပြီး အောင်ပွဲများရယူနိုင်ခြင်း၏ အကျိုးရလဒ်ဖြစ်သည့်နည်းတူ ရဲရင့်ပြောင်မြောက်သော အာရက္ခပြည်သူလူထုများ၏ တာဝန်ကျေပွန်မှုကြောင့်လည်း ဖြစ်ကြောင်း၊ တစ်ပြိုင်နက်တည်းတွင် မပြီးပြတ်သေးသော တော် လှန်ရေးကြီး အလုံးစုံပြည့်ဝအောင်မြင်မှုရရှိရေးအတွက်လည်း အာရက္ခစစ်သည်တော်များသည် ရှေ့တန်းစစ်မျက်နှာမှနေ၍ ရန်သူများနှင့် အပြင်းအထန် ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်နေကြရပြီး ရှုံးမဲမဲနေသော ရန်သူသည် အာရက္ခပြည်သူလူထုများဆိုင်ရာ မြို့ရွာများအား လက်နက်ကြီး၊ လေ ကြောင်းများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လျက်ရှိကြောင်း သတိပေးထားသည်။

ယင်းသို့ စစ်မြေပြင်၌ ရန်သူနှင့် စစ်ရေးအရ အပြင်းထန်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်နေရသည့်နည်းတူ ကမ္ဘာ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာမိသားစုများ သက်ရောက်မှုရှိစေရန် အားထုတ်ကြိုးပမ်းနေကြသည့် အစုအဖွဲ့များ၊ အမျိုးသားသစ္စာဖောက်အချို့၏ တစ်ကိုယ်တော် တိုက်ခိုက်ဆောင်ရွက်ချက်များကိုလည်း ဘက်စုံထောင့်စုံမှ ရင်ဆိုင်နေရကြောင်း၊ ထိုကဲ့သို့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး တိုက် ခိုက်မှုများကြားထဲမှာပင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားဥပဒေစိုးမိုးရေး၊ ကျန်း မာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ မြို့ပြ၊ ရပ်ရွာ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စသည့် တိုင်း ပြည်တည်ဆောက်ရေးကဏ္ဍများနှင့် ပြည်သူ့ဝန်ဆောင်မှုများကို အာရက္ခပြည်သူလူထုများနှင့်တက္က ခိုင်မြဲစွာလက်တွဲလျက် အချိန်နှင့်တပြေးညီ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ် လုပ်ဆောင်လျက်ရှိကြောင်း AA က ပြောဆိုသည်။

မပြီးပြတ်သေးသော အမျိုးသားတော်လှန်ရေးကြီးကြားထဲကပင် လျှောက်လှမ်းရင်း ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုစနစ်ကျစွာ ဆောင်ရွက်လျက်ရှိသော်လည်း ယခင်အာဏာရှင်အစိုးရအဆက် ဆက် လက်ထက်၌ အာရက္ခဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို လျစ်လျူရှုထားခြင်း၊ မြို့ပြစီမံကိန်းများကို စည်းစနစ်ကျစွာ၊ နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်နိုင်မှုမရှိခဲ့ခြင်း၊ တည်ဆဲဥပဒေများကို အာဏာ ပိုင်အဆက်ဆက်များနှင့် ကိုယ်ကျိုးရှာစီးပွားရေးသမားများက လက်ဝါးကြီးအုပ် ကိုယ်ကျိုးရှာဆောင်ရွက်ခြင်းများ ရှိခဲ့သောကြောင့် အာရက္ခဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးတွင် စိန်ခေါ်မှုမျိုးစုံကို နေ့တိုင်းကြုံတွေ့လျက်ရှိကြောင်း လက်ရှိ အခြေအနေကို AA က အသိပေးထားသည်။

နှစ်ကာလရှည်ကြာ စုပုံနေခဲ့သော အဆိုပါဆိုးမွေများကြောင့် အာရက္ခဒေသအတွင်း လူမှုဘဝနေထိုင်မှုအဆင့် အတန်းမှာ အဖက်ဖက်မှ နိမ့်ကျလျက်ရှိနေကြောင်း၊ ထို့ကြောင့် အာရက္ခပြည်သူ့တော် လှန်ရေးအစိုးရက အာရက္ခပြည်သူများ၏ လူမှုဘဝအဆင့်အတန်း မြင့်မားလာစေရန်၊ စနစ်တကျဖွံ့ဖြိုးလာစေရန်၊ တိုးပွားလာသော လူဦးရေကြောင့် ဖြစ်ပေါ်လာသည့် လူထုထပ်မှုများကို စနစ်တကျ ဖြည့် တင်းပေးနိုင်ရန်၊ မြို့ပြများ၌ လမ်းနယ်နိ မိတ်အပါအဝင် ကားလမ်းဘေးခြံနေရာများအား ဥပဒေမဲ့ ကျူးကျော်ခြင်းများကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လမ်း၊ တံတား၊ အိမ်ရာများအပါအဝင် မြို့ပြတည်ဆောက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် “မြို့ပြစီမံကိန်းလုပ်ငန်းကော် မတီများ” ကို ဖွဲ့စည်းကာ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း AA က ဆက်လက်ပြောဆိုသည်။

အထူးသဖြင့် အာရက္ခပြည်သူပြည်သားများ အသက်တမျှ တန်ဖိုးထားလာခဲ့သော အာရက္ခပြည်သမိုင်း ၏ အထင် ကရနှင့် အာရက္ခတို့၏ အသည်းနှလုံးဖြစ်သည့် “မြောက်ဦးမြေဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန်” အား သန့်ရှင်းသပ်ရပ်စွာဖြင့် ရေရှည်ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်၊ ကမ္ဘာ့အဆင့်၊ အာရက္ခအမွေအနှစ်အဖြစ် တည် တံ့နိုင်ရန် ရည်ရွယ်ချက်များဖြင့် “မြောက်ဦးမြို့ မြို့တည်ဆောက်ရေးစီမံကိန်း” ကိုလည်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း AA က ဆို သည်။
“မြို့ပြစီမံကိန်းလုပ်ငန်းကော်မတီများ” သည် မြောက်ဦးအပါအဝင် ဒေသအသီးသီးမှ စီမံကိန်းလျာ ထားခြံနေရာများကို ကွင်းဆင်းတိုင်းတာခြင်း၊ ခြံနှင့်သက်ဆိုင်သူများအား ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးရှင်းလင်းမှုများ ပြုလုပ်ခြင်း၊ တစ်ဦးချင်းပိုင်ဆိုင်သော ခြံဧရိယာကို တိုင်းတာအတည်ပြု၍ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ခြင်းအပြင် အခြေအနေ၏ လိုအပ်ချက်အရ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ခြံသိမ်းဆည်းရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခြင်း၊ သင့်တင့်သော လျော်ကြေးငွေ ပေးဆောင်ခြင်း စသည့် အဆင့်ဆင့်သော လုပ်ငန်းစဉ်များဖြင့် တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျ ဆောင် ရွက်လျက်ရှိသည်ဟု အသိပေးသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့်လည်း မိမိတို့၏ အာရက္ခတိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်၊ အနာဂတ်အာရက္ခမျိုးဆက်များအတွက် အဆင့်အတန်းမြင့်မားပြီး လှပခေတ်မီသော လူ့ဘောင်တစ်ခု ချန်ထားခဲ့နိုင်ရန်နှင့် မြို့ပြစီမံကိန်းများ အောင်အောင်မြင်မြင် အကောင်အထည်ပေါ်နိုင်ရန်အလို့ငှာ အမျိုးသားရေးအသိစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ တိုင်းပြည်အပေါ်ထားရှိသော အရင်းခံစေတနာစိတ်များဖြင့် ယခင်ကထက်ပိုသော ပူးပေါင်းပါဝင်လုပ်ဆောင်မှုမျိုးဖြင့် ပါဝင်ပေးကြပါရန် AA က ဖိတ်ခေါ် တိုက်တွန်းနှိုးဆော်ထားသည်။

အာရက္ခတပ်တော်-AA က ရခိုင်ပြည်နယ် - ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်တော၊ သံတွဲနှင့် အမ်းမြို့နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်ထားသည်။

AA က သိမ်းပိုက်ရန် ကျန်ရှိနေသော စစ်တွေမြို့ ၊ကျောက်ဖြူမြို့ ၊မာန်အောင်မြို့ (ကျွန်းမြို့)တို့ကိုလည်း မကြာမီ သိမ်းပိုက်သွားမည်ဟု ထုတ် ပြန်ကြေညာထားပြီး လက်ရှိတွင်လည်း ယင်း ၃ မြို့တွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ - AFP ။
4
ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုပါပဲ ပခုက္ကူ။ ကိုယ်ချင်းစာတရားကို ကျွန်တော်ဘယ်လိုရှင်းပြရပါ့။ တစ်ဖက်က ပခုက္ကူ။တစ်ဖက်က ပခုက္ကူနဲ့ ဘာမှမဝေးတဲ့မြစ်ခြေ။ကိုယ့်ကို မီးစထိမှ ခင်ဗျားတို့ ပူတတ်ကြလေသလား။ အတ္တကြီးတယ်ပဲ ပြောပြောလူတွေကို ကျွန်တော်ဘယ်လိုမှနားလည်လို့မရ။အေးပေါ့ ပျော်နိုင်ကြသူတွေပျော်ကြပေါ့လေ။ ပေါ်တာဆွဲနေတာတောင်မခန့်တာဆိုတော့ အပျော်အပါးအတော်မက်တဲ့ လူတွေပါပဲလားတွေးမိပါတယ်။ ပွဲသွားတာ ဘယ်သူတွေဖြစ်ဖြစ် အမည်းစက်ထင်တာ ကိုယ်တွေမြို့ပါပဲ။ မြစ်ခြေမြို့ကပြည်သူတွေ ဘေးကင်းကြပါစေ🙏🙏🙏
2🤣1
စစ်တပ်က ဇာတ်ပွဲများ ထည့်သွင်းခိုင်းပြီး ပခုက္ကူ သီဟိုဠ်ရှင်ဘုရားပွဲ ကျင်းပနေချိန်၊ တစ်မြို့နယ်တွင်းက မြစ်ခြေမြို့ကိုမူ မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

မေ ၃၀၊ ၂၀၂၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သီဟိုဠ်ရှင်ဘုရားပွဲကို အကြမ်းဖက်စစ်တပ်က ဇာတ်ပွဲတွေထည့်သွင်းပြီး ပွဲလမ်းသဘင်အခမ်းအနားနဲ့ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်မှာပဲ၊ ပခုက္ကူနဲ့အနည်းငယ်သာကွာဝေးတဲ့ မြစ်ခြေမြို့ကိုတော့ မီးရှို့ဖျက်ဆီးမှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေအရ ပခုက္ကူခရိုင်အတွင်းက မြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က ကပစ စက်ရုံတွေမှာ အင်အားစုပြီး အင်အားထောင်ချီတဲ့ စစ်ကြောင်းတွေနဲ့ ထိုးနှက်တိုက်ခိုက်နေတာဖြစ်ပြီး၊ ပခုက္ကူမြို့အနောက်တောင်ဘက်၊ ဧရာဝတီမြစ်အနောက်ဘက်မှာရှိတဲ့ မြစ်ခြေမြို့ကိုလည်း စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

မြစ်ခြေမြို့ကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့တဲ့မေလလယ်လောက်က စတင်စစ်ကြောင်းထိုးမီးရှို့ခဲ့ရာမှာ လက်ရှိချိန်မှာ‌တော့ တစ်မြို့လုံးနီးပါးက နေအိမ်ပေါင်းထောင်ချီ မီးလောင်ပျက်စီးသွားခဲ့ပြီလို့ သိရပါတယ်။

မြို့တွင်း အရပ်သားတွေကို မီးငြှိမ်းသတ်ခွင့် မပေးကြောင်းနဲ့ စစ်ကြောင်းဝင်ရောက်လာချိန် သတ်ဖြတ်ခံရသူ ၁၀ ဦး ထက်မနည်းရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းရဲ့ မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေတဲ့ မြစ်ခြေမြို့ကို ဧရာဝတီမြစ်တစ်ဖက်ကမ်း ပုဂံဘက်ကပင်မြင်ရကြောင်း သိရပြီး လက်ရှိမှာ ဒေသခံ နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း အကြမ်းဖက်စစ်တပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ ပခုက္ကူမြို့ပေါ်မှာ ဘုရားပွဲအကြောင်းပြကာ နာမည်ရဇာတ်သဘင်တွေကို ထည့်သွင်းပေးရင်း ပြည်သူတွေအပေါ် သူတို့ရဲ့ရက်စက်မှုကို ဟန်ပြဖုန်းကွယ်ဖို့ ကြိုးစားနေပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အကြမ်းဖက်စစ်တပ်လုပ်တဲ့ ဟန်ပြပွဲလမ်းသဘင်တွေကို ပြည်သူတွေ မသွားလာကြဖို့ တိုက်တွန်းထားကြပါတယ်။

"ဇာတ်ပွဲထည့်တော့ သူတို့(စစ်တပ်)အသိုင်းအဝိုင်းမှ မဟုတ်ဘူး။ အခြားပြည်သူတွေလည်းကြည့်ချင်ကြမှာပဲ။ အပြစ်ပြောလို့မရပါဘူး။ ဘယ်လောက်ပဲမြို့ပြမှာနေနေ သူတို့လည်း စစ်တပ်ရဲ့ဖိအားဒဏ်တွေကို ခံကြရမှာပါပဲ။ မြို့ပြမှာက ပေါ်တာဆွဲတာ၊ အနိုင်ကျင့်တာတွေ သူတို့လည်းကြုံနေကြရမှာပါပဲ။ တစ်ဖက်မှာလည်း အခုလိုယုတ်မာနေတဲ့ စစ်ကောင်စီလုပ်တဲ့ ပွဲလမ်းသဘင်တွေကို မသွားလာပဲ နေလိုက်ခြင်းအားဖြင့် တော်လှန်ရေးကို ကူညီတာမဟုတ်ရင်တောင် စစ်တပ်ကို မုန်းတီးတယ်ဆိုတာကို ပြလို့ရပါတယ်။ စစ်တပ်ကတော့ သူတို့စနစ်အောက်မှာ ကျွန်တွေလိုပဲ ပျော်ခိုင်းမှာပါပဲ" လို့ ပခုက္ကူခရိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မောင်းကိုပြောပါတယ်။

သီဟိုဠ်ရှင်စေတီရဲ့ နယုန်လ ဗုဒ္ဓပူဇနိယပွဲကို နှစ်စဥ်မေလ ၂၃ရက်နေ့ကစပြီး ဇွန်လ ၁၆ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး၊ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့မှာ ဇာတ်သဘင်ပွဲတွေ စတင်ကပြနေပြီဖြစ်ကြောင်းနဲ့ လူပြည့်လူလျှံတဲ့အထိ အားပေးကြကြောင်း စစ်တပ်ထောက်ခံသူတွေက ပြောဆိုကြပါတယ်။

တစ်ဖက်မှာလည်း ဘုရားပွဲကို လာရောက်တဲ့ လူငယ်လူရွယ်အမျိုးသားတွေကို စစ်တပ်နဲ့ စစ်တပ်လက်ပါးစေ ပျူစောထီးနဲ့ရဲတွေက ပေါ်တာဆွဲ ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်နေကြောင်းနဲ့ အမျိုးသမီးငယ်တွေကို ပြန်ပေးဆွဲငွေညှစ်တာမျိုးတွေလည်း ရှိကြောင်း မြို့ခံတချို့က ဆိုပါတယ်။

လက်ရှိမြေပြင်အခြေအနေမှာတော့ ပခုက္ကူခရိုင်အတွင်းက မြစ်ခြေမြို့အပါအဝင် ဆိပ်ဖြူ၊ ပေါက်၊ မြိုင်နဲ့ ရေစကြိုမြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က ကပစ အ‌ခြေပြုတပ်တွေကတဆင့် ရိက္ခာကားတန်း၊ လူခြေလျင်တန်းတွေနဲ့ အင်အားသုံး စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ သိရပါတယ်။
😭41🤣1