EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.51K photos
184 videos
24 files
5.87K links
Download Telegram
အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ရေး နယ်မြေတချို့ကို စွန့်ကောင်းစွန့်ရလိမ့်မည်ဟု NUG ကာကွယ်ရေးဝန်ကြီး ပြောဆို

🟥စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို လုံး၀ လက်မခံဘဲ စစ်ရေး၊ နိုင်ငံရေး၊ လူထုနည်းဖြင့် ဆန့်ကျင်တိုက်ဖျက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ရေး နယ်မြေတချို့ကို စွန့်ကောင်းစွန့်ရလိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ထုတ်ဖော်ပြောဆိုသည်။

NUG ၏ မီဒီယာဖြစ်သော PVTV နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ပြီး စစ်ကောင်စီက အိမ်နီးချင်းအာဏာရှင်နိုင်ငံတချို့၏ ပြောင်ပြောင်တင်းတင်း ရပ်တည်ထောက်ခံမှု ရရှိလာသောအခါ စိတ်ဓာတ်စစ်ဆင်ရေးများဖြင့် ထိုးစစ်တချို့ကို အရဲကိုးလုပ်လာကြောင်း၊ ထို့ကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်တပ်၏ ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းနိုင်ရေးအတွက် နယ်မြေတချို့ကို စွန့်ကောင်းစွန့်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

"အခုအချိန် အကြမ်းဖက်စစ်အုပ်စုကို ပိုပြီးတော့ အတင့်ရဲလာစေတဲ့ အဓိကအကြောင်းကတော့ အာဏာရှင် နိုင်ငံတချို့ပေါ့ဗျာ။ အဲဒီနိုင်ငံတွေရဲ့ ပြောင်ပြောင်တင်းတင်းရပ်တည်ထောက်ခံမှု ရလာတဲ့အချက်ကို အဲဒီအချက်ကိုပဲ အသုံးချ ဆိုက်ဝါးထည့်ရင်းနဲ့ ထိုးစစ်တချို့ အရဲကိုးလုပ်လာတဲ့သဘော ။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ဆိုရင်တော့ ဒီအချိန်မှာနယ်မြေတချို့ စွန့်ကောင်းစွန့်ရမယ်။ ဒါပေမဲ့ စစ်မျက်နှာအတိုင်း ရန်သူ့ထိုးစစ်ကို ထိထိရောက်ရောက် ချေမှုန်းပစ်နိုင်ဖို့ပေါ့။ ဒါကို ကျွန်တော်တို့ ကြိုးစားနေတဲ့အချိန်ဖြစ်ပါတယ်။ လတ်တလော အရေးကြီးတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ TNLA ဆိုရင် ဒါ နောင်ချိုကို လက်လွှတ်ခဲ့ရတယ်။ မန္တလေးဒေသ PDF တွေလည်း သပိတ်ကျင်းကို လက်လွှတ်ခဲ့ရတာ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်က ဒါ ခံစစ်တွေတိုက်ဖို့ သင့်တော်တဲ့အချိန် မဟုတ်ဘူးဗျ။ အဲဒီအတွက် မြို့တွင်းက ကိုယ့်တပ်တွေ မြို့ပြင်ပြန်ထွက်ပေးတဲ့ သဘောပါပဲ။ အခုဆိုရင် ဒါ လှုပ်ရှားစစ်နဲ့ ရန်သူကို ပြန်ထိုးနေတဲ့အချိန်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်" ဟု ဦးရည်မွန်က ဆိုသည်။

ထို့ပြင် ပြည်တွင်းရေးကို စွက်ဖက်နေသော တစ်ဖက်နိုင်ငံကြီးကြောင့် စစ်လက်နက်ပစ္စည်းရရှိရေး ဟန့်တားမှုတချို့ ဖြစ်နေသော်လည်း တော်လှန်ရေးတပ်များအနေဖြင့် ဆက်လက် တိုက်ခိုက်နိုင်ကြောင်း ပြောဆိုသည်။

"လက်နက်ခဲယမ်းမီးကျောက်နဲ့ ပတ်သက်ရင် လိုအပ်ချက်ကြီးကြီးမားမားရှိနေတယ်ဆိုတာကတော့ အမှန်ပါပဲ။ အထူးသဖြင့် အခုလိုအချိန်ပေါ့ တစ်ဖက် နိုင်ငံကြီးက ပြည်သူ့ရန်သူ စစ်အုပ်စုဘက်က ဗြောင်ကျကျရပ်၊ ကျွန်တော်တို့ ပြည်တွင်းရေးဝင်စွက်၊ နောက်ကျွန်တော်တို့ရဲ့ ညီနောင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေအပေါ် ခြိမ်းခြောက်ကျပ်ကိုင် ဖိအားပေးနေတာကတော့ စစ်လက်နက်ပစ္စည်းရရှိရေးမှာ ဟန့်တားမှု တချို့ ဖြစ်နေတယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမဲ့ ရှာလို့စုလို့ရခဲ့သလောက် ရနေပါတယ်။ တစ်ဖက်မှာ ကိုယ်တိုင်ထုတ်လုပ်ရေးနဲ့ နည်းပညာအပိုင်းပေါ့ ။ ဒါဟာလည်းတိုးတက်နေတယ်။ ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြစ်အောင် စွမ်းဆောင်နိုင်လာတာကတော့ အရေးကြီးတဲ့ တိုးတက်မှုလို့ဆိုရပါမယ်။ ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်နိုင်ပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က ထိုးစစ်ဆင်နေခြင်းနှင့်အတူ ရွေးကောက်ပွဲကိုလည်း ကျင်းပရန် ကြိုးပမ်းနေကြောင်း၊ စစ်တပ်က သူ၏ အမာခံ နိုင်ငံရေးပါတီကို အမည်ခံအာဏာလွှဲပြောင်းပေးပြီး တရားဝင်မှု ရှာချင်နေကြောင်း၊ NUG အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ လူထုနည်းဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

"အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဒီနှစ်ကုန်မှာ ရွေးကောက်ပွဲတစ်ခုလုပ်ဖို့ ပြင်ဆင်နေပေမဲ့ သူကိုယ်တိုင်လည်း မဝံ့မရဲဘဲဆိုတာကိုတော့ ကျွန်တော်တို့တွေ့ရတယ်ဗျ။ ဘာ့ကြောင့်လဲ တရားမျှတမှုလည်းမရှိ ဒီအတုအယောင် အလိမ်အညာရွေးကောက်ပွဲ တကယ်ဂုဏ်သိက္ခာရှိတဲ့ ဘယ်နိုင်ငံကမှ ထောက်ခံလိမ့်မယ်မဟုတ်ဘူးဆိုတာ သူတို့ ကောင်းကောင်းသိပါတယ်။ သူတို့ကို ထိုက်တန်သလောက် အသိအမှတ်ပြုနေတဲ့ အိမ်နီးချင်းနိုင်ငံကနေ ပြီးတော့လည်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမျိုးဖြစ်ဖို့ပေါ့ဗျာ။ ကျွန်တော်တို့ တွန်းအားပေးနေတယ်လို့လည်း ကျွန်တော်တို့ သတိပြုမိတယ်။ ပြည်သူအများစုကတော့ ဒီအကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲ ဒါကို ပြတ်ပြတ်သားသားဆန့်ကျင်ကြလိမ့်မယ်ဆိုတာ သိကြပါတယ်။ စစ်အုပ်စုလို့ပြောမယ်ဆိုရင် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီဆိုတာကတော့ သူ့ရဲ့ ကိုယ်ပွားအမာခံနိုင်ငံရေးပါတီပေါ့ဗျာ။ အဲ့တော့ ဒီရွေးကောက်ပွဲမှာ အဲ့လိုစစ်အုပ်စုရဲ့အမာခံနိုင်ငံရေးပါတီနဲ့ သူ့ရဲ့ နောက်မီးစွဲတွေ၊ လက်ဝေခံတွေတော့ ဝင်ပြိုင်ကြပါလိမ့်မယ်။ အာဏာသိမ်းပြီးတော့ တရားမဝင်ယူထားတဲ့ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲတစ်ခုနဲ့ သူ့ရဲ့ အမာခံနိုင်ငံရေးပါတီကို အမည်ခံလွှဲပြောင်းပေးပြီးတော့မှ တရားဝင်မှု ရှာချင်တဲ့အဓိပ္ပာယ်လို့ အဲဒီလို ပြောရပါလိမ့်မယ်" ဟု ဦးရည်မွန်က ဆိုသည်။
👍2
ယင်းအပြင် များမကြာမီ NUG အနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် စုစည်းညီညွတ်ကြရန် အရေးကြီး ၎င်းက ဆိုသည်။

"တကယ်တော့ဒီအချိန်က စစ်အုပ်စုအနေနဲ့ သူ ခေါင်းပြန်ထောင်နိုင်ဖို့ကြိုးစားနေတဲ့အချိန်ပဲ။ အဲဒီအချိန်မှာ ကျွန်တော်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးပြစ်တင်ဝေဖန်နေရမယ့်အချိန်တော့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ အားသာချက်တွေပိုပြီးတော့အားကောင်းအောင် အားနည်းချက်တွေကိုလည်း လိုအပ်သလိုဖြည့်ဆည်းနိုင်အောင် ကျွန်တော်တို့အားလုံးအတူတကွ ဝိုင်းရုန်းကြရမယ့်အချိန်လို့တော့ ကျွန်တော်တို့ဒီလို ကြည့်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်တစ်ပေါက်ဖြစ်နေမယ်ဆိုရင်တော့ ရန်သူဝမ်းသာလိမ့်မယ်။ ရန်သူရဲ့ ဆိုက်ဝါးအသုံးချတာ ဖြစ်လိမ့်မယ်လို့တော့ပြောလိုပါတယ်ဗျ" ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောဆိုသည်။
👍2
နာဂဒေသ ပကဖတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲနှင့် လက်နက်ခဲယမ်း၊ စစ်ဝတ်တန်ဆာများ ကာကွယ်ရေးဝန်ကြီးဌာနမှ တပ်ဆင်ခြင်းအခမ်းအနား။
🥰3
စစ်ကော်မရှင်တပ်က အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တွေကို ရှေ့တန်းမှာ အသုံးပြုလာ

ဖက်ဒရယ် FM | စက်တင်ဘာလ ၁၁ ရက်

စစ်ကော်မရှင်တပ်က အိန္ဒိယနိုင်ငံသား ကသည်းသူပုန် (ULFA) အဖွဲ့တွေကို အသုံးပြုပြီး စစ်ဆင်ရေးလုပ်နေတယ်လို့ NUG အမှတ် ၁ စစ်ဒေသက ဒီကနေ့ ထုတ်ပြန်ပြောဆိုလာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကော်မရှင်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာပဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့ အိန္ဒိယနိုင်ငံသား ကသည်းသူပုန် (ULFA) တချို့ အပါအဝင် ၇ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တာအပေါ် ရည်ညွှန်းပြီး စစ်ဒေသ ၁ က ထုတ်ပြန်ထားတာပါ။

အဲဒီနေ့ တိုက်ပွဲအတွင်းမှာ အလောင်း ၄ လောင်း၊ လက်နက် ၅ လက်၊ စစ်သုံးပစ္စည်းတွေနဲ့အတူ မူးယစ်ဆေးဝါး ၃ မျိုးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်မှာ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ က ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးတဲ့ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ ရှမ်းနီပြည်သူ့စစ် SNA၊ အိန္ဒိယကသည်းလက်နက်ကိုင်အဖွဲ့ (ULFA) နဲ့ နာဂ (NSAC) ပူးပေါင်းအင်အား ၁၃၀ ခန့်ပါဝင်တယ်လို့ စစ်ဒေသ ၁ က ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ အိန္ဒိယ ကသည်းလက်နက်ကိုင်အဖွဲ့နဲ့ နာဂအဖွဲ့တွေကို ဒီနှစ်ဩဂုတ်လမှာ စတင်အသုံးပြုလာပြီး သူတို့ဟာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ခန္တီးခရိုင်အတွင်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေနဲ့အတူ ပါလာခဲ့တာလို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်ကလည်း တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သုံ့ပန်း ၁ ဦး၊ အလောင်း ၃ လောင်းနဲ့ လက်နက်မျိုးစုံ ၁၀ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - NUG အမှတ် ၁ စစ်ဒေသ (စက်တင်ဘာလ ၂ ရက်က ကလေးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အရှင်ဖမ်းဆီးရမိခဲ့တဲ့ အိန္ဒိယကသည်းသူပုန်အဖွဲ့ဝင်နဲ့ စစ်လက်နက်ပစ္စည်းများအား တွေ့ရစဉ်)

#စစ်ကော်မရှင် #အိန္ဒိယကသည်း #ရှေ့တန်း #အသုံးပြုလာ #NUG #အမှတ်၁စစ်ဒေသ #FederalFM #FFM #WhatIsHappeningInMyanmar #FreeAllJournalists #FreeHtetHtetKhine
__________________________________________________________
Website - https://federalfmradio.com
YouTube - https://www.youtube.com/@federalfmradio
Telegram - https://t.me/federalfm
Facebook - https://www.facebook.com/federalfmradio
Instagram - https://www.instagram.com/federalfmradio
TikTok - https://www.tiktok.com/@federal_fm
👍2