Ayeyarwaddy Times
32K subscribers
19.4K photos
439 videos
3 files
2.03K links
For Freedom Justice & Peace
Download Telegram
ဒေါ်လာ၊ရွှေ၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက်ကုန်ဈေးကွက်
( ဇွန် ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ နှစ်ပတ်ဈေးကွက်အခြေအနေ)

ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ငွေကြေးဖောင်းပွမှုကြောင့် အထွေထွေကုန်ဈေးနှုန်းများဆက်လက်မြင့်တက်နေရာတွင် ယခုသီတင်းပတ်အတွင်း ဟင်းသီးဟင်းရွက်ကုန်စိမ်း ဈေးနှုန်းများက ပိုမိုမြင့်တက် လာသည်။

ရှမ်းပြည်နယ်ထွက်ကုန် ဂေါ်ဖီထုပ်ဈေးနှုန်းက အမြင့်ဆုံးစျေးအထိ ရောက်ရှိခဲ့ပြီးနောက် အနည်းငယ်ကျဆင်းသွားသည်။

ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲများကြောင့် သွင်းကုန်ပစ္စည်းများဈေးတက်နေပြီး ထိုင်းနိုင်ငံထုတ် သွင်းကုန်ပစ္စည်းများနှင့် နေကြာဆီ၊ ပဲပိစပ်ဆီဈေးနှုန်းများမြင့်တက် နေကာ ကုန်ပစ္စည်းရှားပါးလျက်ရှိသည်။

စစ်ကောင်စီက နိုင်ငံခြားငွေလွဲလုပ်သူများနှင့် နာမည်ကြီးရွှေဆိုင်ပိုင်ရှင်များကို ဖမ်းဝရမ်း ထုတ်ထားသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်းထားနှင့် ပြည်တွင်းရွှေဈေးနှုန်းက အမြင့်ဈေးတွင်ရှိနေသည်။

🟥နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်း

ယခုသီတင်းပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းများက အမြင့်တန်းမှာပင် ရှိနေသည်။ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၅၀၀၀ နီးပါးရောက်ခဲ့ပြီး ယခုအခါတွင် တစ်ဒေါ်လာကို ကျပ် ၄၅၀၀ ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ဇွန် ၁ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာ ကျပ် ၄၇၀၀ ဈေးပေါက်ရာမှ ဇွန် ၁၅ ရက်နေ့တွင် တစ်ဒေါ်လာကို ကျပ် ၄၅၅၀ ကျပ်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် မေလတွင် နိုင်ငံခြားငွေလဲလှယ်သူ၊ ဟွန်ဒီလုပ်ငန်းလုပ်ဆောင် သူများနှင့် ရွှေလုပ်ငန်းရှင်အချို့ကိုဖမ်းဆီးထားပြီး ကျန်ရှိသူများကို ဖမ်းဝရမ်းထုတ်ကာ ဒေါ်လာဈေးနှင့် ရွှေဈေးကျဆင်းစေရန် လက်နက်ကိုင်၍ ခြိမ်းခြောက်ခဲ့သည်။

ထိုသို့ ခြိမ်းခြောက်ထားသော်လည်း အဆိုပါ စျေးနှုန်းများမှာ စစ်ကောင်စီ မျှော်မှန်းသလောက် ကျဆင်းခြင်းမရှိဘဲ ဈေးအမြင့်မှာပင်ငြိမ်နေသည်။

ယင်းပြင် စစ်ကောင်စီ၏ ဗဟိုဘဏ်က အကြောင်းအမျိုးမျိုးဖြင့်ပြည်ပသို့သွား ရောက်သူများ အနေဖြင့် AD လိုင်စင်ရဘဏ်များ၏ ငွေလဲကောင်တာတွင် ဗဟိုဘဏ် သတ်မှတ်ဈေး Online Trading Rate အပေါင်း ၁၀ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း ဇွန်လတွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ထို့သို့ ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီ၏ ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ၊ ယွမ်နှင့် ဘတ်ငွေများကို Online Trading Platform မှတစ်ဆင့်ပင် ဟန်ပြရောင်းချနိုင်ခြင်းမရှိပေ။

အမေရိကန်ဒေါ်လာဈေးမြင့်တက်မှုနှင့်အတူ တရုတ်ယွမ်၊ ထိုင်းဘတ်ဈေးတို့လည်း မြင့်တက်ကာ မြန်မာကျပ်ငွေ တန်ဖိုးပိုမိုကျဆင်းလာပြီဖြစ်သည်။

တရုတ်ယွမ်ဈေးနှုန်းသည် ဇွန် ၁ ရက်နေ့တွင် ၆၁၃ ကျပ်ရှိရာမှ ဇွန် ၁၅ ရက်နေ့တွင် တစ်ယွမ် ၆၃၉ ကျပ်ဖြစ်ပြီး ၂၆ ကျပ် ကျော်ဈေးမြင့်လာခြင်းဖြစ်သည်။

ထိုင်းဘတ်ဈေးနှုန်းသည် ဇွန် ၁ ရက်နေ့တွင် ၁၁၆ ကျပ်ရှိရာမှ ဇွန် ၁၅ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် ၁၂၄ ကျပ်ဖြစ်ကြောင်း ငွေလဲလှယ်သူများထံသိရသည်။

🟥ပြည်တွင်းရွှေဈေးနှုန်း

ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းလာသဖြင့် ပြည်တွင်းရွှေဈေးအနည်းငယ် ကျဆင်းလာသည်။ စစ်ကောင်စီက နာမည်ကြီးရွှေဆိုင်လုပ်ငန်းရှင်များကို ဖမ်းဆီးစစ်ဆေးခြင်းနှင့် လာရောက်စစ်ဆေး မခံသူများကို ဖမ်းဝရမ်းထုတ်ပြီး ရွှေဈေးကျဆင်းစေရန် လုပ်ဆောင်ခဲ့သည်။

ထိုသို့လုပ်ဆောင်ခဲ့သော်လည်း ရွှေဈေးက ဆက်လက်မြင့်တက်နေပြီးနောက် ကမ္ဘာ့ရွှေ ဈေးကျဆင်းချိန်တွင် အနည်းငယ် လိုက်ပါကျဆင်းလာသည်။ ရွှေဆိုင်များအနေဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ ရည်ညွှန်းဈေးဖြင့်သာ ရောင်းချရ မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“အသင်းကရောင်းဈေးနဲ့ နာမည်ကြီးဆိုင်တွေက ရွှေတစ်ပဲရောင်းပေးတယ်လို့ သိရ တယ်။ အခုရွှေဆိုင်တွေက ရွှေဝယ်ဖို့တိုကင်ယူထားရတယ်။ ဒါပေမဲ့ ကိုယ့်အလှည့် ရောက်ရင် ရွှေဝယ်လို့ ရ/မရ မသေချာဘူး။ အချို့ဆိုင်‌တွေက ဒီနေ့ဆိုင်မှာ ရွှေပြန်ရောင်း သူရှိတယ်ဆိုရင် အဲဒီရွှေကိုအခြားသူကိုပြန်ရောင်းပေးတာမျိုး။ သူတို့ဆီရှိနေတဲ့ ရွှေတွေ ရောင်းပေးတာမဟုတ်ဘူး။ ဖမ်းခံရမှာစိုးလို့ အဖွင့်ပြရုံပဲ ” ဟု ရန်ကုန်မြို့ခံ ရွှေဝယ်လို သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိပြင်ပပေါက်ဈေး အကယ်ဒမီအခေါက်ရွှေဈေးသည် တစ်ကျပ်သားကို ကျပ် ၅၂ သိန်းမှ ၅၃ ကြားရှိပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးကွက်တစ်ခုလို ဖြစ်နေသည်။

ဇွန် ၁၅ ရက်နေ့ အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၄၆ သိန်းကျော် ( ၄,၆၂၉,၅၅၁ ) ဖြင့် ရောင်းချရမည်ဟု ဈေးသတ်မှတ်ထားသည်။ ကမ္ဘာ့ရွှေဈေးသည် ရွှေတစ်အောင်စလျှင် ၂၃၀၇ ဒေါ်လာရှိကြောင်းသိရသည်။

အဆိုပါအသင်းသတ်မှတ်ချက်ဈေး ဇွန် ၁ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၄၁ သိန်းကျော် ( ၄,၁၄၀,၂၀၀ ) ဖြစ်သည်။ ယင်းနေ့တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၂၃၂၇ ဒေါ်လာဖြစ်သည်။

ထို့ပြင် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များ ဖွင့်လှစ်ရန်နှင့် ရွှေရောင်းချရန် ညွှန်ကြားကာ လိုက်နာခြင်းမရှိပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း YGEA က ထုတ်ပြန်သည်။

🟥ပြည်တွင်းစက်သုံးဆီဈေးနှုန်း
စစ်ကောင်စီက ပြည်တွင်းစက်သုံးဈေးကိုထိန်းချုပ်ထားရာတွင် ယခုနှစ်ပတ်အတွင်း တစ်ပတ်ဈေးကျပြီး တစ်ပတ်ဈေးတက်နေသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီနှင့် ဒီဇယ်အမျိုးအစားထဲက တစ်မျိုးမျိုးမှာ ကုန်နေလျှက်ရှိသည်။ ယခုသီတင်းပတ်တွင် ဒီဇယ်လီတာ ၁၀၀ ကျပ်မှ ၃၀၀ ကျော်ထိဈေးမြင့်လာသည်။

ဇွန် ၁၅ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၁၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၆၄၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၇၀၅ ကျပ် နှင့် ဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီထံက သိရသည်။

ဇွန် ၁ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာ ၂၅၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၆၆၅ ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၈၀ နှင့် ဒီဇယ်တစ်လီတာ ၂၃၃၀ ကျပ်ဖြင့် စစ်ကောင်စီက ဈေးနှုန်းထိန်းချုပ်ထားသည်။

“ ဆီဈေးကပုံမှန်ပဲပြောရမလား။ ဒီထပ်ဈေးထပ်ဆက်မတက်ဘူးပေါ့။ ဆီကတော့ မနက်ထည့်ရင် အကုန်ရတယ်။ ညနေပိုင်းတွေဆို လိုချင်တဲ့ဆီကိုရှာထည့်ရတာရှိတယ်။ ဆိုင်တွေမှာ ညနေဆို အောက်တိန်းမဟုတ်ရင် ပရီမီယံဒီဇယ်က ကုန်နေတတ်ပြီ” ဟု ရန်ကုန်မြို့ခံ ကိုယ်ပိုင်ရှင်မောင်းတစ်ဦးက ပြောကြားသည်။

🟥အခြေခံစားသောက်ကုန်ဈေးနှုန်း

သင်္ကြန်အပြီး မေလမှစတင်၍ မြင့်တက်လာသော အထွေထွေကုန်ဈေးက ဇွန်လလယ် ရောက်သည့်အထိ ဈေးတက်ကောင်းဆဲဖြစ်သည်။

ဈေးထဲမှာ ၊ လက်ဖက်ရည်ဆိုင်တွေမှာ၊ မုန့်ဆိုင်များအပါအဝင် လမ်းပေါ်၊ ဘတ်စ်ကားပေါ် တွေမှာ အိမ်ရှင်မများရဲ့ ညည်းတွားသံကို ကြားနေရဆဲဖြစ်သလို အိမ်ထောင့်တာဝန် ထမ်းဆောင်နေသာ အမျိုးသားများ၏ ညည်းတွားသံများကိုပါ ထပ်မံကြားနေရပြီ ဖြစ်သည်။

အခြေခံကုန်စည်ဖြစ်သည့် စားသုံးဆီဈေးမြင့်တက်နေသည်။ ကုန်စိမ်းဟင်းသီး ဟင်းရွက်နှင့် စားဖိုဆောင်သီးနှံ ဈေးမြင့်တက်နေသည်။ ထို့ပြင်အမြင့်တွင် ငြိမ်နေသော ဆန်ဈေးလည်း မြင့်တက်လာနေပြီဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးရပ်တန့်နေသဖြင့် ပြင်ပသွင်းကုန်ပစ္စည်းများ ဈေးဆက်လက်မြင့် တက်နေဆဲဖြစ်သည်။

ယခုသီတင်းနှစ်ပတ်တွင် ရှမ်းပြည်မှလာသော ဂေါ်ဖီထုပ်ဈေးမြင့်တက်သွားသည်။ လက်မ ၂၀ ကျော်ဆိုဒ်ရှိသော ဂေါ်ဖီတစ်ထုပ်ကို ကျပ် ၆၀၀၀ ဈေးဖြစ်ပေါ်ခဲ့သည်။ ယခု ဇွန်လလယ်တွင် တစ်ထောင်ကျပ်မှ နှစ်ထောင်ခန့် ဈေးပြန်ကျလာသည်။

“ ကုန်ကားဝင်ဖို့ရှိလို့ ဂေါ်ဖီဈေးနည်းနည်းကျတယ်။ အရင်လို ၁၂ ဘီးကားကြီးတွေနဲ့ တိုက်ရိုက်ဝင်တာမဟုတ်တော့ ဂေါ်ဖီတွေဈေးတက်တာ။ လမ်းမှာကြာတာလည်း ရှိမှာပေါ့။ အခုတစ်ခေါက် ဂေါ်ဖီအသေးဆိုဒ်တွေပဲရတယ် “ ဟု ရွှေပြည်သာမြို့နယ်ရှိ ကုန်စိမ်းရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာပြီး အထွေထွေ ကုန်ဈေးနှုန်းများ၏ ဈေးနှုန်းများက သုံးဆ ခန့်မြင့်နေသည်။ မိသားစုလေးဦးရှိသော အိမ်ထောင်စုတစ်စုတွင် အသားငါးနှင့်ဟင်းသီးဟင်းရွက်ပါဝင်သည့် စားစရိတ်က တစ်ပတ်ကို ကျပ်ငါးသောင်းမှ ခုနစ်သောင်းကြားကုန်ကျစရိတ်ရှိသည်။ ထိုထဲတွင် ဆန်၊ ဆီမပါဝင်ပေ။

ယခုနှစ်ပတ်အတွင်း ဆန်ဈေးနှုန်းသည် ဈေးအမြင့်မှာပင်ရှိနေပြီး ကျပ် ၅၀၀၀ မှ ၁၀၀၀ ကျပ် ကျော် ဈေးတက်လာကြောင်း ဆန်ဆိုင်များထံက သိရသည်။

ဆန်ချော ရွှေဘိုအိုးဝင် တစ်အိတ် ၁၈၅,၀၀၀ ကျပ်၊ ရွှေဘိုထူးထူးရှယ် ၁၆၆,၀၀၀ ကျပ်၊ကျားပျံ ၁၅၀,၀၀၀ ကျပ်၊ တောင်ပျံ ၁၄၂,၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမွှေး ၁၃၆,၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုး ၁၁၅,၀၀၀ ကျပ်၊ ဇီယာ ကျပ် ၈၇၀၀ ကျပ်ရှိကြောင်း ဆန်လက်လီ လက္ကားရောင်းချသူထံက သိရသည်။

ပြည်တွင်းသုံးစွဲမှုများသော စားအုန်းဆီဈေးသည် ယခုတစ်ပတ် စစ်ကောင်စီ သတ်မှတ်ချက် ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းသည်ပင် ယခင် တစ်ပတ်ကထက် ၉၅ ကျပ် ဈေးနှုန်းမြင့်တက်လာသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅,၃၆၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီတို့ ပူးပေါင်းပြီး စစ်ကောင်စီသတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချရာနေရာများတွင် ပြည်သူများ တိုကင်ဖြင့် တန်းစီးတိုးဝယ်နေရဆဲ ဖြစ်သည်။

သို့ရာတွင် စားအုန်းဆီကို တစ်ပိဿာရောင်းချနိုင်ခြင်းမရှိဘဲ ၅၀ ကျပ်သားပဲ ရောင်းချကြောင်း သိရသည်။ ယင်းပြင် ထိုင်းနိုင်ငံသွင်းကုန် နေကြာဆီ၊ ပဲပိစပ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီများဈေးမြင့်တက်နေသည်။

🟥စားဖိုဆောင်သီးနှံဈေးနှုန်း

စားဖိုဆောင်သီးနှံဈေးနှုန်းများတွင် ယခုတစ်ပတ်တွင် ချင်း ( ဂျင်း) ဈေးတက်လာသည်။ ပြီးခဲ့သည့်တစ်ပတ်တွင် တစ်ပိဿာ ကျပ် ၁၀၀၀၀ ဈေးရှိရာမှ ယခုတစ်ပတ်တွင် ၁၄၀၀၀ ကျပ်ရှိလာသည်။

ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၂၀၀၀ မှ ၁၄၀၀၀ ဖြစ်သွားသည်။ အားလူတစ်ပိဿာ ၃၅၀၀ ကျပ်ရှိသည်။

သားငါးဈေးတွင်မူ ကြက်သား (CP) ဈေးသည် တစ်ပိဿာ ၁၅၀၀၀ ကျပ်မှ ၁၈၀၀ ကျပ်ကြားတွင်ငြိမ်နေပြီဖြစ်သည်။
ဟင်းသီးဟင်းရွက်များဈေးများလည်း မြင့်တက်နေသည်။ ခရမ်းချဉ်းသီးတစ်ပိဿာ ၅၀၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် အသေး ၁၀၀၀ ကျပ် အကြီး ၅၀၀၀ ကျပ် ၊ ကန်စွန်းရွက်တစ်စီး ၈၀၀ ကျပ်၊ နံနံပင် ၅၀၀ ဖိုးဝယ်မှရသည်။ ခဝဲသီးတစ်ထောင့် ၁၀၀၀ ကျပ်၊ ဗုံလုံသီး ၁၀၀၀ ကျပ်၊ ဖလန်တောင်မွှေး ၁၀၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး ၃၀၀ ကျပ် ၊ မုန့်ညှင်းစိမ်း တစ်စီး ၄၀၀ ကျပ်ဈေးရှိသဖြင့် ဟင်းရွက်တစ်စီးဝယ်လျှင် ကျပ်ငွေ ၁၀၀၀ ကုန်ကျနေပြီဖြစ်သည်။

“ဈေးတွေကအကုန်အတက်ချည်းပဲ။ မတက်တာဘာမှမရှိဘူး။ အဝေးက လာတဲ့ ပစ္စည်းလည်းဝေးလို့ ဈေးတက်တယ်။ ဒီနားကထွက်တဲ့ကုန်လည်း ဈေးတက်တာပဲ။ ကုန်ပစ္စည်းရှားပါးတဲ့ စာအုပ်နဲ့တိုးဝယ်ရတဲ့ အမေတို့ခေတ်နဲ့ အဖွားတို့ခေတ်ကို ပြန်တော့မယ်” ဟု ရန်ကုန်မြို့ခံ အသက် ၃၀ ကျော်အရွယ်ရှိ အိမ်ရှင်မတစ်ဦးက ညည်းတွားပြောဆိုသည်။

(ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ရန်ကုန်မြို့အတွင်းရှိစျေးကွက်၊ ညောင်ပင်လေး ဈေးနှင့် လက်လီဈေးကွက်တို့တွင် ဇွန် ၁ ရက်နေ့မှ ဇွန် ၁၅ ရက်နေ့အတွင်း ကောက်ယူထားခြင်းဖြစ်ပြီး အချိန်နှင့် အမျှဈေးနှုန်း အပြောင်းအလဲ ဖြစ်ပေါ် နိုင်ပါသည်။)

#ဒေါ်လာရွှေစက်သုံးဆီဈေးနှုန်း #အခြေခံစားသောက်ကုန်ဈေးနှုန်း #စျေးကွက်သတင်း #ဇွန်၁မှဇွန်၁၅ရက် #Ayeyarwaddy_Times
ဘိုကလေးမြို့နယ်တွင် လယ်သမားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ အာမခံကျေးရွာတွင် ဇွန်လ ၁၅ရက်နေ့က လယ်သမား တစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"မနက် ၁၀နာရီကျော်လောက်ကဖြစ်မယ် သူတစ်ယောက်တည်း လယ်ထဲမှာ အလုပ်လုပ်နေရင်း မိုးကြိုးပစ်ခံရတာ ဆေးရုံပို့ချိန်တောင်မရလိုက်ဘူး ဆုံးသွားတယ်"ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

မိုးကြိုးထိမှန်သေဆုံးသူမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးငြိမ်းမောင်၊ အသက် (၅၇)နှစ်ဟု သိရှိရပြီး မိုးကြိုးထိမှန်သောကြောင့် နေရာမှာပင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ယခုနှစ် မိုးဦးအစပိုင်းကာလတွင် ဧရာ၀တီတိုင်း
အတွင်း အချို့ဒေသများတွင် ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့‌သည်။

#ဘိုကလေးမြို့ #လယ်သမားတစ်ဦး #မိုးကြိုးပစ်ခံရပြီးသေဆုံး #Ayeyarwaddy_Times
မြန်မာဘက်က တိုက်ခိုက်လာရင် မဆိုင်းမတွ တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြော

ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

မြန်မာဘက်မှ ပစ်ခတ်မှုတွေက စိန့်မာတင် (ရခိုင်အခေါ် အုန်းကျွန်း) သို့ ရောက်ရှိမှုကိစ္စကို ဆွေး နွေးမှုတွေကတစ်ဆင့် ဖြေရှင်းဖို့ ကြိုးပမ်းနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပို့ဆောင်ရေးနှင့် တံတားများဝန်ကြီး အိုဘိုင်ဒူလ်ကွက်ဒါက ယနေ့ ပြောကြားလိုက်ပါတယ်။

“အကြမ်းဖက်မှုနဲ့ မြန်မာအကျပ်အတည်းကြောင့် ကျွန်တော်တို့ ဒုက္ခရောက်ရင် စိတ်မကောင်းစ ရာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စစ်မဖြစ်အောင် ဆွေးနွေးမှုတွေကတစ်ဆင့် ဆက်လက်ပြီး အဖြေရှာမှာပါ။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စော်ကားခံရရင် တုံ့ပြန်သွားမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါကာမြို့တော်ရှိ Awami League ပါတီဥက္ကဌရုံးခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဆိုပါ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ၎င်းက အခုလို ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့က အဆင်သင့်ပါပဲ။ ကျွန်တော်တို့ကတော့ မတိုက်ခိုက်ပါဘူး။ ဒါပေမယ့် မြန်မာ နိုင်ငံက တိုက်ခိုက်လာရင် ကျွန်တော်တို့ အချိန်မဖြုန်းဘဲ တုံ့ပြန်မှာပါ။ ကျွန်တော်တို့ကို တိုက်ခိုက်ရင် ခု ခံတော်လှန်မှု ပြုလုပ်မှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို မုန်းတီးမှုမရှိပါဘူး။ ဆွေးနွေးဖို့ တံခါးဖွင့်လှစ် ထားပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းရေး ပြဿနာအချို့ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားအချင်းချင်း ကြား ပဋိပက္ခဖြစ်နေကြောင်း၊ မြန်မာပြည်တွင်းစစ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခရောက်ပါက ကံဆိုးမှု ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနဲ့ စစ်မဖြစ်လိုတာကြောင့် ဆွေးနွေးမှုတွေကတစ်ဆင့် ဖြေရှင်း ဖို့ ကြိုးစားနေကြောင်း၊ တိုက်ခိုက်ခံရပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံက တုံ့ပြန်သွားမှာဖြစ်ကြောင်း၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို လျှော့တွက်စရာအကြောင်းမရှိဘူးလို့ ၎င်းက ဆိုပါတယ်။

“ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက လူသားချင်းစာနာမှုတွေကြောင့် နယ်စပ်တွေကို ဖွင့်လှစ်ခဲ့တာပါ။ ဒါကြောင့် သူ့ကို လူသားဆန်မှုမိခင်ကြီးလို့ ခေါ်ဆိုတာပါ။ အခုဆိုရင် ကမ္ဘာ့တိုင်းပြည်တွေနဲ့ အဖွဲ့အစည်း တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချီးကျူးကြပါတယ်” လို့ အိုဘိုင်ဒူလ်ကွက်ဒါက ပြောပါတယ်။

ရိုဟင်ဂျာတွေအတွက် အကူအညီပမာဏက သိသိသာသာ လျှော့နည်းခဲ့ပြီး စီးပွားရေး အကျပ်အ တည်းနဲ့ပတ်သက်လို့ စိုးရိမ်နေကြောင်း၊ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ရဲ့ ထပ်တိုး ဝန်ထုပ် ဝန်ပိုးက ဖိအားဖြစ်စေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား - BSS News
Ref; If Myanmar firing hits any Bangladeshi, response will be given: Quader

#Ayeyarwaddy_Times
Media is too big
VIEW IN TELEGRAM
တပတ်အတွင်း ဧရာဝတီတိုင်းမှ ထူးခြားသတင်းများ

ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

ဒီတပတ်မှာတော့ ဧရာဝတီတ်ုင်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားသတင်းတွေဖြစ်တဲ့

- အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာခွင့်မဲ့ပျက်ကွက်တဲ့ စစ်ကောင်စီတပ်သားတွေကိုတောခိုတယ်လို့ဆိုကာငွေတောင်း

- မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူ ဝိဇ္ဇာတွဲ ၁၀ ဦးတွင် ဧရာဝတီတိုင်းမှ ၄ ဦးပါဝင်

- ဟင်္သာတမြို့မှာ PDF ကိုထောက်ပံ့တယ်လို့ စွပ်စွဲဖမ်းဆီးခံထားရသူရဲ့ အိမ်နဲ့ခြံကို စစ်ကောင်စီ ချိပ်ပိတ်

စတဲ့သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။
စစ်တွေမြို့နယ် ကျေးရွာ ၁၂ ရွာရှိ ဒေသခံများကို စစ်ကောင်စီက စစ်တွေမြို့တွင်းသို့ အဓမ္မ ရွှေ့ပြောင်း ခိုင်းခဲ့ပြီးနောက် ဧည့်စာရင်း အကြောင်းပြကာ ဖမ်းဆီး

ဧရာဝတီတိုင်းမ်
ဇွန် ၁၆ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရွာ ၁၂ ရွာမှ ဒေသခံများကို စစ်ကောင်စီက စစ်တွေမြို့အတွင်းသို့ အတင်းအဓမ္မပြောင်းရွှေ့ခိုင်ခဲ့ပြီးနောက် ဧည့်စာရင်း အကြောင်း ပြကာ ဖမ်းဆီးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၁၅ရက် ညပိုင်းက ဧည့်စာရင်းစစ်သည်ဟုဆိုကာ ဒေသခံပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူအများစုမှာ ပြီးခဲ့သည့် ရက်ပိုင်းက စစ်တွေမြို့အတွင်း ဖိအားပေးပြောင်းရွှေ့ခိုင်းခြင်းခံခဲ့ရသည့် တြီတဲ မြစ်ရိုးတလျှောက်ရှိ ရွာ ၁၂ရွာမှ ဒေသခံအများစု ဖြစ်ကြောင်း သိရသည်။

"မှတ်ပုံတင်ရော အိမ်ထောင်စုစာရင်းရော ပြနိုင်တယ်။ ဒါပေမယ့် မရဘူး ဖမ်းသွားတယ်။ တချို့ဆို မိသားစုလိုက် အဖမ်းခံရတယ်ပြောတယ်။ အိမ်တွေကိုဝင်စစ်ပြီးဖမ်းတာပါ။ သူတို့ရွှေ့ပေးထားတဲ့ ဘုန်းကြီးကျောင်းတွေဘက်ကတော့ စစ်လား၊ မစစ်လား မသိဘူး။ ညကရပ်ကွက် ၃ခုကိုစစ်သွားပြီး လူ ၅၀လောက်ပါသွားတယ်လို့ သတင်းကြားပါတယ်" ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တွေမြို့ မင်းဂံ အမှတ် (၈)ရပ်ကွက်၊ အမှတ် (၉)ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်တို့ကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပြ နိုင်သော်လည်း အကြောင်းမဲ့ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေချမ်းပြင်၊ အုန်းရေဖော်၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲကျေးရွာ၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ ပျားလယ်ချောင်းရွာဟောင်း၊ ပျားလယ်ချောင်း ရွာသစ်၊ သင်ပုန်းတန်း၊ မောင်နီပြင် စသည့် ကျေးရွာ ၁၂ရွာမှ ဒေသခံများကို ပြီးခဲ့သည့် ဇွန် ၉ရက်နေ့မှ ၁၄ရက်နေ့အတွင်း စစ်တွေမြို့ရှိ ဓမ္မာရာမ၊ ဝိဘဇ္ဇာဝါဒီ နှင့် စစ်ကဲ စသည့် ဘုန်းကြီးကျောင်းများသို့ အပြီးပြောင်းရွှေ့ပေးရမည်ဟု စစ်ကောင်စီက အဓမ္မ ညွှန်ကြား ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ကျေးရွာ ၁၂ ရွာကို ပြောင်းရွှေ့ရန် အဓမ္မခိုင်းစေခဲ့ပြီးနောက် အဆိုပါ ကျေးရွာများမှ နေအိမ်များသို့ ဝင်ရောက်၍ အိမ်စောင့်ကျန်ခဲ့သူများကို ဖမ်းဆီးကာ နေအိမ်အတွင်းရှိ အသုံး အဆောင်ပစ္စည်းများကို ယူငင်လျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ပြောင်းရွှေ့မိန့်ပေးထားသည့် ရက်အပြီး ဇွန် ၁၅ရက်တွင် စစ်တွေမြို့အတွင်း ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးပြီး အတင်းအဓမ္မပြောင်းရွှေ့ခံရ၍ နေစရာမဲ့နေသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ-စစ်တွေမြို့အတွင်းသို့ တင့်ကားများဖြင့်လှည့်လည်နေသည့် စစ်ကောင်စီတပ် (ပုံဟောင်း)

#စစ်‌တွေ #စစ်ကောင်စီ #ဧည့်စာရင်းအကြောင်းပြ #ဒေသခံ၅၀ #ဖမ်းဆီးခံရ #Ayeyarwaddy_Times
ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနယ်စပ်အခြေအနေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေ
(ပြဿနာကို ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းလိုပြီး မြန်မာနဲ့ စစ်မဖြစ်လို့ဟု ဘင်္ဂလားဒေ့ရှ် ဆို)

ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနယ်စပ်အခြေအနေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေတယ် လို့ ပို့ဆောင်ရေးနှင့် တံတားများဝန်ကြီး အိုဘိုင်ဒူလ်ကွက်ဒါက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘယ်သူ့ကိုမှ အောက်ကျို့ခယခဲ့တာ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနယ်စပ်အခြေအနေကို တင်းကြပ်စွာ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ တပ်လှုန့်ထားဆဲပါ” လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

BNP ပါတီ အထွေထွေ အတွင်းရေးမှူး ဖာရွက်အစ္စလာမ်က စိန့်မာတင်ကျွန်း ဖြစ်စဉ်နဲ့ပတ်သက် လို့ တာဝန်မဲ့သော ထုတ်ပြန်ချက်တစ်ရပ် ပြုလုပ်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

“စိန့်မာတင်ကျွန်းမှာ ပစ်ခတ်မှုဖြစ်စဉ်က အာရက္ခတပ်တော် (AA) ရဲ့ လုပ်ရပ်ဖြစ်ပါတယ်။ မြန် မာစစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့တာမဟုတ်ပါဘူး” လို့ သူက ရှင်းပြပါတယ်။

“ကျွန်တော်တို့ ဆွေးနွေးမှုကနေတစ်ဆင့် ပြဿနာကို ဖြေရှင်းလိုပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနဲ့ စစ်မဖြစ်ချင်ပါဘူး” လို့ အိုဘိုင်ဒူလ်ကွက်ဒါက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ဘယ်သူ့ကိုမှ အောက်ကျို့ခယခဲ့တာမရှိပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံခဲ့ပြီး သူတို့ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

စိန့်မာတင်ကျွန်းကို မြန်မာနိုင်ငံက သိမ်းပိုက်ထားတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို တပ်လှုန့်ထားတယ်လို့ ၎င်းက ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမှာဖြစ်ကြောင်း၊ ရိုဟင်ဂျာဒုက္ခ သည်တွေကို နေရပ်ပြန်ပို့မယ့် သံတမန်ရေးရာ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါ တယ်။

ကိုးကား - BSS News
Ref; Govt strictly monitors Myanmar border situation: Quader

#Ayeyarwaddy_Times
Channel photo updated
ယူကရိန်း စွမ်းအင် အခြေခံအဆောက်အအုံတွေပြုပြင်ဖို့ ကန်ဒေါ်လာ ၁၀၃ သန်း နော်ဝေ ထောက်ပံ့

ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြုပြင်ဖို့နဲ့ လာမယ့်ဆောင်းရာသီမတိုင်မီ လျှပ်စစ် ဓာတ်အားပို့လွှတ်မှု လုပ်ဆောင်နိုင်ဖို့ ယူကရိန်းသို့ ဒေါ်လာ ၁၀၃ သန်း ထောက်ပံ့မယ်လို့ နော်ဝေနိုင်ငံက ဇွန်လ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။

“ယူကရိန်းနိုင်ငံရဲ့ မဟာဓာတ်အားလိုင်းကို ဖျက်ဆီးဖို့ ရုရှားက စနစ်တကျ တိုက်ခိုက်မှုတွေ ပြု လုပ်နေပေမယ့် ယူကရိန်းတွေက ပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ နေ့ရောညပါ ဆောင် ရွက်နေပါတယ်” လို့ နော်ဝေဝန်ကြီးချုပ် ဂါစတိုးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ယူကရိန်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ အ စိုးရက ပြောပါတယ်။

“ငွေကြေးထောက်ပံ့မှုတွေကို ဘယ်လို ထိထိရောက်ရောက် သုံးစွဲမလဲဆိုတာကို ကျွန်တော်တို့ ယူကရိန်းနဲ့ အနီးကပ် ဆွေးနွေးနေပါတယ်။ လာမယ့် ဆောင်းရာသီမတိုင်မီ စွမ်းအင်ဆိုင်ရာ အခြေခံအ ဆောက်အအုံတွေပြုပြင်မှု စတင်ဖို့ အရေးကြီးပါတယ်” လို့ သူက ဆိုပါတယ်။

မကြာသေးမီက ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ခါကတ်ဗ်ဒေသရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပြုပြင်ဖို့ ခရိုနာ သန်း ၁၂၀ ထောက်ပံ့ဖို့ ဆုံးဖြတ်ထားတယ်လို့ နော်ဝေနိုင်ငံ က ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ နော်ဝေနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့်တန်ကြေးရှိ ခရိုနာ ၂ ဒသမ ၁ ဘီလီယံနဲ့ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ သန်း ၁၉၀ ခန့်တန် ကြေးရှိ ခရိုနာ ၁ ဒသမ ၉ ဘီလီယံ ထောက်ပံ့ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း ယူကရိန်းသို့ စစ်ရေးနဲ့ အရပ်ဘက်အကူ အညီ ခရိုနာ ၇၅ ဘီလီယံ ပံ့ပိုးကူညီဖို့ နော်ဝေနိုင်ငံက ကတိပြုခဲ့ပြီး ရန်ပုံငွေကို ယူကရိန်းနိုင်ငံရဲ့ လိုအပ် ချက်နဲ့အညီ ခွဲဝေသတ်မှတ်မယ်လို့ သိရပါတယ်။

ကိုးကား - AFP
Ref; Norway gives US$103m to Ukraine to secure electricity

#Ayeyarwaddy_Times
သံလျင်တံတားဖွင့်ပွဲကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ရန်ကြံစည်သည်ဟုဆိုကာ ရန်ကုန်ရှိ လူငယ် ၄ ဦးကို စစ်ကောင်စီထပ်မံဖမ်းဆီး

ဧရာဝတီတိုင်းမ်
ဇွန် ၁၇ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင်တံတား အမှတ်(၃) ဖွင့်ပွဲကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်ကြံစည်သည်ဟုဆိုကာ ရန်ကုန်ရှိ နောက်ထပ် လူငယ် ​လေး ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့ကြောင်းသိရသည်။

ယနေ့ ဇွန် ၁၇ရက်တွင် သံလျင်တံတားဖွင့်ပွဲကို ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ရန်ကြံစည်သည့် ရန်ကုန်မြို့ပြပြောက်ကျား အဖွဲ့ဝင် လေး ဦးကို ထပ်မံဖမ်းဆီးထားကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသူများမှာ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Dark Shadow မှ ကိုမျိုးသိန်းထွန်း၊ ကိုထက်၊ ကိုရဲဇော်ထွန်းနှင့် ကိုရှိန်းမြင့်မိုရ်အောင်တို့ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန် ၁၄ရက်နေ့က အဆိုပါ လေးဦးကို မူလကဖမ်းဆီးထားသည့် လူ ကိုးဦး၏ ထွက်ဆိုချက်များအရ ဆက်စပ် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဖမ်းဆီးခံရသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအတွင်းရှိ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင် ဖောက်ခွဲရေးလုပ်ငန်းများကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

သံလျင်အမှတ် (၃) တံတားဖွင့်ပွဲကို ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန်ကြံစည်သည်ဟုဆိုကာ လူ ကိုးဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖွင့်ပွဲပြုလုပ်ခဲ့သည့် ဇွန် ၈ရက်နေ့တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၁ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာဟောင်းအတွင်းတွင် လူ ခုနစ်ဦးကို ရှော့တိုက်ဒုံးတစ်လုံး၊ ဆက်စပ်ပစ္စည်းများနှင့်ဖမ်းမိပြီး ဇွန် ၉ရက်နေ့တွင် တောင်ဒဂုံမြို့နယ်မှ နောက်ထပ်လူ နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

Dark Shadow အဖွဲ့ကို ဧရာဝတီတိုင်းမ်မှ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူမှာ တိုက်ပွဲအတွင်းရှိနေသည့်အတွက် ယခု ကိစ္စကို ဖြေကြားနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ-စစ်ကောင်စီ

#သံလျင် #အမှတ်၃တံတား #မြို့ပြပြောက်ကြားအဖွဲ့ #စစ်ကောင်စီ #ထပ်မံဖမ်းဆီး #Ayeyarwaddy_Times