Ayeyarwaddy Times
32K subscribers
19.4K photos
439 videos
3 files
2.03K links
For Freedom Justice & Peace
Download Telegram
ပျောက်ဆုံးနေတဲ့ ကလေးသုံးသန်းကျော် ဘယ်မှာလဲ (အတွေးအမြင်ဆောင်းပါး)

ဆောင်းပါးရှင် - မောင်ကောင်း
ဧရာ၀တီတိုင်းမ်/ဇွန် ၇ ရက်

မြန်မာနိုင်ငံမှာရှိတဲ့ စာသင်ကျောင်းတွေကနေ ကလေးသုံးသန်းကျော်ဟာ လက်ရှိမှာ ပျောက်ဆုံးနေပါတယ်။ ဒီကလေးတွေ ဘယ်မှာလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့အတွက် ဘယ်သူတွေကို မေးရပါမလဲ။

ဒီ မေးခွန်းကိုမဖြေခင် သက်ဆိုင်တဲ့ အကြောင်းအရာအချို့ကို ပြောပြပေး လိုပါတယ်။

“ ဦးချိုရှိတဲ့ သတ္တဝါက ဦးချိုနဲ့ အနိုင်ယူပါတယ်။ ဒီလိုပဲ အစွယ်ရှိတဲ့ သတ္တဝါဟာလည်း အစွယ်နဲ့ အနိုင်ယူတတ်ပါတယ်။ အဆိပ်ရှိတဲ့သတ္တဝါက အဆိပ်နဲ့ အနိုင်ယူတတ်တာမို့ အာဏာကို လိုချင်လာတဲ့ သတ္တဝါဟာလည်း သူ့မှာကိုင်ထားတဲ့ လက်နက်ကို အားကိုးပြီး အနိုင်ယူမှာပါ။ ဒါဟာသတ္တဝါ လောကကြီးရဲ့အနိုင်ယူမှုနိယာမလို့တောင် ဆိုလို့ရပါတယ်”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လက်နက်အားကိုးနဲ့ မြန်မာနိုင်ငံ ကိုသိမ်းယူခဲ့ပါတယ်။

အကျိုးဆက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့တဲ့ ထင်ရှားသူတချို့ဟာ ဧပြီ ၁၆ ရက်နေ့မှာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းပြီး ပြည်သူ့အစိုးရအဖြစ် ကြေညာလိုက်တာပါပဲ။

ပျော်စရာကောင်းတဲ့ နိုင်ငံလေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီ အစိုးရနဲ့ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် ဖြစ်လာတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဆိုပြီး အစိုးရ နှစ်ရပ် ရှိလာခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးတွေအကြောင်း ဆက်သွားကြည့်ရအောင်ပါ။

အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တုန်းက မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေမှာ စုစုပေါင်း ကျောင်းအပ်နှံသူ ၉ ဒသမ ၇ သန်းကျော်ရှိခဲ့ပါတယ်။ အခုနောက်ဆုံး စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေ အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းနေအရွယ် ကလေး ၆ ဒသမ ၃ သန်း ကျောင်းလာရောက်အပ်နှံကြတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းနေရမယ့်အရွယ် ကလေးပေါင်း သုံးသန်းကျော်ဟာ မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေပါတယ်။

ပျောက်ဆုံးနေတဲ့ အခြေခံပညာကျောင်းသားတွေကို အပေါင်းအနုတ်လေး နည်းနည်း လုပ်ကြည့်ရအောင်ပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁-၂၀၂၂ အာဏာသိမ်းပညာသင်နှစ်မှာတော့ အခြေခံပညာ ကျောင်းတွေမှာ ကျောင်းအပ်တဲ့အရေအတွက်ဟာ ၄ဒသမ၇ သန်းကျော်သာရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ လာရောက်အပ်နှံတဲ့ ကျောင်းသားဦးရေဟာ ၆ ဒသမ ၄ သန်းကျော်သာ ရှိပါတယ်။

ဒီနှစ် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်မှာလည်း ကျောင်းအပ်နှံတဲ့ ကျောင်းသားဦးရေဟာ ၆ ဒသမ ၃ သန်းကျော်သာရှိနေပြီး အမှန်တကယ် ကျောင်းတက်ရောက်တဲ့ အရေအတွက်ကိုတော့ သိရှိရခြင်း မရှိပါဘူး။

စစ်တပ်အာဏာသိမ်းထားစဉ် ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝန်းကနေ ဖြေဆိုသူ ၂၈၁,၇၅၁ ဦးရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်မှာတော့ တက္ကသိုလ် ဝင်တန်းစာမေးပွဲကို ၁၆၁,၈၅၀ ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။

အဲ့သည်လိုပဲ ၂၀၂၂-၂၀၂၃ ခုနှစ်မှာတော့ ၁၄၆,၅၂၃ ဦးဝင်ရောက်ဖြေဆိုခဲ့တာမို့ စစ်ကောင်စီ အာဏာသိမ်းထားစဉ်မှာပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၆သိန်းနီးပါးရှိပါတယ်။ ဒါကြောင့် အာဏာမသိမ်းခင်က အခြေခံပညာ ကျောင်းတက်သူ ၉ ဒသမ ၇ သန်းကျော်ထဲက ၆ သိန်းနှုတ်ရင် ၉ ဒသမ ၁ သန်းကျော် ကျန်ပါတယ်။

လက်ရှိ ကျောင်းအပ်ထားတဲ့ အခြေခံပညာ ကျောင်းသား ၆ဒသမ၃သန်း ကျော်သာရှိတာမို့ ကျောင်းတက်ရမယ့် ၉ ဒသမ ၁ သန်းကျော်နဲ့ ချိန်ဆကြည့်ရင် ပျောက်ဆုံးနေတဲ့ ကလေးက ၂ဒသမ၈သန်း ရှိပါတယ်။

ကျောင်းအပ်ပြီး ကျောင်းမတက်သူ ၊ စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်းမှာ ထပ်မံကျောင်းနေရမယ့် ကလေးအရေအတွက်ပါ ထည့်ပေါင်းရင် စာသင်ခန်းနဲ့ ဝေးနေသူ ကလေးငယ် သုံးသန်းအထက်မှာရှိနေတယ်လို့ပဲ နားမရှုပ်အောင် လွယ်လွယ် မှတ်သားထား လိုက်ပါ။

အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ဆီ ရောက်နေတဲ့ ကလေးတွေ ဘယ်လောက်ရှိလဲ ဆိုတာ ဆက်ကြည့်ရအောင်ပါ။ လက်ရှိမှာတော့ NUG ဟာ ကြားကာလ အခြေခံပညာရေး အွန်လိုင်းကျောင်း ပေါင်း ၇၆ ကျောင်းကို ဖွင့်လှစ်ထားပြီး တော်လှန်ရေးဒေသနဲ့ တိုင်းရင်းသား ဒေသတွေမှာလည်း မြေပြင် ကျောင်းတွေ ဖွင့်လှစ်နေပါတယ်။

မကြာသေးခင်ကပြုလုပ်တဲ့ NUG ပညာရေးဌာန ရဲ့ ၂၀၂၃ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ လျှောက် ထားသူ ၇၅၀၀၀ ရှိခဲ့ပြီး ဖြေဆိုသူတွေအနက် ၅၀၀၀၀ ခန့်က Certificate ရရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG အနေနဲ့ ပညာရေးကို လုပ်ဆောင်နေပေမယ့် ပျောက်ဆုံးနေတဲ့ အခြေခံပညာ ကျောင်းသား သုံးသန်းကျော်လောက်ထဲက သိန်းဂဏန်းလောက်ကိုသာ ဖြည့်ဆည်းနိုင်တာ ကို တွေ့ရပါတယ်။

ဖတ်ခဲ့ဖူးတဲ့ ဟာသလေး တစ်ခု ဝေမျှချင်ပါတယ်။

ဂျော်နီအမေ ဟာ သားငယ် ဂျော်နီ ရှိတဲ့ ကလေးထိန်း ဌာနကို ရောက်လာပြီး သားကို ပထမဆုံး အကြိမ် လာကြိုပါတယ်။

ဂျော်နီရဲ့အမေဟာ ဂျော်နီကို ရှာဖို့အတွက် ပထမအထပ်မှာ ကြည့်လိုက်ပါတယ်။ “ လိမ်မာသော ကလေးများ ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာကိုတွေ့ရပြီး ဂျော်နီကို မတွေ့ပါဘူး။
ဒုတိယထပ်ကို ဆက်တက်ခဲ့တဲ့အခါမှာလည်း “သာမန်ကလေးများ ” ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရပြီး ဂျော်နီမရှိပါဘူး။

ဒါကြောင့်ဂျော်နီရဲ့အမေဟာ တတိယအထပ် သို့ ဆက်တက်ခဲ့ပါတယ်။ အဲ့ဒီ အထပ်မှာလည်း “ကလေးဆိုးများ” လို့ ရေးထားတဲ့ဆိုင်းပုတ်သာရှိပြီး ဂျော်နီကိုမတွေ့ခဲ့ရပါဘူး။

ဒီလိုနဲ့ စတုတ္ထအထပ်သို့ ထပ်တက်ခဲ့တဲ့အခါမှာလည်း “အလွန်ဆိုးသော ကလေးများ ” ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်ရပြီး ဂျော်နီကို ရှာမတွေ့ပြန်ပါဘူး။

ဂျော်နီရဲ့ အမေဟာ နောက်ဆုံး အထပ်သာ ကျန်တော့တဲ့ လှေကားကို ဆက်တက်ခဲ့ရာမှာတော့ ဆိုင်းပုတ် တစ်ခုရေးထားတာကို လှေကားထိပ်ကနေလှမ်းတွေ့ လိုက်ရပါတယ်။

ဆိုင်းပုတ်မှာ ရေးထားတာ “ ဂျော်နီ ” ပါတဲ့။ ဟာသလေးကတော့ ဒါပါပဲ။

"ကျွန်တော်မလုပ်ရဲတာ ဘာမှမရှိဘူး" လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ “အလွန်ဆိုးသော ကလေးများ” ရဲ့အပေါ်မှာ ရောက်နေတဲ့ ဂျော်နီ ရဲ့ အထက် မှာတောင် ရှိချင်ရှိနေမှာပါ။

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှုရဲ့ထိပ်ဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံပါဝင် တယ်လို့နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ (GCPEA) ရဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေစာသင်ကျောင်းတွေကို စစ်ရေး ပစ်မှတ် အဖြစ် အသုံးပြုတိုက်ခိုက်ခဲ့တာရှိပြီး တိုက်ခိုက်မှုအနေနဲ့ ဖြစ်စဉ်ပေါင်း ၅၀၀ ကျော်ရှိတယ်လို့ GCPEA ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဆရာ၊ ဆရာမတွေ လိုက်နာရမယ့် အချက် ၁၂ ချက်ကို ထုတ်ပြန်ပါတယ်။ အဲ့ဒီအထဲမှာ ကျောင်းတက်ရောက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးဆိုတဲ့အချက်ပါပါတယ်။

ဒါဟာ အရှင်ထွက် မထွက်ဖို့ ညွှန်ကြားချက်သာဖြစ်ပါတယ်။

လက်တွေ့မှာတော့ စစ်ကောင်စီရဲ့ လေကြောင်းကနေဗုံးကြဲမှုကြောင့် စာသင်ကျောင်းတွေ မှာပဲ အသေထွက် ထွက်သွားရတဲ့ ကလေးငယ်တွေ များစွာရှိနေပါတယ်။ ဒါ့အပြင် အဝေးကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးလာလို့ ပိတ်လိုက်ရတဲ့ စာသင် ကျောင်းတွေလည်း ရှိပါတယ်။

စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေတဲ့ ဒေသတွေက ကလေးသူငယ်တွေဟာ ပညာသင်ကြားခွင့်ကို ဆုံးရှုံးနေပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့သာ နေထိုင် နေရပါတယ်။

မကြာသေးခင်က ပြုလုပ်တဲ့ မြန်မာလူငယ်နှင့် ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂ အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် လူငယ်နဲ့ကလေးငယ် ထက်ဝက်ကျော်ဟာ ကျောင်းထွက်ခဲ့ရပြီး ပညာရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပိုမို ရရှိဖို့ လိုအပ်တယ်လို့ ဗြိတိန်သံအမတ်ကြီး ဂျိမ်းစ်ကာရီ အော်ကီက ဆိုထားတယ်။

အင်္ဂလိပ်ကျောင်းတက်ပြီး အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေ၊ ဂျပန်မှာစစ်ပညာသင်ပြီး ဂျပန်ကို မောင်းထုတ်ခဲ့သူတွေရဲ့ သမိုင်းကြောင်းကလည်း ပုံပြင်တွေ မဟုတ်ခဲ့တာကို သိကြမှာမို့ ကလေးငယ်တွေဟာ ဘယ်နေရာမှာမဆို ပညာသင်ကြားခွင့်ရရေးသာ အဓိကလို့ ဆိုနိုင်ပါတယ်။

ဆုံးရှုံးသွားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေဟာ အချိန်ကာလတစ်ခုမှာ အစားထိုးပြန်လည် တည်ဆောက်လို့ ရကောင်းရနိုင်ပါတယ်။ ပညာသင်ကြားရမယ့် အရွယ်မှာ ပညာမသင် ယူခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဆုံးရှုံးမှုကိုတော့ လာမယ့် တိုင်းပြည်တစ်ခုရဲ့ အနာဂတ်မှာ ဘယ်အရာနဲ့မှ ပြန်လည်ပြီးအစားထိုးပေးဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် စစ်ကောင်စီကို အသာထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကလေးမိဘတွေ အားလုံးက ဒီမေးခွန်းကို ဖြေပေးစေ ချင်ပါတယ်။ သူတို့တွေဟာ ဂျော်နီ မဟုတ်သလို ဂျော်နီထက်ပိုပြီး ဆိုးသွမ်းသူတွေလည်း မဟုတ်ကြပါဘူး။

လက်ရှိ ကျောင်းတက်နေကြတဲ့ ကလေးတွ ကျောင်းကနေ ပျောက်ကွယ်မသွားစေဖို့နဲ့ ပျောက်ဆုံးနေတဲ့ ကလေးသုံးသန်းကို ဘယ်နေရာမှာ ဖြစ်ဖြစ်၊ ဘယ်အရပ်ဒေသကို ရောက်နေပါစေ ပညာသင်ကြားခွင့် ပေးကြမှာပါလား ဆိုတဲ့ မေးခွန်းပါ။

ဒီကလေးတွေ ပညာသင်ကြားခွင့် ရနိုင်ဖို့ ဘယ်သူတွေမှာ တာဝန် ရှိနေပါသလဲ။

ကလေးတွေ ပညာရေးကို အနှောက်အယှက်မရှိ လွတ်လွတ်လပ်လပ်နဲ့ အန္တရာယ်ကင်းစွာ သင်ကြားခွင့်ဖို့အတွက် ဆုတောင်းပြည့်နိုင်မယ် ဂါထာများရှိရင်လည်း လက်တို့ ဝေမျှစေချင်ပါတယ်။

“သင်္ကြန်မိုး” ရုပ်ရှင်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။

အဲ့ဒီမှာ နေအောင် ကို ခင်သန်းနုက ပြောခဲ့တဲ့ ဒိုင်ယာလောခ့် တစ်ခုက လူတိုင်းနီးပါးကို မှတ်မိစေမှာပါ။

"ကိုငြိမ်းမောင်ရယ်..ကလေးတွေကို ပျော်ရွှင်ခွင့် ပေးလိုက်ပါ"

#ပျောက်ဆုံး #ကလေးသုံးသန်းကျော်ဘယ်မှာလဲ #အတွေးအမြင်ဆောင်းပါး #မောင်ကောင်း #OpEd #Ayeyarwaddy_Times
အိုးဘိုထောင်ရှိ အကျဉ်းသား အကျဉ်းသူများတွင် ပွေး ယားနာ ကူးစက်မှုများခံစားနေရ

ဧရာဝတီတိုင်းမ်
(မန္တလေး)၊ ဇွန် ၇ ရက်

မန္တလေးတိုင်း၊ မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ရာသီဥတုအခြေအနေများနှင့် ဖမ်းဆီးခံရသည့် လူဦး ရေများပြားမှုကြောင့် ထောင်တွင်း ပွေး၊ ဝဲ၊ ယားနာ ရောဂါ ကူးစက်မှုများဖြစ် ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM) ထံက သိရသည်။

ယခုအခါ မိုးရာသီသို့ ရောက်ရှိလာသည်နှင့်အမျှအကျဥ်းသား၊ အကျဉ်းသူများ၏ အဝတ်အစားများ ခြောက် သွေ့ရန်ခဲယဉ်းခြင်း၊ အဝတ်အထည်လုံလောက်စွာမရှိခြင်း၊ လူဦးရေထူထပ်စွာနေရခြင်းများကြောင့် ယားနာ၊ ပွေး၊ ဝဲများပေါက်ကာ ကျန်းမာရေး စောင့်ရှောက်မှုလုံ လောက်စွာ ရရှိခြင်းမရှိ ကြောင်း သိရသည်။

"ကျန်းမာရေးစောင့်ရှောက်မှုတွေအနေနဲ့ က ပွေး၊ ဝဲ၊ ယားနာဖြစ်တဲ့အရေအတွက်က အရမ်းများတယ်။ အားလုံးကို လိမ်းဆေးတွေအပြည့်အဝမပေးနိုင်တာတွေ့ရတယ်။ ဆေးတဘူးကိုမျှပြီး သုံးရတာတွေရှိတယ်။ ကြာရှည်မှာ မပျောက်ပဲနဲ့ ပွေးဝဲယားနာဆေး ဆက်သုံးနေရတဲ့သူတွေရှိတယ်။ အရေအတွက်အားဖြင့် ၅၀၀၀ ဝန်းကျင်ရှိတဲ့ ထောင်တစ်ခုမှာ ၂၅၀၀ ရဲ့အထက်က မိုးရာသီကြောင့် အဝတ်အစားတွေမခြောက် တာကစလို့ ပွေး၊ ဝဲ၊ ယားနာ ပြသနာတွေ၊ လူဦးရေထူထပ်တဲ့အတွက်ကြောင့် ယားနာ တွေကူးစက်တဲ့ အခြေအနေတွေကို အိုးဘိုအကျဉ်းထောင်မှာ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်" ဟု PPNM အဖွဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းစမှစတင်၍ အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့်အတွက် အိုးဘိုအကျဥ်းထောင်အတွင်းရှိ လူဦးရေမှာ ထောင်အဆောက် အဦများနှင့် မျှတခြင်းမရှိဘဲ အကျဥ်းသား ၅၀ ခန့်သာ ပုံမှန်ထားလေ့ရှိသည့် အဆောင်များတွင် လူဦးရေ ၁၀၀၊ ၁၅၀၊ ၂၀၀ ခန့်ဖြင့် စုပြုံထားကြောင်း သိရသည်။

ထိုသို့ နေရာမလုံလောက်မှုများကြောင့် ကိုယ်ဝန်သည် အကျဥ်းသူများနှင့် ကလေးများတွင်လည်း အပူနာ၊ မိတ်ဖုများ စသည့် အရေပြားဆိုင်ရာပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။

ထို့ပြင် အဆိုပါ နေရာကိစ္စနှင့် စပ်လျဥ်းပြီး နိုင်ငံရေးအကျဥ်းသူတစ်ဦး နှင့် အခြားအမှုအကျဥ်းသူတစ်ဦးတို့ စကားများခဲ့ကြရာ နိုင်ငံရေးအကျဥ်းသူကို တိုက်ပိတ် ပြစ်ဒဏ် ပေးခဲ့ကြောင်းလည်း PPNM ထံက သိရသည်။

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၀၀၀ ကျော်ရှိကြောင်း သိရပြီး နိုင်ငံ ရေးအကျဉ်းသား၊ အကျဉ်းသူ ပေါင်း ၃၀၀၀ ရှိကြောင်း ပြီးခဲ့သည့် ဇွန် ၆ ရက် နေ့တွင်ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ အစီရင်ခံစာအရ သိရသည်။

ဓာတ်ပုံ - အိုးဘိုထောင်

#မန္တလေး #အိုးဘိုထောင် #နိုင်ငံရေးအကျဉ်းသား #နေရာမလုံလောက်မှု #ယားနာပေါက် #Ayeyarwaddy_Times
ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ F-16 ဂျက်တိုက်လေယာဉ် အပိုအစိတ်အပိုင်းတွေ ရောင်းချကြောင်း အမေရိကန် ကြေညာ

ဧရာဝတီတိုင်းမ်
ဇွန် ၇ ရက်

ထိုင်ဝမ်သို့ ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိ F-16 ဂျက်တိုက်လေယာဉ် အပိုအစိတ်အပိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်သို့ F-16 ဂျက်တိုက်လေယာဉ် အပိုအစိတ်အပိုင်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမယ့်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ကွန်ဂရက်သို့ အကြောင်းကြားထား တယ်လို့ ပင်တဂွန် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ကြေညာပါ တယ်။

မေလအတွင်း ထိုင်ဝမ်သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုင်ဝမ်သို့ စစ်လက်နက်တွေ သို့မဟုတ် ဆက်စပ်ပစ္စည်းတွေ ရောင်းချကြောင်း အမေရိကန်အစိုးရက ကြေညာတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ယခုဆုံးဖြတ်ချက်ဟာ ထိုင်ဝမ်ရဲ့ကာကွယ်ရေးမှာ အမေရိကန်နိုင်ငံ ဆက်လက်ပါဝင်မှုကို ပြသ တဲ့ ထင်ရှားသောလုပ်ရပ်တစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တရုတ် ကာ ကွယ်ရေးဝန်ကြီး ဒေါင်ဂျန်တို့ဟာ စင်ကာပူမှာကျင်းပတဲ့ လုံခြုံရေးဆိုင်ရာဖိုရမ်မှာ ထိုင်ဝမ်အရေးနဲ့ပတ် သက်လို့ အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

အမေရိကန်နဲ့ တရုတ်ဝန်ကြီးနှစ်ဉီးဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား သဘော ထားကွာဟချက် ကျဉ်းမြောင်းအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

ပြီးခဲ့တဲ့လအတွင်း ထိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုက ရန်လိုမှုတစ်ခုအဖြစ် အော်စတင်က ဆွေးနွေးမှုအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တုံ့ပြန်မှုအနေနဲ့ တရုတ်နိုင်ငံရဲ့ပြည်တွင်းရေးမှာ အမေရိကန်နိုင်ငံက မစွက်ဖက်သင့်ဘူးလို့ ဒေါင် ဂျန်က သတိပေးခဲ့ပါတယ်။

ကိုးကား - NHK
Ref; US announces sales of F-16 aircraft parts to Taiwan

#Ayeyarwaddy_Times
ထိုင်းမှာ ဆေးရုံတက်နေတဲ့ မြန်မာလူနာ ပစ်သတ်ခံရ

ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

သောကြာနေ့အစောပိုင်းက ထိုင်းနိုင်ငံ၊ Muang ခရိုင်ရှိ အစိုးရဆေးရုံတစ်ခုမှာ ခွဲစိတ်ကုသဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသားလူနာတစ်ဉီး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်စဉ်ဟာ Khon Kaen ဆေးရုံ၊ အမျိုးသားခွဲစိတ်ဆောင်မှာ ဖြစ်ပွားခဲ့ပြီး မ နက် ၁ နာရီခန့်မှာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တယ်လို့ ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ယော့ဆာ ဝပ်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ မှုခင်းပညာရှင်တွေက အခင်းဖြစ်ရာနေရာကို သွားရောက်ရာမှာ မြန်မာနိုင်ငံ သား အသက် ၂၉ နှစ်အရွယ် ကျော်စွာဝင်းကို ဆေးရုံပဉ္စမထပ်က အခန်းတစ်ခုအတွင်း ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့ပါတယ်။

ဆေးရုံဝန်ထမ်းတွေက ကျော်စွာဝင်းကို ဆေးကုသပေးဖို့ အရေးပေါ်ခွဲစိတ်ခန်းသို့ ရွှေ့ပြောင်းခဲ့ ပေမယ့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကျော်စွာဝင်းကို ခွဲစိတ်ကုသဖို့ ဗုဒ္ဓဟူးနေ့က ဆေးရုံတင်ခဲ့တာလို့ သူ့ရဲ့ချစ်သူ အမည်မဖော်လိုတဲ့ ထိုင်းလူမျိုး အမျိုးသမီးက ပြောပါတယ်။

၎င်းတို့နှစ်ဦးဟာ Khon Kaen ခရိုင်ရှိ ငါးဖမ်းပိုက်ထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိပြီဖြစ်ကာ အခန်းငှားနေခဲ့တာဖြစ်ပါတယ်။

ကျော်စွာဝင်းဟာ ဘယ်သူနဲ့မှ ပြဿနာမဖြစ်ဖူးကြောင်း၊ စက်ရုံရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံမှ ဘတ် ၁၂၀၀၀ ချေးခဲ့ပြီး အာမခံအဖြစ် ငွေချေးသူကို သူ့ရဲ့ ATM ကဒ် ပေးထားခဲ့တယ်လို့ ထိုင်းအမျိုးသ မီးက ပြောပါတယ်။

ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ဟာ သောကြာနေ့က ကျော်စွာဝင်းရဲ့ အသားပိုကို ဖယ်ရှားမယ့် ခွဲစိတ်မှုပြုလုပ်တော့မယ့်အချိန်မှာ ပစ်သတ်ခံခဲ့ရတာလို့ ၎င်းက ဆိုပါတယ်။

သေနတ်သမားက ဧည့်သည်အဖြစ် ဟန်ဆောင်ကာ ကျော်စွာဝင်းရှိတဲ့အခန်းနေရာအား သူနာပြု တစ်ဦးကို မေးမြန်းကာ အခန်းအတွင်းဝင်ရောက်ကာ သေနတ်နဲ့ပစ်ခတ်ပြီး ချက်ချင်းဆိုသလို ထွက်ပြေး သွားခဲ့တာလို့ ရဲမှူးကြီး ယော့ဆာဝပ်က ပြောပါတယ်။

“ရဲတပ်ဖွဲ့ဟာ CCTV ရုပ်သံပြကွက်တွေကို စစ်ဆေးပြီး သံသယရှိသူနဲ့ပတ်သက်တဲ့ သဲလွန်စ တွေ ရှာဖွေဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ သေဆုံးသူ လုပ်ကိုင်နေတဲ့ စက်ရုံ မှာ အလုပ်လုပ်နေတဲ့ သံသယရှိတဲ့ မြန်မာနိုင်ငံသားဟာ အခြားနေရာကို ထွက်ပြေးသွားပြီလို့ ယူဆရပါ တယ်” လို့ သူက ဆိုပါတယ်။

ကိုးကား - Bangkok Post
Ref; Myanmar patient shot dead on hospital ward

#Ayeyarwaddy_Times
စစ်မှုထမ်းဥ‌ပဒေဖြင့် တပ်သားသစ်စုဆောင်းခံရသူများ သင်တန်မပြီးဆုံးမီပင် ရှေ့တန်း ပို့လွှတ်ခံရ၍ သေဆုံးမှုများရှိနေပြီး မည်သည့်ခံစားခွင့်မှရရှိခြင်းမရှိ

မြရာ/ဧရာဝတီတိုင်းမ်
‌ဇွန် ၈ ရက်

စစ်ကောင်စီက အသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းခံရသည့်သူများ ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးနေပြီး မည်သည့်ခံစားခွင့်မျှ ရရှိခြင်းမရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသည့် လူငယ်လူရွယ်များကို သင်တန်းအမှတ်စဉ် မပြီးဆုံးခင်တွင်ပင် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေပြီး တိုက်ပွဲအတွင်းသေဆုံးသူ များကို မည်သည့် ခံစားခွင့်မှ ပေးအပ်ခြင်းမရှိကြောင်း သိရသည်။

"အဲဒီကလေးက မတ္တရာဘက်ကို အလွှတ်ခံရတာ။ မတ္တရာရှေ့တန်းကိုပါသွားတာ။ အဲဒီမှာ တိုက်ပွဲကျတော့ မိသားစုကို အကြောင်းကြားတယ်။ သူ့လစာနဲ့ တခြားခံစားခွင့် တွေအတွက် မိသားစုဆက်သွယ်တော့ ရှေ့တန်းမှာ သင်္ဂြိုဟ်တာ နှစ်သိန်းခုနစ်သောင်း ကျတယ်ပြောတယ်။ လစာနှစ်သိန်းနုတ်လိုက်ရင် ခုနစ်သောင်းကို မိသားစုက လွှဲပေး ရမယ်ဆိုပြီး ထပ်တောင်းခံရတယ်"ဟု သေဆုံးသူမိသားစုနှင့် နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းအာဏာတည်စေပြီး မတ်လ အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ လူငယ်များကို စစ်ကောင်စီက အတင်းအကျပ် ဖိအားပေး တပ်သားသစ်စုဆောင်းပြီး ဧပြီလဆန်းတွင် စစ်သင်တန်းများပေးခဲ့သည်။

စစ်ကောင်စီက စစ်သင်တန်းကာလ ၁၂ ပတ် ဟုသတ်မှတ်ထားသော်လည်း စစ်သင်တန်းတက်ရန် စုဆောင်းထားသည့် လူငယ်များကို စစ်သင်တန်းမပြီးဆုံးခင်ပင် ရှေ့တန်း စစ်မြေပြင်များသို့ အတင်းအကျပ်စေလွှတ်ခံရမှုများ ရှိကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်နေသည့် ကချင်၊ စစ်ကိုင်း၊ မန္တလေး တိုင်း၊ ကရင်နီ၊ ကရင်နှင့် ရခိုင်ဒေသများသို့ သင်တန်း သားသစ်များကို အတင်းအကျပ် အင်အားဖြည့်ပို့ ဆောင်ပြီးနောက် သေဆုံးမှုများကို စစ်ကောင်စီက မည်သည့်တာဝန်ယူမှုမျှ မရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ် စစ်တွေနှင့် ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှနေ၍ မူဆလင် လူငယ်များကို ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ အမ်း စသည့်တိုက်ပွဲပြင်းထန်နေသည့် နေရာများသို့ ရက်တို စစ်သင်တန်း ပေးပြီး အတင်းအကျပ်ပို့ဆောင်ထား သည့်အတွက် သေဆုံးမှုများပြားလျက်ရှိကြောင်း သိ ရသည်။

"သားကို အလုပ်ထဲကနေ သူတို့သင်တန်းဆိုတဲ့နေရာကိုခေါ်သွားတာ။ ပြီးတော့ ရက်ပိုင်းအတွင်း ပဲခူးတိုင်းထဲ ပို့လိုက်တာ။ တင့်ကားကို လုံခြုံရေးစောင့်ရင်း မိုင်း ထိသွားတာ။ သေတော့မူဆလင်လူမျိုးခြား၊ မှတ်ပုံ တင်လည်းမရှိဘူးဆိုပြီး ဘာခံစားခွင့်မှ မရဘူး။ သေတယ်ဆိုတာတစ်ခုပဲ အကြောင်းကြားခံရတာ"ဟု ရန်ကုန်မြို့အတွင်းမှ စစ်မှုထမ်းရန် စုဆောင်းခံရသည့် မိသားစုဝင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက တပ်သားသစ်စုဆောင်းရာတွင် လစာ၊ ပင်စင်၊ သေပင်စင်နှင့် သက်စွန့် စရိတ်များအပါအဝင် စစ်မှုထမ်းခံစားခွင့်များကို အပြည့်အဝပေးမည်ဟု ပြောဆို စုဆောင်းခဲ့သော်လည်း ယခုသေဆုံးမှုများကို မည်သည့်တာဝန်ယူမှုမျှမရှိကြောင်း သေဆုံးသူမိသား စုဝင်များထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီက ပထမသုတ်စစ်သင်တန်း စု ဆောင်းထားသူများထဲမှ အင်အား ၄၀၀၀ ခန့်ကို တိုက် ပွဲအပြင်းထန်ဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်း တပ်တွင်းသတင်းရင်း မြစ်က ဆိုသည်။

ယခုလက်ရှိတွင် အမှတ်စဉ် (၂) အတွက် သင်တန်းပေး နေပြီး အမှတ်စဉ် (၃) အတွက် သင်တန်းသားများ အသင့်စုဆောင်းပြီးကြောင်း စစ်တပ်ထောက်ခံဝါဒ ဖြန့်ချန်နယ်များမှ ဖော်ပြထားသည်။

စစ်ကောင်စီက စစ်သင်တန်းတစ်သုတ်လျှင် သုံးလ အကြာသင်တန်းပေးမည်ဟုဆိုကာ ဧပြီလတွင်သင်တန်းစတင်ကာ ဇွန်လ နောက်ဆုံးပတ် သို့မဟုတ် ဇူလိုင်လဆန်းတွင်မှ သင်တန်းအမှတ်စဉ် (၁) ပြီးဆုံးမည်ဖြစ်သော်လည်း ယခုအခါတွင် အမှတ်စဉ် (၃) အတွက် အဆင်သင့်ပြင်ဆင်နေပြီ ဖြစ်သောကြောင့် ရက်တိုသင်တန်းများပေးကာ ရှေ့တန်း စေလွှတ် နေသည်မှာ မှန်ကန်သည့် အချက်အနေဖြင့် တွေ့ရသည်။

ပုံစာ - စစ်မှုထမ်းဥပဒေ အပတ်စဉ် ၁ အတွက် တပ်သားသစ်စု ဆောင်းခံထားရသည့်သူများ(ပုံဟောင်း)

#စစ်မှုထမ်း #ဥပဒ#အပတ်စဉ် ၁ #သင်တန်းသားများ #ရှေ့တန်းပို့ခံရ #သေဆုံး #ခံစားခွင့်မရ #Ayeyarwaddy_Times
ကလိန်အောင်မြို့ ယာဖူးရွာသစ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပေါ်ကျရောက်ပေါက်ကွဲ၍ မိသားစုဝင် ၃ ဦးသေဆုံး

ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇွန် ၈ ရက်

တနင်္သာရီတိုင်း ၊ထားဝယ်ခရိုင် ၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ယာဖူးရွာသစ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များသည် ဇွန် ၇ ရက်နေ့ မွန်းလွဲ ၂နာရီ၃၀ မိနစ်ခန့်က ယာဖူးရွာသစ်ရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ယာဖူးရွာသစ်ရှိ နေအိမ်တစ်လုံးပေါ်ကျရောက် ပေါက်ကွဲခဲ့ကာ ဒေသခံမိသားစုဝင် သုံး ဦးသေဆုံးပြီး ဆယ်ကျော် သက် ကလေးငယ် ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း မိသားစု နှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နေအိမ်တစ်ခြမ်းမီးလောင်ကာ မိသားစုဝင်သုံးဦးဖြစ်တဲ့ ဦးအောင်အောင်၊ ဒေါ်လားဝါးထူးနဲ့ လသားအရွယ်သမီးဖြစ်သူတို့ သေဆုံးခဲ့ပြီး ဆယ်ကျော်သက် ကလေးငယ်နှစ်ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"သူတို့မိသားစု သုံးဦးစလုံးက အိမ်ပေါ်မှာပဲနေနေကြတာ။ စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ ရမ်းသန်းပစ်ခဲ့လို့ အိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီးသေသွားတယ်။ အဖေဖြစ်သူနဲ့ သမီးဖြစ်သူက နေရာမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ အမေဖြစ် သူကတော့ ဆေးရုံကိုပို့ရင်း လမ်းခုလတ်မှာဆုံးသွားတယ်။ နေအိမ်တစ်ခြမ်းလည်း လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးသွားတယ်။ ပြီးတော့အခြား အိမ်တွေက ဆယ်ကျော်သက် ယောင်္ကျားတစ်ဦးနဲ့ မိန်းကလေးတစ်ဦးလည်း လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့တယ်။ အခုတော့ ကလိန်အောင် မြို့ဆေးရုံမှာ ဆေးကုသမှု ခံယူ နေရတယ်" ဟု ယာဖူးရွာသစ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဲဒီပစ်ခတ်မှုကြောင့် လက်ရှိအချိန်တွင် ယာဖူး ရွာသစ်ရှိ ဒေသခံများ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှသိရသည်။

စစ်ကောင်စီတပ်နှင့် နှစ်ဖက်တိုက်ပွဲသည် ၁နာရီ၃၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်မှု အခြေ အနေအသေးစိတ်ကိုတော့ ဧရာဝတီတိုင်းမ်အနေဖြင့် သီးခြားအတည် မပြုနိုင်ခြင်းမရှိပေ။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုင် ၆၀ ကျေးရွာ သို့ရောက်ရှိလာပြီး လူမရှိသည့် နေအိမ်ပေါ်မှ ပစ္စည်းအများအပြားတွေကို ယူဆောင် သွားကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

"စစ်တပ်က လူမရှိတဲ့နေအိမ်အပေါ်ကနေ ပစ္စည်းတွေကို ဝင်ယူသွားတယ်။ တန်ဖိုးကြီး တဲ့ ပစ္စည်းတွေလည်း အများကြီးပါသွားတယ်။ ဆီဘူးတွေက အစယူတယ်ရှင့်။ ကျန်တဲ့ ပစ္စည်းတွေဆို မပြောနဲ့တော့။ အိမ်ပေါ်ကို စစ်ဖိနပ်တွေနဲ့တက်ကြတယ်။ သူတို့ (စစ်ကောင်စီ) တပ်ဖွဲ့ဝင်တွေရဲ့ ဖိနပ်အရာတွေပါကျန်သွားတယ်"ဟု မိုင် ၆၀ ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သော မေလ ၁၅ ရက်နေ့ကလည်း မောရဝတီရေတပ်က လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဇာဒီကျေးရွာ သစ်လှတောရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဆယ်ကျော် သက် မောင်နှမ နှစ်ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ပုံစာ- စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသွားသော မိသားစုဝင်သုံးဦး နှင့် ပျက်စီးသွားသောနေအိမ်။

#ကလိန်အောင်မြို့ #ယာဖူးရွာသစ်တိုက်ပွဲ #စစ်ကောင်စီတပ် #လက်နက်ကြီးဖြင့်ပစ်ခတ် #နေအိမ်ကျရောက်ပေါက်ကွဲ #မိသားစုဝင်၃ဦးသေဆုံး #Ayeyarwaddy_Times
စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ရည်ရွယ်၍ သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးပမ်းနေပြီး သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည်

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

စစ်ကောင်စီကကျင်းပရန် ကြိုးပမ်းနေသော ရွေးကောက်ပွဲအတွက် ရည်ရွယ်၍ တစ်နိုင်ငံလုံး အတိုင်း အတာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို သတ်မှတ်ရက်အတွင်း လုပ်ဆောင်မည်ဖြစ်ပြီး ကောက်ယူရန် ကျန်ရှိပါက ရက်တိုးမြှင့်မည်ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို လာမည့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူသွားရန် စီစဉ်နေပြီး ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်လည်း စစ်ကောင်စီခန့် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌက ရက်တိုးကောက်မည့်ကိစ္စ ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ သန်းခေါင်စာရင်း ကောက်ယူရာတွင် လုံခြုံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက် ထားကြရန် လိုအပ်သည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်က ဆိုသည်။

“လက်ရှိအခြေအနေမှာ သန်းခေါင်စာရင်းကောက်မယ့်ကိစ္စဟာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့ အကျိုးအကြောင်းတွေ အများကြီးရှိတယ်။ နံပတ်တစ် အချက်ကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးအခြေအနေပါ။ ကောက်တဲ့သူအတွက်ရော၊ အကောက်ခံရမယ့် သူတွေအတွက်ရော လုံးဝကောက်လို့မရတဲ့ အခင်းအကျင်းပေါ့” ဟု နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ဦးဇော်ရမ်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ငွေကြေးနှင့် နည်းပညာ ပံ့ပိုးကူညီပေးခဲ့သော ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) သည် စစ်ကောင်စီ ကောက်ယူရန် ကြိုးပမ်းနေသည့် သန်းခေါင်စာရင်း ကိစ္စရပ်တွင် လက်ရှိနိုင်ငံရေး ပဋိပက္ခများကြောင့် ကူညီပံ့ပိုးမည် မဟုတ်ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

ထို့ကြောင့် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါရှိဘဲ ပြည်တွင်းအင်အား ဖြင့်သာ ဆောင်ရွက်နေရသည့်အတွက် လက်ရှိစိန်ခေါ်မှုများ၊ အခက်အခဲများကို အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် စစ်ခေါင်းဆောင်က မကြာခဏ ထည့်သွင်းပြောဆိုခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းစာများအရ သိရသည်။

“မြေပြင်မှာ အကုန်လုံးက ကိုယ့်အိမ်ကိုယ့်ယာမှာ မနေကြရဘဲ ရွှေ့ပြောင်း နေထိုင်ကြရတယ်။ နောက်ပိုင်ဆိုင်မှု အထောက်အထားတွေလည်း ဆုံးရှုံးပျက်စီးခံရတာ များတဲ့အခါကျတော့ ကိုယ်ဖြည့်ချင်တဲ့ အချက်တွေကို ဖြည့်ပြီးတော့ သန်းခေါင်စာရင်းလို့ ကြေညာရင်တော့ ရတာပေါ့ဗျာ။ ဒါပေမယ့် မြေပြင်မှာ အချက်အလက် အမှန်ရဖို့ကတော့ စစ်ကိုင်းတိုင်းလို နေရာမျိုးဆိုရင် ပိုလို့တောင်မှ မဖြစ်နိုင်တဲ့ အနေအထားရှိတယ်” ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လက်ရှိအချိန်ထိ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသလို ကမ္ဘာ့နိုင်ငံများနည်းတူ ၁၀ နှစ်လျှင်တစ်ကြိမ် ပုံမှန်ကောက်ယူသည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်းအတွက် ၎င်းတို့ထိန်းချုပ်ရာ ဒေသအချို့တွင် အကြိုကောက်ယူမှုများပြုလုပ်ခဲ့ရာ တိုက်ခိုက်မှုများ ကြုံတွေ့ ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာ အိမ်ထောင်စုအရေအတွက်ကို ခန့်မှန်းတွက်ချက်ထားပြီး သန်းခေါင် စာရင်းယူနစ် ၈၀,၀၀၀ ခန့်နှင့် စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်ရှိကာ သန်းခေါင် စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ဦးခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားကြောင်း စစ်ကောင်စီက ဆိုသည်။

ယင်းအနက် စစ်ကောင်စီက နေပြည်တော်ကောင်စီတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁,၀၉၄ ဦး ခန့်ထားရန်ရှိသလို သန်းခေါင်စာရင်း ကောက်ယူရာတွင်လည်း တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (CAPI) ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

“ဒါတို့ သူတို့ စကားအဖက်တင်ခံပြီး ပြောတာဖြစ်တယ်။ လုံးဝမဖြစ်နိုင်တဲ့ဟာကို အတင်းအဓမ္မ ကောက်ခဲ့လို့ရှိရင်လည်း အဲဒီစာရင်းတွေဟာ လုံးဝကို မှားယွင်းပြီး အရင်စာရင်းတွေနဲ့ ဖြည့်စွက်ပြီးတော့ ဝန်ထမ်းတွေကို လိမ်ထားတာသက်သက်ပဲ ဖြစ်တယ်။ အလိမ်အညာပဲ ဖြစ်လိမ့်မယ်” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ရန်းက ပြောသည်။