APS ACCA learning center
5.3K subscribers
2.13K photos
1.06K videos
656 files
259 links
@apslearningcenterbot သင်တန်း information အမြန်ဆုံးသိချင်သူတွေအတွက် reply စောင့်စရာမလို

ဆရာမ အကောင့် @aps_learning_center13
Download Telegram
⁉️ ACCA စတက်ပြီဆိုတာနဲ့ စာအုပ်အထူကြီးတွေကြည့်ပြီး မလုပ်ချင်တော့တာမျိုးရှိလား ?

⚫️ နားမလည်တဲ့ Terms တွေနဲ့ သဘောတရားတွေကို ကြည့်ပြီး စာလုပ်ရမယ့်အစား ဖုန်းပဲသုံးနေလိုက်ရမလားလို့ တွေးမိဖူးလား? အဲဒီလိုဖြစ်နေရင် တစ်ယောက်တည်း မဟုတ်ပါဘူး။

Terms တွေနဲ့ သဘောတရား (Concepts) တွေကို ဘာမှနားမလည်သေးတဲ့ အချိန်မှာ နာရီပေါင်းများစွာ ထိုင်ပြီး စာအုပ်ကြီးကို ထပ်ခါတလဲလဲ ဖတ်နေရုံနဲ့ ခေါင်းထဲရောက်မလာပါဘူး။
🌟 ဒါကြောင့် အလွတ်ကျက်တဲ့ပုံစံကနေ ခွဲထွက်ပြီး Critical Thinking သုံးကာ စမတ်ကျကျ ဘယ်လိုလေ့လာရမလဲဆိုတာကို အောက်ကနည်းလမ်းလေးတွေနဲ့ အလွယ်တကူ စမ်းကြည့်လိုက်ရအောင် -

=================================================================================
⁉️ စိတ်ကို လှည့်စားပါ

⚫️ စာကို ၃ နာရီလောက် ထိုင်လုပ်ရမယ်ဆိုရင် ဦးနှောက်က ပျင်းသွားတတ်ပါတယ်။
🔴 ဘယ်လိုလုပ်မလဲ? "ငါ ၃ နာရီလုပ်ရမယ်" လို့ တွေးမယ့်အစား "၂၀ မိနစ်လောက်ပဲ သေချာဖတ်မယ်" လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောလိုက်ပါ။ ၂၀ မိနစ်ဆိုတာ နည်းနည်းလေးမို့ စတင်ရတာ လွယ်သွားပြီး၊ တစ်ခါစလုပ်ဖြစ်သွားရင် ဆက်ပြီး လုပ်ဖြစ်သွားပါလိမ့်မယ်။

=================================================================================

⁉️ ကလေးတစ်ယောက်ကို ရှင်းပြသလို သင်ယူပါ

ACCA က သဘောတရားတွေနဲ့ Terms တွေကို နားမလည်သေးဘူးဆိုရင် အတင်းကြီး အလွတ်မကျက်ပါနဲ့။
🔴 ဘယ်လိုလုပ်မလဲ? အဲဒီအစား ၅ နှစ်အရွယ် ကလေးတစ်ယောက်ကို ရှင်းပြနေတယ်လို့ သဘောထားပြီး စကားလုံးခက်ခက်တွေမသုံးဘဲ ရိုးရိုးရှင်းရှင်းလေး ကိုယ့်ဘာသာ ပြန်ပြောကြည့်ပါ။
🌟 ကိုယ်ရှင်းပြနေရင်း ဘယ်နေရာမှာ ထစ်သွားလဲ၊ ပြောရခက်သွားလဲဆိုတာကို မှတ်ထားပြီး အဲဒီအပိုင်းကို သေချာပြန်လေ့လာပါ။ ဒါက အလွတ်ကျက်တာမဟုတ်ဘဲ တကယ်နားလည်သွားစေတဲ့ အကောင်းဆုံး Critical Thinking နည်းလမ်းပါ။

=================================================================================

⁉️ အလွတ်ကျက်မယ့်အစား ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပါ (Active Recall)

⚫️ စာကိုချည်းပဲ ထပ်ခါတလဲလဲ ဖတ်နေမယ့်အစား စာအုပ်ကို ပိတ်ပြီး အဓိကအချက်တွေကို မှတ်မိသမျှ ပြန်စဉ်းစားကြည့်ပါ၊ ချရေးကြည့်ပါ။
🔴 ဘယ်လိုလုပ်မလဲ? Flashcards လေးတွေ သုံးပြီးတော့လည်း စာပြန်ဖတ်မယ့်အစား ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်ထုတ်ပြီး စမ်းသပ်ကြည့်လို့ရပါတယ်။ ဒါက မှတ်ဉာဏ်ထဲကို နှစ်ဆပိုမြန်မြန် ရောက်စေပါတယ်။

=================================================================================

⁉️ Timer လေးနဲ့ အချိန်ကန့်သတ်ပါ (The Timer Trick)

⚫️ Deadline နီးလာရင် လူက ပိုအာရုံစိုက်မိတယ်မလား? အဲဒီသဘောတရားကို သုံးပါ။
🔴 ဘယ်လိုလုပ်မလဲ? မိနစ် ၃၀ ကို Timer ပေးထားကာ အရေးပေါ်အခြေအနေလိုမျိုး သေချာ အာရုံစိုက်ဖတ်ပါ။ ပြီးရင် ၅ မိနစ်လောက် ဖုန်းသုံးတာဖြစ်ဖြစ်၊ လမ်းလျှောက်တာဖြစ်ဖြစ် စိတ်လွတ်ကိုယ်လွတ် နားလိုက်ပါ။ ဒါက စာအုပ်ရှေ့ထိုင်ပြီး စိတ်ကလွင့်နေတဲ့ အဖြစ်မျိုးကို ကာကွယ်ပေးပါတယ်။

=================================================================================

⁉️ 80/20 Rule ကိုသုံးပါ

⚫️ ACCA မှာ အကုန်လုံးက တန်းတူအရေးကြီးတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရလဒ် ၈၀ ရာခိုင်နှုန်းက ကိုယ်လေ့လာတဲ့ ၂၀ ရာခိုင်နှုန်းပေါ်မှာပဲ မူတည်နေပါတယ်။
🔴 ဘယ်လိုလုပ်မလဲ? အသေးစိတ်လေးတွေကို အရမ်းခေါင်းစားမခံဘဲ၊ Past papers (မေးခွန်းဟောင်း) တွေမှာ ဘာတွေအမြဲလာတတ်လဲဆိုတာကို လေ့လာပါ။
🌟 စာမကျက်ခင်မှာ Practice test တွေကို အရင်စမ်းဖြေကြည့်ပြီးမှ၊ မေးခွန်းထဲမှာ အများဆုံးပါတတ်တဲ့ အပိုင်းကို အာရုံစိုက်တာက အချိန်ကုန်သက်သာပြီး ပိုထိရောက်ပါတယ်။

=================================================================================

⁉️ အိပ်ရေးဝဝအိပ်ပါ

စာမေးပွဲနီးမှ ညလုံးပေါက် စာကျက်တာက လုံးဝ အမှားကြီးပါပဲ။
🔴 ဘာကြောင့်လဲ? ကိုယ်လေ့လာလိုက်တဲ့ အချက်အလက်တွေက အိပ်နေချိန်မှာမှ ဦးနှောက်ထဲကို သေချာရောက်သွားပြီး ရေရှည်မှတ်ဉာဏ်အဖြစ် သိမ်းဆည်းပေးတာပါ။ ဒါကြောင့် တစ်ညကို ၇ နာရီကနေ ၈ နာရီအထိ အိပ်ပါ။
(ဒါ့အပြင် ခဏလောက် လမ်းလျှောက်တာမျိုး လေ့ကျင့်ခန်းလုပ်ပေးတာကလည်း မှတ်ဉာဏ်ကို သိသိသာသာ တိုးတက်စေပါတယ်)။
4
⁉️ လစာကို ငွေသားမပေးဘဲ ဘာလို့ ရှယ်ယာတွေ ပေးကြတာလဲ? (IFRS 2 ရဲ့ သဘောတရား)

⚫️ အခုခေတ် စီးပွားရေးလုပ်ငန်းတွေမှာ IFRS 2 (Share-based Payment) ဆိုတဲ့ သဘောတရားကို အရမ်းသုံးလာကြပါတယ်။ ကုမ္ပဏီတစ်ခုက သူ့ရဲ့ အရေးကြီးတဲ့ ဝန်ထမ်းတွေကို လစာကို ငွေသားချည်းပဲ မပေးဘဲ ကုမ္ပဏီရဲ့ ရှယ်ယာတွေ ဒါမှမဟုတ် ရှယ်ယာဝယ်ခွင့်တွေ ခွဲပေးတာမျိုးပါ။

🔴 ဘာလို့ အဲဒီလို ပေးရတာလဲ?
◾️ ဝန်ထမ်းတွေက ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေ ဖြစ်လာတဲ့အခါ... ကုမ္ပဏီတိုးတက်အောင် ပိုပြီး ကြိုးစားချင်စိတ် (Motivation) ရှိလာဖို့နဲ့ ရှယ်ယာရှင်တွေရဲ့ ရည်မှန်းချက်တွေအတိုင်း တစ်သားတည်းဖြစ်လာဖို့အတွက် ပေးတာ ဖြစ်ပါတယ်။

=================================================================================
⁉️⁉️ လုပ်ငန်းဘက်ကကြည့်ရင် ငွေသားမထွက်လည်း အသုံးစရိတ် ပြရမလား?

⚫️ ငွေသားထွက်မသွားပေမယ့်လည်း ဒီလို ရှယ်ယာပေးလိုက်တဲ့အတွက် ကုမ္ပဏီမှာ အသုံးစရိတ် (Expense) အနေနဲ့ မဖြစ်မနေ စာရင်းမှတ်ရပါတယ်။ ဒါကို စာမေးပွဲအတွက်လောက်ပဲ မဟုတ်ဘဲ၊ တကယ့် စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လို ဆုံးဖြတ်ချက်ချလဲဆိုတဲ့ ရှုထောင့်ကနေ ဆက်လေ့လာကြည့်ရအောင်ဗျာ။

🔴 IFRS 2 မှာ အဓိက (၂) မျိုး ခွဲခြားထားပါတယ် -

၁။ ရှယ်ယာအစစ်နဲ့ ပေးခြင်း (Equity-settled)
◾️ ဝန်ထမ်းတွေအတွက်ဆိုရင်: စတင်သဘောတူလိုက်တဲ့နေ့ (Grant Date) က တန်ဖိုး (Fair Value) ကို အသေထားပြီး တွက်ရပါတယ်။
◾️ ဝန်ထမ်းမဟုတ်သူတွေအတွက် (ဥပမာ- ကုန်ပစ္စည်းလာသွင်းသူ): ပစ္စည်းရတဲ့နေ့ရဲ့ တန်ဖိုးကို တိုက်ရိုက်တိုင်းတာရပါတယ်။ (တန်ဖိုးမသိရမှသာ ရှယ်ယာရဲ့ တန်ဖိုးကို သုံးပါတယ်)။

၂။ ငွေသားနဲ့ ပေးခြင်း (Cash-settled)
◾️ ရှယ်ယာဈေးတက်သွားတဲ့ ကွာဟချက်ကို ငွေသားနဲ့ ပြန်အမ်းပေးတာပါ။ ဒါကို အကြွေး (Liability) လို့ သတ်မှတ်ပြီး၊ နှစ်ကုန်တိုင်း လက်ရှိပေါက်ဈေးနဲ့ အမြဲတမ်း ပြန်ပြင်တွက် (Remeasure လုပ်) ပေးရပါတယ်။

=================================================================================
⁉️⁉️⁉️ တန်ဖိုး (Fair Value) ကို ဘယ်လို တွက်ချက်မလဲ?

⚫️ ရှယ်ယာတွေအတွက် ဈေးကွက်ပေါက်ဈေး တိုက်ရိုက်မရှိရင် ပညာရှင်တွေက အောက်ပါ တွက်နည်း (Models) တွေကို သုံးပြီး ခန့်မှန်းရပါတယ် -
◾️ Black-Scholes-Merton (BSM) Model: (အသုံးအများဆုံး နည်းလမ်းပါ)
◾️ Lattice Models (ဥပမာ- Binomial model): (ဈေးနှုန်း ပြောင်းလဲနိုင်ခြေတွေကို အဆင့်ဆင့် တွက်တာပါ)
◾️ Monte Carlo Simulations: (ရှုပ်ထွေးတဲ့ သတ်မှတ်ချက်တွေ ပါလာရင် သုံးပါတယ်)

🔴 အဲဒီ တွက်နည်းတွေထဲကို ဘာအချက်အလက်တွေ ထည့်ရလဲ? (အချက် ၆ ချက်)
၁။ လက်ရှိ ရှယ်ယာဈေးနှုန်း
၂။ ဝယ်ယူခွင့်ရှိမည့် ဈေးနှုန်း
၃။ ရှယ်ယာဈေးနှုန်းရဲ့ အတက်အကျ မှန်းဆချက် (Volatility)
၄။ Option ရဲ့ သက်တမ်း
၅။ အန္တရာယ်ကင်း အတိုးနှုန်း (Risk-free interest rate)
၆။ ရရှိမည့် အမြတ်ဝေစု မှန်းဆချက်

=================================================================================
⁉️ IFRS 2 နဲ့ US GAAP ဘာကွာလဲ? (နိုင်ငံတကာ စံနှုန်း ကွာဟချက်များ)

⚫️ အခြေခံမူတွေ တူပေမယ့် လက်တွေ့အသုံးပြုရာမှာ ဒီလို ကွာခြားချက်တွေ ရှိပါတယ် -

◾️ ၁။ တန်ဖိုးတိုင်းတာခြင်း: US GAAP မှာ အများပြည်သူကို ရှယ်ယာမရောင်းတဲ့ ကုမ္ပဏီတွေအတွက် အတက်အကျ (Volatility) ခန့်မှန်းရခက်ရင် တခြားနည်း သုံးခွင့်ရှိပေမယ့်၊ IFRS မှာတော့ ခြွင်းချက်မရှိ Fair Value ကိုပဲ မဖြစ်မနေ သုံးရပါတယ်။
◾️ ၂။ အဆင့်လိုက် ရရှိခွင့် (Graded Vesting): US GAAP အရ ကုန်ကျစရိတ်ကို တဖြောင့်တည်း (Straight-line) ခွဲသိမ်းခွင့်ရှိပေမယ့်၊ IFRS မှာတော့ မြန်မြန်ရတဲ့အစုကို မြန်မြန်သိမ်း (Accelerated basis) တဲ့နည်းနဲ့ သီးခြားစီခွဲပြီး မဖြစ်မနေ ရေးသွင်းရပါတယ်။
◾️ ၃။ ဆုံးရှုံးမှုများကို စာရင်းသွင်းခြင်း (Forfeitures): IFRS အရ သတ်မှတ်ချက်မပြည့်မီမီ ဆုံးရှုံးနိုင်ခြေရှိတဲ့ အရေအတွက်ကို မဖြစ်မနေ ကြိုတင်ခန့်မှန်းရပါတယ်။ US GAAP မှာတော့ တကယ်ဖြစ်လာမှသာ စာရင်းသွင်းဖို့ ရွေးချယ်ခွင့် ရှိပါတယ်။

=================================================================================

🌟 အနှစ်ချုပ် (Conclusion)

IFRS 2 ဆိုတာ ဝန်ထမ်းတွေကို "ပိုင်ရှင်စိတ်ဓာတ် (Ownership mindset)" သွင်းပေးတဲ့ နေရာမှာ အရေးပါတဲ့ ကိရိယာတစ်ခုပါ။ ဒါပေမဲ့ လုပ်ငန်းပိုင်ရှင်တွေ၊ စာရင်းကိုင်တွေ အနေနဲ့ ငွေသားမထွက်တိုင်း အလကားရတယ်လို့ မထင်ဘဲ၊ မှန်ကန်တဲ့ တန်ဖိုးဖြတ်နည်းတွေ သုံးပြီး အသုံးစရိတ်ကို စနစ်တကျ မှတ်တမ်းတင်တတ်ဖို့က အသက်တမျှ အရေးကြီးပါတယ်။
⁉️ Spotify ရဲ့ တန်ဖိုးအကြီးဆုံး ပိုင်ဆိုင်မှုတွေက Balance Sheet ပေါ်မှာ ဘာလို့ ပျောက်နေတာလဲ?

⚫️ IAS-38 စံနှုန်းကြောင့် လုပ်ငန်းတွေ၊ အထူးသဖြင့် နည်းပညာနဲ့ ဒေတာကို အဓိကထားတဲ့ ကုမ္ပဏီတွေရဲ့ တကယ့်တန်ဖိုး (True Value) ဟာ သူတို့ရဲ့ ငွေစာရင်းရှင်းတမ်း (Balance Sheet) ပေါ်မှာ အပြည့်အဝ မပေါ်လွင်ဘဲ ပျောက်နေတတ်ပါတယ်။

◾️ လုပ်ငန်းပိုင်းဆိုင်ရာ ဥပမာအနေနဲ့ ကျနော်တို့ Spotify ကိုပဲ ကြည့်ကြမယ်။ Spotify ရဲ့ အဓိက ပိုင်ဆိုင်မှု (Assets) တွေက ဘာတွေဖြစ်မလဲလို့ တွေးကြည့်ရင် သူတို့ဆီမှာရှိတဲ့ သီချင်း Database တွေ၊ သူတို့သုံးနေတဲ့ Algorithm တွေနဲ့ Data တွေပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ့် လက်တွေ့ Spotify ရဲ့ Balance Sheet ကို ကြည့်လိုက်ရင် အဲ့ဒီလို ကိုင်တွယ်လို့မရတဲ့ ပိုင်ဆိုင်မှု (Intangible Assets) တွေက စုစုပေါင်းပိုင်ဆိုင်မှုရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်တာကို အံ့ဩစရာ တွေ့ရမှာ ဖြစ်ပါတယ်။ (အများဆုံးရှိနေတာက လစဉ်ကြေးသွင်းတဲ့ Customer တွေဆီက ရတဲ့ ငွေသား (Cash) တွေပဲ ဖြစ်နေပါတယ်)။

=================================================================================
⁉️⁉️ ဘာလို့ အဲ့ဒီလို ဖြစ်ရတာလဲ?

🔴 ဒီလို အရေးကြီးတဲ့ အသက်သွေးကြော ပိုင်ဆိုင်မှုတွေ ဘာလို့ Balance Sheet ပေါ်မှာ နည်းနေရတာလဲဆိုရင် နိုင်ငံတကာ စာရင်းကိုင် စံသတ်မှတ်ချက် IAS 38 ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစံနှုန်းအရ ကိုယ့်ဘာသာ အတွင်းမှာ ဖန်တီးတည်ဆောက်ထားတဲ့ (Internally generated) ပိုင်ဆိုင်မှုတွေကို Asset အနေနဲ့ စာရင်းသွင်းခွင့်မပေးပါဘူး။

✍️ (Algorithm တွေ၊ Data တွေဆိုတာ မျက်စိထဲ မြင်ယောင်ရခက်နေရင် လူတိုင်းသိတဲ့ BTS အဖွဲ့နဲ့ ဥပမာပေးကြည့်မယ်ဗျာ)
◾️ HYBE ကုမ္ပဏီက အောက်ခြေကနေ ကိုယ်တိုင် ပျိုးထောင်ခဲ့တဲ့ (Internally generated) BTS ရဲ့ Brand တန်ဖိုးဟာ ဘီလီယံချီ တန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီတန်ဖိုးကြီးလှတဲ့ Brand ဟာ သူတို့ရဲ့ Balance Sheet ပေါ်မှာကျတော့ "သုည (Zero)" ဖြစ်နေပါတယ်။
◾️ ဒါပေမဲ့ HYBE က Justin Bieber တို့ကို ပိုင်တဲ့ အမေရိကန် အေဂျင်စီတစ်ခုကို ပိုက်ဆံပေးပြီး သွားဝယ်လိုက်တဲ့ (Acquired) အခါကျတော့မှသာ အဲ့ဒီဝယ်လိုက်တဲ့ Brand တွေကို Asset အဖြစ် စာရင်းသွင်းခွင့် ရသွားပါတယ်။

🌟 Spotify မှာလည်း ဒီသဘောတရားပါပဲ။ Spotify ရဲ့ အသက်သွေးကြောဖြစ်တဲ့ Database တွေ၊ ဒေတာတွေနဲ့ လူတိုင်းကြိုက်ကြတဲ့ "Spotify Wrapped" လိုမျိုး အရာတွေဟာ Balance Sheet ပေါ်မှာ လုံးဝ မပါဝင်နိုင်ပါဘူး။ အခြား Podcast ကုမ္ပဏီ ဒါမှမဟုတ် Algorithm ကုမ္ပဏီတွေကို ငွေပေးပြီး သွားဝယ်လိုက်တဲ့ (Acquired) အခါမျိုးကျမှသာ သူတို့ကို Asset အဖြစ် စာရင်းသွင်းခွင့်ရတာ ဖြစ်ပါတယ်။

=================================================================================
⁉️⁉️⁉️ လေထဲလွင့်သွားတဲ့ ဒေါ်လာ ၁.၆ ထရီလီယံ
⚫️ ဒီစံနှုန်းကြောင့် တကယ့်လက်တွေ့ စီးပွားရေးလောကမှာ ဘယ်လောက်တောင် နစ်နာမှု (ပျောက်ဆုံးနေတဲ့ တန်ဖိုး) တွေ ကြီးမားနေလဲဆိုတာ ကြည့်မယ်ဗျာ။
◾️ Deloitte ရဲ့ လေ့လာချက်တစ်ခုအရဆိုရင် ဩစတြေးလျ စတော့အိတ်ချိန်း (ASX) က ထိပ်တန်းကုမ္ပဏီ ၁၀၀ ရဲ့ Balance Sheet တွေမှာ ဒေါ်လာ ၁.၆ ထရီလီယံလောက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေက လုံးဝပျောက်ဆုံးနေပါတယ်။

🔴 ကုမ္ပဏီတစ်ခုရဲ့ အမှတ်တံဆိပ် (Brand)၊ မူပိုင်ခွင့် (IP) နဲ့ သူတို့ပိုင်တဲ့ ဒေတာ (Data) တွေဆိုတာ တကယ့်ကို တန်ဖိုးအကြီးဆုံးအရာတွေလေ။ ဒါပေမယ့် လက်ရှိစာရင်းကိုင် စည်းမျဉ်းတွေအရဆိုရင် စာရင်းကိုင်တွေက ကိုယ်ပိုင် Data တွေ၊ Brand တွေရဲ့ တန်ဖိုးကို "သုည (Zero)" လို့ သတ်မှတ်ပစ်လိုက်တာမျိုးတွေ ရှိပါတယ်။

တခြားကုမ္ပဏီတစ်ခုကို သွားဝယ်လိုက်တဲ့ အခါမျိုးကျမှသာ ဘာမှန်းတိတိကျကျ မသိတဲ့ "Goodwill" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရောကြိတ်ပြီး ထည့်လိုက်ရပါတယ်။ ဒါက တကယ်တော့ ရင်းနှီးမြှုပ်နှံသူတွေအတွက် ကုမ္ပဏီတစ်ခုကို လေ့လာတဲ့အခါ သိပ်ပြီး အသုံးမဝင်တဲ့ အချက်အလက်ပါပဲဗျာ။

=================================================================================
⁉️ Tech ကုမ္ပဏီတွေရဲ့ အသက်သွေးကြော R&D စရိတ်တွေကရော ဘယ်ရောက်သွားလဲ?

⚫️ နောက်ဥပမာတစ်ခုက နည်းပညာ (Tech) ကုမ္ပဏီတွေ၊ ကိုယ်ပိုင် Software တွေ၊ Platform တွေ တည်ဆောက်တဲ့ ကုမ္ပဏီတွေပါ။
◾️ ကုမ္ပဏီက ကိုယ်ပိုင် App တွေ၊ နည်းပညာတွေ စမ်းသပ်လုပ်ဆောင်နေတဲ့ Research (သုတေသန) အဆင့်မှာ သုံးသမျှ ပိုက်ဆံတွေကို Asset (ပိုင်ဆိုင်မှု) အနေနဲ့ စာရင်းပြခွင့် မရှိပါဘူး။ အဲ့ဒီစရိတ်တွေ အကုန်လုံးကို အရှုံးအမြတ်စာရင်းမှာ အသုံးစရိတ် (Expense) အနေနဲ့ပဲ ဖြတ်ပစ်ရပါတယ်။
◾️ တကယ်တမ်း စီးပွားရေးအရ အကျိုးအမြတ်ရနိုင်ခြေရှိပြီဆိုတဲ့ Development (ဖွံ့ဖြိုးတိုးတက်ရေး) အဆင့်ရောက်ပြီဆိုတာကို သက်သေပြနိုင်မှသာ Asset အဖြစ် စတင် သတ်မှတ်ခွင့် ရတာပါ။
2
Spotify ဆိုရင် R&D အတွက် တစ်နှစ်ကို ယူရို ၁ ဘီလီယံ ကနေ ၂ ဘီလီယံအထိ အများကြီး သုံးနေပေမယ့်၊ စာရင်းထဲမှာ Asset အဖြစ် ပြနိုင်တာက ယူရို ၈ သန်းလောက်ပဲ ရှိပါတယ်ဗျာ။ ဒါကြောင့် နည်းပညာကုမ္ပဏီတွေရဲ့ စာရင်းတွေမှာ တကယ့်အစစ်အမှန် တန်ဖိုး (True Value) ထက် အများကြီး လျော့နည်းပြီး ပြသနေသလို ဖြစ်နေတတ်ပါတယ်။

=================================================================================

⁉️ နိုင်ငံတကာက ဒီပြဿနာကို ဘယ်လို ဖြေရှင်းနေလဲ?

⚫️ ဒီလို ပြဿနာတွေ ရှိနေတော့ နိုင်ငံတကာမှာ ဘယ်လို ဖြေရှင်းဖို့ ကြိုးစားနေကြလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဥပမာအနေနဲ့ စင်ကာပူနိုင်ငံကို ကြည့်မယ်ဗျာ။
◾️ စင်ကာပူ ဉာဏမူပိုင်ခွင့်ရုံး (IPOS) ကနေ ၂၀၂၃ ခုနှစ်မှာ Intangibles Disclosure Framework (IDF) ဆိုတာကို စတင် မိတ်ဆက်ခဲ့ပါတယ်။

🔴 IDF ဆိုတာ ဘာလဲ?
ဒါက ကုမ္ပဏီတွေအနေနဲ့ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ Brand တွေ၊ Data တွေ၊ လူသားအရင်းအမြစ် (Human Capital) စတဲ့ ပိုင်ဆိုင်မှုတွေရဲ့ တန်ဖိုးကို Balance Sheet အပြင်ဘက်မှာ ဘယ်လိုမျိုး အသေးစိတ် ရှင်းပြပြီး ဖော်ပြလို့ရမလဲဆိုတဲ့ လမ်းညွှန်ချက်လေး လုပ်ပေးလိုက်တာပါ။
🌟 ဒါမှလည်း ရင်းနှီးမြှုပ်နှံမယ့်သူတွေက ကုမ္ပဏီတစ်ခုလုံးရဲ့ တကယ့်တန်ဖိုး အစစ်အမှန်ကို ခြုံငုံ (Holistic view) မြင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ ချေးငွေရယူမှုတွေ ပိုလုပ်လာနိုင်မှာ ဖြစ်ပါတယ်။

=================================================================================

🌟 အနှစ်ချုပ် (Conclusion)

အချုပ်ပြောရရင်တော့ဗျာ လက်ရှိ IAS-38 လိုမျိုး စံနှုန်းတွေဟာ ဒီနေ့ခေတ် Digital ခေတ်ကြီးနဲ့ သိပ်မကိုက်ညီတော့ဘဲ နှစ် ၂၀ ကျော်လောက် ခေတ်နောက်ကျနေပြီလို့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုအသုံးဝင်မယ့် စာရင်းတွေ ထုတ်ပြန်နိုင်ဖို့ နိုင်ငံတကာ စာရင်းကိုင်စံနှုန်းများအဖွဲ့ (IASB) က တစ်ကမ္ဘာလုံးက စံနှုန်းတွေကို ပြန်လည်လေ့လာ ပြင်ဆင်ဖို့ ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်ဗျာ။
2
⁉️ ဘောလုံးအသင်းတွေရဲ့ စာရင်းစနစ်က ဘယ်လို အလုပ်လုပ်တာလဲ? (Football Accounting & FFP)

⚫️ ပရီးမီးယားလိဂ်မှာ ကစားသမားတွေကို ပေါင်သန်းရာချီပေးဝယ်နေကြတာ မြင်ဖူးမှာပေါ့။ ဒါပေမဲ့ အဲ့ဒီ ငွေကြေးတွေရဲ့ နောက်ကွယ်က စာရင်းကိုင်သဘောတရား (Accounting) က အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။

=================================================================================
⁉️⁉️ ကစားသမားတစ်ယောက်ကို ပေါင် သန်း ၈၀ နဲ့ဝယ်ရင် တစ်နှစ်တည်း ကုန်ကျစရိတ်ပြလို့ ရလား?

⚫️ စဉ်းစားကြည့်ရအောင်။ ကလပ်အသင်းတစ်ခုက ကစားသမားတစ်ယောက်ကို ပေါင် သန်း ၈၀ နဲ့ ဝယ်လိုက်တယ်ဆိုပါစို့။
အဲ့ဒီ ၈၀ လုံးကို ဒီနှစ် အမြတ်ရှုံးစာရင်း (Statement of Profit or Loss) မှာ တစ်ထိုင်တည်း ကုန်ကျစရိတ် (Expense) အနေနဲ့ ပြလိုက်လို့ မရပါဘူး။

🔴 : ဥပမာ - ကစားသမားနဲ့ ၅ နှစ် စာချုပ်ချုပ်ထားတယ်ဆိုရင် အဲ့ဒီ ၈၀ ကို ၅ နှစ်ခွဲပြီး တစ်နှစ်ကို ပေါင် ၁၆ သန်းပဲ ကုန်ကျစရိတ်ပြရပါတယ်။ ဒါကို Accounting မှာ Amortization (ကုန်ကျစရိတ်ကို သက်တမ်းအလိုက် ခွဲဝေချထားခြင်း) လို့ ခေါ်ပါတယ်။

✍️ ဒီနေရာမှာ ချဲလ်ဆီးအသင်းက ခေါင်းသုံးသွားဖူးပါတယ်။ ၈ နှစ် စာချုပ်တွေချည်း ပေးလိုက်ရင် ပေါင်သန်း ၈၀ ကို ၈ နဲ့စားပြီး တစ်နှစ်ကို ၁၀ သန်းပဲ ကုန်ကျစရိတ်ပြရတော့မယ်လေ။ အဲ့ဒီလိုနဲ့ အမြတ်အစွန်း စည်းမျဉ်း (FFP/PSR) တွေကို ရှောင်ဖို့ ကြိုးစားခဲ့ကြပေမယ့်၊ အခုတော့ အဲ့ဒီလို အလွန်အကျွံ လုပ်ခွင့်မရှိအောင် ပိတ်လိုက်ပါပြီ။

=================================================================================
⁉️⁉️⁉️ ဘာလို့ အကယ်ဒမီက ထွက်တဲ့ လူငယ်ကစားသမားတွေကို အတင်းရောင်းချင်နေကြတာလဲ?

စောစောကလို ၈ နှစ် စာချုပ်တွေပေးပြီး ကုန်ကျစရိတ်ကို ဖြည်းဖြည်းချင်းပဲ ပြနေတယ်ဆိုပါစို့။
၂ နှစ်၊ ၃ နှစ်လောက်နေလို့ အဲ့ဒီကစားသမားက ခြေစွမ်းမပြနိုင်လို့ ပြန်ရောင်းချင်ရင် ဈေးကျသွားမှာ သေချာပါတယ်။ အဲ့ဒီအခါ စာရင်းအရ အရှုံးပေါ် (Loss on disposal) သွားမှာ ဖြစ်ပါတယ်။ အရှုံးပေါ်ရင် စည်းမျဉ်းတွေနဲ့ မကိုက်တော့ဘူးလေ။

🌟 ဒါကြောင့် အခုနောက်ပိုင်း ကလပ်အသင်းတွေက လူငယ်အကယ်ဒမီကနေ တက်လာတဲ့ ကစားသမားတွေကို ပိုရောင်းလာကြပါတယ်။ ဘာလို့လဲ?
◾️ သူတို့ကို အပြင်ကနေ ပိုက်ဆံပေးဝယ်ထားခဲ့ရတာ မဟုတ်တဲ့အတွက် Balance Sheet (လက်ကျန်ရှင်းတမ်း) မှာ သူတို့ရဲ့ အရင်း (Cost) က သုည (Zero) ဖြစ်နေလို့ပါပဲ။
◾️ ဒါကြောင့် ရောင်းလိုက်ရတဲ့ ငွေအကုန်လုံးက အသင်းအတွက် သီးသန့်အမြတ် (gain on disposal) တွေကြီးပဲ ဖြစ်သွားတာပါ။ ဒါဟာ အမြတ်အစွန်း စည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် ကလပ်အသင်းတွေ သုံးလာတဲ့ ဗျူဟာတစ်ခု ဖြစ်ပါတယ်။

=================================================================================
⁉️ ဖလားရရင် တကယ်ပဲ အမြတ်ထွက်တာလား?

⚫️ နောက်ထပ် အရေးကြီးတာတစ်ခုက ပရီးမီးယားလိဂ် (Premier League) နဲ့ ယူအီးအက်ဖ်အေ (UEFA) တို့က ကလပ်အသင်းတွေ ဘယ်လောက် တည်ငြိမ်မှုရှိလဲဆိုတာကို သိရအောင် Balance Sheet (လက်ကျန်ရှင်းတမ်း) တွေကို ဝင်စစ်ဆေးကြပါတယ်။
ဒါပေမဲ့ အဲ့ဒီ Balance sheet ထဲမှာ မပါဝင်တဲ့ အရေးကြီးတဲ့ အချက်တစ်ချက် ရှိပါတယ်ဗျာ။ အဲ့ဒါကတော့ Contingent liabilities လို့ခေါ်တဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ငွေထွက်ပေါက် (Possible outflow) တွေပဲ ဖြစ်ပါတယ်။

🔴 အဲ့ဒါတွေက ဘာတွေလဲ?
◾️ ကစားသမားတစ်ယောက်ကို ဝယ်တုန်းက 'ပွဲအရေအတွက် ဘယ်လောက်ပြည့်ရင်၊ ဒါမှမဟုတ် ဆုဖလားရရင် ပိုက်ဆံထပ်ပေးပါ့မယ် (Add-ons)' ဆိုပြီး သဘောတူထားတာမျိုးတွေပါ။
◾️ သူတို့က လက်ရှိမှာ တကယ်မထွက်သေးတဲ့အတွက် တရားဝင် အကြွေး (Liability) အနေနဲ့ စာရင်းမသွင်းထားပါဘူး။ ဒါကြောင့် UEFA တို့ စစ်ဆေးတဲ့ Balance Sheet တွက်ချက်မှုတွေထဲမှာ မပါဝင်ပါဘူး။ (Notes အနေနဲ့ နောက်ဆက်တွဲမှာပဲ မှတ်သားထားရတာပါ)။

◾️ အရင်က ဝယ်ထားတဲ့ ကစားသမားတွေအတွက် အဲ့ဒီလို ပေးရဖို့ရှိတဲ့ အနာဂတ်ငွေပေးချေမှုတွေအရ ဆိုရင် ကလပ်အသင်းတွေမှာ ပေါင်သန်းရာချီပြီး ပေးစရာတွေ ရှိနေနိုင်ပါတယ်ဗျာ။
◾️ ဒါကြောင့် အသင်းတစ်သင်းက ဆုဖလားတွေရတိုင်း ပျော်စရာချည်းပဲ မဟုတ်ပါဘူး။ အရင်ကဝယ်ထားတဲ့ ကစားသမားတွေအတွက် အဲ့ဒီလို အပိုဆုကြေးငွေ အမြောက်အမြားကို ပြန်ပေးရနိုင်ခြေရှိလို့ ငွေကြေးပြဿနာကြီးတွေ ရုတ်တရက် ဖြစ်လာနိုင်ပါတယ်။

=================================================================================

🌟 အနှစ်ချုပ် (Conclusion)
အနှစ်ချုပ်ရရင်တော့ ဘောလုံးကလပ်တွေရဲ့ ဘဏ္ဍာရေးစာရင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် သူတို့ရဲ့ Contingencies မှတ်ချက် (Notes) လေးတွေကို သွားဖတ်ကြည့်ပါ။ အနာဂတ်မှာ ဘယ်လောက်တောင် ပေးဖို့ကျန်သေးလဲဆိုတာ တွေ့ရပါလိမ့်မယ်။ စီးပွားရေးနဲ့ ဘောလုံးဆိုတာ ခွဲခြားလို့မရအောင် ဆက်စပ်နေပြီဆိုတာ သိသာစေပါတယ်။