All Burma Federation Of Student Unions
1.21K subscribers
8.25K photos
108 videos
646 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဘုတလင် ဗကသ ရဲဘော် (၃) ဦး ကျဆုံးခြင်း (၃) နှစ်ပြည့်
ဝမ်းနည်းခြင်းမှတ်တမ်း

စာအမှတ် - ၁၅/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်

ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် ဘုတလင် ဗကသ ရဲဘော်တွေဖြစ်တဲ့ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ ကိုသုတနေတို့ ကျဆုံးတာဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာဆိုရင်တော့ ၃ နှစ်တင်းတင်းပြည့်ပါပြီ။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ မနက် ၄ နာရီခန့်အချိန်၊ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်း ဝင်ရောက်စီးနင်းခံခဲ့ရစဉ်မှာ ဘုတလင် ဗကသရဲဘော် ၃ ဦး ကျဆုံးခဲ့ရတာပါ။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းဟာ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာကို ဝင်ရောက်စီးနင်းချိန်မှာ ညောင်ကန်ရွာမှာရှိတဲ့ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကိုပါ ဝင်ရောက်စီးနင်းခဲ့တာပါ။ ရုံးခန်းနေရာမှာပဲ ​သမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဋ္ဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နဲ့ သတင်းနှင့်ပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဖက်ဆစ်စစ်တပ်ဟာ ညောင်ကန်ရွာထဲမှာ စာသင်‌ကျောင်း အပါအဝင် ပြည်သူလူထုရဲ့ အိမ်ခြေအများအပြားကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူအချို့ကိုလည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ခဲ့ကြပါတယ်။

ဗကသရဲဘော်တွေဖြစ်တဲ့ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်း နဲ့ ကိုသုတနေ တို့ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ အဖိနှိပ်ခံ ကျောင်းသားထုနဲ့ ပြည်သူလူထုအကျိုးအတွက် ဗကသ ခွပ်ဒေါင်းအလံတော်ကို ကိုင်စွဲတိုက်ပွဲဝင်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော် ကျော်ဝင်းသန့်၊ ရဲဘော် ကြယ်စင်ငြိမ်းချမ်းနဲ့ ရဲဘော် သုတနေတို့ရဲ့ အမည်နာမတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲရဲ့
သမိုင်းကျောက်စာထက်မှာ ထွန်းလင်းတောက်ပစွာ တည်ရှိနေမှာပါ။ ဗကသများအဖွဲ့ချုပ်နဲ့ ပြည်သူလူထုအပေါင်းကလည်း ရဲဘော်တို့ကို အစဉ်အမြဲ အောက်မေ့သတိရနေမှာပါ။ ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်းနဲ့ ကိုသုတနေတို့အပါအဝင် စစ်အာဏာရှင်စနစ်ကြောင့် အသက်ပေးခဲ့ရတဲ့ ဗကသရဲဘော်အပေါင်း၊ ကျောင်းသားရဲဘော်အပေါင်းတို့ကို ဗကသများအဖွဲ့ချုပ်က အလေးနီပြု ဦးညွှတ်ဂုဏ်ပြုလျက်။

"မြေဝသုန်ရေ ဂုဏ်ပြုအပ်တဲ့ ရဲဘော်တို့ကို ဆီးကြိုပေတော့"

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ABFSU #Oway #Butalin
😢1
သူတို့က သုံးယောက်မဟုတ်ဘူး တယောက်တည်းပဲ

(ဘုတလင်ဗကသရဲဘော် သုံးဦး ကျဆုံးခြင်း အမှတ်တရ ဆောင်းပါး)
_________________________________

ရဲဘော် ကျော်ဝင်းသန့် (ဥက္ကဋ္ဌ)

ကျော်ဝင်းသန့်ကို ကျနော်တို့က ကျွဲကြီးလို့ ခေါ်ကြတယ်။ လူကောင်ကလည်း ခပ်ထွားထွားရယ်။ တရားဟောတဲ့အခါတွေမှာဆို မာန်ပါတယ်။ သူပြောချင်တာကို တဖက်လူ‌တွေနားလည်အောင်ပြောတဲ့နေရာမှာ ဆရာကျတယ်။ ကျနော်နဲ့အသက်ချင်းသိပ်မကွာတော့ ကျနော်တို့နှစ်ယောက်က တခုခုဆိုရင် နှစ်ခါညှိစရာမလိုဘူး။ တညမှာတော့ ထူးထူဆန်းဆန်း သူ ကျနော့်ရှေ့မှာ ထိုင်ငိုနေတယ်။ ကျနော် ဘယ်လောက်မေးမေး မပြောပြဘူး။ နောက်ရက် မနက်ကျတော့ သူ့အခြေအနေက ပုံမှန်ပဲ။ သူက အဲဒီလိုလူမျိုး။ သူ့အဆင်မပြေမှုတွေကို တခြားသူတွေကို ပြောပြတာမျိုးမလုပ်ဘူး။ တယောက်တည်း ပေခံနေတဲ့ကောင်။ ကျနော့်အိမ်ကို အလည်လိုက်လာတုန်းက ကျနော့်အမေကို “အန်တီ့သားကို လိမ္မာအောင် ကျနော် ဆုံးမပေးပါမယ်” ဆိုပြီး ပြောခဲ့တဲ့ သူ့မျက်နှာပေးက အမြင်ကပ်စရာလည်း ကောင်း၊ ချစ်စရာလည်း ကောင်း။

သူတို့သုံးယောက် ရန်သူ့လက်ချက်နဲ့ မကျခင် နှစ်ပတ်အလိုမှာ ကျွဲကြီးက ကျနော့်ကို ဗကသထဲက ထွက်တော့မယ့်အကြောင်း၊ လက်နက်ကိုင်တော်လှန်ရေး လုပ်တော့မယ့်အကြောင်း လာပြောတယ်။ သူ မကျသေးဘူးဆိုရင် သေချာတယ်။ ဒီအချိန်ဆို စစ်မြေပြင်မှာ သူတိုက်ပွဲဝင်နေတဲ့ပုံတွေ ကျနော့်ကို လှမ်းပို့ပြီး ကြွားနေမှာပဲ။

ရဲဘော် ကြယ်စင်ငြိမ်းချမ်း (ဒုဥက္ကဋ္ဌ)

ကျနော့်ထက် အသက် ၂ နှစ်လောက်ကြီးလို့ သူ့ကို ကြယ်စင်လို့ပဲ ခေါ်တယ်။ သူက စကားဝိုင်းတွေမှာ ကိုယ့်အားကိုယ်ကိုးပြီး အခြေခိုင်အောင်လုပ်ဖို့ အမြဲဆွေးနွေးတယ်။ ဘုတလင်မြို့နယ်ထဲမှာ ပြည်သူ့အခြေပြုကျောင်း တော်တော်များများကို သမဂ္ဂဖွဲ့နိုင်အောင် သူပဲ ဒိုင်ခံစီစဉ်ပေးတယ်။ သူ့မှာက အပေါင်းအသင်းလည်း ပေါတယ်။ ကျနော်တို့ဖွဲ့ခဲ့တဲ့ကျောင်းအများစုက သူ့အချိတ်အဆက်ကြောင့် ဖွဲ့နိုင်ခဲ့တာချည်းပဲ။ သူက doodle ဆွဲတာ၊ rap ရွတ်ရတာကို ရူးသွပ်တယ်။ တော်လှန်ရေးပြီးရင် အမေ့ကို လုပ်ကျွေးရဦးမယ်ဆိုတာကိုလည်း ပါးစပ်ဖျားကမချဘူး။ ၂၀၂၃၊ ဇူလိုင်လ ၂၆ ရက်နေ့ ညနေပိုင်း ကျနော်တို့ ရွာတရွာမှာ သပိတ်တခုလုပ်ပြီးအပြန် သူနဲ့ ကျွဲကြီးတို့ ဆိုင်ကယ်လဲကြတယ်။ ဆိုင်ကယ် လဲပြီးတော့ သူ့နောက်မှာ ကျနော်ကထိုင်လိုက်ရင်း တလမ်းလုံး ငိုပြီးလိုက်လာတယ်။ ကိုကြယ်စင် က မငိုဖို့ပြော၊ ကျနော်က အော်အော်ငို။ မရတဲ့အဆုံး ဆိုင်ကယ်ကြီး ရပ်ပြီး “မင်း အငိုတိတ်မှာလား၊ ဆိုင်ကယ်ပေါ်က ဆင်းမှာလား” လို့ မေးတယ်။ ကျနော်က ဘာမှပြန်မပြောတော့ ဆိုင်ကယ်ကို ဆက်မောင်းတယ်။ မောင်းရင်းနဲ့လည်း “မင်းဒီလိုဆိုးနေရင် ငါနဲ့မပေါင်းတော့နဲ့” လို့ စိတ်ဆိုးမာန်ဆိုးပြောတယ်။ သူကပြောသာပြောတာပါ။

ကျနော်အိပ်တဲ့နေရာအထိ သူပဲလိုက်ပို့ပေးခဲ့တာ။ သူပြန်သွားပြီး ဆယ်မိနစ်လောက်နေတော့ လမ်းမှာပြောခဲ့တာကို စိတ်ထဲမထားဖို့ ဖုန်းလှမ်းဆက်ပြီးပြောသေးတယ်။ ဒါကသူနဲ့ပတ်သက်ပြီး အမှတ်တရအများကြီးထဲက တခုပါ။ သူ့အိမ်မှာ သူက အငယ်ဆုံးဆိုပေမယ့် ကျနော်တို့ အပေါ်မှာ တော်တော်အနွံတာခံရှာပါတယ်။ ရဲဘော်တယောက်လိုရော၊ အစ်ကိုတယောက်လိုပါ ဆက်ဆံပေးခဲ့တာ။

ကိုကြယ်စင်ရေ … ခင်ဗျားဆိုနေကျ “စိတ်ချပြီး မေ့” ဆိုတဲ့ သီချင်းသံ ကြားရတိုင်း ပေါ်လာတတ်တဲ့ ခင်ဗျားမရှိတော့ဘူးဆိုတဲ့အသိကြီးကို မုန်းလိုက်တာဗျာ။

ရဲဘော် သုတနေ (သတင်းနှင့်ပြန်ကြားရေးမှူး)

ကိုသုတနေက အနုပညာပိုး ပါတယ်ပြောရမယ်။ သူ့ဘာသာ သီချင်းရေး၊ သီချင်းဆို လုပ်လေ့ရှိတယ်။ ကဗျာပိုင်းမှာလည်း အားသန်တယ်။ ကျနော်တို့နဲ့ ကဗျာအကြောင်းပြောရင်လည်း ဒီကဗျာက ဆာရီရယ်လစ်ဇင်၊ ဒီကဗျာကတော့ ဟိုက်ဘရစ်၊ ဒီကဗျာက မီနီမယ်လစ်ဇင် စသဖြင့် ကဗျာအမျိုးအစားတွေပါ ခွဲခြားပြနိုင်တယ်။ အနေလည်းအေးတယ်။ ပြည်သူ့အခြေပြုကျောင်းတွေမှာ သမဂ္ဂဖွဲ့ဖို့ စည်းရုံးရေးဆင်းရင် သူပြောလေ့ရှိတာက “သမဂ္ဂဆိုတာကြီးကို ဘာမှမသိသေးလို့ဆိုပြီး ခင်ဗျားတို့ စိုးရိမ်စရာမလိုဘူး။ ဝန်ထုပ်ဝန်ပိုးတခုလိုမျိုး တွေးနေစရာမလိုဘူး။ သမဂ္ဂလုပ်ငန်းစဉ်တွေကို ခင်ဗျားတို့လုပ်နိုင်တဲ့ အလုပ်ကနေစပြီးလုပ်ဖို့ပဲ စဉ်းစားကြရမှာပါ၊ လုပ်ရင်းသင် သင်ရင်းလုပ်ရမှာပါပဲ’’။ သူက သမဂ္ဂအစည်းအဝေးတွေမှာ ဝင်ပြီး ဆွေးနွေးလေ့မရှိဘူး။ ဒါပေမယ့် ဆုံးဖြတ်ချက်ကျလာပြီဆိုရင် အဲဒီဆုံးဖြတ်ချက်အတိုင်းပဲ အစဉ်တစိုက် လုပ်တတ်တယ်။ ကျနော်က သူ့ကို ကိုဘီးလို့ ခေါ်တယ်။ တကယ်က သူ့ကိုခေါ်ကြတာက “ငဘီး”။ ကျနော့်ထက်အသက်ကြီးလို့ “ကို” တပ်ခေါ် တယ်။ ဒါကိုသူကမကြိုက်ဘူး။ သူ့ကို မခင်ဘူးဆိုပြီး ပြောတယ်။ ငဘီးလို့ပဲခေါ်ဖို့ပြောတယ်။ သူကျသွားတဲ့အထိ သူ့ကို ကိုဘီးလို့ပဲ ခေါ်ဖြစ်ခဲ့တာပါ။ သူခေါ်စေချင်တဲ့နာမည်အတိုင်း မခေါ်ဖြစ်ခဲ့ဘူး။ သူ့‌မွေးနေ့မှာ ကျနော်တို့ သူ့ကို မွေးနေ့ပွဲလုပ်ပေးကြတယ်။ ကျနော်က ကဗျာတပုဒ် ရေးပေးခဲ့သေးတယ်။

“ကိုဘီး”
ဂစ်တာကိုသောက်သုံးပြီး ယမကာကိုတီးခတ်သူ
ဟိုဝါဒ သည်ဝါဒကို ထမင်းစားရေသောက် ပြောလေ့ရှိသူ
ဘဝကိုဘေးကနေ ခဏခဏ ချောင်းချောင်းကြည့်
အနေသာကြီးပါဆိုပြီး ပြန်ပြန်အိပ်နေတတ်သူ
အဲဒီလူဟာ ဒီနေ့အသက် ၁၉ နှစ်ပြည့်ပေါ့
အတွေးအခေါ်ဆိုတာကို သူ မသိကျိုးကျွန်ပြု
တခါတခါကျလည်း သူကအတွေးအခေါ်သမား
လူတိုင်းလိုလို သူနဲ့ အပ်တဖျားစာလောက် လွဲခဲ့ကြရဲ့။
ဉာဏ်ကြီးက ဒီကဗျာကို အာပေါင်အာရင်းသန်သန်နဲ့ ထရွတ် တော့ ကိုဘီးမျက်နှာက ပြုံးစိစိကြီး။ အဲဒီမျက်နှာကြီးကို ဒီနေ့ ဒီအချိန်ထိ မြင်ယောင်နေတုန်းပဲ။

ကျော်ဝင်းသန့်၊ ကြယ်စင်ငြိမ်းချမ်း၊ သုတနေ။

“သူတို့သုံးယောက်က တယောက်တည်းပဲ”။ ကျနော် ဒီလိုပြောရတာမှာ အကြောင်းရှိပါတယ်။ ဒီရဲဘော်သုံးယောက်က ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ မဖွဲ့ခင်ကတည်းက အတူနေ၊ အတူစား၊ အတူအိပ်၊ အမြဲတတွဲတွဲနေခဲ့ကြတဲ့ အတွေးလည်း တူသလို အလုပ်လည်း တူခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ သမဂ္ဂဖွဲ့ပြီးမှပဲ သူတို့နဲ့ ကျနော် ပိုပြီးရင်းနှီးလာတာပါ။ သမဂ္ဂထဲမှာ အလုပ်လုပ်ရင်းနဲ့ ဒီရဲဘော်တွေနဲ့ အတူနေဖြစ်လာတယ်။ ဒီရဲဘော်တွေအကြောင်း ပိုသိလာတယ်။ ရဲဘော်ရဲဘက်ဆက်‌ဆံရေး၊ ညီအစ်ကို ဆက်ဆံရေးကို ကျနော်တို့ ပိုင်ဆိုင်ထားခဲ့ကြတယ်။ ၂၀၂၃၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ ဒီရဲဘော်သုံး‌ယောက် ရန်သူ့လက်ချက်နဲ့ ကျဆုံးခဲ့ရတယ်။ အဲဒီနေ့ကိုကျနော်မေ့မရခဲ့တာ ဒီနေ့ဆိုရင် ၂ နှစ်တင်းတင်းရှိခဲ့ပြီ။ ကျနော်မှမဟုတ်ဘူး၊ အနီးကပ်နေခဲ့တဲ့ ဉာဏ်ကြီး၊ ကိုမင်းမောင်မောင်၊ တခြား သူတို့သူငယ်ချင်းတွေလည်း အဲဒီနေ့ကို တသက်လုံးမေ့လို့ရမှာမဟုတ်ကြဘူး။

“သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ” တဲ့ ဒီရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီး ကျနော်တို့ ဆက်လက်တိုက်ပွဲ ဝင်သွားကြဖို့ပဲရှိပါတယ်။

ရဲဘော်လမင်းမောင်

(ဘုတလင်ဗကသ ရဲဘော် သုံးဦး ကျဆုံးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ယခင်က ထုတ်ဝေဖူးတဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည် ဖော်ပြခြင်းဖြစ်ပါတယ်)

#ABFSU #Butalin
1
အိန္ဒိယ ဝန်ကြီးချုပ် နရိန္ဒရာ မိုဒီနှင့် အိန္ဒိယနိုင်ငံ အစိုးရသို့ အိတ်ဖွင့်ပေးစာ
______________________________

ဒီမိုကရေစီအခွင့်အရေးများကို ကျင့်သုံးနေသော ကျောင်းသားလူငယ်များအပေါ် ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ ချက်ချင်းရပ်

မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ ဗမာပြည် ကျောင်းသားလှုပ်ရှားမှုတွေအနေနဲ့ ပညာရေး၊ ဂုဏ်သိက္ခာနဲ့ အနာဂါတ်တွေကို ကာကွယ်ဖို့အတွက် လမ်းပေါ်ထွက်လာတဲ့ အိန္ဒိယကျောင်းသားလူငယ်တွေနဲ့ တသားတည်း ရပ်တည်တယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ၊ ကျောင်းသားတွေအပေါ် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုနဲ့ တရားလက်လွန် အင်အားသုံးနှိမ်နင်းမှုတွေ ပြုလုပ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်ပူမိပါတယ်။ နံပါတ်တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေဟာ မျိုးဆက်သစ်တွေရဲ့မကျေနပ်မှုတွေကို ဖြေရှင်းနည်းအစစ်မဟုတ်ဘူး။

ကျောင်းသားတွေဟာ နိုင်ငံတော်ရဲ့ ရန်သူမဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ ပညာရေးနဲ့ အနာဂါတ်တွေအတွက် တာဝန်ရှိတဲ့အင်စတီကျူးရှင်းဆီကနေ တာဝန်ခံမှုတောင်းဆိုနေတဲ့ ပြည်သူတွေဖြစ်တယ်။ ဒါဟာ အခြေခံအကျဆုံး ဒီမိုကရေစီအခွင့်အရေးတခုပဲဖြစ်တယ်။ ပြည်သူလူထုက ငြိမ်းချမ်းစွာ ပါဝင်ဆောင်ရွက်နေမှုကို ငြိမ်ဝပ်ပိပြားမှုကို ခြိမ်းခြောက်နေသလိုမျိုး ကိုင်တွယ်တာဟာ အစိုးရတရပ်အနေနဲ့ ဒီမိုကရေစီကို ကျင့်သုံးတယ်လို့ မခေါ်ထိုက်ဘူး။ အာရှတိုက်တခွင်က ကျောင်းသားလှုပ်ရှားမှုတွေက ဒီလိုဖိနှိပ်မှုတွေကို ထပ်ခါတလဲလဲကြုံနေရတာဖြစ်တယ်။ ဒီလိုအပြုအမူတွေ ဆုံးခန်းတိုင်ဖို့လိုတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီးတွေနဲ့ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်တာ၊ နှောင့်ယှက်တာနဲ့ ခြိမ်းခြောက်တာတွေကို ကျနော်တို့အနေနဲ့ ပြတ်ပြတ်သားသားဆန့်ကျင်တယ်။ လက်နက်မဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်တာဟာ လူထုကို ဒေါသပိုထွက်စေပြီး အစိုးရရဲ့ ဒီမိုကရေစီဆိုင်ရာ တရားဝင်မှုနဲ့ ယုံကြည်စိတ်ချရမှုကို ပိုပြီးကျဆင်းစေရုံသာ ရှိပါတယ်။

ဒါကြောင့် ဆန္ဒထုတ်ဖော်သူတွေအပေါ် တရားလက်လွန် အင်အားသုံးနှိမ်နင်းမှုတွေ ရပ်ဆိုင်းပေးဖို့၊ ဒီမိုကရေစီအခွင့်အရေးတွေကို ငြိမ်းချမ်းစွာ ကျင့်သုံးရင်း အဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့၊ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွဲမှု စွပ်စွဲချက်များကို စစ်ဆေးပေးဖို့နဲ့သက်ဆိုင်သူများ တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ပေးဖို့ ကျနော်တို့အနေနဲ့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကိုလှုံ့ဆော်လိုတယ်။

ကျနော်တို့အနေနဲ့ အာရှတဝှမ်းမှာရှိတဲ့ ကျောင်းသားလူငယ်တွေရဲ့ တိုက်ပွဲတွေဟာ နက်နက်ရှိုင်းရှိင်း ဆက်စပ်နေတယ်လို့ ယုံကြည်တယ်။ တယောက်က မတရားဖိနှိပ်မှုကို ရင်ဆိုင်နေရတဲ့အချိန်မှာ ကျန်တဲ့သူတွေအနေနဲ့ နှုတ်ဆိတ်နေမှာ မဟုတ်ပါဘူး။ တယောက်နဲ့တယောက် အပြန်အလှန် ကူညီပံ့ပိုးပြီး၊ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အမျိုးမျိုးသော တရားမျှတမှုတွေကို ဖွင့်ချသွားမှာဖြစ်တယ်။

ကွာလာလမ်ပူကနေ ဘန်ကောက်အထိ၊ မနီလာကနေ ဂျာကာတာနဲ့ ရန်ကုန်အထိ၊ အိန္ဒိယက ကျောင်းသားတွေ၊ လူငယ်တွေနဲ့အတူ ကျနော်တို့ ရပ်တည်ပါတယ်။

တော်လှန်ရေး အဓွန့်ရှည်ပါစေ။

မလေးရှား၊ထိုင်း၊ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ ဗမာပြည်မှ ကျောင်းသားလှုပ်ရှားမှုများ
ပေးစာကို အောက်ပါ ကျောင်းသားလူငယ်လှုပ်ရှားမှုများမှ ပေးပို့ပါသည်။

Malaysia
Liga Mahasiswa Malaysia

Thailand
Milk Tea Alliance Thailand
FemSamyan
Fenimism
Thalufah

Philippines
GoodGovPH

Indonesia
Liga Mahasiswa Indonesia untuk Demokrasi (LMID)

Burma
All Burma Federation of Student Unions

#ABFSU #India
3
To stand up for your future, demand transparency, and peaceful assembly should never be met with batons, tear gas, and intimidation.

Over the past weeks, we have watched an unprecedented wave of courage from India's students and youth. What began as a demand for accountability, systemic reform, and justice has increasingly been met with a heavy-handed state response.

From Kuala Lumpur to Bangkok, Manila to Jakarta and Yangon, we stand with the students and youth of India.

Long live the resistance!
2
ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း မအမရာမောင် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၆
ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်

ဗကသများအဖွဲ့ချုပ် ရဲဘော်ဟောင်း မအမရာမောင် (ခ) စွန်ရဲမေ သည် (၂၈.၀၇.၂၀၂၆) အင်္ဂါနေ့ ည၁ ၁၀ နာရီဝန်းကျင်အချိန်မှာ ကျဆုံးခဲ့ကြောင်း သိရှိရသည့်အတွက် ဗကသများအဖွဲ့ချုပ်အနေဖြင့် လွန်စွာဝမ်းနည်းရပါသည်။

ရဲဘော် အမရာမောင်သည် တောင်တွင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်မှာလည်း တိုက်ပွဲဝင်လှုပ်ရှားခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလမ်းကြောင်းပေါ် မားမားမတ်မတ် လျှောက်လှမ်းရင်း နိုင်ငံရေးအကျဉ်းသူအဖြစ်လည်း ဖြတ်သန်းခဲ့ရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲများတွင် ဆက်လက်ပါဝင်ခဲ့ပြီး ဖိနှိပ်ခံပြည်သူလူထုအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သူ ဖြစ်သည်။

မအမရာမောင်၏ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်နှင့် စွန့်လွှတ်ပေးဆပ်မှုများကို ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က အလေးအနက်ထားဂုဏ်ပြု၍ ဤသဝဏ်လွှာကို ပေးပို့ရပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
2
တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်

သြဂုတ်လ ၅ ရက်၊ ၂၀၂၆

တက္ကသီလာအသိပညာပြန့်ပွားရေးအသင်းနဲ့ ဗကသများအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ထားတဲ့ ကွန်ပျူတာလုပ်ငန်းခွင်ဝင်အတတ်သင် သင်တန်း အပတ်စဥ် (၁၄) ရဲ့ သတင်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ကြပါတယ်။

ဒီသင်တန် ကို တန့်ဆည်မြို့နယ်တနေရာမှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအချိန် ၁ လကြာခဲ့ပါတယ်။ ၁ လကြာတဲ့နောက်မှာတော့ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။

သင်တန်သားဦးရေ ၃၅ ဦးခန့်ကို သင်တန်းပေးနိုင်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲမှာ ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သူ ၃၃ ဦး ရှိပါသည်။ အောင်မြင်သူတွေထဲကမှ အမှတ်အများဆုံး သုံးဦးကို ဆုချီးမြှင့်ခဲ့ပြီး ဆုရရှိသူတွေက သင်တန်းဆင်းပွဲ အမှတ်တရစကား ပြောခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU
2